လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/အတိတ်အနာဂတ်ဘဝတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၅။ ဆုံးဖြတ်ချက် အမှတ်(၅) အတိတ်အနာဂတ်ဘဝတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
3153လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၅။ ဆုံးဖြတ်ချက် အမှတ်(၅) အတိတ်အနာဂတ်ဘဝတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)
စောဒနာအမှတ် (၅)

အတိတ် အနာဂတ်ဘဝတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ

၁။ စောဒကဆရာတော်များက ဦးဥက္ကဌနှင့် သူ၏နောက်လိုက် တပည့်တို့ရေးသားထုတ်ဝေသော စာအုပ်စာတမ်းများမှ -

(က) ကပ္ပာ့လူသား၏ တစ်ခုတည်းသော (ဝါ) နှစ်ခုမဖြစ်နိုင်သော အဓိကအလိုဆန္ဒကား ပုခက်နှင့်ခေါင်းကြားရှိ ပစ္စုပ္ပန်တိတိဖြစ်သော ပစ္စက္ခနယ်အတွင်း၌ ကိုယ်ရောစိတ်ပါ ဧကန် ချမ်းသာမှုရရေးပင် ဖြစ်သည်။ (အနတ္တရောင်ခြည်၊ နှာ-၁၈၆)
(ခ) သမ္မာဒိဋ္ဌိသုတေသီတို့သည် ကောင်းမှု မကောင်းမှု အကြောင်းအကျိုးတို့ကို ပစ္စုပ္ပန်ကျ လက်ခံယုံကြည်သည်။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အယူဝါဒရေးဆိုင်ရာ ခံယူချက် သဘောထား အပိုဒ် - ဂ)
(ဂ) ဗုဒ္ဓသည် သူသည် ပုခက်နှင့်ခေါင်းအကြား လက်ငင်းဒိဋ္ဌ တွေ့ကြုံနေရသော ပစ္စုပ္ပန်ဘဝကိုသာ တိကျပြတ်သားစွာ ဖော်ထုတ်ခဲ့သဖြင့် ပြောသလိုလုပ်၍ လုပ်သလိုပြောခဲ့သော လက်တွေ့သမားဖြစ်ခဲ့သည်။
(ဗုဒ္ဓဝါဒ အခြေခံသင်တန်၊ သင်တန်း အမှတ်စဉ်-၁၊သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်၊ နှာ-၃၉)
(ဃ) ဗုဒ္ဓရဲ့ လမ်းညွှန်ချက်က။ ပ။ တမလွန်ကိစ္စကျတော့ စဉ်းကို မစဉ်းစားကြနဲ့တဲ့၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါတွေ သွားစဉ်းစားနေရင် ဒုက္ခပွားစည်းရေးမှတစ်ပါး ဘာအကျိုးမှ မရှိပါဘူးတဲ့။ (သစ္စာဗိမာန် အတွဲ ၁။ အမှတ် ၆၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်)

ဤစာပိုဒ်တို့ကို ထုတ်ပြကြ၍ ဦးဥက္ကဌနှင့် သူ၏နောက်လိုက်များသည် -
(၁) အတိတ်ဘဝ အနာဂတ်ဘဝတို့ကို လက်ခံယုံကြည်မှု မရှိကြဘဲ ပစ္စုပ္ပန်တစ်ဘဝကိုသာ လက်ခံယုံကြည်ကြသူများ ဖြစ်ကြောင်း၊
(၂) အနာဂတ်ဘဝ တစ်ပိုင်းတစ်စကို လက်ခံယုံကြည်ကြသူများကလည်း “လူသေလျှင် လူဖြစ်သည်” ဟူသော ဘောင်အတွင်း၌သာ လက်ခံကြကြောင်း၊
(၃) “အတီတံ နာနု သောစာမိ” စသော ဘုရားဟော တေမိဇတ်လာစကားကို ကိုးလျက် ဗုဒ္ဓကို ပစ္စုပ္ပန်သမားဖြစ်လေဟန် လိမ်ညာ၍ ဝါဒဖြန့်ကြောင်း သဗ္ဗညုဘုရားရှင်ကို သူတို့လိုပင် မျက်စေ့တစ်ဆုံးသာ ကြည့်နိုင်သည့် သူလိုငါလို သာမညလူစား ပစ္စုပ္ပန်တစ်ဘဝသမားဖြစ်အောင် ပုံသွင်းနေကြကြောင်း၊
(၄) ယင်းသို့ ပုံသွင်းနေကြခြင်းသည် အတိတ်ဘဝနှင့် အနာဂတ်ဘဝအကြောင်းအရာ သိဖွယ်ရာမှန်သမျှကို လုံးဝဥဿုံ အကုန်အစင် သိမြင်နိုင်သော ပုဗ္ဗေနိဝါသနုဿတိ၊ အနာဂတံသဉာဏ်တော်များ အပါအဝင်ဖြစ်သည့် ဉာဏ်တော်ကြီးများ မြတ်စွာဘုရား၌ မရှိကြပါဟု ပြောနိုင်အောင် ကြိုးစားနေကြခြင်းဖြစ်ကြောင်း ရှေးဦးစွာ စောဒနာကြသည်။

၂။ တစ်ဖန် စောဒကဆရာတော်များက -
(က) စုဒိတကတို့သည် ဝိပဿနာရှုရန် ရည်ရွယ်၍ ဟောတော်မူသော ဘဒ္ဒေကရတ္တသုတ်လာ ဂါထာစကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရှားရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း၊ ယင်း ဘဒ္ဒေကရတ္တသုတ်လာဂါထာများသည် ဝိပဿနာရှုသည့်အခါ ပစ္စုပ္ပန်ကိုသာ ရှုရမည်ဟု ဆိုလို၍ အတိတ် အနာဂါတ် မရှိဟူသော အနက်အဓိပ္ပာယ် လုံးဝမထွက်ကြောင်း၊
(ခ) “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ် ပါဠိတော်၌ အတိတ်နှင့် အနာဂါတ်ကို ပစ္စုပ္ပန်နှင့် တပြေးညီ ဟောဆိုထားကြောင်း၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားကြောင်း၊ အနတ္တလက္ခဏသုတ်၌ ဟောသော အတိတ် အနာဂါတ်ကို ပယ်ပြန်ကြောင်း၊
(ဂ) ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ ငါးပါးသီလ၏ အကျိုးအပြစ်ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ကြောင်း ဟူ၍ ဝိသေသအားဖြင့် စောဒနာကြလေသည်။

၃။ ထိုစောဒနာကို စုဒိတကများဖြစ်ကြသော တောင်တွင်းကြီးမြို့၊ နေရှင်နယ်ကျောင်းဆရာတော် ဦးဇဝန၊ တောင်တွင်းကြီးမြို့ ငါးဆင့်ကျောင်းဆရာတော် ဦးဇဝန၊ ဒေးဒရဲမြို့ ကွင်းကျောင်းဆရာတော် ဦးဥဇ္ဇောတိကတို့က ပြန်လည်ချေပခြင်း မပြုကြဘဲ စောဒကဆရာတော်များ စောဒနာအတိုင်း အဓမ္မဝါဒဖြစ်သည်ဆိုသည်မှာ မှန်ကန်၍ စွန့်လွှတ်ပါကြောင်း ဝန်ခံသွားကြသည်။

ကျန်စုဒိတကများဖြစ်ကြသော တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းနေ ဦးဆန္ဒာဓိက၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ဥက္ကဌ ဦးခင်ဟန်နှင့် သခင်မြတ်ဆိုင်တို့ကသာ အသီးသီး ချေပ သောဓနာကြသည်။

ထိုစောဒနာ သောဓနာများသည် အတိတ်ဘဝ အနာဂတ်ဘဝ ရှိ-မရှိဟူသော အယူ၊ အတိတ်ဘဝ အနာဂတ်ဘဝ မြတ်စွာဘုရား ဟော-မဟောဟူသော အယူနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာရကား ထိုအခြေခံအကြောင်းနှင့် သက်ဆိုင်သော စကားမျှကိုသာ ထုတ်နုတ်သုံးသပ်၍ ဆုံးဖြတ်ကြကုန်အံ့၊ ယင်းစောဒနာ သောဓနာ နှစ်ရပ်တွင် သောဓနာကို မသုံးသပ်မီ စောဒနာစကားရပ်၏ ယထာဘူတကျ-မကျကို ရှေးဦးစွာ သုံးသပ်တော်မူကြရာ၌ စောဒကဆရာတော်များ ကောက်နုတ်တင်ပြထားသော (က) (ခ) (ဂ) (ဃ) အမှတ်ပြ စုဒိတကတို့၏ ရေးသားချက်များဝယ် စုဒိတကတို့၏ အလိုကို တိကျမှန်ကန်စွာ သိနိုင်ရန် သက်သေခံ စာအုပ်စာတမ်းများမှ အောက်ဖော်ပြပါ ရေးသားချက်များကိုပါ ထုတ်နုတ်၍ နှီးနှော တိုက်ဆိုင်လျက် သုံးသပ်တော်မူကြသည်။

(1) ဘဝကူးဝါဒသည် ဗုဒ္ဓမပေါ်မီ ရှေးခေတ်ကတည်းကပင် ပေါ်ပေါက်ခဲ့သော ဝါဒဖြစ်သည်၊ ယင်းဝါဒသည် ကမ္မဝါဒအဖြစ် အသွင်ပြောင်းကာ ဗုဒ္ဓပွင့်တော်မူသော ခေတ်အထိ တွင်ကျယ်ခဲ့သည်၊ ကမ္မဝါဒမှာ ဗြဟ္မဏဝေဒ၏ အတ္တကို အခြေခံသည်၊ အတ္တအခြေခံသော ဝါဒဖြစ်သည့်အတိုင်း ယခင်ကလည်းဖြစ်ခဲ့ပြီ၊ ယခုလည်းဖြစ်ဆဲ နောင်လည်း ဖြစ်လိမ့်ဦးမည်ဟူ၍ ကာလသုံးပါး အစဉ်ဆက်၏၊ မည်သည့်အခါမှ ကာလဝိမုတ် မဖြစ်။ ယင်းဝါဒကို ဗုဒ္ဓက ကာလဝိမုတ်ဖြင့် တော်လှန်ပယ်စွန့်စေ၏၊ (နိကာယ်၏ နိကာယ် နှာ-၆)

(2) ဤအချက်သည် ပထမသံဂါယနာတင်ပွဲကို ရဟန်းတော်အချို့ အာရုံပြုတော်မမူကြောင်း ထင်ရှားသည်၊ အဘယ်ကြောင့်နည်း အတိတ် အနာဂတ်တရားစုများ၊ အတ္တအတ္တနိယစသော ဝိညာဏဝါဒများ ပြန်ပါလာသောကြောင့် - (နိကာယ်၏ နိကာယ် နှာ-၆)

(3) ဤသုတ်၌ ဒုဂ္ဂတိ=မကောင်းသော လားရာဟူသည် သေပြီးနောက်မှ ငရဲဘုံစသည်ကို ရောက်ရမည်ဟု အဓိပ္ပာယ် အကောက်သင့်ပေ၊ ယခုပစ္စက္ခမျက်မှောက်၌ပင် သေရာ ညောင်စောင်း မလဲလျောင်းမီမှာပင် အရိယာတပည့်သားတိုင်း ဦးတည်ချီတက်ရမည့် ဝိမုတ္တိပန်းတိုင်နှင့် လွဲချော်၍ ဒုက္ခအားလုံးတို့၏ လက်သည်ဖြစ်သော တွယ်တာမှု သံယောဇဉ်များ တိုးပွားကာ မလိုလားအပ်သော ဒုက္ခများနှင့်သာ တွေ့ကြုံနေရမည်ဟု အဓိပ္ပာယ်ကောက်ယူ သင့်လှပေသည်။ သို့မှသာ သန္ဒိဋ္ဌိဂုဏ်မြောက်၍ ဗုဒ္ဓ၏ ဓမ္မသဘောကို နားလည်သူဖြစ်လိမ့်မည် ဖြစ်သတည်း။ (နိကာယ်၏ နိကာယ် နှာ-၁၂၈)

မှတ်ချက်။ ။ ဤသုတ်ဟူသည် မဇ္ဈိမနိကာယ်၊ ပေါတလိယသုတ်ကို ဆိုလိုသည်။

(4) သို့ရာတွင် ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကြီးကို လွန်ပြီးဘဝ ရောက်ဆဲဘဝ၊ လာလတ္တံ့သောဘဝ (ဝါ) မမွေးမီ ဟိုဘက်အခြေအနေ ဖြစ်ဆဲ၊ ယခုဘဝအခြေအနေနှင့် သေပြီးနောက် ရောက်ရမည့် အခြေအနေ သုံးရပ်ပေါ်တွင် ဖြန့်ခင်း၍ ပြတတ်ကြ၏၊ ဤအယူအဆသည် အဗျာကတသံယုတ် စသည်တို့တွင် ဗုဒ္ဓကိုယ်တိုင်က မဟောအပ်ဟူသော ကိစ္စရပ်ကို ပရိယာယ်ဖြင့် ဟောတော်မူစေရာ ရောက်ပေသည်။ (နိကာယ်၏ နိကာယ် နှာ-၁၆၁၊၁၆၂)

(5) သန္ဒိဋ္ဌိကော-ပစ္စုပ္ပန်ကာလ ယခုဘဝဟု ဆိုအပ်သော (ပုခက်နှင့် ခေါင်းအကြား၌) လက်ငင်းဒိဋ္ဌ စောင့်မနေရဘဲ အောင့်မနေရဘဲ ကြောင့်ကြ၍ မနေရဘဲ အကျိုးရတဲ့ လက္ခဏာ။ (သစ္စာဓမ္မ အတွဲ၊၃၊အမှတ် ၈၊ နှာ -၂)

(6) သမ္မာဒိဋ္ဌိအဖွဲ့၏ လက်သုံးဝါဒမှာ သန္ဒိဋ္ဌိက ပစ္စုပ္ပန်ဝါဒဖြစ်ကြောင်း ပြည်လုံးကျွတ် ဓမ္မသဘင်က ဆုံးဖြတ် သတ်မှတ်ထားခြင်း ဖြစ်သည်။ (သစ္စာဓမ္မ အတွဲ -၂၊ အမှတ်-၇၊ နှာ-၁၂)

ဤရေးသားချက်များနှင့် ယခင် (က) (ခ) (ဂ) (ဃ) ရေးသားချက်များကို စပ်ဟပ်၍ အထပ်ထပ် သုံးသပ်သည့်အခါ စောဒကဆရာတော်များ စွဲဆိုသော (၁) (၃) အမှတ်၊ စွဲဆိုချက်အတိုင်း ဦးဥက္ကဌနှင့် သူ၏နောက်လိုက်များသည် အတိတ်ဘဝ အနာဂတ်ဘဝ မရှိ၊ ပစ္စုပ္ပန်တစ်ဘဝသာ ရှိသည်ဟု ဥစ္ဆေဒအယူကို လက်ခံယုံကြည်သူများ ဖြစ်သည်ကိုလည်းကောင်း၊ မြတ်စွာဘုရားကိုလည်း ပစ္စုပ္ပန်တစ်ဘဝသမားဖြစ်အောင် လိမ်ညာ၍ ဝါဒဖြန့် ပုံသွင်းနေကြကြောင်းကိုလည်းကောင်း ထင်ရှားစွာ တွေ့ကြရပေသည်။

ဦးဥက္က၏ လူသေလူဖြစ်စာအုပ်၊ သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာစာအုပ်နှင့် လူသေလူဖြစ်စာတမ်းများကို ကြည့်ရှုသုံးသပ်သည့်အခါ စောဒကဆရာတော်များ စွဲဆိုသော (၂)အမှတ် စွဲဆိုချက်အတိုင်း အချို့က အနာဂတ်ဘဝ တစ်ပိုင်းတစ်စကို “လူသေလူဖြစ်” ဘောင်အတွင်း၌သာ လက်ခံကြောင်းကိုလည်း တွေ့ကြရပေသည်။

အမှန်တရားသုတေသန အမှတ်(၁) စာစောင်၌ အဘိဓမ္မာ ဆရာစိန်ဆိုသူက ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို အချက်ပေါင်းများစွာ စော်ကားပုတ်ခတ်ထားသည်ကို တွေ့ရသဖြင့် စောဒကဆရာတော်များ စွဲဆိုသော (၄) အမှတ်ပြ၊ စွဲဆိုချက်အတိုင်း စုဒိကတတို့သည် ဘုရားရှင်၌ ဉာဏ်တော်ထူးကြီးများ မရှိပါဟု ပြောနိုင်အောင် ကြိုးစားနေကြသူများ ဖြစ်သည်ကိုလည်း တွေ့ကြရပေသည်။

(ဤအချက်ကိုကား စောဒနာအမှတ်စဉ် (၇) ၌ သုံးသပ်ကြကုန်အံ့)

ဤသုံးသက်ချက်ဖြင့်ပင် စောဒကဆရာတော်များ၏ မူလစွဲဆိုချက် ၄-ချက်လုံးသည် ယထာဘူတကျ၍ မှန်ကန်သော စွဲဆိုချက်များ ဖြစ်ပေသည်။

(က) အမှတ်ပြ ဝိသေသစောဒနာကို သုံးသပ်ချက်

၄။ စောဒကဆရာတော်များက စုဒိတကတို့သည် ဝိပဿနာရှုရန် ရည်ရွယ်၍ ဟောတော်မူသော ဘဒ္ဒေကရတ္တသုတ်လာ ဂါထာစကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသာနာအားလုံးကို ပယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း ယင်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာများသည် ဝိပဿနာရှုသည့်အခါ ပစ္စုပ္ပန်ကိုသာ ရှုရမည်ဟု ဆိုလို၍ အတိတ် အနာဂတ် မရှိဟူသော အနက်အဓိပ္ပာယ် လုံးဝမထွက်ပါ ဘုရားဟု စောဒနာကြလေရာ ယင်း စောဒနာကို ပါဠိတော်မှ ထုတ်နုတ်၍ စိစစ်သုံးသပ်ရသော် -

အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပ၊ တံ ဝိဒွါ မနုဗြူဟယေ။ (မ၊၃၊၂၂၆။)

မြန်မာအကျဉ်း

အတိတ် ခန္ဓာငါးပါးသည် ချုပ်ပျောက်ပြီး ဖြစ်သောကြောင့် အတိတ်ခန္ဓာငါးပါးသို့ (တဏှာဒိဋ္ဌိတို့ဖြင့်) အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာငါးပါးသည် မရောက်သေးသောကြောင့် အနာဂတ်ခန္ဓာငါးပါးကိုလည်း မတောင့်တရာ၊ ပညာရှိသည် ပစ္စုပ္ပန် ခန္ဓာငါးပါး တရားကိုသာ ထိုထိုဖြစ်ဆဲခဏ၌ ဝိပဿနာရှုလျက် (တဏှာဒိဋ္ဌိတို့က) မဆွဲငင်နိုင်အောင် (တဏှာဒိဋ္ဌိတို့ကြောင့်) မပျက်မစီးအောင် ဝိပဿနာဉာဏ်ကို ပွားများအားထုတ်ရာ၏၊

ထိုဂါထာတို့ကို အကျယ်ဝေဖန်ရာ ပါဠိတော်မှ “အတိတ်ကာလ၌ ဤသို့သော ရုပ်အဆင်းရှိသူ ဖြစ်ခဲ့ဖူးပြီ” စသည်ဖြင့် အတိတ်ခန္ဓာငါးပါး၌ တပ်မက် နှစ်သက်နေလျှင် အတိတ်ခန္ဓာငါးပါးသို့ အစဉ်လိုက်သည် မည်ပုံနှင့် ထိုသို့တပ်မက်နှစ်သက်မှု မဖြစ်လျှင် အတိတ်ခန္ဓာငါးပါးသို့ အစဉ်မလိုက်သည် မည်ပုံကိုလည်းကောင်း၊ “အနာဂတ်ကာလ၌ ဤသို့သော ရုပ်အဆင်းရှိသူ ဖြစ်ရလို၏” စသည်ဖြင့် အနာဂတ်ခန္ဓာငါးပါး၌ တပ်မက် နှစ်သက်နေလျှင် အနာဂတ်ခန္ဓာငါးပါးကို မျှော်လင့်တောင့်တနေသည် မည်ပုံနှင့် ထိုသို့ တပ်မက်နှစ်သက်မှု မဖြစ်လျှင် အနာဂတ်ခန္ဓာငါးပါးကို မမျှော်လင့် မတောင့်တသည် မည်ပုံကိုလည်းကောင်း ပစ္စုပ္ပန်ခန္ဓာငါးပါးကို အတ္တစသည်ဖြင့် ရှုနေလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၌ (တဏှာဒိဋ္ဌိတို့က) ဆွဲငင်အပ်သည် မည်ပုံနှင့် အတ္တ စသည်ဖြင့် မရှုလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၌ (တဏှာဒိဋ္ဌိတို့က) မဆွဲငင်အပ်သည် မည်ပုံကိုလည်းကောင်း မြတ်စွာဘုရား ဟောကြား ဝေဖန်တော်မူသည်၊ ဤသို့ ဝေဖန်ရာ၌ “န ရူပံ အတ္တတော သမနုပဿတိ” စသည်ဖြင့် ဝိပဿနာရှုပုံကို ထင်စွာပြလျက် ဝေဖန်တော်မူသည်။ (မ၊၃။ ၂၂၆-၂၂၇။)

ယင်းအဋ္ဌကထာ၌လည်း -
တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော၊ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ၊ အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ (မ၊ဋ္ဌ၊၄၊၁၇၀။)

တတ္ထ တတ္ထ ဟူသည် အကြင် ပစ္စုပ္ပန်တရားသည် အကြင် အကြင်ခဏ၌သာ ဖြစ်၏၊ ထိုပစ္စုပ္ပန်တရားတို့ကိုလည်း ထိုထိုဖြစ်ဆဲခဏ၌သာလျှင် အနိစ္စာနုပဿနာ အစရှိကုန်သော ခုနှစ်ပါးသော အနုပဿနာတို့ဖြင့် အကြင် ပညာရှိသည်။ ဝိပဿနာရှု၏၊ တနည်း -တောအရပ် စသည်တို့တွင် ထိုထို အရပ်၌သာ ဝိပဿနာရှု၏ ဟူ၍ လည်းကောင်း၊

အသံဟီရံ အသံကုပ္ပန္တိ ဣဒံ ဝိပဿနာ ပဋိဝိပဿနာ ဒဿနတ္ထံ ဝုတ္တတံ။ (မ၊ဋ္ဌ၊၄၊၁၇၀။)

ဝိပဿနာရှုခြင်း တစ်ဖန်ဝိပဿနာရှုခြင်းအကျိုးငှာ “အသံဟီရံ အသံကုပ္ပံ”ဟူသော ဤစကားကို ဟောတော်မူအပ်၏ ဟူ၍လည်းကောင်း ဝိပဿနာရှုပုံကိုပင် ဖွင့်ပြတော်မူသည်။

ထို့ကြောင့် ဤ ၂-ဂါထာသည် ဝိပဿနာရှုပုံကို ဟောပြသော ဂါထာများ ဖြစ်ရကား စောဒကဆရာတော်တို့၏ စကားသည် ပါဠိတော်အဋ္ဌကထာတို့နှင့် ညီညွတ်သော စကားသာ ဖြစ်ပေသည်။

(ခ) အမှတ်ပြ ဝိသေသစောဒနာကို သုံးသပ်ချက်

၅။ တစ်ဖန် စောဒကဆရာတော်များက “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါးသေချာစွာ ဟောထားပါသည် ဘုရားဟု စောဒနာကြလေသည်။

ဤစောဒနာလာ သာဓကဖြစ်သော အနတ္တလက္ခဏသုတ်တော်ကို အဖွင့်သံဝဏ္ဏနာတို့နှင့် တိုက်ဆိုင်သုံးသပ်တော်မူကြရာ “အတီတာနာဂတပစ္စုပ္ပန္နံ” ပုဒ်သည် “ရူပံ” ပုဒ်၏ ဝိသေသနဖြစ်ရကား အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ်ဟု ကာလသုံးပါးဖြင့် ပိုင်းခြားဟောပြတော်မူသည်မှာ ပါဠိတော်ဖြင့်ပင် ပေါ်လွင် ထင်ရှားလှပေသည်။

ထို့ကြောင့် သာရတ္ထဒီပနီဋီကာ၌ -
အထဿ အတီတာဒိဝိဘာဂံ အာရဘတိ အတီတာနာဂတပစ္စပ္ပန္နန္တိ အာဒိနာ၊ (သာရတ္တ၊၃၊၁၈၅။)
ဟု ဖွင့်ပြတော်မူသည်။

အဓိပ္ပာယ်မှာ “ထို့နောင် ထိုရုပ်၏ အတိတ်စသော အပြားကို (ဝါ) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်အပြားကို “အတီတာနာဂတပစ္စုပ္ပန္နံ”ဟူသော ပါဌ်ဖြင့် မြတ်စွာဘုရား အားထုတ်ဟောကြားတော်မူသည်”ဟု ဆိုလိုသည်။

ထို့ကြောင့် “အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားကြောင်း၊ အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားကြောင်း ဟူသော စောဒကဆရာတော်များ၏ စောဒနာသည် ပါဠိတော်နှင့်လည်းကောင်း အဖွင့်ဋီကာနှင့်လည်းကောင်း ညီညွတ်နှီးနှောမိပေသည်။

(ဂ) အမှတ်ပြ တတိယ ဝိသေသစောဒနာကို သုံးသပ်ချက်

၆။ စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ကို ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်ဟု စောဒနာကြပြီးလျှင် ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာန်သုတ်၌ လာသော -

ဣဓ ဂဟပတယော။ ပ။ သီလဝိပတ္တိယာ (ဒီ၊၂၊၇၂-၇၃။)
ဟူသော ပါဠိတော်ကို သာဓကအဖြစ် ထုတ်ဆောင်တင်ပြကြသည်။

ယင်းပါဠိတော်ကို ကြည့်ရှုတော်မူကြရာ ပစ္စုပ္ပန်ဘဝ၌ တွေ့ကြုံရမည့် အပြစ်လေးပါးနှင့် အနာဂတ်ဘဝ၌ တွေ့ကြုံရမည့် အပြစ်တစ်ပါး၊ ဤအပြစ်ငါးပါးတို့ကို မြတ်စွာဘုရား ဟောပြထားသည်ကိုလည်းကောင်း၊ အနာဂတ်၌ အပြန်အားဖြင့် အကျိုးငါးပါးတို့ကို ဟောပြထားသည်ကိုလည်းကောင်း တွေ့ကြရသည်။

ထို့ကြောင့် စောဒကဆရာတော်များ၏ ဝိသေသစောဒနာသည်လည်း ပါဠိတော်နှင့်လည်းကောင်း၊ အဋ္ဌကထာဋီကာတို့နှင့်လည်းကောင်း ညီညွတ်နှီးနှောမိသော စောဒနာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

ဦးဆန္ဒာဓိက၏ သောဓနာကို သုံးသပ်ချက်

၇။ တောင်တွင်းကြီးမြို့ နတ်မှီတောရကျောင်းနေ ဦးဆန္ဒာဓိက၏ သောဓနာကို ခြုံငုံသုံးသပ်သည့်အခါ ဦးဆန္ဒာဓိကသည် တမလွန်ဘဝ ရှိ-မရှိ အတိတ်ဘဝ၊ အနာဂတ်ဘဝ ရှိ-မရှိ ဟူသော အယူနှင့် ပတ်သက်၍ ဘုရားရှင်၏ မျက်နှာတော်ကိုသာ ထောက်ကာ မိမိ၏အယူကို ပြတ်ပြတ်သားသား ဖြေဆိုသင့်လျက် မဖြေဆိုဘဲ မိမိဆရာ ဦးဥက္ကဌ၏မျက်နှာနှင့် ဆရာတူ တပည့်များဖြစ်ကြသည့် သမ္မာဒိဋ္ဌိသုတေသနဝါဒီ ဒါယကာတို့၏ မျက်နှာကိုသာထောက်၍ မပြတ်မသား ဖြေဆိုထားသည်ကိုသာ တွေ့ရ၏၊

မှန်၏ “အတိတ်ဘဝ အနာဂတ်ဘဝ ရှိသည်ဟူသော အယူကို ယူလျှင် မည်သို့သောအကျိုး ဖြစ်ထွန်းမည်ကို သိလိုပါသည်။ အတိတ်အနာဂတ်သည် တပည့်တော်အား သံသယကို ပွားစေပါသည်။ အတိတ်ဘဝ အနာဂတ်ဘဝဆိုသည်မှာ လုံးဝအရေးမကြီးဟုဆိုရန် မဖြစ်နိုင်ရုံသာ ဖြစ်ကြောင်း တွေ့ရပါသည်”ဟူသော စကားရပ်တို့မှာ ဆရာ့မျက်နှာနှင့် ဒါယကာမျက်နှာကို ထောက်၍ အတိတ်ဘဝ၊ အနာဂတ်ဘဝကို ပယ်သယောင်ယောင်ဆိုသော စကားရပ်များ ဖြစ်သည်။

အတိတ်ဘဝ၊ အနာဂတ်ဘဝနှင့် စပ်သည့် အကြောင်းအရာတို့ကို ပြဆိုရာဖြစ်သော ဘုရားဟောဒေသနာများစွာ ရှိနေသဖြင့် လုံးဝလည်း မပယ်ဝံ့ရကား “တပည့်တော်သည် အတိတ် အနာဂတ်ကို အကြောင်းမတန် ငြင်းဆန်နေသည် မဟုတ်ပါ။ သူ့ကာလနှင့် သူ့အင်အားအလိုက် လက်ခံပါသည်၊ ဖြစ်ရပ်ပေါင်းများစွာတို့သည် ဖြစ်ခဲ့ကြ၍ ဖြစ်ရပ်ပေါင်းများစွာတို့သည် ဖြစ်ကြလိမ့်မည်ဆိုသော ဖြစ်ပျက်စဉ်ကြီးကို မည်သူမျှ မငြင်းနိုင်ပါ”ဟူသော စကားရပ်တို့ဖြင့် အတိတ်ဘဝ အနာဂတ်ဘဝ ရှိသည်ဟူသော အယူကို လက်ခံယုံကြည်ကြောင်း ဝန်ခံထားလေသည်။

၈။ ဦးဆန္ဒာဓိက ထုတ်ဆောင်ကိုးကားထားသော သုတ်တို့သည်လည်း အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိ၊ ပစ္စုပ္ပန်တစ်ဘဝသာ ရှိသည်ဟူသော အဓိပ္ပာယ်ကို လုံးဝမပြချေ။ အနည်းငယ် ရှင်းပြဦးအံ့ - ဦးဆန္ဒာဓိက ပထမတင်ပြသည့် ဟေမကလုလင် လျှောက်တင်သော ဂါထာသည် အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကို ပြသော ဂါထာမဟုတ်၊ မြတ်စွာဘုရားသာသနာတော် မပေါ်မီ ရှေးအခါက ဗာဝရီစသော ဆရာကြီးများ ဟောပြခဲ့သော ဤသို့ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟူသော အယူသည် တစ်ဆင့်ကြားမျှဖြစ်၍ ကာမဝိတက်စသည်ကို တိုးပွားစေတတ်ရကား ထိုအယူအားလုံး၌ (မနှစ်သက်) မမွေ့လျော်ကြောင်းကိုသာ လျှောက်ထားသော ဂါထာဖြစ်သည်။

၉။ ဦးဆန္ဒာဓိက ဒုတိယတင်ပြသည့် ဘဒြကသုတ်သည်လည်း အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကို ပြသောသုတ် မဟုတ်၊ ထင်ရှားသော တရားတစ်မျိုးကို သိနားလည်အောင် ဟောပြပြီးနောက် ထိုထင်ရှားသော တရားဖြင့် မထင်ရှားသည့် ကျန်တရားများကို ညွှန်ပြခြင်းသည် သိလွယ်၊ ထင်လွယ် မြင်လွယ်ရကား တရားဆင်နည်း၌ သူမတူအောင် ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် ထင်ရှားသည့် ပစ္စုပ္ပန်ကာလ၌ ဆင်းရဲဖြစ်ခြင်း အကြောင်းရင်းကို ဟောပြတော်မူပြီးနောက် မထင်ရှားသည့် အတိတ် အနာဂတ်၌ ဆင်းရဲဖြစ်ခြင်း အကြောင်းရင်းကို ညွှန်ပြ ဟောကြားတော်မူလိုသောကြောင့်သာ အခြေခံစကားကို မိန့်ကြားတော်မူလေသည်။

ထိုသုတ်၌ ဆက်လက် ဟောကြားတော်မူသော အဓိပ္ပာယ်အကျဉ်းချုပ်မှာ “

“ရွာသူကြီး ဥရုဝေဠကပ္ပနိဂုံး၌ သင်နှင့်မစပ်ဆိုင်သူတို့ အသတ်ခံရခြင်း စသည်ကြောင့် သင့်မှာ ပူဆွေးမှု စသည် မဖြစ်ခြင်း, သင်နှင့် သက်ဆိုင်သူတို့ အသတ်ခံရခြင်း စသည်ကြောင့် သင့်မှာ ပူဆွေးမှု စသည် ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း”ဟု မြတ်စွာဘုရားက မေးတော်မူရာ “မစပ်ဆိုင်သူတို့၌ ဆန္ဒရာဂ မရှိခြင်း, စပ်ဆိုင်သူတို့မှာ ဆန္ဒရာဂ ရှိခြင်းကြောင့် ဖြစ်ပါသည်”ဟု ရွာသူကြီးက လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားက “ရွာသူကြီး သင် မြင်ရ သိရ ကာလမခြားဘဲ ရောက်ရ ဉာဏ်ဖြင့် သက်ဝင်ရသော ဤသဘောဖြင့် အတိတ် အနာဂတ်၌ နည်းကို ဆောင်လော့ (အတိတ် အနာဂတ်၌ နည်းမှီး၍ သိလော့) အတိတ်ကာလ၌ ဖြစ်ခဲ့သည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု “ဆန္ဒ” လျှင် အရင်းခံ ရှိ၏၊ လိုချင်မှု “ဆန္ဒ” လျှင် အကြောင်းရင်း ရှိ၏၊ မှန်၏၊ လိုချင်မှု “ဆန္ဒ” သည် ဆင်းရဲ၏၊ အရင်းခံတည်း အနာဂတ်ကာလ၌ ဖြစ်မည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု “ဆန္ဒ” လျှင် အရင်းခံ ရှိ၏၊ လိုချင်မှု “ဆန္ဒ” လျှင် အကြောင်းရင် ရှိ၏၊ မှန်၏၊ လိုချင်မှု ဆန္ဒသည် ဆင်းရဲခြင်း၏ အရင်းခံတည်း”ဟူ၍ ဖြစ်သည်။

ဦးဆန္ဒာဓိက တင်ပြသည့် ဤဘဒြကသုတ်၌ပင် ဘုရားရှင်ကိုယ်တော်တိုင် အတိတ်၊ အနာဂတ်ဘဝတို့၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို ဟောပြထားရကား ဤသုတ်သည် စုဒိတကတို့၏ စကားကို ပယ်ရှား၍ စောဒကဆရာတော်တို့၏ စကားကို ထောက်ခံသော သုတ်သာ ဖြစ်ပေသည်။

၁၀။ ဦးဆန္ဒာဓိက တတိယတင်ပြသည့် သဂါထာဝဂ္ဂသံယုတ် အရညသုတ်လာ “အတီတံ နာနုသောစန္တိ”စသော ဂါထာသည်လည်း အတိတ်လာဘ်ကို မစိုးရိမ်၊ အနာဂတ်လာဘ်ကို မတောင့်တ ပစ္စုပ္ပန်ရသမျှဖြင့် မျှတနေထိုင်သော ရဟန်း၏ သမဏသုခကိုသာပြသော ဂါထာဖြစ်သည်။ အတိတ် အနာဂတ်ဘဝရှိ မရှိ အယူနှင့် မည်သို့မျှ မသက်ဆိုင်ချေ။

၁၁။ ဦးဆန္ဒာဓိက စတုတ္ထတင်ပြသည့် ကောသမုတ္တိသုတ်လာ အဿာသတရား လေးပါးသည်လည်း အတိတ် အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ပြသော စကားမဟုတ်၊ ထိုစကားရပ်၏ ရှေ့၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း လေးပါးတို့ကို ဟောပြတော်မူပြီးလျှင် ထိုကမ္မဋ္ဌာန်းကို ပွားများနေသူသည် ရန်ကင်းသောစိတ်ရှိသူ ကြောင့်ကြကင်းသောစိတ်ရှိသူ၊ မညစ်ညူးသောစိတ် ရှိသူ၊ စင်ကြယ်သောစိတ် ရှိသူ၊ အရိယာတပည့် မည်၏၊ ထိုအရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာလေးမျိုးကို ရနိုင်ပုံကိုသာ ဟောပြသော စကားရပ် ဖြစ်သည်။

၁၂။ ထို့နောက် ဦးဆန္ဒာဓိက,က “အတီတံ နာနွာဂမေယျ”စသော ဂါထာနှင့် စပ်၍ စောဒကဆရာတော်များ၏ စကားကို ချေပထားသော်လည်း ဆိုလိုရင်းကို ထိမိအောင် မချေပနိုင်သဖြင့် ထိုစကားကို သီးခြားမသုံးသပ်တော့ဘဲ နောက်လာမည့် သောဓနာနှင့် ပေါင်း၍ သုံးသပ်ကြပေအံ့။

သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ သောဓနာကို သုံးသပ်ချက်

၁၃။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် ဥက္ကဌ ဦးခင်ဟန်က သောဓနာရာ၌ “ဗုဒ္ဓဝါဒသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဝါဒဖြစ်ပါသည်”ဟု စောဒကဆရာတော်များက ဝန်ခံထားပါသည် ဘုရားဟု သောဓနာလေသည်။

ဤသောဓနာကို ဘုရားဟောပိဋက၌ သွင်းချစိစစ်သည့်အခါ စုဒိတကတို့ကိုးကားသော ဘဒြကသုတ်၌ပင် ပစ္စုပ္ပန်ကာလ၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို ဟောကြားတော်မူပြီးနောက် အတိတ်အနာဂတ်ကာလတို့၌ ဒုက္ခဖြစ်ခြင်း အကြောင်းအရင်းကိုလည်း ရှင်းလင်း ဟောပြထားသည်ကို တွေ့ရ၏၊ ဤသုတ် အဆိုကို ရှေ့၌ ရှင်းပြခဲ့ပြီး ဖြစ်၏၊

၁၄။ အနတ္တလက္ခဏသုတ်၌ လာသော “ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော စကားဖြင့်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောထားသည်ကို တွေ့ရ၏၊ ဘဒ္ဒေကရတ္တသုတ်လာ ၂-ဂါထာ၌လည်း ကာလ ၃-ပါးလုံးကိုပင် ဟောပြထားသည်ကို တွေ့ရ၏၊

ထို့ပြင် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဉာဏဝတ္ထုသုတ် နှာ-၂၈၉ ၌ “အတိတ်ကာလ၌ ဇရာမရဏကို သိကုန်၊ ဇရာမရဏဖြစ်ကြောင်းကို သိကုန်၊ ဇရာမရဏချုပ်ရာကို သိကုန်၊ ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို သိကုန်ပြီးသော သမဏဗြဟ္မဏတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာ သိခဲ့ကြပြီ၊ အနာဂတ်ကာလ၌ ဇရာမရကို။ ပ။ ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့” စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်အားဖြင့် ဝေဖန်ပုံကိုလည်းကောင်း၊

ဒုတိယဉာဏဝတ္ထုသုတ် နှာ -၂၉၁၊ဉာဏဝတ္ထု (၇၇)ပါးကို ဝေဖန်ရာ၌ ဇာတိဟူသော အကြောင်းကြောင့် ဇရာမရဏ ဖြစ်၏ဟု သိသောဉာဏ်၊ ဇာတိမရှိခဲ့သော ဇရာမရဏ မရှိဟု သိသောဉာဏ်ဟု ပစ္စုပ္ပန်ဉာဏ် ၂-ပါး၊ ထို့အတူ အတိတ်ဉာဏ် ၂-ပါး၊ အနာဂတ်ဉာဏ် ၂-ပါး၊ ထိုပုဂ္ဂိုလ်၏ ဓမ္မဒိဋ္ဌိဉာဏ်သည်လည်း ကုန်ခြင်း, ပျက်ခြင်း, ကင်းပြတ်ခြင်း, ချုပ်ခြင်းသဘော ရှိ၏ဟု သိသောဉာဏ် ၁-ပါး အားဖြင့် “ဇာတိပစ္စယာ ဇရာမရဏံ”၌ ဉာဏ် ၇-ပါး၊ ဝေဖန်တော်မူ၍ ကြွင်းသော “ဘဝပစ္စယာ ဇာတိ” စသော ၁၀-ပုဒ်တို့၌လည်း ဤအတူ ဉာဏ် ၇-ပါးစီ ဝေဖန်တော်မူပုံကိုလည်းကောင်း တွေ့ရ၏၊

ထို့ပြင် နိဒါနဝဂ္ဂသံယုတ် သမ္မသသုတ် ၃၃၁-၃၃၂-၃၃၃ ၌ “အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလ၌ ချစ်အပ်၊ သာယာအပ်သော စက္ခုစသော အဇ္ဈတ္တိကာယတနတို့ကို အနိစ္စစသောအားဖြင့် ရှုပြီး ရှုလတ္တံ၊ ရှုဆဲသော သမဏဗြဟ္မဏတို့သည် တဏှာဥပဓိ ဒုက္ခတို့ကို ပွားစေပြီး၊ ပွားစေလတ္တံ့၊ ပွားစေဆဲဖြစ်၍ ဇာတိစသော ဆင်းရဲမှ မလွတ်ကင်းနိုင်ကြသူများဟု ငါဟော၏” စသည်ဖြင့် ကာလ ၃-ပါး ဝေဖန်ဟောကြားပုံကို တွေ့ရ၏၊

ဤအတူ အတိတ်အနာဂတ် ပစ္စုပ္ပန် ကာလ-၃ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဒေသနာတော်တို့ကား နိကာယ်ငါးရပ်၌ များစွာရှိပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုက်သည့်အားလျော်စွာ ကာလ-၃ပါး ဝေဖန်ဟောကြားတော်မူသည်မှာ ထင်ရှားလှပေသည်။

၁၅။ တစ်ဖန် “တပည့်တော်များအား ဤ ဝိပဿနာ စကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရန် ကြိုးစားနေသူများ ဟူ၍ စွပ်စွဲထားပါသည်။ တပည့်တော်များသည် ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်များဖြစ်၍ စစ်မှန်သော ဗုဒ္ဓဒေသနာတော်များကို ကြိုဆိုလျက် ဗြဟ္မဏဒေသနာများနှင့် ရောထွေးနေသော အတုအယောင် ကျမ်းဂန်များကို လက်ခံခြင်း မပြုမိရန် ဂရုစိုက်နေသူများ ဖြစ်ပါသည်။” ဟူသော သောဓနာကို သုံးသပ်ရာ၌ ဤသောဓနာလွှာ နောက်ပိုင်း၌ပင် ဘဒြကသုတ်ဝယ် ပစ္စုပ္ပန်အတိတ် အနာဂတ် ကာလသုံးပါးစုံလင်စွာ ဟောထားပါလျက် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း။ ပ။ လုံးဝပါဝင်ခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိက အနေနှင့် မျက်မှောက် ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရားဟု ဘဒြကသုတ်လာ အတိတ် အနာဂတ်ဆိုင်ရာ တရားများကို ပယ်ရှားထားသည်ကို တွေ့မြင်ရခြင်းကြောင်း စုဒိတကတို့သည် စောဒကဆရာတော်များ စွဲဆိုသည့်အတိုင်း မိမိတို့ဝါဒနှင့် မကိုက်ညီသည့် ဘုရားဟောဒေသနာတော်များကို ဖယ်ရှားရန် ကြိုးစားနေသူများ ဖြစ်ကြသည်မှာ လွန်စွာ ထင်ရှားပေသည်။

“ဗြဟ္မဏဒေသနာများနှင့် ရောထွေးနေသော အတုအယောင် ကျမ်းဂန်များကို လက်မခံမိရန် ဂရုစိုက်နေသူများဖြစ်ပါသည်”ဟူသော စကားသည်လည်း ထေရဝါဒပိဋကတ်တော်များကို ဗုဒ္ဓဘာသာဝင်တို့ ယုံမှားသံသယဖြစ်အောင် ကြံဆောင်တင်ပြသော စကားသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော်မူကြသည်။ အကြောင်းမှာ စောဒနာ အမှတ် ၆ နှင့် အမှတ် ၂၁ ကိုစိစစ်ရာ၌ ဖော်ပြလတ္တံအတိုင်း ထေရဝါဒပိဋကတ်တော်သည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ပိဋကတ်တော်များသာ ဖြစ်၍ အတုအယောင်ကျမ်းများ ပါဝင်ခြင်းမရှိသောကြောင့် ဖြစ်သည်သာမက ပိဋကတ်စာပေကို မတတ်ပါဟု တစာစာ ဝန်ခံထားပြီး ဘာသာ သာသနာရေးကိုလည်း ဆေးတစ်အိုးကျွမ်း ကွမ်းတစ်ယာညက်မျှသာ လေ့လာချိန် ရပါသည်ဟု မိမိတို့အပြစ်ကို ဝန်ခံထားသော သမ္မာဒိဋ္ဌိသုတေသီဆိုသူများက လေးနက်သိမ်မွေ့လှသော ပါဠိတော်များကို ဘယ်ဟာက ဗုဒ္ဓဝါဒစစ်စစ်၊ ဘယ်ဟာက ဗြဟ္မဏဝါဒဟု စိစစ်နေပါသည်ဟု ပြောသောစကားသည် အမြီးအမောက်မတဲ့၊ ရှေ့စကား နောက်စကား မညီညွတ်၊ ဟန်ဆောင်ဝါကြွား လှည့်စားနေရင်း ရှေ့ကဖုံး နောက်ကပေါ်ဆိုဘိသကဲ့သို့ ရှိချေသည်။

၁၆။ ထို့ပြင် စုဒိတက ဦးခင်ဟန်က “ဘဒ္ဒေကရတ္တသုတ်ကို ရှေ့နောက်ညီညွတ်စွာ တင်ပြထားခြင်းကို မတွေ့ရဘဲ ဒုတိယစာပိုဒ်ကို ပထမ၊ ပထမစာပိုဒ်ကို ဒုတိယ တင်ပြပြီး၊ တတိယစာပိုဒ်ကို ချန်လှပ်ထားခြင်းသည် မရိုးသားသော စောဒကဆရာတော်များ၏ စိတ်နေသဘောထားကို ဖော်ပြထားသလို ဖြစ်နေပါသည် ဘုရား”ဟု ချေပ သောဓနာပြန်သည်။

ဤသောဓနာကို စောဒနာစကားနှင့် စပ်၍ သုံးသပ်စိစစ်သည့်အခါ စောဒကဆရာတော်များသည် “ဝိပဿနာရှုရာ၌ ပစ္စုပ္ပန်ခန္နာကိုသာ ရှုရမည်”ဟူသော မိမိတို့ တင်ပြလိုသည့် ပဓာနစကားကို ရှေ့ထား၍ အပဓာနစကားကို နောက်ထားတင်ပြခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ရှေ့နောက်ပြန်၍ ဖော်ပြခြင်းကို အပြစ်မဆိုသာချေ။

စောဒကဆရာတော်များ၏ စောဒနာကို တတိယဂါထာကို မဖော်ပြဘဲ ပထမ၊ ဒုတိယ နှစ်ဂါထာကိုသာ ဖော်ပြစောဒနာခြင်း၏ အကြောင်းရင်းကို ရှာဖွေ စိစစ်တော်မူကြရာ ဦးဥက္ကဌ၏ ဗုဒ္ဓလမ်းစဉ် စာအုပ် နှာ-၂၅ ၌ “တစ်ဖန် ဗုဒ္ဓသည် အနာဂတ်သမား မဟုတ်၊ စင်စစ် ပစ္စုပ္ပန်သမားဖြစ်သော အချက်မှာ ဥပရိပဏ္ဏာသပါဠိတော် ဘဒ္ဒေကရတ္တသုတ် ပါဠိတော်အရ ငြင်းချက် မထွက်နိုင်အောင် ထင်ရှားလှချေသည်”ဟူသော စာပိုဒ်ကို ရေးသား၍ “အတီတံ နာနွာဂမေယျ” စသော ၂-ဂါထာကို ကိုးကားဖော်ပြထားသည်ကို တွေ့ရ၏၊ စောဒနာခြင်း ဖြစ်သောကြောင့် ဌပနာ၌ပါသည့် နှစ်ဂါထာကိုသာ ဖော်ပြ စောဒနာကြခြင်း ဖြစ်ရကား ဌပနာနှင့် မပတ်သက်သော တတိယဂါထာကို ချန်ထားသည်ကို အပြစ်ဆိုရန် မရှိချေ။ တတိယဂါထာသည် စောဒနာရမည့် ဌပနာ၌ မပါခြင်းကြောင့် ယင်းနှင့်ပတ်သက်၍ ချေပသည့် “အမှုကိစ္စကို ဆောင်ရွက်ရာ၌လည်း ပုခက်နှင့် အသုဘခေါင်းကြား ကာလ” စသော သောဓနာစကားရပ်လည်း စောဒနာနှင့် မပတ်သက်၍ ယင်းကို စိစစ်ရန် မလိုတော့ချေ။

၁၇။ တစ်ဖန် စုဒိတက ဦးခင်ဟန်က သဠာယတနဝဂ္ဂသံယုတ် ဘဒြကသုတ်၌ လာသော “အဟေဉ္စတေ ဂါမဏိ” စသော စကားကို သာဓကအဖြစ် ထုတ်ဆောင်၍ ဤဘဒြကသုတ်တွင် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ဝိပဿနာရှုဆဲ ပစ္စုပ္ပန်ဟူ၍လည်းကောင်း လုံးဝပါဝင်ခြင်းမရှိဘဲ သန္ဒိဋ္ဌိက အကာလိကအနေနှင့် မျက်မှောက်ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရားဟု သောဓနာပြန်လေသည်။

ဤသောဓနာ၌ စုဒိတကတို့ သာဓကအဖြစ် ထုတ်ဆောင်တင်ပြသော စကားရပ်သည် ထိုသုတ်၏ ပဋိညာဉ် ပလ္လင်ခံစကားမျှသာ ဖြစ်သည်။ ပဓာနတရားကို ဟောကြားရာ၌ ကာလသုံးပါး စုံလင်စွာ ဟောပြထားပုံကို ဦးဆန္ဒာဓိက၏ သောဓနာကို စိစစ်ရာ၌ ဖော်ပြပြီး ဖြစ်၏၊

ဤသို့ ဘဒြကသုတ်၌ မြတ်စွာဘုရားသည် ပစ္စုပ္ပန်အတိတ်အနာဂတ် ကာလသုံးပါး၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို စုံလင်စွာ ဟောပြထားပါလျက် ထင်ရှားသည့် ပစ္စုပ္ပန်ဖြင့် ကြွင်းကျန်သည့် ကာလကို ညွှန်ပြ၍ လွယ်ကူအောင် ဝန်ခံသော ပဋိညာဉ်စကားများကို ဖော်ပြလျက် လိုရင်းအချက်ကို ကွယ်ဝှက်ဖုံးဖိကာ “အတိတ် အနာဂတ်ဟူ၍ လုံးဝပါဝင်ခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိကအနေနှင့် မျက်မှောက်ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရား”ဟု မဟုတ်မမှန် တင်ပြခြင်းဖြင့်ပင် ဦးဥက္ကဌနှင့် သူ၏နောက်လိုက်တို့သည် ဘုရားဟောသုတ္တန် တစ်စိတ်တစ်ဒေသကိုသာ ဖော်ပြလျက် ကျန်သမျှ ပိဋကတ်တော်များကို ပယ်ရှားဖျက်ဆီးရန် ကြိုးစားနေကြသည်မှာ လွန်စွာထင်ရှားနေပေသည်။

“ဝိပဿနာရှုဆဲ”ဟု မပါသည်မှာကား ဤဘဒြကသုတ်သည် ဝိပဿနာရှုပုံကို ပြသောသုတ် မဟုတ်ခြင်းကြောင့် မပါခြင်း ဖြစ်သည်။

(ခ) ဒုတိယ ဝိသေသစောဒနာနှင့် သောဓနာကို သုံးသပ်ချက်

၁၈။ စောဒကဆရာတော်များက “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည် ဘုရား၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားပါသည် ဘုရားဟု စောဒနာကြသည်။

ဤစောဒနာကို ဦးခင်ဟန်က ချေပရာ၌ “စောဒကဆရာတော်များ ကိုးကားသော အနတ္တလက္ခဏသုတ်မှာ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီဟောဆိုထားချက်သည် လည်းကောင်း၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး ဒွေးရောယှက်တင် ဟောဆိုထားချက်သည်လည်းကောင်း မမှန်ကန်သော စကားဖြင့် ဗုဒ္ဓရှင်တော်မြတ်ကို ကာလသုံးပါးဖြင့် ဆက်စပ်ဟောကြားသော နာဋပုတ္တနိဂဏ္ဌနှင့် တစ်တန်းစားတည်းထားရှိ စွပ်စွဲထားကြောင်း၊ အနတ္တလက္ခဏသုတ်၌ ရုပ်များကို အတိတ် အနာဂတ်၊ ပစ္စုပ္ပန်အဖြစ် တစ်ပြေးညီ ဟောဆိုထားခြင်း မဟုတ်ဘဲ အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန်ရုပ်ဖြစ်စေ ရုပ်ဟူသမျှအားလုံးကို မှန်ကန်သော အသိ သမ္မာဒိဋ္ဌိဖြင့် ရှုအပ်၏ဟု ဆိုလိုရင်း ဖြစ်ကြောင်း “သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာရူပ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ။ အနတ္တလက္ခဏသုတ်တွင် ဖော်ပြထားသော ၁၁-ချက်သော ရူပကိုသာ ဆိုလိုကြောင်း ချေပသောဓနာလေသည်။

ဤစောဒနာ သောဓနာ ၂-ရပ်၌ တင်ပြထားသော အနတ္တလက္ခဏသုတ်တော်ကို သေချာစေ့စပ် သုံးသပ် ဆင်ခြင်တော်မူကြရာ “အတီတာနာဂတပစ္စုပ္ပန္နံ”ဟူသော ပုဒ်သည် “ရူပံ”ဟူသော ပုဒ်၏ ဝိသေသန ဖြစ်ရကား “အတိတ်ရုပ် အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်”ဟု အနက်အဓိပ္ပာယ် ထွက်လေသည်။ ထို့ကြောင့် “အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည်”ဟူသော စောဒကဆရာတော်တို့၏ စောဒနာသည် ပါဠိတော်နှင့် ညီညွတ်နှီးနှောမိသည်ကို တွေ့ရသည်။

ပါဠိတော်၌ပင် ဘုရားရှင်ကိုယ်တော်တိုင် “အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စပ္ပန်ရုပ်”ဟု တိုက်ရိုက် ထင်ရှား ဟောကြားထားပါလျက် ယင်းအချက်သည် မမှန်သော စကားဖြင့် ဘုရားရှင်ကို နိဂဏ္ဌနှင့် တစ်တန်းတစ်စားတည်း ထားရှိ စွပ်စွဲရာရောက်သည်ဟု တင်လိုက်သော အပြစ်သည် စောဒကဆရာတော်များအပေါ်သို့ မရောက်ဘဲ စုဒိတကဖြစ်သော ဦးခင်ဟန် စသူတို့ အပေါ်သို့သာ ပြန်ရောက်ချေသည်။

“အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန်ရုပ်ဖြစ်စေ၊ ရုပ်ဟူသမျှအားလုံးကို မှန်ကန်သောအသိ သမ္မာဒိဋ္ဌိဖြင့် ရှုအပ်၏ဟု ဆိုလိုရင်း ဖြစ်ပါသည်”ဟူသော မိမိ (စုဒိတက)တို့၏ စကားရပ်ဖြင့်ပင် “ရုပ်များကို အတိတ် အနာဂတ် ပစ္စုပ္ပန်အဖြစ် တစ်ပြေးညီ ဟောဆိုထားခြင်း မဟုတ်”ဟူသော ရှေ့စကားနှင့် “သဗ္ဗံ ရူပံဆိုသည်မှာ အတိတ်ခန္ဓာရူပ၊ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ”ဟူသော နောက်စကားများကို ပယ်ရှားလျက် စောဒကဆရာတော်များ၏ စကားကို ဝန်ခံပြီး ဖြစ်ချေသည်ကို မိမိစကားကိုပင် လက်နှင့်ရေး ခြေနှင့်ဖျက် ဆိုဘိသကဲ့သို့ ဖြစ်နေပေသည်။

“သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာရူပ၊ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ၊ အနတ္တလက္ခဏသုတ်တွင် ဖော်ပြထားသော ၁၁-ချက်သော ရူပကိုသာ ဆိုလိုရင်း ဖြစ်ပါသည် ဘုရား”ဟူသော ချေပချက်သည်လည်း သုတ္တန်၏ အဓိပ္ပာယ်ကို မသိ၍ ဆိုမိသော ချေပချက်သာ ဖြစ်သည်။ ရှင်းပြဦးအံ့။

“တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ” စသော ဝါကျ၏ ဆိုလိုရင်း အဓိပ္ပာယ် မှာ ရုပ်သည် ကာလအားဖြင့် အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ဟူ၍ သုံးမျိုးပြား၏၊ ထိုကာလသုံးပါးဖြင့် သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှ အကုန်ပါဝင်သွားတော့သည်၊ ထိုရုပ်သုံးမျိုးမှ တပါး ရုပ်မရှိတော့ချေ။ ထိုအတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် သုံးမျိုးကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်၊ ထိုအတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် “ဤရုပ်သည် ငါ့ဥစ္စာမဟုတ် ဤရုပ်သည် ငါမဟုတ် ငါ၏ အတ္တမဟုတ်”ဟူ၍ ဟုတ်မှန်သည့် အတိုင်း မှန်ကန်သော ဝိပဿနာ ပညာ မဂ်ပညာဖြင့် ရှုရမည်။

သန္တာန်အားဖြင့် အတွင်းရုပ် အပြင်ရုပ်ဟူ၍ နှစ်မျိုးပြား၏၊ ထို သန္တာန်နှစ်ပါးဖြင့် သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှအကုန် ပါဝင်သွားတော့၏၊ ထိုရုပ်နှစ်မျိုးမှတပါး ရုပ် မရှိတော့ချေ၊ ထိုအတွင်းရုပ် အပြင်ရုပ် နှစ်မျိုးကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်၊ ထိုအတွင်းရုပ် အပြင်ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ် စသည်ဖြင့် ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုရမည်၊ ထို့အတူ ရုပ်ကြမ်း ရုပ်နု အားဖြင့် နှစ်မျိုး ရုပ်ညံ့ ရုပ်ကောင်းအားဖြင့် နှစ်မျိုး၊ အဝေးရုပ် အနီးရုပ်အားဖြင့် နှစ်မျိုးစီ ပြား၏၊ ထို အကြမ်း အနု စသည်သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှ အကုန်ပါဝင်သွားတော့၏၊ ထိုနှစ်မျိုးမှ တပါး ရုပ်မရှိတော့ချေ၊ ထိုရုပ်ကြမ်း ရုပ်နုနှစ်မျိုး၊ ရုပ်ညံ့ ရုပ်ကောင်းနှစ်မျိုး၊ အဝေးရုပ် အနီးရုပ်နှစ်မျိုးစီကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်။ ထိုရုပ်ကြမ်း ရုပ်နုအားလုံး၊ ရုပ်ညံ့ရုပ်ကောင်းအားလုံး၊ အဝေးရုပ် အနီးရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်” စသည်ဖြင့်။ ပ။ ရှုရမည်၊ ဤသို့ ဆိုလိုရင်း ဖြစ်သည်။

ထို့ကြောင့် “သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာ ရူပ။ ပ။ ပစ္စုပ္ပန် ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ စသည်ဖြင့် စုဒိတကတို့က ချေပခြင်းသည် စကားဖြစ်ရုံမျှသာ ရှိသည်၊ စောဒကဆရာတော်တို့၏ စကားကို လှုပ်ချောက်ချားခြင်းငှာ မတတ်နိုင်ချေ။

တစ်ဖန် စုဒိတက ဦးခင်ဟန်တို့ က “စောဒကဆရာတော်များ၏ တင်ပြချက်တွင် “အနတ္တလက္ခဏသုတ်၌ ဟောသော အတိတ် အနာဂတ်ကိုပယ်ပြန်၏ ”ဟူသော စွဲချက်သည် မှားယွင်းစွာ စွပ်စွဲခြင်းသာ ဖြစ်ပါသည်” စသည်ဖြင့် ချေပသောဓနာပြန်သည်။

ဤစောဒနာစကားရပ်သည်ကား သာမညစောဒနာလွှာအစ၌ ဖော်ပြထားသော (က) (ခ) (ဂ) (ဃ) အမှတ်ပြ စုဒိတကတို့၏ အတိတ် အနာဂတ် ပယ်ရှားသည့် စကားများကို ရည်ညွှန်းသည့် စောဒနာ ဖြစ်ရကား မှားယွင်းစွာ စွပ်စွဲခြင်း မဖြစ်နိုင်ချေ။ ထို (က) (ခ) (ဂ) (ဃ) အမှတ်ပြစကားရပ်တို့ကို ကြည့်ရှုရုံမျှဖြင့်ပင် စောဒကဆရာတော်များ၏ စွဲချက် မှန်ကန်သည်ကို သိနိုင်ပေသည်။

(ဂ) တတိယ ဝိသေသစောဒနာနှင့် သောဓနာကို သုံးသပ်ချက်

၁၉။ တစ်ဖန် စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ကို ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်ဟု စောဒနာကြပြီးလျှင် ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် ၇၂-၇၃-၌ လာသော “ဣဓ ဂဟပတယော ဒုဿီလော သီလော သီလဝိပန္နော” စသော ပါဠိတော်နှင့် မြန်မာပြန်ကို သာဓကအဖြစ် ထုတ်ဆောင် တင်ပြကြသည်။

ဤစောဒနာကို စုဒိတက ဦးခင်ဟန်တို့ကချေပရာ၌-

(က) စောဒကဆရာတော်များ၏ စွဲချက်တွင် အတိတ်မှပစ္စုပ္ပန် ပစ္စုပ္ပန်မှအနာဂတ်ဟူသော ကာလသုံးပါးကို ဗုဒ္ဓရှင်တော်မြတ်သည် တစ်ပြေးညီ ဟောဆိုထားပါသည်ဟု ဖော်ပြထားပါသည်၊ ဤဖော်ပြချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မဂုဏ်ကို ဖျက်ဆီးရာ ရောက်နေကြောင်း ဗုဒ္ဓမြတ်စွာ၏ ဓမ္မဂုဏ်တွင် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟုဟောဖော် ညွှန်ပြခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိက အနေနှင့်သာလျှင်ညွှန်ပြလေ့ ညွှန်ပြထားရှိကြောင်း။

(ခ) စောဒကဆရာတော်များ တင်ပြထားသော ထိုမဟာဝဂ္ဂပါဠိတော် မြန်မာပြန်မှာ အနာဂတ်ကိုသာ ညွှန်း၍ ပြဆိုနေသဖြင့် ဗုဒ္ဓရှင်တော်မြတ်အား အနာဂတ်ညွှန်ကြား ဘုရားအဖြစ်သို့ တွန်းပို့နေသဖြင့် စောဒကဆရာတော်များ၏ မြန်မာပြန်ဆိုမှုသည် အနာဂတ်ညွှန် ဘုရားအဖြစ်သို့ တွန်းပို့နေသော တွန်းအားကြီးတစ်ခု ဖြစ်နေကြောင်း 
ဟု ချေပသောဓနာကြသည်။

၂၀။ ဤစောဒနာ၌ ဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်၌ ငါးပါးသီလ၏ အကျိုးအပြစ်ဟု တိုက်ရိုက် ဖော်ပြထားခြင်းမရှိပေ။

ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤငါးပါးသော အပြစ်တို့သည် ရှိကုန်၏၊
ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဤငါးပါးသော အကျိုးအာနိသင်တို့သည် ရှိကုန်၏၊

ဟု သီလပျက်စီးခြင်း၌ အပြစ်နှင့် သီလပြည့်စုံခြင်း၌ အကျိုးကို သာမညအားဖြင့်သာ ဟောတော်မူသည်၊ ဤသုတ်၌ “သီလဟူသည် မည်သူ၏ မည်သည့်သီလကို ဆိုလိုသနည်းဟူမူ “ဂဟပတယော-ဥပါသကာတို့” ဟူသော အာလုပ် ပုဒ်ကိုထောက်၍ ဂဟပတိခေါ် လူဥပါသကာတို့၏ သီလကိုဆိုလိုကြောင်း သိသာပေသည်၊ ထို လူဥပါသကာတို့၏ သီလဟူသည်လည်း အင်္ဂုတ္တရ ပဉ္စကနိပါတပါဠိ ဝေရသုတ် နှာ-၁၈၀၊ အင်္ဂုတ္တရ အဋ္ဌကနိပါတပါဠိ မဟာနာမသုတ် နှာ-၅၆၊ ဇီဝကသုတ် နှာ-၅၇၊ မဟာဝဂ္ဂသံယုတ် နှာ-၃၄၅တို့၌ မြတ်စွာဘုရား ဟောတော်မူသော ငါးပါးသီလပင် ဖြစ်ပေသည်၊ ထို့ကြောင့် ဒီဃနိကာယ်အဋ္ဌကထာ(၁၂၈) မဟာပရိနိဗ္ဗာနသုတ်၌-

ဣဒဉ္စ သုတ္တံ ဂဟဋ္ဌာနံ ဝသေနံ အာဂတံ-
ဤသုတ်သည်ကား အိမ်၌တည်သူ လူဝတ်ကြောင်တို့၏ အစွမ်းဖြင့် လာသည်ဟု ဖွင့်ပြတော်မူသည်။

ဤသို့ဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့ကိုထောက်၍ စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ဟု ပြဆိုခြင်း ဖြစ်သောကြောင့် စောဒကဆရာတော်များ စကားသည် ပါဠိတော်အဋ္ဌကထာများနှင့် ညီညွတ်နှီးနှောမိ၍ မှန်ကန်သောစကားသာ ဖြစ်ပေသည်။

ဤသို့ လူဥပါသကာတို့အတွက် တိုက်ရိုက်ဟောပြသော ဒေသနာဖြစ်သော်လည်း ရဟန်းတော်များ အတွက်ပါ ထည့်သွင်းယူနိုင်ကြောင်းကိုလည်း ယင်းအဋ္ဌကထာ၌ “ပဗ္ဗဇိတာနမ္ပိပနလဗ္ဘ တေဝ”ဟူ၍ ဆက်လက်ဖွင့်ပြတော်မူလေသည်။

(က) အမှတ်ပြ သောဓနာသည် စောဒနာနှင့် လုံးဝ မသက်ဆိုင်ချေ၊ မြတ်စွာဘုရား ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူသော တရားတော်များသည် အတိတ် အနာဂတ် ပစ္စုပ္ပန်နှင့် ဆက်ဆံသော တရားတော်များကိုသာ ဆက်ဆံသည့် အားလျော်စွာ ကာလကို သုံးသပ်၍ ဟောပြတော်မူသည်၊ ကာလကို သုံးသပ်ဖွယ် မလိုရာ၌ အဘယ်မှာ သုံးသပ်၍ ဟောကြားမည်နည်း၊ ၄၅-ဝါ ပတ်လုံး ဟောကြားသည့် တရားဟူသမျှ၌ ကာလသုံးပါး ပါရှိရမည်ဟု ဆိုလျှင် သူရူး၏စကားသာ ဖြစ်ပေလိမ့်မည်၊ သန္ဒိဋ္ဌိက အကာလိကဟူသော စကားလုံးသည်ကား ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့၏ လက်သုံးစကား ဖြစ်သည်။ သို့သော် ဘုရားဟောအဓိပ္ပာယ်အရ သုံးနေကြသည် မဟုတ်၊ ဝေါဟာရမျှကိုသာယူပြီး အသံပေး၍ မိမိတို့လိုရာ ဆွဲပြီး ပရိဘာသာ ခတ်နေကြခြင်းသာ ဖြစ်ပေသည်။

ထိုသန္ဒိဋ္ဌိက၏ အဓိပ္ပာယ်ကို စောဒနာ အမှတ်(၈)ကို သုံးသပ်ပြရာ၌ ပြဆိုထားသည်၊ ဤအရာနှင့် မသက်ဆိုင်ချေ။

(ခ) အမှတ်ပြ သောဓနာ၌ “စောဒကဆရာတော်များ၏ မြန်မာပြန်ဆိုမှုသည် အနာဂတ်ညွှန် ဘုရားအဖြစ်သို့ တွန်းပို့နေသော တွန်းအားကြီးတစ်ခု ဖြစ်သည်” ဆိုသော စကားသည်လည်း မဟုတ်မမှန်ပေ၊ စောဒက ဆရာတော်များသည် စကားကျဉ်းစိမ့်သောငှာ သီလပျက်စီးခြင်း၌ ပထမအပြစ်နှင့် ပဉ္စမအပြစ်ကို ဖော်ပြလျက် အလယ်အပြစ်များကို ပေယျာလထိုး၍ ပါဠိတော်မြန်မာပြန် အစုံအလင် တင်ပြထားပေသည်။

ထိုပါဠိတော်တို့ကို ဝိနည်းဓိုရ်ဆရာတော်တို့ကြည့်ရှုသုံးသပ်ကြရာ၌ သီလပျက်စီးသည့်အတွက်-
(၁) စည်းစိမ် ဆုံးရှုံးခြင်း,
(၂) ယုတ်မာသည့် ကျော်စောသတင်း ပြန့်နှံ့ခြင်း,
(၃) မဝံ့မရဲ မျက်နှာမသာဘဲ ပရိသတ်သို့ ဝင်ရခြင်း,
(၄) တွေတွေဝေဝေ သေရခြင်းဟူသော ပစ္စုပ္ပန်ဘဝ၌ တွေ့ကြုံရသည့် အပြစ်လေးပါးနှင့်
(၅) သေပြီးသည့်နောက် ငရဲသို့ကျရောက်ရခြင်းဟူသော အနာဂတ်ဘဝ၌ တွေ့ကြုံရမည့် အပြစ် တစ်ပါး၊

ဤအပြစ်ငါးပါးကို မြတ်စွာဘုရား ဟောတော်မူထားသည်ကို တွေ့ကြရသည်၊ ဤပါဠိတော်၌ ပစ္စုပ္ပန်ဘဝ အပြစ်နှင့် အနာဂတ် (တမလွန်) ဘဝ အပြစ်တို့ကို ဟောတော်မူသည်မှာ စောဒကဆရာတော်များ လျှောက်ထားသည့်အတိုင်း မှန်ကန်ပေသည်။

ထို့ကြောင့် ဤ(ခ)အမှတ်ပြ သောဓနာစကားရပ်သည်-

“ပုန စ ပရံ ဂဟပတယော ဒုဿီလော သီလဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေတိ”
ဟူသော မြတ်စွာဘုရားစကားတော်ကိုပင် ပုတ်ခတ်ရာ ရောက်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

၂၁။ ထို့ပြင် စုဒိတက ဦးခင်ဟန်တို့က “အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးသည် သံသယ ဝိစိကိစ္ဆာ နယ်ပယ်တွင် ကျရောက်နေသဖြင့် နှလုံးမသွင်းသင့်သော တရားဟု မြတ်စွာဘုရား ဖော်ပြထားကြောင်း” ကို သောဓနာကြ၍ မူလပဏ္ဏာသ ပရိယာယဝဂ် သဗ္ဗာသဝသုတ်ကို တင်ပြကြသည်။

ထိုသဗ္ဗာသဝသုတ်အဆိုကို စိစစ်သုံးသပ်တော်မူကြရာ “သော ဧဝံ အယောနိသော မနသိကာရောတိ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ” စသော ပါဠိတော်သည် စောဒနာနှင့် ပတ်သက်သော အတိတ်ဘဝ အနာဂတ်ဘဝ ရှိ မရှိကို ပြသော ပါဠိတော် မဟုတ်၊ မသင့်သော အကြောင်းဖြင့် နှလုံးသွင်းသူအား အတိတ်ကာလ၌ ဝိစိကိစ္ဆာငါးပါး၊ အနာဂတ်ကာလ၌ ဝိစိကိစ္ဆာငါးပါး၊ ပစ္စုပ္ပန်ကာလ၌ ဝိစိကိစ္ဆာ ၆-ပါးအားဖြင့် ၁၆-ပါးသော ဝိစိကိစ္ဆာ ဖြစ်ပုံကိုသာပြသော ပါဠိတော် ဖြစ်သည်။ ဤပါဠိတော်၌ “အယောနိသော”ဟူသော စကားသည် အလွန်အရေးကြီးသောစကား ဖြစ်သည်၊ မသင့်မတင့် နှလုံးသွင်းသူအားသာလျှင် အတိတ် ဘဝ၌ ငါဖြစ်ခဲ့၏လော မဖြစ်ခဲ့၏လော စသည်ဖြင့် ဝိစိကိစ္ဆာ (၁၆)မျိုး ဖြစ်သည်ဟု ဆိုလိုချက် ထင်ရှားလှသည်။ စကားအပြန် ဗျတိရိက်အားဖြင့်မူကား “ယောနိသော (အသင့်အတင့် မှန်မှန်ကန်ကန်) နှလုံးသွင်းတတ်သူအားမူကား ငါ အတိတ်၌ ဖြစ်ခဲ့ဖူးသလော စသည်ဖြင့် ဝိစိကိစ္ဆာ (၁၆)မျိုး မဖြစ်ဟုနားလည်နိုင်သည်၊ ဤသို့ အတိတ်ကာလ အတိတ်ဘဝ၌ ငါဖြစ်ခဲ့သလောဟု ယုံမှားမှု မရှိ သံသယမဖြစ်ဘဲ ယုံကြည်မှု ရှိခြင်းဖြင့် “အတ္ထိ ပရော လောကော” ပစ္စုပ္ပန် လောကမှတပါး အခြားသော လောကရှိ၏ဟု အမြင်မှန် သမ္မာဒိဋ္ဌိ ဖြစ်သည်၊ ထိုမျှမက အတိတ် အနာဂတ်အပေါ် လုံးဝ သံသယကင်း ဝိစိကိစ္ဆာရှင်းပြီးသွားလျှင် သောတာပန်ပင် ဖြစ်သည်၊ ထို့ကြောင့် ဤပါဠိတော်သည် အတိတ်ဘဝ အနာဂတ်ဘဝ ရှိ မရှိ ဟူသော အယူနှင့်စပ်သည့် စောဒနာ သောဓနာ၌ သာဓကမမြောက်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

ထို့နောက် စုဒိတက ဦးခင်ဟန်တို့က ဓမ္မဂုဏ် ၆-ပါးတို့ကို ဖော်ပြ၍ ဓမ္မ၏ဂုဏ်ရည်သည် စောဒကဆရာတော်များ ဆိုထားသကဲ့သို့ မဟုတ်ဘဲ ဒုက္ခငြိမ်းအေးရေး အတွက်သာ ဖြစ်ကြောင်း တင်ပြလျှောက်ထားကြသည်၊ (ကြွင်းသော စကားရပ်များကား စိစစ်ပြီးတွင် ပါဝင်ပြီး ဖြစ်ကြသည်၊) စောဒကဆရာတော်များက ဓမ္မဂုဏ်ရည်သည် ဒုက္ခငြိမ်းရေး မဟုတ်ဟု စောဒနာခြင်း မရှိသောကြောင့် ဤသောဓနာသည်လည်း စောဒနာနှင့် မသက်ဆိုင်ချေ။

စောဒကဆရာတော်များက အတိတ်ဘဝ အနာဂတ်ဘဝ တမလွန်ဘဝ ရှိသည်ဟု မြတ်စွာဘုရား ဟောတော်မူပါလျက် စုဒိတကတို့က အတိတ်ဘဝ အနာဂတ်(တမလွန်)ဘဝ မရှိ၊ မြတ်စွာဘုရား ဟောတော်မမူ၊ ပစ္စုပ္ပန်ဘဝကိုသာ ဟောသည်ဟု ရေးသားဟောပြောနေကြကြောင်းကိုသာ စောဒနာကြသည်၊ ထို့ကြောင့် အတိတ်ဘဝ အနာဂတ်(တမလွန်) ဘဝ ရှိ မရှိ၊ မြတ်စွာဘုရား ဟော မဟောကိုသာ တိတိကျကျ ချေပသင့်လျက် ယင်းသို့ မချေပဘဲ မသက်ဆိုင်သော စကားများကိုသာ အထပ်ထပ် ဖော်ပြနေကြရုံမျှသာ ဖြစ်၍ စောဒကဆရာတော်များ၏ စွဲဆိုချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိချေ။

သခင်မြတ်ဆိုင်၏ သောဓနာကို သုံးသပ်ချက်

၂၂။ စုဒိတက သခင်မြတ်ဆိုင်က “မြတ်စွာဘုရား၏ တရားဒေသနာတော်များသည် ပစ္စုပ္ပန်သန္ဒိဋ္ဌိကဂုဏ် ဖြစ်ကြောင်းကို အောက်ပါသုတ်များတွင် တွေ့ရပါသည် ဘုရား”ဟု စကားချီးပြီးလျှင်-

(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ် ၁၁၀ တွင်) “ငါဘုရားအစစ်၏ တရားမှန်သည် သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိက ဩပါနေယျိက ပစ္စတ္တံဝေဒိတဗ္ဗ စသောဂုဏ်နှင့်ညီသော တရား ဖြစ်၏၊ ကိလေသာငြိမ်းမှု တရားလည်း ဖြစ်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရှေးရှုသော တရားလည်း ဖြစ်၏၊ ဤအင်္ဂါ ၃-ရပ်နှင့် ကိုက်ညီသော ငါ၏ တရား၊ တရားစစ်မှတ်ကြလော့”ဟု ဟောကြားထားပါသည် ဘုရားဟု လျှောက်ထား သောဓနာသည်။

ဤသောဓနာ၌ သာဓကအဖြစ် ထုတ်ဆောင် တင်ပြသော ပါသာဒိကသုတ် မြန်မာပြန်သည် ဘုရားဟော ပါဠိတော်အတိုင်း မဟုတ်ဘဲ ကိုယ်လိုရာ ကိုယ်ရေးထားသည့်အတွက် အဓိပ္ပာယ် ပျက်ယွင်းနေသည်၊ ဘုရားဟောတော်မူသော မူအတိုင်း မြန်မာပြန် အဓိပ္ပာယ်မှာ-

“စုန္ဒ ဤသာသနာ၌ကား ဆရာသည်လည်း (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏၊ ကောင်းစွာ သိအပ်သော တရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်း တရား ဖြစ်၏၊ ကိလေသာ ငြိမ်းမှုကို ဖြစ်စေတတ်သော တရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သော တရား ဖြစ်၏”။

ဤသို့သာ ဖြစ်သည်၊ သခင်မြတ်ဆိုင် တင်ပြသော အဓိပ္ပာယ်နှင့် များစွာ ကွာခြားနေပေသည်။

မည်သို့ပင် ဖြစ်စေကာမူ ဤဒေသနာတော်သည် “ဆရာသည်လည်း ဘုရားစစ် ဘုရားမှန်ဖြစ်၍ ချီးမွမ်း အပ်သောဆရာ ဖြစ်သည်၊ တရားသည်လည်း တရားစစ် တရားမှန် ဖြစ်၍ ချီးမွမ်းအပ်သော တရားဖြစ်သည်”ဟူသော အဓိပ္ပာယ်ကိုသာ ပြသော ဒေသနာတော် ဖြစ်သည်၊ အတိတ်ဘဝ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကိုပြသော ဒေသနာတော် မဟုတ်ချေ။

၂၃။ တစ်ဖန် သခင်မြတ်ဆိုင်က “တရားဒေသနာများကိုလည်း သန္ဒိဋ္ဌိက အစရှိသော တရားဂုဏ်နှင့်အညီ ဟောကြားရန်ကို နိဒါနသံယုတ်(၃၉၁) ကဿပသံယုတ် စန္ဒူပမသုတ်၊ ၃၉၁ တွင်ရဟန်းတို့ မည်သည့် ရဟန်းမဆို သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိကစသော တရားဂုဏ်နှင့်ညီသော တရားကိုသာ ဟောကြ၊ မဂ်ဖိုလ်အကျိုးကိုလည်းဖြစ်ကြစေ၊ တရားမှန်ကို သိ၍ ကျင့်သုံးနိုင်ကြစေဟု ဟောမှသာလျှင် စင်ကြယ်သော တရား”ဟု ဟောကြားထားပါသည် ဘုရားဟု လျှောက်ထား သောဓနာပြန်သည်။

သခင်မြတ်ဆိုင် တင်ပြသော စန္ဒူပမသုတ်သည်လည်း “တရားဂုဏ်တော် ၆-ပါးကို နှလုံးသွင်း၍ ငါ့တရားကို နာကြားကြမူ၊ နာပြီး၍ သိကြမူ၊ သိပြီး၍ အရဟတ္တဖိုလ်အကျိုးငှာ ကျင့်ကြမူ ကောင်းလေစွဟု စိတ်ထားလျက် တရားတော်၏ ကောင်းသော တရား၏အဖြစ်ကို စွဲ၍ သနားကြင်နာခြင်းဖြင့် သူတပါးအား တရားဟောသော ရဟန်း၏ တရားဟောခြင်းသည် စင်ကြယ်၏”ဟု စင်ကြယ်သော တရားဟောပုံကို ပြသောသုတ်ဖြစ်သည်၊ အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ဟူသောအနက်ကို ပြသောသုတ် မဟုတ်ချေ။

၂၄။ တစ်ဖန် သခင်မြတ်ဆိုင်က မဇ္ဈိမပဏ္ဏာသ ဝေခနသုတ် ၂၄၆ တွင် ကစ္စာနအား “ကစ္စာန ဤအတူသာလျှင် ဟန်မဆောင် မလှည့်ပတ် ဖြောင့်မတ်သော သဘောရှိသည့် သိနားလည်သော ယောက်ျားသည် လာပါစေ၊ ငါဆုံးမမည်၊ ငါတရားဟောမည်၊ ငါဆုံးမသည့်အတိုင်း ကျင့်သုံးသူသည် မကြာမြင့်မီပင် ဤသို့လျှင် အဝိဇ္ဇာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီဟု ကိုယ်တိုင်သာလျှင် သိလိမ့်မည်၊ ကိုယ်တိုင်သာလျှင် မြင်လိမ့်မည်ဟု ဖြောင့်မတ်သော လူတစ်ဦးအား တရားဂုဏ်နှင့်အညီ ချက်ချင်းလက်ငင်း အကျိုးရှိမည် ဖြစ်ကြောင်း ဟောကြားထားပါသည် ဘုရား”ဟု လျှောက်ထား သောဓနာပြန်သည်။

ဤ၌ သခင်မြတ်ဆိုင် တင်ပြသော ဝေခနသသုတ်သည်လည်း အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ပစ္စုပ္ပန်ဘဝသာ ရှိသည်ဟူသော အဓိပ္ပာယ်ကို မပြချေ။ ထို့ကြောင့် သခင်မြတ်ဆိုင်၏ ချေပချက်သည် စောဒကဆရာတော်များ၏ စကားကို ပယ်ရှားနိုင်စွမ်း မရှိချေ၊ အမှန်စင်စစ် သခင်မြတ်ဆိုင်သည် မိမိချေပရာ၌ ပါဠိတော်ပေါင်း မည်မျှ ကိုးကားလိုက်သည်ဟု ပလွှားဝါကြွားလို၍သာ ယခုကဲ့သို့ မဆီမဆိုင် အကိုးအကားများကို တင်ပြခြင်းဖြစ်ဟန် တူပေသည်။

အတိတ်ဘဝနှင့် အနာဂတ်(တမလွန်)ဘဝကို
မြတ်စွာဘုရား ဟောကြောင်းနှင့် အကျိုးအပြစ်ကို စိစစ်သုံးသပ်ချက်

၂၅။ စောဒကဆရာတော်များက မြတ်စွာဘုရားသည် ပစ္စပ္ပုန်ကိုသာမက အတိတ်ဘဝနှင့် အနာဂတ်(တမလွန်)ဘဝ တို့ကိုလည်း ဟောတော်မူပါသည်ဟု အဆိုတင်ကြ၏၊ စုဒိတကတို့ကမူ အတိတ်ဘဝ အနာဂတ်(တမလွန်) ဘဝကိုမဟော၊ မြတ်စွာဘုရားသည် ပစ္စုပ္ပန်သမားသက်သက်သာဖြစ်သည်၊ ကာလသုံးပါးကိုဟောသော ဝါဒသည် နိဂဏ္ဌနာဋပုတ္တ၏ ဝါဒသာဖြစ်သည်ဟု ချေပကြ၏၊ ထို အဆို အချေနှစ်ရပ်တို့တွင် မည်သူ၏စကားသည် ဘုရားဟော ပါဠိတော်နှင့် ညီညွတ် နှီးနှောမိသည် သို့မဟုတ် ဆန့်ကျင်သည်တို့ကို သိနိုင်ရန် ဘုရားဟော ပါဠိတော်များကို ကြည့်ရှုကြရာ အောက်ပါ ပါဠိတော်များကို တွေ့ရပေသည်။

“ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖုံးကွယ်အပ်ကုန် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရသည့် သတ္တဝါတို့၏ ရှေးအစွန်းသည် မထင်နိုင်(မသိနိုင်)၊ ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ ထင်းမြက် သစ်ခက် သစ်ရွက်ကို ဖြတ်၍ ဤကား ငါ့ အမိ၊ ဤကား ငါ၏ အမိ၏ အမိ စသည်ဖြင့် ချ၍ ရေတွက်သော် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက် ထင်း သစ်ခက် သစ်ရွက်သာ ကုန်ရာ၏၊ ထိုယောက်ျား၏ အမိ အဆက်ဆက်တို့ကား မကုန်နိုင်ကြရာပေ။ ရဟန်းတို့ သို့ကလောက် ရှည်လျား ကြာမြင့်သည့် နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကိုခံစား ရဖူးလှလေပြီ။ ထက်မြက်ပြင်းပြသည့် ဆင်းရဲကိုခံစားခဲ့ဖူးလှလေပြီ။ ပျက်စီးခြင်းအမျိုးမျိုးကို ခံစားခဲ့ရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံကို တိုးပွားစေခဲ့လှလေပြီ၊ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှာ တပ်မက်မှုကင်းခြင်းငှာ လွတ်မြောက်ခြင်းငှာ သင့်လှသည်သာတည်း”ဟု မြတ်စွာဘုရားသည် အတိတ်ဘဝတို့ကို ပြလျက် သံဝေဂဉာဏ် ဖြစ်စေတော်မူသည်။ (သံ၊၁၊၃၈၇) (အနမတဂ္ဂသံယုတ်၊ တိဏကဋ္ဌသုတ်)

ထို့အတူ ဤမြေကြီးကို ဆီးစေ့လောက် ဆီးစေ့လောက် အလုံးငယ်များ ပြု၍ ဤကား ငါ၏အဖ၊ ဤကား ငါ့အဖ၏ အဖ စသည်ဖြင့် ချ၍ ရေတွက်သော် ဤမြေကြီး ကုန်သော်လည်း ထိုယောက်ျား၏ အဖအဆက်ဆက် မကုန်နိုင်ပုံ ဥပမာဖြင့်လည်းကောင်း၊ သံသရာ၌ ကျင်လည်စဉ် ငိုကြွေးခဲ့ရသော သတ္တဝါတို့၏ မျက်ရည် သောက်စို့ခဲ့ရသော နို့ရည်တို့ သမုဒ္ဒရာ လေးစင်းရေမျှမက များခဲ့ပုံ ဥပမာတို့ဖြင့်လည်းကောင်း၊ ကျောက်တောင်ဥပမာ၊ မုန်ညင်းစေ့ဥပမာ တို့ဖြင့်လည်းကောင်း သံသရာ၌ ကျင်လည်ခဲ့ရပုံကိုပြလျက် သံဝေဂဉာဏ် ဖြစ်စေတော်မူသည်။ (သံ၊၁၊၃၈၇၊ ၃၉၀။) (အနမတဂ္ဂသံယုတ် ပထဝီသုတ်၊ အဿုသုတ်၊ ခီရသုတ်၊ ပဗ္ဗတသုတ်၊ သာသပသုတ်)

ယင်းသံယုတ်ပါဠိတော် ဒဏ္ဍသုတ် ၃၉၂ ၌ကား ကောင်းကင်သို့ပစ်လိုက်သော တုတ်သည် အရင်းဖြင့်လည်း ကျတတ်၊ အလယ်ဖြင့်လည်း ကျတတ်၊ အဖျားဖြင့်လည်း ကျတတ်သကဲ့သို့ ဤအတူ သံသရာ၌ ပြေးလွှားကျင်လည်ရသော သတ္တဝါသည် ဤလောကမှ တပါးသော လောကသို့ သွားရ၏၊ တပါးသော လောကမှ ဤလောကသို့လာရ၏၊ ဤသို့ ဖြစ်ရခြင်းသည် အစ မသိနိုင်အောင်သံသရာ ရှည်လျားသောကြောင့် ဖြစ်သည် စသည်ဖြင့် ဟောပြလျက် သံဝေဂဉာဏ် ဖြစ်ပွားစေတော်မူသည်။

ယင်းသံယုတ် တိံသမတ္တသုတ် ၃၉၄၊ ၃၉၅-၌ကား သုံးကျိပ်သော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်ရဟန်းတို့အား ရှည်လျားလှသော သံသရာ၌ နွား ကျွဲ သိုး ဆိတ် သမင် ကြက် ဝက် ရွာဖျက်ဒမြ လမ်းဒမြ သူ့သားမယားကျူးလွန်သူ ဖြစ်စဉ် ဦးခေါင်းဖြတ်ခံရ၍ ထွက်ကျသော သွေးရည်ကြည်တို့ သမုဒ္ဒရာလေးစင်းရေမျှမက များလှပြီဟု သံသရာ ကျင်လည်ခဲ့ရပုံကို ဟောတော်မူရာ ရဟန်းတော် သုံးကျိပ်တို့ အာသဝေါ ကုန်ခမ်း၍ ရဟန္တာ ဖြစ်ကြလေသည်။

၂၆။ မဇ္ဈိမပဏ္ဏာသပါဠိတော်(၆၂-၇၆) အပဏ္ဏကသုတ်၌ တမလွန်ဘဝမရှိ ဟူသော အယူနှင့် ပတ်သက်၍ မြတ်စွာဘုရားကိုယ်တော်တိုင် ဆုံးဖြတ်ချက်ချတော်မူခဲ့ပုံကို ဤသို့ တွေ့ရ၏၊

အခါတပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော သာလာမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူသည်၊ ထိုအခါ သာလရွာသား ပုဏ္ဏားသူကြွယ်တို့ကို မြတ်စွာဘုရားက “သူကြွယ်တို့ သင်တို့မှာ အကြောင်းခိုင်လုံ ယုံကြည် နှစ်သက်လောက်သည့် တစ်စုံတစ်ယောက်သော ဆရာသမား ရှိကြသလော”ဟု မေးတော်မူရာ “မရှိသေးပါ”ဟုလျှောက်ကြသဖြင့် “သူကြွယ်တို့ သင်တို့သည် နှစ်သက်လောက်သော ဆရာသမားကို မရကြသေးလျှင် ဤမလွဲနိုင်သော အကျင့်တရားကို ကောင်းစွာဆောက်တည်၍ ကျင့်ထိုက်၏၊ မလွဲနိုင်သည့် အကျင့်တရားကို ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်ထားလျှင် သင်တို့အတွက် နေ့ညဉ့် ရှည်ကြာ စီးပွားချမ်းသာ ဖြစ်လိမ့်မည်”ဟု မိန့်တော်မူပြီးလျှင် မလွဲနိုင်သည့် အကျင့်တရားကို ဤသို့ ဟောကြားတော်မူသည်။

သူကြွယ်တို့၊ (က)ပေးလှူကျိုးမရှိ၊ အလှူကြီး ပူဇော်ရကျိုး မရှိ၊ လက်ဆောင် ပဏ္ဏာပေးခြင်း စသော အလှူငယ် ပူဇော်ရကျိုးမရှိ၊ ကောင်းမှု မကောင်းမှု၏ အကျိုးဝိပါက် မရှိ၊ ဤလောကမရှိ၊ တစ်ပါးသော (တမလွန်) လောကမရှိ၊ အမိကျေးဇူးမရှိ၊ အဖကျေးဇူးမရှိ သေ၍ တဖန်ဖြစ်သော သတ္တဝါတို့မရှိကုန်၊ ဤလောကနှင့် တပါးသော (တမလွန်) လောကကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်သည့် မှန်စွာသိ မှန်စွာ ကျင့်ကုန်သော သမဏ ဗြဟ္မဏတို့ မရှိကုန်ဟု ပြောဆိုယူဆကြသော သမဏ ဗြဟ္မဏတို့နှင့် (ခ)ပေးလှူကျိုး ရှိ၏၊ တစ်ပါးသော (တမလွန်) လောက ရှိ၏၊ မှန်စွာသိ မှန်စွာ ကျင့်ကုန်သော သမဏ ဗြဟ္မဏတို့ရှိကုန်၏ ဟုပြောဆိုယူဆကြသော သမဏ ဗြဟ္မဏတို့၏ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်သော ဝါဒ ရှိကြသည့် အဖြစ်ကို မေးဖြေဟောပြပြီးလျှင် ထို နှစ်ဝါဒတို့တွင် ပယ်ရ ယူရမည့် ဝါဒကို ဤသို့ပြတော်မူသည်။

ပေးလှူကျိုးမရှိ၊ တမလွန်လောက မရှိ စသည်ဖြင့် ယူလေ့ရှိသော နတ္ထိကဝါဒီသမားတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးအပြစ်ကို မမြင်ကြသောကြောင့် သုစရိုက်ကို ဖျက်ဆီး၍ ဒုစရိုက်ကို ကျင့်ကြလိမ့်မည်ဟူသော အပြစ်သာ ဧကန်ရမည်၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု ယူသောသူ၏ အယူသည် မှားသောအယူ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု ကြံသောသူ၏ အကြံသည် မှားသောအကြံ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောကမရှိဟု ပြောသောသူ၏ စကားသည် မှားသောစကား ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟုပြောသောသူသည် တမလွန်လောကကို သိကြသော ရဟန္တာအရှင်မြတ်တို့အား ဆန့်ကျင်ဘက်ပြုသူ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု သိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ ထိုမသူတော်တရားကို သိစေခြင့်ဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူ့မှာ ရှေးမဆွကပင် ကောင်းသော အကျင့်သည် ပယ်ထားပြီး ဖြစ်၏၊ မကောင်းသော အကျင့်သည် ရှေးရှုတည်နေ၏၊ ဤမှားသောအယူ မှားသောအကြံ မှားသောစကား အရိယာတို့နှင့် ဆန့်ကျင်ခြင်းဟူသော ယုတ်မာသည့် အကုသိုလ်တရား များစွာတို့သည် မှားသောအယူ ဟူသော အကြောင်းကြောင့် ထိုသူ့မှာ ဖြစ်ပေါ်လာကြကုန်၏၊

သူကြွယ်တို့ ပညာရှိသူသည် ဤသို့ဆင်ခြင်၏၊ တမလွန်လောက မရှိစသည် ယူဆသော နတ္ထိကဝါဒသမားတို့၏ အလိုအတိုင်း အကယ်၍ တမလွန်လောက မရှိလျှင်တော်ပေသေး၏၊ သို့ရာတွင် ကိုယ်ကျင့်စာရိတ္တ ပျက်စီးသူ စသည်ဖြင့် ပညာရှိတို့၏ အကဲ့အရဲ့ကိုကား လက်ငင်း ခံရပေမည်၊ တမလွန်လောက အမှန်ရှိနေလျှင်ကား မျက်မှောက်၌ ပညာရှိတို့၏ အကဲ့ရဲ့ခံရရုံသာမက သေသည့်အခြားမဲ့၌လည်း ငရဲသို့ ကျရောက်ရမည် ဖြစ်ရာ ပစ္စုပ္ပန်ရော သံသရာပါ နှစ်ဘက်လုံး အရှုံးထွက်သည် ဟုဆင်ခြင်၏၊

သူကြွယ်တို့ ပေးလှူကျိုး ရှိ၏၊ တမလွန်လောက ရှိ၏ စသည်ဖြင့် ယူလေ့ရှိသော အတ္ထိကဝါဒီပုဂ္ဂိုလ်တို့သည်ကား ကုသိုလ် အကုသိုလ်၏ အကျိုးအပြစ်ကို မြင်သောကြောင့် ဒုစရိုက်ကို ဖောက်ခွဲဖျက်ဆီး၍ သုစရိုက်ကို ပြုကျင့်ကြလိမ့်မည်ဟူသော အကျိုးကိုသာ ဧကန်ရမည်၊ ထင်ရှားရှိသည့် တမလွန်လောကကို “တမလွန်လောက ထင်ရှား ရှိ၏”ဟု ယူဆကြံစည် ပြောဆိုသူ၏ အယူ အကြံ အပြောသည် မှန်သော အယူ မှန်သော အကြံ မှန်သော အပြော ဖြစ်၏၊ တမလွန် လောက ရှိ၏ဟု ပြောဆိုသူသည် တမလွန်လောကကို သိတော်မူကြသည့် ရဟန္တာအရှင်မြတ်တို့ကို ဆန့်ကျင်ဘက် မပြုလုပ်၊ တမလွန်လောက ရှိ၏ဟု သိစေခြင်းသည် သူတော်ကောင်းတရားကို သိစေခြင်း ဖြစ်၏၊ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတပါးကို မရှုတ်ချ၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင် မကောင်းသော အကျင့်သည် ပယ်ထားပြီး ဖြစ်၏၊ ကောင်းသော အကျင့်သည် ရှေးရှုတည်နေ၏၊ ဤမှန်သော အယူ မှန်သော အကြံ မှန်သော စကား အရိယာတို့နှင့် မဆန့်ကျင်ခြင်း သူတော်ကောင်းတရားကို သိစေခြင်း မိမိကိုယ်ကို မချီးမြှောက်ခြင်း သူတပါးကို မရှုတ်ချခြင်း ဟူသော များစွာသော ကုသိုလ်တရားတို့သည် မှန်သောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကြကုန်၏၊

သူကြွယ်တို့ ပညာရှိသည် ဤသို့ဆင်ခြင်၏၊ အတ္ထိကဝါဒီအတွက် အကယ်၍ တမလွန်လောက ရှိလျှင် သေသည့်နောက်၌ နတ်ပြည်သို့ရောက်ရမည်၊ နတ္ထိကဝါဒီတို့ ဆိုသကဲ့သို့ တမလွန်လောက (အကယ်၍) မရှိစေဦးတော့၊ မျက်မှောက်ဘဝ၌ပင် သီလရှိသူ မှန်သောအယူရှိသူ ကံ ကံ၏အကျိုးကို ယုံကြည်သော ဝါဒရှိသူဟု ပညာရှိတို့ အချီးအမွမ်းခံရမည်ဖြစ်ရာ ပစ္စုပ္ပန်ရော သံသရာပါ နှစ်ဘက်လုံး အောင်နိုင်သူ နှစ်ဘက်လုံး အမြတ်ထွက်သူ ဖြစ်သည်ဟု ဆင်ခြင်၏၊ ဤသို့ ထိုသူ၏ ကောင်းစွာ စွဲယူ ဆောက်တည်ထားသည့် မလွဲမှားနိုင်သော အကျင့်တရားသည် နှစ်ပါးသော အဖို့ကို ပျံ့နှံ့၍ တည်၏၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကို ပယ်၏ဟု မြတ်စွာဘုရား ဟောတော်မူသည်။

၂၇။ ဤဒေသနာတော်တို့ကို ထောက်၍ မြတ်စွာဘုရားသည် ပုဂ္ဂိုလ်၏ အလို အဇ္ဈာသယအလိုက် ထိုက်သည် အားလျော်စွာ ပစ္စုပ္ပန် တစ်ဘဝကိုသာမက အတိတ်ဘဝ အနာဂတ်ဘဝတို့ကိုလည်း ဟောပြတော်မူသည်မှာ လွန်စွာ ထင်ရှားလှပေသည်။

ထို့ကြောင့် အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ပစ္စုပ္ပန် တစ်ဘဝသာ ရှိသည်ဟူသော အယူသည် မြတ်စွာဘုရား၏ အယူ မဟုတ်၊ ထိုအယူကို မြတ်စွာဘုရား၏အယူဟု ရေးသားဟောပြော ဝါဒဖြန့်နေကြသော ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့၏ အယူသည် ဥစ္ဆေဒဝါဒ အဓမ္မဝါဒသာ ဖြစ်သည်၊ မြတ်စွာဘုရားကိုပါ သူတို့ကဲ့သို့ ရုပ်ဝါဒီဖြစ်အောင် (ပုခက် နှင့် ခေါင်းအကြား) တစ်ဘဝသမား ဖြစ်အောင် လုပ်ကြံ လည်ဆယ် စွပ်စွဲနေကြခြင်းသာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)အဖွဲ့ဝင် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။