လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဝိနိစ္ဆယအကျဉ်းချုပ် သုံးသပ်ချက်နှင့် နှလုံးသွင်းဖွယ် ဩဝါဒ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၆-၇။ ဆရာတော်ဦးခမာသုဓ၏ ဝိနိစ္ဆယအကျဉ်းချုပ် သုံးသပ်ချက်နှင့် နှလုံးသွင်းဖွယ် ဩဝါဒ
3137လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၆-၇။ ဆရာတော်ဦးခမာသုဓ၏ ဝိနိစ္ဆယအကျဉ်းချုပ် သုံးသပ်ချက်နှင့် နှလုံးသွင်းဖွယ် ဩဝါဒသာသနာရေးဝန်ကြီးဌာန

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အလှည့်ကျ အကျိုးတော်ဆောင်
ဆရာတော် ဦးခမာဝုဓ၏ ဝိနိစ္ဆယ အကျဉ်းချုပ် သုံးသပ်ချက်နှင့်
စုဒိတကပုဂ္ဂိုလ်များ နှလုံးသွင်းဖွယ် ဩဝါဒ

ဝိနိစ္ဆယ အကျဉ်းချုပ်ကို မိန့်ကြားရေးကိစ္စနှင့် ပတ်သတ်၍ ဝိနိစ္ဆယ နိဂုံး သုံးသပ်ချက်တွင် အောက်ပါအတိုင်း ပါပြီးဖြစ်နေပါတယ်။

ယင်း လူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ ၎င်း၏ နောက်လိုက်ဖြစ်သော သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ) သည် ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မ အာဂမယုတ္တိများနှင့် လည်းကောင်း၊ လေးနက်ကျယ်ပြန့်သော သဘာဝယုတ္တိများနှင့် လည်းကောင်း မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ်ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ရုံးတော်သို့ သက်သေခံတင်ပြသော လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ် စာတမ်း စာစောင် တိတ်ခွေများနှင့်တကွ ဤရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် ရောက်မလာသော ထိုဝါဒဆိုင်ရာ စာအုပ် စာတမ်း စာစောင် တိတ်ခွေနှင့် ကျောက်စာ စသည်၌ ပါရှိသော ရေးသားချက်များသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့် ဆန့်ကျင်ဘက်များဖြစ်၍ ထိုစာအုပ် စာတမ်း စာစောင် တိတ်ခွေ ကျောက်စာ စသည်တို့သည် အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မပစ္စည်းများ ဖြစ်ကြောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

ထိုလူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီတို့၏ ဝါဒစသည်)ကို ရေးသားဟောပြော ဖြန့်ဝေကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုက်နာ၍ ပြုလုပ်ကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုလားနှစ်သက်စွာ ထောက်ခံအားပေးကြသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း အဓမ္မဝါဒီတို့သာ ဖြစ်ကြကုန်၏ ဟူ၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်ကြီးများ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်-

ဟု တွေ့ရှိရပါသည်၊ ဒီတော့ စုဒိတက ဖြစ်တော်မူကြကုန်သော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ နှလုံးသွင်းဖွယ်ရာဖြစ်တဲ့ ဩဝါဒစကားကို မိန့်ကြားပေးပါမယ်။

ယခု အစည်းအဝေးမှာ ရောက်လာကြတဲ့ သံဃာတော်များနှင့်တကွ သက်ဆိုင်ရာ ဒကာ ဒကာမများ စဉ်းစားစရာက ဒီပွဲဟာ ဘာပွဲလဲ၊ လုပ်ဆောင်ရမဲ့ကိစ္စကို အခြေခံကျကျ စီစဉ်ပြောပြရလျှင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သံဃာတစ်သိန်းကျော်တို့၏ ဆန္ဒအရ ရေးဆွဲပေးထားတဲ့ ဥပဒေနှင့်အညီ သီးခြား ဝိနည်းဓိုရ် အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်၊ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ မိန့်ကြားချက်မှာ ပါတဲ့အတိုင်း သခင်မြတ်ဆိုင်တို့က ဒီဝါဒဟာ ဒါလောက် ခုံရုံးတော်ရောက်ဖို့ မလိုပါဘူးတဲ့၊ သက်သက်ညှာညှာနဲ့ဆုံးမဩဝါဒ စကားပြောလိုက်ယင် ပြီးမှာပဲလို့ လွယ်လွယ်ပဲ သူတို့ပြောလိုက်ကြတာပါပဲ၊ ဒါပေမဲ့ ဤနေရာမှာ ဥပဒေအတွင်းက လုပ်နေကြတာဖြစ်တဲ့အတွက် ဒီနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလဲ ဒီဥပဒေများကို ချိုးဖောက်ပြီး ကျင့်သုံးလို့ မဖြစ်ပါဘူး၊ ဘယ်လိုပဲ မေတ္တာထားထား၊ ဘယ်လိုပဲ စေတနာထားထား၊ ဒီဥပဒေကို ချိုးဖောက်ပြီးတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကျင့်သုံးလို့ မဖြစ်ပါဘူး၊ ဒီလိုမဖြစ်တဲ့အတွက် ဒီအခြေဒီအနေမျိုးကို ရောက်လာကြရပါတယ်ဆိုတာ ဥက္ကဋ္ဌဆရာတော်ကြီး မိန့်ကြားတဲ့ အထဲမှာ ပါဝင်ပြီး ဖြစ်သွားပါပြီ၊ ဒါကြောင့် မိမိတို့ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ဘုန်းကြီး ဘုန်းကြီး လူ လူ အသိဉာဏ်မှီကြတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှ ရှေးဆရာသမားများ ဆုံးမသွားတဲ့-

“ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်၊ ဤနှစ်ချက်၊ မပျက်သတိထား” -

ဆိုတဲ့ ဩဝါဒကို သတိပြုဆင်ခြင်ဖို့ကောင်းပါတယ်၊ အကျိုးမဲ့ကို ပြုလွယ်သလောက် အကျိုးရှိတာကို ပြုနိုင်ဖို့ ခဲယဉ်းတတ်ပါတယ်၊ ရှေးဆရာသမားများက ဒီဆုံးမဩဝါဒစကားကို ဘာကြောင့် ပေးသွားပါသလဲလို့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ -

သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပမရိယေဟိ ဒုက္ကရံ။

ဆိုတဲ့ ဥဒါန်းပါဠိတော်မှာပါတဲ့ ဘုရားဟောဂါထာကို သွားတွေ့ပါတယ်၊ “ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်” ဆိုတဲ့ မြန်မာလင်္ကာ စာပိုဒ်ကလေးက သာဓု ပါပေန ဒုက္ကရံနှင့် ပါပံ ပါပေန သုကရံ- ဆိုတဲ့ ဒုတိယပါဒ တတိယပါဒတို့နှင့် တစ်ထပ်တည်း တူညီနေပါတယ်၊ ဒီတော့ မိမိတို့ရဲ့ ကိုယ်အမူအရာနဲ့လုပ်တဲ့ ကိစ္စ၊ နှုတ်အမူအရာနဲ့ ပြောတဲ့ ကိစ္စ၊ စိတ်အမူအရာနဲ့ ကြံတဲ့ ကိစ္စတွေမှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု ပြုတိုင်း ပြုတိုင်း ပြောတိုင်း ဆိုတိုင်း လှုပ်ရှားတိုင်း ကြံစည်တိုင်း ကျိုးမဲ့ပြုလွယ် ကျိုးရှိပြုခက်တွေ ဖြစ်တတ်ကြပါတယ်။ အဲဒီအချက်ကို ပုဂ္ဂိုလ်သတ္တဝါတိုင်း သတိထားရမှာ ဖြစ်ပါတယ်။

ကျိုးမဲ့ပြုလွယ် ဆိုတဲ့အတိုင်း အကျိုးမဲ့တဲ့အမှုကို လွယ်လွယ်ပဲ ပြုတတ်ကြပါတယ်၊ ပါးစပ်က ပြောရမှာလဲ မကြောက် ကိုယ်အမူအရာနဲ့ ပြုရမှာလဲ မကြောက် နှုတ်အမူအရာနဲ့ ပြောရမှာလဲ မကြောက် လွယ်လွယ်ပဲပြော လွယ်လွယ်ပဲ အပြစ်တင် တတ်ကြပါတယ်၊ အဲဒီအမှုတွေ မှန်သမျှ အမဲစက်ထင်သွားပြီ ဖြစ်ပါတယ်၊ ဒီအမဲစက်ကို ဖြူစင်သန့်ရှင်းသွားအောင် တစ်ဖန်ပြန် အားထုတ်ဖို့ရာ သိပ်လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး၊ ဒါကြောင့် ဘယ်နေရာမဆို ဘယ်ကိစ္စမျိုးမဆို “ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်၊ ဤနှစ်ချက်၊ မပျက်သတိထား” ဆိုတဲ့ ဩဝါဒကို နှလုံးသွင်းစေချင်ပါတယ်။

နောက်တစ်ချက်က မိမိတို့ထက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အားဖြင့် ကြီးမားတော်မူကြတဲ့ ရတနာသုံးပါးကို ကြည်ညိုကြ မြတ်နိုးကြ အားကိုးကြတဲ့နေရာမှာ သတိထားဖို့ အထူးအရေးကြီးပါတယ်၊ သတိထားဖို့ ဆိုရာမှာလဲ ကိုယ်နှစ်သက်ရာ ကိုယ်မြတ်နိုးရာ ကိုယ်အားကိုးရာဖြစ်တဲ့ အထည်ဒြပ်ဝတ္ထုပစ္စည်းမှာ -

(က) ကြည်ညိုတတ်တဲ့ ကြည်ညိုမဲ့ပုဂ္ဂိုလ်၊
(ခ) အကြည်ညိုခံရမဲ့ ဝတ္ထု ဒြပ် နှစ်မျိုး ကွဲသွားပါတယ်၊

ဒီတော့ ကြည်ညိုတတ်တဲ့ ပုဂ္ဂိုလ်နေရာက ဘုန်းကြီး ဝေဖန်ပြချင်တာပါ၊ ကြည်ညိုတတ်တဲ့နေရာမှာ သုံးမျိုးသုံးစားရှိကြောင်း ထေရဝါဒပိဋကတ် သုတ်မဟာဝါအဋ္ဌကထာ(၃၇၇)မှာ ပြဆိုထားပါတယ်။

(က) ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ။
(ခ) ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂါ အတေကိစ္ဆော ဟောတိ။
(ဂ) ဥဘိန္နံ သမတာယ ဝတ္ထုသ္မိံ ယေဝ ပသီဒတိ။

၁။ ယုံကြည်မှုအားကောင်းပြီး အသိဉာဏ်ပညာအားနည်းသူ၏ ကြည်ညိုခြင်းမျိုး (အားကိုးခြင်းမျိုး) သည် အချည်းနှီးသော ယုံကြည်မှု ဖြစ်သည်၊ မကြည်ညိုထိုက် မမြတ်နိုးထိုက်သော ပုဂ္ဂိုလ်မျိုးကို ဆရာတင်၍ ကြည်ညိုတတ်၏၊ ထိုပုဂ္ဂိုလ်မျိုးကို သဒ္ဓါအားကောင်းပြီး ဉာဏ်ပညာ အသိတရား မပါသောကြောင့် အချည်းနှီး ကိုးကွယ်သူဟု ခေါ်ဆိုရသည်။

၂။ ဒုတိယ အမျိုးအစားပုဂ္ဂိုလ်က-
ဗလဝပညော=တွေးတတ်ခေါ်တတ် ကြံစည်တတ်တဲ့ အသိဉာဏ်တွေကတော့ အားကောင်းပါ၏၊
မန္ဒသဒ္ဓေါ=ယုံကြည်မှုကတော့ အလွန်အားနည်း၏၊ အတွေးအခေါ်တွေ ကြံစည်မှုတွေ ဝေဖန်မှုတွေ သိပ်များတယ်၊ ဒါပေမဲ့ ယုံကြည်မှု သဒ္ဓါတရားကျတော့ သူ့မှာ အင်အားမရှိပါဘူး၊ သဘောတရားရေး ဆရာကြီးလို့ အမည်ခံပေမဲ့ အဲဒီပုဂ္ဂိုလ်မျိုးဟာ ကေရာဋိကပက္ခံ ဘဇတိ=ကောက်ကျစ်စဉ်းလဲသော အဖို့အစုသို့ ရောက်တတ်ပါတယ်။

လောကဥပမာအားဖြင့် ပြောရလျှင်-
ဘေသဇ္ဇသမုဋ္ဌိတော= ဆေးကြောင့်ဖြစ်သော
ရောဂါဝိယ = ရောဂါကဲ့သို့
အတေကိစ္ဆော=ဆေးကုရမလွယ်ပါဘူး၊

ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်၊ ဒါပေမဲ့ ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင် ကောက်ကျစ်စဉ်းလဲတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်၊ ဆေးကြောင့်ဖြစ်တဲ့ ဆေးလွန်နာ အကုရခက်သလို ဒီလူစားမျိုးက ပြောရဟောရခက်တယ်၊ မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။

၃။ တတိယပုဂ္ဂိုလ်မျိုးက ယုံကြည်မှု သဒ္ဓါတရားလဲ အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဉာဏ်ပညာလဲ ကြွယ်ဝတယ်၊ အဲဒီလို သဒ္ဓါ၊ ပညာ နှစ်ဖြာမျှတတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။

သတ္တလောကကြီးအတွင်းမှာ သတ္တဝါရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်ကို ကိုယ်က မှီရတာလဲ ရှိတယ်၊ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်ကို ပြန်ပြီး မှီခိုရတာလဲ ရှိတယ်၊ သူများက” ကိုယ့်ကို မှီခိုတဲ့အခါမှာ ကိုယ်ကမှီအပ်တဲ့ပုဂ္ဂိုလ် မှီသင့်တဲ့ ပုဂ္ဂိုလ် မှီထိုက်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ ပိုပြီး ကိုယ်ကျင့်တရားမြဲဖို့ အရေးကြီးပါတယ်၊ ကိုယ်က သူတစ်ပါးကို မှီရတဲ့အခါမှာလဲ ကိုယ်မှီနေတဲ့ ဆရာဖြစ်သူသည် ဘုရားဟောဝါဒ ကိုယ်ကျင့်တရားနှင့် ညီမျှသူ ဟုတ်ရဲ့လား၊ ဒါကို ပထမ စဉ်းစားရမယ်၊ အတွေးအခေါ်တတ်ရုံ ပညာရှိရုံနဲ့ ဆရာကောင်းလို့ မဆိုနိုင်သေးဘူး၊ ကိုယ်ကျင့်တရားကောင်းဖို့ကလည်း အရေးကြီးသေးတယ်။

ဘယ်နေရာမှာဖြစ်ဖြစ် ဝေဖန်တယ်၊ စိစစ်တယ်၊ ဝေဖန်စိစစ်ပြီးမှ ဒို့က လက်ခံတယ်လို့ ကိုယ့်ဘက်က ထင်နေပေမဲ့ မိစ္ဆာ သမ္မာမကွဲယင် အချည်းနှီးပ၊ဲ ကျမ်းဂန်တွေမှာ ပြဆိုထားတာက ပုထုဇဉ်ပုဂ္ဂိုလ်များသည် မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာသော အသိတရားမှန်သမျှကို အားလုံး ပညိန္ဒြေချည်းထင်နေတတ်တယ်တဲ့၊ အသိတရားတိုင်း ပညာမဟုတ်ဘူး၊ အသိက မိစ္ဆာသိ၊ သမ္မာသိ နှစ်မျိုးရှိတယ်၊ သိတာတွေ မှန်သမျှ ကိုယ်က သမ္မာသိချည်း ဆုံးဖြတ်ထားလို့ မရနိုင်တဲ့ အကြောင်းကို -

မိစ္ဆာဉာဏေတိ ဧတ္ထ မိစ္ဆာဉာဏန္တိ ပါပကိရိယာသု ဥပါယစိန္တာဝသေန သုကတံ ကမ္မံ ဣတိ ပစ္စေဝေက္ခဏာကာရေန ဥပ္ပန္နော မောဟော ဝေဒိတဗ္ဗော-
လို့ အဋ္ဌကထာဆရာက ဖွင့်ပြထားပါတယ်။

မိစ္ဆာဉာဏ်ဟူသည် ဘာလဲ (=အမှားသိဆိုတာ ဘာလဲ)၊ မဟုတ်တာလုပ်မယ်၊ မကောင်းတာ ကြံစည်မယ်၊ မကောင်းတာပြောမယ်၊ တလွဲတစောင်း အားထုတ်မယ်ဆိုရင် အဲဒီနေရာမှာ ပေါ်လာသော အသိဉာဏ်ဟူသမျှ မိစ္ဆာဉာဏ်ပဲ၊ အရကောက်တော့ မောဟပဲ၊ ဒီမောဟက ပုထုဇဉ်တွေကို ပညိန္ဒြေယောင်ယောင်နဲ့ ဟန်ဆောင်တတ်တယ်၊ ဒါကြောင့် မသိမှု အဝိဇ္ဇာ မောဟ ဦးစီးမှုကြောင့် မိမိတို့ သိထားတဲ့ အသိတရားမှန်သမျှကို ပညိန္ဒြေချည်းလို့ မအောက်မေ့ပါရန် ဘုန်းကြီးက သတိပေးပါတယ်၊

နောက်တစ်ချက်က မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး သာသနာသက္ကရာဇ် (၂၁၈)နှစ် မြောက်လောက်မှာ သာသနာ့အရေခြုံတွေ သာသနာထဲဝင်ပြီး မွှေနှောက်ခြောက်ခြားခဲ့လို့ သာသနာ့အရေးအခင်းကြီး ကြုံခဲ့ရပုံအကြောင်းကို ဝိနိစ္ဆယ ချမှတ်တဲ့အထဲမှာ ဘုန်းကြီးများ ကြားလိုက်ရပါတယ်၊ အလွန် သံဝေဂဖြစ်ဖွယ် ကောင်းပါတယ်။

ဒီနေရာမှာ ဘုရားလက်ထက်ကပင် ဘုရားနှင့် အယူအဆ မတူမျှတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကို ဘုန်းကြီးက သာဓကကလေး တစ်ခု ထုတ်ပြချင်ပါတယ်။

မြတ်စွာဘုရားသခင် သာကေတမြို့၊ အဉ္ဇနဝန အမည်ရတဲ့ မိဂဒါဝုန်တောမှာ သီတင်းသုံးနေထိုင်တော်မူစဉ် ကုဏ္ဍလိယ အမည်ရှိတဲ့ ပရဗိုဇ်တစ်ဦး ရောက်လာပါတယ်၊ ဒီပရဗိုဇ်ဟာ အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ်တစ်ခုမှ ဥယျာဉ်တစ်ခုသို့ တစ်လမ်းမှ တစ်လမ်းသို့ ရပ်ကွက်တစ်ခုမှ ရပ်ကွက်တစ်ခုသို့ လှည့်လည်ပြီး သူ့အယူဝါဒတွေကို ဟောပြောလေ့ရှိပါတယ်၊ သူတစ်ပါးအယူဝါဒကို နှိမ်၍ မိမိ အယူအဆ မှန်ကန်ကြောင်း သက်သေပြဖို့ နေ့စဉ် လှည့်လည်ပါတယ်၊ သူ၏ တပည့်များကိုလည်း -

“သူများက ဒီလိုမေးရင် မင်းတို့က ဟောဒီလို ပြန်ဖြေပါ၊ သူများက ဒီလို ယူဆရင် မင်းတို့က ဒီလို ပြန်ဖြေရှင်းပါ” စသည်ဖြင့် သဘောတရားတွေ ပေးလေ့ ရှိပါတယ်၊ အဲဒီ ကုဏ္ဍလိယ ပရိဗိုဇ်ဟာ တစ်နေ့သောအခါ မြတ်စွာဘုရားထံ ရောက်သွားပြီး ဒီလို မေးပါတယ်။

ကုဏ္ဍလိယ -အရှင်ဂေါတမသည် အဘယ် အကျိုးရှိ၍ နေပါသနည်း။
ဘုရား -အသိဉာဏ်ဝိဇ္ဇာ ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိ ဟူသော အကျိုးအာနိသင် ရှိ၍သာ နေ၏၊
ကုဏ္ဍလိယ -အဘယ်တရားကို ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိ ဖြစ်နိုင်ပါသနည်း။
ဘုရား -ဗောဇ္ဈင်ခုနစ်ပါးတရားကို ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိ ဖြစ်နိုင်၏၊
ကုဏ္ဍလိယ -ဗောဇ္ဈင်ခုနစ်ပါး ဖြစ်ပေါ်လာအောင် အဘယ်တရားကို ပွားများရပါမည်နည်း။
ဘုရား -ဗောဇ္ဈင်ခုနစ်ပါးတရားဖြစ်လာအောင် သတိပဋ္ဌာန်တရားကို ပွားများရပါမည်။
ကုဏ္ဍလိယ -သတိပဋ္ဌာန်တရားကို ပွားများနိုင်အောင် အဘယ်တရားကို လေ့လာကျင့်သုံး ရပါမည်နည်း။
ဘုရား -သုစရိုက်တရား (၃)ပါးကို လေ့လာကျင့်သုံးရမည်။
ကုဏ္ဍလိယ -သုစရိုက်တရားဖြစ်ပေါ်လာအောင် အဘယ်တရားကို စောင့်ရှောက်ရမည်နည်း။
ဘုရား -မျက်စိ,နား, နှာ, လျှာ, ကိုယ်, စိတ် - ဟူသော တံခါး ၆- ပေါက်လုံအောင် ပိတ်ခြင်း ဣန္ဒြိယသံဝရသီလကို စောင့်ရှောက်ရပါမည်။

ဒေသနာကို အပြန်ကောက်ယူလိုက်သော် ဒုစရိုက် တရား ၁၀-ပါးကို မဖြစ်အောင် ထိန်းသိမ်းလျှင် သုစရိုက်တရားဖြစ်၏၊ သုစရိုက်တရားဖြစ်လျှင် သတိပဋ္ဌာန်ပွားများရာ ရောက်၏၊ သတိပဋ္ဌာန်ပွားများလျှင် ဗောဇ္ဈင် (၇)ပါး ဖြစ်၏၊ ဗောဇ္ဈင်(၇)ပါး ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိဖြစ်၏ ဟူလို။

ဒီတရား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ခရီးစဉ်တစ်လျှောက်လုံး မြတ်စွာဘုရား၏ အယူဝါဒကို တွန်းလှန်ဖြိုဖျက်လာခဲ့တဲ့ ကုဏ္ဍလိယ ပရဗိုဇ်ဟာ အသိတရားဝင်ပြီး သူ၏ မှားယွင်းနေသော အယူအဆဟောင်းကို တစ်ခါတည်း စွန့်လိုက်ပါတယ်၊ ဥပါသကာလို့ မှတ်တော်မူပါ၊ ဗုဒ္ဓ ဓမ္မ သံဃာကို အသက်ထက်ဆုံး ဆည်းကပ်သူအဖြစ် အသိအမှတ် ပြုတော်မူပါလို့ လျှောက်ထားပြီး ဗုဒ္ဓသာသနာတော် အတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

အခုလဲပဲ စုဒိတက ပုဂ္ဂိုလ်များအနေဖြင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ အဆုံးအဖြတ်ကို နာခံပြီး မိမိတို့၏ အယူအဆ အတွေးအခေါ် အလေ့အလာ စသည်တို့ကို စွန့်လွှတ်ကြပြီးတော့ ထေရဝါဒ ဗုဒ္ဓသာသနာကို ကြည်ညိုတတ်တဲ့ မြတ်နိုးတတ်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ်သို့ ရောက်ကြပါစေလို့ ဘုန်းကြီးက ဩဝါဒစကား မိန့်ကြား လိုက်ပါတယ်။

သာဓု၊ သာဓု၊ သာဓု