လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဥပါဒါန်နှင့်စပ်သော ဝိနိစ္ဆယ

3161လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၁၅။ ဆုံးဖြတ်ချက် အမှတ်(၁၅) ဥပါဒါန်နှင့်စပ်သော ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာ အမှတ် (၁၅)

ဥပါဒါန်နှင့် စပ်သော ဝိနိစ္ဆယ

ဥပါဒါနစသော ဘုရားဟော ပါဠိတော် ဝေါဟာရစကားလုံးများ၏ အနက်အဓိပ္ပာယ်မှန်ကို ပစ်ပယ်ပြီး ကိုယ်ထင်သလို အနက်အဓိပ္ပာယ် ကောက်ယူလျက် ဟောပြောရေးသားခြင်းနှင့် ပတ်သက်၍ စောဒနာသောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်တို့၏ စိစစ်သုံးသပ်ချက်။

၁။ စောဒနာဆရာတော်များက “လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသော သူတို့သည် လူသေလူဖြစ်ဝါဒကို ကျားကန်ပေးနိုင်ရန် ပါဠိတော်များကို မဖြစ်အဖြစ်, ကပြစ်ကညှစ်, ဖျစ်ညှစ်ပြီး ဇွတ်အတင်း အနက်ပေးကြရသလို ဘုရားဟောမဟုတ် လက်လုပ်ပါဠိများကို မတရားထည့်သွင်းကြရသလို လူသေလူဖြစ်ဝါဒကို ချေဖျက်မည့် ပါဠိ ဝေါဟာရစကားလုံးများ၏ အနက်အဓိပ္ပာယ်မှန်ကိုလည်း ပစ်ပယ်ပြီး ထင်သလို အဓိပ္ပာယ်ပြန်ဆိုကြပါသည် ဘုရား”ဟု လျှောက်ထားကြပြီးလျှင် ထိုပုဂ္ဂိုလ်တို့၏ ပါဠိ ဝေါဟာရ အဓိပ္ပာယ်ပြန် အမှားတို့ကို (က) အက္ခရာအမှတ်ပြမှ စ၍ (ဤ) အက္ခရာ အမှတ်ပြတိုင်အောင် အချက်ပေါင်း (၃၆)ချက်မျှ ထုတ်ပြ၍ ယင်းစကားရပ်များသည် ဘုရားဟော ပါဠိတော် အဋ္ဌကထာများနှင့် မညီညွတ်ဘဲ ဆန့်ကျင်နေပါသည်ဟု တင်ပြ စောဒနာကြသည်။

၂။ ယင်းစောဒနာချက်ကို စုဒိတက ပုဂ္ဂိုလ်များက ပြန်လည် ချေပခြင်း မပြုနိုင်ကြသောကြောင့် စောဒနာ စကားရပ်ကိုသာ (က)အမှတ်ပြ စောဒနာချက်မှ စ၍ သဘောတူရာ ပေါင်းစပ်လျက် စိစစ်သုံးသပ်ကြပေအံ့။

(က) ဥပါဒါန်(ဝါ)အစွဲဆိုတာ ဘာလဲ၊ ၎င်းကား အခြားမဟုတ်၊ စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ ဟူသော ယုံကြည်မှုသည်လည်းကောင်း မက်တာနှင့် ဖို့စ်(ဝါ) ဓာတ်သေနှင့်ဓာတ်ရှင် (ဝါ) ဂုဏ်နှင့် ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည်လည်းကောင်း၊

တန်ခိုးပြာဋိဟာများ, ဂါထာမန္တန်များ, ပရိတ်များ, အင်းအိုင်ခလှဲ့လက်ဖွဲ့များ, ကာယသိဒ္ဓိ ပီယသိဒ္ဓိ ဆေးများ, အိမ်မက်ယာမက်၏ အကျိုး အပြစ်များ, ဗေဒင်များကို ယုံကြည်မှုသည်လည်းကောင်း၊

နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို (ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည်လည်းကောင်း၊ အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊ (လူသေလူဖြစ်စာအုပ်၊ ဒုတိယအကြိမ်ရိုက် နှာ-၇၂)

ဤ(က)အမှတ်ပြ စကားရပ်ကို ဝါကျ အစိတ် အစိတ် ခွဲခြားလိုက်လျှင် (က-၁)စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားတို့ကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ)ဥပါဒါန် မည်လေတော့၏၊

(က-၂) မက်တာနှင့် ဖို့စ်(ဝါ) ဓာတ်သေနှင့် ဓာတ်ရှင်(ဝါ) ဂုဏ်နှင့်ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊

(က-၃) တန်ခိုးပြာဋိဟာများ, ဂါထာမန္တန်များ, ပရိတ်များ, အင်းအိုင်ခလှဲ့လက်ဖွဲ့များ, ကာယသိဒ္ဓိ, ပီယသိဒ္ဓိဆေးများ, အိမ်မက်ယာမက်၏ အကျိုးအပြစ်များ, ဗေဒင်များကို ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊

(က-၄) နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို(ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ ဟူ၍ စကားဝါကျ ၄-ဝါကျ ဖြစ်၏၊

ထို ၄-ဝါကျတို့တွင် (က-၁) စိတ်ဝိညာဏ် (ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ ဟူသော စကားသည် မှားယွင်းသော စကားသာ ဖြစ်၏၊ မှားယွင်းပုံကို ဤသို့ သိရာ၏၊ ဤစကားဝါကျ၌ ရုပ်တရားကို ရှေးဦးစွာ စိစစ်ရာ၏၊

ရုပ်တရားသည် -
(၁) ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၊
(၂) စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်၊
(၃) ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်၊
(၄) အာဟာရကြောင့်ဖြစ်သော အာဟာရဇရုပ်၊
(၅) မည်သည့်အကြောင်းကြောင့်မျှဖြစ်သည် မဟုတ်သော နကုတောစိသမုဋ္ဌာရုပ် ဟူ၍ ၅-မျိုး ရှိ၏၊

ထို ၅-မျိုးသော ရုပ်တို့တွင် စိတ္တဇရုပ်ကို စိတ်က(ဝါ)စိတ် စေတသိက်တည်းဟူသော နာမ်တရားက ဖြစ်စေသောကြောင့် ယင်းကို ရည်ရွယ်၍ “စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၏”ဟု ခေါ်ဝေါ်ပြောဆိုလိုက ခေါ်ဝေါ် ပြောဆိုနိုင်သည်၊ (စိတ်လျှင်ဖြစ်ကြောင်း ရှိသည်၊ စိတ်ကြောင့် ဖြစ်သည်၊ စိတ်က ဖြစ်စေသည်။ စိတ်က ဖန်ဆင်းသည်ဟူသော ဝေါဟာရ စကားလုံးများသည် တစ်ခုနှင့် တစ်ခု ပရိယာယ်ချည်းသာ ဖြစ်၍ အဓိပ္ပာယ်အားဖြင့် တူမျှကြသည်။)

ထို့ပြင်လည်း -

“သော ပန အဆေကော အမနာပံ ရူပံ ကရောတိ၊ ဆေကော မနာပံ ဒဿနီယံ၊ ဧဝမေဝ ပုထုဇ္ဇနော အကုသလစိတ္တေန ဝါ ဉာဏဝိပ္ပယုတ္တကုသလေန ဝါ စက္ခုသမ္ပဒါဒိဝိရဟိတံ ဝိရူပံ သမုဋ္ဌာပေတိ၊ ဉာဏသမ္ပယုတ္တကုသလေန စက္ခုသမ္ပဒါဒိသမ္ပန္နံ အဘိရူပံ” (သံ၊ဋ္ဌ၊၂၊၃၀၀)

မကျွမ်းကျင်သော ပင်းမင်းသမားသည်ကား မနှစ်ခြိုက်ဖွယ်အဆင်းကို ပြု၏၊ ကျွမ်းကျင်သော ပင်းမင်းသမားသည် နှစ်ခြိုက်ဖွယ် ကြည့်ချင်စဖွယ် အဆင်းကို ပြု၏၊ ဤအတူပင် ပုထုဇဉ်သည် အကုသိုလ်စိတ်ဖြင့်သော်လည်းကောင်း၊ ဉာဏ်နှင့် မယှဉ်သော ကုသိုလ်စိတ်ဖြင့်သော်လည်းကောင်း မျက်စိ၏ ပြည့်စုံခြင်း စသည်မှ ကင်းသော (မျက်စိသည် မပြည့်စုံသော) ဖောက်ပြန်သော (မလှပသော) ရုပ်ကို ဖြစ်စေတတ်၏၊ ဉာဏ်နှင့် ယှဉ်သော ကုသိုလ်စိတ်ဖြင့် မျက်စိ၏ ပြည့်စုံခြင်း စသော ဂုဏ်နှင့် ပြည့်စုံလှပသော ရုပ်ကို ဖြစ်စေ၏၊

ဤ အဋ္ဌကထာစကားရပ်ဖြင့် အကုသိုလ်စိတ်နှင့် ဉာဏ်မယှဉ်သော ကုသိုလ်စိတ်တို့က မလှပသော ရုပ်ကို ဖြစ်စေသည် ဖန်ဆင်းသည်၊ ဉာဏ်နှင့်ယှဉ်သော ကုသိုလ်စိတ်က လှပသော ရုပ်ကို ဖြစ်စေသည် ဖန်ဆင်းသည်ဟု ဆိုနိုင်ပြန်သည်။

ထို့ကြောင့် စိတ္တဇရုပ်ကို စိတ်က ဖန်ဆင်းသည်ဟု ယုံကြည်မှုသည်လည်းကောင်း အကုသိုလ်စိတ်နှင့် ဉာဏဝိပ္ပယုတ်စိတ်တို့က မကောင်းသော ရုပ်၊ မလှပ မပြည့်စုံသော ရုပ်ကို ဖန်ဆင်းသည်၊ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်က ကောင်းသော ရုပ် လှပပြည့်စုံသော ရုပ်ကို ဖန်ဆင်းသည်ဟု ယုံကြည်မှုသည်လည်းကောင်း အစွဲအလမ်း ဥပါဒါန်မဟုတ်၊ ဘုရားရှင် ဒေသနာတော်ကို ယုံကြည်သော သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ် ဖြစ်သည်ဟု သီးခြားဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

၃။ စိတ်ဝိညာဉ်(ဝါ)နာမ်သည် ရုပ်တရားကို အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ဟူသော စကားရပ်သည်လည်း သဘာဝဓမ္မမှ လွဲချော်နေပေ၏၊ စိစစ်ကြကုန်အံ့။

စိတ္တေန နီယတိ လောကော၊ ဏိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။ (သံ၊၁၊၃၆)

စိတ်သည် လောကကို ဆောင်၏၊ စိတ်သည် လောကကို ဆွဲငင်၏၊ အလုံးစုံသော တရားတို့သည်ပင်လျှင် စိတ်ဟူသော တစ်ခုသော တရား၏ အလိုသို့ အစဉ်တစိုက် လိုက်ကြကုန်၏၊ (စိတ္တသုတ်)

စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃)

ရဟန်းတို့ စိတ်ညစ်ညူးခြင်းကြောင့် သတ္တဝါတို့ကို ညစ်ညူးကုန်၏၊ စိတ်ဖြူစင်ခြင်းကြောင့် (သတ္တဝါ) ဖြူစင်ကုန်၏၊

ရူပမှိ သံကိလိဋ္ဌမှိ၊ သံကိလိဿန္တိ မာဏဝါ။
ရူပေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ အနက္ခာတံ မဟေသိနာ။
စိတ္တမှိ သံကိလိဋ္ဌမှိ၊ သံကိလိဿန္တိ မာဏဝါ။
စိတ္တေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ ဣတိ ဝုတ္တံ မဟေသိနာ။ (သံ၊ဋ္ဌ၊၂၊၂၉၉)

ရုပ်ညစ်နွမ်းသည် ရှိသော် သတ္တဝါတို့ ညစ်နွမ်းရကုန်၏၊ ရုပ်သည် စင်ကြယ်သည် ရှိသော် သတ္တဝါတို့ စင်ကြယ်ရကုန်၏ဟု မဟာဣသိ မုနိထွတ်တင် ဘုရားရှင် ဟောတော်မမူအပ်ချေ၊ စိတ်ညစ်နွမ်းသည် ရှိသော် သတ္တဝါတို့ ညစ်နွမ်းရကုန်၏၊ စိတ်စင်ကြယ်သည် ရှိသော် သတ္တဝါတို့ စင်ကြယ်ရကုန်၏ဟု မဟာဣသိ မုနိထွတ်တင် ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။

စိတ္တေ ဂဟပတိ ရက္ခိတေ၊ ကာယကမ္မမ္ပိ ရက္ခိတံ ဟောတိ။
ဝစီကမ္မမ္ပိ ရက္ခိတံ ဟောတိ၊ မနောကမ္မမ္ပိ ရက္ခိတံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်ကို စောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏၊

စိတ္တေ ဂဟပတိ ဗျာပန္နေ၊ ကာယကမ္မမ္ပိ ဗျာပန္နံ ဟောတိ။
ဝစီကမ္မမ္ပိ ဗျာပန္နံ ဟောတိ၊ မနောကမ္မမ္ပိ ဗျာပန္နံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်ပျက်စီးလျှင် ကာယကံလည်း ပျက်စီး၏၊ ဝစီကံလည်း ပျက်စီး၏၊ မနောကံလည်း ပျက်စီး၏၊

စိတ္တေ ဂဟပတိ အဗျာပန္နေ၊ ကာယကမ္မမ္ပိ အဗျာပန္နံ ဟောတိ။
ဝစီကမ္မမ္ပိ အဗျာပန္နံ ဟောတိ၊ မနောကမ္မမ္ပိ အဗျာပန္နံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်မပျက်စီးလျှင် ကာယကံလည်း မပျက်စီး၊ ဝစီကံလည်း မပျက်စီး၊ မနောကံလည်း မပျက်စီး။

ဤသို့ စသော ဘုရားဟော ဒေသနာတော်များဖြင့် စိတ်စင်ကြယ်ကောင်းမွန်ခြင်းကြောင့် ရုပ်တရား ကောင်းမွန် စင်ကြယ်ရသည်၊ စိတ်ယုတ်ညံ့ညစ်နွမ်းခြင်းကြောင့် ရုပ်တရား ယုတ်ညံ့ညစ်နွမ်းရသည်၊ ရုပ်တရားကို စိတ်က ဦးဆောင် ခြယ်လှယ်နေသည်ဟူသော အချက်သည် သိသာထင်ရှားပေသည်။

၄။ တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိအိမ်မှ ကျောင်းသို့ လာသည်ဟု ဆိုကြပါစို့၊ ထိုပုဂ္ဂိုလ်၏ ရုပ်ကိုယ်ကြီးသည် အဘယ့်ကြောင့် ကျောင်းသို့ ရောက်လာရသနည်း၊ စဉ်းစားလော့၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးဦးစွာ ကျောင်းသို့ သွားလိုသောစိတ် ဖြစ်ပေါ်ထာခဲ့သည်၊ ထိုစိတ်ကြောင့် ထိုပုဂ္ဂိုလ်သည် ကျောင်းသို့ ရှေးရှုသွားလေတော့သည်၊ ထိုအခါ ထိုပုဂ္ဂိုလ်၏ ရုပ်ကိုယ်ကြီးသည် စိတ်၏ ဆွဲဆောင်မှုကြောင့် တရွေ့ရွေ့ဖြင့် ကျောင်းသို့ ရောက်လာသည် မဟုတ်လော၊ အကယ်၍ ကျောင်းသို့ သွားလိုသောစိတ် မဖြစ်ပေါ်ခဲ့ပါက ထိုရုပ်ကိုယ်ကြီးသည် အဘယ်နည်းနှင့်မျှ ကျောင်းသို့ ရောက်လာမည် မဟုတ်ချေ၊ ဤကား လက်တွေ့ပေတည်း။

ပရမတ္ထသဘာဝအားဖြင့် ထင်ရှားအောင်ပြဦးအံ့၊ တစ်စုံတစ်ခုသော အရပ်သို့ သွားရာအခါ၌ ရှေးဦးစွာ သွားမည်ဟူသောစိတ် ဖြစ်ပေါ်လာ၏၊ ထိုစိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်သည် ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်လာ၏၊ ထိုဝါယောဓာတ်သည် မိမိနှင့် တစ်ပါတည်း ဝိညတ်ခေါ်သော ရုပ်ကိုလည်း ဖြစ်စေလေသည်။ ထိုသို့ စိတ္တဇဝါယောဓာတ်၏ (ဝိညတ်ကိုပါ တစ်ပါတည်း ဖြစ်စေလျက်) ဖြစ်ပေါ်လာသည့်အတွက် စိတ်၏ အမူအရာ အလိုဆန္ဒကြောင့် ဝါယောဓာတ် လှုပ်ရှားခြင်း၏ အစွမ်းဖြင့် ဤရုပ်ကိုယ်ကြီးသည် တရွေ့ရွေ့ စိတ်လိုရာအရပ်သို့ ရောက်အောင် သွားရလေသည် (ဒီ၊ဋ္ဌ၊၁၊၁၇၂)။

မြတ်စွာဘုရားသည် လောကီတရားကို ဟောတော်မူသည့်အခါ စိတ်ကို အကြီးအမှူး အဦးပဓာနထား၍ ဟောကြားတော်မူသည်၊ လောကုတ္တရာတရားကို ဟောတော်မူသည့်အခါ ပညာကို အကြီးအမှူး အဦးပဓာနထား၍ ဟောကြားတော်မူသည် (အဘိ၊ဋ္ဌ၊၁၊၁၁၀)။

ပြဆိုအပ်ပြီးသော ဘုရားဟောဒေသနာ အဋ္ဌကထာအဆိုအမိန့်နှင့် ယုတ္တိသဘာဝတို့ကို ထောက်ဆ၍ စိတ်ဝိညာဉ် (ဝါ) နာမ်က ရုပ်တရားကို အုပ်စိုးနေသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ် (ဝါ) နာမ်သည် ရုပ်တရားကို အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် ဘုရားဟောဒေသနာတော်နှင့် အဋ္ဌကထာအဆိုအမိန့်များကို ယုံကြည်လေးစားသော သဒ္ဓါပြဋ္ဌာန်းသည့် မဟာကုသိုလ် စိတ္တုပ္ပါဒ်သာ ဖြစ်သည်။ အစွဲအလမ်း ဥပါဒါန် မဟုတ်ပေ။

ဤသို့ စိစစ်သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် ဒ “စိတ်ဝိညာဉ် (ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်သည် ဘုရားဟော ဒေသနာနှင့် အဋ္ဌကထာ အဆိုအမိန့်များကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အထင်အမြင်မှားအောင် ရေားသားဟောပြောအပ်သော စကားသာ ဖြစ်၍ ပြဆိုအပ်ပြီးသော ပါဠိတော် အဋ္ဌကထာ ဒေသနာဓမ္မတို့နှင့် ဆန့်ကျင်သည့် အဓမ္မဝါဒသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့က သုံးသပ်တော်မူကြသည်။

(က-၂) အမှတ်ပြ ဒုတိယစကားရပ်ကို စိစစ်သုံးသပ်ချက်

၅။ မက်တာနှင့် ဖို့စ် (ဝါ) ဓာတ်သေနှင့် ဓာတ်ရှင် (ဝါ) ဂုဏ်နှင့် ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏ဟူသော (က-၂) အမှတ်ပြဒုတိယစကားဝါကျ၌ “မက်တာနှင့် ဖို့စ် (ဝါ) ဓာတ်သေနှင့် ဓာတ်ရှင်” ဟူသော စကားရပ်သည် ပထဝီဓာတ် အာပေါဓာတ်နှင့် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဆိုလိုကြောင်း ရှေ့နောက် စကားရပ်တို့ဖြင့် သိသာ၏၊ “ဂုဏ်နှင့် ဂုဏေး” ဟူသော စကားရပ်ကား ဤအရာနှင့် မသက်ဆိုင်ချေ၊ ပထဝီ အာပေါ တေဇော ဝါယော ဟူသော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် အဝိနိဗ္ဘောဂ=(ခွဲခြား၍ မရကောင်းသော=ဝါ-တစ်ခုစီ တစ်ကွဲစီ မတည်နေကောင်းသော) ရုပ်ဖြစ်ခြင်းကြောင့် ယင်းတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟု အဘိဓမ္မာကို လေ့လာဖူးသူတို့ ယုံကြည်ကြမည် မဟုတ်သည့်အတွက် အထူးစိစစ်ရန်မလိုဟု ဝိနည်းဓိုရ်ဆရာတော်များ သဘောပိုက်တော်မူကြသည်။

(က-၃) (က-၄) အမှတ် တတိယ စတုတ္ထ စကားဝါကျကို စိစစ်ချက်

၆။ တန်ခိုးပြာဋိဟာများ ဂါထာမန္တန်များ ပရိတ်များ အင်းအိုင်ခလှဲ့လက်ဖွဲ့များ၊ ကာယသိဒ္ဓိဆေးများ၊ အိပ်မက်ယာမက်၏ အကျိုးအပြစ်များ၊ ဗေဒင်များကို ယုံကြည်မှုသည်လည်းကောင်း နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို (ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည်လည်းကောင်း၊ အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏ ဟူသော (က) အမှတ်ပြ တတိယ, စတုတ္ထ စကားဝါကျများ၌ “ဂါထာမန္တန်များ၊ အင်းအိုင်ခလှဲ့လက်ဖွဲ့များ၊ ကာယသိဒ္ဓိ ပီယသိဒ္ဓိဆေးများ၊ အိပ်မက်ယာမက်၏ အကျိုးအပြစ်များ ဗေဒင်များကို ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်များသည် ဗုဒ္ဓသာသနာတော်နှင့် မသက်ဆိုင်သောကြောင့် ယင်းတို့ကို မစိစစ် မသုံးသပ်တော့ဘဲ ဗုဒ္ဓဒေသနာတော်နှင့် သက်ဆိုင်သော “တန်ခိုးပြာဋိဟာများ ပရိတ်များကို ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်ကိုသာ စိစစ်သုံးသပ်ကြကုန်အံ့-

ဘုရား၏ ဂုဏ်တော် ၉-ပါးတို့တွင် ဘဂဝါဟူသော ဂုဏ်တော်သည်-
၁။ ဣဿရိယ ၂။ ဓမ္မ ၃။ ယသ ၄။ သိရီ ၅။ ကာမ ၆။ ပယတ္တ-ဟူသော ဘုန်းတော် ၆-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းပင်တည်း။

ထို ၆-ပါးတို့တွင်-
(၁)(က) မိမိ၏ ကိုယ်တော်ကို အနုမြူသဖွယ် သိမ်မွေ့သေးငယ်အောင် ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
(ခ) စိတ်၏အလား ကောင်းကင်ဖျားဝယ် ပေါ့ပါးလျင်မြန် စျာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
(ဂ) ကိုယ်တော်ကို အလိုရှိသလောက် ကြီးမားအောင် ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
(ဃ) အဆီးအတား အကွယ်အကာမရှိဘဲ လိုရာအရပ်သို့ တစ်ခဏခြင်း ကြွရောက်တော်မူနိုင်သော “ပတ္တိ”ဘုန်းတော်၊
(င) အဓိဋ္ဌာန်ခြင်း စသည်၏ အစွမ်းဖြင့် အလိုရှိအပ်သော အကျိုးကို ပြီးစေနိုင်သော “ပါကမ္မ”ဘုန်းတော်၊
(စ) ကိုယ်တော်၏ စိတ်တော်မှ လူမင်း နတ်မင်း စသည်တို့ကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ”ဘုန်းတော်၊
(ဆ) တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းခြင်းနှင့် စွန်းနိုင်သည်၏ အဖြစ်ဟူသော “ဝသိတာ”ဘုန်းတော်၊
(ဇ) ကောင်းကင်ဖြင့် ကြွသွားစဉ်ဖြစ်စေ၊ အခြားကိစ္စတစ်စုံတစ်ခုကို ပြုစဉ်ဖြစ်စေ ပြီးဆုံးစေလိုရာအခါ၌ ပြီးဆုံးစေနိုင်သော “ယတ္ထကာမဝသာယိတာ”ဘုန်းတော် ဤ ၈-ပါးသော ဘုန်းတော်သည် “ဣဿရိယ”ဘုန်းတော် မည်၏၊

(၂) မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတော်သည် “ဓမ္မ”ဘုန်းတော် မည်၏၊

(၃) လောကသုံးပါး၌ ပျံ့နှံ့သော ဟုတ်မှန်သော ဂုဏ်တော်တို့ကြောင့် ရအပ်သော အလွန် သန့်ရှင်းစင်ကြယ်သော ကျော်စောခြင်းသည် “ယသ”ဘုန်းတော် မည်၏၊

(၄) ရူပကာယ (ရုပ်ပုံတော်)ကို ဖူးမြော်ခြင်း၌ ကြောင့်ကြစိုက်သော လူအပေါင်း၏ မျက်စိတို့ကို ကြည်လင်စေခြင်းငှာ စွမ်းနိုင်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသော အားလုံးသော အင်္ဂါကြီးငယ်တို့၏ လွန်စွာတင့်တယ် သပ္ပာယ်သော အသရေတော်သည် “သိရီ”ဘုန်းတော် မည်၏၊

(၅) အလိုရှိအပ် တောင့်တအပ်သော ကိုယ်တော်၏ အစီးအပွား သူတစ်ပါးတို့၏ အစီးအပွားကို လိုလားတောင့်တသည့်အတိုင်း ပြီးစေနိုင်ခြင်းသည် “ကာမ”ဘုန်းတော် မည်၏၊

(၆) တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားလောက်အောင် လွန်စွာကြိုးကုတ် အားထုတ်တော်မူခြင်းသည် “ပယတ္တ”ဘုန်းတော် မည်၏၊

ဤဘုန်းတော် ၆-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် မြတ်စွာဘုရားသည် ဘဂဝါဟူသော” ဂုဏ်တော်ကြီးဖြင့် ကျော်ကြားတော်မူပါပေသည်။

မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာသည် ဤဘဂဝါဂုဏ်တော်၌ ပါဝင်၏၊

ထို့ကြောင့် မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာကို ယုံကြည်ခြင်းသည် မြတ်စွာဘုရား၏ ဘဂဝါဂုဏ်တော်ကို ကြည်ညိုသော သဒ္ဓါပြဓာန်းသော မဟာကုသိုလ် စိတ္တုပ္ပာဒ်သာ ဖြစ်သည်။ အစွဲအလမ်း ဥပါဒါန် မဟုတ်ချေ။

၇။ ဘုရားရှင်မှ တစ်ပါး၊ အရှင်စူဠပန္ထက, အရှင်မဟာပန္ထက စသော သာဝကတို့ တန်ခိုးပြာဋိဟာပြပုံ အကြောင်းအရာများလည်း ပိဋက၌ အထင်အရှားရှိ၏၊ (ထေရဂါထာ၊၃၁၄။)(ဝိသုဒ္ဓိ၊၂၊၁၆-၁၇။)နှင့် (သံ၊၂၊၄၈၀။)

ထိုဣဒ္ဓိဝိဓအဘိညာဉ် စသည်တို့ကို ရစေနိုင်သည့် ကျင့်စဉ်များကိုလည်း
“သော ဧဝံ သမာဟိတေ စိတ္တေ။ ပ။ သော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ (ဒီ၊၁၊၇၃)”

မြန်မာပြန်

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း “ဣဒ္ဓိဝိဓဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ဗရှးရှုညွှတ်စေ၏၊ ထိုရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊

ဤသို့ စသည်ဖြင့် ထိုထိုပါဠိတော်တို့၌ အပြည့်အစုံ ဟောပြတော်မူခဲ့လေသည်၊ ထိုကျင့်စဉ်များအတိုင်း ကျင့်ကြံပွားများ အားထုတ်သော သူတော်စင်တို့သည် ဣဒ္ဓိဝိဓ စသော အဘိညာဉ်တို့ကို ဧကန် ရရှိနိုင်ကြလေသည်၊ ဤသို့ သဘာဝဓမ္မမှန်လည်း ရှိသည်၊ တန်ခိုး အဘိညာဉ်ကို ရကြောင်း ပဋိပတ်ကျင့်စဉ်လည်း ရှိသည်၊ ဤကဲ့သို့သော ကျင့်စဉ်မှန်များကို လက်တွေ့သုတေသနပြု၍ ကျင့်သုံးသူတို့သည် ဤသို့ အဘိညာဉ်ကို ယုံကြည်ကြလေသည်။

ထို့ကြောင့် တန်ခိုးပြာဋိဟာတို့ကို ယုံကြည်ခြင်းသည် အစွဲဥပါဒါန် မဟုတ် သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည်။

ဤဆိုအပ်ပြီးသော စိစစ်သုံးသပ်ချက်များအရ တန်ခိုးပြာဋိဟာတို့ကို ယုံကြည်ခြင်းသည် အစွဲအလမ်း ဥပါဒါန် ဖြစ်သည်ဟူသော အယူသည် ပါဠိတော် အဋ္ဌကထာတို့နှင့် ဆန့်ကျင်သော ရုပ်ဝါဒအမြင်သာ ဖြစ်၍ အဓမ္မဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

ပရိတ်များကို ယုံကြည်မှုသည် ဥပါဒါန်မည်၏ ဟူသော စကားရပ်ကို စိစစ်ချက်

၈။ ပရိတ်တော်များကို ယုံကြည်မှုသည် ဥပါဒါန်လော၊ သို့မဟုတ် ကုသိုလ်စိတ်လော ဆိုသည်ကို စိစစ်ဆင်ခြင်သည်ရှိသော် “ဥပါဒါန်” ဆိုသည်မှာ အဘယ်နည်းဟု စိစစ်ရန် လိုပေသည်၊ ဥပါဒါန်ဟူသည် လောဘစေတသိက်နှင့် ဒိဋ္ဌိစေတသိက်ပင် ဖြစ်၏၊ ထိုလောဘစေတသိက် ဒိဋ္ဌိစေတသိက်တို့သည် စိတ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ တရားများသာ ဖြစ်ပေသည်၊ ပရိတ်တရားတော်ကို ယုံကြည်မှုသည်ကား ထိုသို့သော ဥပက္ကိလေသ တရားမျိုး မဟုတ်၊ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် မင်္ဂလသုတ်, မေတ္တသုတ်, ရတနသုတ် စသော ပရိတ်တော်များကို ပရိတ်နိဒါန်းမှာ လာသည့်အတိုင်း ဘုရားရှင်၏ အာဏာတော်စက်အဖြစ်ဖြင့် ယုံကြည်လေးမြတ်စွာ နာယူကြကုန်၏၊ ယင်းသို့ နာယူရာ၌ “သာ ပနေသာ သမ္ပသာဒနလက္ခဏာ စ သဒ္ဓါ” ဟူသော (အဋ္ဌသာလိနီ အဋ္ဌကထာ-၁၆၂) နှင့်အညီ အလွန် ကြည်လင်သော သဒ္ဓါတရားဖြစ်ပွားကုန်ကြ၏၊ ထိုသဒ္ဓါတရားနှင့်ယှဉ်သော စိတ်သည်ကား “အနဝဇ္ဇသုခဝိပါက” အပြစ်မရှိခြင်း, ကောင်းသော အကျိုးပေးခြင်း လက္ခဏာရှိသော ကုသိုလ်ဇော စိတ္တုပ္ပါဒ်သာ ဖြစ်ချေသည်။

ဖားနတ်သားဝတ္ထုလာ ဖားသူငယ်သည် တရားတော်၏ အနက်အဓိပ္ပာယ်ကို မသိပါဘဲလျက် တရားသံ၌ ကြည်ညိုသော ကုသိုလ်စိတ္တုပ္ပါဒ်ကြောင့် နတ်ပြည်သို့ လားရောက်ရလေသည်၊ ဤသို့ စသော သာဓကများကို ထောက်ပါက ဗုဒ္ဓဘာသာဝင်တို့၏ ပရိတ်တော်ကို ယုံကြည်မှုသည်လည်း ထို့အတူပင် ကုသိုလ်စိတ္တုပ္ပါဒ် ဧကန်ဖြစ်ပေသည်၊ ထို့ကြောင့် ပရိတ်တော်များကို ယုံကြည်မှုသည် ကုသိုလ်သဒ္ဓါစိတ်သာ ဖြစ်သည်၊ ဥပါဒါန်မဖြစ်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) (ခ) အမှတ်ပြ စောဒနာကို သုံးသပ်ချက်

၉။ (ခ) ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ကို တစ်ခမ်းတစ်နား တည်ဆောက်ခဲ့သူ လက်သမားသည်လည်း ထိုသည့်ဥပါဒါန် အစွဲဖြစ်သည် ဟူ၍ ကျွန်ုပ်တို့ သိခဲ့ရလေပြီ။

(လူသေလူဖြစ် စာမျက်နှာ-၃၀၃)

ဖော်ပြပါ စကားရပ်ဖြင့် “ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ ရှိသည်ဟု ယုံကြည်မှုသည် ဥပါဒါန်အစွဲဖြစ်သည်” ဟု ဆိုလိုသည်၊ ယင်းစကားရပ်သည် အမှားစင်စစ်သာ ဖြစ်၏၊ မှားပုံကို စိစစ်သော် ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းသို့ အမှန်တကယ် မရှိပါက မရှိသည်ကို ရှိ၏ဟု ထင်မှတ်စွဲလမ်းမှုကား အစွဲ ဥပါဒါန် ဖြစ်ရာ၏၊ သို့သော် ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းကား အမှန်ရှိ၏၊ အမှန်တကယ်ရှိနေသည်ကို ယုံကြည်မှုသည်ကား အစွဲအလမ်း ဥပါဒါန် မဖြစ်ပေ။

ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ အမှန်တကယ်ရှိပုံကို များစွာ ဟောကြားထားချက် ရှိပေသည်။

သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမရာမ ဏေယျကံ။ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ (အံ၊၁၊၃၉)

မြန်မာပြန်

ရဟန်းတို့ ဤဇမ္ဗူဒိပ်၌မွေ့လျော်ဖွယ်ကောင်းသော အာရာမ်၊ မွေ့လျော်ဖွယ်ကောင်းသော တော၊ မွေ့လျော်ဖွယ်ကောင်းသော မြေအရပ်၊ မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သော မြေ၊ သွားလာကူးခက်သော မြစ်၊ သစ်ငုတ်ဆူးငြောင့်ရှိသော အရပ်၊ မညီညွတ်သော တောင်တို့သာ များသကဲ့သို့ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန်ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏၊

ရဟန်းတို့ ဤအတူပင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော၊ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော၊ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ (အင် မြန်၊၁၊၄၈)။

ဤနည်းအတူ နတ်ပြည်မှ စုတေ၍ နတ်ပြည် လူ့ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့ နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ ငရဲဘုံမှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ တိရစ္ဆာန်မှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့ နည်းပါး၍ ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့သည်။

၁၀။ ထိုမှ တစ်ပါးလည်း -
ကာယ ဒုစ္စရိတံ ကတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနော ဒုစ္စရိတံ ကတွာ၊ ယဉ္စညံ ဒေသ သဉ္စိတံ။
အကတွာ ကုသလံ ဓမ္မံ၊ ကတွာ နာကုသလံ ဗဟုံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ (ခု၊၁၊၂၁၂)။

ပညာမဲ့သူသည် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုခြင်းကြောင်းလည်းကောင်း (ရာဂစသော) အပြစ်နှင့် ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏၊

ကာယဒုစ္စရိတံ ဟိတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနော ဒုစ္စရိတံ ဟိတွာ၊ ယဉ္စညံ ဒေါသ သဉ္စိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာန ကုသလံ ဗဟုံ။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ (ခု၊၁၊၂၁၃)။

ပညာရှိသူသည် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပယ်စွန့်သောကြောင့်လည်းကောင်း (ရာဂ စသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏၊

ပါပကေန စ သီလေန၊ ပါပိကာယ စ ဒိဋ္ဌိယာ။
ဧတေဟိ ဒွီဟိ ဓမ္မေဟိ၊ ယော သမန္နာဂတော နရော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ (ခု၊၁၊၂၁၃)။ (ဣတိဝုတ္တကပါဠိ-ပဌမသီလသုတ်)

အကြင်သူသည် ယုတ်ညံ့သော အလေ့နှင့်လည်းကောင်း၊ ယုတ်ညံ့သော အယူနှင့်လည်းကောင်း ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသောအခါ၊ ငရဲသို့ ကျရောက်ရ၏၊

ဘဒ္ဒကေန စ သီလေန၊ ဘဒ္ဒိကာယ စ ဒိဋ္ဌိယာ။
ဧတေဟိ ဒွီဟတ ဓမ္မေဟိ၊ ယော သမန္နာဂတော နရော။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ (ခု၊၁၊၂၁၄)

အကြင်သူသည် ကောင်းမြတ်သော သီလနှင့်လည်းကောင်း၊ ကောင်းမြတ်သော အယူနှင့်လည်းကောင်း ဤတရားနှစ်ပါးနှင့် ပြည့်စုံ၏၊ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏၊

ဤသို့ စသည်ဖြင့် ငရဲနှင့် နတ်ပြည်တို့ရှိသည်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူအပ်သော သုတ်ပေါင်းများစွာ ရှိလေသည်၊ ဤသို့ ဒေသနာတော်များ အထင်အရှားရှိနေသည်ကို ထောက်ဆ၍ ငရဲနှင့် နတ်ပြည်တို့ ဧကန်ရှိသည်ဟု သံသယ ကင်းကင်း ရှင်းရှင်း မှတ်ယူရာ၏၊

ယင်းသို့ ဘုရားရှင် ဟောတော်မူသည့်အတိုင်း ဧကန်ရှိသော ငရဲနှင့် နတ်ပြည်တို့ကို ဧကန်ရှိ၏ဟု ယုံကြည်ခြင်းသည် အစွဲအလမ်း ဥပါဒါန် လုံးဝ မဟုတ်၊ သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ်သာ ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ငရဲနှင့် နတ်ပြည်ကို ယုံကြည်ချက်သည် စုဒိတကတို့ စွပ်စွဲသည့်အတိုင်း အကန်းယုံ အရမ်းယုံ မဟုတ်ချေ၊ မဟုတ်ပုံကို ဤသို့ သိရာ၏၊

ဣဓ မဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ (ပ) သော တံ ဓမ္မံ သုတွာ တထာဂတေ သဒ္ဓံ ပဋိလဘတိ (ဒီ၊၁၊၅၈)။

မြန်မာပြန်

မင်းမြတ် ပူဇော်ထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် “ဝိဇ္ဇာ” အကျင့် “စရဏ” နှင့် ပြည့်စုံတော်မူသော, ကောင်းသော စကားကို ဆိုတော်မူတတ်သော, လောကကို သိတော်မူသော, ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော, နတ်လူတို့၏ ဆရာဖြစ်တော်မူသော (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူကြ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွဖြစ်သော ဤလောကနှင့် သမဏဗြဟ္မဏမင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊

ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အခြားဇာတ် အမျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊

ဤသို့ စသော ဘုရားရှင် ရွှေနှုတ်တော်ထွက် ဓမ္မစက်ဒေသနာတော်နှင့်အညီ ဘုရားရှင်၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကြီးကို သက်ဝင်ယုံကြည်သောအားဖြင့် ထိုဉာဏ်တော်ကြီးဖြင့် မျက်မှောက်ပြုလျက် ဟောကြားအပ်သော ငရဲဘုံ နတ်ဘုံတို့ ရှိသည်၏ အဖြစ်ကို ယုံကြည်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် “ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ကို တစ်ခမ်းတစ်နား တည်ဆောက်ခဲ့သူ လက်သမားသည်လည်း ထိုသည့် ဥပါဒါန်အစွဲဖြစ်သည် ဟူ၍ ကျွန်ုပ်တို့ သိခဲ့ရလေပြီ” ဟူသော ဦးဥက္ကဋ္ဌ၏ ရေးသားဟောပြောချက်သည် ပြဆိုခဲ့ပြီးသော ဘုရားဟော ဒေသနာတော်များကို ယုံမှား သံသယဖြစ်အောင် ဖျက်ဆီးသော အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းရ်ဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) (ဂ) အမှတ် စောဒနာကို စိစစ်သုံးသပ်ချက်

၁၁။ (ဂ) အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘုံဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် အစွဲဥပါဒါန်သွင်းသော တရားမျိုး ဖြစ်ရာ၏၊ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား စာအုပ်၊ စာမျက်နှာ-၇၁)

ဖော်ပြပါ စကားရပ်သည် ဘုရားဟော ဒေသနာတော်များနှင့် ညီညွတ်သည် သို့မဟုတ် ဆန်ကျင်သည်တို့ကို စိစစ်သုံးသပ်ကြကုန်အံ့ -

တတ္ထ ကတမံ ကမ္မဿကတဉာဏံ၊ အတ္ထိ ဒိန္နံ။ပ။ သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ကမ္မဿကတဉာဏံ။ ဌပေတွာ သစ္စာနုလောမိကံ ဉာဏံ သဗ္ဗညပိသာသဝါ ကုသလာ ပညာ ကမ္မဿကတဉာဏံ (အဘိ၊၂၊၃၄၁)။

မြန်မာပြန်

ထိုဉာဏ်တို့တွင် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော “ကမ္မဿကတဉာဏ်” ဟူသည် အဘယ်နည်း “ပေးလှူရခြင်း၏ အကျိုးသည် ရှိ၏၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊ (ဟုံးခေါ်သော) ယဇ်ငယ် (အလှူငယ်) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးဆက် “ဖလ” အကျိုးရင်း “ဝိပါက” သည် ရှိ၏၊ (တစ်ပါးသော လောက၌ တည်သူ့အတွက်) ဤပစ္စုပ္ပန်လောကသည် ရှိ၏၊ (ဤ လောက၌ တည်သူ့အတွက်) တစ်ပါးသော (တမလွန်) လောကသည် ရှိ၏၊ အမိ၌ ကောင်းစွာ ပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊ အဖ၏ ကောင်းစွာပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း၊ တစ်ပါးသော (တမလွန်) လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားသိစေနိုင်ကုန်သော ရဟန်းပုဏ္ဏားတို့သည် လောက၌ ရှိကုန်၏” ဟု ဤသို့ သဘောရှိသော အကြင် အပြားအားဖြင့် သိမှု “ပညာ”။ပ။ မှန်ကန်စွာ သိမြင်မှု “သမ္မာဒိဋ္ဌိ” သည် ရှိ၏၊ ဤဉာဏ်ကို ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော “ကမ္မဿကတဉာဏ်” ဟူ၍ ဆိုအပ်၏၊ သစ္စာနုလောမိက “ဝိပဿနာ”ဉာဏ်ကို ချန်ထား၍ အလုံးစုံသော အာသဝ၏ အာရုံဖြစ်သော ကုသိုလ်ပညာသည် ကမ္မဿကတဉာဏ် မည်၏၊

ဤ ဒေသနာတော်ဖြင့် အလှူ၏ အကျိုးရှိသည် စသည်ဖြင့် သိတတ်သော လောကီကုသိုလ်ဉာဏ်သည် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော ကမ္မဿကတဉာဏ် မည်၏ဟု ဘုရားရှင် သိစေတော်မူသည်။

ဒါနံ ဒတွာ သီလံ သမာဓိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ပ။ အပ္ပေကစ္စေ ပရနိမ္မိတဝသဝတ္တီနံ သဟဗျတံ ဥပပဇ္ဇန္တိ (အဘိ၊၂၊၄၃၇)။

မြန်မာပြန်

အလှူကို ပေးလှူခြင်းကြောင့် သီလကို ဆောက်တည်ခြင်းကြောင့် ဥပုသ် စောင့်သုံးမှုကို ပြုခြင်းကြောင့် အချို့သူတို့သည် များသော ဥစ္စာနှစ်ရှိသော မင်းမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် စာတုမဟာရာဇ်နတ်။ ပ။ တာဝတိံသာနတ်။ ပ။ ယာမာနတ်။ ပ။ တုသိတာနတ်။ ပ။ နိမ္မာနရတိနတ်။ ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊

ဤဒေသနာတော်ဖြင့် အလှူပေးလှူခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်သုံးခြင်းတို့ကြောင့် မင်းသူဋ္ဌေးမျိုး ပုဏ္ဏားသူဋ္ဌေးမျိုး၊ သူကြွယ် သူဋ္ဌေးမျိုးနှင့် နတ်ပြည် နတ်ဘဝတို့၌ ဖြစ်ကြရသည်ကို ဘုရားရှင် သိစေတော်မူသည်၊ ထိုမှတစ်ပါး ဒါန စသော ကုသိုလ်တို့၏ အကျိုးများကို ဘုရားရှင် ဟောတော်မူအပ်သော သုတ်ပေါင်းများစွာ ရှိပေသည်။

သို့ဖြစ်၍ “အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားဟော ပါဠိတော်များနှင့်အညီ ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိသော ကမ္မဿကတဉာဏ်, အယူဖြောင့်မှန်သော ဒိဋ္ဌိဇုကမ္မကုသိုလ်သာ ဖြစ်သည်။ ဗုဒ္ဓ၏ မိဂဒါဝုန်တရားစာအုပ် စာမျက်နှာ-၁၇၊ ၌လာသော အဘယ်ကုသိုလ် ဒါနသည် အဘယ်ဘုံဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် အစွဲဥပါဒါန်သွင်းသော တရားမျိုးဖြစ်ရာ၏ ဟူသော စုဒိတက သခင်မြတ်ဆိုင်၏ စကားရပ်သည်ကား ပြဆိုအပ်ခဲ့ပြီးသော ဘုရားဟောဒေသနာတော်များကိုပင် အစွဲဥပါဒါန်သွင်းသော တရားများဟု ထိပါးပုတ်ဖတ်စွပ်စွဲရာ ရောက်ခြင်းကြောင့် ဓမ္မကို အဓမ္မဟု ပြဆိုရာ ရောက်သည်၊ ထို့ပြင် ကုသိုလ်ဒါန ယုံကြည်မှုကို ဥပါဒါန်ဟု သမုတ်ပြီး ဖျက်ဆီးသောကြောင့် ကံ, ကံ၏အကျိုးကို ပယ်ဖျက်သော ပူရဏကဿပစသော တိတ္ထိဆရာကြီးတို့၏ ဝါဒမျိုးသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) ဃ+ည+ဍ+ အမှတ်ပြ စေဒနာတို့ကို သုံးသပ်ချက်

၁၂။(ဃ) မနောကမ်-(ဝါ) ဟဒယဝတ္ထု (သို့မဟုတ်) ဦးနှောက်ရုပ်တို့ဖြင့် ပြုလုပ်၍ ရသောအမှု (လူသေလူဖြစ်၊ ဒုတိယအကြိမ်ရိုက်၊ နှာ-၄၈)

(ည) မနမှာ နှလုံးအိမ် ဟဒယဝတ္ထု၌ လည်ပတ်နေသော သွေးအစဉ်ကိုကောက်မှ အဓိပ္ပာယ် ရှင်းစရာရှိပေသည်၊ ဤနှလုံးသွေးသည်သာ သညာက္ခန္ဓာဖြစ်သော ဦးဏှောက်၏ လုပ်ငန်းကို အားပေးဆက်သွယ်နေသောကြောင့် မနကို ကောက်ခြင်း ဖြစ်သည်၊

(သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ၊ ပဌမတွဲ နှာ-၆၀)

(ဍ) ဟဒယဝတ္ထု ဆိုတဲ့ မနောအကြည်ရုပ် (အနတ္တရောင်ခြည်၊ နှာ-၁၀၃)

(ဎ) မနောခေါ်သော ဦးဏှောက်မှာ အမှန်အားဖြင့် သညာက္ခန္ဓာ၏ အဓိကအင်္ဂါပင် ဖြစ်ပါ၏၊

(အနတ္တရောင်ခြည်၊ နှာ-၁၄၆)

ဤဖော်ပြပါ စကားရပ်များ၌ “မန” ဟူသော ပုဒ်၏ အရကို ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဦးဏှောက်ရုပ် နှလုံးအိမ်ဟဒယဝတ္ထု၌ လည်ပတ်နေသော သွေးအစဉ်ကို ကောက်ယူထားသည်ကို တွေ့ရ၏၊ (မန-ကို ရုပ်ဟုဆိုလိုရင်း ဖြစ်၏)။

ယင်းအဆိုသည် ဘုရားဟောဒေသနာတော်နှင့် ညီညွတ်ပါ၏လော၊ စိစစ်ကုန်အံ့၊ ပါရာဇိကဏ်ပါဠိတော်(၉၃)၌ “ယံ စိတ္တံ တံ မနော၊ ယံ မနော တံ စိတ္တံ”

အကြင် သဘောတရားသည် စိတ် မည်၏၊ ထို စိတ်မည်သော သဘောတရားသည် မန-မည်၏၊ အကြင် သဘောတရားသည် မန-မည်၏၊ ထို မန-မည်သော သဘောတရားသည် စိတ် မည်၏ ဟူ၍ လည်းကောင်း၊

ကတမံ တသ္မိံ သမယေ စိတ္တံ ဟောတိ၊ ယံ တသ္မိံ သမယေ စိတ္တံ မနော မာနသံ ဟဒယံ။ ပ။ ဣဒံ တသ္မိံ သမယေ စိတ္တံ ဟောတိ (အဘိ၊၁၊၁၈)။

ထိုအခါ စိတ်ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင် ဆန်းကြယ်သော သဘော “စိတ္တံ”၊ အာရုံသို့ ညွတ်၍ သိတတ်သော သဘော “မန” သိခြင်းသဘော “မာနသ” စိတ်နှလုံး “ဟဒယ”။ပ။ ထိုအခါ၌ စိတ်ဟူသည် ဤသဘောဖြစ်၏ ဟူ၍လည်းကောင်း -

မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ။ ပ။ အယံ ဝုစ္စတိ မနောဝိညာဏဓာတု (အဘိ၊၂၊၉၂)။

အာဝဇ္ဇန်းနှင့် တကွဖြစ်သော ဘဝင်စိတ်ကိုလည်းကောင်း၊ စတုဘူမိက ဓမ္မာရုံတို့ကိုလည်းကောင်း စွဲမှီ၍ ဆန်းကြယ်သော သဘော “စိတ္တ” အာရုံကို နှိုင်းချင့်လျက် သိတတ်သောသဘော “မန” သိခြင်းသဘော “မာနသ”၊ အတွင်း၌ ဖြစ်သောသဘော “ဟဒယ” သည်။ ပ။ ဖြစ်၏၊ ဤသဘောကို မနောဝိညာဏဓာတ်ဟူ၍ ဆိုအပ်၏ ဟူ၍လည်းကောင်း များစွာသော ဒေသနာတော်တို့၌ ဘုရားရှင်ကိုယ်တော်တိုင် “မန” ကို “စိတ်” ဟူ၍လည်းကောင်း “မနိန္ဒြေ” “မနောဓာတ်” “မနောဝိညာဏဓာတ်” ဟူ၍လည်းကောင်း ဟောတော်မူသည်။

ယင်းဒေသနာတော်များ၌ “စိတ္တံ မနော မာနသံ ဟဒယံ” ဟု “ဟဒယ” ပုဒ်ကို ထည့်သွင်း၍ ဟောထားခြင်းကြောင့် “ဟဒယဝတ္ထုရုပ်” ဟူသော အနက်ကိုလည်း မသိနားမလည်သူများ ယုံမှားဖွယ် ရှိနေရကား အဋ္ဌသာလိနီအဋ္ဌကထာ(၁၈၄-၁၈၅) ၌ “ဟဒယသဒ္ဒါသည် ရင်ဟူသော အနက်, စိတ်ဟူသော အနက်, ဟဒယဝတ္ထုရုပ်ဟူသော အနက် ၃-မျိုးကို ဟောသော်လည်း ဤ “စိတ္တံ မနော မာနသံ ဟဒယံ” ဟူသော အရာ၌ “ဟဒယ” သဒ္ဒါသည် “စိတ်” ဟူသော အနက်ကို ဟောသည်” ဟု ရှင်းပြတော်မူသည်။

ဤသို့ ဘုရာရရှင်ကိုယ်တော်တိုင် “မန” ကို စိတ်ဟူ၍ ဟောတော်မူခဲ့ပါလျက် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် “မန” ကို “ရုပ်” ဖြစ်အောင် ကြံဆောင် ဖျက်ဆီးနေကြခြင်းသည်ကား ဘုရာရှင်ကိုပင် မိမိတို့ကဲ့သို့ ရုပ်ဝါဒီတစ်ဦးဖြစ်လေဟန် ရေးသားခြင်း ဖြစ်သည်။

ထို့ပြင် သက်သေခံအဖြစ် တင်ပြထားသော ဦးဥက္ကဋ္ဌရေး ဗုဒ္ဓအဘိဓမ္မာစာအုပ်၊ စာမျက်နှာ ၈၉-၌ “မန-ဟူသော ဟဒယရုပ်သည်” ဟူသော စကားရပ် “မနံ စ-ဟဒယရုပ်ကိုလည်းကောင်း” ဟူသော စာပိုဒ်များကို တွေ့ရသည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော သစ္စာဓမ္မစာစောင်၊ အတွဲ-၃၊ အမှတ်-၂၊ နှာ-၁၉ ၌လည်း “မနဆိုတဲ့ မနောကို စိတ်လို့ ဘာသာပြန်လိုက်တဲ့ နေ့ကစပြီး ဗုဒ္ဓဝါဒ အနတ္တသာသနာတော်ကို အတ္တဆိုတဲ့ အမှောင်ထုကြီးဟာ ဖုံးလွှမ်းသွားတော့တာပါပဲ၊ မနကို အတ္တလုပ်ပစ်, စိတ်ကောင် လုပ်ပစ်ကြတာဟာ အနတ္တသာသနာတော်ကို ထိပါးစော်ကားရာ ကျနေပါတယ်” ဟူသော ဦးဥက္ကဋ္ဌ၏ တပည့် ဆောင်းပါးရှင် အရှင်ရေဝတ၏ ရေးသားချက်ကိုလည်း တွေ့မြင်ရပြန်သည်။

ဤရေးသားချက်ကား အခြေအမြစ် လုံးဝမရှိ၊ တစ်နည်းဆိုရသော် ရုပ်ဝါဒ အခြေခံဖြင့် ရေးသားလိုက်ခြင်းသာ ဖြစ်၏၊ အနတ္တလက္ခဏာသုတ်၌ ဝိညာဏံအနတ္တာဟု ဝိညာဉ် (ဝါ) စိတ်ကို အနတ္တဟု တိုက်ရိုက်ဟောထား၏၊ ထို့ကြောင့် မနောကို စိတ်ဟု ဘာသာပြန်သည်နှင့် အမှောင်ထုကြီးကျသည်ဟု ဆိုခြင်းသည် ဘုရားရှင်ကိုပင် စော်ကားလိုက်ခြင်း ဖြစ်ပေသည်။

ယင်းအရေးအသားများသည် “ယံ စိတ္တံ တံ မနော စိတ္တံ မနော မာနသံ” စသော ဒေသနာတော်များကို ဟောတော်မူသော ဒေသကဖြစ်သော ဘုရားရှင်ကိုပင် တိုက်ရိုက်စွပ်စွဲရာရောက်သော ရေးသားချက်များ ဖြစ်ခြင်းကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) (င) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်

၁၃။ (င) ဓမ္မစက္ကပဝတ္တန-ဓမ္မဆိုသည်မှာ လေးပါးသော မဟာဘုတ်တရားများ ဖြစ်လေသည်။

စက္က-ဆိုသည်မှာ ဖြစ်ပျက်နှင့် ပြောင်းလဲပြီ၊ လည်၍ ဖြစ်နေခြင်းကို ဆိုလိုသည်။

ပဝတ္တန-ဆိုသည်မှာ မျက်စိနှင့် မြင်ရသည်ကို ဆိုလိုသည်။

သုတ္တ၏-အဓိပ္ပာယ်မှာ လူသားတို့၏ ထင်ရှားရှိနေသည့် ခန္ဓာကိုယ်ကာယကို ဆိုလိုသည်။

(အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ၊ နှာ-၁၀၂၊၁၀၃)

မှတ်ချက်။ ။ “ဓမ္မ” ကို မဟာဘုတ်ရုပ်ဟု ဘာသာပြန်ခြင်းသည် ဓမ္မစကြာတရားကို ရုပ်ဝါဒတရားဖြစ်အောင် လုပ်ခြင်းပင် ဖြစ်သည်ဟု စောဒကပုဂ္ဂိုလ်များက တင်ပြကြသည်။

စောဒနာစကားရပ်၌ပါသော “ဓမ္မစက္ကပဝတ္တနသုတ္တ” ဟူသော ပုဒ်၏ အနက်မှန်ကို စိစစ်သော် -

ဓမ္မစက္က၏ အနက်

ဓမ္မစက္ကေတိ ပဋိဝေဓဉာဏေ စေဝ ဒေသနာဉာဏေစ။ ဗောဓိပလ္လင်္ကေ နိသိန္နဿ ဟိ စတူသု သစ္စေသု ဥပ္ပန္နံ ဒွါဒသာကာရံ ပဋိဝေဓဉာဏမ္ပိ ဣသိပတနေ နိသိန္နဿ ဒွါဒသာကာရာယ သစ္စဒေသနာယ (ပဝတ္တကံ - သာရတ္ထ) ပဝတ္တိတံ ဒေသနာဉာဏမ္ပိ ဓမ္မစက္ကံ နာမ။ ဥဘယမ္ပိ ဟေတံ ဒသဗလဿ ဥရေ ပဝတ္တဉာဏမေဝ (သံ၊ဋ္ဌ၊၃၊၃၂၈)

မြန်မာပြန် အဓိပ္ပာယ်

ဓမ္မစက် (တရားစက်) ဟူသည်ကား ထိုးထွင်း၍ သိတတ်သော ဉာဏ်တော်နှင့် တရားတော်ကို ဟောကြောင်းဖြစ်သော ဉာဏ်တော်နှစ်ပါးကို ယူရမည်ဟု ဆိုလို၏၊

ချဲ့ဦးအံ့၊ ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ ထိုင်နေတော်မူသော မြတ်စွာဘုရား၏ သစ္စာလေးပါးတို့၌ဖြစ်သော ၁၂-ပါးသော အခြင်းအရာရှိသော ပဋိဝေဓဉာဏ်တော်သည်လည်းကောင်း၊ ဣသိပတနတော၌ ထိုင်နေတော်မူသော မြတ်စွာဘုရား၏ ၁၂-ပါးသော အခြင်းအရာရှိသော သစ္စာဒေသနာကို ဖြတ်စေတတ်သော ဒေသနာဉာဏ်တော်သည် လည်းကောင်း ဓမ္မစက် (တရားစက်) မည်၏၊

မှန်၏၊ ဤဉာဏ်တော်နှစ်ပါးသည် မြတ်စွာဘုရား၏ ရင်၌ဖြစ်သော ဉာဏ်တော်ချည့်သာတည်း။

ဤအဋ္ဌကထာနှင့်အညီ “ဓမ္မစက္က” ဟူသောပုဒ်သည် “အဆက်ဆက် လည်တတ် ဖြစ်တတ်သော ပဋိဝေဓဉာဏ်” ဟူသော အနက်ကို ဟောသည်၊ (ထို ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တော်ကိုပင် အဆက်ဆက် လည်တတ် ဖြစ်တတ်သော ကြောင့် တရားစက်ဟု ခေါ်ဆိုရသည်။)

သာရတ္ထဒီပနီဋီကာ၊ တတိယအုပ်၊ နှာ-၁၈၁ ၌လည်း ဤအဓိပ္ပာယ်မျိုးကိုပင် ဖွင့်ပြထားသည်၊ စကားအဆို အနည်းငယ်သာ ကွဲလွဲသည်။

ပဝတ္တန၏ အနက်

ပဝတ္တန ဟူသောပုဒ်သည် (ပ-ရှေးရှိသော ဝတုဓာတ်+ယုပစ္စည်း၊ ယု-ကို အနပြု၍ ပြီးသောပုဒ် ဖြစ်သည်) ဖြစ်စေခြင်း ဖြစ်စေရာ ဖြစ်စေကြောင်း ဟူသော အနက်တို့ကို ဟောသည်။

သုတ္တ သဒ္ဒါ၏ အနက်

အတ္ထာနံ သူစနတော သုဝုတ္တတော၊ သဝနတောထ သူဒနတော။
သုတ္တာဏာ သုတ္တသဘာ, ဂတော စ “သုတ္တ” န္တိ အက္ခာတံ (ဝိ၊ဋ္ဌ၊၁၊၁၅။ ဒီ၊ဋ္ဌ၊၁၊၁၈။ အဘိ၊ဋ္ဌ၊၁၊၂၀)။

မြန်မာပြန် အဓိပ္ပာယ်

အကျိုး (အနက်) တို့ကို ထင်ရှားပြတတ်သောကြောင့်လည်းကောင်း၊ ကောင်းစွာဟောရာ ဖြစ်သောကြောင့် လည်းကောင်း၊ သီးတတ်ဖြစ်စေတတ်သောကြောင့်လည်းကောင်း၊ မျဉ်းကြိုး ပန်းသီချည်နှင့် တူသောကြောင့် လည်းကောင်း သုတ္တ (သုတ်) မည်၏ ဟူ၍ ဆိုအပ်၏၊

ထို့ကြောင့် ဓမ္မစက္ကပဝတ္တနသုတ္တဟူသည် -

(က) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ထင်ရှားပြတတ်သော ဒေသနာတော်၊
(ခ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ကောင်းစွာဟောရာ ဒေသနာတော်၊
(ဂ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို သီးတတ် (ဖြစ်စေတတ်) သော ဒေသနာတော်၊
(ဃ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို သွန်ချတတ် (ယိုစီးတတ်) သော ဒေသနာတော်၊
(င) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ကောင်းစွာ စောင့်ရှောက်တတ်သော ဒေသနာတော်၊
(စ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော မျဉ်းကြိုး (ပန်းသီချည်)နှင့် တူသော ဒေသနာတော်ဟု ဆိုလိုသည်။

ဤကား ဓမ္မစက္ကပဝတ္တနသုတ္တ သဒ္ဒါ၏ အနက်အဓိပ္ပာယ်မှန်ပေတည်း။

ဤသို့ စိစစ်သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းကြောင့် (င) အမှတ်ပြ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ နှာ-၁၀၂၊ ၁၀၃ တို့၌ ဓမ္မကို မဟာဘုတ် ရုပ်စသည်ဖြင့် ရေးထားသော စကားရပ်များသည် ထေရဝါဒ ပိဋကတ်လာ ပါဠိဝေါဟာရများကို တမင်သက်သက် ပျက်စီးစေလိုသော စေတနာဆိုးဖြင့် ရေးသားသော ရုပ်ဝါဒီတို့၏ စကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) (စ) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်

၁၄။ (စ) ဒိဋ္ဌုပါဒါန်=အယူစွဲ၊ ဤအယူစွဲရာ၌ (ဒိဋ္ဌိ+ဥပါဒါန်) ဟူ၍ ဆိုထားရာ သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ဟူ၍ ခွဲခြားခြင်း မရှိသည်ကို သတိပြုအပ်ပေသည်။ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ-၈၉)

ဤစကားရပ်၌ (ဒိဋ္ဌိ+ဥပါဒါန်) ဟု သာမညဆိုထား၍ သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ဟု ဝိသေသအားဖြင့် ခွဲခြားခြင်းမရှိသောကြောင့် သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ နှစ်မျိုးလုံး ဥပါဒါန် ဖြစ်သည်ဟု ဆိုလိုကြောင်း တွေ့ရသည်။ ဤသို့ ရေးသားမိခြင်းသည် ပထမကြီး, ပထမကျော်, ဓမ္မာစရိယ, သင်ရိုးကျမ်းဂန်များဖြစ်သော ပိဋကတ်ကျမ်းဂန်လေ့လာနည်းများကို မသင်ယူဖူးသဖြင့် ပုဒ်ကို မြင်ကာမျှဖြင့် ထင်ရာမြင်ရာ ရေးသားမိခြင်း ဖြစ်ပေသည်။

အထက်ပါ စုဒိတက စကားနှင့် ပတ်သက်၍ စိစစ် ဖော်ပြပေအံ့။

အတ္ထာ ပကရဏာ လိင်္ဂါ၊ ဩစိတျ ကာလ ဒေသတော။
သဒ္ဒတ္ထာ ဝိဘဇိယန္တိ၊ န သဒ္ဒါယေဝ ကေဝလံ။
ဟူသော သဒ္ဒသာရတ္ထဇာလိနီကျမ်းလာ ဥပဒေသ ဂါထာနှင့် အညီ သဒ္ဒါအနက်ကို ဝေဖန်ရာ၌ -

(၁) အတ္ထ=ဤသဒ္ဒါ၏ ဤသို့သော အနက်ကို ယူလျှင် အကျိုးရှိ မရှိကို လည်းကောင်း၊
(၂) ပကရဏ=ဤအနက်သည် အရာဌာနနှင့် သင့် မသင့်ကိုလည်းကောင်း၊
(၃) လိင်္ဂ=ဤလိင်ရှိသော သဒ္ဒါသည် ဤအနက်ကို ဟောနိုင် မဟောနိုင်ကို လည်းကောင်း၊
(၄) ဩစိတျ=အသင့်ယုတ္တိ ရှိ မရှိကို လည်းကောင်း၊
(၅) ကာလ=အချိန်ကာလ ရာသီဥတုနှင့် သင့် မသင့်ကို လည်းကောင်း၊
(၆) ဒေသ=အရပ်ဒေသနှင့် သင့် မသင့်ကို လည်းကောင်း၊

ဤကဲ့သို့ သင့် မသင့် ရာ မရာ ချိန်ထိုးဆင်ခြင်၍ ဝေဖန်ရာ၏၊ သဒ္ဒါပုဒ် သက်သက်မျှကိုသာ ကြည့်၍ ကျဉ်းမြောင်းစွာ မဝေဖန်ရပေ။

ဤ ဒိဋ္ဌုပါဒါနပုဒ် အနက်ကို ဝေဖန်ရာ၌ အကုသိုလ် အရာဌာနဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိကိုသာ ဒိဋ္ဌုပါဒါန်ဟု ယူရသည်၊ သမ္မာဒိဋ္ဌိကို ဒိဋ္ဌုပါဒါန်ဟု အလျှင်းမယူရ၊ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဤသို့ ဟောကြား၏၊

တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ။ ပ။
ဝိပရိယာသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ။ ဌပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ သဗ္ဗပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ (အဘိ၊၁၊၂၄၁)။

မြန်မာပြန်

ထိုဥပါဒါန်လေးပါးတို့တွင် ဒိဋ္ဌုပါဒါန်ဟူသည် အဘယ်နည်း၊ “ပေးလှူခြင်း အကျိုးသည် မရှိ၊ ယဇ်ကြီး အလှူကြီး ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ဟုံးခေါ်သော ယဇ်ငယ် အလှူငယ် ပူဇော်ရခြင်း အကျိုးသည် မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးဆက်ဖလ, အကျိုးရင်းဝိပါတ်သည် မရှိ၊ ဤ ပစ္စုပ္ပန်လောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့်ပြုခြင်း၏ အကျိုးအပြစ်သည် မရှိ၊ အဖ၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့်ပြုခြင်း အကျိုးအပြစ်သည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့ မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း ကိုယ်ပိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန် ကောင်းစွာ ကျင့်ကုန်သော သမဏဗြဟ္မဏတို့သည် လောက၌ မရှိကုန်” ဟု ဤသို့ သဘောရှိသော အကြင် အမြင်မှားမှုသဘော ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့၌ ပါဝင်သော သဘော။ ပ။ ဖောက်ပြန်မှားယွင်းသော စွဲလမ်းခြင်း သဘောရှိ၏၊ ဤဆိုခဲ့ပြီးသော သဘောကို ဒိဋ္ဌုပါဒါန် ဟူ၍ ဆိုအပ်၏၊ နွာခွေးစသည်တို့၏ အလေ့အကျင့်တို့ကို စင်ကြယ်၏ဟု ပြင်းစွာယူမှု စွဲလမ်းမှု သီလဗ္ဗတုပါဒါန်ကို လည်းကောင်း၊ အနတ္တဖြစ်သော ရုပ် နာမ်တို့ကို အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု စွဲလမ်းမှု အတ္တဝါဒုပါဒါန်ကိုလည်းကောင်း ချန်ထား၍ အလုံးစုံသော အမြင်မှားမှုသည်လည်း ဒိဋ္ဌုပါဒါန် မည်၏ဟု ဘုရားရှင်ကိုယ်တော်တိုင်လည်း မိစ္ဆာဒိဋ္ဌိကိုသာ ဒိဋ္ဌုပါဒါန်ဟု ဟောတော်မူသည်။

ထို့ကြောင့် (စ) အမှတ်ပြ စကားရပ်သည် ဘုရားဟော ပါဠိတော်များကို ပြက်ရယ်ပြုလျက် ဘုရားရှင်၏ ဒေသနာဓမ္မကို ဆန့်ကျင်သော အဓမ္မဝါဒဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

အမှတ် (၁၅) ဆ၊ စျ အမှတ်ပြ ဘဝတဏှာ ဝိဘဝတဏှာပုဒ်တို့ကို စိစစ် သုံးသပ်ချက်

၁၅။ စောဒက ဆရာတော်များက -

(ဆ) ဝိဘဝတဏှာကတော့ ကိုယ့်မှာ မရှိတဲ့ ဘဝ လှမ်းပြီး စိတ်ကူးယဉ်လိုတဲ့ တဏှာပေါ့ (ဘဝစည်းစိမ်စွဲပေါ့)၊ (အတွဲ-၁၊အမှတ်-၈၊ သစ္စာဓမ္မ စာစောင်၊ ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာမှ)

(စျ) ဘဝတဏှာ=ဘဝ၏အဖြစ်ကို တွယ်တာစွဲမက်ခြင်း၊

ဝိဘဝတဏှာ=ဘဝ၏ ဂုဏ်ပကာသန စည်းစိမ်ကို လိုလားစုံမက်ခြင်း၊ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား၊ ၇၀-၇၁)

ဤစကားရပ်များကို ထုတ်ပြ၍ အဋ္ဌကထာအဖွင့်များနှင့် မညီသော အနက်များ ဖြစ်ပါသည်ဟု သာမညအားဖြင့် ပထမဦးစွာ စောဒနာကြသည်။

ရူပါရူပဘဝေ တဏှာ ရူပတဏှာ (အဘိ၊ဋ္ဌ၊၁၊၃၉၈)။
ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝ၌ တပ်မက်သော တဏှာသည် ဘဝတဏှာ ဖြစ်၏၊

ဥစ္ဆေဒသင်္ခါတေ ဝိဘဝေ တဏှာ ဝိဘဝတဏှာ (အဘိ၊ဋ္ဌ၊၁၊၃၉၈)။
သတ္တဝါသေလျှင် ပြတ်သွားသည်၊ ဘဝဆက်မဖြစ်တော့ဟု ယူဆသောအားဖြင့် ဘဝပြတ်ခြင်းဟူသော ဝိဘဝ၌ တပ်မက်သော တဏှာသည် ဝိဘဝတဏှာ မည်၏၊

သဿတဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဝိဘဝတဏှာတိ ဝုစ္စတိ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)။
သဿတဒိဋ္ဌိ (လူသေလူဖြစ် မြဲ၏ စသော အယူမှား) နှင့် တကွ ဖြစ်သော လောဘကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊

ဥစ္ဆေဒဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဝိဘဝတဏှာတိ ဝုစ္စတိ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)။
ဥစ္ဆေဒဒိဋ္ဌိ (သေလျှင် ပြီးရော နောက်ဘဝမရှိဟု ယူသော အယူ)နှင့် တကွ ဖြစ်သော လောဘကို ဝိဘဝတဏှာ ဟူ၍ ဆိုအပ်၏၊

ဟူသော အဋ္ဌကထာသာဓကတို့ဖြင့် အနက်အမှန်ကို ဖော်ပြလျက် ဝိသေသအားဖြင့် ထပ်ဆင့် စောဒနာတင်သွင်းကြသည်။

သုံးသပ်ချက်

ယင်းစောဒနာစကားရပ်၌ ပါသော (စျ)အမှတ်ပြ “ဘဝတဏှာ=ဘဝ၏ အဖြစ်ကို တွယ်တာစွဲမက်ခြင်း” ဟူသော စကားရပ်သည် “ဘဝတဏှာတိ ဘဝပတ္ထနာ (ဘဝတဏှာဟူသည် ဘဝကို တောင့်တခြင်းတည်း)” ဟူသော အဋ္ဌသာလိနီအ၏ကထာ၊ နှာ ၉၄-၌လာသော စကားရပ်နှင့် ညီညွတ်သကဲ့သို့ ထင်ရသော်လည်း စောဒကဆရာတော်များ ထုတ်ဆောင်ကိုးကားသည့် ယင်းအဋ္ဌသာလိနီအဋ္ဌကထာ၊ နှာ-၃၉၈-၌လာသော “ရူပါရူပဘဝေ တဏှာ ဘဝတဏှာ ရူပဘဝ အရူပဘဝ၌ တပ်မက်သော တဏှာသည် ဘဝတဏှာဖြစ်သည်)”ဟု ဘဝ၏အရကို ရူပဘဝ, အရူပဘဝဟု ဝိသေသမ, ၍ ဖွင့်ပြသည့် စကားရပ်က သာလွန်၍ ခိုင်ခံ့သောကြောင့်လည်းကောင်း သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၀၄)၌ -

“ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ ရူပါရူပဘဝရာဂဿ စ စျာနနိကန္တိယာ စေတံ အဓိဝစနံ (ဤဘဝတဏှာဟူသော အမည်သည် ကာမဘဝကို တောင့်တခြင်း၏ အစွမ်းဖြင့် ဖြစ်သော ရာဂ၏လည်းကောင်း၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂ၏လည်းကောင်း၊ ရူပဘဝ အရူပဘဝကို တပ်မက်သော ရာဂ၏ လည်းကောင်း၊ စျာန်ကို နှစ်သက်တတ်သော တဏှာ၏ လည်းကောင်း အမည် ဖြစ်သည်)” ဟု အထူးပိုမိုစုံလင်စွာ ဖွင့်ပြထားခြင်းကြောင့် လည်းကောင်း ဘဝတဏှာ၏အရ ကာမကို တောင့်တခြင်း အစွမ်းအားဖြင့် ဖြစ်သော ရာဂ, သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော ရာဂ, ရူပဘဝ အရူပဘဝကို တပ်မက်သော ရာဂ, စျာန်ကို နှစ်သက်သော တဏှာတို့ကို ကောက်ယူမှသာ ပြည့်စုံ မှန်ကန်သော အနက် ဖြစ်သည်၊ ထို့ကြောင့် ဘဝတဏှာ=ဘဝ၏အဖြစ်ကို တွယ်တာစွဲမက်ခြင်းဟူသော စုဒိတကတို့ ဖွင့်ဆိုချက်သည် မပြည့်စုံသော အနက်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

ဝိဘဝတဏှာ၏ အနက်ကိုပြရာ ဝိသေသစေဒနာ၌ စောဒကဆရာတော်များ ထုတ်ဆောင်ကိုးကားအပ်သော အဋ္ဌကထာ စကားရပ်များသည် ပြည့်စုံခိုင်ခံ့၍ သာဓကမြောက်ပြီးဖြစ်ရကား “ဥစ္ဆေဒဒိဋ္ဌိ (သေလျှင် ပြီးရော နောက်ဘဝမရှိ ဟူသော အယူ)နှင့် တကွဖြစ်သော လောဘကို ဝိဘဝတဏှာဟု ဆိုအပ်၏” ဟူသော စောဒကဆရာတော်များ ပြဆိုအပ်သော အနက်ကိုပင် ဝိဘဝတဏှာ၏ အနက်မှန်ဟု ဝိနည်းဓိုရ်ဆရာတော်များ လက်ခံတော်မူကြသည်၊ စုဒိတကပုဂ္ဂိုလ်တို့ ပြဆိုအပ်သော ဝိဘဝတဏှာ၏ အနက်သည်ကား အဋ္ဌကထာနှင့် မညီညွတ်သော မှားယွင်းသော အနက်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) ဇ-အမှတ်ပြ စကားရပ်နှင့် (ဌ) အမှတ်ပြ စကားရပ်တို့ကို စိစစ်ချက်

စောဒကဆရာတော်တို့က အောက်ပါစုဒိတကတို့၏ ရေးသားချက်များကို သက်သေပြ၍ ဤသို့ စောဒနာကြ၏၊

၁၆။ (ဇ) ကာမဘဝဟူရာ၌ အာရုံငါးပါးတို့၏ ဣန္ဒြေကို မစောင့်စည်းမှု ဖြစ်ပေါ်လာသည့် စွဲလမ်းမှု တဏှာဥပါဒါန် တရားဖြစ်ပြီး -

$ ရူပဘဝဆိုသည်မှာ မိမိ၏ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်တို့ ဖြစ်သည်။
$ အရူပဘဝဆိုသည်မှာ ဤရုပ်တရားကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟူသော နာမ်၏ အဖြစ်သဘောတို့သာ ဖြစ်သည်။ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ ၂၁၀)

(ဌ) ကာမဘဝ=မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်တို့က အဆင်း, အသံ, အနံ့, အရသာ, ထိတွေ့ဖွယ်ရာတို့၌ တိုက်ဆုံသောအခါ တပ်မက် တွယ်တာသော လိုချင်မှု။

ရူပဘဝ=မိမိ၏ ခန္ဓာကိုယ် ရုပ်တရားအပေါ် (ဝါ) ခန္ဓာငါးပါးအပေါ်တွင် မြဲသည်ဟူသော သတ်မှတ်ချက်ဖြင့် မပျက်ချင်သော ရူပဘဝ။

အရူပဘဝ=မအိုချင် မသေချင် မနာချင်သော အဖြစ်၊ အိုမှုအတွက် စိုးရိမ် ပူပန်ခြင်း, နာမှုအတွက် စိုးရိမ်ပူပန်ခြင်း, သေမှုအတွက် စိုးရိမ်ပူပန်ခြင်း အဖြစ် စိတ်ကူးများစွာဖြင့် ပစ္စက္ခအရေးကိစ္စမှ လွန်မြောက်သော ဘဝစည်းစိမ်အမျိုးမျိုးတို့ကို စိတ်ကူးနှင့် ကြံဆ၍ ရနိုင်၏၊ ရောက်နိုင်၏၊ သုံးသပ်ခြင်းမရှိဘဲ (အရူပ-ဘဝ) စိတ်ကူးစွဲ အဖြစ်များ။ (ဗုဒ္ဓဝါဒ ပြဿနာများ စာစောင်၊ စာမျက်နှာ-၅-၆)

ဤစာပိုဒ်တို့ကို ထုတ်ပြ၍ စုဒိတကတို့ ရေးသားသော အဓိပ္ပာယ်သည် ဘုရားဟော အဘိဓမ္မာလာ အဓိပ္ပာယ် မဟုတ်၊ မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသပါဠိတော်နှင့် အဋ္ဌကထာ, မဟာနိဒ္ဒေသပါဠိ၊ အဋ္ဌကထာတို့ကို ကိုးကား၍ “ကာမဘုံ၌ ဖြစ်စေတတ်သော ကံကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်ကို လည်းကောင်း၊ ကာမ(၁၁)ဘုံကိုလည်းကောင်း၊ ထို၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များကိုလည်းကောင်း ကာမဘဝခေါ်ဆိုရပါသည် ဘုရား၊ ရူပဘဝ အရူပဘဝတို့ကိုလည်း ထိုနည်းပင်ဖြစ်ပါ၍ အကျယ်သွင်း၍ ရှင်းမပြတော့ပါ ဘုရား” ဟု စောဒနာခဲ့ကြသည်။

စောဒကပုဂ္ဂိုလ်တို့ သက်သေအဖြစ်တင်ပြအပ်သော စုဒိတကတို့၏ စကားရပ်တို့ကို သုတ္တ, သုတ္တာနုလောမ စသည်သို့ သက်ဝင်သည် မသက်ဝင်သည်ကို ပါဠိတော်၊ အဋ္ဌကထာ သာဓကတို့ဖြင့် စိစစ်ကြပေအံ့။

ဘဝနှစ်ပါးနှင့် အရကောက်

ဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝ ဟူ၍ နှစ်ပါးအပြားရှိ၏၊

(၁) ကမ္မဘဝ

ထိုနှစ်ပါးတို့တွင် ပုညာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော ကာမာဝစရကုသိုလ် စေတနာ ၈-ပါး, ရူပါဝစရကုသိုလ် စေတနာ ၅-ပါး, အပုညာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော အကုသိုလ်စေတနာ ၁၂-ပါး, အာနဉ္ဇာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော အရူပါဝစရကုသိုလ် စေတနာ ၄-ပါး ဤလောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးသည် ကမ္မဘဝ မည်၏၊

ဘုံဘဝသို့ ရောက်စေတတ်သည် ဖြစ်၍ “ဘဝဂါမိကံ” ဟု ခေါ်ဆိုအပ်သော စေတနာနှင့် ယှဉ်သော အဘိဇ္ဈာစသော တရားတို့သည်လည်း ကမ္မဘဝ မည်၏၊

ထိုကမ္မဘဝသည် ကာမကမ္မဘဝ, ရူပကမ္မဘဝ, အရူပကမ္မဘဝ ဟူ၍ ၃-ပါးအပြားရှိ၏၊ ထို ၃-ပါးတို့တွင်-

(က) ကာမကုသိုလ် စေတနာ ၈-ပါး၊ အကုသိုလ် စေတနာ ၁၂-ပါးသည် ကာမကမ္မဘဝ မည်၏၊
(ခ) ရူပကုသိုလ် စေတနာ ၅-ပါးသည် ရူပကမ္မဘဝ မည်၏၊
(ဂ) အရူပကုသိုလ် စေတနာ ၄-ပါးသည် အရူပကမ္မဘဝ မည်၏၊

ထို့ကြောင့် -
ဘဝေါ ဒုဝါဓေန အတ္ထိ ကမ္မဘဝေါ၊ အတ္ထိ ဥပပတ္တိဘဝေါ။ တတ္ထ ကတမော ကမ္မဘဝေါ၊ ပညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနဉ္ဇာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ၊ သဗ္ဗမ္ပိ ဂဝါမိကမ္မံ ကမ္မဘဝေါ (အဘိ၊၂၊၁၄၃)။

ဟု ဝိဘင်းပါဠိတော်၌ ဘုရားရှင်ဟောတော်မူသည်။

(၂) ဥပပတ္တိဘဝ

ကံကြောင့်ဖြစ်ရသော အကျိုးဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်သည် ဥပပတ္တိဘဝမည်၏၊

ထိုဥပပတ္တိဘဝသည် (က) ကာမဘဝ (ခ) ရူပဘဝ (ဂ) အရူပဘဝ (ဃ) သညာဘဝ (င) အသညာဘဝ (စ) နေဝသညာနာသညာဘဝ (ဆ) ဧကဝေါကာရဘဝ (ဇ) စတုဝေါကာရဘဝ (စျ) ပဉ္စဝေါကာရဘဝ ဟူ၍ ၉-ပါး အပြားရှိ၏၊

(က) ကာမဝိပါက်စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်ဟု ဆိုအပ်သော ခန္ဓာငါးပါးသည် ကာမဥပပတ္တိဘဝ မည်၏၊
(ခ) ဃာန၊ ဇိဝှာ၊ ကာယဝိညာဏ် ကြဉ်သော ပဉ္စဝေါကာရ ဝိပါက် စိတ်စေတသိက်နှင့် ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒ၊ ဣတ္ထိ ဘာဝရုပ် ပုမ္ဘာဝရုပ်ကြဉ်သော ကမ္မဇရုပ်ဟု ဆိုအပ်သော ခန္ဓာငါးပါးသည် ရူပဥပပတ္တိဘဝမည်၏၊
(ဂ) အရူပ စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် အရူပဥပပတ္တိဘဝမည်၏၊
(ဃ) နေဝသညာနသညာယတနဝိပါက်စိတ် ကြဉ်သော လောကီဝိပါက်စိတ်စေတသိက်နှင့် ကမ္မဇရုပ်တည်း ဟူသော ခန္ဓာငါးပါးသည် အမှတ်သညာရှိသော သညာဘဝ မည်၏၊
(င) အသညသတ်ဘုံ၌ဖြစ်သော ဇီဝိတနဝကကလာပ်ရုပ်တည်းဟူသော ခန္ဓာတစ်ပါးသည် (အမှတ်သညာမရှိသော) အသညာဘဝမည်၏၊
(စ) နေဝသညာနသညာယတနဝိပါက် စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် နေဝသညာနာသညာဘဝ မည်၏၊ (ရုန့်ရင်းကြမ်းတမ်းသော အမှတ်သညာ မရှိခြင်းကြောင့် သညာရှိသည်ဟုလည်း မဆိုထိုက်၊ သိမ်မွေ့သော အမှတ်သညာရှိခြင်းကြောင့် သညာမရှိဟုလည်း မဆိုထိုက်သောကြောင့် နေဝသညာနာသညာဘဝဟု ဆိုသည်)။
(ဆ) အသညသတ်ဘုံ၌ ဖြစ်သော ဇီဝိတနဝကကလာပ်ရုပ်တည်းဟူသော ခန္ဓာတစ်ပါးသည် ဧကဝေါကာရဘဝမည်၏၊
(ဇ) အရူပဝိပါက် စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် စတုဝေါကာရဘဝ မည်၏၊
(စျ) ကာမဝိပါက်၊ ရူပဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်တည်းဟူသော ခန္ဓာငါးပါးသည် ပဉ္စဝေါကာရဘဝ မည်၏၊ (ဝိသုဒ္ဓိ၊၂၊၂၀၆-၂၀၇။) (အဘိ၊ဋ္ဌ၊၂၊၁၇၅) (ဝေါကာရသဒ္ဒါသည် ရောပြွမ်းသော ခန္ဓာဟူသော အနက်ကိုဟော၏၊ ခန္ဓာတစ်ပါးရှိသော ဘဝ၊ ခန္ဓာလေးပါးရှိသောဘဝ၊ ခန္ဓာငါးပါးရှိသော ဘဝ -ဟု ဆိုလိုသည်။)

ထို့ကြောင့် ဝိဘင်္ဂပါဠိတော်၌ -
တတ္ထ ကတမော ဥပတ္တိဘဝေါ။ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ သညာဘဝေါ အသညာဘဝေါ နေဝသညာနာသညာဘဝေါ ဧကဝေါကာရဘဝေါ စတုဝေါကာရဘဝေါ ပဉ္စဝေါကာရဘဝေါ၊ အယံဝုစတ္တိ ဥပပတ္တိဘဝေါ -
ဟု မြတ်စွာဘုရား ဟောတော်မူသည်။

ဤကား “ဥပါဒါန ပစ္စယာ ဘဝေါ” ဟူသော ဒေသနာတော်၌လာသောဘဝပုဒ်၏ အနက်အဓိပ္ပါယ် အမှန်ပေတည်း။

ထို့ပြင် သုတ္တနိပါတ်ပါဠိတော်၊ ဂုဟဋ္ဌကသုတ်၌ လာသော “အဝီတတဏှာသေ ဘဝါဘဝေသု” စသော ပါဌ်တို့၌ ဘဝအရကိုကား ကာမ-၁၁ဘုံ၊ ရူပ-၁၆ ဘုံ၊ အရူပ-၄ ဘုံ တည်းဟူသော ဩကာသဘုံကို ယူရသည်။

ထို့ကြောင့် မဟာနိဒ္ဒေသ ပါဠိတော်၊ ယင်း၏ အဋ္ဌကထာတို့၌ အောက်ပါအတိုင်း ဖွင့်ပြတော်မူသည်။

ဘဝါဘဝေသူတိ ဘဝါဘဝေ။ ပ။ ကာမဘဝေ။ပ။ ရူပဘဝေ။ပ။ အရူပဘဝေ (မဟာနိဒ္ဒေသ၊၃၆)။

ဧတ္ထ စ ကာမဘဝေ ရူပဘဝေ အရူပဘဝေတိ ဩကာသဘဝံ သန္ဓာယ ဝုတ္တံ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၃၇)။

ဆက်ဦးအံ့၊ ဤပါဠိ၌ တည်ရာဖြစ်သောဘုံကို ရည်ရွယ်၍ ကာမဘဝေ ရူပဘဝေ အရူပဘဝေ ဟူ၍ ဟောတော်မူအပ်ပြီ။

ထို့ပြင် စောဒက ဆရာတော်များက -

ကမ္မဉ္စ ဥပပတ္တိစ ဥဘယမ္ပေတမိဓ ကာမဘဝေါတိ ဝုတ္တံ၊ ဧသနယော ရူပါရူပဘဝေသု (မ၊ဋ္ဌ၊၁၊၂၂၃)။

“ကံကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော အကျိုးကိုလည်းကောင်း ဤနှစ်ပါးစုံကို ကာမဘဝဟု ဆိုအပ်၏၊ ရူပဘဝ အရူပဘဝတို့၌ ဤနည်းပင်တည်း” ဟူသော သာဓကအရ ကာမဘုံ၌ ဖြစ်စေတတ်သော ကံနှင့် အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်များကို ကာမဘဝဟု ခေါ်ဆိုရကြောင်း တင်ပြကြသည်။

ထိုစကားရပ်သည် ကာမကမ္မဘဝနှင့် ကာမဥပပတ္တိဘဝနှစ်ပါးကို တစ်ပေါင်းတည်း ပြု၍ ပြဆိုသော စကားရပ်ဖြစ်ခြင်းကြောင့် -

သင်္ဂဟတော ပန ကမ္မဘဝံ ဥပပတ္တိသဝဉ္စ ဧကတော ကတွာ ကာမုပါဒါနပစ္စယာ သဒ္ဓိံ အန္တောဂဓေဟိ ဧကော ကာမဘဝေါ (ဝိသုဒ္ဓိ၊၂၊၂၀၇) -

ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် ညီညွတ်နှီးနှောမိရကား သင့်မြတ်လှပေသည်။

ကာမဘုံ၌ဖြစ်သော စိတ် စေတသိက် ရုပ်များကို ကာမဘဝခေါ်သည်ဟူသော စောဒက ဆရာတော်များ၏ စကားရပ်သည်လည်း အဝတ္ထာဘဝကို ရည်ရွယ်သော အရာဌာန ဖြစ်နိုင်ပေသည်။

ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာလာ စကားရပ်များကို အချင်းချင်းညှိ၍ ကောက်နုတ်ချက် ထုတ်ယူလိုက်သော် -

(က) ကာမဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း၊ ကာမ ၁၁-ဘုံသည်လည်းကောင်း ကာမဘဝမည်၏၊
(ခ) ရူပဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း။ ရူပ ၁၆-ဘုံသည်လည်းကောင်း ရူပဘဝမည်၏၊
(ဂ) အရူပဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း၊ အရူပ ၄-ဘုံသည်လည်းကောင်း အရူပဘဝမည်၏ ဟူသော မှန်ကန်သော အနက် အဓိပ္ပာယ်ကို ထင်ရှားစွာသိရပေသည်။

ထို့ကြောင့် (ဇ) အမှတ်ပြ “၃၁-ဘုံဝါဒ ဗုဒ္ဓ လက်မခံ” စာအုပ်ပါ ရူပဘဝ အရူပဘဝ ဖွင့်ဆိုချက် စကားရပ်သည်လည်းကောင်း၊ (ဌ) အမှတ်ပြ “ဗုဒ္ဓဝါဒ ပြဿနာများ” စာစောင်ပါ စကားရပ်သည်လည်းကောင်း သုတ္တယ သုတ္တာနုလောမ ဖြစ်သော ပါဠိတော် အဋ္ဌကထာသို့ မသက်ဝင်၊ သုတ္တယ သုတ္တာနုလောမနှင့် ဆန့်ကျင်သော အတ္တနောမတိမျှသာဖြစ်သည်၊ ရုပ်ဝါဒအဖြစ်ဖြင့် ဖန်တီးခြင်းသာဖြစ်သည်။ ထို့ကြောင့် အဓမ္မစကားသာဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

အမှတ်(၁၅) ဋ-အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်

၁၇။ (ဋ) ဤကိုယ်ကာယသည်ပင် ပဉ္စာရုံ ကာမငါးမျိုးတို့ဖြစ်စေသော သဘောလက္ခဏာများ ရှိသည့်အတွက် ကာမဘုံ၊ ရုပ်ပစ္စည်းတို့အား သူ့ဌာနနှင့်သူ အချိုးအစားကိုက်ညီအောင် ဖွဲ့စည်းထားသည့် ကိုယ်အတွက် ရူပဘုံ၊ အသက်ဇီဝ- ဟူသော ထွက်သက်ဝင်သက်ရှိနေသည့်အတွက် အရူပဘုံဟု အရှင်းဆုံး ကောက်ယူရန် အလွယ်ဆုံးဖြစ်ပေသည်။ (ဗုဒ္ဓဝိပဿနာ (၁) နှာ-၆၁-၆၂)

ဖော်ပြပါစကားရပ်၌ ဆိုလိုရင်းကား လက်ရှိ ဤကိုယ်ကာယသည်ပင် ကာမဘုံ ရူပဘုံ အရူပဘုံဖြစ်သည်၊ (ငရဲ ပြိတ္တာနှင့် နတ်ဗြဟ္မာဘုံတို့ သီးခြားမရှိ) ဟု ဆိုလိုရင်းဖြစ်သည်၊ ထိုစုဒိတကတို့ စကားရပ်၏ အမှားအမှန်ကို ဝေဖန်လိုလျှင် ထိုစကားရပ်၏ ရှေ့နောက်စကားရပ်တို့ကိုလည်း သုံးသပ်ဆင်ခြင်ရန် လိုပေသည်၊ ထိုစကားရပ်၏ နောက်၌ -

(က) ထို့ထက်ပို၍ အခြားသော ကာမ ရူပ အရူပ ဘုံများရှိသေးသည်ဆိုက သူ့ဟာသူ ရှိချင်ရှိ၊ မရှိချင်နေ၊ ကြိုက်သလို ယူနိုင်၏၊
(ခ) မသိမမြင်နိုင်သော အရာတွေကို ပြောသံကြား ဆိုသံကြားနှင့် လိုက်နာနေက အယူမှန် အမြင်မှန်ဖြစ်ရန် မလွယ်ပေ၊ မလွယ်ရုံမက သို့လော သို့လော မတင်မကျ မပြတ်မသား ဝိုးတိုးဝါးတား ဖြစ်လာက ဝိစိကိစ္ဆာပင်ဖြစ်နိုင်သည်။
(ဂ) ကိုယ် ဧကန်တကယ် မသိမမြင်နိုင်သော ကိစ္စကို ယုံကြည်သည် ဆိုကတည်းက အယူမှန် မဖြစ်နိုင်၊ ဒိဋ္ဌိသဘောထင်ရှားသက်ရောက်နေသည်။

ဟူသော စကားရပ်တို့ကို တွေ့မြင်ရလေသည်။

ထိုစကားရပ်တို့တွင် (က) အမှတ်ပြ စကားရပ်ကို မိမိ၏ မူလ ဌပနာစကားရပ်ကို သူတစ်ပါးတို့က အပြစ်တင်လာလျှင် ဆင်ဝှေ့ရန်ရှောင်ပြုလုပ်ရန် ရည်ရွယ်၍ ဆိုထားဟန်ရှိသည်။ ယင်းသို့ပင် ဖြစ်သော်လည်း ထိုစကားရပ်ဖြင့်ပင် မူလ ဌပနာစကားရပ်၌ ပြခဲ့ပြီးသော လိုရင်းကောက်ချက်ကို ပို၍ခိုင်မြဲစေခဲ့လေသည်။

(ခ)(ဂ)အမှတ်ပြ စကားရပ်တို့ဖြင့် ဤကိုယ်ကာယမှတစ်ပါး အခြား ကာမ ရူပ အရူပ ဘုံများရှိသေးသည်ဟု ယူလျှင် ဝိစိကိစ္ဆာနှင့် ဒိဋ္ဌိဖြစ်နိုင်သည်ဟု အခြားသူများကို စွပ်စွဲလိုက်ခြင်းဖြစ်သည်။

အထက် စုဒိတကစကားရပ်၌ အရေးအကြီးဆုံး စကားသည်ကား “ကိုယ်ဧကန်တကယ် မသိမမြင်နိုင်သော” ဟူသောစကားရပ်ပင်ဖြစ်သည်၊ ပကတိလူသားဖြစ်သော ဦးဥက္ကဋ္ဌ နှင့် သမာဒိဋ္ဌိသုတေသနသမားတို့လို လူမျိုးက သူတို့၏ မျက်စိနှင့်မြင်၍သိရမှ မှန်သည်၊ မျက်စိဖြင့် မမြင်နိုင်က ဘာမျှမမှန်ဟု တရားသေ ကိုင်ထားနှင့်သည်၊ ဤတရားသေကိုင်ထားသော ရုပ်ဝါဒအမြင်အရ အထက်ပါ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့ကို ဖွင့်ဆိုခြင်းသာဖြစ်သည်။ ရုပ်ဝါဒခံယူချက်နှင့် ဘုရားတရားတော်များကို အနက်ဖွင့်နေကြခြင်းသာဖြစ်လေသည်။

ထို့ကြောင့် ဤကိုယ်ကာယမှတစ်ပါး အခြားသော ကာမ ရူပ အရူပဘုံများ ရှိသေးသည်ဟု ယူလျှင် ဝိစိကိစ္ဆာနှင့် ဒိဋ္ဌိဖြစ်မဖြစ်ကို (ခ) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်ဖြင့်ပင် သိနိုင်လောက်ပြီဖြစ်၍ ထပ်မံ စိစစ်ဖွယ် မလိုပြီ၊ “ဤကိုယ်ကာယသည်ပင် ကာမ ရူပ အရူပဘုံဖြစ်သည်” ဟူသောလိုရင်းစကားရပ်ကိုသာ စိစစ်သုံးသပ်ကြကုန်အံ့။

၅၀။ ထိုစကားရပ်၌ “ဤကိုယ်ကာယ”ဟူသည် (ဗုဒ္ဓဝိပဿနာစာအုပ်ကိုရေးသူ) သခင်မြတ်ဆိုင်၏ မျက်မြင်ဖြစ်သော ကာမဘုံ၌ရှိသော လူသား၏ ကိုယ်ကာယကိုသာ သူဆိုလိုကြောင်းသိသာပေသည်။

ထိုလူသား၏ ကိုယ်ကာယသည် သခင်မြတ်ဆိုင် ပြဆိုသကဲ့သို့ ကာမ ရူပ အရူပဘုံ မဟုတ်ကြောင်းကို ဘဝပုဒ်ကို စိစစ်ခဲ့သော စကားရပ်ဖြင့် သိသာထင်ရှားလေပြီ။

ထို့ပြင်လည်း မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့၌ မြတ်စွာဘုရားသည် ရှေးဦးစွာ မိဂဒါဝုန် တရားပွဲ၌-

“ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ။ပ။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ (ဝိ၊၃၊၁၆)။ (ပဉ္စဝဂ္ဂိယ ကထာ)

ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောက၌ “အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာသိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ” ဟူ၍ ဝန်မခံခဲ့ချေ - ဟူ၍ နတ်ပြည် ဗြဟ္မာပြည်များရှိသည်ကို ဟောပြတော်မူခဲ့သည်။ (မြန်မာပြန် နှာ-၁၈)

ထို့ပြင်လည်း ဝိဘင်္ဂပါဠိတော်(၄၂၇)၌ -

ကာမာဝစရာနံ ဒေဝါနံ၊ ပဋ္ဌမကပ္ပိကာနံ မနုဿနံ၊ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ တိရစ္ဆနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒသာယတနာနိပါတုဘဝန္တိ (အဘိ၊၂၊၄၂၇)”

ဟူ၍ ကာမဝစရ နတ်ဘုံ၊ လူ့ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ၊ တိရစ္ဆာန်ဘုံတို့ကို ဘုရားရှင် ဟောပြတော်မူသည်။

ဝိဘင်္ဂပါဠိတော်(၄၃၇၊၄၃၈-တို့၌ “စာတုမဟာရာဇိကာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ” အစရှိသော ပါဌ်တို့ဖြင့် စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီဟု ၆-မျိုးသော ကာမဝစရနတ်တို့ကို သက်တမ်းနှင့်တကွ ဟောပြတော်မူသည်။

ဝိဘင်္ဂပါဠိတော်(၄၃၉၊၄၄၀- တို့၌ “ပဌမံ စျာနံ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇံတိ” အစရှိသော ပါဌ်တို့ဖြင့် ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာဟူသော ပထမစျာန် ၃-ဘုံ၊ ပရိတ္တဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာဘာ ဟူသော ဒုတိယစျာန် သုံးဘုံ၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဟူသော တတိယစျာန် သုံးဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌဘုံဟူသော စတုတ္ထစျာန် ၇-ဘုံ၊ ဤရူပ ၁၆-ဘုံတို့၌ဖြစ်သော ဗြဟ္မာတို့ကို သက်တမ်းနှင့်တကွ ဟောကြားတော်မူသည်။

ဝိဘင်္ဂပါဠိတော်(၄၄၀၊၄၄၁-တို့၌ “ အာကာသာနဉ္စာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ဝီသတိကပ္ပသဟဿနိ” အစရှိသော ပါဌ်တို့ဖြင့် အာကာသနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံဟူသော အရူပ ၄-ဘုံ၌့ဖြစ်သော ဗြဟ္မာတို့ကို သက်တမ်းနှင့်တကွ ဟောပြတော်မူသည်။

ဤသို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကာမ ၁၁-ဘုံ၊ ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံတို့ကို ဟောတော်မူခဲ့ပါလျက် “ဤကိုယ်ကာယသည်ပင် ကာမ၊ ရူပ၊ အရူပဘုံ ဖြစ်သည်” ဟူသော ဗုဒ္ဓဝိပဿနာ အမည်တပ်ထားသော စာအုပ်ပါ စကားရပ်သည် ပြဆိုခဲ့သော ဗုဒ္ဓဝိပဿနာတော်များကို ဗြာဟ္မဏဝါဒဟု စွပ်စွဲလျက် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားသော အဓမ္မဝါဒသာဖြစ်သည်၊ ဗုဒ္ဓဝိပဿနာ ရေးသူသည် ရုပ်ဝါဒီဖြစ်သောကြောင့် သူ၏ ရုပ်ဝါဒကိုလည်း ပေါ်လွင်စေ ဗုဒ္ဓတရားတော်များကိုလည်း ပျက်စီးစေ ဟူသော အလိုဆိုးဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ရက်ရက်စက်စက် ရေးသား စော်ကားချက်သာဖြစ်၍ ဓမ္မန္တရာယ်စင်စစ်ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ စိစစ်သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) ဏ - အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်

၁၈။ (ဏ) နာမ်ဆိုသည်မှာ ရုပ်ကို အမည်ပေးထားသော သဘောသာဖြစ်သည်။ (ဗုဒ္ဓဝါဒပြဿနာ နှာ -၃၅)

ဤဖော်ပြပါစကားရပ်၏ ဆိုလိုရင်းမှာ နာမ်ဟူသည်မှာ သီးခြားမရှိ၊ ရုပ်၏အမည်သာဖြစ်သည်ဟု သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ ဆိုလိုရင်းဖြစ်သည်။ ထိုစကားကို စိစစ်ဦးအံ့-

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ -
တတ္ထ ကတမံ နာမံ။ ဝေဒနာက္ခန္ဓော။ပ။ အသင်္ခတော စ ဓာတု။ ဣဒံဝုစ္စတိ နာမံ (အဘိ၊၁၊၂၅၆)။

ထိုနာမ်ရုပ်တို့တွင် နာမ်ဟူသည် အဘယ်နည်း၊ ခံစားမှုအစု “ဝေဒနာက္ခန္ဓာ”၊ မှတ်သားမှုအစု “သညာက္ခန္ဓာ”၊ ပြုပြင်မှုအစု “သင်္ခါရက္ခန္ဓာ”၊ အထူးသိမှု(စိတ်)အစု “ဝိညာဏက္ခန္ဓာ” (ကံ စိတ် ဥတု အဟာရ ဟူသော အကြောင်းတို့က) မပြုပြင် မစီရင်အပ်သော နိဗ္ဗာနဓာတ်သည်ရှိ၏၊ ဤတရားအပေါင်းကို နာမ်ဟူ၍ ဆိုအပ်၏ဟု စိတ်-၈၉ပါး၊ စေတသိက် ၅၂-ပါးတည်းဟူသော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာနှင့် အသင်္ခတဓာတ်ဖြစ်သော နိဗ္ဗာန်ကို “နာမ်” ဟူ၍ ဟောတော်မူသည်။

တတ္ထ ကတမံ ရူပံ။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ။ ဣဒံ ဝုစ္စတိ ရူပံ (အဘိ၊၁၊၂၅၆)။

ထိုနာမ်ရုပ်တို့တွင် ရုပ်ဟူသည် အဘယ်နည်း၊ မဟာဘုတ်လေးပါး၊ မဟာဘုတ်လေးပါးကိုမှီ၍ ဖြစ်သောရုပ် ဤတရားအပေါင်းကို ရုပ်ဟု ဆိုအပ်၏ဟု မဟာဘုတ် ၄-ပါး၊ ဥပါဒါရုပ် ၂၄-ပါးတို့ကို ရုပ်ဟူ၍ ဟောတော်မူသည်။

ထိုမှတစ်ပါးလည်း ဘုရားရှင်သည် ဓမ္မသင်္ဂဏီ၊ စိတ္တုပ္ပါဒကဏ္ဍဖြင့် နာမ်ကို ကျယ်ဝန်းစွာ ဝေဖန်ပြတော်မူသည်၊ ရူပကဏ္ဍကဖြင့် ရုပ်ကို ကျယ်ဝန်းစွာ ဝေဖန်ပြတော်မူသည်၊ ဤသို့ ဘုရားရှင်ကိုယ်တော်တိုင် နာမ်နှင့်ရုပ်ကို သရုပ်ထုတ်၍ ဟောတော်မူခဲ့ပါလျက် “နာမ်ဆိုသည်မှာ ရုပ်ကို အမည်ပေးထားသော သဘောသာဖြစ်သည်” ဟု ရေးသားဟောပြောခြင်းသည် ဘုရားရှင်၏ ဒေသနာတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သည်။

ထို့ပြင် စောဒကဆရာတော်များ သက်သေခံအဖြစ်တင်ပြအပ်သော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ စာမျက်နှာ ၁၁၀-၌ “အားလုံးကို ခြုံလိုက်လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ် ခန္ဓာငါးပါးသည် ရုပ်ပစ္စယများသာဖြစ်သည်ကို ပိုင်ပိုင်ကြီး သိအပ်ပေသည်” ဟူ၍လည်းကောင်း၊ ဗုဒ္ဓဝိပဿနာ (၁) နှာ ၆၇-၌ “ရုပ်ကား အခြားမဟုတ်၊ ဤကိုယ်ကောင်ခန္ဓာပဉ္စက ရုပ်အစုအဝေးပင်ဖြစ်သည်” ဟူ၍လည်းကောင်း ခန္ဓာငါးပါးကို ရုပ်ဟု ဆိုထားသည်ကို တွေ့ရပြန်သည်။

ယင်းစကားရပ်များကို ပြောဟောရေးသားခြင်းသည် ဘုရားရှင်၏ ဒေသနာတော်ကို ဖျက်ဆီး၍ ရုပ်ကြမ်းဝါဒထူထောင်ရန် ကြံဖန်ပြုလုပ် အားထုတ်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ ထို့အပြင် ဘုရားတရားတော်များအပေါ် သံသယများဖြစ်ပေါ်စေပြီး ရိုးသားသော ဘာသာဝင်တို့ အသိဉာဏ် ရှုပ်ထွေးစေရန် မိမိတို့၏ ရုပ်ဝါဒကို ဗုဒ္ဓဝါဒထဲ သွတ်သွင်းခြင်းသာ ဖြစ်သည်ဟူ၍လည်းကောင်း ဗုဒ္ဓဝါဒကို ရုပ်ဝါဒ ဖြစ်လေဟန် လီဆယ်လုပ်ကြံရေးသားပြီး ဗုဒ္ဓဓမ္မကို စော်ကားခြင်းဖြစ်သည်ဟူ၍လည်းကောင်း ဝိနည်းဓိုရ်ဆရာတော်တို့က စိစစ်သုံးသပ်တော်မူကြသည်။

အမှတ် (၁၅) တ၊ ထ၊ ဒ၊ ဓ - အမှတ်ပြ စကားရပ်တို့ကို စိစစ်သုံးသပ်ချက်

၁၉။ (တ) စွဲလမ်းမှု ဥပါဒါန်အကြောင်းကြောင့် ဘဝတစ်ခုဖြစ်လာ၏၊

“(ပစ္စုပ္ပန်ဘဝ = ကျောင်းသားဘဝမှ စာရေးဘဝ၊ စာရေးဘဝမှ အရာရှိဘဝ၊ အိမ်ထောင်သည်ဘဝ စသည်များ)

(ထ) ဘဝဖြစ်ခြင်းကြောင့် ဇာတိ=အလုပ်တစ်ခု တာဝန်တစ်ခု၌ရောက်ခြင်း။
(ဒ) ဇရာ = လုပ်သက်ရင့်လာခြင်း
(ဓ) မရဏ = အလုပ်မှ ရပ်နားခြင်း၊ အလုပ်ထုတ်ခံရခြင်း။ (ဗုဒ္ဓဝိပဿနာ၊၂၊နှာ-၁၇၆)

ဤစကားရပ်တို့ကို ထုတ်ပြ၍ ယင်းစကားရပ်များသည် “ဗုဒ္ဓဝိပဿနာ” ဟူသော စာအုပ်အမည်နှင့်ပင် မလိုက်လျောအောင် ပရမ်းပတာ ဘာသာရေး ပြက်လုံးများဖြစ်နေကြောင်းဖြင့် စောဒကဆရာတော်တို့က စောဒနာကြသည်။

ထိုစကားရပ်များသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌လာသော ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏပုဒ်တို့ကို ဖွင့်ပြသော စကားရပ်များ ဖြစ်ရကား ပဋိစ္စသမုပ္ပါဒ် အဖွင့် ကျမ်းဂန် အဆိုအမိန့်များဖြင့် စိစစ်ကုန်အံ့ --

ဘဝသဒ္ဒါ၏ အနက်မှန်

“ဥပါဒါနပစ္စယာ ဘဝေါ” ဟူသော ပါဌ်၌ “ဘဝ” ၏ အရကို ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးကို ယူရ၏၊ မှန်လှ၏၊ ဥပါဒါန် ဟူသောအကြောင်းကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးတို့ ဖြစ်ကြရသည်။

ဥပါဒါန်ကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးတို့ ဖြစ်ပုံ

ဤလောက၌အချို့ ပုဂ္ဂိုလ်သည် တစ်ဆင့်ကြားဖြင့်ဖြစ်စေ၊ မြင်ဖူးသည်ကို အတုလိုက်သဖြင့်ဖြစ်စေ “လူ့ပြည်ဝယ် မင်းသူဌေးမျိုးစသည်တို့၌လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်၌လည်းကောင်း ငါးဖြာအာရုံ ကာမဂုဏ်တို့ ပြည့်စုံကြွယ်ဝ၏” ဟု ကြံစည်စဉ်းစား၍ ထိုကာမဂုဏ်တို့ကို ရရှိရန် မသူတော်တို့၏ တရားကို နာယူမိခြင်း စသည်တို့က လှည့်စားအပ်သည် ဖြစ်၍ “ဤကံဖြင့် ငါးဖြာအာရုံ ကာမဂုဏ်တို့ ပြီးစီး ပြည့်စုံလိမ့်မည်” ဟု အောက်မေ့မှတ်ထင်ကာ ကာမုပါဒါန် ဟူသော အကြောင်းကြောင့် ကာယဒုစရိုက် စသည်ကိုသော်လည်း ပြုလုပ်ဝံ့၏၊ ထိုသူသည် ဒုစရိုက်ပြည့်ဝခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်ရလေသည်။

ထို့ပြင် မျက်မှောက် ကာမဂုဏ်တို့ကို တောင့်တ၍ဖြစ်စေ၊ ရပြီးကာမဂုဏ်တို့ကို မပျက်စီး မဆုတ်ယုတ်အောင် စောင့်ရှောက်ရ၍ဖြစ်စေ ကာမုပါဒါန် အကြောင်းကြောင့် ကာယဒုစရိုက်စသည်တို့ကို ပြုလုပ်၏၊ ထိုသူသည် ဒုစရိုက်ပြည့်ဝခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်ရလေသည်။

ထိုအပါယ်ဘုံ၌ ထိုပုဂ္ဂိုလ်၏ ဥပပတ္တိဘဝဖြစ်ကြောင်းကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်ကုန်၏၊ ဤကား ကာမုပါဒါန်ကြောင့် အကုသိုလ် ကမ္မဘဝနှင့် အပါယ်ဥပပတ္တိဘဝဖြစ်ပုံတည်း။

ကာမုပါဒါန်ကြောင့် ကာမကုသိုလ် ကမ္မဘဝနှင့် လူ့ပြည် နတ်ပြည်တို့၌ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံ၊ ကာမုပါဒါန်ကြောင့် ရူပ-အရူပ ကုသိုလ်ကမ္မဘဝနှင့် ရူပ-အရူပ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံ၊ ဒိဋ္ဌုပါဒါန်၊ အတ္တဝါဒုပါဒါန်၊ သီလဗ္ဗတုပါဒါန်တို့ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံတို့ကိုလည်း ဤနည်းအတူပင် သိကြရာ၏၊ (ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ဒု၊ နှာ- ၂၀၈၊၂၀၉။ သမ္မောဝိနောဒနီ အဋ္ဌကထာ၊ ၁၇၆၊၁၇၈)

ဤသို့ ဥပါဒါန်ကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝ နှစ်ပါးဖြစ်ခြင်းကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ” ဟူသော ပါဌ်၌ “ဘဝ”၏ အရကို ကမ္မဘဝ၊ဥပပတ္တိဘဝ နှစ်မျိုး ယူရသည်။

“ဘဝပစ္စယာ ဇာတိ”ဟူသောပါဌ်၌ “ဘဝ”၏ အရကို ကမ္မဘဝကိုသာ ယူရသည်။ ဥပပတ္တိဘဝကို မယူရ၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ -

ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ သော ဟိ ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ၊ သော စ ပန ကမ္မပစ္စယ ဥပနိဿယ ပစ္စယဝသေန ဒွေဓာ ပစ္စယော ဟောတီတိ (ဝိသုဒ္ဓိမဂ်၊ ၂။ ၂၁၀)။

ကမ္မဘဝက ဇာတိအား ကျေးဇူးပြုပုံ

ကမ္မဘဝက ဇာတိအား ကျေးဇူးပြုပုံကို ဘယ်ပုံဘယ်နည်း သိနိုင်သနည်းဟူမူ သတ္တဝါတို့မှာ ပြင်ပအကြောင်းများ တူညီနေသော်လည်း ယုတ်ညံ့ခြင်း မွန်မြတ်ခြင်းစသော ထူးခြားကွဲလွဲချက်ကို တွေ့မြင်နေရသောကြောင့် သိနိုင်ပေသည်။ ချဲ့ပြပါဦးမည် -

မိဘတို့၏ သုက်သွေး၊ အစာ အာဟာရစသော ပြင်ပ အကြောင်းများ တူညီနေသော်လည်း အမွှာညီနောင်နှစ်ဦးတို့ပင် အချင်းချင်း မတူဘဲ တစ်ဦးက ယုတ်ညံ့အောက်ကျ အရုပ်ဆိုး ပညာမဲ့ဖြစ်ကာ တစ်ဦးက အထက်တန်းကျ လှပတင့်တယ် ပညာကြွယ်နေခြင်းစသော ထူးခြားချက်ကို တွေ့မြင်နေရသည်၊ ထိုထူးခြားချက်သည် အကြောင်းမဲ့ မဖြစ်နိုင်ပေ၊ အကယ်၍ အကြောင်းမဲ့ ဖြစ်သည်ဆိုပါလျှင် ထိုထူခြားချက်သည် အခါခပ်သိမ်း ဖြစ်နေရပေမည်၊ သတ္တဝါအားလုံးမှာ ဖြစ်နေရပေမည်၊ စင်စစ်မူကား ထို ယုတ်ညံ့ခြင်း၊ မွန်မြတ်ခြင်း စသော ထူးခြားချက်သည်အခါခပ်သိမ်း ဖြစ်နေသည်မဟုတ်၊ သတ္တဝါအားလုံးမှာ ဖြစ်နေသည် မဟုတ်ခဲ့၊ ထို့ကြောင့် ယုတ်ညံ့ခြင်း မွန်မြတ်ခြင်းစသော ထူးခြားချက်သည် အကြောင်းမဲ့ဖြစ်သည်မဟုတ် (ဧကန်အကြောင်းရှိရမည်)၊ ထိုအကြောင်းကား အဘယ်နည်း၊ ကမ္မဘဝဟူသော အကြောင်းကြောင့်သာ ဖြစ်သည်ဟု သိရာ၏၊ မှန်လှပေ၏၊ ကံသည် သတ္တဝါတို့ အယုတ်အမြတ်စသည့် ထူးခြားကွဲလွဲရခြင်း၏ အကြောင်းရင်းပေတည်း၊ ထို့ကြောင့် ဘုရားရှင်က -

“ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏိတတာယ” (မ၊၃၊၂၄၄) ဟု ဟောတော်မူခဲ့ပေသည်။ ထို့ကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းဖြစ်သည်ကို သိရပေသည်။

လိုရင်း အချုပ်မှာ “ဥပါဒါန ပစ္စယာ ဘဝေါ” ၌ “ဘဝ” အရကို လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးဟူသော “ကမ္မဘဝ” နှင့် ကံကြောင့်ဖြစ်သော အကျိုးဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟူသော “ဥပပတ္တိဘဝ” နှစ်မျိုးကို ယူရသည်။

“ဘဝပစ္စယာ ဇာတိ” ဟူ၍ “ဘဝ” အရကို လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးဟူသော “ကမ္မဘဝ”ကိုသာ ယူရသည်ဟု သံသယကင်းစွာ မှတ်ယူရ၏၊

ဇာတိသဒ္ဒါ၏ အနက်မှန်

ဇာတိသဒ္ဒါသည် “ဘဝ” ဟူသော အနက် “အပေါင်း” ဟူသော အနက် “သင်္ခတတရားတို့၏ ဦးစွာ ဖြစ်မှု အမှတ်အသား” ဟူသော အနက် “ပဋိသန္ဓေခန္ဓာ” ဟူသောအနက် “ မွေးဖွားခြင်း” ဟူသော အနက် “အမျိုးဇာတ်” ဟူသောအနက် “အရိယသီလ” ဟူသော အနက်တို့ကို ဟော၏၊

ဤ “ဘဝပစ္စယ ဇာတိ” ဟူသောပါဌ်၌ “ဇာတိ” သဒ္ဒါသည်ကား “ပဋိသန္ဓေခန္ဓာ” ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် အမိဝမ်း၌ ကိန်းအောင်းရသော “ဂဗ္ဘသေယျက” သတ္တဝါတို့၏ ပဋိသန္ဓေ တည်နေသည်မှစ၍ အမိဝမ်းမှ ဖွားမြင်ထွက်မြောက်သည့်တိုင်အောင် ဤအတွင်း၌ဖြစ်သော ခန္ဓာတို့သည် လည်းကောင်း၊ အညှိ၌(စိုစွတ်စေးကပ်ရာ၌) ဖြစ်သော “သံသေဒဇ” သတ္တဝါနှင့် ကိုယ်ထင်ရှားဖြစ်သော “ဥပပတ္တိ” သတ္တဝါတို့၏ ပဋိသန္ဓေခန္ဓာတို့သည်လည်းကောင်း “ဇာတိ” မည်၏၊ ဤကား ပရိယာယ်နည်းဖြစ်သည် မုချအားဖြင့် ထိုထို ဘုံဘဝ၌ ဖြစ်ကြကုန်သော သတ္တဝါတို့၏ ထိုထိုခန္ဓာတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် “ဇာတိ” မည်၏၊

ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ -
သွာယမိဓ ကဗ္ဘသေယျကာနံ ပဋိသန္ဓိတော ပဋ္ဌာယ ယာဝ မာတုကုစ္ဆိမှာ နိက္ခမနံ၊ တာဝ ပဝတ္တေသု ခန္ဓေသု။ ဣတရေသံ ပဋိသန္ဓိခန္ဓေသွေဝါတိ ဒဋ္ဌဗ္ဗော။ အယမ္ပိ စ ပရိယာယကထာဝ။ နိပ္ပရိယာယတော ပနတတ္ထ တတ္ထ နိဗ္ဗတ္တမာနာနံ သတ္တာနံ ယေ ယေ ခန္ဓာ ပါတု ဘဝန္တိ၊ တေသံ တေသံ ပဌမပါတုဘာဝေါ ဇာတိ နာမ (ဝိသုဒ္ဓိ၊၂၊၁၂၉) -
ဟု မိန့်ဆိုတော်မူသည်။

သမ္မောဟ ဝိနောဒနီအဋ္ဌကထာ နှာ ၈၉-၌လည်း အလားတူ အဓိပ္ပာယ်များကို ဖွင့်ပြတော်မူ၏၊ စကားအဆို အနည်းငယ်သာထူးသည်။

ထို့ပြင် ဝိဘင်္ဂပါဠိတော်၌ -
“တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ” (အဘိ၊၂၊၁၄၄)
စသည်ဖြင့် ဟောတော်မူ၏၊

မြန်မာပြန်

ထိုအဝိဇ္ဇာပစ္စယာ သင်္ခါရာစသော ပဋိစ္စသမုပ္ပါဒ်ဘဝဟူသော အကြောင်းကြောင့်ဖြစ်သော ဇာတိ- ဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယ၌ အကြင်ဖြစ်ခြင်းသဘော၊ ကောင်းစွာဖြစ်ခြင်းသဘော၊ သက်ရောက်ခြင်းသဘော၊ ထင်ရှားဖြစ်ပေါ်ခြင်းသဘော၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသဘော၊ အာယတနတို့ကို ရခြင်းသဘောသည်ရှိ၏၊ ဤသဘောကို ဇာတိဟု ဆိုအပ်၏၊

လိုရင်းအချုပ်ကား ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေသည်မှ စ၍ ဖွားမြင်ရာအခါတိုင်အောင် ဤအတွင်း၌ဖြစ်သောခန္ဓာတို့သည်လည်းကောင်း၊ သံသေဒဇ ဥပပတ်သတ္တဝါတို့၏ ပဋိသန္ဓေအခါ၌ဖြစ်သော ခန္ဓာတို့သည်လည်းကောင်း ပရိယာယ်အားဖြင့် ဇာတိမည်၏၊ ထိုထိုသတ္တဝါတို့၏ ထိုထို ဘုံဘဝ၌ ခန္ဓာတို့၏ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် မုချအားဖြင့် ဇာတိမည်၏ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊

ဇရာသဒ္ဒါ၏ အနက်မှန်

ဇရာသည်
(၁) သင်္ခတ တရားတို့၏ ရင့်ရော် အိုမင်းခြင်း အမှတ်အသားဖြစ်သောဇရာ၊
(၂) သွားကျိုးခြင်း၊ ဆံဖြူခြင်းစသည် သမုတ်အပ်သော တစ်ဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းနွမ်းဆွေးမြည့်ခြင်းဟူသော ဇရာ -

အားဖြင့် ၂-ပါး အပြားရှိ၏၊ ထို ၂-ပါးတို့တွင် သွားကျိုးခြင်း၊ ဆံဖြူခြင်းစသည် သမုတ်အပ်သော တစ်ဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းနွမ်းဆွေးမြည့်ခြင်းကို ဤအရာ၌ ဇရာဟု အလိုရှိအပ်၏၊

ထိုဇရာသည် ခန္ဓာတို့၏ ရင့်ကျင်ခြင်း လက္ခဏာရှိ၏၊ သေခြင်းသို့ကပ်၍ဆောင်ခြင်း ကိစ္စရှိ၏၊ အရွယ်ကောင်းခြင်းကို ဖျက်ဆီးတတ်သော သဘောဟု ဉာဏ်ထဲ၌ထင်လာတတ်၏ (ဝိသုဒ္ဓိ၊၂၊၁၃၂)။

ဝိဘင်းပါဠိတော်၌လည်း -
တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနောသံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဇရာ (အဘိ၊၂၊၁၄၄)။

ထိုဇရာ၊ မရဏ နှစ်ပါးတို့တွင် ဇရာ- ဟူသော သဘောတရားသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယ၌ အကြင်လျော့ပါးခြင်း (အိုမင်း ယုတ်လျော့ခြင်း) သဘော ရင့်ရော် ဆွေးမြည့်ကြောင်း သဘော သွားကျိုးကြောင်း သဘော ဆံပင်ဖြူကြောင်းသဘော အရေတွန့်ကြောင်းသဘောသည် ရှိ၏၊ ဤသဘောကို ဇရာ-ဟု ဆိုအပ်၏ဟု ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့လေသည်။

ထိုဇရာသည် ထင်ရှားသော ပါကဋဇရာ၊ ဖုံးကွယ်အပ်သော (မထင်ရှားသော) ပဋိစ္ဆန္နဇရာ- ဟူ၍ ၂-မျိုးပြား၏၊ ထို ၂-မျိုးသောဇရာတို့တွင် ဆံဖြူသွားကြွေ အရေတွန့်ခြင်း စသည်တို့ကို မြင်ရခြင်းကြောင့် ရုပ်တရားတို့၌ဖြစ်သော ဇရာသည် ထင်ရှားသော “ပါကဋဇရာမည်၏၊ နာမ်တရားတို့၌ဖြစ်သော ဇရာသည်ကား ထိုကဲ့သို့သော ဖောက်ပြန်မှု ထူးခြားသော အမူအရာကို မမြင်နိုင်သောကြောင့် ဖုံးကွယ်အပ်သော (မထင်ရှားသော) ပဋိစ္ဆန္နဇရာ မည်၏၊

သွားကျိုးခြင်း၊ ဆံပင်ဖြူခြင်း၊ အရေတွန့်ခြင်းတို့သည် (မျက်စိဖြင့် မြင်ရသောကြောင့်) အဆင်းရုပ်သာဖြစ်သည်၊ ဇရာမဟုတ်၊ ထိုသွားကျိုးခြင်း ဆံဖြူခြင်း၊ အရေတွန့်ခြင်းတို့ကို မျက်စိဖြင့် မြင်ပြီးနောက် “ဇရာကြောင့် ဤသွားတွေ ကျိုးရသည်၊ ဇရာကြောင့် ဤဆံပင်တွေဖြူရသည်၊ ဇရာကြောင့် ဤအရေတွေ တွန့်ရသည်” ဟု မနောဒွါရဖြင့် ကြံစည်၍ ဇရာကိုသိရသည်၊ ထို့ကြောင့် ခန္ဓာတို့၏ အိုမင်းရင့်ရော်ခြင်းသည် ဇရာမည်၏ ဟု မှတ်သိရာ၏ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၉၃)။

မရဏသဒ္ဒါ၏ အနက်မှန်

မရဏသည် -
(၁) သင်္ခတတရားတို့၏ ပျက်စီးခြင်း အမှတ်အသားဖြစ်သော မရဏ
(၂) တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေအစဉ်၏ ပြတ်စဲခြင်း မရဏ- ဟူ၍ ၂-ပါး အပြားရှိ၏၊
ထို ၂-ပါးသော မရဏတို့တွင် ဤ “မရဏမ္ပိ ဒုက္ခံ”ဟူသော ပုဒ် “ဇာတိပစ္စယာ ဇရာမရဏ” ဟူသောပုဒ်တို့၌ တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေအစဉ်၏ ပြတ်စဲခြင်းကိုသာ “မရဏ”ဟု ယူရသည်။

ထိုမရဏသည် ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်း လက္ခဏာရှိ၏၊ ကွေကွင်းရခြင်း ကိစ္စရှိ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၁၃၃)

ဝိဘင်းပါဠိတော်၌လည်း -
“တတ္ထ ကတမံ မရဏံ၊၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ” (အဘိ၊၂၊၁၄၄)။

ထိုဇရာ၊ မရဏ နှစ်ပါးတို့တွင် မရဏဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယမှ ရွေ့လျောခြင်းသဘော ရွေ့လျောသည်၏ အဖြစ် ပြိုကွဲခြင်းသဘော ပျောက်ကွယ်ခြင်းသဘော မစ္စုဟု ခေါ်ဆိုအပ်သော သေခြင်းသဘော၊ အဆုံးကို ပြုခြင်းသဘော ခန္ဓာတို့၏ ပျက်စီးပြိုကွဲခြင်းသဘော အလောင်းကောင်ကို ပစ်ချခြင်းသဘော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းသဘောသည်ရှိ၏၊ ဤသဘော အလုံးစုံကို မရဏဟု ဆိုအပ်၏ ဟု ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူလေသည်။

ထိုသေခြင်း “မရဏ”သည် (၁) ခဏိကမရဏ၊ (၂) သမ္မုတိမရဏ၊ (၃) သမုစ္ဆေဒမရဏ -ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်-

(၁) ပဝတ္တိအခါ ရုပ်နာမ်တရားတို့၏ ပျက်စီးခြင်းသည် ခဏတိုင်း ခဏတိုင်း ဖြစ်သော သေခြင်း “ခဏိကမရဏ” မည်၏၊
(၂) တိဿ သေပြီ၊ ဖုဿ သေပြီ၊ မောင်ဘ သေပြီ၊ မလှ သေပြီ စသည်ဖြင့် ပြောဆိုအပ်သော သေခြင်းသည် သမုတ်ခေါ်ဝေါ်အပ်သော သေခြင်း “သမ္မုတိမရဏ” မည်၏၊
(၃) ရဟန္တာပုဂ္ဂိုလ်၏ တစ်ဖန် ပဋိသန္ဓေနေခြင်းမရှိသော သေခြင်းသည် အကြွင်းမဲ့ ပြတ်စဲသော သေခြင်း “သမုစ္ဆေဒမရဏ” မည်၏၊

ဤသုံးမျိုးသော သေခြင်း “မရဏ” တို့တွင် “မရဏမ္ပိ ဒုက္ခံ” ဟူသောပါဌ် “ဇာတိပစ္စယာ ဇရာမရဏံ” ဟူသောပါဌ်တို့၌ “မရဏ” ၏ အရ သမ္မုတိမရဏကိုသာ ယူရသည်။ (သမ္မောဟဝိနောဒနီ -၉၅)

ထို့ကြောင့် တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေ အစဉ်၏ပြတ်စဲခြင်း “ဇီဝိတိန္ဒြိ ပစ္ဆေဒမရဏ” မောင်ဘသေပြီ၊ မလှ သေပြီ စသည်ဖြင့် ပြောဆိုသမုတ်အပ်သော “သမ္မုတိမရဏ”သည် မရဏ မည်၏ ဟု သိရာ၏၊

ဤသို့ ပြဆိုခဲ့ပြီးသည့်အတိုင်း ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ - ဟူသော ပုဒ်တို့၏ အဓိပ္ပာယ်အမှန်ကို ပါဠိတော် အဋ္ဌကထာတို့၌ ဘုရားရှင်နှင့် သာဝကတို့ ဟောကြားမိန့်ဆိုထားပါလျက် ဗုဒ္ဓဝိပဿနာ အမည်ရှိ စာအုပ် ဒုတိယတွဲ၌ (တ၊ ထ၊ ဒ၊ ဓ) အမှတ်ပြ စကားရပ်များကို ရေးသားဖော်ပြခြင်းသည် ဘုရားရှင် ဒေသနာတော်ကို ပြောင်လှောင် ပြက်ချော် သရော်သကဲ့သို့ဖြစ်ရကား ဘုရားရှင်၏ သာသနာတော် ပျက်စီးကွယ်ပျောက်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) န၊ ပ၊ ဖ အမှတ်ပြ စောဒနာချက်ပါ စကားရပ်ကို စိစစ်သုံးသပ်ချက်

၂၀။ (န) ပုဗ္ဗေနိဝါသဉာဏ်ကား -
ပုဗ္ဗေ = ခြောက်နှစ်ကာလ ခါသမယ။ နိ = ထင်ရှားဧကန် အမှန်မရှိသော။ ဝါသ = တပ်မက်စွဲလမ်းခြင်း၏ နှိပ်စက် ညှဉ်းပန်းမှုခံရခြင်းတို့ကို။ ဉာဏ = အမှန်ထွင်းဖောက် အသိဉာဏ်ရ ရောက်ခဲ့လေပြီ။

(ပ) ဒိဗ္ဗစက္ခုဉာဏ်ကား -
စက္ခု = မျက်စိနှစ်ကွင်းဖြင့် မြင်ခြင်းဟူသမျှတို့ကို။ ဒိဗ္ဗ = ရှင်းရှင်းလင်းလင်း အစွဲကင်းပြီး။ ဉာဏံ = အမှန်ထွင်းဖောက် သိမြင်ခြင်းသို့ ရရောက်ခဲ့လေပြီ။

(ဖ) အာသဝက္ခယဉာဏ်ကား -
အာသဝ = တပ်မက်စွဲလမ်းမှုဖြစ်ခြင်းဟူသမျှကို။ ခယ = ကုန်ခန်းချုပ်ငြိမ်းမှု အမှန်သို့ရရှိခြင်းကို။ ဉာဏံ = အမှန်ထွင်းဖောက် သိမြင်ခြင်းသို့ ရောက်ခဲ့လေပြီ။ (အမှန်တရား သုတေသန အမှတ်(၁) စာစောင်၊ စာမျက်နှာ -၇၊ အဘိဓမ္မာ ဆရာစိန်)

အထက်ပါစကားရပ်တို့ကို သက်သေခံအဖြစ် ထုတ်ပြ၍ ဦးဥက္ကဋ္ဌ၏ နောက်လိုက်တို့၏ ရေးသားချက်များသည် အဓမ္မများသာ ဖြစ်ကြောင်း စောဒနာကြ၏၊

တစ်ဖန် ပါရာဇိက,ကဏ္ဍ အဋ္ဌကထာ၊ ဝေရဉ္ဇကဏ္ဍ ဝဏ္ဏနာ၌လာသော စကားရပ်တို့ကို သာဓကတင်၍ ပုဗ္ဗေနိဝါသာနုဿတိစသော ပုဒ်တို့၏အနက်အမှန်ကို စောဒကဆရာတော်တို့က ဖော်ပြပြီးလျှင် သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်မှ ထုတ်ဝေသော အမှန်တရား သုတေသန အမှတ်(၁) စာစောင် စာမျက်နှာ ၇-၌လာသော အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ ပုဗ္ဗေနိဝါသ စသည် ဖွင့်ဆိုချက်တို့မှာ အမှန်တရားကို ရှောင်ရှား၍ အမှားများကိုသာ သုတေသနပြုထားသော စကားများသာဖြစ်ပါသည်ဟု စောဒက ဆရာတော်တို့က တင်ပြ စောဒနာကြသည်။

ယင်းစောဒနာအရ “ပုဗ္ဗေနိဝါသာနုဿတိဉာဏ” စသော ပုဒ်တို့၏ အနက်မှန်ကို ကျမ်းဂန်နှင့် ညှိ၍ စိစစ်ဝေဖန်ကြကုန်အံ့၊ ယင်းသို့ ဝေဖန်ရာ၌ ပရိယတ်အခြေခံမရှိသော ပုဂ္ဂိုလ်များ လွယ်ကူစွာ သိနိုင်ကြရန် သာဓက ပါဌ်တို့ကို အောက်ခြေ၌ သီးခြားထုတ်၍ အဓိပ္ပာယ်မျှကိုသာ ဖော်ပြလျက် ဝေဖန်ကြကုန်အံ့။

(က) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်

ပုဗ္ဗေနိဝါသာနုဿတိဉာဏ (ပုဗ္ဗေ + နိဝါသ + အနု +သတိ +ဉာဏ)
ပုဗ္ဗေ = ရှေးအတိတ်ဘဝ၌
နိဝါသ = နေအပ်ခဲ့ဖူးသော ခန္ဓာ၊ နေအပ်ခဲ့ဖူးသော တရားကို
အနု = အစဉ်လျှောက်၍ (ဝါ) စိတ်ကို ညွတ်စေခြင်း၏ အခြားမဲ့၌
သတိ = အောက်မေ့နိုင်သော သတိနှင့်
ဉာဏ = (ယှဉ်သော) ဉာဏ်။

ဗရှးအတိတ်ဘဝ၌ နေခဲ့ဖူးသော ခန္ဓာ၊ နေခဲ့ဖူးသော တရားကို အစဉ်လျှောက်၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သော ဉာဏ်သည် (ဝါ) ရှေးအတိတ်ဘဝ၌ နေခဲ့ဖူးသော ခန္ဓာ၊ နေခဲ့ဖူးသော တရားကို (စိတ်ကို ညွတ်စေခြင်း၏) အခြားမဲ့သာလျှင် အောက်မေ့နိုင်သော သတိနှင့်ယှဉ်သော ဉာဏ်သည် “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်” မည်၏ဟု အကျဉ်းအားဖြင့် မှတ်သားရာ၏၊

ချဲ့ပြဦးအံ့၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ - ဟူသောပုဒ်၌ “ပုဗ္ဗေ” ဟူသောပုဒ်၏ အရကို ယခု ပစ္စုပ္ပန်ဘဝ၌ ရှေးရှေးသော ရက်၊ လ၊ နှစ် တို့ကို ယူရမည် မဟုတ်၊ ရှေးရှေးသော အတိတ်ဘဝတို့ကို ယူရသည်၊ ထို့ကြောင့် အဋ္ဌကထာတို့၌ “ပုဗ္ဗေ”ကို “အတီတဇာတီသု” ဟု ဖွင့်ပြကြသည်၊ ဘုရားရှင်သည်လည်း “ပုဗ္ဗေနိဝါသ” အရကို “ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော” (တစ်ဘဝ နှစ်ဘဝ) စသည်ဖြင့် ဟောပြတော်မူသည်။

“နိဝါသ” ဟူသောပုဒ်အရ နေခဲ့ဖူးသော ခန္ဓာတို့ကို ယူရသည်၊ နေခဲ့ဖူးသောခန္ဓာ ဟူသည်ကား စွဲမှီ၍ နေခဲ့ဖူးကုန်သော= အဖန်ဖန်ဖြစ်ပြီးကုန်သော မိမိသဏ္ဌာန်၌ဖြစ်၍ ချုပ်ပြီးကုန်သော အတိတ်ဘဝ ခန္ဓာများဖြစ်သည်။

ပုဗ္ဗေ နိဝါသောတိ ပုဗ္ဗေ အတီတဇာတီသု နိဝုတ္ထက္ခန္ဓာ၊ နိဝုတ္ထာတိ အဇ္ဈဝုတ္ထာ အနုဘူတာ အတ္တနော သန္တာနေ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါ (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။

(ပါဌ်အနေအထား အနည်းငယ်မျှ ထူးခြားသည်)

တစ်နည်း - “နိဝါသ” ဟူသော ပုဒ်အရ နေခဲ့ဖူးသော တရားတို့ကို ယူရသည်၊ နေခဲ့ဖူးသော တရားဟူသည်ကား အာရုံပြု၍ နေဖူးသော (တွေ့ကြုံခဲ့ဖူးသော) တရားများဖြစ်သည်။

နိဝုတ္ထဓမ္မာ ဝါ နိဝုတ္ထာ၊ ဂေါစရနိဝါသေန နိဝုတ္ထာ အတ္တနော ဝိညာဏေန ဝိညာတာ ပရိစ္ဆိန္နာ၊ ပရဝိညာဏဝိညာတာပိ ဝါ ဆိန္နဝဋုမကာနုဿရဏာဒီသု (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။

(ပါဌ်အနေအထား အနည်းငယ်မျှသာထူးခြားသည်)

ဤသို့လျှင် ပုဗ္ဗေနိဝါသသည် စွဲမှီ၍ နေခဲ့ဖူးသော = မိမိသန္တာန်၌ဖြစ်၍ ချုပ်ပြီးသော ခန္ဓာ (အဇ္ဈဝုတ္ထနိဝါသ)၊ အရုံပြု၍နေခဲ့ဖူးသော = တွေ့ကြုံခဲ့ဖူးသောတရား (ဂေါစရနိဝါသ)ဟူ၍ ၂-မျိုးရှိသည်။

ထိုအာရုံပြု၍နေခဲ့ဖူးသော တရားဟု ဆိုအပ်သော ဂေါစရနိဝါသသည်လည်း မိမိဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရား၊ သူတစ်ပါး ဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရားဟု ၂-မျိုးရှိ၏၊

မိမိဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရား- ဟူသည် ရှေးအတိတ်ဘဝတို့၌ မိမိခန္ဓာနှင့် ဆက်သွယ်၍ မိမိ၏အမည် အနွယ် အဆင်း အစာအာဟာရ သုခ၊ ဒုက္ခများ မိမိ၏ မိဘဆွေမျိုး အပေါင်းအဖော်စသောသူတို့နှင့် နေရာဌာနများ စသော မိမိ ဝိညာဏ်ဖြင့် တွေ့ကြုံခံစားခဲ့ရသော အာရုံများတည်း။

[စျာန်အဘိညာဉ်ကိုရသော (တိတ္ထိခေါ်သော) သာသနာပ ရသေ့များနှင့် ပစ္စေက ဗုဒ္ဓါသာဝကတို့သည် ဤဆိုခဲ့ပြီးသော မိမိကိုယ်တွေ့ အကြောင်းအရာများကိုသာ အဘိညာဉ်ဖြင့် သိနိုင်ကြသည်။]

သူတစ်ပါးတို့ ဝိညာဏ်ဖြင့် သိအပ်ဖူးသော တရားဟူသည် မိမိကိုယ်တွေ့မဟုတ်ဘဲ သူတစ်ပါးတို့ တွေ့ကြုံ ခံစားခဲ့ရသော အာရုံများဖြစ်သည်၊ စက္ခုပါလထေရ်၏ ဆေးသမားဘဝတုန်းက ပြုလုပ်ခဲ့သောအမှုသည် ဘုရားရှင် ကိုယ်တိုင် ထိုစဉ်က မတွေ့ကြုံခဲ့ရသော်လည်း ဘုရားဖြစ်သည့်အခါ (စက္ခုပါလ၏ ဝိညာဏ်ဖြင့် တွေ့ကြုံခဲ့ရသော အာရုံ အကြောင်းအရာများကို) အဘိညာဉ်ဖြင့် ပြန်၍သိခြင်းမျိုးတည်း။

သံသရာခရီး ပြတ်ပြီးသော ဘုရား ရဟန္တာတို့ကို အောက်မေ့ရာ ကာလစသည်တို့၌ ထိုဘုရား ရဟန္တာတို့၏ ဝိညာဏ်ဖြင့် သိအပ်ခဲ့ဖူးသော မဂ် ဖိုလ် နိဗ္ဗာန် စသောတရားများသည် သိခါပတ္တ= ထိပ်တန်းအကျဆုံး ပုဗ္ဗေနိဝါသဖြစ်သည်၊ ပရိနိဗ္ဗာန်စံပြီးသော ရှေးဘုရား အဆူဆူကို အကြောင်းပြု၍ “ထိုဘုရားရှင်သည် ဤသို့ဤပုံ ဝိပဿနာ ရှုတော်မူ၏၊ ဤသို့ဤပုံ မဂ်ကို ဖြစ်စေတော်မူ၏၊ ဤသို့ဤပုံ ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏၊ ဤသို့ဤပုံ ဝေနေယျတို့အား တရားဟောပြ ဆုံးမတော်မူ၏” ဟု ဤဘုရားရှင်က အဘိညာဉ်ဖြင့် သိတော်မူခြင်းမျိုးတည်း။ (ဤသူတစ်ပါး ဝိညာဏ်ဖြင့် သိအပ်ဖူးသော တရားကို ပြန်သိနိုင်သော အဘိညာဉ်ကား ဘုရားရှင်တို့၏ အဘိညာဉ်သာတည်း။)

တိတ္ထိယာ စ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အတ္တနာ ဒိဋ္ဌကတသုတမေဝ အနုဿရန္တိ။ တထာ သာဝကာ စ ပစ္စေကာဗုဒ္ဓါ စ။ ဗုဒ္ဓါ ပန အတ္တနာ ဝါ ပရေဟိ ဝါ ဒိဋ္ဌကတသုတံ သဗ္ဗမေဝ အနုဿရန္တိ (ဒီ၊ဋ္ဌ၊၂၊၃)။

ဆက်ဦးအံ့၊ တိတ္ထိတို့သည် ရှေးဘဝ၌ နေအပ်ဖူးသော ခန္ဓာကို အစဉ်လျှောက်၍ အောက်မေ့ကုန်လတ်သော် ကိုယ်တိုင် မြင်အပ် ပြုအပ် ကြားအပ်ဖူးသော အာရုံကိုသာလျှင် အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်၏၊ ဘုရားရှင်၏ တပည့်တို့သည်လည်းကောင်း၊ ပစ္စေက ဗုဒ္ဓါသည်လည်းကောင်း ထို့အတူ ကိုယ်တိုင် မြင်အပ် ပြုအပ် ကြားအပ်သော အာရုံကိုသာ အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်၏ ဟူလို။

ပြဆိုခဲ့ပြီးသော နည်း-၃-နည်းတို့တွင် ပထမနည်း အလိုအားဖြင့် “ရှေးအတိတ်ဘဝ၌နေခဲ့ဖူးသော (အဖန်ဖန်ဖြစ်ဖူးကုန် = မိမိသန္တာန်၌ ဖြစ်ချုပ်ပြီးကုန်သော)ခန္ဓာတို့သည် ပုဗ္ဗေနိဝါသ မည်၏၊

ဒုတိယနည်းအလိုအားဖြင့် ရှေးအတိတ်ဘဝ၌ မိမိဝိညာဏ်ဖြင့် အာရုံပြု၍ နေခဲ့ဖူးသော (မိမိကိုယ်တွေ့ဖြစ်သော) မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာနှင့် ပြင်ပ ဗဟိဒ္ဓ အာရုံများသည် ပုဗ္ဗေနိဝါသ မည်၏၊

တတိယနည်း အလိုအားဖြင့် မိမိဝိညာဏ်ဖြင့် အာရုံပြု၍နေခဲ့ဖူးသော တရားသာမက သူတစ်ပါးတို့ ဝိညာဏ်ဖြင့် အာရုံပြု၍နေခဲ့ဖူးသော (ကိုယ်တွေ့ မဟုတ်သော) အာရုံများသည်လည်း ပုဗ္ဗေနိဝါသ မည်၏ - ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊

“ရှေးခြောက်နှစ်ကာလ ခါသမယ၌ ထင်ရှား၏ အမှန်မရှိသော တပ်မက်စွဲလမ်းခြင်း၏ နှိပ်စက် ညှဉ်းပန်းမှုခံရခြင်း” ဟူသော အဘိဓမ္မာ ဆရာစိန်ဆိုသူ ပြန်ဆိုအပ်သော အနက်သည်ကား မည်သည့် ကျမ်းဂန်၌မျှ မရှိသော သဒ္ဒါအနက်လိုက်ဖက်တွဲစပ်၍ လုံးဝမရသော အနက်သာ ဖြစ်သည်၊ ဘုရားရှင်၏ ပုဗ္ဗေနိဝါသ ဉာဏ်တော်ကြီးကို တစ်ဘဝအတွင်း၌သာ ဘောင်ခတ်လို၍ ရှေးခြောက်နှစ်ဟု ဆိုခြင်းဖြစ်သည်၊ တစ်ဘဝအတွင်း၌သာ ဘောင်ခတ်လိုခြင်းသည်လည်း ရုပ်ဝါဒနှင့် ကိုက်ညီအောင် ကြိုးစားခြင်းသာ ဖြစ်ပေသည်။

အနုဿတိ၌ အနုသဒ္ဒါသည် အစဉ်လျှောက်၍ဟူသော “အနုဂတ” အနက်နှင့် အခြားမဲ့ဟူသော “အနန္တရ” အနက်တို့ကိုဟောသည်။

တစ်ဘဝသိပြီးလျှင် နောက်ဘဝတို့ကိုသိ၊ ထိုနောက်ဘဝကို သိပြီးလျှင် ထိုမှ နောက်ဖြစ်သော ဘဝကိုသိ စသည်ဖြင့် ဘဝအစဉ်ကို လျှောက်၍ အောက်မေ့ခြင်းသည် “အနုဂတ” အစဉ်လျှောက်၍ အောက်မေ့ခြင်းဖြစ်သည်၊ ရှေးဘဝတို့၌ နေခဲ့ဖူးသော ခန္ဓာတို့ ထင်လာအောင် အခြေခံဝင်စားအပ်သော ပါဒကစျာနဝီထိနှင့် “ရှေးဘဝ၌ နေခဲ့ဖူးသော ခန္ဓာကို သိအံ့” ဟု ပရိကံပြုသော ဝီထိများမဖြစ်ဘဲ စတုတ္ထစျာန်စိတ်ကို ပုဗ္ဗေနိဝါသသို့ ညွတ်စေခြင်း၏ အခြားမဲ့၌ အောက်မေ့နိုင်ခြင်းသည် “အနန္တရ” အခြားမဲ့၌ အောက်မေ့ခြင်းသည် ထိုသတိနှင့် ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မည်၏၊

ပုဗ္ဗေနိဝါသာနုဿတိတီ ယာယ သတိယာ ပုဗ္ဗေနိဝါသံ အနုဿရတိ။ သာ ပုဗ္ဗေနိဝါသာနုဿတိ။ ဉာဏန္တိ တာယ သတိယာ သမ္ပယုတ္တဉာဏံ (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။

ပုဗ္ဗေနိဝါသာနုဿတိ- ဟူသည်ကား၊ အကြင်သတိဖြင့် ရှေးအတိတ်ဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာကို၊ ဝါ၊ ရှေးအတိတ်ဘဝ၌ နေအပ်ခဲ့ဖူးသော တရားကို၊ အစဉ်လျှောက်၍ အောက်မေ့နိုင်၏၊ ထိုသတိသည် ပုဗ္ဗေနိဝါသာနုဿတိမည်၏၊ ဉာဏ်ဟူသည်ကား ထိုသတိနှင့် ယှဉ်သော ဉာဏ်တည်း။

ပြဆိုခဲ့ပြီးသော စကားရပ်တို့ဖြင့် “ရှေးအတိတ်ဘဝတို့၌ နေခဲ့ဖူးသော ခန္ဓာ၊ ရှေးအတိတ်ဘဝတို့၌ မိမိဝိညာဏ် သူတစ်ပါးတို့ ဝိညာဏ်ဖြင့် အာရုံပြု၍ နေခဲ့ဖူးသော (တွေ့ကြုံခဲ့ဖူးသော) အာရုံ အကြောင်းအရာတို့ကို (အစဉ်လျှောက်၍ဖြစ်စေ၊ စိတ်ကို ညွတ်စေခြင်း၏ အခြားမဲ့၌ဖြစ်စေ) အောက်မေ့နိုင်သော သတိနှင့် ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်မည်၏၊

ထိုဉာဏ်ကိုပင် ပုဗ္ဗေနိဝါသဉာဏ်ဟု အတိုကောက် ခေါ်ကြသည်။

ဗုဒ္ဓရှင်တော်မြတ်သည် ထို ပုဗ္ဗေနိဝါသာနုဿတိ ဝိဇ္ဇာဉာဏ်ကို ရစေနိုင် ဖြစ်စေနိုင်သော အကျင့် ပဋိပဒါလမ်းစဉ်ကိုလည်းကောင်း၊ ထိုလမ်းစဉ်အတိုင်း ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပုံကို လည်းကောင်း၊ ကိုယ်တော်တိုင် ထိုဉာဏ်ကို ရ၍ ရှေးအတိတ်ဘဝများစွာ၌ နေခဲ့ဖူးသော (တွေ့ကြုံခဲ့ဖူးသော) အကြောင်းအရာများကို ကိုယ်တော်တိုင် သိတော်မူပုံကို လည်းကောင်း အောက်ပါအတိုင်း ဟောတော်မူခဲ့လေသည်။

အာရဒ္ဓံ ခေါ ပန မေ ဗြာဟ္မဏ ဝီရိယံ အဟောသိ။ ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာ မေသိံ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ။ပ။ အယံ ခေါ မေ ဗြာဟ္မဏ ပဌမာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဌစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၄-၅)။

မြန်မာပြန်

ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ (ပျောက်ပျက်) ခြင်းမရှိသော သတိသည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်း မရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း “ဝိတတ်”နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း “ဝိစာရ” နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း “ပီတိ” ချမ်းသာခြင်း “သုခ” ရှိသော ပထမစျာန်သို့ ရောက်၍ နေခဲ့ပြီ။

ဝိတက်၊ ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောစိတ်၊ တည်ကြည်မှု သမာဓိကိုပွားစေတတ်သော၊ ကြံစည်မှု “ဝိတက်” မရှိသော၊ သုံးသပ်ဆင်ခြင်မှု “ဝိစာရ” မရှိသော၊ တည်ကြည်မှု “သမာဓိ” ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း “ပီတိ”၊ ချမ်းသာခြင်း “သုခ” ရှိသော ဒုတိယစျာန်သို့ ရောက်၍ နေခဲ့ပြီး နှစ်သိမ့်မှု “ပီတိ” ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့မှု “သတိ” ဆင်ခြင်မှု “သမ္ပဇဉ်”နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာမှု “သုခ”ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင် တတိယစျာန်ကြောင့် ထိုသူကို” “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကြကုန်၏၊ ထို ငါသည် ထို တတိယစျာန်သို့ ရောက်၍ နေခဲ့ပြီ။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု “ဥပေက္ခာ” ကြောင့်ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေခဲ့ပြီ။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့် ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော (နေဖူးသော) (ဘဝခန္ဓာ) ကို အောက်မေ့၍သိသော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

(ဤ စကားတော် အစဉ်ဖြင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ အကျင့် ပဋိပဒါ အကျဉ်းချုပ်ကို ပြတော်မူသည်၊ အကျယ် ဝိသုဒ္ဓိမဂ် ဒု၊ နှာ - ၄၂)

“ထိုငါသည် များပြားသော ရှေး၌နေခဲ့ဖူးသော ဘဝ(ခန္ဓာ)ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း။

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ ပ။ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း။ပ။ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝ တစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ အောက်မေ့နိုင်ခဲ့ပြီ၊ အဘယ်ပုံ အောက်မေ့နိုင်ခဲ့သနည်း၊ ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သော အစာအာဟာရ ရှိခဲ့၏၊ ဤသို့ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှစုတေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု” ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ဖြစ်ခဲ့ဖူး (နေခဲ့ဖူး)သော ဘဝကို အောက်မေ့နိုင်ခဲ့ပြီ။

ပုဏ္ဏား ငါသည် ညဉ့်ဦးယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် “ဝိဇ္ဇာ”ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု “အဝိဇ္ဇာ” ပျောက်၍ အသိဉာဏ် “ဝိဇ္ဇာ” ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု “အဝိဇ္ဇာ” ပျောက်၍ အသိဉာဏ် “ဝိဇ္ဇာ” ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ငါ့အား အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏၊

ဤကား ဘုရားရှင် ကိုယ်တော်မြတ်၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရအောင် အားထုတ် ကျင့်ကြံခဲ့ပုံနှင့် ထိုဉာဏ်ဖြင့် အတိတ်ဘဝတို့ကို ပြန်ပြောင်းသိမြင်တော်မူပုံကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ရွှေနှုတ်တော်ထွက် စကားတော်ပေတည်း။

သို့ဖြစ်သောကြောင့် ပုဗ္ဗေနိဝါသကို ရှေ့ခြောက်နှစ်စသည်ဖြင့် စုဒိတကတို့၏ ရေးသားချက်သည် အဓမ္မစကားရပ်များ ဖြစ်ကြောင်း ထင်ရှားပေသည်။

(ခ) ဒိဗ္ဗစက္ခုဉာဏ်

စုဒိတကတို့၏ ဒိဗ္ဗစက္ခု ဉာဏ် ရေးသားချက် မှားယွင်းပုံကို စိစစ်ဦးအံ့ -

၂၁။ (က) ဒိဗ္ဗစက္ခုဉာဏ (ဒိဗ္ဗ + စက္ခု + ဉာဏ) နတ်တို့၏ပသာဒစက္ခုမျက်စိ အကြည်ရုပ်သည် သုစရိုက်ကံကြောင့် ဖြစ်သည့်အတွက် သည်းခြေ သလိပ် သွေးဆိုး စသော အနှောက်အယှက်တို့က မနှောက်ယှက်အပ်ဘဲ ညစ်ညူးကြောင်း အပြစ်တို့မှ ကင်းလွတ်ခြင်းကြောင့် အဝေး၌တည်သော ရူပါရုံ၊ သေးငယ်သောရူပါရုံကိုသော်လည်း မြင်စွမ်းနိုင်သည်၊ ဝီရိယ ပြဋ္ဌာန်းသည့် ဘာဝနာအစွမ်းကြောင့်ဖြစ်သော ဤအဘိညာဉ် ဉာဏ်မျက်စိသည်လည်း ညစ်ညူးကြောင်း အပြစ်တို့မှ ကင်းလွတ်ခြင်း၊ အဝေး၌တည်သော ရူပါရုံ၊ သေးငယ်သော ရူပါရုံကိုသော်လည်း မြင်စွမ်းနိုင်ခြင်းအားဖြင့် နတ်မျက်စိနှင့် တူသောကြောင် “ဒိဗ္ဗ” မည်၏၊

(က) ဒိဗ္ဗေနာတိအာဒီသု ဒိဗ္ဗသဒိသတ္တာ ဒိဗ္ဗံ။ ဒေဝတာနဥှိ သုစရိတကမ္မ နိဗ္ဗတ္တံ ပိတ္တသေမှရုဟိရာဒီဟိ အပလိဗုဒ္ဓံ ဥပက္ကိလေသဝိမုတ္တတာယ ဒူရေပိ အာရမ္မဏသမ္ပဋိစ္ဆနသမတ္ထံ ဒိဗ္ဗံ ပသာဒစက္ခု ဟောတိ၊ ဣဒဉ္စာပိ ဝီရိယဘာဝနာဗလနိဗ္ဗတ္တံ ဉာဏစက္ခု” တာဒိသမေဝါတိ ဒိဗ္ဗဒိသတ္တာ ဒိဗ္ဗံ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၅၃-၅၄)။

(ဤဥပမာသည် ဥပမေယျဖြစ်သော ဒိဗ္ဗစက္ခုဉာဏ်အောက် ယုတ်ညံ့သော နတ်မျက်စိနှင့် နှိုင်းယှဉ်ပြသော ဟီနုပမာ ဖြစ်သည်၊ ဒိဗ္ဗစက္ခုဉာဏ်ကား နတ်မျက်စိထက် မယှဉ်သာအောင် သာလွန်သည်။)

(ခ) တစ်နည်း၊ ဗြဟ္မာ့ပြည်၌ စျာန်တရားတို့ အဖြစ်များ၍ ထိုစျာန်တရားဖြင့် နေခြင်းကြောင့် ရူပါဝစရစျာန်လေးပါးသည် ဒိဗ္ဗဝိဟာရ မည်၏၊ ထိုဒိဗ္ဗဝိဟာရ မည်သော စျာန်လေးပါး၏ အစွမ်းဖြင့် ရအပ်သောကြောင့် (အကြောင်းစျာန်အမည်ကို အကျိုးဉာဏ် မျက်စိ၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဉာဏ်မျက်စိသည် ဒိဗ္ဗ မည်၏၊

(ဂ) တစ်နည်း၊ အင်္ဂါရှစ်ပါးရှိသော စတုတ္ထစျာန်ကို (ပါဒက) အခြေခံပြု၍ဒိဗ္ဗစက္ခုအဘိညာဉ်ဖြစ်ရ၏၊ ထို့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်သည် ဒိဗ္ဗဝိဟာရမည်သော (ပါဒက) စတုတ္ထစျာန်ကို မှီသည်ဟုဆိုရသည်၊ ဤသို့ မိမိကိုယ်တိုင် ဒိဗ္ဗဝိဟာရ မည်သော (ပါဒက) အခြေခံဖြစ်သည့် စတုတ္ထစျာန်ကိုမှီသောကြောင့် (အကြောင်းစျာန်၏ အမည်ကို အကျိုး ဉာဏ်မျက်စိ၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဉာဏ်မျက်စိသည် ဒိဗ္ဗ မည်၏၊

ဒိဗ္ဗဝိဟာရဝသေန ပဋိလဒ္ဓတ္တာ၊ အတ္တနာ စ ဒိဗ္ဗဝိဟာရ သန္နိဿိတတ္တာပိ ဒိဗ္ဗံ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိမဂ်၊ဒု၊ ၅၃-၅၄)။

(ဃ) တစ်နည်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဖြစ်စေလိုသော တန်ခိုးရှင်သည် ပင်ကိုယ်က အရောင်ရှိသော တေဇော ကသိုဏ်း၊ ဩဒါတ ကသိုဏ်း၊ အာလောက ကသိုဏ်းဟူသော ကသိုဏ်းသုံးပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ စတုတ္ထစျာန်ကို အခြေခံ(ပါဒက) စျာန်အဖြစ်ဖြင့် ဝင်စားရသည်၊ ဤသို့ အရောင်အလင်းကို သိမ်းယူရသည့်အတွက် ကြီးကျယ်သော အရောင်ရှိသည်၏ အဖြစ်ကြောင့် ဒိဗ္ဗမည်၏၊

အာလောကပရိဂ္ဂဟေန မဟာဇုတိကတ္တာပိ ဒိဗ္ဗံ။
တိရောကုဋ္ဋဒိဂတရူပဒဿနေန မဟာဂတိကတ္တာပိ ဒိဗ္ဗံ။
ဒဿနတ္ထေန စက္ခု၊ စက္ခုကိစ္စကရဏေန စက္ခုမိဝါတိပိ စက္ခု (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိမဂ္ဂ ဒု၊ ၅၄)။

(င) တစ်နည်း၊ နံရံတစ်ဖက်စသော အရပ်၌ဖြစ်သော ရူပါရုံကို မြင်နိုင်သည့် အတွက် အံ့ဩဖွယ်ကောင်းသော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်း ဒိဗ္ဗမည်၏၊

ဒိဗ္ဗစက္ခုဟူသော ပုဒ်၌ စက္ခုသည် ပကတိ မျက်စိကို မဟော ရူပါရုံကို မြင်တတ်သောကြောင့် စက္ခုမည်၏၊ တစ်နည်း၊ မျက်စိ၏ ကိစ္စကို ပြုခြင်းကြောင့် ပကတိ မျက်စိနှင့်တူသည့်အတွက် စက္ခု မည်၏၊

ဤသို့ ဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် နတ်ပြည်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော (ဝါ) ဒိဗ္ဗဝိဟာရမည်သော စျာန်လေးပါးအစွမ်းဖြင့် ရအပ်သော (ဝါ) ဒိဗ္ဗဝိဟာရ စတုတ္ထစျာန်ကို မှီသော (ဝါ) ထွန်းလင်းတောက်ပသော (ဝါ) နံရံတစ်ဖက်စသော အရပ်သို့ မငြိမကပ် သွားတတ်သော ဉာဏ်မျက်စိသည် ဒိဗ္ဗစက္ခု မည်၏ဟု ယုံမှားမဲ့ မှတ်ရာ၏၊

ဤဒိဗ္ဗစက္ခုဉာဏ်သည်ပင် စုတိပဋိသန္ဓေကို သိကြောင်းဖြစ်သောကြောင့် “စုတူပပါတဉာဏ်”လည်း မည်၏၊ ဤဉာဏ်ဖြင့် သိမြင်ပုံ အကြောင်းအရာကို အောက်ပါအတိုင်း ဘုရားရှင် ဟောတော်မူခဲ့သည်။

သောဧဝံ သမာဟိတေ။ပ။ အဘိနိန္နာမေသိံ၊ သော ဒိဗ္ဗေန စက္ခုနာ။ပ။ အယံ ခေါ မေ ဗြာဟ္မဏ ဒုတိယာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဋစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၅-၆)။

မြန်မာပြန်

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးကြောင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသော “စုတူပပါတဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုညွှတ်စေခဲ့ပြီ။

[ဤစကားတော်ဖြင့် အကျင့် ပဋိပဒါကို အကျဉ်းပြသည်။]

ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မြင်နိုင်လောက်ရာ ဥပစာကို လွန်သော နတ်မျက်စိနှင့်တူသော “ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတိခါနီး သတ္တဝါ၊ ပဋိသန္ဓေနေပြီးစ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကိုသိ၏၊ (ဘယ်ပုံသိသနည်း) အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကာယဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ဝစီဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် မနောဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲ၌ဖြစ်ကြကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ဝစီသုစရိုက်နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် မနောသုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကြကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သော အယူဖြင့် ဆောက်တည်အပ်သောကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ လူ့ပြည် နတ်ပြည် သုဂတိ၌ ဖြစ်ကြကုန်၏ဟု သိ၏၊

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မြင်နိုင်လောက်ရာ ဥပစာကို ကျော်လွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေခါနီးသတ္တဝါ ပဋိသန္ဓေနေပြီးစသတ္တဝါ။ပ။ ကံအားလျော်စွာ ဖြစ်ကြရသော သတ္တဝါတို့ကို သိ၏၊

ပုဏ္ဏား ငါသည် သန်းခေါင် မဇ္ဈိမယာမ်၌ ဤ ဒုတိယ အသိဉာဏ် ဝိဇ္ဇာကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု အဝိဇ္ဇာ ပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ်ဝိဇ္ဇာ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ဒုတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏၊

ဤကား ဘုရားရှင်၏ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရအောင် ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ဖြင့် သိမြင်တော်မူပုံတို့ကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူအပ်သော ရွှေနှုတ်တော်ထွက် စကားတော်မြတ်ပေတည်း။

အချုပ်ကား ဒိဗ္ဗစက္ခု-ဟူသည် လူတို့၏ ပကတိ မံသစက္ခု မဟုတ်၊ အဘိဉာဏ်ပိုင်ရှင်တို့၏ နတ်မျက်စိကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သော ဉာဏ်မျက်စိသာဖြစ်လေသည်။

(ဂ) အာသဝက္ခယဉာဏ်

၂၂။ အာသဝ =အာသဝတရားတို့ကို + ခယ = ကုန်ခန်းစေတတ်သော +ဉာဏ = အသိဉာဏ်။

အဘယ်ကြောင့် အဘယ်တရားတို့သည် အာသဝ မည်ကုန်သနည်း -

(က) အိုင်းအမာမှ စက်ဆုပ်ဖွယ်ဖြစ်သော သနံရည် ပြည်စေးတို့ ယိုစီးထွက်ကျသကဲ့သို့ စက္ခုစသော ခြောက်ဒွါရမှ ရူပါရုံစသော အာရုံခြောက်ပါးတို့၌ ယိုစီးထွက်ကျတတ် (ဖြစ်တတ်) သောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မောဟ တို့သည် အာသဝ မည်ကုန်၏၊

တတ္ထ အာသဝန္တီတိ အာသဝါ၊ စက္ခုတောပိ။ပ။ မနတောပိ သန္ဒန္တိ ပဝတ္တန္တီတိ ဝုတ္တံ ဟောတိ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။

(ခ) တစ်နည်း၊ တရားသဘောအားဖြင့် သောတာပတ္တိမဂ်၏ ရှေးဂေါတြဘု တိုင်အောင်၊ တည်ရာဘုံအားဖြင့် နေဝသညာနာသညာယတနဘုံဟု ဆိုအပ်သော ဘဝဂ်တိုင်အောင် ဖြစ်တတ်သောကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝမည်ကုန်၏၊

ဓမ္မတော ယာဝ ဂေါတြဘုံ ဩကာသတော ယာဝ ဘဝဂ္ဂံ သဝန္တီတိ ဝါ အာဝဝါ၊ ဧတေ ဓမ္မေ ဧတဉ္စ ဩကာသံ အန္တောကရိတွာ ပဝတ္တန္တီတိ အတ္ထော (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။

(ဂ) တစ်နည်း၊ လောက၌ အခိုးပြင်းအောင် ကြာမြင့်စွာ စိမ်ထားအပ် ထုံထားအပ်သော စိမ်ရည်အရက်ကို အာသဝ-ဟု ခေါ်၏၊ ဤလောဘ ဒိဋ္ဌိ မောဟ-ဟူသော တရားဆိုးတို့သည်လည်း အစမထင် သံသရာတစ်ခွင်မှ ယနေ့တိုင်အောင် ခန္ဓာကိုယ်တည်း ဟူသော အရက်အိုး၌ ကြာမြင့်စွာ ထုံအပ်သည့် အတွက် စိမ်ရည်နှင့်တူသောကြောင့် အာသဝ မည်ကုန်၏၊

စိရပါရိဝါသိယဋ္ဌေန မဒိရာဒယော အာသဝါ၊ အာသဝါ ဝိယာ တိပိ အာသဝါ။ လောကသ္မိဥှိ စိရပါရိဝါသိကာ မဒိရာဒယော အာသဝါတိ ဝုစ္စန္တိ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။

(ဃ) တစ်နည်း၊ ကောက်ပင်သည် အသီးကို သီးသကဲ့သို့ ရှည်လျားလှစွာသော သံသရာ ဒုက္ခတည်းဟူသော အသီးကို သီးတတ် (ဖြစ်စေတတ်) သောကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝမည်ကုန်၏၊

အာယတံ ဝါ သံသာရ ဒုက္ခံ သဝန္တိ ပသဝန္တီတိပိ အာသဝါ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။

ထို့ကြောင့် စက္ခုစသော ခြောက်ဒွါရမှ ရူပါရုံစသော အာရုံခြောက်ပါးတို့၌ ယိုစီးထွက်ကျတတ်သောကြောင့် လည်းကောင်း၊ တရားအားဖြင့် ဂေါတြဘုတိုင်အောင် တည်ရာဘုံအားဖြင့် ဘဝဂ်တိုင်အောင် ဖြစ်တတ်သောကြောင့် လည်းကောင်း၊ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သော စိမ်ရည်အရက်နှင့် တူသောကြောင့်လည်းကောင်း၊ ရှည်လျားလှစွာသော သံသရာဒုက္ခတည်းဟူသော အသီးကို သီးတတ်သောကြောင့်လည်းကောင်း လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝ မည်ကုန်၏ ဟု အကျဉ်းချုပ်သိရာ၏၊

[တပ်မက်စွဲလမ်းမှု ဖြစ်ခြင်းဟူသမျှ အာသဝ - ဟု ဆိုသော အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ အနက်ကား မည်သည့် ကျမ်းဂန်၌မျှ မရှိသော အနက်ဖြစ်သည်။]

ခယသဒ္ဒါကား ကုန်ခြင်း၊ ကုန်ရာ၊ ကုန်ကြောင်း၊ ကုန်စေတတ် ဟူသော အနက်တို့ကို ဟော၏၊ ဤအရာ၌ ကုန်ကြောင်းဖြစ်သော (ဝါ) ကုန်စေတတ်သော အရဟတ္တမဂ်ကို ဟော၏၊ အရဟတ္တမဂ်ဟူသည် သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးတည်း၊ ဉာဏအရကား ထို အရဟတ္တမဂ်ဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါး၌ ပါဝင်သော သမ္မာဒိဋ္ဌိ မဂ္ဂင်ဟု ဆိုအပ်သော ဉာဏ်တည်း။

ထို့ကြောင့် အာသဝတရားတို့၏ ကုန်ကြောင်းဖြစ်သော (ဝါ) အာသဝတရားတို့ကို ကုန်စေတတ်သော အရဟတ္တမဂ်၌ပါဝင်သော သမ္မာဒိဋ္ဌိမဂ္ဂင်တည်းဟူသော ဉာဏ်သည် အာသဝက္ခယဉာဏ် မည်၏ဟု တိကျမှန်ကန်သော အနက်ကို သိရာ၏၊

အာသဝါနံ ခယဉာဏာယာတိ အရဟတ္တမဂ္ဂဉာဏတ္ထာယ၊ အရဟတ္တမဂ္ဂေါ ဟိ အာသဝါဝိနာသနတော အာသဝါနံ ခယောတိ ဝုစ္စတိ၊ တတြစေတံ ဉာဏံ၊ တပ္ပရိယာ ပန္နတ္တာတိ (မ၊ဋ္ဌ၊၁၊၁၃၁။ ဝိ၊ဋ္ဌ၊၁၊၁၃၆)။

ထိုအာသဝက္ခယဉာဏ်ကို ရရန် ကျင့်ကြံ ကြိုးကုန် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ကို ရတော်မူပုံကိုလည်း အောက်ပါအတိုင်း ဘုရားရှင် ဟောတော်မူခဲ့ပေသည်။

သော ဧဝံ သမာဟိတေ စိတ္တေ။ပ။ အာသဝါနံ ခယဉာဏယ စိတ္တံ အဘိနိန္နာမေသိံ။ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ အဗ္ဘညာသိံ။ပ။ အယံ ခေါ မေ ဗြဟ္မဏ တတိယာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဋစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၆)။

မြန်မာပြန်

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေတတ်သော အာသဝက္ခယဉာဏ်အလို့ငှာ စိတ်ကို ရှေးရှု ညွှတ်စေခဲ့ပြီ။

ငါသည် ဤကား ဆင်းရဲဒုက္ခဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်း ဒုက္ခသမုဒယဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) နိရောဓဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ကျင့်စဉ် ဒုက္ခနိရောဓဂါမိနိပဋိပဒါ-ဟု ဟုတ်မှန်သော အတိုင်းသိခဲ့ပြီ၊ ဤသည်ကား ယိုစီးမှု အာသဝတို့ဟု ဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤသည်ကား ယိုစီးမှုအာသဝတို့ချုပ်ရာ (နိဗ္ဗာန်) အာသဝနိရောဓ- ဟု ဟုတ်မှန်သောအတိုင်းသိခဲ့ပြီ၊ ဤကား ယိုစီးမှုအာသဝတို့ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း ကျင့်စဉ် အာသဝနီရောဓဂါမိနိပဋိပဒါဟု ဟုတ်မှန်သော အတိုင်းသိခဲ့ပြီ၊ ဤသို့ သိမြင်သော ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ် မရှိပြီဟု သိခဲ့ပြီ။

ပုဏ္ဏား ငါသည် မိုးသောက် ပစ္ဆိမယာမ်၌ ဤတတိယမြောက်ဖြစ်သော အသိဉာဏ်ဝိဇ္ဇာကိုရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံ)မှ ငါ၏ တတိယမြောက် ဖောက်ခွဲထွက်ပေါ်လာခြင်းဖြစ်၏၊

ဤကား ဘုရားရှင် အာသဝက္ခယဉာဏ်ရရန် ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ကို ရတော်မူခဲ့ပုံကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ရွှေနှုတ်တော်ထွက် စကားတော်ပေတည်း။

ဤသို့လျှင် ဘုရားရှင်၏ ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယ ဟူသော ဝိဇ္ဇာသုံးပါးဉာဏ်တော်များ၏ အနက်အဓိပ္ပာယ်မှန်ကို ပါဠိတော် အဋ္ဌကထာတို့၌ ကျနစွာ ဟောကြားဖွင့်ဆိုထားချက်များ ရှိပါလျက် အဘိဓမ္မာ ဆရာစိန်ဆိုသူ၏ အမှန်တရား သုတေသန အမှတ်(၁) စာစောင်၌ ရေးသားချက်များသည် ဘုရားတရားနှင့် များစွာ ဆန့်ကျင်နေခြင်းကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) ဗ - အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်

၂၃။ (ဗ) အတ္တကိလမထာနုယောဂ- အတ္တ ဟူသော ပုဒ်၏ သရုပ်ကား ဝိညာဏ်စိတ်ဖြစ်၏၊ ကိလမထ၏ အဓိပ္ပာယ်ကား ချုပ်ချယ်ထားခြင်းကို ဆို၏၊ အနုယောဂပုဒ်၏ သဘောသွားကား ဘာဝနာကမ္မဋ္ဌာန်း တစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှုကို ဆို၏၊ (အမှန်တရား သုတေသန အမှတ် ၆)

ဤစကားရပ်၏ ပိဏ္ဍတ္ထကား “ဝိဉာဏ်စိတ်ကို ချုပ်ချယ်၍ ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှုသည် အတ္တကိလမထာနုယောဂဖြစ်သည်” ဟု ဆိုလိုရင်းဖြစ်သည်၊ ဤစကားရပ်ကို ကျမ်းဂန်နှင့် ညီမညီ စိစစ်သည်ရှိသော် အတ္တကိလမထာနုယောဂ ဟူသော ပါဌ်၌ အတ္တသဒ္ဒါသည်

(က) အတ္တသုဒန္တောပုရိသဿဇောတီ (သံ၊၁၊၁၇၁) စသော ပါဌ်၌ “စိတ်” ဟူသောအနက်၊
(ခ) အတ္တာနံ ဝဒိတွာ ရောဒတိ (ဝိ၊၂၊၃၆၄) စသော ပါဌ်၌ “ကိုယ်” ဟူသောအနက်၊
(ဂ) အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ (သံ၊၂၊၃၅) စသော ပါဌ်၌ “လောကီလောကုတ္တရာ တရား” အနက်၊
(ဃ) မစ္ဆတ္တနိယတာ ဓမ္မာ (အဘိ၊၁၊၃) စသောပါဌ်၌ “သဘော” ဟူသော အနက်၊
(င) အတ္တနာ ဝါ အတ္တနံ သမ္မန္နိတဗ္ဗံ (ဝိ၊၃၊၁၃၁) စသော ပါဌ်၌ “မိမိ၊ မိမိကိုယ်” ဟူသောအနက်၊
(စ) အတ္တံ ပဟာယ အနုပါဒိယာနော (ခု၊၁၊၄၀၄) စသော ပါဌ်၌ “အတ္တဒိဋ္ဌိ” ဟူသော အနက်၊
(ဆ) ရူပံ အတ္တတော သမနုပဿတိ (အဘိ၊၂၊၃၈၉) စသော ပါဌ်၌ “တိတ္ထိတို့သည် ကြံဆအပ်သော အတ္တ” ဟူသော အနက်ကိုဟော၏၊

ဤ “အတ္တကိလမထာနုယောဂ”ဟူသောပါဌ်၌ပါသော အတ္တ-သဒ္ဒါသည်ကား “မိမိ၊ မိမိကိုယ်” ဟူသောအနက်ကိုဟောသည်၊ အမှန်တရားသုတေသနသမားတို့ ပြဆိုအပ်သော ဝိညာဏ်စိတ်ဟူသော အနက်ကိုမဟော၊ ထို့ကြောင့် အတ္တကို “သရီရ” ဟု အဋ္ဌကထာဆရာတို့ ဖွင့်ပြတော်မူကြသည်။

ကိလမထ သဒ္ဒါသည် “ပင်ပန်းဆင်းရဲခြင်း၊ ပင်ပန်းဆင်းရဲစေသောအကျင့်” ဟူသောအနက်ကိုဟောသည်၊ အဘိဓမ္မာဆရာစိန် ပြဆိုသကဲ့သို့ ချုပ်ချယ်ခြင်း ဟူသောအနက်ကိုမဟော၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဒုတိယအုပ်၌-

အနသနကေသလုဉ္စနာဒိတပစရိယာယ၊ နဂ္ဂသီလ ဂေါသီလ ကုက္ကုရသီလာဒီဟိ စ အတ္တပရိတာပနေန မောက္ခော ဟောတီတိ အတ္တကိလမထော (ဝိသုဒ္ဓီ၊ဋီ၊၂၊၂၁၈)-

ဟု ဖွင့်ပြထားပေသည်။

“အနုယောင်္ဂီ သဒ္ဒါသည် အဖန်ဖန်အားထုတ်ခြင်းဟူသော အနက်ကိုဟော၏၊ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သောအကျင့်ကို အဖန်ဖန်အားထုတ်ခြင်းသည် “အတ္တကိလမထာနုယောင်္ဂီ မည်၏ဟု သိမှတ်ရာ၏၊ အဘိဓမ္မာဆရာစိန်တို့ ပြဆိုအပ်သော “ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှု” ဟူသောအနက်ကား ထေရဝါဒ ပိဋကတ်တို့၌မပါမရှိသော အနက်သာဖြစ်၏၊

“အတ္တကိလမထာနုယောဂ” ဟူသော ပုဒ်ကို ထေရဝါဒပိဋကတ်တို့၌ ဤသို့ ဖွင့်ဆိုထားသည်ကို တွေ့ရှိရ၏၊

အတ္တကိလမထာနုယောဂေါတိ အတ္တနော ကိလမထာနုယောဂေါ၊ သရီရ ဒုက္ခကရဏန္တတိ (သံ၊ဋ္ဌ၊၃၊၁၄၅)။

အတ္တကိလမထာနုယောဂ- ဟူသည် မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သော အကျင့်ကို အဖန်ဖန်အားထုတ်ခြင်းတည်း၊ ကိုယ်၏ဆင်းရဲမှုကို ပြုခြင်းတည်း။

အတ္တကိလမထာနုယောဂေါတိ အတ္တနော ကိလမထဿ ကဏ္ဍကသေယျာဒိ ဒုက္ခဿ အနုယောဂေါ (ဝိမတိ၊၂၊၉၀)။

အတ္တကိလမထာနုယောဂ- ဟူသည် မိမိကိုယ်၏ ဆင်းရဲခြင်းကို ဆူးပေါ်၌ အိပ်ခြင်း စသော ဆင်းရဲကို အဖန်ဖန် အားထုတ်ခြင်းတည်း။

ပြဆိုအပ်ခဲ့သော ပိဋကတ်ကျမ်းဂန်တို့ကို ထောက်၍ “အစာငတ်ခံခြင်း၊ ဆံပင်ကိုနုတ်ခြင်း၊ အဝတ်မဝတ်ခြင်း၊ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်ခြင်း၊ ဆူးပေါ်၌အိပ်ခြင်း၊ ရှေ့နောက်ဝဲယာ မီးပုံ များထား၍ နေပူနှင့် တကွ ပဉ္စာတပခေါ် အပူငါးမျိုးဖြင့် ကိုယ်ကို ညှဉ်းဆဲခြင်းစသော ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သော အကျင့်ကို အဖန်ဖန်အားထုတ်ခြင်းသည် အတ္တကိလမထာနုယောဂမည်၏” ဟူသော အနက်သည်သာ မှန်ကန်သော အနက်ဖြစ်၏၊

ဝိညာဏ်စိတ်ကို ချုပ်ချယ်ထား၍ ဘာဝနာကမ္မဋ္ဌာန်း တစ်ခုခုကို အစဉ်အားထုတ်ကျင့်ကြံနေခြင်းသည် အတ္တကိလမထာနုယောဂဖြစ်သည်ဟူသော အမှန်တရား သုတေသနစာစောင်လာ စကားရပ်သည်ကား မှားယွင်းသော စကားရပ်သာဖြစ်သည်။

စိတ်ကို စောင့်ထိန်း သိမ်းဆည်း ချုပ်တည်း၍ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ရန် မြတ်စွာဘုရား ဟောတော်မူသော ဒေသနာတော်တို့ များစွာ ရှိပေသည်၊ အနည်းငယ် ထုတ်ပြဦးအံ့။

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထ ကာမနိပါတိနော၊
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ (ခု၊၁၊၁၈)။

နှိမ်နှင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏၊ (ဆုံးမပြီး၍) ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏ (ခု၊မြန်၊၁၊၁၈)။

ဤဒေသနာတော်ဖြင့် စိတ်ရိုင်းကို သမထဝိပဿနာဖြင့် သိမ်းဆည်းဆုံးမပေးခြင်းသည် ကောင်းသောအကျင့်ဖြစ်ပုံ၊ ယင်းသို့ ဆုံးမ၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်နိုင်ပုံကို သိစေတော်မူသည်။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထ ကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ (ခု၊၁၊၁၈)။

အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏ (ခု၊မြန်၊၁၊၁၈)။

ဤဒေသနာဖြင့်လည်း ရှေးနည်းအတူပင် သိစေတော်မူသည်၊ ဤဂါထာ၌ စောင့်ရှောက်ရမည် ဆိုသည်မှာလည်း သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းဖြင့် စောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

ဒူရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ (ခု၊၁၊၁၈)။

အဝေးသို့သွားတတ်သော တစ်ဦးတည်း ကျက်စားသော ကိုယ်အကောင်အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌ မှီသောစိတ်ကို အကြင်သူတို့သည် စောင့်စည်း (ချုပ်တည်း)ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတံ့ (ခု၊မြန်၊၁၊၁၈)။

ဤဒေသနာဖြင့်လည်း ရှေးနည်းအတူ စိတ်ကို စောင့်စည်းချုပ်တည်းရန် ဟောတော်မူသည်၊ သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုဖြင့် အားထုတ် စောင့်စည်း ချုပ်တည်းရမည်ဟုမှတ်။ ဤဂါထာ၌ -

ဒူရင်္ဂမံ- ဟူသည် = အဝေး၌တည်သော အာရုံကို လှမ်း၍ အာရုံပြုနိုင်သည်ကို ဆိုသည်။
ဧကစာရံ -ဟူသည် = စိတ် ၂-ခု၊ ၃-ခု တစ်ပြိုင်နက် မဖြစ်၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်သည်ကို ဆိုသည်။
ဂုဟာသယံ - ဟူသည် = အတ္တကောင်ကဲ့သို့ အမြဲကိန်းဝပ်နေသည်ကို မဆိုလို၊ ဟဒယရုပ်ကိုမှီ၍ ဖြစ်သည်ကို ရည်ရွယ်ဆိုသည်။

ဤသို့ ဘုရားရှင် အလိုတော်ကို မသိပါဘဲ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က ဤဂါထာကို ဗြဟ္မဏဟောဖြစ်လေဟန် လုပ်ကြံစွပ်စွဲခြင်းသည်ကား သာသနာတော်ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်မှတစ်ပါး အခြား မဖြစ်နိုင်ရာဟု ဆရာတော်များ ယူဆတော်မူကြသည်။

ထိုမှတစ်ပါး မဟာသတိပဋ္ဌာနသုတ်၌လည်း “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” စသော စိတ္တာနုပဿနာ ဒေသနာတော်ဖြင့် စိတ်ကို ရှုမှတ်ရန် ဟောတော်မူခဲ့လေသည်၊ ယင်းသို့ ဘုရာရှင်ကိုယ်တော်မြတ်သည် အထပ်ထပ် အခါခါကြီးမားသော မဟာကရုဏာတော်ဖြင့် စိတ်ကို စောင့်စည်းချုပ်တည်းဆုံးမကြောင်းဖြစ်သော ဘာဝနာကမ္မဋ္ဌာန်း နည်းလမ်းကောင်း ဒေသနာအကျင့် ပဋိပဒါကို ဟောထားတော်မူပါလျက် “ဝိညာဏ်စိတ်ကို ချုပ်ချယ်၍ ဘာဝနာ ကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်နေခြင်းသည် အတ္တကိလမထာနုယောဂဖြစ်သည်” ဟု ရေးသားထုတ်ဝေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ၏ ဝါဒသည် ပြဆိုခဲ့ပြီးသော ပရိယတ္တိ ဒေသနာတော်များကို အတ္တကိလမထာနုယောဂလမ်းစဉ်ဟု စွပ်စွဲ ဖျက်ဆီးရာရောက်သည်။ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ၏ ကျင့်ကြံပွားများအားထုတ်မှု ပဋိပတ်ကိုလည်း တားမြစ်ပိတ်ပင်ရာရောက်သည် ထိုသို့ ပရိယတ် ပဋိပတ်တို့ကို ဖျက်ဆီးပိတ်ပင်ခြင်းကြောင့် ရသင့်ရထိုက်သော မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော ပဋိဓေဝ သာသနာတော်ကိုလည်း တားမြစ်ဖျက်ဆီးရာရောက်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

အမှတ်စဉ် (၁၅) ဘ-အမှတ်ပြ စောဒနာချက်ကို စိစစ်သုံးသပ်ချက်

၂၄။ (ဘ) နတ် - နတ်ဆိုသည့် ပါဠိစကားမှာ မြန်မာလို စည်းစိမ် ခံစားခြင်းကိုခေါ်သည်၊ ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန - ဤ ၆-ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု ခေါ်ဆိုရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဟောပါဠိများကို ခန္ဓာနည်းလက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက မိမိတို့ခန္ဓာအတွင်းရှိ ဤခြောက်ခုကိုပင် နတ်ခြောက်ဘုံဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါသည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ စာမျက်နှာ ၂၁)

ဤစကားရပ်ကို ထုတ်ပြ၍ ထိုရေးသားချက်မှာ ကျမ်းဂန်လာမဟုတ်ပါ၊ “နာထ”ပါဠိမှ နတ်-ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒပညာရှင်တို့က ဆိုပါသည်။ “ဒိဗ္ဗ” ဟူသောပါဠိသည် ကာမဂုဏ်ငါးပါးဖြင့် ထွန်းပခြင်းဟု အဓိပ္ပာယ်ရှိပါသည်။ နတ်တို့သည် ဒါနရှင် သီလရှင်ဖြစ်၍ ချမ်းသာစွာနေရသည်ကို ရည်ညွှန်းပါသည်ဟု သာမညအားဖြင့်လည်းကောင်း ဝိသေသအားဖြင့်လည်းကောင်း စောဒနာတင်သွင်းကြသည်။

ယင်းစကားရပ်များ၌ ကောက်နုတ်ချက်ကို ထုတ်လိုက်သော် စုဒိတက၏ စကားရပ်၌ -

(၁) နတ်ဆိုသည့် စကားသည် ပါဠိစကားဖြစ်သည်။
(၂) မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်သည်။
(၃) ဗုဒ္ဓဟောပါဠိများကို ခန္ဓာနည်း လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု၊ သောတ၊ ဃာန ဖိဝှာ ကာယ မန ၆-ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် နတ် ၆-ဘုံဖြစ်ကြောင်း ထင်ရှားစွာတွေ့ရသည်ဟု ကောက်နုတ်ချက် ၃-ချက်ရသည်။

စောဒကဆရာတော်များ၏ စောဒနာစကားရပ်၌-
(၁) စုဒိတကတို့ ရေးသားချက်သည် ကျမ်းဂန်လာမဟုတ်၊
(၂) “နာထ” ဟူသောပါဠိမှ “နတ်” ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒ ပညာရှင်တို့က ဆိုကြသည်။
(၃) “ဒိဗ္ဗ” ဟူသောပါဠိသည် “ကာမဂုဏ်ငါးပါးတို့ဖြင့် ထွန်းပခြင်း” ဟု အဓိပ္ပာယ်ရှိသည်။
(၄) နတ်တို့သည် ဒါနရှင် သီလရှင်များဖြစ်ကြ၍ ချမ်းသာစွာနေကြရသည်ကို ရည်ညွှန်းသည်ဟု ကောက်နုတ်ချက် ၄-ချက်ရသည်။

စုဒိတကတို့၏ စကားရပ်များ ကောက်နုတ်ချက်ကို စိစစ်ချက်

ယင်းကောက်နုတ်ချက်တို့တွင် “နတ်” ဟူသော စကားသည် ပါဠိစကားမဟုတ်၊ မြန်မာစကားလုံး သက်သက်ဖြစ်ကြောင်း ကလေးသူငယ်ကအစ အားလုံးသိပြီးဖြစ်ခြင်းကြောင့် “နတ်ဆိုသည့် ပါဠိစကားမှာ” ဟူသော စုဒိတကတို့၏ (၁)အမှတ်ပြ စကားရပ်သည် အမှားသက်သက်သာဖြစ်သည်။

၂၅။ “မြန်မာလို စည်းစိမ်ခံစားခြင်းကိုခေါ်သည်” ဟူသောစကားရပ်သည်ကား “ဒိဗ္ဗန္တိ လဠန္တိ ဒေဝါ” ကာမဂုဏ်စသည်တို့ဖြင့် ကစားပျော်မြူးတတ်ကုန်သောကြောင့် “ဒေဝ” နတ်မည်ကုန်၏ဟု ဒိဝုဓာတ်၏ ကစားပျော်မြူးခြင်း “ကီဠာ” အနက်ကို ရည်ရွယ်၍ဆိုခြင်းကြောင့် (သဒ္ဒတ္ထ) သဒ္ဒါနက်အားဖြင့်မှန်သော်လည်း ယင်းစကားရပ်သည် (၄)အမှတ်ပြ စကားရပ်၏ အခြေခံဖြစ်၍ (၄) အမှတ်ပြစကားရပ်နှင့် ဆက်စပ်လျက် = ပိဏ္ဍတ္ထအပေါင်းအနက်ကိုယူရမည်ဖြစ်ခြင်းကြောင့် ပိဏ္ဍတ္ထ = အပေါင်းအနက်အားဖြင့် မှားယွင်းသောစကား ပင်ဖြစ်သည်။

ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကို စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု နီတတ္ထ = တိုက်ရိုက်ယူရသော အနက်အားဖြင့်လည်းကောင်း၊ နေယျတ္ထ= ဆောင်၍သိရသော (ဝါ) ခန္ဓာနည်း လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေ၍ သိရသော အနက်အားဖြင့်လည်းကောင်း ဟောဖော်ညွှန်ပြထားသော ပါဠိတော် အဋ္ဌကထာ ဋီကာလာ စကား မရှိချေ။

ပိဋကကျမ်းဂန်၌ ပြဆိုအပ်သော နတ်

၂၆။ “ဒေဝ” နတ်ဟူသည် -
(က) သမ္မုတိနတ်၊
(ခ) ဥပပတ္တိနတ်၊
(ဂ) ဝိသုဒ္ဓိနတ် - ဟူ၍ ၃- ပါး အပြားရှိ၏၊

(က) ထို ၃-ပါးတို့တွင် (တိုင်းသူပြည်သားတို့က မိမိတို့၏ အရှင်သခင်မင်း စသူတို့ကို နတ်-ဟူ၍ ခေါ်ဆိုသမုတ်ထားခြင်းတို့ကြောင့်) မင်း၊ မင်းသား မင်းသမီးနှင့် မိဖုရားများကို သမ္မုတိနတ်ဟု ခေါ်ဆိုသည်။

ဒေဝါတိ တယော ဒေဝါ သမ္မုတိဒေဝါ ဥပပတ္တိဒေဝါ ဝိသုဒ္ဓိဒေဝါ။ ကတမေ သမ္မုတိဒေဝါ။ သမ္မုတိဒေဝါ ဝုစ္စန္တိာဇာနော စ ရာဇကုမာရာ စ ဒေဝိယော စ၊ ဣမေ ဝုစ္စန္တိမ္မုတိဒေဝါ (ခု၊ဂ၊ ၂၂၅)။

(ခ) စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ ဟူသော နတ်ပြည်ခြောက်ထပ် နှင့် ဗြဟ္မပါရိသဇ္ဇာ စသော ၂၀-သော ဗြဟ္မာဘုံတို့ ဖြစ်ကုန်သော နတ်ဗြဟ္မာတို့ကို (ဘဝဟောင်းတစ်ခုမှ ဘဝသစ်တစ်ခုသို့ ကျရောက်လာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှားဖြစ်ခြင်းကြောင့်) ဥပပတ္တိနတ်ဟု ခေါ်ဆိုသည်။

ကတမေ ဥပပတ္တိဒေဝါ။ ဥပပတ္တိဒေဝါ ဝုစ္စန္တိ စာတုမဟာရာဇိကာ ဒေဝါ။ ဗြဟ္မကာယိကာ ဒေဝါ။ ယေ စ ဒေဝါ တဒုတ္တရိ၊ ဣမေ ဝုစ္စန္တိ ဥပပတ္တိဒေဝါ (ခု၊ဂ၊ ၂၂၅)။

(ဂ) ဘုရားမြတ်စွာ ရဟန္တာနှင့် ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့ကို (ကိလေသာတို့မှ စင်ကြယ်ခြင်းကြောင့်) ဝိသုဒ္ဓိနတ်ဟု ခေါ်ဆိုသည်။

ကတမေ ဝိသုဒ္ဓိဒေဝါ။ ဝိသုဒ္ဓိဒေဝါ ဝုစ္စန္တိ တထာဂတာ တထာဂတသာဝကာ အရဟန္တော ခီဏာသဝါ၊ ယေ စ ပစ္စေကဗုဒ္ဓါ၊၊ ဣမေ ဝုစ္စန္တိ ဝိသုဒ္ဓိဒေဝါ (စူဠနိဒ္ဒေသ၊ ၂၂၅)။

ဤသို့ကျမ်းဂန်တို့၌ “ဒေဝ” ဟူသော ပါဠိဝေါဟာရ၏အနက်ဖြစ်သော “နတ်” သုံးမျိုးတို့ကို သေချ ဂန ပြဆိုထားလေသည်။ “ဤခန္ဓာကိုယ်အတွင်းမှာ ရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကို စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံ ခေါ်ရကြောင်းကို ဟောကြားဖွင့်ပြခြင်း မရှိချေ။ ထို့ကြောင့် စုဒိတကတို့၏ (၄) အမှတ်ပြ ကောက်နုတ်ချက်စကားရပ်သည် အမှားသက်သက်သာဖြစ်သည်။

ယင်းသည် အမှားများကို ရေးသား ဖြန့်ဝေနေကြခြင်းသည် ထေရဝါဒ ပိဋကတ်တော်များ၌လာသော နတ်ပြည် ဗြဟ္မာ့ပြည်တို့ရှိသည်ဟူသောဝါဒကို ပယ်ဖျက်လိုသည့်ရည်ရွယ်ချက်ကြောင့်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များ ယူဆတော်မူကြသည်။

စောဒက ပုဂ္ဂိုလ်တို့၏ (၁) အချက် စကားရပ်ကို စိစစ်ချက်

စိစစ်ပြဆိုခဲ့ပြီးသော အကြောင်းများကြောင့် စုဒိတကပုဂ္ဂိုလ်တို့၏ ရေးသားချက် စကားရပ်များသည် ကျမ်းဂန်နှင့် ဆန့်ကျင်သော စကားများသာဖြစ်ကြောင်း ထင်ရှားရကား “စုဒိတကတို့၏ ရေးသားချက်များသည် ကျမ်းဂန်လာမဟုတ်” ဟူသော စောဒကပုဂ္ဂိုလ်တို့၏ (၁)အချက် စကားရပ်သည် ယထာဘူတကျသော စကားရပ်ဖြစ်သည်။

စောဒက ပုဂ္ဂိုလ်တို့၏ (၂) အချက် စကားရပ်ကို စိစစ်ချက်

“နာထ” ဟူသော ပါဠိမှ “နတ်” ဟူသော ဝေါဟာရ ရသည်ဟု ဝေါဟာရ ဗေဒပညာရှင်တို့က ဆိုကြသည်ဟူသော စကားရပ်သည်ကား “ဝတ္တိစ္ဆာနုပုဗ္ဗိကာသဒ္ဒပဝတ္တိ” (သဒ္ဒါဖြစ်ခြင်းသည် ပြောဆိုသူ၏ အလိုလျှင် အစဉ်ရှိ၏၊ ပြောဆိုသူ၏ အလိုအားလျော်စွာဖြစ်၏) ဟူသော ပရိဘာသာအရ သင့်လျော်သော ဗျုပ္ပတ်ကို စွဲ၍ ရှေးပညာရှိတို့ တီထွင်သုံးစွဲသော ဝေါဟာရဖြစ်၍ မသင့်ဟုဆိုရန် မရှိပေ၊ ရုက္ခဋ္ဌဒေဝတာကို ရုက္ခဇီဝ= ရုက္ခဇိုး-ဟူ၍လည်းကောင်း၊ ဘုမ္မဋ္ဌဒေဝတာကို ဘုမ္မဇီဝ =ဘုမ္မဇိုး ဟူ၍လည်းကောင်း ဝေါဟာရဗေဒပညာရှင်တို့၏ ဝတ္တိစ္ဆာနုပုဗ္ဗိကာ သဒ္ဒပဝတ္တိ အရ ခေါ်ဆိုကြသကဲ့သို့ပင် ဖြစ်ပေသည်။

စောဒက ပုဂ္ဂိုလ်တို့၏ (၃) အချက် စကားရပ်ကို စိစစ်ချက်

“ဒိဗ္ဗ”ဟူသောပါဠိသည် “ကာမဂုဏ်ငါးပါးဖြင့်ထွန်းပခြင်း” ဟု အဓိပ္ပာယ်ရှိသည်ဟူသောစကားရပ်သည် ဒိဝုဓာတ်၏ ဇုတိ= ထွန်းပခြင်းအနက်ကိုယူ၍ဆိုခြင်းကြောင့်မှန်ကန်သော အနက်ပင်ဖြစ်သည်။

ထိုပုဒ်နှင့် ဒိဝုဓာတ်ချင်းတူသော ဒေဝပုဒ်ကို ဝိသုဒ္ဓိမဂ်မဟာဋီကာ(ပ-၇)၌ “ဒိဗ္ဗန္တိ ပုညာတိသယယောဂါနု ဘဘာဝပ္ပတ္တာယ ဇုတိယာ ဇောတန္တီတိ ဒေဝါ” (အကြင်သတ္တဝါတို့သည် လွန်ကဲသော ကောင်းမှုနှင့်စပ်ဆိုင်သော အာနုဘော်သို့ရောက်သော အရောင်အဝါဖြင့် ထွန်းလင်းတောက်ပကုန်၏၊ ထို့ကြောင့် ထိုသတ္တဝါတို့သည် ဒေဝမည်ကုန်၏၊ ဝါ၊ နတ်မည်ကုန်၏) ဟု ဝြိုဂိဟ်ပြုရန် ပြဆိုလေသည်။

စောဒက ပုဂ္ဂိုလ်တို့၏ (၄) အချက် စကားရပ်ကို စိစစ်ချက်

“နတ်တို့သည် ဒါနရှင် သီလရှင်များဖြစ်ကြ၍ ချမ်းသာစွာနေကြရသည်ကို ရည်ညွှန်းပါသည်” ဟူသောစကားရပ်သည် ဆိုလတံ့သော ဒေသနာတော်တို့နှင့် ညီညွတ်ခြင်းကြောင့် သင့်လျော်သော စကားရပ်ဖြစ်သည်။

အန္န ဉ္စ ဒတွာ ဗဟုနော၊ ဒက္ခိဏေယျသု ဒက္ခိဏံ။
ကတော စတာ မနုဿတ္တာ၊ သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။
တေ စ သဂ္ဂဂတာ တတ္ထ၊ မောဒန္တိ ကာမကာမိနော။
ဝိပါကံ သံဝိဘာကဿ၊ အနုဘောန္တိ အမစ္ဆရာ (ခု၊၁၊၂၀၈)။

လူများစွာအား ထမင်းကိုလည်းကောင်း မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သောအလှူကိုလည်းကောင်း ပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူအဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်သို့ လားရောက်ကြရကုန်၏၊

နတ်ပြည်၌ ရောက်ကြကုန်သော သတ္တဝါတို့သည် ထိုနတ်ပြည်၌ အလိုရှိသော ကာမဂုဏ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏၊ ဝန်တိုမှုမရှိသူတို့သည် ခွဲခြမ်းဝေဖန်ခြင်း အကျိုးကို ခံစားကြရကုန်၏ (ခု၊မြန်၊၁၊၁၉၁)။

သီလံ ရက္ခေယျ မေဓာဝီ၊ ပတ္ထယာနော တယောသုခေ။
ပသံသံ ဝိတ္တလာဘဉ္စ၊ ပစ္စ သဂ္ဂေ ပမောဒနံ (ခု၊၁၊၂၄၁)။

ချီးမွမ်းခြင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကိုလည်းကောင်း၊ တမလွန်ဘဝဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းကိုလည်းကောင်း ဤချမ်းသာသုံးမျိုးတို့ကို တောင့်တသောပညာရှိသည် သီလကို စောင့်ရှောက်ရာ၏ (ခု၊မြန်၊၁၊၂၂၅)။

ဤသို့စသော ဒေသနာတော်များ၌ ဒါနရှင် သီလရှင်များ၏ နတ်ပြည်၌ ချမ်းသာစည်းစိမ်ကို ခံစားနေကြရခြင်းကို ပြတော်မူသည်၊ ထို့ကြောင့် စောဒကပုဂ္ဂိုလ်တို့တင်သွင်းအပ်သော စောဒနာ စကားများသည် ပိဋကကျမ်းဂန်တို့နှင့် ညီညွတ်၍စုဒိတကတို့၏ စကားရပ်များကား ပိဋကကျမ်းဂန်တို့နှင့် ဆန့်ကျင်သည်ကို ဝိနည်းဓိုရ်ဆရာတော်တို့ တွေ့မြင်ကြရပေသည်။

အမှတ်စဉ်(၁၅) မ-အမှတ်ပြမှ စ၍ ဠ-အမှတ်ပြအထိ စောဒနာရှစ်ချက်ကို စိစစ်ချက်

၂၇။ (မ) သိန်းဇီဝ = ဇီဝ၏အဓိပ္ပာယ်မှာ အသက်ကိုခေါ်ပါသည်၊ သိန်း၏အဓိပ္ပာယ်မှာ သေလုနီးပါးဟု ခေါ်ပါသည်၊ နှစ်ခုပေါင်းလိုက်လျှင် (သိန်းဇီဝ) အသက်သေလုနီးပါးအထိ ပူလောင်ကျွမ်းမှုကြီးဖြစ်ရခြင်းဟု ပြဆိုထားခြင်းဖြစ်သည်။
(ယ) ကာလသုတ် = ကြိုးနှင့် တုပ်နှောင်ထားဘိသကဲ့သို့ ရုန်းထွက်၍မရသလို ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(ရ) သင်္ဃာတ = သံမီးတောင်ကြီး၏အပူရှိန်ဖြင့် ဖိကပ်၍ ထားဘိသကဲ့သို့ ပူလောင်ခံနေရခြင်း။
(လ) ရောရုဝ = အသံအော်ဟစ်လျက် မခံမရပ်နိုင်ဘဲ ပူလောင်မှု ဒဏ်ခံနေရခြင်း။
(ဝ) မဟာရောရုဝ= ထ၍မနိုင် ထိုင်၍မရ ဘယ်လိုနေရမှန်းမသိ ဖြစ်ရသည်အထိ ပူပင်လောင်ကျွမ်းမှုဒဏ်ကို ခံနေရခြင်း။
(သ) တာပန္န = အသံမထွက်နိုင်တော့ဘဲ ရင်လုံးဆောင့်လျက် ပူဆွေးလောင်ကျွမ်းဒဏ် ခံရခြင်း။
(ဟ) မဟာတာပန္န= အလွန်ပြင်းထန်စွာဖြင့် အသံမထွက်နိုင်တော့ဘဲ သတိပင်မရ မေ့မျောကြရသည်အထိ ပူလောင်မှုဒဏ်ကို ခံရခြင်း။
(ဠ) အဝီစိ = တစ်ချက်ကလေးမျှ မေ့ပျောက်၍ မရနိုင်လောက်အောင်ပင် အေးကွက်စပ်ကြား မရှိဘဲ ပူလောင်နေရခြင်းတည်းဟူသော

ပူလောင်ကျွမ်းမှု အမျိုးမျိုး ၈-မျိုး ၈-ထပ်တို့၏ နှိပ်စက်မှုဒဏ်များကို ခံနေရသူတို့ကို ငရဲကြီး (၈)ထပ်တွင် ကျခံနေရသူများဟု ကျမ်းဂန်၌ ပြဆိုမှုပြုခြင်းဖြစ်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ ၂၄၊ ၂၅)

ဤစကားများကို ထုတ်ပြ၍ “ယင်းစကားရပ်များသည် သာသနာတော်ကို စော်ကားသော ဘုံရှင်းတမ်း၊ ဘုံကမ္ဘာတိတ်ခွေများကို ဖြစ်ပေါ်စေသည့် အခြေခံမျိုးစေ့များ ဖြစ်ပါသည်” ဟူ၍ သာမညအားဖြင့်လည်းကောင်း၊ ဇာတကအဋ္ဌကထာသာဓကတို့ဖြင့် သဉ္ဇီဝ- စသောပုဒ်တို့၏ အနက်မှန်ကို ဖော်ပြလျက် ဝိသေသအားဖြင့် လည်းကောင်း စောဒက ဆရာတော်များက တင်ပြ စောဒနာကြသည်။

ဝိနည်းဓိုရ်ဆရာတော်တို့၏ သုံးသပ်ချက်

ထိုငရဲရှစ်ထပ် ဝေါဟာရနှင့်စပ်လျဉ်းသည့် စောဒနာ စကားရပ်ကို သုံးသပ်စိစစ်သော် စောဒက ဆရာတော်များ ထုတ်ဆောင် ကိုးကားသော သာဓက စကားရပ်များသည် ထေရဝါဒပိဋက အဋ္ဌကထာ၌လာသော ခိုင်လုံသည့် စကားရပ်များဖြစ်၍ သာဓကမြောက်ပြီးဖြစ်ရကား ယထာဘူတ ဓမ္မစောဒနာအဖြစ် ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော်မူကြသည်။

၂၈။ စုဒိတကတို့ ဖော်ပြသော ငရဲရှစ်ထပ် ဝေါဟာရ ဗျုပ္ပတ်သည်ကား ကြောင်းကျိုး ယုတ္တိ အလျဉ်းမရှိသော စကားများသာ ဖြစ်ချေသည်၊ ဤအကြောင်းယုတ္တိအလျဉ်းမရှိသည့် စကားများကို ရေးသားပြဆိုခြင်း၏ အကြောင်းရင်း အခြေအမြစ်ကို စိစစ်သုံးသပ်ရန်လိုသည်၊ ထိုစကားရပ်များကား ဤဝိနိစ္ဆယရုံးတော်၌ သက်သေခံအဖြစ် တင်ထားသော “နတ်နှင့်ငရဲ ဘယ်မှာလဲ” စာတမ်းမှ ဖြစ်ရကား ထိုစာတမ်းပါ စကားရပ်များကို ခြုံငုံသုံးသပ်ရပေမည်၊ ထိုစာတမ်းကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဦးရွှေပြည့်က တင်ပြ၍ အတွင်း စာမျက်နှာ၌ကား တောင်ကုတ်မြို့နယ်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ တင်ပြချက် စာတမ်းဖြစ်သည်ဟု ပါရှိသည်။

ထိုစာတမ်းကို စိစစ်သုံးသပ်ရာ နတ်ဗြဟ္မာနှင့် ငရဲအကြောင်းအရာများပါရှိသည့် ပိဋကတ်တော်များကို ပယ်ရှားလိုခြင်းဟူသော အကြောင်းရင်း အခြေအမြစ်ကို တွေ့မြင်သိရှိရပေသည်။ မှန်ပါ၏၊ ထိုစာတမ်း စာမျက်နှာ ၅-၌ “ဤသို့လျှင် နတ်များမှာ မိခင်နတ်မ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေမနေရဘဲ ဥပပတ်နှင့် ချက်ချင်း တစ်ခဏအတွင်း နတ်သားနတ်သမီးများဖြစ်လာကြပါက မိဘဟူ၍ မရှိနိုင်၊ သားသမီး ဇနီးနှင့် ဆွေမျိုးဉာတကာဟူ၍လည်း မပေါ်ပေါက်နိုင်ပါ၊ တစ်ခုသော မင်္ဂလသုတ်တွင် ဗုဒ္ဓက သင်နတ်သားတို့ မိဘနှင့် သားသမီးဇနီး ဆွေမျိုးဉာတကာတို့ကို လုပ်ကျွေးမွေးမြူရမည်ဟူသော မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော ပုဒ်ဖြင့် ညွှန်ပြ ဆုံးမထားသည်ကို ထောက်ပါက ဤလူများကိုပင် အဆင့်အတန်းအလိုက် ခွဲခြားလျက် နတ်သားဟု ခေါ်ဆိုကြောင်း အထင်အရှားတွေ့ရပါသည်” ဟု ဖော်ပြထားသည်။(ဤစကားရပ်ကား နတ်အကြောင်းအရာပါသည့် ပိဋကတ်တော်ကို ပယ်သော စကားရပ်ဖြစ်သည်။)

ဤစကားရပ်၌ ဆိုလိုရင်းကား “နတ်များမှာ မိဘနှင့် သားသမီး ဇနီး ဆွေမျိုးမရှိ၊ ယင်းသို့ မရှိဘဲလျက် မိဘနှင့် သားသမီး ဇနီးဆွေမျိုးတို့ကို လုပ်ကျွေးမွေးမြူရမည်ဟု ဟောတော်မူခြင်းကြောင့် လူများကို ပင် နတ်ဟုခေါ်ရသည်” ဟူ၍ဖြစ်သည်၊ စုဒိတက ဦးရွှေပြည့်သည် ဘုရားရှင်၏ ဒေသနာတော်ကို ယောနိသောမနသိကာရဖြင့် မကြည့်ရှုမလေ့လာဘဲ ပုတ်ခတ်ပယ်ရှားလိုသော အယောနိသော မနသိကာရ ပဒုဋ္ဌစေတနာဖြင့်သာ လေ့လာကြည့်ရှုမိခြင်းကြောင့်သာ ဤသို့ မှားယွင်းစွာ ယူဆမိရှာသည်။

နတ်တို့မှာ မိဘနှင့် သားသမီးဆွေမျိုးများရှိသည်ကို သက္ကပဥှသုတ် ပါဠိတော် အဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာတို့၌ တွေ့မြင်နိုင်သည်။ သိသာရုံ အကျဉ်းမျှ ဖော်ပြဦးအံ့။

“မြတ်စွာဘုရား ရတနာသုံးပါး၌ ကြည်ညို၍ ငါးပါးသီလကို စောင့်ထိန်းလေ့ရှိသည့် ကပိလဝတ်ပြည်သူ ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် မိန်းမအဖြစ်ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ပွားများကာ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည့်နောက်၌ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သားဖြစ်လာပါ၏” ဟု သိကြားမင်းက မြတ်စွာဘုရားကိုလျှောက်ထားသည့်စကားသည် သားသမီးရှိကြောင်း သာဓကဖြစ်သည် (ဒီ၊၂၊ ၂၁၆။ ဒီ၊ မြန်၊၂၊၂၄၂)။

သိကြားမင်းမှာ သူဇာစသော မိဖုရားကြီးများရှိကြောင်း အခြားနတ်များမှာလည်း မိမိတို့၏ ကြင်ယာနတ်သမီးများရှိကြောင်းမှာ ထင်ရှား၍ သာဓကပြဖွယ်ပင်မလို၊ သိကြားမင်းသည် သက္ကပဥှသုတ်ကို ကြားနာပြီးနောက် ပဉ္စသိခနတ်သားကို ကျေးဇူးတင်လှ၍ သူရိယဝစ္ဆသာနတ်သမီးနှင့် ထိမ်းမြားပေးကြောင်းကို ယခင် ပါဠိတော် နှာ-၂၃၀၊ မြန်မာပြန် ၂၅၇-၌ တွေ့မြင်နိုင်ပေသည်။

ဥပပတ်နတ်တို့မှာ အမိဝမ်း၌ပဋိသန္ဓေ မနေရဘဲ ဘယ်ပုံဘယ်နည်း သား၊သမီးစသည် ရှိနိုင်သည်ကိုလည်း ယင်း မဟာဝဂ္ဂအဋ္ဌကထာ နှာ ၂၉၇-၌

“ဒေဝါနံ ဓီတာ စ ပုတ္တာ စ အင်္ကေ နိဗ္ဗတ္တန္တိ”

စသည်ဖြင့် ပြဆိုလေသည်၊ အဓိပ္ပာယ် = “နတ်တို့၏ သမီးဖြစ်သော နတ်သား ဖြစ်သော နတ်တို့သည် ရင်ခွင်၌ ဖြစ်ကုန်၏၊ ခြေရင်း အလုပ်အကျွေး မယားဖြစ်သော နတ်မိန်းမတို့သည် အိပ်ရာ၌ ဖြစ်ကုန်၏၊ အဆင်တန်ဆာပြုပြင် ဆင်ယင်ပေးမည့်နတ်တို့သည် အိပ်ရာကို ခြံရံ၍ဖြစ်ကုန်၏၊ ကိစ္စကြီးငယ်ကို ပြုလုပ်သည့်နတ်တို့သည် ဗိမာန်တွင်း၌ ဖြစ်ကုန်၏၊” ဤကား ဥပပတ်နတ်တို့အတွက် ပြဆိုခြင်းဖြစ်သည်။

ဘုမ္မစိုး နတ်တို့သည်ကား အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက ဟူသော ယောနိလေးမျိုးလုံးဖြင့် ပဋိသန္ဓေနေနိုင်သည်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၅၃)၌ -

နိရယေ ဘုမ္မဝဇ္ဇေသု၊ ဒေဝေသု စ န ယောနိယော။
တိဿော ပုရိမိကာ ဟောန္တိ၊ စတေဿပိ ဂတိတ္တယေ။

စသည်ဖြင့် ပြဆိုသည်၊ အဓိပ္ပာယ် = “ငရဲ၊ ဘုမ္မစိုးမှ တစ်ပါးသောနတ်များနှင့် နိဇ္ဈာမတဏှိက ခေါ်သော မီးသရဲ ပြိတ္တာတို့မှာ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ မရှိကြ၊ ဩပပါတိက တစ်မျိုးသားရှိကြသည်၊ တိရစ္ဆာန်၊ မီးသရဲမှ ကြွင်းသော ပြိတ္တာ၊ လူ၊ ဘုမ္မစိုးနတ်တို့မှာ ယောနိလေးမျိုးလုံးဖြင့် ပဋိသန္ဓေ နေကြသည်” ထို့ကြောင့်နတ်တို့၌ မိဘနှင့် သား၊ သမီး၊ ဇနီးစသည်ရှိသည်မှာ ထင်ရှားပေသည်။

မင်္ဂလသုတ်ဒေသနာတော်သည်လည်း နတ်တို့ အကျိုးငှာသာ ဟောတော်မူသော ဒေသနာမဟုတ်၊ နတ်လူအားလုံး အကျိုးငှာ ဟောတော်မူသော ဒေသနာတော်ဖြစ်သည်၊ ဤသို့ နတ်တို့အား မိဘနှင့် သား၊ သမီး၊ ဇနီး ဆွေမျိုးရှိခြင်း မင်္ဂလသုတ်ကိုလည်း နတ်လူ အားလုံး အကျိုးငှာ ဟောတော်မူခြင်းကြောင့် မင်္ဂလသုတ်ဒေသနာကို ထောက်၍ လူကိုပင် နတ်ဟု ယူခြင်းသည် (ဒုဂ္ဂဟိတဂ္ဂါဟ) မကောင်းသဖြင့် ယူအပ်သော အယူသာ ဖြစ်ပေသည်။

၂၉။ ယင်းစာတမ်း စာမျက်နှာ ၁၁-၌ “ပဋိသန္ဓေများမှာ ဇလာဗုဇ၊ သံသေဒဇ၊ အန္ဓဇ၊ ဂဗ္ဘသေယျက၊ ဥပပါတိက ဟူ၍ ငါးမျိုးဖြစ်ကြပါသည်”ဟု ပုဒ်ပါဠိအက္ခရာ မှားယွင်းစွာ ပြဆိုထားသည်ကို တွေ့ရ၏၊ (ဇလာဗုဇ၊ သံသေဒဇ၊ အဏ္ဍဇ၊ ဂဗ္ဘသေယျက၊ ဩပပါတိက-ဟူ၍သာ အမှန်ဖြစ်သည်)၊ ပိဋကတ်တော်လာ အမည်ဝေါဟာရပုဒ်ပါဌ် အက္ခရာမျှကိုပင် မှန်ကန်စွာ မသိသူသည် ထိုပိဋကတ်တော်၏ နက်နဲသော အဓိပ္ပာယ်ကို ဝေဖန်ရာ၌ အဘယ်မှာလျှင် မှန်ကန်အောင် ဝေဖန်နိုင်ချိမ့်မည်နည်း။

မြတ်စွာဘုရားသည် ပဋိသန္နေ္ဓငါးမျိုးဟု ဟောတော်မမူ၊ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက- ဟူ၍ ယောနိလေးမျိုးကို ဟောတော်မူသည်၊ (နောက်၌အကျယ်ပြအံ့)၊ ထိုလေးမျိုးတို့တွင် အဏ္ဍဇနှင် ဇလာဗုဇသည် အမိဝမ်း၌ ကိန်းအောင်းရသောကြောင့် ဂဗ္ဘသေယျက မည်၏၊ ထို့ကြောင့် ကျမ်းဂန်များ၌ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက- ဟူ၍ယောနိလေးမျိုးကိုဖြစ်စေ၊ ဂဗ္ဘသေယျက၊သံသေဒဇ၊ ဩပပါတိက- ဟူ၍ ပဋိသန္ဓေအားဖြင့် ပြားသော သတ္တဝါသုံးမျိုးကိုဖြစ်စေ ပြဆိုရိုးရှိသည်၊ ပဋိသန္ဓေငါးမျိုးဟု ရောနှောပြဆိုခြင်းသည်ပင် မှားယွင်းနေပေသည်။

ထိုစာတမ်း စာမျက်နှာ ၁၂၊ ဇလာဗုဇ ပဋိသန္ဓေကို ပြရာ၌ -

“၎င်းဋိသန္ဓေမှာ ဩကာသာလောကအတွင်း၌ ရှိနေပြီးဖြစ်သော ရေစပ်၊မြေစပ်၊ အင်းအိုင်၊ မြစ်ချောင်းတို့မှ ရေမှို၊ ရေခဲ၊ ရေညှိ၊ မြေညှိဟုခေါ်သော ပထဝီနှင့် အာပေါတို့ဖြစ်ကြသည့် ဓာတ်သေ၊ ဓာတ်မတို့အပေါ် တေဇောနှင့် ဝါယောခေါ်သော ဓာတ်ဖို၊ ဓာတ်ရှင်များဖြစ်ကြသည့် အပူငွေ့နှင့် လေတို့ ညီမျှစွာ ကျရောက် ဆက်စပ်စွဲမှီနေမှုကြောင့် ပါဠိစကားအားဖြင့် (ကံသင်္ခါရလောက) ၏ ပြုပြင်ပေးမှုကြောင့် ၎င်းရေညှိမြေညှိများအပေါ် ဗီဇမျိုးစုံတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းဗီဇတို့မှ သက်ဝင်လှုပ်ရှား အသိစိတ် ဝိညာဏ်နာမ်များ ဝင်ရောက်လာကာ အဆင့်ဆင့် အမျိုးမျိုးသော ရုပ်မျိုးစုံ နာမ်မျိုးစုံတည်းဟူသော ရုပ်နာမ်နှစ်ပါးရှိသော ရေသတ္တဝါများ စတင်၍ ဖြစ်ပေါ်လာစေခဲ့သော ဇလာဗုဇပဋိသန္ဓေပင်ဖြစ်သည်၊ ကမ္ဘာရေပြင်မှစ၍ဖြစ်သော ပဋိသန္ဓေဖြစ်သည်”ဟု ဆိုထား၏၊

ဤစကားရပ်၏ လိုရင်း ပိဏ္ဍတ္ထကား “ရေစပ်မြေစပ် အင်းအိုင် မြစ်ချောင်းတို့ဝယ် ရေမှော်ရေညှိစသည်တို့၌ ဖြစ်သော သတ္တဝါသည် (ဝါ) ကမ္ဘာရေပြင်မှ စ၍ဖြစ်သောသတ္တဝါသည် ဇလာဗုဇမည်၏” ဟူ၍ဖြစ်သည်။

သုံးသပ်ချက်

ရေမှော် ရေညှိ စသည်တို့၌ဖြစ်သော သတ္တဝါသည် သံသေဒဇသာဖြစ်သည်၊ ဇလာဗုဇမဟုတ်၊ (နောက်၌ ထင်ရှားလတံ့) စာတမ်းရှင် (စုဒိတက) သည် “ဇလာ”ကို မြင်၍ ရေပြင်မှစ၍ ဖြစ်သော သတ္တဝါဟု ယူဆဟန်ရှိသည်၊ အမှန်မှာ “ဇလာ” သဒ္ဒါမဟုတ် “ ဇလာဗု” သဒ္ဒါဖြစ်သည်၊ “သားအိမ်” ဟူသော အနက်ကိုဟောသည် “ဇ”သဒ္ဒါ “ဖြစ်” ဟူသော အနက်ကို ဟောသည်၊ အမိ၏ သားအိမ်အတွင်း၌ ပဋိသန္ဓေ တည်နေ ဖြစ်ပွားကြသော လူ၊ ဆင်၊ မြင်း၊ နွား၊ ကျွဲ စသော သတ္တဝါများကို ဇလာဗုဇ- ဟု ခေါ်ဆိုရသည်။

၃၀။ ထိုစာတမ်း စာမျက်နှာ-၁၅ ဥပပတ် ပဋိသန္ဓေကို ပြရာ၌-

“ဤပဋိသန္ဓေမှာ စိတ်၏ စွဲလမ်းရာဖြင့် နတ်၊ ဗြဟ္မာ၊ ငရဲ၊ တစ္ဆေ၊ သရဲသဘက် အစရှိသည့် နတ်ငရဲများကို ဖြစ်စေသည်ဟု ဆိုကြသည်၊ ဖြစ်သည့်အခါမှာလည်း တစ်မိနစ် တစ်ခဏအတွင်းမှာပင် ဤကိုယ်ကာယ ပကတိအတိုင်း ဖြစ်ကြသည်ဟု ဆိုသည်၊ ပဋိသန္ဓေခန်း၏ အစမှ ပြခဲ့သည့်အတိုင်း စိတ်ပဋိသန္ဓေဖြစ်သည်၊ မိခင်ဝမ်းမှာ တည်ရသော ပဋိသန္ဓေမဟုတ်၊ ရုပ်ပဋိသန္ဓေ မဟုတ်ခြင်းကြောင့် နတ်ငရဲများ သက်တမ်းစေ့၍ သေဆုံးသည့်အခါ အလောင်းရယ်လို့လည်း သီးခြားမရှိဟု ဆိုသည်၊ စိတ်ဖြင့် စွဲ၍ စိတ်မှာဖြစ်နေသော နတ်ငရဲများဟုပင် အဓိပ္ပာယ်ထွက်နေသည်၊ ရုပ်နာမ်ဟူ၍ တစ်သီးတစ်ခြားမရှိဘဲ ဤလူသတ္တဝါ၏ အတွင်းစိတ်မှာ စွဲမှီ၍ ဖြစ်နေသော နတ်ငရဲ တစ္ဆေများသာ ဖြစ်သည်ဟု တွေ့ရှိရသည်” ဆိုထား၏၊

ဤစကားရပ်၏ ဆိုလိုရင်း ပိဏ္ဍတ္ထကား “ဤဘဝမှ စုတေ၍ နောက်ဘဝသစ်၌ ဥပပတ် ပဋိသန္ဓေနေသော နတ်ဗြဟ္မာငရဲစသည်တို့ အမှန်တကယ်ထင်ရှားရှိကြသည်မဟုတ်၊ ဤလူ့ခန္ဓာကိုယ် ပကတိအတိုင်း မသေမပျောက်ဘဲ စိတ်ထဲမှာသာ တစ်မိနစ် တစ်ခဏအတွင်း ဖြစ်သည်၊ စိတ်ဆင်းရဲလျှင် ငရဲကျသည်၊ စိတ်ချမ်းသာလျှင် နတ်ပြည် ရောက်သည်၊ စိတ်သက်သက် ပဋိသန္ဓေဖြစ်သည်၊ ရုပ်၊ နာမ်သီးခြားမရှိ” ဟူ၍ဖြစ်သည်၊ ဤအဓိပ္ပာယ်သည်လည်း ထိုစာတမ်း နှာ ၁၉-၌ ဆိုထားသော မလိုချင်သည့် မတွေ့ချင်သည့် ဒေါသစွဲဖြစ်နေပါက ပရိဒေဝ မီး (၁၁)ပါး လောင်ကျွမ်းခြင်းခံရသော ငရဲဘဝသို့ ကျနေသည်ဟု ခေါ်သည်၊ လိုချင်နှစ်သက်သော လောဘစွဲဖြင့် ပြည့်စုံလျက် စိတ်အာရုံတွင် ကာမဂုဏ် ခံစားနေကြသူတို့ကို နတ်စည်းစိမ် နတ်ဘဝကို ရနေကြသည်ဟုခေါ်သည်” ဟူသော နောက်စကားဖြင့် ထင်ရှား၏၊

စုဒိတက၏ စကားရပ်၌ (တစ်မိနစ် တစ်ခဏအတွင်း) ဟူသောစကားသည် ပရမတ္တသဘာဝနှင့် ဝေးကွာလှသော စကားဖြစ်သည်၊ ပစ္စုပ္ပန်ဘဝဝယ် ရှေ့စိတ်ချုပ်ပြီးနောက် အခြားမရှိဘဲ နောက်စိတ်ဖြစ်သကဲ့သို့ ထို့အတူ ဘဝဟောင်းမှ စုတိစိတ်ချုပ်ပြီးနောက် အခြားမရှိဘဲ ဘဝသစ်၌ ပဋိသန္ဓေစိတ်ဖြစ်သည်၊ စိတ်ဖြစ်ခြင်း ချုပ်ခြင်းသည် အလွန်လျင်မြန်ရကား -

ယာဝဉ္စိဒံ ဘိက္ခဝေ ဥပမာပိ န သုကရာ၊ ယာဝ လဟုပရိဝတ္တံစိတ္တံ (အံ၊၁၊၉) ဟူသော အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း ဥပမာပြရန်ပင် မလွယ်ကူချေ။

ထို့ကြောင့် ဥပပတ်ပဋိသန္ဓေနေခြင်းသည် တစ်မိနစ် မဆိုထားဘိ တစ်စက္ကန့်မျှပင် မကြာချေ။ (ဤကိုယ်ပကတိအတိုင်း)ဟူသော စကားသည်လည်း ပိဋကတ်၌မရှိ၊ မိမိလိုရာ အဓိပ္ပာယ်ကို ဆွဲယူ၍ရအောင် တမင်သက်သက် ဖြည့်စွက်ထားသော စကားသာဖြစ်သည်၊ (ဤကိုယ်ပကတိအတိုင်း) ဆိုသည်မှာ (ဘဝဟောင်းမှ စုတေ၍ ဘဝသစ်၌ ဖြစ်သည်မဟုတ်၊ ဤ လူ့ဘဝခန္ဓာကိုယ် ပကတိအတိုင်း မသေမပျောက်ဘဲဖြစ်သည်)ဟု သူဆိုလိုရင်းဖြစ်သည်။

ဥပပတ်ပဋိသန္ဓေနေသော သတ္တဝါသည် မသေမပျောက်ဘဲ ဤဘဝခန္ဓာကိုယ် ပကတိအတိုင်းဖြစ်သည် မဟုတ်၊ တစ်နေရာမှ ခုန်လွှား၍ အခြားတစ်နေရာ၌ကျရောက်လာသကဲ့သို့ ဘဝဟောင်းမှ စုတေ၍ ဘဝသစ်၌ ခန္ဓာကိုယ်အထင်အရှား ဘွားကနဲ ဖြစ်ခြင်းရှိသော သတ္တဝါကို ဩပပါတိက-ဟု ခေါ်ဆိုသည်။

(စိတ်ပဋိသန္ဓေ ဖြစ်သည်၊ ရုပ်နာမ်ဟူ၍ သီးခြားမရှိ) ဟူသောစကားသည်လည်း အဘိဓမ္မာ ဒေသနာတော်ကို ပုတ်ခတ်ထားသော စကားသာဖြစ်သည်၊ ဥပပတ်ပဋိသန္ဓေကို ရုပ်နာမ်ရောသော ပဋိသန္ဓေ၊ ရုပ်သက်သက် ပဋိသန္ဓေ၊ နာမ်သက်သက် ပဋိသန္ဓေ အားဖြင့် သုံးပါး ခွဲခြား၍ မြတ်စွာဘုရား ဟောတော်မူသည်ကို ဝိဘင်းပါဠိတော်၌ ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်၊ ဥိသာရုံမျှ အကျဉ်းချုံး၍ပြဦးအံ့ -

“ပြည့်စုံသော အာယတန ရှိကြသည့် ကာမာဝစရနတ်, ကမ္ဘာဦး၌ဖြစ်သော လူ, ဥပပတ်ဖြစ်သော ပြိတ္တာ, ဥပပတ်ဖြစ်သော အသူရာ, ဥပပတ်ဖြစ်သော တိရစ္ဆာန်, ငရဲသားတို့၏ ပဋိသန္ဓေခဏ၌ စက္ခာယတန, ရူပါယတန, သောတာယတန, ဃာနာယတန, ဂန္ဓာယတန, ဇိဝှာယတန, ရသာယတန, ကာယာယတန, ဖောဋ္ဌဗ္ဗာယတန, မနာယတန, ဓမ္မာယတန = ဤ (၁၁)ပါးသော အာယတနတို့ ထင်ရှားဖြစ်ကုန်၏” ဟု မြတ်စွာဘုရား ဟောတော်မူသည်။ (ဝိဘင်းပါဠိတော် နှာ-၄၂၇)

ဤပါဠိတော်၌ ဟောတော်မူအပ်သော ကာမသတ္တဝါတို့၏ ဥပပတ် ပဋိသန္ဓေ ခဏ၌ဖြစ်သော အာယတန(၁၁)ပါးတို့တွင် မနာယတန တစ်ပါးသာ စိတ်ဖြစ်သည်၊ ဓမ္မာယတနကား စေတသိက်နာမ်နှင့် အာပေါစသော ရုပ်တို့ရောနှောသော မိဿက အာယတနဖြစ်သည်၊ ကြွင်းသော အာယတန (၆)ပါးတို့ကား ရုပ်သက်သက်သာ ဖြစ်ကြသည်။

ထို့ပြင် ရူပ အရူပ ပဋိသန္ဓေ အရာ၌ -

ရူပ အရူပဓာတ်၏ ပဋိသန္ဓေ၌ အသညသတ်ဗြဟ္မာတို့ကို ချန်ထား၍ ခန္ဓာ ငါးပါးတို့ ထင်ရှား ဖြစ်ကုန်၏ (အဘိ၊၂၊၄၃၃)။

အသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေခဏ၌ ရူပက္ခန္ဓာဟူသော ခန္ဓာတစ်ပါးထင်ရှားဖြစ်၏ (အဘိ၊၂၊၄၃၄)။

အရူပဓာတ်၏ ပဋိသန္ဓေခဏ၌ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ = ဤခန္ဓာလေးပါးတို့ ထင်ရှားဖြစ်ကုန်၏ (အဘိ၊၂၊၄၃၅)။

ဤသို့ မြတ်စွာဘုရား ဟောတော်မူသည်။

ဤဒေသနာတော်ဖြင့် ကာမ ရူပ ဥပပတ်ပဋိသန္ဓေသည် ရုပ်နာမ်ရောသော မိဿက ပဋိသန္ဓေ ဖြစ်သည်၊ အသညသတ် ဥပပတ်ပဋိသန္ဓေသည် ရုပ်ပဋိသန္ဓေ ဖြစ်သည်၊ အရူပ ဥပပတ်ပဋိသန္ဓေသည် နာမ်ပဋိသန္ဓေ ဖြစ်သည်ဟု သိရာ၏၊

ယောနိလေးပါး ဘုရားဟော

၃၁။ ဤအရာ၌ ယောနိလေးပါးကို ရှင်းလင်းစွာ သိနိုင်ကြရန် ဘုရားဟော ဒေသနာကို အကျဉ်းချုံး၍ ပြဆိုဦးအံ့-

“သာရိပုတ္တရာ ယောနိခေါ်သော ဇာတ်တူအမျိုးတို့သည် ဤ လေးမျိုးတည်း၊ အဘယ်လေးမျိုးတို့နည်းဟူမူ ဥ၌ဖြစ်သော အဏ္ဍဇယောနိ၊ သားအိမ်၌ဖြစ်သော ဇလာဗုဇယောနိ၊ အညှိ၌(ဝါ) စိုစွတ်ရာအရပ်၌ဖြစ်သော သံသေဒဇယောနိ၊ ကိုယ်ထင်ရှားဖြစ်ပေါ်သော ဩပပါတိကယောနိတို့တည်း၊ ဥခွံကိုဖောက်ခွဲ၍ ဖြစ်ပေါ်လာသော သတ္တဝါကို အဏ္ဍဇယောနိ-ဟု ဆိုအပ်၏၊ သားအိမ်ကို ဖောက်ခွဲ၍ ဖြစ်ပေါ်လာသော သတ္တဝါကို ဇလာဗုဇယောနိ-ဟု ဆိုအပ်၏၊ ငါးပုပ်အကောင်ပုပ် မုယောမုန့်ပုပ် တန်စီးအိုင် တန်စီးမြောင်းတို့၌ ဖြစ်ပေါ်လာသော သတ္တဝါကို သံသေဒဇယောနိ-ဟုဆိုအပ်၏၊ နတ်ငရဲသားနှင့် အချို့ လူအချို့ ဝိနိပါတိက အသူရာကို ဩပပါတိကယောနိ-ဟု ဆိုအပ်၏” (မ-၁-၁၀၅)၊ (ဥခွံဖြစ်ရာဌာနအားဖြင့် အထူးပြုအပ် ခွဲခြားအပ်သော ခန္ဓာတို့၏ ကိုယ့်အုပ်စုနှင့် ကိုယ်ဖြစ်နေပုံ အထူးကို ယောနိ-ဟုခေါ်သည်) ဤသို့ ယောနိလေးပါးကို ဘုရာရှင်ဟောတော်မူခဲ့သည်။

ထို့ကြောင့် “ဥပပတ်ပဋိသန္ဓေသည် စိတ်ပဋိသန္ဓေဖြစ်သည်၊ ရုပ်နာမ်ဟူ၍ တစ်သီးတစ်ခြားမရှိဘဲ ဤ လူသတ္တဝါ၏ အတွင်းစိတ်မှာ စွဲမှီ၍ ဖြစ်နေသော နတ်ငရဲ တစ္ဆေများသာဖြစ်သည်” ဟူသော အယူသည် ပြဆိုခဲ့ပြီးသော ဘုရားရှင်၏ ဒေသနာတော်များနှင့် ဆန့်ကျင်သော (ဒုဂ္ဂဟိတဂ္ဂါဟ) မကောင်းသဖြင့် ယူအပ်သော အယူသာဖြစ်သည်၊ “အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခတိ” မိမိကိုယ်တိုင် မကောင်းသဖြင့် ယူအပ်သော အယူဖြင့် ငါဘုရားတို့ကိုလည်း စွပ်စွဲ၏ ဟူသော ဘုရားရှင်၏ စကားတော်နှင့် အညီ ဒေသက ဘုရားရှင်ကိုလည်း စွပ်စွဲရာ ရောက်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

စာတမ်း စာမျက်နှာ ၁၆-၌ “ကျမ်းဂန်အချို့က ဥပပတ်ပဋိသန္ဓေ မှာ မမြင်ရသော ပဋိသန္ဓေ မှ မမြင်ရသော နတ် ငရဲ တစ္ဆေများကို သီးခြားဖြစ်စေသည်ဟု ဆိုခြင်းကြောင့် ဗုဒ္ဓဘာသာဝင် တစ်ရပ်လုံးမှာ သီးခြားဟု ဆိုသည့် စာတစ်လုံးကြောင့် ယနေ့တိုင် သဘောကွဲလွဲလျက် တစ်ဦးနှင့် တစ်ဦး ရှင်းမရဘဲ ဖြစ်နေကြသည်၊ လူတွေသာမဟုတ် ရဟန်းတော်များ အချင်းချင်းပင်လျှင် ဤဥပပတ်ပဋိသန္ဓေအပေါ် အကောက်အယူ ကွဲလွဲနေကြရသည်” ဟု ပြဆိုထားပြန်၏၊

သုံးသပ်ချက်

ထေရဝါဒ ပိဋကဝယ် ဥပပတ်ပဋိသန္ဓေကို ပြရာ စကားရပ်၌ (သီးခြား) ဟူသော စကားလုံး အလျှင်း မပါရှိချေ၊ ဦးဥက္ကဋ္ဌနှင့်သူ၏ နောက်လိုက်များမှတစ်ပါး ဗုဒ္ဓဘာသာဝင် လူရှင် ရဟန်းအားလုံးပင် ဥပပတ်ပဋိသန္ဓေအပေါ်၌ အကောက်အယူ သဘောကွဲလွဲမှုလည်း အလျှင်းမရှိချေ၊ ထို့ကြောင့် ယခင်စကားရပ်သည် ဝိဝါဒါဒိကရုဏ်း ဖြစ်ပေါ်အောင် လှုံ့ဆော်သော စကားရပ်သာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

စာတမ်း စာမျက်နှာ ၁၈၊၁၉ ၌ “ဥပပတ်၏ သဘောမှာ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှလာသော “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုသည့် ပုဒ်နှင့် အတူတူဖြစ်သည်ကို တွေ့ရှိရပါသည်၊ ပဋိစ္စသမုပ္ပါဒ်မှာလည်း ဥပါဒါန်ကြောင့် ဘဝဖြစ်သည်၊ ဥပါဒါန်စိတ်၏ စွဲလမ်းမှုကြောင့် ချက်ခြင်း တစ်မိနစ်အတွင်း ဘဝဟု ခေါ်သည်။ ဤဥပပတ်ပဋိသန္ဓေမှာလည်း ဤအတိုင်းပင် စိတ်စွဲရာ ဘဝ- ဟု ခေါ်ခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်လို စိတ်စွဲရာ ဘဝဖြစ်နေ၍ ရုပ်ဟု တစ်သီးတခြားဖြစ်သွားခြင်း မရှိဘဲ ဤရုပ်အတွင်းမှာပင် ရှိနေသော နာမ်သက်သက်ကို ခေါ်ခြင်းဖြစ်သည်။ ပ။ ဥပမာ ဇာတ်သမားအဖြစ်ကို စွဲလမ်းမှု ဥပါဒ်ဖြင့် စွဲကပ်နေက ဇာတ်သမားဘဝ, သမီးတစ်ဦးအပေါ်မှာလည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ပူပင်စွဲကပ်နေသော ဥပါဒ်ဖြစ်နေပါက သမီးဘဝ, သားဆယ်တန်းအောင်သည်ကို စွဲကပ်၍ပျော်ရွှင်မှုဖြစ်နေက သားဘဝ, မိန်းမသေသည်နှင့် ကြုံတွေ့ရ၍ ပူပင်စွဲကပ်နေက မိန်းမဘဝ, လိုချင်သော အာဏာတစ်ခုကို ရရှိ၍ ပျော်ရွှင်စွာ စွဲကပ်နေက တန်ခိုးရှိသူဘဝ ဤသို့ အစရှိသဖြင့် လိုချင်စွဲ မလိုချင်စွဲဟူသော လောဘစွဲ ဒေါသစွဲများ မိမိခန္ဓာအတွင်း ကိန်းအောင်းနေသည်ကို (ဘဝ) ဖြစ်၍နေသည်ဟု ခေါ်သည်” ဟု ဆိုထားပြန်၏၊

သုံးသပ်ချက်

ဥပပတ်ပဋိသန္ဓေနှင့် ဥပါဒါနပစ္စယာ ဘဝေါ၏ အရတို့ကို အသီးအသီး စိစစ်၍ပြခဲ့ပြီးဖြစ်သည်၊ ဤဥပပတ် ပဋိသန္ဓေနှင့် ဥပါဒါနပစ္စယာ ဘဝေါဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ တသီးတခြားစီသာဖြစ်၍ အလျှင်းမတူပေ၊ ပဋိသန္ဓေအရာနှင့် ပစ္စယာကာယ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကား -

သစ္စံ သတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရမေဝ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊ ဒေသေတုဉ္စ သုဒုက္ကရာ (အဘိ၊ဋ္ဌ၊၂၊၁၂၃)။

သစ္စာလေးပါး၊ သတ္တမှ ဆိတ်သုဉ်းသော သင်္ခါရတို့၌ သတ္တ- ဟူသော ဝေါဟာရ ပညတ်၊ ပဋိသန္ဓေ၊ ပဋိစ္စသမုပ္ပါဒ် ဤလေးရပ်တို့ကား မြင်လည်း မြင်နိုင်ခဲ၏၊ ဟောကြားခြင်းငှာလည်း လွန်စွာ ခဲယဉ်းလှ၏ ဟု အဓိပတိပညာရင်ကြီးများ မိန့်မှာထားခဲ့သော ခဲလေးပါး ဒေသနာတွင် ပါဝင်သော အရာများ ဖြစ်ကြပေသည်။

ဤသို့ သုဒုဒ္ဒသ အတိဂမ္ဘီရဖြစ်သော ပဋိသန္ဓိကထာနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များကို ဆရာနည်းခံ သင်အံကြားနာခြင်း အလျဉ်းမရှိဘဲ စုဒိတကဦးရွှေပြည့်သည် မိမိ၏ ပဒုဋ္ဌစိတ်ထားဖြင့် ဘုရားရှင် ဒေသနာတော်များကို ထိပါးပုတ်ခတ်ခြင်းသာဖြစ်၍ ယင်းစကားရပ်များသည် အဓမ္မသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

၃၄။ စာတမ်း စာမျက်နှာ ၂၀-၌ “ဗြဟ္မာဆိုသည်မှာလည်း ဤ ဥပပတ်ပဋိသန္ဓေဖြင့် ဖြစ်သော စိတ်အစွဲကိုပင် ခေါ်ပါသည်၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားကြသော သက်ကြီးရွယ်ရင့်များနှင့် မိဘတို့ကို ခေါ်ကြခြင်းဖြစ်သည်။ပ။ သဠာယတနဝဂ္ဂသံယုတ်(၃၉၆) ခန္ဓသုတ်၌ ဗုဒ္ဓဟောထားသည်ကို တွေ့ရပါသည်။ အင်္ဂုတ္တိရ်၊ စတုက္ကနိပါတ်၊ ဗြဟ္မသုတ်၌လည်း ဤအတိုင်းပင် ပါရှိပါသည်” ဟု ပြဆိုထား၏၊

သုံးသပ်ချက်

သဠာယတနသံယုတ်(၃၉၆)၌ ခန္ဓသုတ်မရှိ၊ ဤစကားမျိုးမရှိ၊ အင်္ဂုတ္တိရ်၊ စတုက္ကနိပါတ်(၃၉၆) ဗြဟ္မသုတ်၊ တိကနိပါတ်(၁၄၇-၁၄၈) သဗြဟ္မကသုတ်တို့၌မိဘတို့ကို ဗြဟ္မာဟု ဟောတော်မူသော ဒေသနာတော်များရှိသော်လည်း ထိုဒေသနာတော်များသည် မုချတ္ထ ဒေသနာတော်များမဟုတ်၊ မိဘတို့သည် ဗြဟ္မာနှင့်တူသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ဟောတော်မူအပ်သော ဒေသနာတော်များသာဖြစ်ကြသည်၊ ထို့ကြောင့် အင်္ဂုတ္တိရ် တိကနိပါတ်အဋ္ဌကထာ(၉၉)၌ “ဗြဟ္မာသည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ- ဟူသော ဘာဝနာလေးပါးတို့ကို မစွန့်သကဲ့သို့ ဤအတူ မိဘတို့သည်လည်း ဘာဝနာလေးပါးတို့ကို မစွန့်ကုန်” ဟု ဥပမာအနက်ဖော်ပြလျက် ဖွင့်တော်မူသည်။

ဤသို့ ဥပစာရတ္ထဒေသနာတော်ကို မုချတ္ထ ယူ၍ဆိုထားသော စာတမ်းပါ စကားရပ်သည် ဘုရားရှင်အလိုတော်ကို မသိ၊ အတ္တနောမတိမျှဖြစ်၍ မှားယွင်းသောစကားရပ်သာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။

၃၅။ စာတမ်းစာမျက်နှာ ၂၁-၌လည်း “အာကာသ တစ်ခွင်မှ လေယာဉ် ဒုံးပျံ၊ဂြိုဟ်တုတို့ဖြင့် နှံ့စပ်အောင် သွားလာနေကြပါလျက် မည်သည့်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမျှ မတွေ့မြင်ရကြောင်း၊ အာကာသလေဟာပြင်မှာ လေကို ရှုရသော သက်ရှိသတ္တဝါများ မရှိနိုင်ကြောင်း၊ နတ်ဗြဟ္မာများကို အာကာသသို့ ဆွဲတင်၍ ရေးထားခြင်းမှာ မှန်ကန်သော စာများ မဟုတ်နိုင်ကြောင်း သိပ္ပံသဘာဝသာလျှင် မှန်ကန်သော အရာဖြစ်ကြောင်း” ပြဆိုထား၏၊

ထို့ပြင် စာမျက်နှာ ၂၆-၌လည်း “ဤငရဲကြီး ၈-ထပ်မှာ ဤကမ္ဘာမြေပြင်အောင် သေလာမြေနှင့် ပံသုမြေတို့အကြားတွင် ရှိကြသည်ဟု ရေးထားကြသော ကျမ်းစာတို့အရ မှန်မမှန်ကို မိမိတို့၏ ခန္ဓာဖြင့် စမ်းသပ်၍ ကြည့်ရန်မှာ မိမိ၏ နှာခေါင်း လေရှုပေါက်ကို တစ်နာရီခန့် ပိတ်၍ထားကြည့်ပါက မနေနိုင်ဘဲ သေသွားလိမ့်မည်ကို တွေ့ခြင်းဖြင့် ဤကမ္ဘာမြေအောက်တွင် သက်ရှိသတ္တဝါတို့မှာ မည်သည့်လေကို ရှု၍နေနိုင်ကြမည်နည်းဟု လွယ်ကူစွာ သဘောပေါက်နိုင်ပါသည်” ဟု ပြဆိုထားပြ၏၊

သုံးသပ်ချက်

လေယာဉ်, ဒုံးပျံ, ြုဂိဟ်တုတို့ဖြင့် နှံ့စပ်အောင် သွားနေပါလျက် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို ပကတိ မျက်စိဖြင့် မမြင်ရခြင်းကြောင့် မရှိဟု ဆိုသော စကားသည် အလျှင်းပင် မသင့်သော စကားဖြစ်၏၊ အကြောင်းကား နတ်ဗြဟ္မာတို့၏ ပကတိအဆင်းကို လူတို့ မံသစက္ခုဖြင့် မြင်ရန် မဆိုထားဘိ ဗြဟ္မာတို့၏ ပကတိအဆင်းကို နတ်တို့က မမြင်နိုင် အထက်အထက် နတ်တို့၏ ပကတိအဆင်းကို အောက်အောက်နတ်တို့က မမြင်နိုင် ကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်း၍ ပြမှသာ မြင်နိုင်သောကြောင့်တည်း (ဒီ၊၂၊၁၇၀)။

၃၆။ နတ် ဗြဟ္မာတို့၏ ပကတိအဆင်းကို လူတို့၏ မံသစက္ခုဖြင့် မြင်နိုင်ရန်မဆိုထားဘိ အဆင့်အတန်းကွာခြားသည့် နတ်ဗြဟ္မာ အချင်းချင်းပင် မမြင်နိုင်ပုံကို ဟောပြသော ကဏ္ဏကတ္ထလ သုတ်တော်ကို အကျဉ်းချုံး၍ ပြဆိုဦးအံ့ -

အခါတစ်ပါး မြတ်စွာဘုရားသည် ဥရုညမြို့ ကဏ္ဏကတ္ထလ သမင်တော၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီကောသလမင်းကြီးလည်း တစ်စုံတစ်ခုသောကိစ္စဖြင့် ရောက်လာခိုက် “အရှင်ဘုရား နတ်တို့ ရှိကြပါသလား” ဟု လျှောက်၏၊ မင်းကြီး (စာတုမဟာရာဇ်စသော နတ်တို့ ရှိသည်ဟု သင်မသိသလော) အဘယ့်ကြောင့် ဤသို့ မေးသနည်း” ဟု မိန့်တော်မူရာ “အရှင်ဘုရား (နတ်များရှိကြသည်ဟု သိပါ၏) ထိုနတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာကြပါသေးသလား၊ မနေလာကြတော့ပြီလား” ဟု မေးလျှောက်လေသည်၊ “မင်းကြီး စေတသိက ဒုက္ခရှိသောနတ်တို့သည်” ဤ လူ့ပြည်သို့ ပဋိသန္ဓေနေလာနိုင်ကုန်၏၊ စေတသိက ဒုက္ခမရှိသော နတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေမနေလာကြကုန်” ဟု မိန့်တော်မူလေသည်၊ ထိုအခါ ဝိဋဋူဘ စစ်သူကြီးက “စေတသိက ဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်သော နတ်တို့က စေတသိက ဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ မနေလာကြသည့် နတ်တို့ကို နှင်ထုတ်နိုင်ကြပါသလား” ဟု ကြားဝင်၍ လျှောက်၏၊ ထိုအခါ အရှင်အာနန္ဒာက “စစ်သူကြီး ပသေနဒီကောသလမင်းကြီးသည် တာဝတိံသာ နတ်တို့ကို နှင်ထုတ်နိုင်ပါသလား” ဟု ပြန်မေးလေရာ “အရှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် တာဝတိံသာ နတ်တို့ကို မြင်ရုံသော်မျှ မမြင်နိုင်ပါ။ အဘယ်မှာလျှင် နှင်ထုတ်နိုင်ပါမည်နည်း” ဟု လျှောက်လေသည်။ “စစ်သူကြီး ဤအတူပင် စေတသိက ဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်သော နတ်တို့သည် စေတသိက ဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ မနေလာနိုင်သော နတ်တို့ကို မြင်ရုံသော်မျှ မမြင်နိုင်ကြကုန်။ အဘယ်မှာလျှင် နှင်ထုတ်နိုင်ပါမည်နည်း” ဟု ဖြေတော်မူသည်။ ပ။ “အရှင်ဘုရား ဗြဟ္မာများ ရှိကြပါသလား” ဟု လျှောက်ပြန်၏၊ “မင်းကြီး အဘယ့်ကြောင့် ဤသို့မေးသနည်း” ဟု မိန့်တော်မူရာ “အရှင်ဘုရား၊ ထိုဗြဟ္မာတို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာကြပါသေးသလား။ မနေလာကြတော့ပြီလား” ဟု မေးလျှောက်လေသည်။ “မင်းကြီး စေတသိက ဒုက္ခရှိသော ဗြဟ္မာတို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်ကုန်၏၊ စေတသိကဒုက္ခ မရှိသော ဗြဟ္မာတို့သည် မနေလာနိုင်ကုန်” ဟု မိန့်တော်မူလေသည်။ (မ၊မြန်၊၂၊၃၃၅-၃၃၇)

ယင်းအဋ္ဌကထာ နှာ-၂၄၈ ၌ စေတသိက ဒုက္ခမရှိကြသည့် ကာမာဝစရ နတ်တို့ကို စေတသိက ဒုက္ခရှိကြသည့် ကာမာဝစရ နတ်တို့က စက္ခုဝိညာဉ်ဖြင့်ပင် မမြင်နိုင်ကုန်၊ ရူပဘုံ၌မူကား ဗိမာန်တစ်ခုတည်း၌ အတူနေ ဗြဟ္မာများကို စက္ခုဝိညာဉ်ဖြင့် မြင်နိုင်ကြ၏၊ ထိုအဗျာပဇ္ဈ ဗြဟ္မာတို့ မြင်အပ် မှတ်အပ် ထိုးထွင်း၍ သိအပ်သော လက္ခဏာကို မြင်ခြင်း၊ မှတ်ခြင်း၊ ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ကုန်။ အထက်အထက် ဗြဟ္မာတို့ကိုမူ အောက်အောက် ဗြဟ္မာတို့က စက္ခုဝိညာဉ်ဖြင့်ပင် မမြင်နိုင်ကုန်” ဟု ဖွင့်ပြသည်။

ဤပါဠိတော် အဋ္ဌကထာတို့ကို ထောက်၍ နတ်ဗြဟ္မာ အချင်းချင်းသော်မှ အဆင့်အတန်း ကွာခြင်းနေလျှင် မမြင်နိုင်ကြကုန်သေး၊ လူတို့သည်ကား နတ်ဗြဟ္မာတို့ကို အဘယ်မှာလျှင် မြင်နိုင်ကြလိမ့်မည်နည်း။ (ဒီ၊ဋ္ဌ၊၂၊၂၃၃)

၃၇။ အကာသ လေဟာပြင်နှင့် ကမ္ဘာမြေအတွင်း၌ အသက်ရှုရန် လေမရှိ၍ နတ်ဗြဟ္မာနှင့် ငရဲများ မရှိနိုင်၊ နတ်ဗြဟ္မာများကို အာကာသသို့ ဆွဲတင်၍ ရေးထားခြင်းမှာ မှန်ကန်သော စာများ မဟုတ်နိုင်၊ သိပ္ပံသဘာဝသာ မှန်ကန်သည်ဟူသော အကြောင်းပြချက်ဖြင့် သဗ္ဗညုတဉာဏ်တော်၏ အရာကို သိပ္ပံပညာဖြင့် နှိုင်းယှဉ်တိုင်းတာ ခြင်းသည်လည်း အလွန်နက်သည့် မဟာသမုဒ္ဒရာကို ခြင်၏နှုတ်သီးဖြင့် တိုင်းတာသကဲ့သို့သာ ဖြစ်ချေသည်။ သဗ္ဗညုဘုရားရှင်သည် ယမိုက်ပါဠိတော်၌ -

ဝိနာ အဿာသပဿာ သေဟိ ဝိတက္ကဝိစာရာနံ ဥပ္ပါဒက္ခဏေ တေသံ ဝစီသင်္ခါရော ဥပ္ပဇ္ဇတိ နော စ တေသံ ကာယသင်္ခါရော ဥပ္ပဇ္ဇတိ (အဘိ၊၆၊၆)-
ဟု ဟောတော်မူသည်။

အဓိပ္ပာယ်ကား ထွက်သက် ဝင်သက်တို့မှ ကင်း၍ ဝိတက်ဝိစာရတို့ ဖြစ်ဆဲခဏ၌ ထိုပုဂ္ဂိုလ်တို့အား ဝစီသင်္ခါရခေါ်သော ဝိတက်ဝိစာရသာ ဖြစ်ဆဲ၊ ကာယသင်္ခါရခေါ်သော ထွက်သက် ဝင်သက် ဖြစ်ဆဲမဟုတ်ဟု ဆိုလိုသည်။

ယမိုက်မူလဋီကာ နှာ-၁၄၀ ၌လည်း “ကာမာဝစာရာနမ္ပိ ဟိ ဂဗ္ဘဂတာ ဒီနံဝိနာ အဿာသပဿာသေဟိ ဝိတက္ကဝိစာရာနံ ဥပ္ပတ္တိ အတ္ထိ” အမိဝမ်း၌ ကိန်းအောင်းသူ စသော ကာမာဝစရ သတ္တဝါတို့အားလည်း ထွက်သက်ဝင်သက်တို့နှင့် ကင်း၍ ဝိတက်ဝိစာရ ဖြစ်ခြင်းရှိသည်” ဟု ဖွင့်ပြတော်မူ၏၊ ယမိုက်အနုဋီကာ(၁၉၃) ၌-

“အာဒိသဒ္ဒေန ဥဒကနိမုဂ္ဂဝိသညိဘူတာ သင်္ဂဟိတာ၊ န မတစတုတ္ထဇ္ဈန သမာပန္န နိရောဓ သမာပန္နာ” (အနုဋီ၊၃၊၁၉၃)
ဟု ဖွင့်ပြတော်မူသည်။

အဓိပ္ပာယ်မှာ ဂဗ္ဘဂတာ ဒီနံဝယ် အာဒိသဒ္ဒါဖြင့် ရေ၌ကိန်းသော သတ္တဝါ, တွေဝေမိန်းမော မေ့မြောနေသော သတ္တဝါတို့ကို သွင်းယူရမည်။ သေသောသူ, စတုတ္ထစျာန် ဝင်စားသူ, နိရောဓ သမာပတ် ဝင်စားသူတို့ကို (ထွက်သက် ဝင်သက် ကင်းသော်လည်း ဝိတက်ဝိစာရ မရှိခြင်းကြောင့်) သွင်းမယူရဟု ဆိုသည်။

ဤပါဠိတော်နှင့် ဋီကာတို့ကို ထောက်၍ ထွက်သက်ဝင်သက် ကင်းလျက် အသက်ရှင်နေသူတို့ကား ရူပ အရူပဗြဟ္မာများ၊ အမိဝမ်း၌ ကိန်းအောင်းသော သတ္တဝါ၊ စတုတ္ထစျာန် ဝင်စားသော ကာမသတ္တဝါ၊ နိရောဓ သမာပတ် ဝင်စားသော အနာဂါမ် ရဟန္တာ စသောအားဖြင့် များစွာ ရှိပေသည်။

မြတ်စွာဘုရားသည် လွန်စွာ နက်နဲ သိမြင်နိုင်ခဲသော ငြိမ်သက်မွန်မြတ် မကြံစည်အပ်၊ မကြံစည်နိုင်သော သိမ်မွေ့လှ၍ ပညာရှိသူတို့သာ သိနိုင်သော၊ သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် တပ်အပ်ထင်ထင် သိမြင်တော် မူသည့်အတိုင်း နတ် ဗြဟ္မာ ငရဲများကို ဟောကြားထားခဲ့ပါလျက် ယင်းသဗ္ဗညုတဉာဏ်တော်မြတ်ကို သိပ္ပံပညာလောက်မျှ သက်ဝင်ယုံကြည်မှု မရှိသူတို့အတွက် ဟောတော်မူအပ်သော မဟာသီဟနာဒသုတ်လာ ပဉ္စဂတိကထာကို အကျဉ်းချုပ်မျှ ပြဆိုဦးမည်။

“သာရိပုတ္တရာ လားရာဂတိတို့သည် ငရဲဘုံ, တိရိစ္ဆာန်ဘုံ, ပြိတ္တာဘုံ, လူ့ဘုံ, နတ်ဘုံအားဖြင့် ငါးပါးတို့တည်း။ သာရိပုတ္တရာ ငါသည် ငရဲဘုံ။ ပ။ နတ်ဘုံတို့ကို လည်းကောင်း၊ ထိုဘုံတို့သို့ ရောက်ကြောင်း လမ်းစဉ်အကျင့်ကို လည်းကောင်း သိတော်မူ၏၊ နိဗ္ဗာန်နှင့် နိဗ္ဗာန် ရောက်ကြောင်း လမ်းစဉ်အကျင့်ကို လည်းကောင်း သိတော်မူ၏၊ ပ။ ဤပုဂ္ဂိုလ်သည် ငရဲရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ ငရဲသို့ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ တိရိစ္ဆာန်ဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ တိရိစ္ဆာန်ဘုံသို့ ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ ပြိတ္တာဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ ပြိတ္တာဘုံသို့ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ လူ့ဘုံ၌ ဖြစ်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ လူ့ဘုံ၌ ဖြစ်ကာ ချမ်းသာများသည့် ဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ နတ်ဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ နတ်ဘုံသို့ရောက်ကာ စင်စစ်ချမ်းသာသည့် သုခဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ ဤပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်သို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ အရဟတ္တဖိုလ်သို့ရောက်ကာ စင်စစ်ချမ်းသာသည့် သုခဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ သာရိပုတ္တရာ၊ ဤသို့မြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ ကုသိုလ်ကမ္ဗပထ တရားထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ။ ရဟန်းဂေါတမသည် ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလိုထင်မြင်လာသော တရားကို ဟောကြား၏” ဟု ပြောဆိုသူသည် ထိုအပြောစိတ်ထားကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့”။ (မ၊မြန်၊၁၊၁၁၃-၁၁၈)

ဤသို့ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ကိုယ်တော်မြတ် မြင်သည့်အတိုင်း ဟောတော်မူခဲ့ပါလျက် မျက်စိဖြင့် မမြင်ရခြင်း၊ သိပ္ပံသဘာဝနှင့် မကိုက်ညီခြင်း စသောအကြောင်းကိုပြလျက် နတ် ဗြဟ္မာ ငရဲတို့ကို ပယ်ရှား ရေးသား ဟောပြောသော စကားများသည် ဘုရားရှင် သဗ္ဗညုတ ဉာဏ်တော်ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း ပယ်ရှားရာ ရောက်သောကြောင့် အဓမ္မဝါဒသာ ဖြစ်ပေသည်။

၃၈။ နတ်နှင့်ငရဲ ဘယ်မှာလဲ စာမျက်နှာ ၂၁-၂၂ တို့၌ “ဗုဒ္ဓလက်ထက်တော် အခါကလည်း ဤနတ် ဗြဟ္မာများကို မည်သူမျှ မမြင်နိုင်ကြ၊ မတွေ့နိုင်ကြ၍ ဗုဒ္ဓကိုပင် ဝါသေဋ္ဌ၊ ပေါဋ္ဌပါဒ၊ ဘာရဒွာဇ စသော ပုဏ္ဏားတို့က “နတ် ဗြဟ္မာရှိသည်ဆိုခြင်းမှာ မှန်ပါသလား” ဟု မေးလျှောက်ကြရာ ဗုဒ္ဓက “သင် ပုဏ္ဏားတို့၊ အသင်တို့၏ ဘိုးဘေးများ ခုနစ်ဆက်လောက်ကတော့ နတ် ဗြဟ္မာများကို မြင်ဖူးလိုက်ကြသည်ဟု ပြောခဲ့ဖူးကြသလား” ဟု ပြန်မေးရာ “မပြောခဲ့ကြဖူးပါ” ဟု ပုဏ္ဏားတို့က ဖြေဆို၍ ဗုဒ္ဓက “မမြင်ဖူးသူ၏ ပြောစကားကို မမြင်ရသူများက ယုံကြည်နေကြခြင်းမှာ အကန်းပြောသည့်စကားကို အကန်းက ယုံဘိသကဲ့သို့သာ ဖြစ်သည်။ ဤ မမြင်ရသော နတ် ဗြဟ္မာများကို အကြောင်းပြလျက် ဟောကြခြင်းမှာ လာဘ်လာဘကို ရှာနေကြသော သမဏ ဗြဟ္မဏ ဟိန္ဒူဝါဒ၏ အယူသာ ဖြစ်သည်” ဟု ဥပရိပဏ္ဏာသ ပဉ္စတ္တယသုတ် နှာ-၂၃ တွင် ဗုဒ္ဓက ဖော်ပြထားသည်ကို တွေ့ရပါသည်ဟု ဦးရွှေပြည့်က ပြဆိုထားပြန်၏၊

သုံးသပ်ချက်

ဤစကားများသည် ဘုရားဟော ဒေသနာတော် မူရင်းကို ပျက်ယွင်းစေလျက် မိမိလိုရာ အဓိပ္ပာယ်ကိုသာ လုပ်ကြံဖော်ပြထားသော စကားများ ဖြစ်သည်။ ဘုရားဟော ဒေသနာတော် မူရင်း၏ ဆိုလိုရင်း အဓိပ္ပာယ်ကို သီလက္ခန္ဓဝဂ် မြန်မာပြန် နှာ ၂၅၃-၂၆၈ တို့မှ ယူ၍ အကျဉ်းမျှ ပြဆိုဦးမည်။

အခါတစ်ပါး မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော် မူလတ်သော် မနသာကဋ ပုဏ္ဏားရွာသို့ ရောက်၍ ရွာ၏ မြောက်ဖက် အစီရဝတီ မြစ်ကမ်းနားရှိ သရက်တော၌ သီတင်းသုံးတော်မူသည်။ ထိုစဉ်အခါ စင်္ကီ, တာရုက္ခ, ပေါက္ခရသာတိစသော ပုဏ္ဏား သူဌေးများ ထိုရွာ၌ တည်းခိုနေကြသည်။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ကြစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇ လုလင်တို့ ဗြဟ္မာ့ပြည်ရောက်ကြောင်း လမ်းစဉ်နှင့် စပ်၍ အယူအဆ မတူကြသဖြင့် ဘုရားရှင်ထံ လာရောက်ကာ ပေါက္ခရသာတိ ပုဏ္ဏား, တာရုက္ခ ပုဏ္ဏားတို့ ဟောကြားသော ဗြဟ္မာ့ပြည်ရောက်ကြောင်း လမ်းစဉ်သည် ဖြောင့်တန်းသောလမ်း ဟုတ်မဟုတ် မေးလျှောက်ကြသည်။ ဘုရားရှင်က “ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့တွင် ဗြဟ္မာကို မြင်ဖူးသော ပုဏ္ဏား တစ်ဦးတစ်ယောက်မျှ ရှိသလော၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ, ဆရာ့ ဆရာ ခုနစ်ဆက်တိုင်အောင် ဗြဟ္မာကို မြင်ဖူးသူ တစ်ဦးတစ်ယောက်မျှ ရှိသလော” ဟု မေးတော်မူ၍ မရှိပါဟု ဖြေကြရာ ဘုရားရှင်က သူကန်းအစဉ်အတန်း ဥပမာ စသည်တို့ ပြလျက် “ဗြဟ္မာအဖြစ်သို့ ရောက်နိုင်ဖို့ အကြောင်းမရှိ” ဟု မိန့်တော်မူသဖြင့် “ဗြဟ္မာဖြစ်ရန် လမ်းစဉ်ကို ဟောတော်မူပါ” ဟု ဝါသေဋ္ဌက တောင်းပန်ခြင်းကြောင့် ဗြဟ္မာဖြစ်ရန် လမ်းစဉ်ကို ဘုရားရှင် ဟောတော်မူသည်။

ထိုလမ်းစဉ်ကို အကျဉ်းမျှ ပြအံ့။ အမျိုးကောင်းသားသည် ဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ သီလအကျင့်, ဣန္ဒြေကို စောင့်စည်းမှု, အောက်မေ့မှု, သတိဆင်ခြင်မှု သမ္ပဇဉ်, ရောင့်ရဲမှု သန္တောသ တို့ကို ပြည့်စုံစေကာ ဆိတ်ငြိမ်ရာဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် ကိုယ်ကို ဖြောင့်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် နေရာ၏၊ ထိုရဟန်းအား နီဝရဏ ကင်းသည့်အခါ ဝမ်းမြောက်မှု, နှစ်သိမ့်မှု, ငြိမ်းအေးမှု, ချမ်းသာမှု, တည်ကြည်မှုတို့ကို ရ၏၊ ထိုရဟန်းသည် မေတ္တာစိတ်ဖြင့် အရပ်ဆယ်မျက်နှာကို ဖြန့်၍နေသော် (မေတ္တာကမ္မဋ္ဌာန်းကို ပွားသော်) မေတ္တာစေတော ဝိမုတ္တိစျာန်ကို ရ၏၊ ဤစျာန်သည် ဗြဟ္မာဖြစ်ရန် လမ်းစဉ်ပေတည်း။ ကရုဏာစေတော ဝိမုတ္တိ, မုဒိတာစေတော ဝိမုတ္တိ, ဥပေက္ခာစေတော ဝိမုတ္တိစျာန်တို့သည်လည်း ဗြဟ္မာဖြစ်ရန် လမ်းစဉ်များပင်တည်း။ စိတ်ကို အလိုအတိုင်း ဖြစ်စေနိုင်သော ထိုရဟန်းသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည့်နောက်၌ စိတ်ကိုအလိုအတိုင်း ဖြစ်စေနိုင်သော ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် အကြောင်းရှိ၏ဟု ဟောတော်မူလေသည်။ ဤသုတ်ဖြင့် ဗြဟ္မာရှိရုံမက ဗြဟ္မာဖြစ်ကြောင်း အကျင့်ကိုပင် ဘုရားရှင်ဟောတော်မူသည်ကို ထင်ရှားစွာ သိကြရပေသည်။

ဤမမြင်ရသော နတ်ဗြဟ္မာများကို အကြောင်းပြုလျက် ဟောကြားခြင်းမှ လာဘ်လာဘကို ရှာနေကြသော သမဏ ဗြဟ္မဏ ဟိန္ဒူဝါဒ၏ အယူသာ ဖြစ်သည်” ဟု ဥပရိပဏ္ဏာသပါဠိတော်(၂၃) ပဉ္စတ္တယသုတ်တွင် ဗုဒ္ဓက ဖော်ပြထားသည်ဟူသော ဦးရွှေပြည့် ဆိုလိုသည့် အဓိပ္ပာယ်မျိုး ထိုသုတ်တွင် မပါ မရှိချေ။ ထိုသုတ်၌ “အတ္တသည် သညာရှိ၏၊ သေသည်မှ နောက် မြဲ၏” စသဖြင့် အနာဂတ်ကို ကြံဆစွဲယူမှု “အပရန္တ ကပ္ပိက” အယူ ၄၄ မျိုးတို့ကို ဟောပြီးသည်၏ အဆုံး၌ “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့။ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့။” ဟု နောက်၌ ကျင်လည်ခြင်းကို ငြိကပ်လျက် ပြောဆိုကြသည့် သမဏ ဗြဟ္မဏတို့သည် “ဤအရပ်မှ ငါ့မှာ ဤမျှလောက်သော အမြတ်ငွေ ဖြစ်လိမ့်မည်။ ဤကုန်ဖြင့် ဤအမြတ်ငွေကို ရလိမ့်မည်” ဟု ကြံစည်စဉ်းစားကြသည့် ကုန်သည်များနှင့် တူသည်ဟုသာ ဗုဒ္ဓရှင်တော်မြတ် ဟောတော်မူပေသည်။

မြတ်စွာဘုရားသည် ငရဲနှင့် နတ်ဗြဟ္မာများ ရှိသည်ကိုလည်းကောင်း၊ ထိုငရဲ နတ်ဗြဟ္မာ အဖြစ်သို့ ရောက်စေတတ်သော အကျင့်တို့ကိုလည်းကောင်း အမှန်ရှိသည့်အတိုင်းသာ ဟောပြတော်မူသည်။ ငရဲနှင့် ခြောက်၍ နတ်ဗြဟ္မာများဖြင့် မြှောက်ခဲ့သည် မဟုတ်။ နတ်ဗြဟ္မာ အဖြစ်ကိုလည်း ချီးမွမ်းအားပေးတော်မူသည် မဟုတ်။ ဘုရားရှင်၏ အလိုတော်မှာ အနုပါဒါ ပရိနိဗ္ဗာန် ဝင်စံရေးပင် ဖြစ်သည်။ ဘုရားရှင်လက်ထက်တော်မှ စ၍ ယခုခေတ်တိုင်အောင် တပည့်သာဝက ရဟန်းတော်တို့သည်လည်း ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့ စွပ်စွဲသကဲ့သို့ ငရဲနှင့် ခြောက်၍ နတ်ဗြဟ္မာများဖြင့် မြှောက်နေကြသူများ မဟုတ်။ ဘုရားရှင် ဟောတော်မူသည့်အတိုင်း အရှိကို အရှိဟုသာ အမှန်အတိုင်း ဟောပြကြ၍ ပဓာန ရည်ညွှန်းချက်မှာ အနုပါဒါ ပရိနိဗ္ဗာန် စံဝင်ရေးပင် ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း သိကြပေသည်။ ဘုရားရှင် တပည့်သာဝက ရဟန်းတော်များသည် ပုဗ္ဗန္တကပ္ပိက အယူရှိကြသူများ မဟုတ်ကြရကား ပဉ္စတ္တယသုတ်၌ ဟောတော်မူသည့် ကုန်သည်နှင့်တူသော သမဏ ဗြဟ္မဏများ မဟုတ်ကြပေ။

ထို့ကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာတမ်းပါ စကားရပ်များသည် မိမိတို့၏ မိစ္ဆာဝါဒကို ပြလို၍ လည်းကောင်း၊ ဒေသနာတော်အတိုင်း ဟောပြောနေကြသော ရဟန်းတော်များကို စော်ကားပုတ်ခတ်လို၍ လည်းကောင်း၊ ဖော်ပြပါ ဒေသနာတော်တို့ကို ယုတ်ယုတ်မာမာ ဖျက်ဆီးနေသော အဓမ္မစကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော် မူကြသည်။

၃၉။ ထိုစာတမ်း စာမျက်နှာ ၂၃ ၌ “ဤနတ်ပြည် (၆) ထပ်နှင့် ပတ်သက်၍ ဗုဒ္ဓဟောသော အဓိက အချက်ဖြစ်သည့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်(၃၃၄) ခဏသုတ်တွင် ကြည့်ပြန်ပါကလည်း ဆဖဿဟု တွေ့ထိခံစားမှု (၆) ခုကိုပင် ခံစားမှု နတ်ဘုံ (၆) ခုဟု ပြဆိုထားသည်ကို တွေ့ရပြန်ပေသည်။ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မန တို့ဖြင့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့, အတွေးတို့ ဖြစ်ပေါ်တွေ့ထိတိုင်း၊ ခံစားမှု ပြုခြင်းကို ဘုံ (၆) ဘုံ၊ ဘဝ (၆) ဘဝဟု ခေါ်သည်ဟု လည်းကောင်း၊ စာမျက်နှာ ၂၅ ၌ “ဗုဒ္ဓကလည်း ငရဲနှင့် နတ်ဆိုသည်မှာ မိမိမလိုချင်၊ မကြားချင်၊ မမြင်ချင်၊ မတွေ့ချင်သော အပျက်များနှင့် တွေ့ကြုံရ၍ ပူဆွေးမှု၊ ပူပန်မှု ဖြစ်ရခြင်းများကို ငရဲကျသည်။ မိမိလိုချင်မှု၊ နှစ်သက်မှုများဖြင့် ကြုံတွေ့ရ၍ ကာမဂုဏ် အာရုံများဖြင့် ကြီးမားစွာ ခံစားရမှုကို နတ်စည်းစိမ် နတ်ချမ်းသာများဟု သဠာယတန ဝဂ္ဂသံယုတ်-ခဏသုတ် စာမျက်နှာ ၃၃၄ တွင် ဟောထားခြင်း တွေ့ရပါသည်” ဟု လည်းကောင်း ဦးရွှေပြည့်က ပြဆိုထားပါသည်။

သုံးသပ်ချက်

ခဏသုတ်၌ “ဆဖဿာယတနိက” ငရဲနှင့် “ဆဖဿာယတနိက” နတ်ပြည်တို့ကို ဟောတော်မူသည်ကား မှန်၏၊ ထိုသုတ်သည်ကား စုဒိတက ဆိုသော အဓိပ္ပာယ်သဘောကို မပြပေ။ ထိုသုတ်၏ အကျဉ်းချုပ် အဓိပ္ပာယ်ကို ဖော်ပြပေအံ့။

ရဟန်းတို့ သင်တို့သည် အရတော်ကြကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်ခြင်းငှာ အခွင့်ကို ရအပ်ကုန်၏၊ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ “ဖဿယတန” ခြောက်မျိုးရှိသော “ဆဖဿာယတနိက” ငရဲတို့ကို ငါဘုရား မြင်တော်မူ၏၊ ထိုငရဲတို့၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သော် မလိုလား မနှစ်သက် မမြတ်နိုးဖွယ်သော သဘောကိုသာ မြင်ရ၏၊ လိုလား နှစ်သက် မြတ်နိုးဖွယ် သဘောကို မမြင်ရ။ နားဖြင့် အသံအားလုံးကို။ပ။ နှာခေါင်းဖြင့် အနံ့အားလုံးကို။ပ။ လျှာဖြင့် အရသာအားလုံးကို။ပ။ ကိုယ်ဖြင့် ထိတွေ့ဖွယ်အားလုံးကို။ပ။ စိတ်ဖြင့် သဘောတရား အားလုံးကို သိသည်ရှိသော် မလိုလား မနှစ်သက် မမြတ်နိုးဖွယ်သော သဘောကိုသာ သိရ၏၊ လိုလား နှစ်သက် မြတ်နိုးဖွယ် သဘောကို မသိရပေ။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ “ဖဿယတန” ခြောက်မျိုးရှိသော “ဆဖဿာယတနိက” နတ်ပြည်တို့ကို ငါဘုရား မြင်တော်မူ၏၊ ထိုနတ်ပြည်တို့၌ အဆင်းအားလုံးကို ကြည့်လတ်သော် လိုလား နှစ်သက် မြတ်နိုးဖွယ်သော သဘောကိုသာ မြင်၏၊ မလိုလား မနှစ်သက် မမြတ်နိုးဖွယ် သဘောကို မမြင်။ပ။ ရဟန်းတို့ သင်တို့သည် အရတော်ကြပေ၏၊ပ။ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးဖို့ရန် အခွင့်အရေးကို ရခဲ့ကြပေ၏၊ (သဠာယတန သံယုတ်၊ မြန်မာပြန်-၃၃၄)

ဤသုတ်၌ ဆဖဿာယတနိက ငရဲဟူသည် အဝီစိစသော ငရဲကြီးတို့မှ သီးခြားမဟုတ် အဝီစိစသော ငရဲကြီး ၃၁ မျိုးလုံးပင် ခြောက်ဒွါရဖြင့် အနိဋ္ဌာရုံကို ခံစားရခြင်းကြောင့် ဆဖဿာယတနိက မည်သည်ချည်းသာ ဖြစ်သည်။ ငရဲကြီး ၃၁ မျိုးဆိုသည်မှာ အဝီစိငရဲသည် အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ အဟဟ၊ ကုမုဒ၊ သောဂန္ဓိက၊ ဥပ္ပလ၊ ပဏ္ဍရိက၊ ပဒုမဟူ၍ ဆယ်ပါးပြား၏၊ သဉ္ဇီဝစသော ငရဲကြီး ၇ ထပ်တို့၌ ဖြစ်စေတတ်သော ကံ၏ အထက်၊ အလတ်၊ အနုံ့အားဖြင့် သုံးပါးပြားသည် အားလျော်စွာ အသက်တမ်း သုံးပါးပြားရကား တစ်ထပ်လျှင် သုံးပါးစီပြား၍ ၂၀ ဖြစ်၏၊ နှစ်ရပ်ပေါင်း ၃၁ မျိုး ဖြစ်၏ (သံ၊ဋီ၊၁၊၁၀၄)။ကာမာဝစရ နတ်ပြည်အားလုံးသည်လည်း ခြောက်ဒွါရတို့ဖြင့် ဣဋ္ဌာရုံကို ခံစားရခြင်းကြောင့် ဆဖဿာယတနိက မည်သည်ချည်းပင် ဖြစ်သည်။ (အဝီစိငရဲနှင့် တာဝတိံသာ နတ်ပြည်ကို ရည်ရွယ်၍ ဟောသည်ဟု အဋ္ဌကထာ၌ ဖွင့်ပြထား၏၊)

ဤသုတ်ဖြင့် ဘုရားရှင် ပြဟောမူလိုရင်းကား ငရဲဘုံ၌ ဆင်းရဲကိုသာ ခံစားနေရခြင်းကြောင့် မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးရန် မတတ်နိုင် နတ်ပြည်၌လည်း ကာမဂုဏ်ချမ်းသာ လွန်စွာများပြား၍ ပျော်ပါးမေ့လျော့ နေခြင်းကြောင့် မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးဖို့အရေး ကွာဝေးလှ၏၊ ဤလူ့ပြည်သည်ကား ငရဲလိုတစ်ခါ၊ နတ်ဗြဟ္မာလိုတစ်မျိုး၊ အဆိုးအကောင်း သောင်းပြောင်းရောရော များစွာသော သံဝေဂဝတ္တု၊ ပေါင်းစုပြည့်စုံနေရကား မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးရန် ဧကန်အခွင့်ရသည့် ကမ္မဘူမိ မည်လေသည်။ သင်တို့မှာ ဤလူ့ဘုံ လူ့ဘဝ ရကြခြင်းသည် လွန်စွာ အရတော်ပေသည်။ လူ့ဘဝကို အရတော်စွာ ရလာသည်အခိုက် မဂ်တည်းဟူသော အကျင့်မြတ်ကို အားထုတ်ကြိုးစား ပွားများကြလော ဟူ၍ ဖြစ်ပေသည်။ (သဠာယတနဝဂ္ဂအဋ္ဌကထာ(၄၄)။ ယင်းဋီကာ-၃၁၄)

ဤပြဆိုခဲ့ပြီးသော ဘုရားရှင်၏ အလိုတော်ကို မှန်ကန်စွာ မသိပဲ ထင်မိထင်ရာ နတ်ဗြဟ္မာနှင့် ငရဲကို လူ့ခန္ဓာထဲမှာသာ ဟောသည်ဟူသော အယူသည် ဘုရားရှင်၏ အလိုတော်နှင့် များစွာ ဆန့်ကျင်လှပေသည်။ ရုပ်ဝါဒ အမြင်သာ ဖြစ်ပေသည်။

ဤသို့ သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာတမ်း၌ ဖော်ပြထားသော နတ်ဗြဟ္မာ ငရဲနှင့် စပ်သော အယူဝါဒသည် ဘုရားရှင်ဝါဒမဟုတ် အတ္တနောမတိမျှဖြင့် ဖော်ပြရေးသားအပ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော် မူကြသည်။

၄၁။ နတ်ဗြဟ္မာဘုံနှင့် ငရဲတို့ကား ပကတိ မံသစက္ခုဖြင့် ရှုမြင်ကောင်းသော အရာများ မဟုတ်ကုန်။ အဘိဉာဏ် မျက်စိဖြင့်သာ မြင်ကောင်းသော အရာများသာ ဖြစ်ကြသည်။ ထိုအဘိဉာဏ်မျက်စိကို ရကြောင်းဖြစ်သော အကျင့်လမ်းစဉ်ကိုလည်း ဘုရားရှင် ဟောတော်မူခဲ့ပေသည်။ ကိုယ်တိုင်မြင်လိုသူတို့သည် ထိုအဘိဉာဏ်ကို ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်သင့်ကြပေသည်။ မိမိကိုယ်တိုင် အဘိဉာဏ်ရအောင် အားမထုတ်နိုင်သေးပါက “သယံ အဘိဉာ သစ္ဆိကတွာ ပဝေဒေတိ” (ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားသိစေတော်မူ၏) ဟူသော ဒေသနာအရ ဘုရားရှင်၏ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ယုံကြည်သော အားဖြင့်လည်း သိရာ၏၊ လောက၌ မကောင်းမှု ပြုသူတို့ အပြစ်ခံစားရာ ထောင်တန်း စသည်နှင့် ကောင်းမှုပြုသူတို့ ခံစားရာ ရာထူးဌာနန္တရ စသည်ရှိသကဲ့သို့ တမလွန်၌လည်း မကောင်းမှုပြုသူတို့ အပြစ်ခံရာ ကောင်းမှုပြုသူတို့ ကောင်းကျိုးခံစားရာ ဌာနများ ဧကန်ရှိရမည်ဟု အနုမာနဉာဏ်ဖြင့် မှန်းဆ၍ ယုံကြည်ကြရာကုန်၏၊

(နိဇ္ဈာမတဏှိက ခေါ်သော မီးသားရဲပြိတ္တာနှင့် ဖုတ်တစ္ဆေ စသည်တို့ကို ကိုယ်တိုင် တွေ့ဖူးမြင်ဖူးသော ပုဂ္ဂိုလ်များလည်း လောက၌ အထင်အရှား ရှိကြကုန်၏၊ ထိုမီးသားရဲပြိတ္တာနှင့် ဖုတ်တစ္ဆေတို့ကား ပြိတ္တာအမျိုးအစား ဖြစ်ကုန်၏၊ ထိုပြိတ္တာများကို တွေ့မြင်ရခြင်းကလည်း နတ်ဗြဟ္မာနှင့် ငရဲစသည်တို့ကို မှန်းဆသိနိုင်ကြပေသည်။)

အမှတ်စဉ် (၁၅) အ၊ အာ၊ ဣ အမှတ်ပြ စောဒနာကို စိစစ်ချက်

၄၂။(အ) အဟိတ် = ဒီလောဘ ဒေါသ မောဟကိုမှ မလုပ်ရ မနေနိုင်ပါဘူးဆိုတဲ့ အမျိုးက အဟိတ်အစစ်ပဲ။
(အာ) ဒွိဟိတ် = ဒီတရား ငါလုပ်နေရတာ တကယ်တော့ သံသရာ လည်တဲ့ ဝဋ်တရားတွေ ငါလုပ်နေရတာပါကလားလို့ သိသိကြီးနဲ့ မလွှဲသာလို့ လုပ်နေရရင် ဒွိဟိတ်။
(ဣ) တိဟိတ် = ဒီလောဘ ဒေါသ မောဟတရားတွေဟာ ငါ့အဖို့လဲ အကျိုးတကယ်မရှိဘူး။ အများအဖို့လဲ ငါ့ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကုန်ကြရတယ်။ ဒါတွေ ငါမလုပ်တော့ပါဘူးလို့ ဆုံးဖြတ်တတ်ရင် တိဟိတ်ပဲ။ (အတွဲ၊၁၊အမှတ်-၅၊ သစ္စာဓမ္မ စာစောင် စာမျက်နှာ-၁၀)

ဤအချက်များကို စောဒကတို့က ထုတ်ပြ၍ စောဒနာကြကုန်သည်။ အထက်ပါ စုဒိတကတို့၏ ရေးသားချက် မှားယွင်းပုံကို အနည်းငယ် စိစစ်ပြဦးအံ့။

ထိုပုဒ်တို့တွင် (အ) အဟိတ်ဟူသော ဝေါဟာရသည် “အဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ အဟိတ်ဟူသည် အလောဘ အဒေါသ အမောဟ ဟိတ်မရှိသော ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်နှစ်ခုတည်းဟူသော ပဋိသန္ဓေနှင့် ဇီဝိတနဝက ကလာပ်ရုပ်တည်းဟူသော အသညသတ်ရုပ် ပဋိသန္ဓေတို့ကို အဟိတ်ပဋိသန္ဓေ ခေါ်သည်။ ထိုဟိတ်မရှိသော ဥပေက္ခာသဟဂုတ် သန္တီရဏ ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေသော အပါယ်ဘုံသားနှင့် အချို့လူနတ်များ အသညသတ် ဗြဟ္မာများကို “အဟေတုက” အဟိတ်ပုဂ္ဂိုလ် ခေါ်သည်။

(အာ) ဒွိဟိတ်ဟူသော ဝေါဟာရသည် “ဒွိဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ ဒွိဟိတ်ဟူသည် အလောဘ အဒေါသ ဟိတ်နှစ်ပါးရှိသော ဉာဏဝိပ္ပယုတ် ကာမာဝစရ ဝိပါက်စိတ် ၄ ပါးကို ဒွိဟိတ် ပဋိသန္ဓေ ခေါ်သည်။ ထိုဟိတ်နှစ်ပါးရှိသော ဉာဏဝိပ္ပယုတ် ကာမာဝစရ ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေသော လူနတ်တို့ကို “ဒွိဟေတုက” ဒွိဟိတ်ပုဂ္ဂိုလ် ခေါ်သည်။

(ဣ) တိဟိတ်ဟူသော ဝေါဟာရသည် “တိဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ တိဟိတ်ဟူသည် အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးရှိသော ဉာဏသမ္ပယုတ် ကာမာဝစရ ဝိပါက်စိတ် ၄ ပါး၊ ရူပါဝစရ ဝိပါက်စိတ် ၅ ပါး၊ အရူပါဝစရ ဝိပါက်စိတ် ၄ ပါး၊ ဤ ၁၃ ပါးသော ပဋိသန္ဓေ စိတ်များကို တိဟိတ်ပဋိသန္ဓေခေါ်သည်။ ထိုဟိတ်သုံးပါးရှိသော ပဋိသန္ဓေ ၁၃ ပါးတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေ နေသော လူ နတ် ဗြဟ္မာ များကို “တိဟေတုက” တိဟိတ်ပုဂ္ဂိုလ် ခေါ်သည်။

ဤသည်လျှင် အဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ဟူသော ဝေါဟာရတို့၏ အဓိပ္ပာယ်အမှန်ဖြစ်သည်။ အ-အာ-ဣ အမှတ်ပြ သစ္စာဓမ္မ စာစောင်၌ ဖော်ပြထားသော စကားရပ်များကား စာပေမသင်ဖူးသူတို့၏ တာဝန်မဲ့ ထင်ရာမြင်ရာ ရေးသားထားသော စကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူကြသည်။

(ဤ) သံ ဆိုတာ ရှိတာ၊ ဃာ ဆိုတာ ဖိုမ၊ အဲဒီရှိတဲ့ ဖိုမနှစ်ယောက်ကို သံဃာလို့ ခေါ်တာ။ ဒါကြောင့် “သံဃံ သရဏံ ဂတ်ချာမိ” = သံ-ရှိတဲ့၊ ဃ-ယောက်ျားမိန်းမ နှစ်ယောက်သည်၊ သရဏံ-ပြေလည်စွာ လက်တွဲကြ၍၊ ဂတ်ချာမိ၊ ကမ္ဘာ့ခရီးကို သွားနေကြလေသည်။ ကမ္ဘာမှာရှိတဲ့ ယောက်ျားနှင့် မိန်းမ ဖိုမနှစ်ယောက်တို့ ပြေပြေလည်လည် လက်တွဲပြီးတော့ ကမ္ဘာ့ခရီး သွားနေတာကို (သံဃံ သရဏံ ဂတ်ချာမိ) လို့ဆိုတယ်။

(၁၅-၄-၇၆) နေ့ မြောင်းမြတရားပွဲ၌ ဦးဝါသဝ ဟောပြောချက် တိတ်ခွေ (အေ) မျက်နှာ စကားရပ်သည်ကား သာသနာတော်ကို သက်သက်ဖျက်ဆီး စော်ကားသော စကားဖြစ်ကြောင်း ထင်ရှားပြီဖြစ်၍ ဝိနည်းဓိုရ် ဆရာတော်များ အထူးစိစစ်တော် မမူကြကုန်။

အမှတ်စဉ် (၁၅) ဥပါဒါနဟူသော ပါဠိဝေါဟာရနှင့် စပ်လျဉ်း၍ ဝိသေသ စောဒနာ သောဓနာ နှစ်ရပ်ကို သုံးသပ်စိစစ်ချက်

၁၄။ စောဒကပုဂ္ဂိုလ်များက မူလပဏ္ဏာသ ပါဠိတော်၊ သမ္မာဒိဋ္ဌိသုတ်၊ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဓမ္မသင်္ဂဏီ ပါဠိတော်နှင့် တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းတို့ကို သာဓကပြ၍ ဥပါဒါနဟူသော ပါဠိဝေါဟာရ၏ အနက်အဓိပ္ပာယ်အမှန်ကို ဖော်ပြပြီးလျှင် “လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဓမ္မဝါဒီသမား နောက်လိုက်များစွာတို့သည် ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် ဆက်စပ်၍ ယုံကြည်မှု များစွာကို ဥပါဒါန်ဟု အစွဲဟုချည်း အလွဲလွဲအမှားမှား အဓိပ္ပာယ်ဖော်သွားကြခြင်းမှာ တစ်ခုတည်းသော ရည်ရွယ်ချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည်။ ထိုတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားဟော ပါဠိတော် ဝေါဟာရမှန်များကို ဖျက်ဆီးပစ်ရေးပင် ဖြစ်ပါသည် ဘုရား” ဟု ဝိသေသအားဖြင့် ကျယ်ဝန်းစွာ စောဒနာကြသည်။ ထိုဝိသေသ စောဒနာချက်မှ လိုရင်းကို ကောက်နုတ်သော် -

(၁) ဥပါဒါန်ဟူသည် မစွန့်နိုင် မလွှတ်နိုင် ခိုင်ခိုင်မာမာ စွဲကိုင်ထားမှု ဖြစ်သည်။
(၂) ထိုဥပါဒါန်သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။
(၃) ထိုတွင် ကာမဂုဏ်၌ စွဲလမ်းခြင်းသည် ကာမုပါဒါန် ဖြစ်သည်။
(၄) ထိုကာမုပါဒါန်သည် တရားကိုယ်အားဖြင့် အကုသိုလ် လောဘမူစိတ် ရှစ်ခု၌ ယှဉ်သော “ကာမစ္ဆန္ဒ” ခေါ် “လောဘ” စေတသိက်ဖြစ်သည်။
(၅) အာရုံကို ပြုလိုရုံမျှ လိုချင်မှုသည် “ကတ္တုကမျတာ ဆန္ဒစေတသိက်” သာ ဖြစ်သည်။ (ကာမုပါဒါန် မဟုတ်)
(၆) နိဗ္ဗာန်ကို ပြုလိုရုံမျှ လိုချင်မှုသည် (ကတ္တုကမျတာ ဆန္ဒစေတသိက်” သာဖြစ်သည်။ (ကာမုပါဒါန် မဟုတ်)
(၇) စွဲစွဲလမ်းလမ်း ယူထားသော အယူမှား (အယူမှား၌ စွဲလမ်းခြင်း)၊ ပေးလှူရခြင်း၏ အကျိုးမရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဆက် အကျိုးရင်းမရှိဟု ယူခြင်း၊ တမလွန်လောက မရှိဟု ယူခြင်း (ဝါ) သတ္တဝါ သေပြီးနောက် ရောက်မည့် နတ်ဘုံ ဗြဟ္မာဘုံ ပြိတ္တာဘုံတို့ကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။
(၈) အယူမှန်၌ မြဲခြင်းသည် ဒိဋ္ဌုပါဒါန် မဟုတ်။
(၉) သတ္တဝါ သေပြီးနောက် ရောက်ရမည့် နောက်ဘဝ (နတ်ဗြဟ္မာနှင့် ငရဲဘဝ) တို့ကို ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား ဖြစ်သည်။ ဥပါဒါန် မဟုတ်။
(၁၀) နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းအဖြစ် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်သည်။
(၁၁) ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးမျိုးလုံးပင် (တရားကိုယ်အားဖြင့်) အကုသိုလ် ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄ ပါးနှင့် ယှဉ်တွဲသော ဒိဋ္ဌိစေတသိက် တစ်မျိုးတည်း ဖြစ်သည်။
(၁၂) ဘုရားရှင် ညွှန်ပြဆိုဆုံးမသည့်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းကို စုဆောင်းခြင်း၊ ဒါန သီလ ဘာဝနာတို့ကို ပြုလုပ်အားထုတ်ခြင်းသည် ကုသိုလ်ပါရမီသာ ဖြစ်သည်။
(၁၃) လူနတ်စည်းစိမ်ကို တောင့်တ၍ ဒါနသီလ ပြုခြင်းကိုပင် အကုသိုလ်ဟု မဆို၊ ဝဋ္ဋနိဿိတ ကုသိုလ် (သံသရာဝဋ်ကို မှီသော ကုသိုလ်) ဟုသာ ဆိုသည်။
(၁၄) သို့ပါလျက် နတ်စည်းစိမ် နတ်ဘဝ၊ ဗြဟ္မာစည်းစိမ် ဗြဟ္မာ့ဘဝကို မှန်းဆ၍ ကုသိုလ်ပြုခြင်းကို အကုသိုလ်ဥပါဒါန် ဖြစ်လေဟန် ဟောပြောရေးသားခြင်းသည် ဗုဒ္ဓသာသနာ့ဝန်ထမ်းများအား ဗုဒ္ဓဘာသာဝင်များက လှူဒါန်းပေးကမ်းမှု စသည် မပြုအောင် နည်းပရိယာယ်ဖြင့် တားဆီးခြင်းဟု ဆိုနိုင်သည်။
(၁၅) တွေ့ကရာ ဥပါဒါန် ဖြစ်နေခြင်းကာ အဘိဓမ္မာ အခြေခံမဲ့သော လမ်းပေါ်က လူများ၏ (တရားနှင့် ဆန့်ကျင်သော) စကားသာဖြစ်သည်ဟု ကောက်နုတ်၍ ရသည်။

၄၅။ ယင်းစောဒနာချက်ကို စုဒိတက ပုဂ္ဂိုလ်တို့က ချေပရာ၌ ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်(၅၄) မဟာနိဒါနသုတ်တွင် ပြဆိုထားသော ကာမဂုဏ်၌ စွဲလမ်းခြင်း ကာမုပါဒါန်၊ အယူ၌ စွဲလမ်းခြင်း ဒိဋ္ဌုပါဒါန်၊ အလေ့အကျင့်၌ စွဲလမ်းခြင်း သီလဗ္ဗတုပါဒါန်၊ အတ္တဟူသော ဝါဒ၌ စွဲလမ်းခြင်း အတ္တဝါဒုပါဒါန် တို့ပေတည်း” ဟူသောစကားရပ်ကို ထောက်ထား၍ သီလဗ္ဗတုပါဒါန်ကို မြန်မာပြန်ဆိုရာတွင် အလေ့အကျင့်စွဲကိုသာ အလေ့အကျင့်စွဲကိုသာ ဆိုလိုကြောင်း တွေ့ရပြီး ခွေး နွားတို့၏ အကျင့်ဟူ၍ မတွေ့ရကြောင်း ချေပကြသည်။

ဝိနည်းဓိုရ် ဆရာတော်တို့၏ စိစစ်သုံးသပ်ချက်

ယင်းချေပချက်ကို စိစစ်သုံးသပ်သော်-
(က) ဘဂ္ဂဝ၊ အခါတစ်ပါး၌ ငါသည် ထူလူဇနပုဒ် ဥတ္တရကာမည်သော နိဂုံး၌နေ၏၊ ဘဂ္ဂဝ၊ ထိုအခါ ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီမင်းသား သုနက္ခတ်နှင့် အတူ ဥတ္တရကာ နိဂုံးသို့ ဆွမ်းခံဝင်၏၊ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခွေးကျင့် ကျင့်၏၊ လေးဘက်ထောက်သွား၏၊ မြေ၌ချထားအပ်သော အစာကို ပါးစပ်ဖြင့်သာ ဟပ်၏၊ ပါးစပ်ဖြင့်သာ စား၏၊ ဘဂ္ဂဝ၊ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားနေသော မြေ၌ချထားအပ်သော အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားနေသော အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းကိုမြင်၍ ဤသို့သော အကြံသည် ဖြစ်၏၊

“အချင်းတို့ ... လေးဘက်ထောက်လျက် သွားသော မြေ၌ချထားသည့်အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာစားသော ဤရဟန်းအား ချီးမွမ်းအံ့ဩဖွယ် ကောင်းလေစွတကား” ဟု အကြံဖြစ်၏၊ (ဒီ၊မြန်၊၃၊၆)

(ခ) ပုဏ္ဏ၊ ငါသည် သင့်အား “ပုဏ္ဏ မသင့်လျော်ချေ။ ဤပြဿနာ ရှိစေဦးလော့။ ငါ့ကို ဤပြဿနာ မမေးလင့်” ဟု ဆိုသော်လည်း မရခဲ့။ သို့ဖြစ်၍ သင့်အား ငါဖြေကြားလော့အံ့။ (ဤလောက၌ အချို့သောသူသည် ခွေးအကျင့်ခွေးအလေ့အထ ခွေးစိတ် ခွေးအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၏၊ ထိုသူသည် ခွေးအကျင့် ခွေးအလေ့အထ ခွေးစိတ် ခွေးအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရလေ၏၊ (ခွေးဖြစ်၏ဟု ဆိုလိုသည်) ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ် ဤအကျင့် ဤမြတ်သော အကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော်လည်းကောင်း ဖြစ်ရအံ့” ဟု အကယ်၍ အယူစွဲ ရှိငြားအံ့၊ ထိုအယူစွဲသည် မှားသော အယူစွဲ ဖြစ်၏၊ ပုဏ္ဏ၊ မှားသော အယူစွဲ ရှိသူအဖို့ ငရဲ သို့မဟုတ် တိရိစ္ဆာန်မျိုးဟူသော လားရာနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာကို ငါဆို၏၊ (မ၊မြန်၊၂၊၅၅၊၅၆၊၃၇)

(ဂ) သေနိယ (ဤလောက၌) အချို့သောသူသည် နွားအကျင့် နွားအလေ့အထ နွားစိတ် နွားအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၏၊ ထိုသူသည် နွားအကျင့် နွားအလေ့အထ နွားစိတ် နွားအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ နွားတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရလေ၏၊ (နွားဖြစ်၏ဟု ဆိုလိုသည်) ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ် ဤအကျင့် ဤမြတ်သော အကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော်လည်းကောင်း ဖြစ်ရအံ့” ဟု အကယ်၍ အယူစွဲ ရှိငြားအံ့၊ ထိုအယူစွဲသည် မှားသော အယူစွဲ ဖြစ်၏၊ သေနိယ၊ မှားသော အယူစွဲ ရှိသူအဖို့ ငရဲ သို့မဟုတ် တိရိစ္ဆာန်မျိုးဟူသော လားရာနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာကို ငါဆို၏၊

ဤပြဆိုအပ်ခဲ့ပြီးသော ပါဠိတော်များ၌ ခွေးတို့၏ အလေ့အကျင့်၊ နွားတို့၏ အလေ့အကျင့်များကို စွဲစွဲလမ်းလမ်း အမြတ်တနိုး ကျင့်နေကြသော ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို ဘုရားရှင် ကိုယ်တော်တိုင် အထင်အရှား ဟောတော်မူခဲ့ခြင်းကြောင့် ယင်းပါဠိတော်များနှင့်အညီ အဋ္ဌကထာ ဆရာတော်များသည်လည်း “သီလဗ္ဗတု ပါဒါနံ” ဟူသောပုဒ်ကို ဖွင့်ရာ၌ အဋ္ဌကထာတို့တွင်-

“ဂေါသီလ ဂေါဝတာဒီနိ ဟိ ဧဝံ သုဒ္ဓီတိ အဘိနိဝေသတော သယမေဝ ဥပါဒါနာနိ” (အဘိ၊ဋ္ဌ၊၂၊၁၇၂။) (ဝိသုဒ္ဓိ၊၂၊၂၀၃။) (အဘိ၊ဋ္ဌ၊၁၊၄၁၅)
ဟူ၍ ဖွင့်ပြတော်မူခဲ့ကြသည်။

မြန်မာပြန်

မှန်၏၊ နွားတို့၏ အလေ့၊ နွားတို့၏ အကျင့် စသည်တို့ကို သုဒ္ဓိမဂ္ဂဟု မှားသောအားဖြင့် စွဲလမ်းသော မိစ္ဆာအယူတို့သည် ဤသို့ နွားတို့၏ အလေ့၊ နွားတို့၏ အကျင့် စသည်ဖြင့် ကိလေသာမှ စင်ကြယ်၏ဟု နှလုံးသွင်းခြင်းကြောင့် ဤစွဲလမ်းချက် မိစ္ဆာအယူတို့သည်ပင်လျှင် ဥပါဒါန်တို့ မည်ကုန်၏၊

သီလနှင့် ဝတတို့၏ အထူးကို ပြရာ ဝိသုဒ္ဓိမဂ် မဟာဋီကာ၌
“အတ္တနော ဝါ ဂဝါဒိဘာဝါဓိဋ္ဌာနံ သီလံ၊ ဂစ္ဆန္တော ဘက္ခေတိ တိဋ္ဌန္တော မုတ္တေတီတိ အာဒိနာ ဂဝါဒိကိရိယာကရဏံ ဝတံ” (ဝိသုဒ္ဓိ၊ဋီ၊၂၊၃၂၇)
ဟု မိန့်ဆိုတော်မူ၏၊

မိမိ၏ နွားစသည်တို့၏ အဖြစ်ကို ဆောက်တည်ခြင်းသည် သီလမည်၏၊ သွားလျက်စား၏၊ ရပ်လျက် ကျင်ငယ်စွန့်၏၊ ဤသို့ စသည်ဖြင့် နွားစသည်တို့၏ အမူအရာကို ပြခြင်းသည် ဝတမည်၏၊

ဤပြဆိုခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာများကို ထောက်ထား၍ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းအဖြစ်ဖြင့် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်သည်ဟုဆိုသော စောဒကပုဂ္ဂိုလ်တို့၏ စောဒနာသည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ညီညွတ်သော ဓမ္မစောဒနာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော် မူကြသည်။

ဤအရာ၌ စုဒိတက ပုဂ္ဂိုလ်တို့က သောဓနာရာဝယ် ခွေး နွားတို့၏ အလေ့အကျင့် ဟူ၍သာ ဆိုကြ၏၊ (စသည်) ဟူသော စကားလုံးမပါ။ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာစကားရပ်၌ကား (နွား ခွေး စသည်တို့၏) ဟု (စသည်) ဟူသော စကားလုံးကို ထည့်၍ သုံးစွဲထားသည်ကို သတိပြုရာ၏၊ ပြခဲ့သော အဋ္ဌကထာ သုံးကျမ်းလုံး၌လည်း “ဂေါသီလ ဂေါဝတာဒီနိ” ဟု (အာဒိ) သဒ္ဒါနှင့်တကွ ဆိုထား၏၊ ထို “အာဒိ” ဟူသော ပါဠိစကားလုံး “စသည်” ဟူသော မြန်မာစကားလုံးများဖြင့် ကြွင်းကျန်သော မှားသော အလေ့အကျင့်များကို ယူရာ၏၊ ထို့ကြောင့် နွား ခွေးတို့၏ အလေ့အကျင့်ကို ဖြစ်စေ၊ ရေငုပ်ခြင်း, မီးလှုံခြင်း, နေလှန်းခြင်း, ဆူးပေါ်၌ အိပ်ခြင်း စသော အလေ့အကျင့်ကို ဖြစ်စေ၊ အချုပ်အားဖြင့် မှားသော အလေ့အကျင့် ဟူသမျှကို အကျင့်မှန်ဟု စွဲလမ်းသော ဒိဋ္ဌိစေတသိက် ဒိဋ္ဌုပါဒါန် မည်၏ဟု စောဒနာလိုရင်း ဖြစ်သည်ကို သိကြ၏၊

စုဒိတကတို့က သီလဗ္ဗတုပါဒါန သီလ+ဝတ+ဥပါဒါန-ဟူသော ပုဒ်ဝယ် သီလ= အလေ့၊ ဝတ=အကျင့်၊ ဥပါဒါန=အစွဲ၊ သီလဗ္ဗတုပါဒါန = အလေ့အကျင့် အစွဲဟု ဤမျှသာ ဆိုသင့်လျက် (နွား ခွေး တို့၏) ဟူသော ဝိသေသန သမ္ဗန်ပုဒ် ထည့်သွင်းပြဆိုခြင်းကို အပိုထည့်သွင်းလေဟန် အပြစ်တင်၍ ချေပခြင်း ဖြစ်သော်လည်း ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းဂန် အတန်တန်တို့ အဆိုအမိန့်အရ ထည့်သွင်းပြခြင်း ဖြစ်ရကား အပြစ်မရောက်ပဲ သိသာထင်ရှားသည့် ဂုဏ်မြောက်သော စကားသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော် မူကြသည်။

၄၆။ တစ်ဖန် စုဒိတကပုဂ္ဂိုလ်တို့က ကာမုပါဒါန်တွင်လည်း ကာမဂုဏ် ငါးပါးတို့၌ စွဲလမ်းခြင်းကိုသာ တွေ့ရကြောင်း၊ ဥပါဒါန်တွင် အကုသိုလ် ကုသိုလ်ဟူ၍ မခွဲခြားကြောင်း၊ ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြဆိုထားကြောင်းကို တင်ပြ၍ စောဒနာကောက်နုတ်ချက် (၄၊၅၊၆၊၇၊၈၊၉၊၁၁၊၁၂၊၁၃၊၁၄) တို့ကို ချေပကြသည်။ ဥပရိပဏ္ဏာသ မြန်မာပြန် အာနဉ္ဇသပါယသုတ် နှာ-၅၅ ၌လာသော -

“ပြုလုပ်ခဲ့သော ကံဟူ၍ မရှိပေ။ ထိုကံ၏ အကျိုးဖြစ်သော ခန္ဓာပဥ္ခကကို ပယ်စွန့်သောစိတ်ဖြင့် လျစ်လျူရှုမှု၌ နှစ်သက်၏၊ ကောင်း၏ဟု စွဲ၏၊ ထိုဝိညာဏ်သည် ဝိပဿနာကို မှီ၏၊ သို့သော် စွဲလမ်းမှုပင် မည်၏၊ အာနန္ဒာ စွဲလမ်းမှု ဥပါဒါန် မကုန်သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်ဟု ဟော၏၊ ဝိပဿနာကို မှီ၍စွဲသော ဝိညာဏ်သည် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့သော် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ညီတော် အာနန္ဒအား ဟောကြားချက်ကို တွေ့ရပါသည် ဘုရား” ဟု သာဓကနှင့်တကွ သောဓနာကြသည်။

စုဒိတကပုဂ္ဂိုလ်တို့ ထုတ်ပြအပ်သော ဖော်ပြပါ သာဓက စကားရပ်သည် မူရင်းပါဠိတော် မြန်မာပြန်ကို ချုံး၍ပြဆိုထားရာ လိုရင်းကို ခြုံငုံမိအောင် မချုံးတတ်သဖြင့် အဓိပ္ပာယ် ပျက်ယွင်းနေသည်။ မူရင်းပါဠိ မြန်မာပြန်ကား အောက်ပါအတိုင်း ဖြစ်သည်။

“အာနန္ဒာ၊ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ကျင့်၏၊ အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့။ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဥ္ခကဟူ၍) မရှိရာ။ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဥ္ခကဟူ၍) မဖြစ်လတံ့။ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဥ္ခကကို ပယ်စွန့်အံ့ဟု လျစ်လျူရှုမှုကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှုကို နှစ်သက်၏၊ ကောင်း၏ဟူ၍ ပြောဆို၏၊ သက်ဝင်၍တည်၏၊ ထိုလျစ်လျူရှုမှုကို နှစ်သက်ပြောဆို သက်ဝင်၍တည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုလျစ်လျူရှု (ဝိပဿနုပေက္ခာ) ကို မှီ၏၊ (ထိုလျစ်လျူရှုမှု ဝိပဿနုပေက္ခာကို စွဲလမ်း၏၊) အာနန္ဒာ၊ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်” ဟု မိန့်တော်မူ၏၊

ဤဒေသနာတော် အဓိပ္ပာယ်ကား ရှေးဘဝက ပြုလုပ်ခဲ့သော ကံ (ကမ္မဝဋ်) မရှိလျှင် ယခုဘဝ၌ ဖြစ်သော ခန္ဓာပဥ္ခက (ဝိပါကဝဋ်) မရှိရာ။ ယခုဘဝ ကံ (ကမ္မဝဋ်) မရှိလျှင် နောင်အနာဂတ်ဘဝ၌ အကျိုးဖြစ်သော ခန္ဓာပဥ္ခက (ဝိပါကဝဋ်) မဖြစ်လတံ့။ ယခုဘဝ ထင်ရှားရှိနေသော ဖြစ်ပေါ်နေသည့် ခန္ဓာပဥ္ခကကို ပယ်စွန့်အံ့ဟု အရဟတ္တဖိုလ်ပေါက် ရည်မှန်း၍ ဝိပဿနာကို အားထုတ်သော ရဟန်းသည် လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကိုရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်စွဲလမ်းနေလျှင် ထိုရဟန်း၏ ဝိညာဏ်သည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို တဏှာဒိဋ္ဌိတို့ဖြင့် မှီတွယ်နေ၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို စွဲလမ်းနေ၏၊ ယင်းသို့ ဝိပဿနာကို စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်ဟု ဆိုလိုသည်။

ဤဒေသနာတော်၌ ထိုရဟန်းရရှိသော လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) သည် ကုသိုလ်ဖြစ်သော်လည်း ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်စွဲလမ်းသော ဝိညာဏ်သည်ကား လောဘ (တဏှာ) ဒိဋ္ဌိတို့နှင့် ယှဉ်သော အကုသိုလ် လောဘမူ ဝိညာဏ်ဖြစ်သည်ကို သတိပြုခဲ့ပါ။

စုဒိတကတို့ ချေပသော သောဓနာ စကားရပ်ကို စိစစ်သုံးသပ်သည်ရှိသော် စုဒိတကပုဂ္ဂိုလ်တို့သည် စွဲလမ်းတတ်သော ဥပါဒါန်တရားနှင့် စွဲလမ်းအပ်သော (ဝါ) အစွဲအလမ်းခံရသော ဥပါဒါနိယ တရားနှစ်မျိုးတို့ကို ကွဲပြားခြားနားစွာ မသိကြရှာသည်ကို တွေ့ရ၏၊ ထို့ကြောင့် စွဲလမ်းတတ်သော ဥပါဒါန်တရားနှင့် စွဲလမ်းအပ်သော (ဝါ) အစွဲအလမ်းခံရသော ဥပါဒါနိယ တရားကို ကွဲပြားခြားနားစွာ သိနိုင်ကြရန် ရှင်းလင်းပြဆိုပြီးမှ သောဓနာကို စိစစ်ကြကုန်အံ့။

ဥပါဒါန်

၄၇။ ဘုသံ အာဒိယန္တီတိ ဥပါဒါနာ၊ ဒဠ္ခှဂ္ဂါဟံ ဂဏှန္တီတိ အတ္ထော- ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာနှင့် အညီ မလွှတ်နိုင်ပဲ မြဲမြံပြင်းပြစွာ ယူတတ် စွဲလမ်းတတ်သော သဘောတရားသည် ဥပါဒါန် မည်၏၊

ဥပါဒါန်လေးပါး

တတ္ထ ကတမံ ကာမုပါဒါနံ။ ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသိနေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ။ ဣဒံ ဝုစ္စတိ ကာမုပါဒါနံ။ (အဘိ၊၁၊၂၄၁)

ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ ဝတ္ထုကာမဟု ခေါ်ဆိုအပ်သော လိုချင်ဖွယ် အာရုံတို့၌ လိုလားနှစ်သက် တပ်မက်စွဲလမ်းသော တဏှာ (လောဘစေတသိက်) သည် ကာမုပါဒါန် မည်၏၊

တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ။ နတ္ထိ ဒိန္နံ။ ပ။ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ ဌပေတွာ သီလဗ္ဗတုပါဒါနဥ္ခ အတ္တဝါဒုပါဒါနဥ္ခ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ။ (အဘိ၊၁၊၂၄၁)

ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ သီလဗ္ဗတုပါဒါန်နှင့် အတ္တဝါဒုပါဒါန် ဒိဋ္ဌိနှစ်မျိုးမှ ကြွင်းသော မှားသောအမြင် (မှားသောအယူ) အားလုံးသည် ဒိဋ္ဌုပါဒါန် မည်၏၊ ဤဘုရားဟော ပါဠိတော်ဖြင့်ပင် အယူမှားကို စွဲလမ်းမှုသာ ဒိဋ္ဌုပါဒါန် ဖြစ်သည်။ အယူမှန်ကို စွဲမြဲသက်ဝင် ယုံကြည်မှုသည်ကား ဒိဋ္ဌုပါဒါန်မဟုတ်။ သဒ္ဓါဓိမောက္ခသာ ဖြစ်သည်ဟု သိသာလှပေ၏၊

တတ္ထ ကတမံ သီလပဗ္ဗတုပါဒါနံ။ ဣတော ဗဟိဒ္ဓါ သမဏ ဗြာဟ္မဏာနံ သီလေန သုဒ္ဓိ။ ပ။ ဝိပရိယာ သဂ္ဂါဟော။ ဣဒံ ဝုစ္စတိ သီလပဗ္ဗတုပါဒါနံ။ (အဘိ၊၁၊၂၄၁)

ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို (ဝါ) အလေ့အကျင့်မှား ဟူသမျှကို ကိလေသာ စင်ကြယ်ကြောင်း အကျင့်ကောင်း အဖြစ်ဖြင့် မှားယွင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် သီလပဗ္ဗတုပါဒါန် မည်၏၊

တတ္ထ ကတမံ အတ္တဝါပါဒါနံ။ ဣဓ အဿုတဝါ ပုထုဇ္ဇနော။ ပ။ မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာ သဂ္ဂါဟော။ ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနံ။ (အဘိ၊၁၊၂၄၁)

ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ ခန္ဓာငါးပါးတွင် တစ်ပါးပါးကို မပျက်မစီး အမြဲတည်နေသော အနှစ်သာရ အမာခံသဘောတရား အတ္တဟု အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် အတ္တဝါဒုပါဒါန်မည်၏၊

အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) နှစ်ဆယ် ဖြစ်ပုံ

၄၈။ မြတ်စွာဘုရားသည် ဤဒေသနာတော်ဖြင့် အတ္တဝါဒုပါဒါန် (ဝါ) အတ္တဒိဋ္ဌိ ၂၀ ဖြစ်ပုံကို ပြတော်မူ၏၊

ခန္ဓာငါးပါးတို့တွင် “မီးတောက်နှင့် အလင်းရောင်ကို အတူထင်မှတ်သကဲ့သို့” ရုပ်သည်ပင် အတ္တဟု ရုပ်နှင့် အတ္တကို အတူထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊

နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “သစ်ပင်၌အရိပ်ရှိသည် ဟူသော စကားကဲ့သို့ အတ္တမှာ ရုပ်ရှိသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊

နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “ပန်းပွင့်၌ အနံ့ဟူသော စကားကဲ့သို့” အတ္တ၌ ရုပ်တည်ရသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊

နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “သေတ္တာထဲ၌ ပတ္တမြားတည်သည် ဟူသော စကားကဲ့သို့” ရုပ်၌ အတ္တက တည်နေသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊

ဤသို့ ရုပ်နှင့် စပ်လျဉ်း၍ အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) လေးပါးဖြစ်သည်။ ထို့အတူ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာ တစ်ပါးပါးနှင့် စပ်လျဉ်း၍လည်း အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) လေးပါးစီ ဖြစ်ရကား ခန္ဓာငါးပါး၌ အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) နှစ်ဆယ်ဖြစ်သည်။

ဤဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးပါးတို့သည် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်ချည်းသာ ဖြစ်သည်။ ဒိဋ္ဌိစေတသိက် တစ်ပါးတည်းကိုပင် စွဲလမ်းပုံ အခြင်းအရာ ကွဲပြားသောကြောင့် အမည်သုံးမျိုးခွဲ၍ ဟောတော်မူသည်။ ထို့ကြောင့် ဥပါဒါန်သည် လေးပါးပြားသော်လည်း တရားကိုယ်အားဖြင့် လောဘစေတသိက်နှင့် ဒိဋ္ဌိစေတသိက် နှစ်ပါးသာ ဖြစ်သည်။

ကာမုပါဒါနံ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌုပါဒါနဉ္စ သီလပဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ။

(ဓမ္မသင်္ဂဏီ၊ ၂၈၉)

မြန်မာပြန်

ကာမုပါဒါန်သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ် ရှစ်ပါးတို့ ၌ ဖြစ်၏၊ ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါးတို့၌ ဖြစ်ကုန်၏၊

ဤဘုရားရှင် နှုတ်တော်ထွက် ဒေသနာတော်အရ လောဘစေတသိက်သည် လောဘမူစိတ် ရှစ်ပါး၌ ဖြစ်သည်။ ဒိဋ္ဌိစေတသိက်သည် လောဘမူ ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် လေးပါး၌ ဖြစ်သည်ဟုမှတ်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၀၅)၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၇၃) တို့၌လည်း-

မဟာဝိသယံ ဟိ တံ အဋ္ဌစိတ္တသမ္ပယောဂါ၊ အပ္ပဝိသယာနိ ဣတရာနိ စတုစိတ္တ သမ္ပယောဂါ” ဟု မိန့်ဆိုတော်မူသည်။

မှန်၏၊ ထိုကာမုပါဒါန်သည် ရှစ်ပါးသော စိတ်တို့၌ ယှဉ်ခြင်းကြောင့် ကျယ်သောအရာရှိ၏၊ ကာမုပါဒါန်မှ တစ်ပါးသော ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် လေးပါးကုန်သော စိတ်တို့၌ ယှဉ်ခြင်းကြောင့် ကျဉ်းသောအရာ ရှိကုန်၏၊

ဤဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ အဆိုအမိန့်ကို ထောက်၍ ဥပါဒါန်ဟူသည် စင်စစ် အကုသိုလ်သာ ဖြစ်သည်ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊ ဤအဓိပ္ပာယ်ကို အဘိဓမ္မာကို လေ့လာဖူးသူ သာမဏေငယ်ကလေးများပင် သိကြပေသည်။

ပုဂ္ဂိုလ်အားဖြင့် ကာမုပါဒါန်သည် ပုထုဇဉ်လေးယောက်နှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ သန္တာန်၌ ဖြစ်သည်။ ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် ပုထုဇဉ်လေးယောက်တို့ သန္တာန်၌ ဖြစ်သည်။

ဥပါဒါနိယ

၄၉။ ဥပါဒါနိယ (ဥပါဒါန+ဣယ) ဤပုဒ်သည် ဥပါဒါနပုဒ်နောက် အစီးအပွားဟိတ အနက်၌ ဣယပစ္စည်းသတ်၍ ပြီးသော ပုဒ်ဖြစ်သည်။

ထို့ကြောင့် အဋ္ဌသာလိနီ အဋ္ဌကထာ၊ နှာ-၈၅ ၌-
အာရမ္မဏဘာဝံ ဥပဂန္ဒာ ဥပါဒါန သမ္ဗန္ဓေန ဥပါဒါနာနံ ဟိတာတိ ဥပါဒါနိယာ။

ဟု မိန့်ဆိုတော်မူသည်။ အာရုံအဖြစ်သို့ ကပ်ရောက်၍ ဥပါဒါန်တို့နှင့် စပ်ခြင်းကြောင့် ဥပါဒါန်တို့၏ အစီးအပွားတည်း။ ထို့ကြောင့် ဥပါဒါနိယ မည်ကုန်၏၊

“အာရမ္မဏဘာဝံ ဥပဂန္ဓာ = အာရုံအဖြစ်သို့ ကပ်ရောက်၍” ဟူသည် အာရုံပြုခံရခြင်းပင် ဖြစ်သည်။ ထိုသို့ အာရုံပြုခံရခြင်းကြောင့် ထိုတရားများသည် ဥပါဒါန်တို့နှင့် စပ်လျဉ်းသော တရားများ ဖြစ်ရသည်။ ဥပမာ-လောက၌ လူတစ်ယောက်၏ အသုံးအဆောင်သည် ထိုသူနှင့် စပ်နေသကဲ့သို့ ဖြစ်သည်။

ဤအဋ္ဌကထာအရ အာရုံပြုခံရသည်ဖြစ်၍ ဥပါဒါန်တို့နှင့် စပ်နေသည့်အတွက် ဥပါဒါန်တို့၏ အစီးအပွားဖြစ်ခြင်းကြောင့် ဥပါဒါနိယ မည်၏ဟု မှတ်။

(အချုပ်မှာ ဥပါဒါန်တို့၏ အာရုံပြုခံရသော တရားများ ဖြစ်သည်။)

ဥပါဒါနိယ မည်သော တရားများ

ကတမေ ဓမ္မာ ဥပါဒါနိယာ။ တီသု ဘူမီသု ကုသလံ အကုသလံ တီသု ဘူမီသု ဝိပါကော တီသု ဘူမီသု ကိရိယာဗျာကတံ သဗ္ဗဉ္စ ရူပံ။ ဣမေ ဓမ္မာ ဥပါဒါနိယာ။ (အဘိ၊၁၊၂၉၀)

ဓမ္မသင်္ဂဏီ ပါဠိတော်အရ ကာမ, ရူပ, အရူပ ဘုံသုံးပါးတို့၌ ဖြစ်သော လောကီ ကုသိုလ် ၁၇၊ အကုသိုလ် ၁၂၊ လောကီဝိပါက် ၃၂၊ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ကိရိယာဗျာတက ၂၀၊ ထို့ပြင် ရုပ်သည်ရှိ၏၊ ဤတရားတို့သည် လောဘ ဒိဋ္ဌိဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်သော ဥပါဒါနိယတရား ဖြစ်ကုန်၏၊

ဤကား စွဲလမ်းတတ်သော ဥပါဒါန်ဟူသည် အကုသိုလ် သက်သက်သာ ဖြစ်သည်ကိုလည်းကောင်း၊ အစွဲအလမ်းခံရသော ဥပါဒါနိယ တရားသည်ကား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ သုံးမျိုး ဖြစ်သည်ကိုလည်းကောင်း (အဘိဓမ္မာကို မလေ့လာဖူးသူများ) သိနိုင်ရန် ရှင်းလင်းပြဆိုခြင်း ဖြစ်သည်။

၅၀။ ယခုစောဒနာ သောဓနာကို ပြန်လည်စိစစ်ကြကုန်အံ့။ ဤအချက်ကို စောဒကပုဂ္ဂိုလ်တို့၏ ဆိုလိုရင်းမှာ -

(၁) ဥပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်။
(၂) ပြုလိုရုံမျှ လိုချင်ရုံမျှသည် ကတ္တုကမျတာ ဆန္ဒစေတသိက်သာ ဖြစ်သည်။ (ဥပါဒါန် မဟုတ်)
(၃) နိဗ္ဗာန်ကို လိုချင်မှု၊ ကောင်းသောတရားကို လိုချင်မှုသည် ကုသိုလ်ဆန္ဒသာ ဖြစ်သည်။ (ဥပါဒါန် မဟုတ်) ဟု ဆိုလိုသည်။

စုဒိတကပုဂ္ဂိုလ်တို့၏ ဆိုလိုရင်းမှာ -
(၁) ဥပါဒါန်တွင် ကုသိုလ်၊ အကုသိုလ်ဟု မခွဲခြားကြောင်း၊
(၂) ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြန်ဆိုထားကြောင်း၊
(၃) ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့ရာတွင် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း စကားသုံးရပ် ဖြစ်သည်။

ယင်းစကားသုံးရပ်တို့တွင် “(၁) ဥပါဒါန်တွင် ကုသိုလ်၊ အကုသိုလ်ဟု မခွဲခြားကြောင်း” ဟူသော စကားရပ်၌ ကုသိုလ်၊ အကုသိုလ် နှစ်မျိုးရှိရာ၌သာ ကုသိုလ်၊ အကုသိုလ် ခွဲခြားပြရသည်။ ကုသိုလ်ချည်းသက်သက်၊ အကုသိုလ်ချည်းသက်သက် ဖြစ်ရာ၌ကား ထိုသို့ ခွဲခြားရန် မလို။ ဥပါဒါန်ဟူသည် တစ်ရံတစ်ဆစ်မျှ ကုသိုလ်ဟူ၍ မရှိ။ ဧကန် အကုသိုလ်ချည်းသာ ဖြစ်သောကြောင့် ကုသိုလ်၊ အကုသိုလ်ဟု ခွဲခြားပြဆိုခြင်း မပြုဟုမှတ်။

“ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြန်ဆိုထားကြောင်း” ဟူသော စကားရပ်၌ စကားအသုံးအနှုန်းကို ရှင်းပြအံ့။ “ကုသိုလ်ကို စွဲသည်ဖြစ်စေ” ဟူသော စကားရပ်၌ “ကုသိုလ်ကို” ဟူသော စကားသည် အစွဲအလမ်း ခံရသော ဥပါဒါနိယ တရားကို ပြသည်။ ထိုတရားကား အမှန်ပင် ကုသိုလ်ဖြစ်သည်။ “စွဲသည်ဖြစ်စေ” ဟူသော စကားရပ်ကား စွဲလမ်းတတ်သော လောဘ၊ ဒိဋ္ဌိ ဟူသော ဥပါဒါန်တရားကို ပြသည်။ ထိုဥပါဒါန်ကား ဧကန် အကုသိုလ် ဖြစ်သည်။ ထို့ကြောင့် ဤစကားရပ်၌ အစွဲအလမ်းခံရသော တရားက ကုသိုလ်၊ စွဲလမ်းတတ်သော တရားက အကုသိုလ် ဖြစ်သည်။

“အကုသိုလ်ကို စွဲသည်ဖြစ်စေ” ဟူသော စကားရပ်၌လည်း “အကုသိုလ်ကို” ဟူသော စကားရပ်သည် အစွဲအလမ်းခံရသော ဥပါဒါနိယ တရားကို ပြသည်။ “စွဲသည်ဖြစ်စေ” ဟူသော စကားရပ်သည် စွဲလမ်းတတ်သော လောဘ၊ ဒိဋ္ဌိဟူသော ဥပါဒါနိယ တရားကို ပြသည်။ ထို့ကြောင့် ဤစကားရပ်၌ အစွဲအလမ်းခံရသော တရားကလည်း အကုသိုလ်၊ စွဲလမ်းတတ်သော တရားကလည်း အကုသိုလ်ပင် ဖြစ်သည်။ ဤသို့ အစွဲအလမ်းခံရသော တရားသည် ကုသိုလ်ပင် ဖြစ်စေ၊ အကုသိုလ်ပင် ဖြစ်စေ၊ စွဲလမ်းတတ်သော တရားကား အကုသိုလ်သာ ဖြစ်ရကား ဥပါဒါန်ဟူ၍သာ ပြန်ဆိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဤ (၂) နံပါတ် သောဓနာ စကားရပ်သည် စကားအသုံးအနှုန်းမျှသာ မှန်သည်။

ယင်းသို့ စကားအသုံးအနှုန်း မှန်ကန်သော်လည်း စုဒိတကပုဂ္ဂိုလ်တို့ ကိုယ်တိုင်မူကား ရှင်းပြခဲ့သော အနက်အဓိပ္ပာယ်ကို အမှန်တကယ် မသိပဲ “ကုသိုလ် ဥပါဒါန်လည်း ရှိသည်” ဟု အလွဲအမှား နှလုံးသွင်း၍ သောဓနာထားခြင်းဖြစ်ကြောင်းကို (၃) နံပါတ် စကားရပ်ဖြင့် ပေါ်လွင်ထင်ရှားစွာ သိနိုင်ပေသည်။ ရှင်းပြဦးအံ့ -

“ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့ရာတွင် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း” ဟု ဆိုထားရာ “ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် ဖြစ်သည်။ ထိုကုသိုလ်ဝိညာဏ်စိတ်ကို ဥပါဒါန်ဟုဟောသည်” ဟု စုဒိတက ပုဂ္ဂိုလ်တို့ ယူဆကြောင်း သိသာပေသည်။

စုဒိတကပုဂ္ဂိုလ်တို့ ကိုးကားသည့် အာနဉ္ဇသပါယသုတ်၌ ပြဆိုအပ်သော ဝိညာဏ်သည် စုဒိတက ပုဂ္ဂိုလ်တို့ ယူဆသည့် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် မဟုတ်၊ လောဘ ဒိဋ္ဌိဟူသော ဥပါဒါန်နှင့် ယှဉ်သော အကုသိုလ်လောဘမူစိတ် ဝိညာဏ်သာ ဖြစ်သည်။ ရှင်းပြဦးအံ့ -

ထိုလျစ်လျူရှုမှုကို နှစ်သက်ပြောဆို သက်ဝင်၍တည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို မှီ၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို စွဲလမ်း၏၊

ဤစကားရပ်၌ “ဝိညာဏ်သည်” ဟူသော စကားရပ်ကို “မှီ၏” “စွဲလမ်း၏” ဟူသော ကြိယာပြ စကားရပ်တို့၌ စပ်ရမည်။ မှီ၏၊ စွဲလမ်း၏ ဟုဆိုလျှင် တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်း၏ ဟူသော အဓိပ္ပာယ်သည် ထင်ရှားပြီး ဖြစ်၏၊ ထို့ကြောင့်ပင် ဥပရိပဏ္ဏာသ အဋ္ဌကထာ၌ ထိုတန္နိဿိတံ တဒုပါဒါနံ ပုဒ်တို့၏ အခြေခံဖြစ်သော ရှေ့ဝါကျရှိ “အဘိနန္ဒတိ” စသော သုံးပုဒ်တို့ကို ဖွင့်ပြရာဝယ် -

“သောတံ ဥပေက္ခံ အဘိနန္ဒတီတိ သော တံ ဝိပဿနုပေက္ခံ တဏှာဒိဋ္ဌိ အဘိနန္ဒာဒီဟိ အဘိနန္ဒတိ၊ သေသပဒဒွယေပိ ဧသေဝ နယော”
ဟု ဖွင့်ပြတော်မူ၏၊

အဓိပ္ပာယ် - သောတံ ဥပေက္ခံ အဘိနန္ဒတီတိ ဟူသည်ကား ထိုရဟန်းသည် ထို ဝိပဿနုပေက္ခာကို တဏှာ၊ ဒိဋ္ဌိတည်းဟူသော နှစ်သက်ခြင်းတို့ဖြင့် နှစ်သက်၏၊ ကြွင်းသော အဘိဝဒတိ၊ အဇ္ဈောသာယ တိဋ္ဌတိ” ဟူသော ပုဒ်နှစ်ခုအပေါင်း၌လည်း ဤနည်းတည်း။

ဤစကားရပ်တွင် “ဝိညာဏ်သည် မှီ၏၊ စွဲလမ်း၏” ဟူသော စကားရပ်ဖြင့် စွဲလမ်းတတ်သည့် လောဘ၊ ဒိဋ္ဌိဟူသော ဥပါဒါန်တို့နှင့် ယှဉ်သော အကုသိုလ် လောဘမူစိတ် ဝိညာဏ်ကို ပြသည်။ “ထိုလျစ်လျူရှုမှု ဝိပဿနုပေက္ခာကို” ဟူသော စကားရပ်ဖြင့် ဥပါဒါန်၏ အာရုံဖြစ်သည့် (အစွဲအလမ်းခံရသည့်) ဥပါဒါနိယဖြစ်သော ဝိပဿနုပေက္ခာ ကုသိုလ်ကို ပြသည်။ လိုရင်းအချုပ်မှာ အာရုံဖြစ်သည့် (ဝါ- အစွဲအလမ်းခံရသည့်) ဝိပဿနုပေက္ခာသည် ကုသိုလ်ဖြစ်သည်။ ထိုကုသိုလ်ဖြစ်သော ဝိပဿနုပေက္ခာကို စွဲလမ်းသော ဝိညာဏ်ကား လောဘ၊ ဒိဋ္ဌိနှင့် ယှဉ်သော လောဘမူအကုသိုလ် ဝိညာဏ်ဖြစ်သည်ဟု မှတ်။ အစွဲအလမ်းခံရသော အာရုံက ကုသိုလ် ဖြစ်ကာမျှဖြင့် ထိုထိုစွဲလမ်းသော ဥပါဒါန်သည် ကုသိုလ် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝိပဿနာ၌ စွဲလမ်းကပ်ငြိမှုရှိနေသော ရဟန်းသော်မှ ငါဘုရားသာသနာတော်၌ ကိလေသာ မငြိမ်းနိုင်သေး။ ကျောင်း ပရိဝုဏ် အလုပ်အကျွေး ဒါယကာ စသည်တို့၌ စွဲလမ်းကပ်ငြိမှု ရှိနေသော ရဟန်းသည်ကား အဘယ်မှာ ပြောဖွယ်ရာ ရှိတော့မည်နည်း ဟူသော အဓိပ္ပာယ်ကို ဘုရားရှင် ပြတော်မူသည်။

ထို့ကြောင့် စုဒိတကပုဂ္ဂိုလ်တို့သည် ဤအာနဉ္ဇသပါယသုတ်ကို သာဓကပြု၍ (ဥပါဒါန်ဟူသည် လောဘ ဒိဋ္ဌိ တည်းဟူသော အကုသိုလ်သာ ဖြစ်သည်) ဟူသော စောဒကပုဂ္ဂိုလ်တို့၏ စကားကို ချေပကြသော်လည်း ချေပရာ မရောက်သည့်အပြင် ထောက်ခံရာပင် ရောက်ချေသည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။

၅၁။ တစ်ဖန် စုဒိတက သခင်မြတ်ဆိုင်က “ဓမ္မသင်္ဂဏီ ကျမ်းအရ အကုသိုလ်ကို စွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကို စွဲလျှင် ဥပါဒါန် မဟုတ်ဖြစ်ကြောင်း စောဒနာဆရာတော်များက တင်ပြချက်မှာ တပည့်တော်တွေ့ရသည့် အောက်ပါသုတ်တို့ဖြင့် ကွာခြားနေပါသည်ဘုရားဟု စကားချီပြီးလျှင် အင်္ဂုတ္တိုရ်၊ နဝကနိပါတ်(၁၈၅) သဥပါဒိသေသသုတ်၌ လာသော စကားရပ်ကို သာဓကပြုလျက် ဤအချက်၌လည်း သောတာပန်ပင်လျှင် စွဲလမ်းမှုကျန်နေလျှင် ဥပါဒါန်ဟူ၍ သုံးနှုန်းထားကြောင်း တွေ့ရပါသည်” ဟု ချေပသောဓနာလေသည်။

စုဒိတကပုဂ္ဂိုလ် ချေပသလို စောဒနာ စကားရပ်၌ (အကုသိုလ်ကို စွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကို စွဲလျှင် ဥပါဒါန်မဟုတ်) ဟူသော စကားရပ် ပါ မပါကို သေချာစွာ စိစစ်ရာ-

(၁) ဥပါဒါန်ဟူသည် တရားကိုယ်အားဖြင့် လောဘနှင့် ဒိဋ္ဌိသာ ဖြစ်၍ လောဘမူစိတ်၌ ယှဉ်သော အကုသိုလ်သာ ဖြစ်သည်။
(၂) ပြုလိုရုံမျှ လိုချင်မှုသည် ကတ္တုကမျတာ ဆန္ဒစေတသိက်သာ ဖြစ်သည်။ (ဥပါဒါန်မဟုတ်)
(၃) နိဗ္ဗာန်ကို လိုချင်မှု၊ ကောင်းသောတရားကို လိုချင်မှုသည် ကုသိုလ်ဆန္ဒသာ ဖြစ်သည်။ (ဥပါဒါန်မဟုတ်)
(၄) အယူမှန်၌ စွဲမြဲခြင်းသည် ဒိဋ္ဌုပါဒါန်မဖြစ်၊ အယူမှား၌ စွဲလမ်းခြင်းသည်သာ ဒိဋ္ဌုပါဒါန် ဖြစ်သည်။

ဤမျှသာ တွေ့ရသည်။ (အကုသိုလ်ကိုစွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကိုစွဲလျှင် ဥပါဒါန်မဟုတ်) ဟူသော စကားမျိုး တိုက်ရိုက်လည်းမပါ။ ထိုအဓိပ္ပာယ်မျိုးထွက်သော စကားရပ်လည်း မပါချေ။ (၄) အမှတ်ပြ ကောက်နုတ်ချက်၌ “စွဲမြဲ” ဟူသော စကားရပ်နှင့် “စွဲလမ်း” စကားရပ်နှစ်ခုကို သုံးစွဲထားရာ “စွဲမြဲ” ဟူသော ဝေါဟာရကား “စွဲမြဲသက်ဝင် ယုံကြည်မှု= သဒ္ဓါဓိမောက္ခ” ဖြစ်၍ “စွဲလမ်း” ဟူသော ဝေါဟရာကား “စွဲလမ်းမှု ဥပါဒါန်” ဖြစ်သည်ကို ခွဲခြား၍ မသိခြင်းကြောင့် ချေပသောဓနာခြင်းသာ ဖြစ်ရာသည်။

သဥပါဒိသေသသုတ်ကို သာဓကပြု၍ “သောတာပန်ပင်လျှင် စွဲလမ်းမှုကျန်နေလျှင် ဥပါဒါန်ဟူ၍ သုံးနှုန်းထားပါကြောင်း တွေ့ရပါသည်” ဟူသော ချေပချက်သည်လည်း စောဒနာစကားရပ်နှင့် မည်သို့မျှ မပတ်သက်ချေ။

အလုံးစုံသော လောကီတရားတို့၏ ဝတ္ထုကာမ၏ အစွမ်းဖြင့် “ကာမ” ဟူ၍လာခြင်းကြောင့် ရူပရာဂ အရူပရာဂသည်လည်း ကာမုပါဒါန်၌ ကျရောက်(ပါဝင်)ရကား ဥပါဒါန်လေးပါးတို့တွင် ထိုကာမုပါဒါန်ကို စတုတ္ထ အရဟတ္တမဂ်ဉာဏ်က ပယ်သတ်အပ်၏” ဟူသော ဝိသုဒ္ဓိမဂ် ဒုတိယ နှာ-၃၂၆-၌ မိန့်ဆိုအပ်သော စကားနှင့်အညီ သောတာပန် သန္တာန်၌ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးပါးတို့ကိုသာ ပယ်ရသေး၍ ကာမုပါဒါန် အကုသိုလ် ကြွင်းကျန်သေးသည်ကို သဥပါဒိသေသသုတ်၌ ဟောတော်မူခြင်း ဖြစ်ပေသည်။

ဤသုတ်ပါ စကားရပ်သည်လည်း စောဒကဆရာတော်တို့၏ စောဒနစကားရပ်နှင့် မည်သို့မျှ ကွဲပြားခြင်း မရှိချေ။

နောက်တစ်ဖန် “အနာဂါမ်ဆိုက်သော သူတော်ကောင်းသည်ပင်လျှင် ဥပါဒါန် မကုန်ကြောင်း အောက်ပါ အထောက်အထားအရ တွေ့ရပါသည်ဘုရား” ဟု စကားချီပြီးလျှင် မဇ္ဈိမပဏ္ဏာသ ကီဋာဂီရိသုတ် နှာ-၁၅၆ ၌ လာသော စကားရပ်ကို သာဓကပြုလျက် ဤအချက်သည်လည်း ကုသိုလ်တရား ရှိနေသူပင်လျှင် ဥပါဒါန် ကျန်နိုင်သည်ကို တွေ့ရပါသည်ဘုရား ဟု ချေပပြန်လေသည်။

ယင်းချေပချက်၏ ဆိုလိုရင်းကား “ကုသိုလ်တရားရှိနေသူ အနာဂါမ်သူတော်ကောင်း သန္တာန်၌ပင် ဥပါဒါန်ကျန်သည်ဟု ဟောတော်မူသည်ကို တွေ့ရခြင်းကြောင့် ဥပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်” ဟူသော စောဒကဆရာတော်တို့၏ စောဒနာစကား မသင့်” ဟု ချေပလိုရင်း ဖြစ်သည်။

ဤချေပချက် သောဓနာဖြင့်ပင် စုဒိတကပုဂ္ဂိုလ် သခင်မြတ်ဆိုင်သည် အဘိဓမ္မာသဘာဝကို လုံးဝမရိပ်စားမိကြောင်း ထင်ရှားနေပေသည်။ မှန်လှ၏၊ “အနာဂါမ် သန္တာန်၌ အမြဲပင် ကုသိုလ်တရား ရှိနေပေသည်။ အနာဂါမ် သန္တာန်၌ ဖြစ်သော ဥပါဒါန်သည် ကုသိုလ်သာ ဖြစ်သည်” ဟု စုဒိတကပုဂ္ဂိုလ် ဆိုလိုသည်။ ဤအချက်ဖြင့်ပင် အဘိဓမ္မာသဘောကို လုံးဝမသိပါဟု ဝန်ခံရာ ရောက်ချေသည်။

စုဒိတက သခင်မြတ်ဆိုင်သည် “ပုထုဇဉ်သန္တာန်ဖြစ်စေ, သောတာပန်, သကဒါဂါမ်, အနာဂမ်တို့ သန္တာန်၌ဖြစ်စေ, ယောနိသော မနသိကာရ အကြောင်းရှိလျှင် ကုသိုလ်တရား ဖြစ်ပွား၍ အယောနိသော မနသိကာရ အကြောင်းရှိလျှင် အကုသိုလ်တရား ဖြစ်ပွားနေသည်” ဟူသော သဘာဝကိုလည်းမသိ၊ ပြခဲ့ပြီးသော ဝိသုဒ္ဓိမဂ်၊ ဒု၊ ၃၂၆ လာ စကားနှင့်အညီ “အနာဂါမ် သန္တာန်၌ ကာမရာဂကိုသာ ပယ်ရသေး၍ ရူပရာဂ၊ အရူပရာဂတည်းဟူသော ကာမုပါဒါန် ကျန်သေးသည်။ ယင်းကာမုပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်” ဟူသော သဘာဝကို လုံးဝမသိရှာခြင်းကြောင့်သာ ဤသို့ချေပမိခြင်း ဖြစ်ပေသည်။

ထို့ကြောင့် စုဒိတက၏ ချေပချက်သည် စောဒကဆရာတော်များ၏၊ စောဒနာစကားကို မည်သို့မျှ မလှုပ်ရှားစေနိုင်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ စိစစ်ဝေဖန်တော် မူကြသည်။

တစ်ဖန်စုဒိတက ပုဂ္ဂိုလ်တို့က “စောဒကဆရာတော်များ တင်ပြချက်ဖြစ်သော ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ဟူ၍ တွေ့ရပါသည်ဘုရား” ဟု တင်ပြကြပြန်သည်။

စျာန်တို့အား “ငါသည် ငြိမ်သက်လှ၏၊ အေးငြိမ်းလှ၏၊ စွဲလမ်းမှုကင်း၏” ဟူ၍ ထင်မှတ်သော ဤသို့ရှုသော် ဥပါဒါန်ပင် မည်၏” ဟူသော ဥပရိပဏ္ဏာသ မြန်မာပြန် ပဉ္စတ္တယသုတ် ၂၀ လာ စကားရပ်ကိုလည်း သာဓကအဖြစ် တင်ပြကြသည်။ ဤစုဒိတကတို့၏ ကစားရပ်၌ အဘယ်ကို ရှင်းလင်းချေပသည်ဟူသော အချက် မပါရှိချေ။ “ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ဟူ၍ တွေ့ရပါသည်ဘုရား” ဟု တွေ့ရကြောင်းသာ ပြဆို၍ “ကာမုပါဒါန်သည် လောဘစေတသိက် မဟုတ်ပါ” ဟုလည်း ငြင်းဆိုချက် မပါ။ “အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည်မဟုတ်” ဟုလည်း ငြင်းဆိုချက် မပါချေ။ အကယ်၍ ငြင်းဆိုစေဦးတော့။ ရှင်းလင်း ပြဆိုခဲ့ပြီးသော ဥပါဒါန ဂေါစ္ဆကလာ ဘုရားဟော ဒေသနာဖြင့်ပင် ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်၌ ယှဉ်သော လောဘစေတသိက် ဖြစ်သည်မှာ ထင်ရှားပြီးဖြစ်၍ ထိုငြင်းဆိုချက်သည် အကျိုးမရှိ နိရတ္ထကာသာ ဖြစ်ရာ၏၊

စုဒိတကတို့ ထုတ်ဆောင်တင်ပြအပ်သော သာဓက စကားရပ်၌ပါသော ဥပါဒါန်သည်လည်း ကာမုပါဒါန်မဟုတ်၊ ဒိဋ္ဌုပါဒါန်သာ ဖြစ်ခြင်းကြောင့် သာဓက မမြောက်ချေ။ မှန်၏၊ စုဒိတကပုဂ္ဂိုလ်တို့ ထုတ်ဆောင်တင်ပြအပ်သော စကားရပ်သည် -

ယဉ္စ ခေါ အယမာယသ္မာ “သန္တောဟမသ္မိ နိဗ္ဗုတောဟမသ္မိ အနုပါဒါ နောဟမသ္မိ” တိ သမနုပဿတိ။ တဒပိ ဣမဿ ဘောတော သမဏဿ ဗြဟ္မဏဿ ဥပါဒါနမက္ခာယတိ (မ၊၃၊၂၆)။

ဟူသော ဥပရိပဏ္ဏာသ ပါဠိ ပဉ္စတ္တယသုတ်၌လာသော ပါဠိတော်၏ မြန်မာပြန်ဖြစ်သည်။ ထိုပါဠိတော်၏ မြန်မာပြန် အပြည့်အစုံမှာ -

ဤအရှင်သည် “ငါသည် ငြိမ်သက်သူ ဖြစ်၏၊ ငါသည် ငြိမ်းအေးသူ ဖြစ်၏၊ ငါသည် မစွဲလမ်းသူ ဖြစ်၏၊” ဟူ၍ အကြင်ရှုမြင်၏၊ ဤအရှင် သာမဏ ဗြဟ္မဏ၏ ထိုရှုမြင်ခြင်းကိုလည်း ဥပါဒါန်ဟူ၍ ဆိုအပ်၏ဟု ဖြစ်သည်။

ဤပါဠိတော်၌ “ဥပါဒါနမက္ခာယတိ” “ဥပါဒါန်ဟူ၍ ဆိုအပ်၏” ဟူသည်မှာ “အဟမသ္မိ” “ငါဖြစ်” ဟု ယူခြင်းသည် သက္ကာယဒိဋ္ဌိ၌ အကျုံးဝင်နေသည်။ ထို့ကြောင့် “ဒိဋ္ဌုပါဒါန်” ဟု ဘုရားရှင် ဟောတော်မူလိုရင်း ဖြစ်သည်။ ထို့ကြောင့် ဥပရိပဏ္ဏာသအဋ္ဌကထာ(၁၇)၌ -

“ဥပါဒါနမက္ခာယတီတိ အဟမသ္မီတိ ဂဟဏဿ သက္ကာယဒိဋ္ဌိ ပရိယာပန္နတ္တာ ဒိဋ္ဌုပါဒါနံ အက္ခာယတိ” ဟု ဖွင့်ပြတော်မူသည်။

မြန်မာပြန်

ဥပါဒါန်ဟု ဆိုအပ်၏ ဟူသည်ကား ငါဖြစ်၏ဟု ယူခြင်း၏ သက္ကယဒိဋ္ဌိ၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် ဒိဋ္ဌုပါဒါန်ဟူ၍ ဆိုအပ်၏၊

တစ်ဖန် စုဒိတကပုဂ္ဂိုလ်တို့က “ဥပါဒါန် အစွဲအလမ်း ရှိရုံမျှနှင့် အပါယ်မကျနိုင်ဟု ဟောတော်မူပါသည်ဘုရား” ဟု တင်ပြကြပြန်သည်။

အင်္ဂုတ္တိုရ်၊ သဥပါဒိသေသုတ်၌လာသော စွဲလမ်းမှု အကြွင်းအကျန် ရှိပါလျက် အပါယ်လေးပါး မလားနိုင်သော ပုဂ္ဂိုလ် ၉-မျိုးကို ဟောပြသော ဒေသနာတော်ကို သာဓကအဖြစ် ထုတ်ဆောင်လျက် “ဤအထဲ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စသည်တို့ ပါဝင်နေသည်ကို တွေ့ရပါသည်ဘုရား” ဟု တင်ပြကြလေသည်။

ဥပါဒါန်အစွဲအလမ်း ရှိရုံမျှဖြင့် အပါယ်မကျနိုင်ဟု ဟော်တော်မူခြင်းသည် လည်းကောင်း၊ စွဲလမ်းမှု အကြွင်းအကျန် ရှိပါလျက် အပါယ်မကျနိုင်သော ပုဂ္ဂိုလ် ၉-မျိုးတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ ပါဝင်နေခြင်းသည် လည်းကောင်း စောဒနာစကားရပ်နှင့် မည်သို့မျှ မပတ်သက်ခြင်းကြောင့် ယင်းသောဓနာ စကားရပ်ကိုလည်း စိစစ်သုံးသပ်ရန် မလိုဟု ဝိနည်းဓိုရ် ဆရာတော်များ ဆန္ဒညီမျှတော် မူကြသည်။

၅၃။ သောဓနာနိဂုံး အဖြစ်ဖြင့်လည်း “သို့ဖြစ်ရာ ဤအခန်း (၁၅) ၌ စောဒနာဆရာတော်များ၏ နိဂုံးတွင် ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်၍ လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်။ အကုသိုလ်သာ ဖြစ်သည်။ အမြင်မှားမှု ဥပါဒါန်သာ ဖြစ်သည်။ ကုသိုလ်လိုချင်မှုမှာ ဥပါဒါန်မဟုတ်၊ ရှင်ဥက္ကဋ္ဌတို့သည် ပိဋကတ်တော်၏ အနက်ကိုမျှ မှန်ကန်စွာ မသိ။ လမ်းပေါ်က လူများ၏ တရားဟုဆိုသော အချက်ကို ယခုတိကျသော ဆဋ္ဌမူ ပိဋကတ်တော်မှ ကောက်နုတ်ရှင်းလင်းအပ်ပါသည်ဘုရား” ဟု လျှောက်ထားကြလေသည်။

ဤသောဓနာနိဂုံး စကားရပ်၌လည်း “ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်၍ လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်။ အကုသိုလ်သာ ဖြစ်သည်။ ကုသိုလ်လိုချင်မှုသည် ဥပါဒါန်မဟုတ်” ဟူသော စောဒကပုဂ္ဂိုလ်တို့၏ စကားရပ်သည် ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့နှင့် ညီညွတ်၍ မှန်ကန်သော စကားသာ ဖြစ်သည်။ (စောဒကပုဂ္ဂိုလ်တို့၏ စကားတွင် အမြင်မှားမှု ဥပါဒါန်ဖြစ်သည်ဟု မပါ မရှိ) စွဲစွဲလမ်းလမ်း ယူထားသော အယူမှားသည် ဒိဋ္ဌုပါဒါန် ဖြစ်သည်ဟု လည်းကောင်း၊ အယူမှားကို စွဲလမ်းခြင်းသာ ဒိဋ္ဌုပါဒါန် ဖြစ်သည်ဟု လည်းကောင်း ပါရှိသည်။ ထိုစကားသည်လည်း ပါဠိတော် အဋ္ဌကထာတို့နှင့် ညီညွတ်၍ မှန်ကန်သော စကားသာ ဖြစ်သည်။

စုဒိတကပုဂ္ဂိုလ်တို့က တိကျသော ဆဋ္ဌမူပိဋကတ်တော်မှ ကောက်နုတ်ရှင်းလင်းပါသည် ဆိုသော်လည်း စုဒိတကပုဂ္ဂိုလ်တို့ ကောက်နုတ်ပြအပ်သော ပိဋကတ်တော် သာဓကများသည် စုဒိတကပုဂ္ဂိုလ်တို့ ဆိုလိုသော “ဥပါဒါန်သည် အကုသိုလ်သာ မဟုတ်၊ ကုသိုလ်လည်း ဖြစ်သည်” ဟူသော အနက်ကို လုံးဝ မပြနိုင်သောကြောင့်လည်းကောင်း၊ ချေပသင့်သည်ကို မချေပပဲ မချေပသင့်သည်ကို ချေပထားသောကြောင့် လည်းကောင်း၊ အချို့သာဓကတို့သည် စောဒနာချက်နှင့် လုံးဝမပတ်သက်သောကြောင့် လည်းကောင်း သာဓက မမြောက်ချေ။

ဤမျှရှည်လျားသော စကားအစဉ်ဖြင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက် သမ္မာဒိဋ္ဌိ သုတေသန ဝါဒီ စသော သူတို့၏ ဘုရားဟော ပါဠိဝေါဟာရများ၏ အနက်အဓိပ္ပါယ်အမှန်ကို ပစ်ပယ်ထား၍ မှားယွင်းသော အနက်အဓိပ္ပာယ်များကိုသာ ဖော်ပြနေကြပုံ အခြင်းအရာ သိသာထင်ရှားစေရန် စောဒကဆရာတော်များ သက်သေခံ ထုတ်ပြအပ်သော (က) အမှတ်ပြ ပုဒ်မှစ၍ (ဤ) အက္ခရာအမှတ်ပြ ပုဒ်တိုင်အောင်သော (၃၆) ပုဒ်တို့ကို အသီးသီး ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ညှိနှိုင်း၍ စိစစ်ပြဆိုခဲ့ခြင်း ဖြစ်သည်။

၅၄။ ဤသို့ စိစစ်ပြဆိုအပ်ပြီးသော အကြောင်းအရာ အချက်အလက်ပေါင်းများစွာကို သေချာစေ့ငု ကြည့်ရှုဆင်ခြင်သော ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက် သမ္မာဒိဋ္ဌိ သုတေသနဝါဒီ စသော သူတို့၏ ရုပ်ဝါဒ အမြင်ဖြင့် ရေးသားဟောပြောချက်များသည် ဘုရားရှင်၏ အလိုတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သောကြောင့် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ ထိုအဓမ္မဝါဒကို ရေးသားဟောပြောနေကြသော ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် အဓမ္မဝါဒီများသာ ဖြစ်ကြောင်း နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။