လေးလေးစားစား လှူကြမယ် (ဆရာ)
သင်ခန်းစာ (၂၁)
သင်ခန်းစာခေါင်းစဉ်။ ။ လေးလေးစားစား လှူကြမယ်
သင်ယူမှုဦးတည်ချက်။ ။ လိုအပ်နေသူများကို ပေးကမ်းလှူဒါန်းရာတွင် ကိုယ်ချင်းစာစိတ်ထား၍ ရိုသေလေးစားစွာ လှူဒါန်းသင့်ကြောင်း သိရှိစေရန်။
စာသင်ချိန် (၁)။ ။ ၃၀ မိနစ်
သင်ထောက်ကူပစ္စည်း။ ။ နေကြာစေ့ (သို့) ပဲလှော်စေ့များ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ အုပ်စုတစ်စုလျှင် ကလေးဦးရေ ငါးဦး သို့မဟုတ် ခြောက်ဦး ပါဝင်ပါစေ။
֍ နေကြာစေ့ (သို့) ပဲလှော်စေ့ တစ်ထုပ်စီကို ဖောက်၍ အုပ်စုတစ်စုစီ၏ အလယ်တွင် စုပုံထားပေးပါ။
֍ ဆရာက အုပ်စုများ၏ အလယ်တွင် စုပုံထားသော နေကြာစေ့ကို မိမိတို့ကြိုက်သလောက်ယူပြီး လက်ထဲတွင် ကိုင်ထားရန် ပြောပါ။
֍ အုပ်စုဝင်များအချင်းချင်း နေကြာစေ့ရရှိမှု အနည်းအများကို လေ့လာပါစေ။ ထို့နောက် နေကြာစေ့များများရသူ များက နည်းနည်းရသူများကို ဝေမျှပေးရန် ဆရာကပြောပါ။
֍ နေကြာစေ့ ဝေမျှပေးသူများကို “ကျေးဇူးတင်ပါတယ်” ဟု ကလေးများက ပြောကြပါစေ။
֍ ထို့နောက် အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။
-(နေကြာစေ့ လက်ခံရရှိသော ကလေးများကို မေးရန်) သူငယ်ချင်းက နေကြာစေ့ ဝေပေးတဲ့အခါ ဘယ်လို ပုံစံနဲ့ ဝေပေးသလဲ။ ကျေနပ်တဲ့ပုံစံနဲ့ ဝေပေးသလား၊ မကျေနပ်တဲ့ပုံစံနဲ့ ဝေပေးသလား။ အဲဒီအခါ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
-မကျေမနပ်ဝေပေးတဲ့လူရဲ့ မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အမူအရာက ဘယ်လိုရှိနေလဲ။ ဘာကြောင့်လဲ။
-တကယ်လို့ သူငယ်ချင်းက မကျေမနပ်နဲ့ ဝေပေးတာကို ယူရမယ်ဆိုရင် ကလေးတို့စိတ်ထဲမှာ ဘယ်လို ခံစားရလဲ။ ဘာကြောင့်လဲ။
֍ “ဒါဆိုရင် ကိုယ်ကလဲ အခြားသူတစ်ဦးကို ပေးကမ်းလှူဒါန်းမယ်ဆိုရင် မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အမူ အရာက ဘယ်လိုဖြစ်သင့်သလဲ။ သူတစ်ပါးကို ပေးကမ်းရာမှာ ဘယ်လိုပေးကမ်းသင့်သလဲ ဆိုတာကို ဆက်လက် ဆွေးနွေးကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။
စာသင်ချိန် (၂)
သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများကို အသုံးပြုပြီး ကြံခင်းပိုင်ရှင် ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။
ကြံခင်းပိုင်ရှင်
မြတ်စွာဘုရားရှင် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်တုန်းက အမျိုးသားတစ်ဦးဟာ ကြံစည်းကို ထမ်းရင်း ကြံတစ်ချောင်းကို ကိုက်စားကာ အိမ်ကို လမ်းလျှောက်ပြန်လာတယ်။ လူကြီးတစ်ဦးနှင့် ကလေးငယ် တစ်ယောက်လည်း သူ့နောက်ကနေ ကပ်ပါလာတယ်။ ကလေးငယ်က ငိုယိုပြီးတော့ “ကြံပေးပါ၊ ကြံပေးပါ”လို့ အော် တောင်းနေတယ်။ ဒါနဲ့ လူကြီးက ကလေးကို သနားပြီး “အို ... မိတ်ဆွေ၊ ကျေးဇူးပြု၍ ကလေးကို ကြံတစ်ပိုင်း လောက် ပေးလိုက်ပါဗျာ”လို့ ပြောတယ်။ အဲဒီအခါမှာ ကြံစည်းပိုင်ရှင်က မပေးချင်ပေးချင်နဲ့ ကြံတစ်ပိုင်းကို နောက် ပြန်ပစ်ပြီး ပေးလိုက်တယ်။ လိုချင်တာကို ရသွားတော့မှပဲ ကလေးလည်း အငိုတိတ်သွားတော့တယ်။
ဒီလိုနဲ့ ကြံစည်းပိုင်ရှင် သေသွားတဲ့အခါ အလွန်ကျယ်ဝန်းတဲ့ ကြံညိုတောကြီးကို အပိုင်စားရတဲ့ ပြိတ္တာတစ် ကောင်ဖြစ်လာတယ်။ ဒါပေမဲ့ သူဟာ ကြံခင်းထဲကကြံတွေကို ဘယ်လိုမှချိုးယူစားလို့ မရဘူးဖြစ်နေတယ်။ ကြံချောင်းကို ချိုးမယ်ဆိုပြီး အနားကို ရောက်သွားတိုင်း ကြံချောင်းတွေက ယိမ်းနွဲ့ပြီး သူ့ကို ပြန်ရိုက်ကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ယူလို့မရဘူး။ နောက်ဆုံးတော့ သူလည်း လက်လျှော့လိုက်ပြီး အငတ်ခံနေရရှာတယ်။
တစ်နေ့မှာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ရာဇဂြိုဟ်ပြည်ကို ဆွမ်းခံကြွလာတယ်။ ကြံခင်းပိုင်ရှင် ပြိတ္တာ ဟာ မထေရ်မြတ်ကို မြင်တဲ့အခါ “အရှင်ဘုရား... တပည့်တော်မှာ စားသောက်လို့မကုန်နိုင်အောင် ကျယ်ဝန်းလှတဲ့ ကြံတောကြီး ရှိနေပေမဲ့ ဘယ်လိုမှ ချိုးယူစားသောက်လို့ မရဘူး ဖြစ်နေပါတယ်ဘုရား။ အားတွေလည်း ပြတ်နေပါ ပြီဘုရား၊ ခန္ဓာကိုယ်လည်း အလွန်ပူလောင်နေပါပြီဘုရား၊ ဆင်းရဲဒုက္ခရောက်ပြီး အမြဲမပြတ် အော်ဟစ်နေရပါတယ်၊ ဒီလို ဖြစ်နေရခြင်းဟာ ဘယ်လို အကုသိုလ်မျိုးကို ပြုလုပ်ခဲ့မိလို့ပါလဲဘုရား” လို့ မေးလျှောက်လိုက်တယ်။
အဲဒီအခါမှာ မထေရ်မြတ်က “သင်ဟာ လူ့ဘဝတုန်းက ကြံကိုစားပြီး လမ်းလျှောက်သွားစဉ် ကလေးငယ် တစ်ယောက်က ကြံကို ငိုယိုပြီး တောင်းတယ်။ အဲဒီအချိန်မှာ လူကြီးတစ်ယောက်ဟာ ကလေးငိုနေတာကို မကြည့် ရက်လို့ သင့်ဆီက ကြံကို တောင်းပေးခဲ့တယ်။ ဒါပေမဲ့ သင်ဟာ ကြံတစ်ပိုင်းကို နောက်ပြန်ပစ်ပြီး ပေးခဲ့တယ်၊ အဲဒီလို ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကံကြောင့်ပဲ”လို့ ပြောကြားလိုက်တယ်။ မထေရ်မြတ်က ဆက်လက်ပြီး “သင်ဟာ ကြံကို ပေးခဲ့သည့်အတိုင်း နောက်ပြန်ဆွဲနုတ်လျှင် သင်အလိုရှိတဲ့ ကြံကို သုံးဆောင်ရပါလိမ့်မယ်”လို့ မိန့်ကြားလိုက်တယ်။
ကြံခင်းပိုင်ရှင် ပြိတ္တာလည်း . အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် စေခိုင်းတဲ့အတိုင်း ကြံခင်းထဲကကြံကို နောက်ပြန်ယူပြီး စိတ်ကြိုက် စားသောက်ရုံသာမက မထေရ်မြတ်ကိုလည်း ကြံစည်းတွေကို ကပ်လှူလိုက်တယ်။ ဒါပေမဲ့ မထေရ်မြတ်က ကြံစည်းတွေကို မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်များကို လှူဒါန်းစေတယ်။ ဒါကြောင့် ပြိတ္တာဟာ ကြံစည်းတွေကို ထမ်းပြီး မထေရ်မြတ်နောက်ကနေ မြတ်စွာဘုရား သီတင်းသုံးရာ နေရာကို လိုက်လာပြီး ကြံစည်းတွေကို လှူဒါန်းလိုက်တယ်။ ပြီးတော့ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေကို နာယူပြီး ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့ ရှိခိုးဦးချပြီး ပြန်လာခဲ့တယ်။ အဲဒီနေ့ကစပြီး ကြံခင်းပိုင်ရှင်ပြိတ္တာလည်း ကြံတွေကို စိတ်ကြိုက် ချိုးယူ စားသောက်နိုင်တော့တယ်။ ကြံခင်းပိုင်ရှင်ပြိတ္တာ ကွယ်လွန်တဲ့အခါ တာဝတိံသာနတ် ပြည်မှာ နတ်သားတစ်ပါး ဖြစ်သွားပါတယ်။
မှီငြမ်း။ ။ ဥစ္ဆုပေတဝတ္ထု၊ ပုံတော်စုံ ပေတဝတ္ထုတော်ကြီး၊ ၄၁၇-၄၂၃။ ဥရွှေပေတဝတ္ထု၊ ပေတ၊ဋ္ဌ၊၂၄၀။
֍ အောက်ပါမေးခွန်းများကို မေးပါ။
-ကြံစည်းပိုင်ရှင် လမ်းလျှောက်ပြီး အိမ်ပြန်လာတဲ့အခါမှာ ဘယ်သူတွေက သူ့နောက်က ပါလာခဲ့သလဲ။
-ကလေးငယ်က အော်ငိုပြီးတော့ ဘာကိုတောင်းခဲ့သလဲ။
-ကြံစည်းပိုင်ရှင်က ကြံကို ဘယ်လို ပေးလိုက်သလဲ။ ဘာကြောင့်လဲ။
-နောက်ဘဝမှာ ကြံခင်းပိုင်ရှင် ဖြစ်လာရပေမဲ့ သူပိုင်တဲ့ကြံတွေကို စိတ်ကြိုက်ချိုးယူ စားသောက်လို့ ရရဲ့လား။ ဘာကြောင့်လဲ။
-သားတို့သမီးတို့ သူတစ်ပါးကို ပေးကမ်းလှူဒါန်းတဲ့ အခါမှာ ဘယ်လို ပေးကမ်းလှူဒါန်းမလဲ။ ဘာကြောင့်လဲ။
စာသင်ချိန် (၃)
သင်ထောက်ကူပစ္စည်း။ ။ A4 စာရွက်/စာရွက်လွတ်များ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။
֍ အုပ်စုတိုင်းအား A4/စာရွက်လွတ် စာရွက်တစ်ရွက်စီ ဝေပေးပြီးလျှင် သင်ပုန်းပေါ်တွင် ရေးထားသော အောက်ပါ မေးခွန်းကို ဆွေးနွေးကြပါစေ။
-သားတို့သမီးတို့ရဲ့ သူငယ်ချင်းတွေမှာ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ ဆေးဝါး၊ စာအုပ်စာတမ်း၊ အသုံးအဆောင် ပစ္စည်းတွေမရှိရင် ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်သလဲ၊ ဘယ်လို ခံစားကြရမယ် ထင်သလဲ။ သားတို့သမီးတို့အနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ။
֍ ထို့နောက် ဆွေးနွေးမှုရလဒ်များကို စာရွက်ပေါ်တွင် အောက်ပါနမူနာအတိုင်း ဇယားဆွဲ၍ ရေးသားကြပါစေ။
ဥပမာ-
ဖြစ်နိုင်သော အခြေအနေ | ဖြစ်နိုင်သောအခက် အခဲများ | ကူညီပေးနိုင်သောနည်းလမ်းများ |
အစားအစာ မရှိလျှင် (သို့မဟုတ်) အစာမစားရလျှင် | ဝဖြိုးမှုမရှိဘဲ ပိန်ကပ်နေမည်။ အလုပ်ကောင်းစွာမလုပ်နိုင်။ ဦးနှောက်မှတ်ဉာဏ်လည်း မကောင်းနိုင်။ | |
အဝတ်အထည် မရှိလျှင် | ||
ငွေကြေး မရှိလျှင် | ||
ဆေးဝါး မရှိလျှင် | ||
စာအုပ်စာတမ်း မရှိလျှင် | ||
အသုံးအဆောင်ပစ္စည်းများ မရှိလျှင် |
֍ ဆွေးနွေးပြီးသောအခါ အုပ်စုကိုယ်စားလှယ် တစ်ဦးစီက မိမိတို့ရေးထားသည်များကို ပြောပြကြပါစေ။ ပြောပြီးလျှင် ဇယားဆွဲထားသော စာရွက်ကို သင်ပုန်းတွင် ကပ်ကြပါစေ။
֍ အုပ်စုတစ်စုပြောပြီးတိုင်း လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။
֍ ကလေးများ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆရာက လိုအပ်သလို အနှစ်ချုပ် ပြောပြပေးပါ။
စာသင်ချိန် (၄)
သင်ထောက်ကူပစ္စည်း။ ။ အလှူဒါနပြုကြမယ် ကဗျာ။
သင်ယူမှုလုပ်ငန်းစဉ်
֍ “သားတို့သမီးတို့က ကြံခင်းပိုင်ရှင်ဇာတ်လမ်းလည်း နားထောင်ပြီးပြီ၊ ပြီးတော့ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ ဆေးဝါး၊ စာအုပ်စာတမ်း၊ အသုံးအဆောင်ပစ္စည်း စတာတွေမရှိရင် ဘယ်လိုအခက်အခဲတွေ ဖြစ်နိုင်လဲ၊ ဘယ်လိုခံစားကြရမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပြီးပြီ။ ဒီတစ်ချိန်မှာတော့ လှူဒါန်းတဲ့အခါမှာ ဘယ်လိုစိတ်မျိုး ထားပြီး လှူဒါန်းသင့်တယ်၊ လှူဒါန်းသူရဲ့ ကိုယ်ဟန်အမူအရာကလည်း ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို စဉ်းစား ကြရမယ်”ဟု ပြောပါ။
֍ ကလေးများ အချင်းချင်း စဉ်းစားဆွေးနွေးကြပါစေ။
֍ စဉ်းစားဆွေးနွေးထားသည်များကို ကလေးတစ်ဦးစီ အလှည့်ကျ ပြောပြကြပါစေ။ (ကလေးတစ်ဦး ပြောနေချိန်တွင် ကျန်ကလေးများက ဂရုစိုက်၍ နားထောင်စေရန် ညွန်ကြားပါ။)
֍ ကလေးများ ပြောပြသွားသည်များကို ဆရာက မှတ်သားထားပြီး ပြောသွားသော အကြောင်းအရာများ တူညီနေလျှင် ထပ်မပြောကြစေရန် ကြိုတင်ညွှန်ကြားပါ။
֍ ကြံခင်းပိုင်ရှင်ဇာတ်လမ်းနှင့်တကွ အထက်ပါစာသင်ချိန်များကို ပြန်လည်ချိတ်ဆက်ပြောပြကာ ဆရာက အောက်ပါအတိုင်း ရှင်းပြပေးပါ။
-“ရဟန်းသံဃာများ၊ သီလရှင်များ၊ မိမိထက်အသက်ကြီးသူ၊ အသက်အရွယ်တူသူ၊ ငယ်သူများ မည်သူ့ကို မဆို လှူဒါန်းပေးကမ်းရာမှာ “ငါသာ သူ့နေရာမှာဆိုရင်” ဆိုတဲ့ ကိုယ်ချင်းစာစိတ်ထားပြီး ရိုသေလေးစားစွာ လှူဒါန်းသင့်တယ်”
֍ နောက်ဆုံးတွင် အောက်ပါကဗျာကို ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
အလှူဒါန ပြုကြမယ်
ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊
မြတ်သောဒါနပါ၊
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်းစိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန်မုချပေး။