လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သဘာပတိဆရာတော်ဘုရားကြီးက စုဒိတကတို့အား မိန့်ကြားသော သြဝါဒကထာ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ ချမှတ်ပြီးနောက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂)သဘာပတိ ဆရာတော် ဘုရားကြီးကစုဒိတကတို့အား မိန့်ကြားတော်မူသော ဩဝါဒကထာ
တောင်တွင်းကြီးမြို့၊ နတ်မှီတောရ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ထိုဝါဒမှ ဆက်နွယ်ပေါ်ပေါက်လာသည့် (အတုလိုက်) အနုဝါဒများ၏ ဓမ္မ အဓမ္မ အဖြစ်ကို စိစစ်ဆုံးဖြတ်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များက တိမ်းစောင်းမှားယွင်းခြင်း မရှိရအောင် လေးလခန့်မျှ အချိန်ယူပြီး စောဒနာ သောဓနာ ၂-ရပ်နှင့် ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိတော် အဋ္ဌကထာ ဋီကာဂန္ထန္ထရ အဝဝတို့ကို ကျနစေ့စပ် သုံးသပ်ဝေဖန်ကာ ကရုဏာတရား ရှေ့ထားလျက် အဂတိလေးပါး မလိုက်စားဘဲ ခိုင်မြဲထက်သန်သည့် ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် အဖန်ဖန် နှိုင်းချိန်ပြီးမှ ဗုဒ္ဓသာသနာနွယ်ဝင် ပညာရှင်အများ လက်ခံနိုင်လောက်သည့် ပရိသုဒ္ဓ ပရိပုဏ္ဏ ဝိနိစ္ဆယကို ချမှတ်တော်မူခဲ့ကြပါတယ်။
ဝိနည်းဓိုရ် ဆရာတော်များက မည်မျှပင် ယထာဓမ္မ တရားလမ်းမှန်အောင် ဆုံးဖြတ်ချက်ချကြပါသော်လဲ ပုထုဇဉ်များ ဖြစ်ကြသည့်အလျောက် စိတ်ထားနုသူ အချို့ အချို့ ပုဂ္ဂိုလ်များက မိမိတို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မကျေမနပ်ဖြစ်တတ်ကြပါတယ်၊ အဲဒီလို ဖြစ်ခြင်းဟာလဲ ပုထုဇဉ်တို့ရဲ့ သဘောထံတွာ ဓမ္မတာပါပဲ။
ပုထုဇဉ်များ လိုက်နာပြုကျင့်ရန် ခဲယဉ်းတဲ့ ခဲကြီး ၅-ရပ် ရှိပါတယ်၊ အဲဒီ ခဲကြီး ၅-ရပ် က ဘာတွေလဲဆိုတော့ -
(1) ဤကား အမှား ဤကား အမှန်လို့ ဝေဖန်စိစစ်ရန် ခဲယဉ်းတယ်၊ ဝေဖန်စိစစ်မှု မပြုဘဲ အမှတ်တမဲ့ပဲ နေတတ်ကြတယ်။
(2) အမှား အမှန်ကို ဝေဖန်စိစစ်ပြန်တော့လဲ ဤကား အမှား ဤကား အမှန်လို့ မိမိဉာဏ်ဖြင့် သိနိုင်ရန် ခဲယဉ်းတယ်။
(3) အမှား အမှန်ကို သိပြန်တော့လဲ အမှားကို အမှားလို့ ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းတယ်၊ မုန်းမှာ ကြောက်လို့ နှုတ်ပိတ်ရေငုံလုပ်နေတတ်တယ်။
(4) မိမိ အယူမှားနေလျှင်လဲ ကိုယ့်အမှားကို ကိုယ်ဝန်ခံရန် ခဲယဉ်းတယ်၊ မှားပါတယ်လို့ ဝန်ခံရမှာကို ရှက်ကြောက်နေတတ်တယ်။
(5) ကိုယ့်အမှားကို မှားပါတယ်လို့ ဝန်ခံစေကာမူ အမှားကို ပယ်လှန်ပြီး အမှန်ကို ကျင့်ကြံလိုက်နာဖို့ ခဲယဉ်းတယ်၊ လူကြားကောင်းရုံလောက် ဝန်ခံပြီး အမှားကို မပယ်လှန် အမှန်ကို မလိုက်နာဘဲ နေတတ်ကြတယ်။
ဒါကြောင့် မြတ်စွာဘုရားက ပုထုဇဉ်တွေဟာ “သန္ဒိဋ္ဌိပရာမာသီ” မိမိ အယူသာ အမှန်ဟု ဖောက်ပြန်မှားယွင်းစွာ သုံးသပ်တတ်ကြတယ်၊ “အာဓာနဂ္ဂါဟီ” မြဲမြံစွာယူလေ့ရှိကြတယ်၊ “ဒုပ္ပဋိနိဿဂ္ဂီ” စွန့်လွှတ်နိုင်ခဲကြတယ် (စွန့်လွှတ်ဖို့ရန် ခဲယဉ်းနေတတ်ကြတယ်)လို့ ဟောတော်မူခဲ့ပါတယ်၊ အဲဒီလို အမှားကို သုံးသပ်ပြီး မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ ယူနေတတ်သူကို အယူသည်းသူလို့ ခေါ်ပါတယ်။
ယေ အတ္တနော ဥပ္ပန္နံ ဒိဋ္ဌိံ ဣဒမေဝ သစ္စန္တိ ဒဠှံ ဂဏှိတွာ အပိ ဗုဒ္ဓါဒီဟိ ကာရဏံ ဒေဿတွာ ဝုစ္စမာနာ န ပဋိနိဿဇ္ဇန္တိ (မ၊ဋ္ဌ၊၁၊၁၉၄။)
အယူသည်းတဲ့သူများဟာ သူတို့ယူမိတဲ့ အယူကို မစွန့်လွှတ်တော့ဘဲ ဇွတ်မှိတ်ပြီး အတင်းဆုပ်ကိုင် ထားတတ်ကြတယ်၊ ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းတို့က အကြောင်းပြပြီး ဟောပြောပေမဲ့ မစွန့်လွှတ်ဘဲ ယူမြဲယူနေတတ်ကြတယ်။
အဲဒီ အယူသည်းမှုဟာ လောကရေးရာဘက်ကလည်း အယူသည်းမှုလည်းရှိတယ်၊ အကျင့်တရားဘက်က အယူသည်းတာလဲ ရှိတယ်၊ လောကရေးရာဘက်က အယူသည်းတာကတော့ သဂ္ဂန္တရာယ် - မဂ္ဂန္တရာယ် မဖြစ်တဲ့အတွက် သိပ်အရေးမကြီးလှဘူး (ဥပမာ) မြေကြီး မြင်းမိုရ်တောင် နေ, လ, နက္ခတ် တည်နေပုံ စသည်တို့နှင့် ပတ်သတ်တဲ့ အယူအဆကွဲလွဲမှုမျိုးတွေပါပဲ၊ ဒါတွေက သီလ အကျင့်၊ သမာဓိ အကျင့်၊ ပညာ အကျင့်တို့နှင့် မဆိုင်တဲ့အတွက် အရေးမကြီးလှပါဘူး။
အကျင့်တရားနှင့် ပတ်သတ်ပြီး အလွဲအမှားကို အမှန်ထင်ကာ မစွန့်လွှတ်အောင် အယူသည်းနေလျှင်တော့ မဂ္ဂန္တရာယ် ဖြစ်နိုင်တယ်၊ အဲဒီ အယူသည်းမှုက အလွန်အရေးကြီးတယ်၊ ဒီ ဝိနိစ္ဆယစာတမ်းမှာ ဖော်ပြထားတဲ့ အလှူ၏ အကျိုးမရှိ စသော ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ အယူတွေကို မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ အယူသည်းနေလျှင် သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ၂-မျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို အယူသည်းနေလျှင် ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာရာ မရောက်တော့ဘူး၊ ဘုရားရှင်၏ အဆုံးအမတော်ကို မလိုက်နာလျှင်-
ယေန ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
ဗျသနန္တေ ဂမိဿန္တိ၊ ရက္ခသီဟိဝဋ္ဋ ဝါဏိဇာ။ (ဇာ၊၁၊၅၁)
ဤဘုရားဟော ဒေသနာနှင့် အညီ ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်ကြရလိမ့်မည်၊ ဒါ့ကြောင့် သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် မဖြစ်ကြရလေအောင် ဆုံးရှုံးပျက်စီးခြင်းသို့ မရောက်ကြရလေအောင် ဒီဆုံးဖြတ်ချက် ဝိနိစ္ဆယစာတမ်းကို သဘောပေါက်နားလည်ရန် ယောနိသော မနသိကာရဖြင့် ကျကျနန သေသေချာချာ သုံးသပ်ကြစေလိုတယ်၊ မိမိတို့ ဉာဏ်မမှီတဲ့ အရာဋ္ဌာနများကိုလည်း ပညာရှိဆရာတော် သံဃာတော်များထံ မေးမြန်းပြီး သိနားလည်ရန် ကြိုးစားကြစေလိုတယ်၊ အဲဒီလို သဘောပေါက်နားလည်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး အဓမ္မဝါဒအယူသည်းမှုဟူသမျှတွေကို စွန့်လွှတ်လိုက်ကြစေလိုတယ်၊ စွန့်လွှတ်ပြီးတဲ့နောက်လဲ မှန်ကန်သည့် တရားနည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်စေလိုတယ်။
အပ္ပံဝတ ဇီဝိတံ ဣဒံ၊ ဩရံဝဿသတာပိ မိယျတိ။ သုတ္တန်နိပါတ် ဇရာသုတ်နှင့်အညီ လူတို့ရဲ့ အသက်ဟာ အလွန်တိုတောင်းလှပါတယ်၊ ဒီလို တိုတောင်းလှတဲ့ အချိန်ကာလ အတွင်းမှာ အမှားမှား အယွင်းယွင်းနဲ့ သေသွားကြလျှင် မိမိတို့ရဲ့ အဖိုးတန်ဘဝကြီးဟာ ဘာမျှ အကျိုးမပြီးဘဲ အချည်းနှီး ဖြစ်သွားပါလိမ့်မည်၊ ယခုလို အချိန်ရှိခိုက်က မပြုပြင်မိလျှင် သေရာ ညောင်စောင်း လျောင်းအိပ်ရာ ကျတဲ့ အခါကျတော့ နောင်တကြီးစွာရနေတတ်ပါတယ်၊ ဒါကြောင့် အချိန်မီ ပြုပြင်ကြရန် တိုက်တွန်းပါတယ်။
အမှားကို အမှားမှန်းသိလို့ ပြုပြင်တာဟာ အလွန်ပညာရှိ သူတော်ကောင်းပီသပါတယ်၊ မြတ်စွာဘုရား၏ တပည့်သားကောင်းများပီပီ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာရာလဲ ရောက်ပါတယ်၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကြလျှင်-
ယေ စ ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
သောတ္ထိံ ပါရံ ဂမိဿန္တိ၊ ဝလာဟေနဝ ဝါဏိဇာ။ (ဇာတက၊၁၊၅၁)
ဤဘုရားဟော ဒေသနာတော်နှင့်အညီ ချမ်းချမ်းသာသာဖြင့် သံသရာ ဟိုဘက်ကမ်းဖြစ်တဲ့ နိဗ္ဗာန်နန်းသို့ ဖြောင့်ဖြောင့်တန်းတန်းကြီး ရောက်ရပေလိမ့်မယ်။
ဒါ့ကြောင့် ဗုဒ္ဓသာသနာ့နွယ်ဝင် သူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းစွာ ရောက်ကြရလေအောင်-
“ပရေ သန္ဒိဋ္ဌိပရာမာသီ အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ ဘဝိဿန္တိ၊ မယမေတ္ထ အသန္ဒိဋ္ဌိပရာမာသီ အနာဓာနဂ္ဂါဟီ သုပ္ပဋိနိဿဂ္ဂီ ဘဝိဿာမာတိ သလ္လေခေါ ကရဏီယော။”
ဤ မူလပဏ္ဏသပါဠိတော် ဒေသနာနှင့်အညီ “အခြားသူတွေက ကိုယ့်အယူကိုသာ အမှန်ထားပြီး မှားယွင်းစွာသုံးသပ်လျက် မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ ယူနေပေမဲ့ သူများတွေ မှားယွင်းစွာသုံးသပ်ပြီး အယူသည်းနေကြမည့် အရာမှာ ငါတို့ကတော့ အယူမသည်းဘဲ စွန့်လွှတ်လိုက်ကြမယ်” လို့ အဓိဋ္ဌာန်ပြုပြီး ကိလေသာခေါင်းပါးစေနိုင်တဲ့ သလ္လေခ အကျင့်တရားမှန်ကို ကျင့်ကြံပွားများ အားထုတ်ကြပါလို့ မေတ္တာ ကရုဏာ ရှေ့ထားပြီး ဩဝါဒစကား မိန့်ကြားလိုက်ပါတယ်။