လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဓမ္မစကြာလက်သစ်နှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
ဓမ္မစကြာ လက်သစ်နှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ဝင်တို့၏ ဩဝါဒပေး ဆရာကြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာ လက်သစ်နှင့် စပ်လျဉ်း၍ စောဒနာ သောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်တို့၏ ဝေဖန်သုံးသပ်ချက်။
၁။ အမှတ် (၁၇) စောဒနာ၌ စောဒက ဆရာတော်များက တောင်တွင်းကြီး ဦးဥက္ကဋ္ဌ ရေးသားသော လူသေလူဖြစ် စာအုပ်မှ ထုတ်နုတ်၍ “ဒိဋ္ဌဓမ္မော” စသော ပုဒ်တို့ကို ဦးဥက္ကဋ္ဌက လွဲမှားစွာ အနက်ပြန်ဆိုထားပုံကိုလည်းကောင်း၊ ထို “ဒိဋ္ဌဓမ္မော” စသော ပုဒ်များမှာ ဓမ္မစကြာ စသည်တို့၌ပါသော ဘုရားဟောပါဠိတော် အစစ်အမှန် ဖြစ်ပါလျက် ဦးဥက္ကဋ္ဌ၏ အနက်ပြန်ဆိုပုံမှာ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မဟုတ်မတရား ပြန်ဆိုထားပုံကိုလည်းကောင်း၊ “အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ” စာအုပ်မှ ထုတ်နုတ်၍ “ဇာတိပိ ဒုက္ခော” စသော ပုဒ်တို့ကို အဘိဓမ္မာ ဆရာစိန် ဆိုသူက လွဲမှားစွာ ပြန်ဆိုထားပုံကို လည်းကောင်း တင်ပြလျှောက်ထားကြသည်။
၂။ စောဒကဆရာတော်များက ဝိသေသစောဒနာကို တင်သွင်းရာ၌ “ဒိဋ္ဌဓမ္မော” စသော ပုဒ်များကို ဗုဒ္ဓမြတ်စွာဘုရား အလိုတော်ကျ ပြန်ဆိုထားပုံ ဆရာတော် ဦးဗုဓ်၏ အနက်မှန်ကို လည်းကောင်း၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ(၆၆ နှင့်အညီ ဦးဗုဓ် ပြန်ဆိုထားပုံကို လည်းကောင်း၊ ဆရာတော် ဦးဗုဓ် ပြန်ဆိုချက်သည် ဝိနယပိဋက သာရတ္ထဒီပနီဋီကာ မဟာခန္ဓက ပဉ္စဝဂ္ဂိယကထာ ဓမ္မစက္ကပဝတ္တနသုတ်၏ အဖွင့်နှင့် ကိုက်ညီပုံကိုလည်းကောင်း တိတိကျကျ လျှောက်ထားကြသည်။
သို့ဖြစ်၍ ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာ ဆရာစိန်တို့၏ ဓမ္မစကြာလက်သစ်သည် “ထေရဝါဒ ပိဋကတ်တော်များနှင့်အညီ ဆရာစဉ်ဆက် အနက်မြန်မာ ပြန်ဆိုထားကြသော ဓမ္မစကြာဒေသနာတော်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ အဓမ္မဝါဒများကို လိုက်နာနေကြ သူတို့သည်လည်း အဓမ္မဝါဒီများသာ ဖြစ်ကြောင်း” စောဒနာလွှာ တင်သွင်းကြလေသည်။
၃။ ယင်းစောဒနာချက်ကို စုဒိတကဖြစ်သော သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ချေပရာ၌ စောဒက ဆရာတော်များ တင်ပြထားသော အချက်အလက်များကို ရှင်းလင်းချေပခြင်းမပြုပဲ ဦးဥက္ကဋ္ဌအနေဖြင့် ဓမ္မစကြာကို လေးစားကြောင်းမျှကိုသာ ဖော်ပြ၍ ဗုဒ္ဓအဘိဓမ္မာ စာအုပ်ကို လေ့လာရန်သာ ညွှန်ပြကြလေသည်။ ထိုချေပချက်ကား စောဒနာချက်နှင့် မဆိုင်သဖြင့် ဝိနည်းဓိုရ် ဆရာတော်များက လျစ်လျူရှုတော်မူကြသည်။
သခင်မြတ်ဆိုင်၏ ချေပချက်
၄။ စုဒိတက သခင်မြတ်ဆိုင်က ချေပရာ၌
(က) ဒိဋ္ဌဓမ္မော = မြင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ ဟူသော ဆရာတော်ဦးဗုဓ်၏ ပြန်ဆိုချက်ကို ဟုတ် မဟုတ် မချေပလိုကြောင်း။
(ခ) ရှင်ဥက္ကဋ္ဌက ဒိဋ္ဌဓမ္မော ဆိုသော စကား၏ ပင်ကိုယ်အဓိပ္ပာယ်မှာ မျက်မြင်သဘော ဖြစ်လေတော့၏ ဟု ဆိုကြောင်း။
(ဂ) လယ်တီဆရာတော် ဘုရားကြီး၏ ပရမတ္တဒီပနီ အဖွင့်မှာ “မြင်အပ်သော သစ္စာတရား” ဟု တွေ့ရပါသည်။ “ပြီး” ဟူသော အတိတ်ကာလသဘော မပါ။
(ဃ) ထိုအချိန်က အရှင်ကောဏ္ဍညသည် သောတာပန်သာ ဖြစ်၍ “မြင်ပြီး” ဟု မဆိုထိုက်သေး၊ အရဟတ္တဖိုလ် ဆိုက်ရောက်မှသာ “မြင်ပြီး” ဟု ဆိုထိုက်ကြောင်း။
(င) ထို့ကြောင့် ဒိဋ္ဌဓမ္မောစသော ပုဒ်တို့၌ (ပြီးသော) ဟူသော အတိတ်စကားလုံးကို လက်မခံနိုင်ကြောင်း။
(စ) ဓမ္မစကြာကို ပြန်ဆိုကြရာ၌ မူလပါဠိ သက်သက်ကိုသာ စေတနာအလျောက် ကိုယ့်ဘာသာစကားကို ကိုယ်ကျွမ်းကျင်သမျှဖြင့် ပြန်ဆိုကြခြင်းသာဖြစ်၍ အသုံးကွဲပြား နေကြစေကာမူ မူရင်းအဓိပ္ပာယ် ကွာခြားချက် မရှိကြောင်း။
(ဆ) ရှင်ဥက္ကဋ္ဌ ပြန်ဆိုချက်သည် မူလဓမ္မစကြာပါ အနက်အဓိပ္ပာယ်ကို ပြောင်းလဲစေသည်ဟူ၍ မတွေ့ရကြောင်း၊ ဗုဒ္ဓ၏ ဟောချက်နှင့် ဆန့်ကျင်သည်ဟု မတွေ့ရကြောင်း-
ချေပလျှောက်ထားလေသည်။
၅။ ယင်း စောဒနာ သောဓနာ နှစ်ရပ်ကို စေ့စပ်သေချာစွာ လေ့လာသုံးသပ်သည်ရှိသော် သခင်မြတ်ဆိုင်သည် “ဆရာတော် ဦးဗုဓ်၏ ပြန်ဆိုချက်ကို ဟုတ်မဟုတ် မချေပလိုပါ” ဟု ဆိုသော်လည်း (ဃ) (င) ကောက်နုတ်ချက် စကားရပ်တို့ဖြင့် ချေပပယ်ရှားပြီး ဖြစ်နေသည်ကို တွေ့ရပေသည်။
ဒိဋ္ဌဓမ္မော စသည် ရှင်းလင်းချက်
၆။ “ဒိဋ္ဌ” စသော ပုဒ်တို့၌ တ-ပစ္စည်းသည် အတိတ်ကိုလည်း ဟောနိုင်၏၊ ကာလသုံးပါးကိုလည်း ဟောနိုင်၏၊ အရှင်ကောဏ္ဍညသည် သောတာပတ္တိမဂ် အခိုက်၌ သစ္စာလေးပါးကို မြင်ဆဲဖြစ်၍ သောတာပတ္တိမဂ်၏ အခြားမဲ့ဖိုလ်မှစ၍ သစ္စာလေးပါးကို မြင်ပြီးဟု ဆိုနိုင်ရန်ကား “မြင်အပ်ပြီးသော သစ္စာတရားရှိသည်” ဟူသော ဆရာတော်ဦးဗုဓ်၏ ပြန်ဆိုချက်သည် အလွန်သင့်မြတ်လှပေသည်။
၇။ ရှင်ဥက္ကဋ္ဌက ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏ ဟု ဆိုထားရာ (ဒိဋ္ဌကို မျက်မြင်+ ဓမ္မကို သဘော) ဟု ဆိုလို၏၊ “ဒိဋ္ဌဓမ္မော” ၌ “ဒိဋ္ဌ” သဒ္ဒါသည် မျက်မြင်၊ ဉာဏ်မြင် နှစ်မျိုးကို ဟောနိုင်သော်လည်း ဤအရာ၌ ပတ္တ = ရောက်အပ်၊ ဝိဒိတ = သိအပ်ဟူသော နောက်ပုဒ်များကို ထောက်၍ မျက်မြင်ကို မဟော၊ ဉာဏ်မြင်ကိုသာ ဟောသည်။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ(၁၈၂)၊ ဓမ္မစက္ကပဝတ္တနသုတ် အဖွင့်၌-
ဧတ္ထ စ ဒဿနံ နာမ ဉာဏဒဿနတော အညမ္ပိ၊
အတ္ထီတိ တံ နိဝတ္တနတ္ထံ ပတ္တဓမ္မော တိဝုတ္တံ -
ဟု ဖွင့်ပြတော်မူ၏၊
အဓိပ္ပာယ်ကား - “ဤ ဒိဋ္ဌဓမ္မော ဟူသော ပုဒ်၌ မြင်ခြင်းမည်သည် ဉာဏ်မြင်ဖြစ်ရကား ဉာဏ်မြင်မှတပါး အခြားမြင်ခြင်းကို နစ်စေခြင်းအကျိုးငှာ “ပတ္တဓမ္မော” ဟု ဟောတော်မူခြင်း ဖြစ်သည်။
၈။ ဓမ္မသဒ္ဒါသည်လည်း (၁) သဘော၊ (၂) ပရိယတ်၊ (၃) ပညာ၊ (၄) အသင့်ယုတ္တိ၊ (၅) သစ္စာ၊ (၆) ပကတိ၊ (၇) ကောင်းမှု၊ (၈) ဉေ ယျတရား ငါးပါး၊ (၉) ကျေးဇူး၊ (၁၀) အကျင့်၊ (၁၁) သမာဓိ၊ (၁၂) သတ္တဇီဝမှ ကင်းဆိတ်သည်၏ အဖြစ်၊ (၁၃) အာပတ်၊ (၁၄) အကြောင်း စသော အနက်တို့ကို ဟောနိုင်၏၊ ဤဒိဋ္ဌဓမ္မော စသော ပုဒ်များ၌ ပါသော ဓမ္မသဒ္ဒါသည် သစ္စာဟူသော အနက်ကိုသာ ဟောသည်။ သဘောစသော အနက်တို့ကို မဟော၊ ထို့ကြောင့် အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်အဋ္ဌကထာ(၂၁၅) ၌ ဒိဋ္ဌော အရိယသစ္စဓမ္မော ဧတေနာတိ ဒိဋ္ဌဓမ္မော ဟူ၍ ဖွင့်ပြတော်မူသည်။ အဓိပ္ပာယ်ကား “မြင်အပ်ပြီးသော အရိယသစ္စာတရား ရှိသောကြောင့် ဒိဋ္ဌဓမ္မ မည်၏” ဟု ဆိုလိုသည်။ ထို့ကြောင့် (ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏) ဟူသော လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ အနက်သည် မူလပါဠိတော်နှင့် လည်းကောင်း၊ အဋ္ဌကထာ၊ ဋီကာတို့နှင့် လည်းကောင်း အလွန်ဆန့်ကျင်သည့်အပြင် မှားယွင်းသော အနက်သာ ဖြစ်သည်။
၉။ ဧသ နယော သေသပဒေသုပိ = ကြွင်းသော ပုဒ်တို့၌လည်း ဤနည်းတူပင်တည်းဟု ဖွင့်ပြသော အဋ္ဌကထာနှင့် အညီ-
ပတ္တဓမ္မော = ရောက်အပ်ပြီးသော သစ္စာတရားရှိသည် ဖြစ်၍
ဝိဒိတဓမ္မော = သိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊
ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍-
ဟူသော ဆရာတော် ဦးဗုဓ်၏ အနက်ပေးနည်းသည်သာလျှင် ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်သော အနက်မှန်များ ဖြစ်ပေသည်။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏
ပတ္တဓမ္မော = နားကြားသဘော ဖြစ်လေတော့၏၊
ဝိဒိတဓမ္မော = နှာခေါင်းနှင့် လျှာတွေ့သဘော ဖြစ်လေတော့၏၊
ပရိယောဂါဠှဓမ္မော = ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍ (ဝါ) စိမ့်ထုံ၍ အကျိုးရသော မန၊ တွေ့ (ဝါ) ဟဒယတွေ့သဘော ဖြစ်လေတော့၏-
ဟူသော အနက်ကား ပညာရှိတို့၏ နား၌ ကြား၍ပင် မလျော်သော အနက်များ ဖြစ်ပေသည်။ ပိဋကတ်ကျမ်းဂန်နှင့် နှီးနှောတိုက်ဆိုင်မှုမပြုပဲ မိမိထင်သလို ပြန်ဆိုထားသောကြောင့် အလွန်ရုပ်ပျက်ဆင်းပျက် နိုင်လှသော အနက်များ ဖြစ်ပေသည်။ ဤသို့ ဖြစ်ပါလျက် “မူလပါဠိသက်သက်ကိုသာ စေတနာအလျောက် ကိုယ့်ဘာသာစကားကို ကိုယ်ကျွမ်းကျင်သမျှဖြင့် ပြန်ဆိုကြခြင်းသာဖြစ်၍ အသုံးအနှုန်း ကွဲပြားနေကြစေကာမူ မူရင်းအဓိပ္ပာယ်နှင့် ကွာခြားချက် မရှိပါ” ဟူသော သခင်မြတ်ဆိုင်၏ ချေပချက်သည် မိမိဆရာ ရှင်ဥက္ကဋ္ဌဘက်မှ ကာကွယ်ဖာထေးရုံမျှသာဖြစ်၍ အလျှင်းယုတ္တိ ကင်းမဲ့ပြီး ကျမ်းဂန်မှ သွေဖီသော စကားဖြစ်ချေသည်။
၁၀။ ဤ၌ စေတနာအလျောက်ဟူသော သခင်မြတ်ဆိုင်၏ စကားကိုလည်း စဉ်းစားသင့်ပေသည်။ စေတနာဆိုတိုင်း ကောင်းသည်မဟုတ်၊ ပရမတ္တသဘောအရ စေတနာသည် ကောင်းသော ကုသိုလ်စေတနာ၊ မကောင်းသော အကုသိုလ်စေတနာဟူ၍ နှစ်မျိုးနှစ်စားရှိရာ သခင်မြတ်ဆိုင်၏ ဆရာဖြစ်သူ ဦးဥက္ကဋ္ဌသည် ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိကို အနက်ပြန်ဆိုရာ၌ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မကောင်းသော အကုသိုလ်စေတနာဆိုးဖြင့် အနက်ပြန်ဆိုထားခြင်းဖြစ်သည်ဟု ဆိုရဖွယ် ရှိနေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၌ ဖော်ပြထားသော စာပိုဒ်များကား ပုဒ်အနက် မှားယွင်းရုံမျှသာမက မြတ်ဗုဒ္ဓဒေသနာတော်ကို ကျူးကျော်စော်ကား ဖျက်ဆီးထားသော စာပိုဒ်များသာ ဖြစ်ပေသည်။ မှန်၏၊ လူသေလူဖြစ် စာအုပ် နှာ-၄၊ ၅ ၌ -
“လူသားသည် လူသေလျှင် လူသာဖြစ်၏ ဟူသော သဘာဝမှန်ကို သဘောပေါက်တာနှင့် တစ်ပြိုင်နက် ဒိဋ္ဌဓမ္မ = မျက်မြင်သဘော ဖြစ်လေတော့၏၊ ပ။ အပရပ္ပစ္စယော = ငရဲရှစ်ထပ်နှင့် ထက်နတ်ဗြဟ္မာ ဆိုအပ်တဲ့ တစ်ပါးသော ဘုံတွေ ဘဝတွေကို သွားဖို့ရောက်ဖို့ အကြောင်း မဖြစ်တော့သည်ကို တိကျစွာ သိမြင်ခြင်းသို့ ရောက်ပေလိမ့်မည်။”
ဟု ပြဆိုထား၏၊ ထိုစာပိုဒ်ဖြင့်ပင် လူသေလျှင် လူဖြစ်၏ ဟူသော သဘာဝကို သဘောပေါက်လျှင် ဒိဋ္ဌဓမ္မ စသော ဂုဏ်တို့နှင့် ပြည့်စုံသည့် သောတာပန်ဖြစ်သည်ဟု ဦးဥက္ကဋ္ဌက ဆိုထားခြင်း ဖြစ်သည်။ အမှန်မှာ လူသေလျှင် လူသာဖြစ်၏ဟု သဘောပေါက်နေသူသည် သောတာပန် မဖြစ်ရုံမျှမက မိစ္ဆာဒိဋ္ဌိစစ်စစ်သာ ဖြစ်သည်ကို စွဲဆိုချက် အမှတ် (၂) စောဒနာ၌ စိစစ်ထားပြီး ဖြစ်သည်။
သခင်မြတ်ဆိုင်၏ ချေပလွှာကို စိစစ်သုံးသပ်ခြင်း
၁၁။ ဤအမှတ် (၁) စောဒနာ၌ ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာ လက်သစ်အပေါ် စွဲဆိုချက်နှင့် ပတ်သက်၍ စုဒိတက သခင်မြတ်ဆိုင်က-
“လယ်တီဆရာတော်၏ ပရမတ္ထ ဒီပနီ အဖွင့်မှာ မြင်အပ်သော သစ္စာတရားဟု တွေ့ရပါသည်။ (ပြီးသော) ဆိုသော အတိတ်ကာလ သဘော မပါပါ ဘုရား၊ (ပြီးသော) အတိတ်စကားလုံးကို လက်မခံနိုင်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား”-
ဟူ၍ လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီကို ကိုးကား၍ ချေပထားသည်ကို တွေ့ရသည်။ သခင်မြတ်ဆိုင်၏ ဤချေပချက်ကို စိစစ်ရာတွင် ကျမ်းအမည်ကစ၍ မှားယွင်းနေသည်ကို တွေ့ရသည်။ လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီဆိုသည်မှာ သခင်မြတ်ဆိုင် ထင်နေသကဲ့သို့ ဓမ္မစကြာသုတ်၏ အဖွင့်ကျမ်း မဟုတ်၊ အဘိဓမ္မတ္ထသင်္ဂဟ ခေါ် သင်္ဂြိုလ်ကျမ်း၏ အဖွင့်ဋီကာကျမ်းသာဖြစ်သည်။ မြန်မာဘာသာဖြင့် ရေးသားထားသော ကျမ်းလည်းမဟုတ်၊ ပါဠိဘာသာဖြင့် ရေးသားထားသော ကျမ်းဖြစ်သည်။ ဤကဲ့သို့ ကျမ်းဂန်၏ သဘောသဘာဝကို မသိနားမလည်ပဲ ပရမတ္ထဒီပနီတွင် လယ်တီဆရာတော်ဘုရားကြီး ရေးသားထားလေဟန် ချေပခြင်းသည် သခင်မြတ်ဆိုင်၏ ပထမအမှားကျူးလွန်ခြင်းသာ ဖြစ်သည်။
၁၂။ ဒုတိယအမှားကို ကျူးလွန်သည်မှာ “ပရမတ္ထဒီပနီ အဖွင့်မှာ မြင်အပ်သော သစ္စာတရားဟု တွေ့ရပါသည်။ (ပြီးသော) ဆိုသော အတိတ်ကာလသဘော မပါပါ ဘုရာ” ဟူသော ချေပချက်ပင် ဖြစ်သည်။ ဤချေပချက်သည် ဆရာတော်ဦးဗုဓ်၏ အနက်ကို လယ်တီဆရာတော်၏ အနက်ဖြင့် ချေပရန် ကြိုးစားထားခြင်း ဖြစ်သည်။ သခင်မြတ်ဆိုင်သည် ယင်းသို့ချေပသော်လည်း လယ်တီဆရာတော်၏ ဓမ္မစကြာနိဿယကို တွေ့ဖူးဟန် မတူချေ။ ဆရာတော်ဦးဗုဓ်၏ မူနှင့် လယ်တီဆရာတော်၏ မူများကို ပူးတွဲ၍ (၁၉၅၅ ခု၊ ၁၉၅၆ ခု၊ ၁၉၅၈ ခု၊ ၁၉၆၁ ခု၊ ၁၉၆၂ ခု၊ ၁၉၆၅ ခု) ဆဋ္ဌမအကြိမ်အဖြစ် ဟံသာဝတီ ပုံနှိပ်တိုက်မှ ထုတ်ဝေသော လယ်တီမူ ဓမ္မစကြာ နိဿယ၌ “ဒိဋ္ဌဓမ္မော” စသော ပါဠိများကို ဆရာတော်ဦးဗုဓ်၏ နိဿယနည်းတူ (မြင်အပ်ပြီး) (ရောက်အပ်ပြီး) (သိအပ်ပြီး) ဟူ၍ အတိတ်စကားလုံးဖြင့် တိတိကျကျ သေသေချာချာ အနက်ပြန်ဆိုထားပေသည်။ သခင်မြတ်ဆိုင် ချေပသကဲ့သို့ မြင်အပ်သော သစ္စာတရားဟု လယ်တီဆရာတော်က အနက်ပြန်ဆိုခြင်း အလျှင်းမပြုခဲ့။ ထို့ကြောင့် မြင်အပ်သောသစ္စာတရားဟု တွေ့ရပါသည်ဆိုသော သခင်မြတ်ဆိုင်၏ ချေပချက်သည် ဒုတိယအမှားကို ကျူးလွန်ခြင်းသာ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် လယ်တီဆရာတော်၏ ဉာဏ်ပညာ ကြီးမားမှုကို အလွဲသုံးစား ပြုကျင့်ရာလည်း ရောက်ပေသည်။
၁၃။ သောတာပန်ဖြစ်လျှင် သစ္စာလေးပါး တရားကို မြင်ပြီးဟု မုချဧကန် ဆိုရမည် ဖြစ်သောကြောင့် “ထိုအချိန်က အရှင်ကောဏ္ဍညသည် သောတာပန်သာ ဖြစ်၍ “မြင်ပြီး” ဟု မဆိုထိုက်သေး၊ အရဟတ္တဖိုလ် ဆိုက်ရောက်မှသာ “မြင်ပြီး” ဟု ဆိုထိုက်ကြောင်း” ချေပသော သခင်မြတ်ဆိုင်၏ စကားသည် တတိယအမှားကို ကျူးလွန်ရာ ရောက်ပေသည်။ တစ်နည်းအားဖြင့် သခင်မြတ်ဆိုင်သည် အဘိဓမ္မာ (ပရမတ္ထ) သဘောနှင့် ပိဋကတ်ကျမ်းဂန်တို့၏ အဆိုအမိန့်ကို သဘောမပေါက်ကြောင်းမှာ ထင်ရှားလှပေသည်။
ဓမ္မစကြာ မူသုံးမျိုးကို မှားမှန်ယှဉ်ပြခြင်း
၁၄။ ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိတော်များကို အနက်မြန်မာ ပြန်ဆိုရာ၌ ဗုဒ္ဓဝါဒီ သုတေသီတို့အဖို့ အမှားအမှန် ဝိဝါဒ ကွဲပြားကြစေရန် ဆရာတော်ဦးဗုဓ်၏မူ၊ လယ်တီဆရာတော် မူတို့နှင့် ဦးဥက္ကဋ္ဌ၏ မူတို့ကို အောက်ပါအတိုင်း ပူးတွဲ၍ နှိုင်းယှဉ်ဖော်ပြ လိုက်ပေသည်။
အထ ခေါ၊ ထိုသောတာပန် ဖြစ်ပြီးသော အခါ၌။ အာယသ္မာ အညာသိ ကောဏ္ဍညော၊ အရှင် အညာသိကောဏ္ဍညသည်-
(၁) ဒိဋ္ဌဓမ္မော = မြင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ဒိဋ္ဌဓမ္မော = ကိုယ်တိုင်မြင်အပ်ပြီးသော တရားရှိသည် ဖြစ်၍ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၂) ပတ္တဓမ္မော = ရောက်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍၊ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ပတ္တဓမ္မော = ကိုယ်တိုင်ဆိုက်ရောက် အပ်ပြီးသော တရားရိသည်ဖြစ်၍၊ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ပတ္တဓမ္မော = နားကြားသဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၃) ဝိဒိတဓမ္မော = သိအပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍၊ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ဝိဒိတဓမ္မော = ကိုယ်တိုင်သိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ဝိဒိတဓမ္မော = နှာခေါင်းနှင့် လျှာတွေ့ သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၄) ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ပရိယောဂါဠှဓမ္မော = ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ပရိယောဂါဠှဓမ္မော = ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍၊ (ဝါ) စိမ့်ထုံ၍ အကျိုးရသော မနတွေ့ (ဝါ) ဟဒယတွေ့သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
၁၅။ ဤသို့ စသည်ဖြင့် ဓမ္မစကြာမူ သုံးမျိုးတို့၏ အနက်ပြန်ဆိုပုံကို နှိုင်းယှဉ်ကြည့်ရှုပါလျှင် ဆရာတော် ဦးဗုဓ်၏ အနက်နှင့် လယ်တီဆရာတော်တို့၏ အနက်မှာ ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်၍ မူရင်းအဓိပ္ပာယ် တူသည်ကို တွေ့ရသည်။ အရှင်ကောဏ္ဍညသည် မဂ်ဉာဏ်ဖြင့် သစ္စာတရားကို မြင်သည်ဟူသော အဓိပ္ပာယ်မှန် ထွက်ရှိပေသည်။ ဦးဥက္ကဋ္ဌ၏ အနက်မူကား မျက်မြင်သဘော ဖြစ်လေတော့၏ဟု ဆိုသဖြင့် ဉာဏ်ဖြင့်မြင်ခြင်း မဟုတ်၊ ရိုးရိုးလူများကဲ့သို့ ပကတိမျက်လုံးဖြင့် မြင်သည်ဟူသော အဓိပ္ပာယ်ထွက်ရှိသည်။
(က) ဆရာတော် ဦးဗုဓ်နှင့် လယ်တီဆရာတော်တို့၏ ဓမ္မစကြာက သစ္စာလေးပါးကို မဂ်ဉာဏ်ဖြင့် မြင်ခြင်း အဓိပ္ပာယ်ကို ပြဆိုသည်။
(ခ) ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာက လူသေလူဖြစ်ကို မျက်စိဖြင့် မြင်ခြင်းအဓိပ္ပာယ်ကို ပြဆိုသည်။
စိန်အစစ်နှင့် ချက်ကျောက်ကဲ့သို့ အနှစ်သာရ လွန်စွာ ခြားနားကြပေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌသည် (စ-သ-ဃ-ဇ-က) ဟူသော မျက်မြင်၊ နားကြား၊ နှာခေါင်းတွေ့၊ လျှာတွေ့၊ ကိုယ်တွေ့ဟူသော ပသာဒရုပ်-၅-ပါးကိုသာ လက်ခံလိုသည့် ရုပ်ဝါဒီတစ်ဦး ဖြစ်သောကြောင့် ဘုရားဟော ဓမ္မစကြာကို လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မိမိလိုရာသို့ ဆွဲ၍ မှားယွင်းစွာ အနက်ပေးထားကြောင်း ပေါ်လွင်နေပေသည်။
အဘိဓမ္မာဆရာစိန်၏ ဓမ္မစကြာအနက်ကို စိစစ်ခြင်း
၁၆။ ဘုရားဟော ဓမ္မစကြာ ပါဠိတော်များကို ဦးဥက္ကဋ္ဌက လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် အနက်ပြန်ဆိုထားရာ၌ မှားယွင်းပုံ အကြောင်းကို စိစစ်သုံးသပ်ပြီးနောက် ယခုတစ်ဖန် အဘိဓမ္မာ ဆရာစိန်ဆိုသူ၏ မှားမှားယွင်းယွင်း ထင်သလို အနက်ပြန်ဆိုထားပုံ အကြောင်းကိုလည်း စိစစ်သုံးသပ်ရပေဦးမည်။ စောဒကဆရာတော်များက သက်သေခံအဖြစ် တင်ပြထားသော အဘိဓမ္မာဆရာစိန်၏ ဓမ္မစကြာအနက်ကို စိစစ်ခြင်း “အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ” စာအုပ်ကို ဝိနည်းဓိုရ်ဆရာတော်များက သေချာစွာ ဖတ်ရှု သုံးသပ်ကြည့်ရာတွင် ပိဋကတ်ကျမ်းဂန်နှင့် ဆန့်ကျင်စွာ ရေးသားထားသော အဘိဓမ္မာဆရာစိန်၏ ရေးသားချက် အမှားများကို မြောက်မြားစွာ တွေ့ရပေသည်။
၁၇။ ထို့ကြောင့် ဗုဒ္ဓစာပေကို ရိုးရိုးသားသား လေ့လာလိုက်စားကြသော ဗုဒ္ဓဝါဒီသုတေသီတို့အဖို့ (အမှား နှင့်အမှန်) (အတုနှင့်အစစ်) ကွဲကွဲပြားပြားခွဲခြား၍ သိနိုင်စေရန် ကျမ်းဂန်နှင့်အညီ ရေးသားထားသော ဆရာတော် ဦးဗုဓ်၏ အနက်နှင့် ကျမ်းဂန်မှ သွေဖီစွာ ရေးသားထားသော အဘိဓမ္မာဆရာစိန်၏ အနက်တို့ကို လည်း အောက်ပါအတိုင်း နှိုင်းယှဉ်၍ ပြလိုက်ပေသည်။
(က) ဇာတိပိ = ပဋိသန္ဓေနေရခြင်းသည်လည်း (ဦးဗုဓ်အနက်မှန်)
ဇာတိပိ = ငန်းငန်းတက် စွဲလမ်းခြင်းဖြစ်၍လာခြင်းကြောင့် (ဆရာစိန်အနက်မှား)
(ခ) ဇရာပိ = ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
ဇရာပိ = ဆံဖြူသွားကြွေ အသားရေယိုယွင်း အိုမင်းရင့်ရော်ခြင်းတို့ကို စိုးရိမ်မကင်း ဖြစ်၍ လာသော အစွဲဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(ဂ) ဗျာဓိပိ = ဖျားနာရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
ဗျာဓိပိ = အနာရောဂါ ကျင်နာကိုက်ခဲ နူနာဝဲတို့ဖြစ်၍လာသည်တို့ကို ပူဆွေးကြောင့်ကြခြင်း ဖြစ်၍လာသော အစွဲဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(ဃ) မရဏမ္ပိ = သေရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
မရဏမ္ပိ = အမိအဖ မယား သားသမီး ပစ္စည်းဥစ္စာ ရတနာ ရွှေစင်စသည်တို့နှင့်တကွသော ဆွေညာအပေါင်းတို့အား ပယ်ခွာစွန့်ထားခဲ့၍ သေရမည့်ဘေးကို စိုးရိမ်မကင်း စွဲလမ်းခြင်း ဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(င) အပ္ပိယေဟိ = မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ၊
သမ္ပယောဂေါ = ပေါင်းယှဉ်ရခြင်းသည်လည်း (ဦးဗုဓ်အနက်မှန်)
အပ္ပိယေဟိ = မနှစ်သက် မလိုလားအပ်ကုန်သော ဇာရာဗျာဓိမရဏ စသည် ဥဿုံဘေးအပေါင်းတို့ နှင့် ဘေးအပေါင်းစုံတို့နှင့်၊ သမ္ပယောဂေါ = လက်ငင်းဒိဋ္ဌ ယခုပက်ပင်းမှာ တွေ့ကြုံ ခံစားနေရလေခြင်းဟု စွဲလမ်းခြင်းဖြစ်၍နေသော ဥပါဒါန်ကြောင့်၊ (ဆရာစိန်၏ အနက်မှား)
၁၈။ ဤသို့ စသည်ဖြင့် နှိုင်းယှဉ်ကြည့်ရှုဝေဖန်သုံးသပ်သောအခါ ပိဋကတ်နှင့်မညီ ကျမ်းဂန်မှ သွေဖီစွာ ရေးသားထားသော ဆရာစိန်၏ အနက်တို့သည် သဒ္ဒါစည်းကမ်းလည်းမကျ အဓိပ္ပာယတ္ထလည်း မမှန်သည်ကို စိတ်ပျက်ဖွယ်ရာ တွေ့မြင်ကြရလေသည်။
၁၉။ ဇာတိယ ဇရာယ ဗျာဓိယ မရဏံယ သမ္ပယောဂေါပုဒ်များကို သဒ္ဒါစည်းကမ်းအရ (သည်) ဟူ၍ ကတ္တား အနက် ပြန်ဆိုခြင်းမပြုဘဲ (ကြောင့်) ဟူ၍ ဟိတ်အနက် ပြန်ဆိုထားခြင်းမှာလည်း အခြေခံစာပေ မသင်ဖူးကြောင်း ထင်ရှား၍ နေပေသည်၊ တဖန် ထိုဇာတိ ဇရာ ဗျာဓိ မရဏ ဟူသော ပုဒ်တို့၏ အနက်များကို ပြန်ရိုး ပြန်စဉ် ပဋိုသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်း ဟူ၍ မပြန်ဆိုဘဲ အားလုံးဥပါဒါန်တံဆိပ်ခပ်၍ ပြန်ဆို ထားသောကြောင့် အဘိဓမ္မာဆရာစိန်အနေဖြင့် အစွဲဥပါဒါန်ပြင်းထန်ကြောင်းမှာ သိသာလွန်းပေသည်၊ တနည်းအားဖြင့် ဗုဒ္ဓဓမ္မစကြာကို ဥပါဒါန်ဓမ္မစကြာဖြစ်အောင် ဆရာစိန်က ကြိုးစားထားဟန် တူပေသည်။
၂၀။ ဇာတိ, ဇရာ, မရဏ ဟူသော ပုဒ်တို့၏ အနက်မှန်ကို စွဲချက် (၁၅) တွင် အကျယ်တဝင့် စိစစ်သုံးသပ် ပြီးဖြစ်၍ ဤကဏ္ဍ၌ မသုံးသပ်တော့ပြီ၊ ထိုစွဲချက်အမှတ် (၁၅) တွင် “ဓမ္မစက္ကပဝတ္တန” ဟူသော ပါဠိကို အဘိဓမ္မာဆရာစိန်ဆိုသူက လွဲလွဲမှားမှား ရမ်းရမ်းကားကား ပြန်ဆိုထားပုံအကြောင်းကိုလည်း ဝိနည်းဓိုရ်ဆရာတော်များက အကျယ်တဝင့် စိစစ်သုံးသပ်ပြခဲ့ပြီး ယခုတဖန် အမှားတခုပြီးတခု ကျူးလွန်ထားသော ဆရာစိန်၏ အမှားများကိုပင် ဆက်၍ စိစစ်ပြရပေဦးမည်။
၂၁။ ဆရာစိန်က “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ဓာ” ဟူုသော ပါဠိကို -
သံခိတ္တေန = အတိုအကျဉ်းလိုရင်းကို ခြုံ၍ပြောရပါမူ၊
ပဉ္စ = မျက်စိ, နား, နှာ, လျှာ, ကိုယ်တည်းဟူသော ငါးခုတို့တွင်
ဥပါဒါနက္ခန္ဓာပိ = စွဲလမ်းခြင်းဥပါဒါန်နှင့်တကွ ဖြစ်ရှိနေသော ကိုယ်ကာယတို့သည်လည်း၊
ဒုက္ခာ = ဆင်းရဲခြင်းအကျိုးဖြစ်၍ နေလေတော့၏ -
ဟူ၍ ထင်သလို အနက်ပြန်ထားသောကြောင့် အလွန်စိတ်ပျက်ဖွယ်ရာကောင်းလှပေသည်။
ပဉ္စအရ ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးကို အရကောက်ရမည့်အစား မျက်စိ, နား, နှာ, လျှာ, ကိုယ်ဟူသော ပသာဒရုပ်ငါးပါးကို ကောက်ယူထားသောကြောင့် ဆရာစိန်၏ အယူအဆသည် အမှားပေါ် အမှားဆင့်၍ထားသော အယူအဆမှားသာ ဖြစ်နေတော့သည်။ တနည်းအားဖြင့် ဗုဒ္ဓ၏ ဓမ္မစကြာကို ရုပ်ဝါဒမှတ်တိုင်အဖြစ် အသုံးချထားခြင်းပင်ဖြစ်ပေသည်။
၂၂။ အဘိဓမ္မာဆရာစိန်၏ အမှားသည် ဤမျှနှင့်ပင် မရပ်သေး၊ မဂ္ဂသစ္စာတွင် လာရှိသော “အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ဟူသော ဘုရားဟောပါဠိကိုပင် အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဟု အတ္တဝါဒထည့်၍ ပြထားလိုက်သေးသည်၊ ပါဠိသာ မှားသည်မဟုတ်၊ အနက်ပြန်ဆိုပုံကလည်း လွဲချင်တိုင်း လွဲမှားချင်တိုင်း မှား၍နေပေသည်၊ ဆရာစိန် မှားပြထားပုံကား ဤသို့ဖြစ်သည်။
သော = ထိုကဲ့သို့ ကြံစရာ, စည်စရာ, ပူစရာ, ပင်စရာ, ဆွေးစရာ, အေးစရာ, ချုပ်ငြိမ်းစရာ အဖြာဖြာတို့သည်၊
အယမေဝ = ယခုပစ္စက္ခ၌ လက်ငင်းဒိဋ္ဌ ကြုံတွေ့နေရသည့်အခိုက်တွင်၊
အရိယော = အစွဲဥပါဒါန် ချေးညှော်တို့၏ သန်ရှင်းခြင်းကို အလိုရှိကြကုန်သော လူသား အပေါင်းတို့သည်၊
အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးရှိသော၊
မဂ္ဂေါ = ကျင့်အပ်သော တရားပေတည်း။ (အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ နှာ၊ ၁၀၄)
အထက်ပါ ဆရာစိန်၏လက်ရာကို ကြည့်လိုက်ပါလျှင် ဝုစ်အလွဲလွဲ ပုဒ်အလွဲလွဲ အနက်အဓိပ္ပာယ် အလွဲလွဲ ဖြစ်နေသည်ကို တွေ့ရပေသည်။
၂၃။ ဆရာစိန်၏ အထက်ပါ သူ့လက်ရာကို စစ်တမ်းထုတ်ကြည့်သောအခါ သဒ္ဒယုတ္တိယ အတ္ထယုတ္တိ နှစ်မျိုးလုံး ကင်းမဲ့လျက်ရှိသည်ကို တွေ့ရသည်၊ ရှင်းဦးအံ့။
(က) သော - ဟူသော ပုဒ်ကို ဧကဝုစ်နက်မပေးဘဲ ဗဟုဝုစ်အနက်ပေးထားခြင်း၊
(ခ) အယမေဝ - ဟူသော ပုဒ်ကို ကတ္တားအနက် ပေးရမည့်အစား နိဒ္ဓါရဏ အနက်ပေးထားခြင်း၊
(ဂ) အရိယော - ဟူသော ပုဒ်ကို လူသားအပေါင်းဟု ဘာသာပြန်ထားခြင်း၊
(ဃ) ထိုအရိယော - ဟူသော ပုဒ်ကို ဧကဝုစ်အနက်မပေးဘဲ ဗဟုဝုစ်အနက်ပေးထားခြင်း-
ဟူသော အမှားလေးရပ်ကို တွေ့ရှိပေသည်၊ ဤကဲ့သို့ သဒ္ဒါစည်းကမ်းမှား၍ သဒ္ဒယုတ္တိကင်းမဲ့ရုံမျှမက အဓိပ္ပာယ်လွဲမှားခြင်းဟူသော အတ္တယုတ္တိလည်း ကင်းမဲ့၍ နေပြန်သည်၊ ဆရာစိန်ပြဆိုသော “အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ဟူသော ပါဠိကို ချန်၍ သူ၏အနက်ကို ဖတ်ကြည့်လိုက်ပါလျှင် -
(က) ကြံစရာစီစရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ခ) ပူစရာ ပင်စရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ဂ) ဆွေးစရာ အေးစရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ဃ) ချုပ်ငြိမ်းစရာတို့သည် - လူသားတို့ ကျင့်အပ်သောတရား -
ဟု အဓိပ္ပါယ်ထွက်ရှိနေသောကြောင့် သဘာဝယုတ္တိ အလွန်ကင်းမဲ့၍ နေပေသည်၊ အရိယောဆိုသော ပုဒ်ကို လူသားဟု ပြန်ဆိုခြင်းမှာလည်း ဓမ္မဂုဏ်ကို အလွဲသုံးစားပြုကြောင်း ထင်ရှားလှပေသည်၊ ဆရာစိန်ပြန်ဆိုချက်သည် မဂ္ဂသစ္စာကို ပြဆိုချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်၍ နေပေသည်။
ဦးဥက္ကဋ္ဌနှင့် ဂိုဏ်သားတို့သည် ဗုဒ္ဓဘာသာတို့နှင့် နီးစပ်လှသော ဓမ္မစကြာတရားတော်အပေါ်သို့ စဉ်ကလောက် သစ္စာဖောက်၍ မှောက်မှောက် မှားမှားပြုလုပ်ကြခြင်းကို ထောက်ရှုခြင်းအားဖြင့် ဗုဒ္ဓဘာသာ ဒါယကာ ဒါယိကာမများနှင့် အလှမ်းကွာသော ပါဠိအဋ္ဌကထာများကိုမူ အဘယ်မျှလောက် ကမောက်ကမ လုပ်ကြမည်ကို ချင့်ချိန်နိုင်ကြပေပြီ။
၂၄။ ဤအမှတ် (၁၇) စောဒနာကို ခြုံငုံ၍ သုံးသပ်ကြည့်သောအခါ စောဒကဆရာတော်တို့၏ စွဲချက်ကို ပြေလည်အောင် မဖြေရှင်းနိုင်သော သခင်မြတ်ဆိုင်၏ ချေပချက်သည်လည်းကောင်း ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာဆရာစိန်တို့၏ အနက်ပြန်ဆိုချက်များသည်လည်းကောင်း ထေရဝါဒပိဋကတ်ကျမ်းဂန်များနှင့် ဆန့်ကျင်သောကြောင့် ဓမ္မစကြာအပေါ် ထားရှိသော ၎င်းတို့၏ အယူအဆများသည် အဓမ္မဝါဒစင်စစ်သာဖြစ် ကြောင်း၊ ဝိနည်းဓိုရ်ဆရာတော်များ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။