ဝင်္ဂီသတ္ထေရဝတ္ထု
၃၇။ အရှင်ဝင်္ဂီသမထေရ်ဝတ္ထု
စုတိယော ဝေဒိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝင်္ဂီသမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာဘုံကို သိခြင်း
ရာဇဂြိုဟ်ပြည်၌ ဝင်္ဂီသအမည်ရှိသော တစ်ယောက်သော ပုဏ္ဏားသည် သေသောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ “ဤဦးခေါင်းခွံသည် ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား တိရစ္ဆာန်မျိုး၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား ပြိတ္တာဘုံ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား လူ့ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံ ဖြစ်၏။ ဤဦးခေါင်းခွံကား နတ်ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏”ဟု သိသတတ်။ ပုဏ္ဏားတို့သည် “ထိုဝင်္ဂီသပုဏ္ဏားကိုမှီ၍ လောကကို စားခြင်းငှာ တတ်ကောင်း၏”ဟု ကြံပြီးလျှင် ထိုပုဏ္ဏားကို နှစ်ထည်သော ပုဆိုးနီတို့ကို ဝတ်ဆင်စေပြီးလျှင် ခေါ်ဆောင်၍ ဇနပုဒ်သို့ သွားလာလှည့်လည်လျက် လူတို့ကို “ဝင်္ဂီသအမည်ရှိသော ဤပုဏ္ဏားသည် သေလွန်ကုန်သောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ မိမိ၏ အဆွေအမျိုးတို့ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့”ဟု ဆိုကြကုန်၏။
လူတို့သည် အားအစွမ်းရှိသည့်အလျောက် ဆယ်အသပြာတို့ကိုလည်းကောင်း၊ အသပြာ နှစ်ဆယ်တို့ကိုလည်းကောင်း၊ အသပြာ တစ်ရာတို့ကိုလည်းကောင်း ပေး၍ ဆွေမျိုးတို့ ဖြစ်ရာအရပ်ကို မေးမြန်းကြကုန်၏။ ထိုပုဏ္ဏားတို့သည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လတ်သော် ဇေတဝန်ကျောင်းတော်ကြီး၏ မနီးမဝေးသော အရပ်၌ နေရာယူကြလေကုန်၏။ ထိုပုဏ္ဏားတို့သည် နံနက်စာထမင်း စားကြကုန်ပြီးသည်ရှိသော် နံ့သာပန်း စသည်ကို လက်စွဲကုန်လျက် တရားနာခြင်းငှာသွားသော များစွာသော လူအပေါင်းကို မြင်ရလျှင် “အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်း”ဟု မေးသဖြင့် “ကျောင်းတော်သို့ တရားနာခြင်းငှာ သွားကြပါကုန်အံ့”ဟု ပြောဆိုလတ်သည်ရှိသော် “ထိုအရပ်သို့သွား၍ အဘယ်အမှုကို ပြုလုပ်နိုင်ကြကုန်လတ္တံ့နည်း၊ ငါတို့၏ ဝင်္ဂီသပုဏ္ဏားနှင့်တူသော သူ မည်သည် မရှိ၊ သေလွန်သောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ ဆွေမျိုးတို့၏ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။
ရဟန္တာ၏ ဦးခေါင်းခွံ
ထိုလူတို့သည် “ဝင်္ဂီသပုဏ္ဏားကား အဘယ်ကို သိနိုင်ဘိသနည်း၊ ငါတို့၏ မြတ်စွာဘုရားနှင့် တူသောမည်သည် မရှိ”ဟု ဆိုခြင်းကြောင့် ဤမှတစ်ပါးသော ပုဏ္ဏားတို့သည် “ဝင်္ဂီသပုဏ္ဏားနှင့် တူသောသူမရှိ”ဟု ဆိုပြန်သော် စကားကို အကျယ်အပွား ပြောကြားကြပြီးလျှင် “လာကြကုန်လော့၊ ယခုအခါ ထိုငါတို့သည် ဝင်္ဂီသပုဏ္ဏား၏လည်းကောင်း၊ ငါတို့ မြတ်စွာဘုရား၏လည်းကောင်း သိသည့်အဖြစ်ကို သိကြကုန်အံ့”ဟု ဆို၍ ပုဏ္ဏားတို့ကို ခေါ်ဆောင်လျက် ကျောင်းတော်သို့ သွားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူ၍ ငရဲ၌လည်းကောင်း၊ တိရစ္ဆာန် အမျိုး၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ဤလေးပါးသော အရပ်တို့၌ ဖြစ်ကြကုန်သောသူတို့၏ လေးခုသော ဦးခေါင်းခွံတို့ကိုလည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကိုလည်ကောင်း ဤသို့ ငါးခုသော ဦးခေါင်းခွံတို့ကို ဆောင်ယူစေပြီးလျှင် အစဉ်အတိုင်း ထားတော်မူသဖြင့် ရောက်လာသောအခါ ဝင်္ဂီသပုဏ္ဏားကို “သင်သည် ဦးခေါင်းခွံကိုတီးခေါက်၍ သေလွန်ကုန်သောသူတို့၏ ဖြစ်ရာအရပ်ကို သိနိုင်၏ဟူသည် ဟုတ်မှန်လေသလော”ဟု မေးတော်မူလေ၏။ “သိနိုင်သည် မှန်ပါ၏ဘုရား”ဟု လျှောက်သည်ရှိသော် “ဤဦးခေါင်းခွံကား အဘယ်သူ၏ ဦးခေါင်းခွံ ဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုဝင်္ဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကို တီးခေါက်၍ “ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ဝင်္ဂီသပုဏ္ဏားအား “သာဓု သာဓု”ဟု ကောင်းချီးပေးတော်မူ၍ ဤမှတစ်ပါးလည်း ဖြစ်ကုန်သော သုံးခုသော ဦးခေါင်းခွံတို့ကို မေးတော်မူပြန်သဖြင့် ထိုဝင်္ဂီသပုဏ္ဏားသည် မချွတ်စေမူ၍ ဆိုတိုင်းဆိုတိုင်းသော ခဏ၌ ထိုရှေးအတူသာလျှင် ဝင်္ဂီသပုဏ္ဏားအား ကောင်းချီးပေးတော်မူပြန်၍ ငါးခုမြောက်ဖြစ်သော ရဟန္တာဦးခေါင်းခွံကိုလည်း ပြတော်မူလျှင် “ဤဦးခေါင်းခွံသည် အဘယ်သူ၏ ဦးခေါင်းခွံဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုဝင်္ဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကိုလည်း တီးခေါက်သည်ရှိသော် ဖြစ်ရာအရပ်ကို မသိနိုင်ရှာ။ ထိုအခါ ဝင်္ဂီသပုဏ္ဏားကို မြတ်စွာဘုရားသည် “ဝင်္ဂီသပုဏ္ဏား- အသို့နည်း၊ မသိလေသလော”ဟု မိန့်တော်မူသဖြင့် “မသိနိုင်သည် မှန်လှပါ၏ဘုရား”ဟု လျှောက်သည်ရှိသော် “ငါဘုရားကား သိတော်မူ၏”ဟု မိန့်တော်မူလေ၏။
ဘုရားထံ မန္တန်သင်ယူရာ ရဟန္တာဖြစ်ခြင်း
ထိုအခါ မြတ်စွာဘုရားကို ဝင်္ဂီသပုဏ္ဏားသည် “ဤမန္တန်ကို တပည့်တော်အား ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်တောင်းလေ၏။ “ရဟန်းမဟုတ်သောသူအား ပေးခြင်းငှာ မတတ်ကောင်း”ဟု မိန့်တော်မူပြီးလျှင် ဝင်္ဂီသပုဏ္ဏားသည် “ဤမန္တန်အတတ်ကို သင်ယူပြီးသည်ရှိသော် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ငါသည် အကြီးဆုံး အမြတ်ဆုံး ဖြစ်ပေတော့အံ့”ဟု ကြံပြီးလျှင် ထိုပုဏ္ဏားတို့ကို “သင်တို့သည် ထိုအရပ်၌သာလျှင် နှစ်ရက်သုံးရက် နေကြကုန်ဦးလော့၊ ငါသည် ရဟန်းပြုဦးအံ့”ဟု ပြောဆိုလွှတ်လိုက်သဖြင့် မြတ်စွာဘုရား၏အထံတော်၌ ရှင်ပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ဝင်္ဂီသမထေရ်ဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုအခါ ဝင်္ဂီသမထေရ်အား သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ကမ္မဋ္ဌာန်းကို ပေးသနားတော်မူ၍ “မန္တန်၏ ထိုပရိကံအခြေကို ရွတ်အံသရဇ္ဈာယ်လော့”ဟု မိန့်တော်မူ၏။ ထိုဝင်္ဂီသမထေရ်သည် ထိုမန္တန်ဟူသော ကမ္မဋ္ဌာန်းကို ရွတ်အံသရဇ္ဈာယ်စဉ် အကြားအကြား၌ အဖော်ပုဏ္ဏားတို့သည် “သင်သည် မန္တန်ကို သင်ယူအပ်ပြီလော”ဟု မေးအပ်သည်ရှိသော် “ဆိုင်းငံ့လင့်ကြဦးလော့၊ ထိုရွေ့လောက် သင်ယူဆဲ ဖြစ်၏”ဟု ဆို၍ နှစ်ရက်သုံးရက်အတွင်း၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သဖြင့် တစ်ဖန် အဖော်ပုဏ္ဏားတို့သည် မေးအပ်ပြန်သည်ရှိသော် “ဒါယကာတို့- ယခုအခါ ငါသည် သွားခြင်းငှာ မထိုက်ပြီ”ဟု ဆိုလိုက်လေ၏။ ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား- ဤဝင်္ဂီသမထေရ်ကား မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု မြတ်စွာဘုရားအား ကြားလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤသို့ မဆိုကြကုန်လင့်၊ ချစ်သားရဟန်းတို့- ယခုအခါ ငါဘုရား၏သားတော် ဝင်္ဂီသသည် စုတိပဋိသန္ဓေ၌ လိမ္မာသောသူ ဖြစ်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
[၄၂၁] ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သတ္တာနံ၊ သတ္တဝါတို့၏။ သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ စုတိဉ္စ၊ စုတိကိုလည်းကောင်း။ ဥပပတ္တိဉ္စ၊ ပဋိသန္ဓေကိုလည်းကောင်း။ ဝေဒိ၊ သိ၏။ အသတ္တံ၊ ကပ်ငြိခြင်း မရှိထသော။ သုဂတံ၊ ပဋိပတ်ဖြင့် ကောင်းစွာရောက်ပြီးထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂတိံ၊ လားရာဂတိကို။ ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ မာနုသာ၊ လူတို့သည်လည်းကောင်း။ န ဇာနန္တိ၊ မသိကြကုန်။ ခီဏာသဝံ၊ ကုန်ပြီးသော အာသဝေါရှိထသော။ အရဟန္တံ၊ ကိလေသာတို့မှ အလွန် ဝေးတော်မူထသော။ တံ၊ ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။