ဝနဝါသီတိဿသာမဏေရဝတ္ထု
ဗာလဝဂ်
၁၅။ ဝနဝါသီတိဿသာမဏေဝတ္ထု
အညာ ဟိ လာဘူပနိသာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝနဝါသီတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မဟာသေနပုဏ္ဏားကြီး ဆင်းရဲခိုက် အလှူပေးခြင်း
အရှင်သာရိပုတြာ မထေရ်မြတ်၏ ဖခမည်းတော် ဝင်္ဂန္တ မည်သော ပုဏ္ဏားကြီး၏ အဆွေခင်ပွန်းဖြစ်သော မဟာသေနအမည်ရှိသော ပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ နေသတတ်။ အရှင်သာရိပုတြာ မထေရ်သည် တစ်နေ့သ၌ ဆွမ်းအလို့ငှာ ကြွသွားတော်မူသည်ရှိသော် ထိုမဟာသေနပုဏ္ဏားကြီး၌ အစဉ်သနားသောအားဖြင့် ပုဏ္ဏားကြီး၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ထိုပုဏ္ဏားကြီးကား ကုန်ပြီးသော စည်းစိမ်ချမ်းသာ ရှိသည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်နေရကား “ငါ၏သား မထေရ်ကား ငါ၏အိမ်တံခါးသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာသည် ဖြစ်ပေလတ္တံ့၊ ငါသည်လည်း ဆင်းရဲခိုက်ဖြစ်ခဲ့၏။ ငါ၏ ဆင်းရဲသည့်အဖြစ်ကိုလည်း မသိလေယောင်တကား၊ ငါ့အား တစ်စုံတစ်ခုသော လှူဒါန်းပေးကမ်းဖွယ် ဝတ္ထုသည်လည်း မရှိ”ဟု ကြံ၍ ထိုပုဏ္ဏားကြီးသည် မထေရ်၏မျက်မှောက်၌ ဖြစ်ခြင်းငှာ (နေထိုင်ခြင်းငှာ) မစွမ်းနိုင်သဖြင့် ပုန်းအောင်း၍သာ နေလေ၏။ အရှင်သာရိပုတြာ မထေရ်သည် နောက်တစ်နေ့၌လည်း ကြွသွားတော်မူပြန်၏။ ပုဏ္ဏားကြီးသည်လည်း ရှေးနည်းအတူ ပုန်းအောင်း၍သာ နေပြန်လေ၏။ “တစ်စုံတစ်ခု လှူဖွယ်ဝတ္ထုကိုရလျှင် လှူဒါန်းပေအံ့”ဟု ကြံပါသော်လည်း တစ်စုံတစ်ခုကိုမျှ မရပေ။ ထို့နောက် တစ်နေ့သ၌ တစ်ခုသော ပုဏ္ဏားတို့ စာဟောပွဲ၌ ထူထဲရုန့်ရင်းသော ပုဆိုးပိုင်းနှင့်တကွ နို့ဃနာခွက်ကိုရသဖြင့် ယူဆောင်၍ အိမ်သို့ရောက်လျှင်ရောက်ချင်း “မထေရ်ကို ဤဆွမ်းကို ငါသည် မထေရ်မြတ်အား ပေးလှူခြင်းငှာ သင့်၏”ဟု အောက်မေ့သတိရရှိလေ၏။
အရှင်သာရိပုတြာ မထေရ်သည်လည်း ထိုခဏ၌ ဈာန်သမာပတ်ကိုဝင်စား၍ သမာပတ်မှ ထတော်မူသည်ရှိသော် ထိုပုဏ္ဏားကြီးကိုမြင်၍ “ပုဏ္ဏားကြီးသည် လှူဖွယ်ဝတ္ထုကို ရသောကြောင့် ငါ၏လာရောက်ခြင်းကို တောင့်တမျှော်လင့်၍ နေ၏၊ ငါသည် ထိုအရပ်သို့ ကြွသွားခြင်းငှာ သင့်လျော် လျောက်ပတ်ပေ၏”ဟု ဒုကုဋ်သင်္ကန်းကို ရုံတော်မူ၍ သပိတ်ပိုက်ကာ ထိုပုဏ္ဏားကြီး၏ အိမ်တံခါးဝ၌ ရပ်လျက်သာလျှင် မိမိကိုယ်ကို ပြတော်မူလေ၏။ မဟာသေန ပုဏ္ဏားကြီးသည် မထေရ်ကိုမြင်ရ၍သာလျှင် စိတ်သည် ကြည်လင်လေ၏။ ထိုအခါ မထေရ်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးမှ ပဋိသန္ဓာရစကား ပြောကြားသဖြင့် အိမ်တွင်း၌ထိုင်နေစေ၍ နို့ဃနာခွက်ကိုကိုင်လျက် မထေရ်၏သပိတ်၌ လောင်းထည့်လှူဒါန်းလေ၏။ မထေရ်လည်း ထက်ဝက်မျှလောက်ကိုသာ ခံယူလျက် သပိတ်ကိုပိတ်တော်မူ၏။ ထိုအခါ ပုဏ္ဏားကြီးက မထေရ်ကို “အရှင်ဘုရား- ဤနို့ဃနာသည် တစ်ယောက်စာမျှအဖို့သာ ဖြစ်ပါသည်၊ တမလွန်လောက နောက်ဘဝ၌ ချီးမြှင့်ခြင်းကိုသာ ပြုတော်မူပါ၊ ဤပစ္စုပ္ပန်ဘဝ ပစ္စက္ခ၌ ချီးမြှင့်ခြင်းကို ပြုတော်မမူပါလင့်၊ ကြွင်းမဲ့အကုန် အလုံးစုံကိုသာ လှူဒါန်းလိုပါသည်ဘုရား”ဟု လျှောက်ထား၍ အလုံးစုံ အကုန်ကိုပင် လောင်းထည့်၏။ မထေရ်သည်လည်း ထိုနေရာ၌ပင် ဘုဉ်းပေးသုံးဆောင်တော်မူလေ၏။ ထို့နောက် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ မထေရ်အား မိမိရရှိသော ပုဆိုးပိုင်းကိုလည်း ပေးလှူ၍ ရှိခိုးဦးချပြီးသောအခါ “အရှင်ဘုရား- တပည့်တော်သည်လည်း အရှင်ဘုရားတို့ သိမြင်အပ်သော တရားတော်ကိုသာလျှင် မျက်မှောက်ပြုနိုင်ရပါလို၏ဘုရား”ဟု ဆုတောင်းလျှောက်ထားလေ၏။ မထေရ်မြတ်ကလည်း “ဒါယကာ ပုဏ္ဏားကြီး- အသင်တောင်းသောဆုအတိုင်း ပြည့်စုံစေ”ဟု ထိုပုဏ္ဏားကြီးအား ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ နေရာမှထ၍ ဖဲကြွတော်မူလျက် အစဉ်သဖြင့် ဒေသစာရီ လှည့်လည်သည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူလေ၏။
ပုဏ္ဏားကြီးသည်လည်း ထိုအလှူဒါနကို ပေးလှူပြီးလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လတ်သဖြင့် အရှင်သာရိပုတြာမထေရ်၌ အလွန်အကဲ ချစ်ကြည်မြတ်နိုးခြင်းကို ပြုလေ၏။
မဟာသေနပုဏ္ဏား တစ်ဖြစ်လဲ ကျေးဇူးသိတတ်ခြင်း
ထိုပုဏ္ဏားကြီးသည် မထေရ်၌ ချစ်ခင်ကြည်ညိုခြင်းဖြင့်သာလျှင် သေလွန်ခြင်းကိုပြုသည်ရှိသော် သာဝတ္ထိပြည်ဝယ် အရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ထိုခဏ၌သာလျှင် ပဋိသန္ဓေတည်နေသောသူငယ်၏ မိခင်သည် “ငါ၏ဝမ်း၌ သူငယ် ပဋိသန္ဓေတည်နေပြီ”ဟု သိလျက် အရှင်ခင်ပွန်းသည် လင်ယောက်ျားအား ပြောကြားသဖြင့် လင်ယောက်ျားက ထိုမိန်းမအား ကိုယ်ဝန်အစောင့်အရှောက်ကို ပေးလေ၏။ ထိုသူငယ်ပဋိသန္ဓေရှိသော မိန်းမအား ပူလွန်းသောအရသာ၊ အေးလွန်သောအရသာ၊ ချဉ်လွန်းသောအရသာ စသည်တို့ကို သုံးဆောင်စားသောက်ခြင်းကို ကြဉ်ရှောင်စေလျက် ချမ်းသာခြင်းဖြင့် ကိုယ်ဝန်ကို စောင့်ရှောက်အပ်သည်ရှိသော် ဤသို့သဘောရှိသော ချင်ခြင်းသည် ဖြစ်လေ၏။ “ငါသည် အရှင်သာရိပုတြာမထေရ် အမှူးရှိကုန်သော ငါးရာသောရဟန်းတို့ကို ပင့်ဖိတ်၍ အိမ်၌ထိုင်နေစေလျက် ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူပြီးသောအခါ မိမိကိုယ်တိုင်လည်း ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်ဆင်၍ ရွှေခွက်ကိုယူပြီးလျှင် အဆုံးဖြစ်သော နေရာစွန်း၌ထိုင်နေလျက် ဤမျှလောက်သော ရဟန်းတို့ ဘုဉ်းပေးသုံးဆောင်၍ ကြွင်းကျန်သော စားကြွင်းနို့ဃနာဆွမ်းကို စားသုံးရပါမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်လေ၏။
ထိုအခါ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည် “ငါတို့သမီး၏ ချင်ခြင်းကား သူတော်ကောင်းတရားအား လျော်ပေ၏”ဟု သာရိပုတြာမထေရ်မြတ်ကို အကြီးအမှူး သံဃာထေရ်ပြု၍ ငါးရာသောရဟန်းတို့အား ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူလေကုန်၏။ ထိုမိန်းမသည်လည်း တစ်ခုသော ဖန်ရည်စွန်းသော အဝတ်ကိုဝတ်လျက် တစ်ထည်ကိုရုံလျက် ရွှေခွက်ကိုကိုင်၍ အဆုံးဖြစ်သော နေရာစွန်း၌ ထိုင်နေလျက် သံဃာ့စားကြွင်းဖြစ်သော နို့ဃနာကို သုံးဆောင်စားသောက်လေ၏။ ထိုခဏ၌ ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။ ထိုမိန်းမအား ကိုယ်ဝန်မှ ထမြောက်သည်တိုင်အောင် အကြားအကြား၌ ပြုအပ်သော မင်္ဂလာတို့၌လည်းကောင်း၊ ဆယ်လလွန်သဖြင့် သားကိုဖွားမြင်သဖြင့် ပြုအပ်သောမင်္ဂလာတို့၌လည်းကောင်း ရှင်သာရိပုတြာမထေရ်အမှူးရှိသော ရဟန်းငါးရာတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာကိုသာလျှင် ပေးလှူကြကုန်၏။
သားဖွားမင်္ဂလာပြုသော နေ့၌ကား ထိုသူငယ်ကို နံနက်စောစောကပင်လျှင် ရေချိုးစေ၍ တန်ဆာဆင်ယင်စေပြီးလျှင် အသရေရှိသော အိပ်ရာဝယ် အဖိုးတစ်သိန်းထိုက်တန်သော ကမ္ဗလာ၏အထက်၌ သိပ်ထားကြလေကုန်၏။ သူငယ်သည်လည်း ထိုကမ္ဗလာ အိပ်ရာထက်၌ အိပ်လျက်သာလျှင် အရှင်သာရိပုတြာမထေရ်ကို စိန်စိန်းကြည့်၍ “ဤမထေရ်သည် ငါ၏ ရှေးဆရာရင်းပေတည်း၊ ငါသည် ဤမထေရ်ကိုမှီ၍ ဤစည်းစိမ်၏ ပြည့်စုံခြင်းကို ရပေ၏။ ငါသည် ဤမထေရ်အား တစ်ခုသော ပစ္စည်းဝတ္ထုကို လှူဒါန်းစွန့်ကြဲခြင်းငှာ သင့်လျော်ပေ၏”ဟုကြံ၍ သိက္ခာပုဒ်သီလကို ခံယူဆောက်တည်စိမ့်သောငှာ သူငယ်ကို ဆောင်ယူလာခဲ့သည်ရှိသော် ထိုတစ်သိန်းတန် ကမ္ဗလာကို လက်ချောင်းငယ်ဖြင့် ရစ်ပတ်ကာ ယူလေ၏။ ထိုအခါ “သူငယ်၏လက်ချောင်း၌ ကမ္ဗလာချိတ်ငြိနေသည်”ဟု သူငယ်ကို ဆောင်ကုန်သောသူတို့သည် ကမ္ဗလာကိုဖယ်ခြင်းငှာ အားထုတ်ကြကုန်၏။ သူငယ်သည် ပြင်းစွာငိုကြွေးလေ၏။ မိဘအဆွေအမျိုးတို့သည် “ဖဲကြကုန်လော့၊ သူငယ်ကို အငိုမရှာကြကုန်လင့်”ဟု တားမြစ်၍ ကမ္ဗလာနှင့်တကွသာလျှင် ဆောင်ယူကြရ၏။ သူငယ်သည်လည်း မထေရ်ကို ရှိခိုးသောအခါ ကမ္ဗလာမှ လက်ချောင်းကိုဆွဲငင်၍ ကမ္ဗလာကို မထေရ်၏ခြေတော်ရင်း၌ ကျစေလေ၏။
တိဿအမည်မှည့်ခြင်းနှင့် ကျောင်းတော်သို့ ပို့ခြင်း
မိဘဆွေမျိုးတို့သည် “သူငယ်သတို့သားသည် ကလေး အမိုက်အမဲ မသိမလိမ္မာသောကြောင့် ပြုလေဘိသည်”ဟု မဆိုမူ၍ “အရှင်ဘုရား- တပည့်တော်တို့၏ သားငယ်ကလေး ပေးကမ်းလှူဒါန်းအပ်သော အလှူသည် လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်အပ်ပြီးသော အလှူပင်ဖြစ်ပါစေဘုရား”ဟု လျှောက်ကြား၍ “အရှင်ဘုရား- အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာဖြင့် လှူဒါန်းပူဇော်ခြင်းကိုပြုသော အရှင်ဘုရားတို့၏ တပည့်အား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ထားကြလေကုန်၏။ “ဤသူငယ်သည် အဘယ်အမည်ရှိသနည်း”ဟု မထေရ်က မေးသည်ရှိသော် “အရှင်ဘုရား- ဤသားငယ်သည် အရှင်ဘုရားနှင့်အမည်တူ တိဿအမည်ရှိသောသူ ဖြစ်ပါလတ္တံ့”ဟု လျှောက်ကြားကြကုန်၏။
ထိုသူငယ်၏ မိခင်လည်း “ငါသည် သားငယ်၏အလိုဆန္ဒ အဇ္ဈာသယကို မဖျက်ဆီးထိုက်”ဟု ကြံလေ၏။ ဤသို့ သူငယ်အား အမည်မှည့်ခြင်း မင်္ဂလာကို ပြုပြီးလျှင် တစ်ဖန် သူငယ်အား ထမင်းအာဟာရ သုံးဆောင်ခြင်းမင်္ဂလာ ပြုရာ၌လည်းကောင်း၊ တစ်ဖန် သူငယ်အား နားထွင်းမင်္ဂလာ ပြုရာ၌လည်းကောင်း၊ ပုဆိုးဝတ်မင်္ဂလာ ပြုရာ၌လည်းကောင်း၊ သျှောင်ထုံးမင်္ဂလာ ပြုရာ၌လည်းကောင်း အရှင်သာရိပုတြာမထေရ် အမှူးရှိသော ငါးရာသောရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် လှူဒါန်းကြလေကုန်၏။ သူငယ်သည် ကြီးရင့်ခြင်းသို့ရောက်၍ ခုနစ်နှစ်သားအရွယ်ရှိသောအခါ အမိကို “မိခင်- အကျွန်ုပ်သည် အရှင်သာရိပုတြာ၏အထံ၌ ရှင်သာမဏေပြုပါရစေ”ဟု ခွင့်တောင်းလေ၏။ “ချစ်သား- ကောင်းလှပြီ၊ ရှေးအခါ ကာလကပင် ငါသည် သား၏အလိုကို မဖျက်ဆီးထိုက်ဟု စိတ်ထားနှလုံးသွင်းပြုထားသည်၊ ချစ်သား-ရှင်သာမဏေပြုပါ”ဟု အနူးအညွတ်ခွင့်ပြု၍ မထေရ်ကို ပင့်ဖိတ်စေပြီးလျှင် ကြွလာတော်မူသော မထေရ်အား ဆွမ်းကိုပေးလှူသဖြင့် “အရှင်ဘုရား- အရှင်ဘုရားတို့၏ တပည့်သည် ရှင်သာမဏေပြုပါရစေဟု ခွင့်တောင်းပါသည်၊ ဤသူငယ်ကိုယူဆောင်၍ ညချမ်းအခါ ကျောင်းသို့ လာခဲ့ပါမည်ဘုရား”ဟု လျှောက်ကြား၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ညချမ်းသောအခါ ကြီးစွာသော မြတ်နိုးတနာဖြင့် သားငယ်ကို ယူဆောင်လျက် ကျောင်းတော်သို့သွား၍ မထေရ်အား ဆောင်နှင်းလေ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုသူငယ်နှင့်အတူတကွ စကားပြောကြားလိုသည်ဖြစ်၍ “သူငယ်တိဿ- ရှင်သာမဏေပြုရခြင်း မည်သည်ကား ခဲယဉ်းလှပေ၏။ အပူကို အလိုရှိသော် အအေးကို ရတတ်၏၊ အအေးကို အလိုရှိသော် အပူကိုရတတ်၏၊ ရှင်သာမဏေတို့မည်သည် ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးကြရကုန်၏။ သင်သည်လည်း ချမ်းသာခြင်းဖြင့် ကြီးပွား၍လာခဲ့၏”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူလတ်သော် “အရှင်ဘုရား- တပည့်တော်သည် အရှင်ဘုရားတို့ ဆိုဆုံးမသော နည်းအတိုင်းဖြင့်သာလျှင် အလုံးစုံကိုပြုခြင်းငှာ စွမ်းနိုင်ပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။
ရှင်ပြုခြင်းနှင့် အမည်ထူးရခြင်း
မထေရ်သည်လည်း “ကောင်းလှပြီ”ဟု မိန့်တော်မူ၍ ထိုသူငယ်အား စက်ဆုပ်ရွံရှာဖွယ်သော အခြင်းအရာကို နှလုံးသွင်းသည်၏အစွမ်းဖြင့် တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီး၍ ထိုသူငယ်ကို ရှင်သာမဏေပြုပေးတော်မူလေ၏။
သူငယ်၏ မိခင်ဖခင်တို့သည် သားငယ်၏ ရှင်သာမဏေပြုပွဲ ပူဇော်သက္ကာရကို ပြုကြကုန်လျက် ခုနစ်ရက်ပတ်လုံး ကျောင်းတော်၌သာလျှင် နေကုန်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် ပေးလှူကြကုန်၏။ ရဟန်းသံဃာတို့သည်လည်း “ငါတို့သည် နေ့တိုင်းမပြတ် ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကို ဘုဉ်းပေးသုံးဆောင်ခြင်းငှာ မစွမ်းနိုင်ကြကုန်”ဟု ပြစ်တင်ကဲ့ရဲ့ခြင်းကိုပင်သော်လည်း ပြုကြလေကုန်၏။ သာမဏေငယ်၏ မိခင်ဖခင်တို့သည် ခုနစ်ရက်မြောက်သောနေ့ ညချမ်းအခါ အိမ်သို့ပြန်သွားကြလေကုန်၏။ သာမဏေငယ် ရှင်တိဿသည် ရှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့နှင့်အတူတကွ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူလေ၏။ သာဝတ္ထိပြည်သူပြည်သားတို့သည် “သာမဏေငယ် ရှင်တိဿ ယနေ့ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူလာလိမ့်မည်၊ ထိုသာမဏေငယ်အား ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု ငါးရာကုန်သော ပုဆိုးတို့ဖြင့် ခေါင်းခုတို့ကိုပြု၍ ငါးရာကုန်သော ဆွမ်းတို့ကို စီရင်ကာ ဆောင်ယူ၍ ခရီးရင်ဆိုင် တည်နေကြကုန်လျက် ပေးလှူကြလေကုန်၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ကျောင်း၏ဥပစာသို့ လာရောက်၍ ပေးလှူကြကုန်၏။ ဤသို့သောနည်းဖြင့် သာမဏေသည် နှစ်ရက်သောနေ့တို့ဖြင့်သာလျှင် သင်္ကန်းပုဆိုးတစ်ထောင်တို့နှင့်တကွ ဆွမ်းတစ်ထောင်ကိုရ၍ ရဟန်းသံဃာအား ပေးလှူစေလေ၏။
ထိုအခါ ထိုသာမဏေအား ရဟန်းတို့သည် ဆွမ်းတစ်ထောင်လှူသောကြောင့် “ပိဏ္ဍပါတဒါယကတိဿ” ဟူသောအမည်ကို မှည့်ကြလေကုန်၏။
ကမ္ဗလာ အလှူခံကြွခြင်းနှင့် သဝန်တိုသောသူ
တစ်ဖန် တစ်နေ့သ၌ သာမဏေသည် ချမ်းအေးသောအခါ ကျောင်းစဉ်ဒေသစာရီ လှည့်လည်သွားလာသည်ရှိသော် ရဟန်းတော်တို့ကို ထိုထိုသို့သော မီးတင်းကုပ် စသည်တို့၌ မီးလှုံနေကြသည်တို့ကို မြင်ရလျှင် “အရှင်ဘုရားတို့- အသို့ပါနည်း၊ မီးလှုံ၍နေကြပါကုန်သလောဘုရား”ဟု မေးလျှောက်၏။ ရဟန်းတော်တို့က “ရှင်သာမဏေ- ငါတို့အား အချမ်းနှိပ်စက်၏”ဟု မိန့်ကုန်သည်ရှိသော် “အရှင်ဘုရားတို့- ချမ်းသောကာလ၌ မည်သည့်ကမ္ဗလာကို ခြုံခြင်းရုံးခြင်းငှာ သင့်လျော်သည် မဟုတ်ပါတုံလော”ဟု လျှောက်၍ “ထိုကမ္ဗလာကား အချမ်းကိုတားမြစ်ခြင်းငှာ စွမ်းနိုင်ပါသည်ဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- သင်ကား မြတ်သော ရှေးဘုန်းရှေးကံ ရှိပေသောကြောင့် ကမ္ဗလာကို ရပေရာ၏။ ဘုန်းကံနည်းပါးသော ငါတို့အား ကမ္ဗလာကို အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “အရှင်ဘုရားတို့- ထိုသို့ဖြစ်မူ ကမ္ဗလာဖြင့် အလိုရှိကုန်သောပုဂ္ဂိုလ်တို့သည် တပည့်တော်နှင့်တကွ လိုက်လာတော်မူကြပါစေဘုရား”ဟု အလုံးစုံသောကျောင်း၌ ပြောကြားလျှောက်ထားစေ၏။ ထိုအခါ ရဟန်းတော်တို့သည် “သာမဏေငယ် ရှင်တိဿနှင့် အတူတကွသွား၍ ကမ္ဗလာကို ဆောင်ယူကုန်စို့အံ့”ဟု ဆိုလျက် ခုနစ်နှစ်သားမျှရှိသေးသော သာမဏေငယ်ကိုမှီ၍ တစ်ထောင်မျှလောက်သော ရဟန်းတော်တို့သည် ထွက်လာခဲ့ကြကုန်၏။ သာမဏေငယ်လည်း “ဤမျှလောက်များပြားသော ရဟန်းတော်တို့အလို့ငှာ ကမ္ဗလာကို အဘယ်မှာရနိုင်ပါအံ့နည်း”ဟု စိတ်မျှကိုသော်လည်း မဖြစ်စေမူ၍ ထိုရဟန်းတော်တို့ကို ပင့်ခေါ်ဆောင်ယူပြီးလျှင် မြို့သို့ ရှေးရှုကြွသွားတော်မူလေ၏။
ထိုသာမဏေသည် မြို့၏အပ၌သာလျှင် အိမ်စဉ်အတိုင်း ကြွသွားသည်ရှိသော် ငါးရာသော ကမ္ဗလာတို့ကို ရပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူပြန်လေ၏။ လူတို့သည် ထိုမှဤမှ ကမ္ဗလာတို့ကို ဆောင်ယူကြရကုန်၏။ ယောက်ျားတစ်ယောက်သည် အိမ်ဈေးတံခါးဖြင့် လာလတ်သည်ရှိသော် ကမ္ဗလာငါးရာတို့ကို ဖြန့်ခင်းရောင်းချ၍နေသော တစ်ယောက်သော ဆိုင်ရှင်ဈေးသည်ကိုမြင်၍ “အိုအချင်း- သာမဏေငယ်တစ်ပါးသည် ကမ္ဗလာတို့ကို ယူဆောင်ရန် တစ်ထောင်မျှလောက်သော ရဟန်းတော်တို့ကို စုရုံးလျက် ကြွလာတော်မူ၏။ အသင်၏ ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့”ဟု ပြောကြားလေ၏။ “အသို့နည်း- ထိုသာမဏေငယ်သည် လှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်သလော၊ သို့တည်းမဟုတ် မလှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်လေသလော”ဟု မေးလတ်သော် “လှူဒါန်းအပ်သော ကမ္ဗလာတို့ကိုသာ ယူ ဆောင်၏”ဟု ဆိုလျှင် “ဤသို့ဖြစ်သည်ရှိသော် အကယ်၍ လှူဒါန်းလိုသည်ဖြစ်အံ့ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင်နေမည်။ သင်သွားချေလော့”ဟု လွှတ်လိုက်လေ၏။
ခုနစ်နှစ်အရွယ်တွင် ကမ္ဗလာတစ်ထောင်ရခြင်း
ဆိုင်ရှင်ဈေးသည်သည်လည်း “ဤယောကျာ်းကား မိမိ၏သဘောအားဖြင့် လာရောက်၍ အသင်၏ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့ဟု ငါ့ကို ဆိုဘိ၏၊ သာမဏေသည် လှူဒါန်းအပ်သော ကမ္ဗလာကိုသာ အကယ်၍ ယူသည်ဖြစ်ခဲ့အံ့၊ ငါသည်ကား ငါ၏ပစ္စည်းဥစ္စာကို အကယ်၍ လှူဒါန်းလိုသည်ဖြစ်အံ့၊ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင် နေမည်ဟု ဆိုလိုက်မိပေပြီ။ မျက်မှောက်ထင်ထင် မြင်နေရသော အလှူခံပုဂ္ဂိုလ်ကို မပေးမလှူသောသူအား ရှက်ဖွယ်လိလိ ဖြစ်ချေဘိ၏၊ ထို့ကြောင့် မိမိ၏ပစ္စည်းဥစ္စာကို ဖုံးအုပ်ကာထားသောသူအား အပြစ်မရှိ၊ ဤငါးရာသော ကမ္ဗလာတို့တွင် နှစ်ထည်သော ကမ္ဗလာတို့ကား အဖိုးတစ်သိန်းစီ ထိုက်တန်ကုန်၏။ ထိုကမ္ဗလာနှစ်ထည်တို့ကိုသာ ဖုံးလွှမ်းထားခြင်းငှာ သင့်၏”ဟု ကြံ၍ ကမ္ဗလာနှစ်ထည်စလုံးတို့ကို အမြိတ်အဆာတစ်ခုဖြင့် အမြိတ်အဆာတစ်ခုကို ဖွဲ့စပ်ပြီးလျှင် ထိုကမ္ဗလာတို့၏အတွင်း၌ထည့်သွင်း၍ ဖုံးလွှမ်းကာ ထားလေ၏။ သာမဏေသည်လည်း ရဟန်းတစ်ထောင်နှင့်တကွ ထိုအရပ်သို့ ရောက်လာလေ၏။ ဆိုင်ရှင်ဈေးသည်ကား သာမဏေကိုမြင်လျှင်မြင်ချင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ကိုယ်အလုံးသည် သားတည်းဟူသော ချစ်ခင်ခြင်းဖြင့် ပြည့်သည်ဖြစ်၏။ ထိုဈေးသည်သည် “ကမ္ဗလာတို့ကို ထားလိုက်ဘိဦး၊ ဤသာမဏေကို မြင်ရလျှင် နှလုံးသားကိုပင်သော်လည်း လှူဒါန်းခြင်းငှာ သင့်လျော်လျောက်ပတ်သော သဘောရှိ၏”ဟု ချစ်ခင်လှသဖြင့် အဖိုးတစ်သိန်းစီ ထိုက်တန်ကုန်သော ထိုကမ္ဗလာ နှစ်ထည်တို့ကိုပင် ထုတ်ယူ၍ သာမဏေ၏ ခြေရင်း၌ချထားလျက် ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားသည် သိမြင်အပ်သော တရားအဖို့ကို သိရှိနိုင်သောသူဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ သာမဏေသည်လည်း ထိုဒါယကာအား တောင်းသည့်ဆုအတိုင်း ပြည့်စုံလော့ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူလေ၏။
သာမဏေသည် မြို့အတွင်း၌လည်း ကမ္ဗလာငါးရာတို့ကို ရပြန်လေ၏။ ဤသို့လျှင် တစ်နေ့တည်းသာလျှင် ကမ္ဗလာတစ်ထောင်ကို ရရှိသဖြင့် ရဟန်းတစ်ထောင်အား ပေးလှူ၏။ ထိုအခါ ထိုသာမဏေအား ကမ္ဗလာတစ်ထောင် လှူသောကြောင့် “ကမ္ဗလာဒါယကတိဿမထေရ်”ဟူ၍ အမည်ကို မှည့်ကြလေကုန်၏။ ဤသို့ ယခုဘဝ အမည်မှည့်သောနေ့၌ လှူသော ကမ္ဗလာတစ်ထည်သည် ခုနစ်နှစ်သားအရွယ်ရှိသောကာလ၌ ကမ္ဗလာတစ်ထောင်အဖို့သို့ ရောက်လေ၏။
ဤသို့လျှင် သာမဏေသည် ကမ္ဗလာတစ်ထည်၏ အကျိုးဆက်ဖြင့် ခုနစ်နှစ်အရွယ်ရှိစဉ်ကပင် ကမ္ဗလာတစ်ထောင်ကို ရလေ၏။
ခုနစ်နှစ်သားအတွင်း တောနေသဖြင့် လေးမည်ရခြင်း
ဇေတဝန်ကျောင်းတော်၌နေသော ထိုတိဿသာမဏေ၏ အထံသို့ ဆွေမျိုးဖြစ်သော ဒါယကာတို့သည် မပြတ်မလပ် လာရောက်ကြသဖြင့် စကားပြောဆိုခြင်းကို ပြုကြကုန်၏။ ထို့ကြောင့် သာမဏေသည် “ငါကား ဤဇေတဝန်ကျောင်းတော်၌နေသဖြင့် ဆွေမျိုးဖြစ်သော ဒါယကာတို့သည် လာ၍ စကားပြောဆိုကြကုန်သည်ရှိသော် မပြောမဆိုဘဲ နေခြင်းငှာလည်း မတတ်ကောင်း၊ ထိုသူတို့နှင့် အတူတကွ စကားပြောကြားရခြင်းသည်ကား ကြာမြင့်သဖြင့်သော်လည်း မိမိ၏ထောက်ရာတည်ရာ အားကိုးရာကို ပြုခြင်းငှာ မစွမ်းနိုင်၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီးသောအခါ တောအုပ်သို့ သက်ဝင်ရမူကား ကောင်းလေစွတကား”ဟု ကြံဆင်ခြင်လေ၏။ ထိုသာမဏေ ရှင်တိဿသည် မြတ်စွာဘုရားသို့ချဉ်းကပ်၍ အရဟတ္တဖိုလ်တိုင်အောင် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူစေပြီးလျှင် ဥပဇ္ဈာယ်ဆရာကို ရိုသေမြတ်နိုး ရှိခိုးသဖြင့် သပိတ်သင်္ကန်းကိုယူလျက် ကျောင်းတော်မှထွက်ခဲ့၍ “ငါသည် နီးသောအရပ်၌ အကယ်၍နေသည်ဖြစ်အံ့၊ ဆွေမျိုးတို့သည် ငါ့ကို ပင့်ခေါ်ကြကုန်လတ္တံ့”ဟု နှလုံးပြု၍ ယူဇနာ တစ်ရာ့နှစ်ဆယ်ကွာသောခရီးသို့ ကြွသွားလေ၏။ ထိုအခါ တစ်ခုသောရွာတံခါးဖြင့် သွားသော သူအိုယောက်ျားတစ်ယောက်ကိုမြင်၍ “ဥပါသကာ ဒါယကာကြီး- ဤအရပ်၌ နေလိုသော ပုဂ္ဂိုလ်တို့အလို့ငှာ တောအင်္ဂါရသောကျောင်းသည် ရှိသလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား-ရှိပါသည်”ဟု လျှောက်ကြားလျှင် “ထိုသို့ဖြစ်မူ ကိုရင့်အား လမ်းခရီးကို ညွှန်ကြားပါလော့”ဟု ဆိုလေ၏။ ဥပသကာ သူအိုကြီးအားလည်း ထိုသာမဏေကို မြင်လျှင်မြင်ချင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လေ၏။
ထိုအခါ ထိုသာမဏေအား ထိုအရပ်၌သာလျှင် ရပ်လျက် မညွှန်ကြားမူ၍ “အရှင်ဘုရား- ကြွလာပါလော့၊ အရှင်ဘုရားအား ပြောကြားပါမည်ဘုရား”ဟု ပင့်ခေါ်၍ သွားလေ၏။ သာမဏေသည် ထိုဥပါသကာ သူအိုကြီးနှင့် အတူတကွ သွားသည်ရှိသော် ခရီးအကြား၌ အထူးထူးသော အပွင့်အသီးတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်ကုန်သော သစ်ပင်တောတောင်နေရာတို့ကို မြင်ရလျှင် “ဥပါသကာကြီး- ဤအရပ်သည် အဘယ်အရပ်မည်သနည်း”ဟု မေး၏။ ဥပါသကာသည်လည်း ထိုသာမဏေအား ထိုနေရာတို့၏အမည်တို့ကို ပြောကြားသဖြင့် တောကျောင်းသို့ ရောက်လတ်သော် “အရှင်ဘုရား- ဤအရပ်ကား ချမ်းသာသုခရှိသော အရပ်တည်း၊ ဤအရပ်၌သာ သီတင်းသုံးနေတော်မူပါဘုရား”ဟု လျှောက်ကြားပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း”ဟု အမည်ကို မေးလျှောက်၍ “နက်ဖြန် တပည့်တော်တို့ရွာ၌ ဆွမ်းအလို့ငှာကြွရန် သင့်လျော်ပါသည်”ဟု လျှောက်ကြား၍ ပြန်လာပြီးသောအခါ ရွာတွင်းသို့သွားလျက် ဝနဝါသီတိဿမထေရ် အမည်ရှိသော အရှင်မြတ်တစ်ပါးသည် ကျောင်းသို့ကြွလာတော်မူ၏။ ထိုအရှင်အလို့ငှာ ယာဂု,ဆွမ်းစသည်တို့ကို စီရင်ကြကုန်လော့”ဟု လူတို့အာ ပြောကြားစေလေ၏။ သာမဏေသည် ရှေးဦးကလျှင် တိဿအမည်ရှိသည်ဖြစ်၍ ထို့နောက်မှ “ပိဏ္ဍပါတဒါယက တိဿ”၊ “ကမ္ဗလဒါယကတိဿ”၊ “ဝနဝါသီတိဿ”၊ ဤသုံးပါးကုန်သော အမည်တို့ကိုရသဖြင့် ခုနစ်နှစ်အတွင်း၌ အမည်လေးပါးတို့ကို ရရှိလေ၏။
တောကျောင်းနေ ကိုရင်တိဿ ရဟန္တာဖြစ်ခြင်း
ထိုသာမဏေသည် တစ်ဖန် မိုးသောက် နက်ဖြန်ရောက်သောနေ့၌ နံနက်စောစောကကလျှင် ထိုရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ လူတို့သည် ဆွမ်းကိုလှူဒါန်း၍ ရိုသေမြတ်နိုး ရှိခိုးကြကုန်၏။ သာမဏေသည် “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ၊ ချမ်းသာကြသူတို့ ဖြစ်ကြပါစေ၊ ဆင်းရဲမှ ကင်းလွတ်ကြပါစေ”ဟု မိန့်ဆိုလေ၏။ တစ်ယောက်သောလူမျှလည်း သာမဏေအား ဆွမ်းလှူပြီးလျှင် တစ်ဖန် အိမ်သို့ပြန်သွားခြင်းငှာ မစွမ်းနိုင်၊ ခပ်သိမ်းသောလူတို့သည် ငေးကြည့်လျက်သာလျှင် တည်နေကြကုန်၏။ တိဿ သာမဏေသည်လည်း မိမိအား မျှတလောက်ရုံသော ဆွမ်းကိုသာလျှင် ခံယူလေ၏။ အလုံးစုံသော ရွာသူရွာသားတို့သည် သာမဏေ၏ခြေရင်း၌ ရင်ဖြင့်ဝပ်လျက် “အရှင်ဘုရား- အရှင်ဘုရားတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ်၌ သီတင်းသုံးတော်မူသည်ရှိသော် တပည့်တော်တို့သည် သရဏဂုံသုံးပါးတို့ကိုယူ၍ ငါးပါးသောသီလတို့၌ တည်လျက် ဝါတွင်းသုံးလ၏အတွင်း ရှစ်ပါးသော ဥပုသ်သီလတို့ကို ကျင့်သုံးဆောက်တည်ကာ နေကြပါမည်ဘုရား၊ ထို့ကြောင့် ဤအရပ်၌ သီတင်းသုံးတော်မူခြင်းငှာ တပည့်တော်တို့အား ဝန်ခံခြင်းပဋိညာဉ်ကို ပေးသနားတော်မူကြပါဘုရား”ဟု တောင်းပန်လျှောက်ကြားကြကုန်၏။ သာမဏေလည်း ကျေးဇူးဥပကာရကို မှတ်သားသဖြင့် ထိုသူတို့အား ဝန်ခံခြင်းပဋိညာဉ်ကို ပေးတော်မူပြီးလျှင် အမြဲမပြတ် ထိုရွာ၌သာလျှင် ဆွမ်းခံကြွချီလှည့်လည်တော်မူ၏။ ရှိခိုးတိုင်း ရှိခိုးတိုင်းသော ခဏ၌လည်း “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”ဟူသော ပုဒ်နှစ်ခုကိုသာလျှင် မိန့်ဆို၍ ဖဲကြွတော်မူလေ၏။ ထိုသာမဏေသည် ထိုအရပ်၌သာလျှင် ပထမတစ်လကိုလည်းကောင်း၊ ဒုတိယ တစ်လကိုလည်းကောင်း လွန်စေ၍ တတိယလသို့ ရောက်လတ်သည်ရှိသော် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။
ရှင်သာရိပုတြာစသော သံဃာလေးထောင် ကြွရောက်ခြင်း
ထို့နောက် ထိုတောကျောင်းနေ ကိုရင်တိဿအား ပဝါရဏာပြု၍ ဝါကျွတ်သောအခါ သာမဏေ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိပုတြာမထေရ်သည် မြတ်စွာဘုရား၏အထံတော်သို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် တိဿသာမဏေ၏အထံသို့ သွားလိုပါသည်ဘုရား”ဟု လျှောက်ကြားခွင့်တောင်းလေသော် “ချစ်သား သာရိပုတြာ- သွားလေလော့”ဟု ခွင့်ပြုတော်မူ၏။ အရှင်သာရိပုတြာမထေရ်သည် မိမိ၏ အခြံအရံဖြစ်ကုန်သော ရဟန်းငါးရာတို့ကို ခေါ်တော်မူ၍ ဖဲကြွတော်မူစဉ် “ငါ့ရှင်မောဂ္ဂလာန်- ငါသည် တိဿသာမဏေ၏အထံသို့ သွားဦးအံ့”ဟု ပြောကြားလေ၏။ အရှင်မောဂ္ဂလာန်မထေရ်လည်း “ငါ့ရှင်သာရိပုတြာ- ငါသည်လည်း သွားဦးအံ့”ဟု ရဟန်းငါးရာတို့နှင့်တကွ ထွက်ကြွတော်မူလေ၏။ ဤသို့သောနည်းဖြင့် ရှေးအတူသာလျှင် ရှင်မဟာကဿပမထေရ်၊ ရှင်အနုရုဒ္ဓါမထေရ်၊ ရှင်ဥပါလိမထေရ်၊ ရှင်ပုဏ္ဏမထေရ် အစရှိကုန်သော အလုံးစုံသော မဟာသာဝကတို့သည် ငါးရာ,ငါးရာကုန်သောရဟန်းတို့နှင့် အတူတကွ ထွက်ကြွတော်မူကြကုန်၏။ မဟာသာဝကတို့၏ အလုံးစုံသော အခြံအရံ ရဟန်းတော်တို့သည် လေးထောင်မျှ ဖြစ်ကုန်၏။ ယူဇနာ တစ်ရာ့နှစ်ဆယ်တိုင်အောင် လမ်းခရီးသို့ ကြွသွားတော်မူကြကုန်၍ ဆွမ်းခံရွာသို့ ရောက်လာကြကုန်သော အလုံးစုံ လေးထောင်သော ရဟန်းတို့ကို သာမဏေ၏ အမြဲမပြတ် လုပ်ကျွေးသော ဒါယကာသည် ရွာ၏တံခါး၌သာလျှင် မြင်ရသဖြင့် ခရီးဦးကြိုဆို၍ ရိုသေမြတ်နိုး ရှိခိုးလေ၏။
ထိုအခါ ဒါယကာကို အရှင်သာရိပုတြာမထေရ်သည် “ဒါယကာ- ဤအရပ်၌ တောကျောင်းသည် ရှိလေသလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားသောအခါ “ထိုကျောင်းသည် သီတင်းသုံးနေသော ရဟန်းရှိသော ကျောင်းလော၊ မရှိသော ကျောင်းလော”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ရဟန်းရှိသော ကျောင်းပါဘုရား”ဟု လျှောက်ကြားသောအခါ “ထိုကျောင်း၌ အဘယ်အမည်ရှိသော ရဟန်းသည် သီတင်းသုံးနေသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ဝနဝါသီတိဿမထေရ် သီတင်းသုံးနေပါသည်ဘုရား”ဟု လျှောက်လျှင် “ထိုသို့ဖြစ်မူ ငါတို့အား လမ်းခရီးကို ညွှန်ကြားပါလော့”ဟု မိန့်တော်မူ၏။ “အရှင်ဘုရားတို့သည် အဘယ်သို့သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်း”ဟု မေးလျှောက်သောအခါ “ဒါယကာ- ငါတို့သည် သာမဏေ၏အထံသို့ လာကြကုန်သော ပုဂ္ဂိုလ်တို့တည်း”ဟု မိန့်တော်မူလေ၏။ ဒါယကာသည် ကြည့်ရှု ဖူးမြော်သဖြင့် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာမထေရ်မြတ်ကို အစပြု၍ အလုံးစုံလည်းဖြစ်ကုန်သော မဟာသာဝကတို့ကို မှတ်မိသောကြောင့် မပြတ်သောပီတိဖြင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ “အရှင်ဘုရားတို့- ခဏခေတ္တမျှ ဆိုင်းငံ့ရပ်တန့်တော်မူကြပါဦးဘုရား”ဟု လျှောက်ကြားပြီးလျှင် လျင်စွာသောအဟုန်ဖြင့် ရွာတွင်းသို့ဝင်၍ “အမောင်တို့- အမိတို့- အရှင်သာရိပုတြာမထေရ်ကို အစပြု၍ ထိုအသီတိမဟာသာဝကတို့သည် မိမိ၏အခြံအရံနှင့်တကွ သာမဏေ၏အထံသို့ ကြွလာတော်မူကြကုန်၏၊ ညောင်စောင်း, အင်းပျဉ်, အိပ်ရာခင်း, ဆီမီးစသည်တို့ကိုယူ၍ လျင်မြန်စွာ ထွက်ကြကုန်လော့”ဟု ကြွေးကြော်ပြောဆိုလေ၏။ လူတို့သည်လည်း ထိုခဏ၌ပင်လျှင် ညောင်စောင်း စသည်တို့ကိုယူ၍ မထေရ်တို့ ခြေရာစဉ်မီအောင် လိုက်ကုန်သည်ဖြစ်၍ မထေရ်တို့နှင့် အတူတကွသာလျှင် ကျောင်းသို့ ဝင်ရောက်ကြကုန်၏။ သာမဏေသည်လည်း ရဟန်းအပေါင်းကို ကောင်းစွာသိသဖြင့် အစဉ်အတိုင်းဖြစ်ကုန်သော မထေရ်တို့၏ သပိတ်သင်္ကန်းတို့ကိုယူလျက် ဝတ်ကြီးဝတ်ငယ်ကို ပြုလေ၏။ သာမဏေသည် မထေရ်တို့၏ သီတင်းသုံးတော်မူရန် နေရာကို စီရင်တော်မူစဉ် သပိတ်သင်္ကန်းကို သိုမှီးစဉ်ပင်လျှင် မိုးချုပ်မှောင်မိုက်လေ၏။
ဓမ္မကထိက အသစ်တစ်ပါး တောင်းကြပုံ
အရှင်သာရိပုတြာ မထေရ်သည် ဒါယကာတို့ကို “ဒါယကာတို့- ပြန်လည်ကြကုန်လော့၊ သင်တို့အား မိုးချုပ် မှောင်မိုက်ခဲ့ချေပြီ”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ယနေ့ကား တရားနာအံ့သောနေ့ ဖြစ်ပါသည်၊ တပည့်တော်တို့သည် မသွားလိုကြသေးပါ၊ တရားတော်ကို နာကြားကြကုန်ဦးအံ့၊ ဤနေ့မှ ရှေးအခါ၌ တရားတော်ကို နာကြားရခြင်းမျှလည်း မရှိပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ငါ့ရှင်သာမဏေ- ထိုသို့ဖြစ်မူ ဆီမီးကို ညှိထွန်း၍ တရားနာအံ့သောအခါကို ကြွေးကြော်လေလော့”ဟု မိန့်တော်မူ၏။ သာမဏေသည်လည်း မထေရ် ဆိုတော်မူတိုင်း ပြုလေ၏။ ထိုအခါ သာမဏေကို မထေရ်သည် “တိဿ- သင်၏ အလုပ်အကျွေးဖြစ်ကုန်သော ဒါယကာ, ဒါယိကာမတို့သည် တရားတော်ကို နာကြားခြင်းငှာ အလိုရှိပါကုန်၏ဟု လျှောက်ကြားကြကုန်၏။ ထိုဒါယကာ, ဒါယိကာမတို့အား တရားဟောလေလော့”ဟု မိန့်တော်မူလတ်သော် ထိုဒါယကာ ဒါယိကာမတို့သည် တစ်ပြိုင်နက် တစ်ချက်တည်းထ၍ “အရှင်ဘုရား- တပည့်တော်တို့၏ အရှင်သည်ကား “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”ဟူသော ဤနှစ်ပုဒ်တို့ကိုဖယ်ထား၍ တစ်ပါးသောတရားကို မသိတတ်ပါ၊ တပည့်တော်တို့အား တစ်ပါးသော တရားစကားကို ဟောကြားတတ်သော ဓမ္မကထိကကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ကြားကြကုန်၏။
ဟောနေကျတရား အကျယ်ချဲ့၍ ဟောပြခြင်း
ထိုအခါ သာမဏေကို ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်သည် “ငါ့ရှင်သာမဏေ- အဘယ်သို့လျှင် ချမ်းသာကြသည် ဖြစ်ကုန်သနည်း၊ အဘယ်သို့လျှင် ဆင်းရဲမှ လွတ်ကြကုန်သနည်း၊ ဤနှစ်ပုဒ်တို့၏ အနက်အဓိပ္ပာယ်ကို ငါတို့အား ဟောကြားဦးလော့”ဟု မိန့်တော်မူ၏။ သာမဏေသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ဆန်းကြယ်သော ယပ်ကို ကိုင်ယူလျက် တရားဟောပလ္လင်သို့ တက်ပြီးလျှင် နိကာယ်ငါးရပ်တို့မှ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ယူငင်ဆွဲထုတ်၍ တစ်ခဲနက် မိုးကိုရွာသွန်းသော လေးကျွန်းလုံးနှံ့သော မိုးကြီးကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်, ဗောဓိပက္ခိယတရားတို့ကို ဝေဖန်လျက် အရဟတ္တဖိုလ်တည်းဟူသော အထွတ်တပ်သောအားဖြင့် တရားစကားကို ဟောကြားပြီးနောက် “အရှင်ဘုရား- ဤသို့လျှင် အရဟတ္တဖိုလ်သို့ ရောက်သောသူအား ချမ်းသာခြင်းသည် ဖြစ်ပါ၏၊ အရဟတ္တဖိုလ်သို့ ရောက်သောသူသည်သာလျှင် ဆင်းရဲမှ လွတ်ပါ၏၊ ကြွင်းသော သတ္တဝါတို့သည် ပဋိသန္ဓေ တည်နေခြင်းစသော ဆင်းရဲတို့မှလည်းကောင်း၊ ငရဲသို့ ကျရောက်ခံစားခြင်း စသော ဆင်းရဲတို့မှလည်းကောင်း မလွတ်နိုင်ကြပါဘုရား”ဟု ဟောကြား လျှောက်ထားလေ၏။ “သာမဏေ- ကောင်းပါပေ၏၊ တရားကို ကောင်းစွာ ဟောကြားအပ်ပေ၏၊ သင့်အား ထက်မြက်သော ပဋိဘာန်ဉာဏ်ပညာ ရှိပေ၏၊ ယခုအခါ သရဘညဝတ်ကို ရွတ်ဆိုဦးလော့”ဟု မိန့်တော်မူပြန်သဖြင့် သာမဏေသည် သရဘညဝတ်ကိုလည်း ရွတ်ဆိုတော်မူလေ၏။
တရားနာသူတို့ နှစ်စုဖြစ်သွားပုံ
အရုဏ်တက်သည်ရှိသော် သာမဏေ၏ အလုပ်အကျွေး ဒါယကာတို့သည် နှစ်ဖို့နှစ်စု ဖြစ်ကြကုန်၏။ အချို့သောသူတို့သည် “ငါတို့ကား ဤသို့ သဘောရှိသော ခက်ထန်ကြမ်းကြုတ်သောသူကို မမြင်ဖူးလေစွတကား။ ထိုစကား မှန်၏။ ဤသို့သဘောရှိသော တရားစကားကို သိတတ်ပါလျက်နှင့် ဤမျှလောက်သော ကာလပတ်လုံး မိခင်ဖခင်အရာ၌တည်၍ လုပ်ကျွေးသောသူတို့အား တစ်ပုဒ်တစ်ပါဒသော တရားကိုမျှ အဘယ့်ကြောင့် မဟောကြားဘဲ နေနိုင်ဘိသနည်း”ဟု အမျက်ထွက်ကြလေကုန်၏။ အချို့သောသူတို့သည် “အကြင်ငါတို့သည် ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသော အရှင်ကို ဂုဏ်ကျေးဇူးရှိသည်ကိုလည်းကောင်း၊ မရှိသည်ကိုလည်းကောင်း မသိကြကုန်သော်လည်း လုပ်ကျွေးသမှု ပြုစုကြရကုန်၏။ ထိုငါတို့အား အရတော်လေစွတကား၊ ယခုအခါမူကား ထိုအရှင်၏အထံတော်၌ တရားနာခြင်းငှာ ရကြပေကုန်ပြီ”ဟု နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုနေ့ နံနက်စောစောအချိန်အခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် ဝနဝါသီတိဿမထေရ်၏ အလုပ်အကျွေးဖြစ်ကုန်သော ဒါယကာ ဒါယိကာမတို့ကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်တို့ကို မြင်တော်မူရလျှင် “အသို့ ဖြစ်လတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် ဤအကြောင်းကို ဆင်ခြင်မှတ်သား နှလုံးထားတော်မူလေ၏။
ဗုဒ္ဓကိုယ်တော်တိုင် ကြွလာ
“ဝနဝါသီတိဿ သာမဏေ၏ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယကာ, ဒါယိကာမတို့သည် အချို့တို့ကား နှစ်သက်ကြကုန်၏။ အချို့တို့ကား အမျက်ထွက်ကြကုန်၏၊ ငါ၏သားတော် တိဿသာမဏေအား အမျက်ထွက်သောသူတို့သည် ငရဲသို့ ကျရောက်ခြင်းအဖို့ ရှိကြသည်ဖြစ်ကုန်လတ္တံ့၊ ထို့ကြောင့် ငါဘုရားသည် ကြွသွားတော်မူသည်ရှိသော် အလုံးစုံသော ထိုဒါယကာ ဒါယိကာမတို့သည် သာမဏေ၌ မေတ္တာစိတ်ကိုဖြစ်စေ၍ ဆင်းရဲမှ လွတ်ကုန်လတ္တံ့”ဟု ကြံဆင်ခြင်တော်မူမိ၏။ ထိုရွာသူရွာသား လူအများတို့သည်လည်း ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် ရွာသို့သွားရောက် မဏ္ဍပ် ဆောက်လုပ်စေသဖြင့် ယာဂု,ဆွမ်းစသည်တို့ကို စီရင်၍ နေရာတို့ကို ခင်းထားကုန်လျက် ရဟန်းသံဃာတော်အပေါင်း၏ ကြွလာခြင်းကို မျှော်လင့်ဆိုင်းငံ့ကာ နေကြလေကုန်၏။ ရဟန်းတို့သည်လည်း ကိုယ်လက်သုတ်သင်ခြင်းအမှုကို ပြုပြီးလျှင် ဆွမ်းခံချိန်တန်သောအခါ၌ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူကြကုန်သည်ရှိသော် ထိုသာမဏေကို “ငါ့ရှင် တိဿ- အသို့နည်း၊ အသင်သည် ငါတို့နှင့်အတူတကွ လိုက်လာအံ့လော၊ သို့တည်းမဟုတ် နောက်မှ လိုက်လာခဲ့အံ့လော”ဟု မေးကုန်၏။ “တပည့်တော်၏ သွားအံ့သော အချိန်ကာလ တိုင်မှသာလျှင် လိုက်လာခဲ့ပါအံ့၊ အရှင်ဘုရားတို့- အရှင်ဘုရားတို့သည် ရှေးဦးစွာ ကြွနှင့်တော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် ရဟန်းသံဃာတို့သည် သပိတ်သင်္ကန်းကိုယူလျက် ရွာသို့ ကြွဝင်ကြလေကုန်၏။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌သာလျှင် သင်္ကန်းတော်ကို ရုံတော်မူသဖြင့် သပိတ်တော်ကို ယူတော်မူပြီးလျှင် တစ်ခုသော စိတ္တက္ခဏဖြင့်သာ ကြွတော်မူ၍ ရဟန်းတော်တို့၏ရှေ့၌ ရပ်တော်မူလျက်သာလျှင်ဖြစ်သော ကိုယ်တော်ကို ထင်ရှားပြတော်မူ၏။ “မြတ်စွာဘုရား ကြွလာတော်မူသည်”ဟု အလုံးစုံ တစ်ရွာလုံး တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။
ဗုဒ္ဓအား အနုမောဒနာပြုရန် တောင်းပန်ကြခြင်း
လူတို့လည်း ရွှင်လန်းနှစ်သက် တက်ကြွသောစိတ် ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို သီတင်းသုံးနေစေတော်မူပြီးလျှင် ယာဂုကိုလှူ၍ ခဲဖွယ်ကို လှူဒါန်းကြကုန်၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ မပြီးမီသာလျှင် သာမဏေလည်း ရွာတွင်းသို့ ဝင်လာခဲ့လေ၏။ ရွာသူရွာသားတို့လည်း ကောင်းစွာဆောင်၍ သာမဏေအား ရိုသေလေးမြတ်စွာ လှူဒါန်းကြကုန်၏။ သာမဏေသည် မိမိ မျှတလောက်ရုံမျှသော ဆွမ်းကို အလှူခံ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ သပိတ်ကို ဆက်ကပ်လှူဒါန်းလေ၏။ မြတ်စွာဘုရာလည်း “ချစ်သား တိဿ- ဆောင်ယူခဲ့လေလော့”ဟု လက်တော်ကိုဆန့်၍ သပိတ်ကို လှမ်းယူတော်မူပြီးလျှင် “ချစ်သား သာရိပုတြာ- အသင်၏ တပည့်ရင်းဖြစ်သော သာမဏေ၏သပိတ်ကို မြင်၏လော”ဟု မိန့်တော်မူလျက် အရှင်သာရိပုတြာမထေရ်အား လှမ်း၍ ပြတော်မူ၏။ မထေရ်လည်း မြတ်စွာဘုရား၏လက်တော်မှ သပိတ်ကို လှမ်းယူ၍ သာမဏေအားပေးပြီးလျှင် “သွားချေ၊ မိမိအား ရောက်သောနေရာ၌ ထိုင်နေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုလေလော့”ဟု မိန့်တော်မူ၏။ ရွာသူရွာသားတို့လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချ၍ အနုမောဒနာတရား ဟောကြားခြင်းကို တောင်းပန်ကြကုန်၏။
ဗုဒ္ဓဟောညွှန်ပြ၍ သာမဏေအား ပိုမိုကြည်ညို
မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလိုရကား ဤသို့သောစကားကို မိန့်တော်မူ၏။ “ဒါယကာတို့- သင်တို့အား အရတော်လေစွတကား၊ အကြင် သင်တို့သည် မိမိ၏ဆရာဖြစ်သော သာမဏေကိုအမှီပြု၍ သာရိပုတြာ၊ မောဂ္ဂလာန်၊ ကဿပ၊ အနုရုဒ္ဓါ အစရှိသော အသီတိ မဟာသာဝကတို့ကို ဖူးမြော်ခြင်းငှာ ရကြကုန်၏၊ ငါဘုရားသည်လည်း အသင်တို့၏ဆရာကိုသာ အမှီပြု၍ ကြွလာတော်မူခဲ့ရပေ၏၊ ငါဘုရားအား ဖူးမြင်ရခြင်းကိုလည်း အသင် ဒါယကာတို့သည် ဤသာမဏေကို အမှီပြု၍သာလျှင် ရအပ်ပေ၏၊ အသင်တို့အား အရတော်လေစွတကား၊ ကောင်းစွာ ရအပ်လေစွတကား”ဟု မိန့်တော်မူလေ၏။ လူတို့သည် “ဪ.. အံ့ဖွယ်ရှိလေစွတကား၊ ငါတို့အား အရတော်လေစွတကား၊ မြတ်စွာဘုရားတို့အားလည်းကောင်း၊ ရဟန်းသံဃာအပေါင်းအားလည်းကောင်း နှစ်သိမ့်စေခြင်းငှာ စွမ်းနိုင်သော ငါတို့၏ အရှင်ကို ဖူးမြော်ခြင်းငှာ ငါတို့ ရပေသည်၊ ထိုအရှင်အား လှူဖွယ်ဝတ္ထုကို လှူဒါန်းပူဇော်ခြင်းငှာလည်း ငါတို့ ရပေသည်”ဟု သာမဏေအား အမျက်ထွက်ပြီးကုန်သော လူတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြလေကုန်၏။ နှစ်သက်ပြီးဖြစ်ကုန်သော လူတို့လည်း အတိုင်းထက် အလွန် ကြည်ညိုမြတ်နိုးကြလေကုန်၏။ အနုမောဒနာတရားတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ မြတ်စွာဘုရားလည်း နေရာမှထ၍ ကြွတော်မူသည်ရှိသော် လူတို့သည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့ပြီးမှ ရှိခိုးဦးချ၍ ပြန်လည် ဆုတ်နစ်ကြလေကုန်၏။
သမုဒ္ဒရာမြင်ရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ
မြတ်စွာဘုရားသည် သာမဏေနှင့်အတူတကွ သာယာဖြည်းညင်းစွာ ကြွသွားခြင်းဖြင့် ကြွသွားတော်မူလျက် “သာမဏေ- ဤအရပ်သည် အဘယ်အရပ် မည်သနည်း၊ ဤအရပ်သည် အဘယ်အရပ် မည်သနည်း”ဟု ရှေးအခါ သာမဏေအား ဒကာကြီးက ညွှန်ကြားပြောဆိုအပ်သော အရပ်တို့ကို မေးမြန်းကာ ကြွတော်မူလေ၏။ သာမဏေသည်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအရပ်သည်ကား ဤအမည်ရှိပါသည်၊ ဤအရပ်သည်ကား ဤအမည်ရှိပါသည်ဘုရား”ဟု လျှောက်ကြားလျက်သာလျှင် လိုက်သွားလေ၏။ မြတ်စွာဘုရားသည် ထိုသာမဏေ၏ နေရာအရပ်သို့ရောက်လျှင် တောင်ထိပ်သို့ တက်ကြွတော်မူပြန်၏။ ထိုတောင်ထိပ်၌တည်နေသော သူတို့အားကား မဟာသမုဒ္ဒရာသည် ပေါ်လွင်ထင်ရှားလေ၏။ မြတ်စွာဘုရားသည် သာမဏေကို “ချစ်သားတိဿ- တောင်ထိပ်မှရပ်လျက် ထိုမှဤမှ ကြည့်သည်ရှိသော် အဘယ်ကို မြင်ရသနည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာသမုဒ္ဒရာကို မြင်ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “မဟာသမုဒ္ဒရာကိုမြင်လျှင် အဘယ်သို့သော အကြံကို ကြံစည်အောက်မေ့သနည်း”ဟု မေးတော်မူပြန်လတ်သော် “ဆင်းရဲဒုက္ခ တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း ငိုကြွေးရသော ငါ၏မျက်ရည်သည် ဤသမုဒ္ဒရာလေးစင်းရှိ ရေထက် အလွန့်အလွန်များသည် ဖြစ်တန်ရာ၏ဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သား တိဿ- သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ အသင်လျှောက်ကြားသော စကားအတိုင်း ဟုတ်မှန်လှပေ၏။ တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ဆင်းရဲဒုက္ခ တွေ့ကြုံသောအခါ ယိုစီးသော မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းရှိ ရေတို့ထက် အလွန့်အလွန် များကုန်သည်သာလျှင်တည်း”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူပြီးလျှင် ဤဂါထာကို ဟောတော်မူလေ၏။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊ ကိံ ကာရဏာ သမ္မ တုဝံ ပမဇ္ဇသိ။
စတူသု သမုဒ္ဒေသု၊ သမုဒ္ဒရာ လေးစင်းတို့၌။ ဇလံ၊ ရှိသော ရေသည်။ ပရိတ္တကံ၊ နည်း၏။ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်။ ဖုဋ္ဌဿ၊ တွေ့သော။ နရဿ၊ သတ္တဝါအား။ ဝါ၊ သတ္တဝါ၏။ သောစနာ၊ စိုးရိမ်ခြင်းကြောင့်။ ဇာတံ၊ ဖြစ်သော။ အဿုဇလံ၊ မျက်ရည်သည်။ တတော၊ ထိုထက်။ ဗဟုံ၊ များ၏။ အနပ္ပကံ၊ မနည်း။ သမ္မ၊ အချင်း။ တုဝံ၊ သင်သည်။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။
အိပ်ရာနေရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ
ထို့နောက်မှ တစ်ဖန် ထိုတိဿသာမဏေကို မြတ်စွာဘုရားသည် “ချစ်သားတိဿ- အဘယ်အရပ်မှာ နေသနည်း”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤတောင်ဝှမ်း၌ နေပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုတောင်ဝှမ်း၌နေစဉ် အဘယ်သို့သော အကြံကို ကြံစည်သနည်း”ဟု မေးတော်မူပြန်လေ၏။ “ငါသေသဖြင့် ဤနေရာ၌ အလောင်းကောင် ပစ်ချသည်ကို ပြုရခြင်း၏ အပိုင်းအခြားသည် မရှိပြီဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည် မြတ်စွာဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားတိဿ- သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ချစ်သား တိဿ- သင်လျှောက်ကြားသော စကားအတိုင်း ဟုတ်မှန်လှပေ၏၊ ဤသတ္တဝါတို့အား မဟာပထဝီမြေကြီးထက်၌ လျောင်းအိပ်စက်လျက် မသေဖူးသောနေရာမည်သည် မရှိ”ဟု မိန့်တော်မူပြီးလျှင် ဒုကနိပါတ် ဥပသာဠကဇာတ်လာ ဤဂါထာတို့ကို ဟောတော်မူ၏။
အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊ နတ္ထိ လောကေ အနာမတံ။
ဧတံ အရိယာ သေဝန္တိ၊ ဧတံ လောကေ အနာမတံ။
အသ္မိံ ပဒေသေ၊ ဤအရပ်၌။ ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ချည်းသာ တွင်ကုန်သည်ဖြစ်၍။ စတုဒ္ဒသ သဟဿာနိ၊ တစ်သောင်း လေးထောင်သော အလောင်းကောင်တို့ကို။ ဒဍ္ဎာနိ၊ ဖုတ်ကြည်းသင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လောက၌။ အနာမတံ၊ မသေဖူးရာဖြစ်သော အရပ်မည်သည်။ ဝါ၊ သုသာန်မဟုတ်သော အရပ်မည်သည်။ နတ္ထိ၊ မရှိ။
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာလေးပါးသိကြောင်း ရှေ့အဖို့ သစ္စာဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ ကုသိုလ်တရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အဟိံသာ စ၊ မညှဉ်းဆဲခြင်း ကရုဏာတရားသည်လည်း။ အတ္ထိ၊ ရှိ၏။ သံယမော စ၊ သီလစောင့်ရှောက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဒမော စ၊ ဣန္ဒြေကို ဆုံးမခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤဂုဏ်လေးပါး အပေါင်းရှိသော ပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရား,ပစ္စေကဗုဒ္ဓါ, သာဝကတို့သည်။ သေဝန္တိ၊ မှီဝဲဆည်းကပ်ကြကုန်၏။ လောကေ၊ လောက၌။ ဧတံ၊ ဤဂုဏ်လေးပါးအပေါင်းသည်။ အနာမတံ၊ သေခြင်း ကင်းသည်ကို ပြီးစေတတ်သောကြောင့် အနာမတ မည်ပေ၏။
အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော်မူခြင်း
အရှင်အာနန္ဒာမထေရ်နှင့် တူသောသူတို့သည်ကား မသေဖူးရာဖြစ်သောအရပ်၌ ပရိနိဗ္ဗာန်စံယူတော်မူကြကုန်၏။ အရှင်အာနန္ဒာမထေရ်သည် သက်တော် တစ်ရာ့နှစ်ဆယ် ရှိသောအခါ အာယုသင်္ခါရကို ကြည့်ရှုဆင်ခြင်တော်မူသည်ရှိသော် အာယုသင်္ခါရ ကုန်ခန်းသည့်အဖြစ်ကို သိတော်မူ၍ “ဤနေ့မှနောက် ခုနစ်ရက်မြောက်သောနေ့၌ ငါပရိနိဗ္ဗာန်ပြုတော့အံ့”ဟု မိန့်ကြားတော်မူလေ၏။ ထိုအကြောင်းကို ကြားသိကြရကုန်၍ ရောဟိနီမြစ်၏ နှစ်ဖက်သော ကမ်းခြေတို့၌ နေကုန်သောလူတို့တွင် ဤမှာဘက်ကမ်းခြေ၌နေကုန်သော လူတို့သည်လည်း “ငါတို့သည် မထေရ်မြတ်၏အပေါ်၌ များစွာ ကျေးဇူးဥပကာရ ရှိကြကုန်၏၊ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့”ဟု ပြောဆိုကြလေကုန်၏။ ထိုမှာဘက်ကမ်းခြေ၌နေကုန်သော လူတို့သည်လည်း “ငါတို့သည် မထေရ်မြတ်၏အပေါ်၌ များစွာ ကျေးဇူးဥပကာရ ရှိကြကုန်၏၊ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့”ဟု ပြောဆိုကြလေကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ထိုလူတို့၏စကားကို ကြားသိတော်မူရလျှင် “နှစ်ဖက်ကမ်းခြေ၌ နေကြကုန်သော လူတို့သည် ငါ၏အပေါ်၌ ကျေးဇူးဥပကာရ များလှသော သူတို့ချည်းသာ ဖြစ်ကုန်၏၊ ဤမည်သောသူတို့ကား ကျေးဇူးမများဟုဆိုခြင်းငှာ မတတ်ကောင်းကုန်၊ ငါသည် ဤမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည် ဖြစ်ခဲ့အံ့၊ ထိုမှာဘက်ကမ်း၌နေသော သူတို့သည် ငါ၏ဓာတ်တော်ကိုယူခြင်းငှာ ဤမှာဘက်ကမ်း၌ နေသောသူတို့နှင့် ငြင်းခုံခိုက်ရန် ပြုကြကုန်လတ္တံ့၊ ထိုမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည် ဖြစ်ခဲ့အံ့၊ ဤမှာဘက်ကမ်း၌နေသော သူတို့သည် ထို့အတူ ငြင်းခုံခိုက်ရန် ပြုကြကုန်လတ္တံ့၊ ငြင်းခုံခိုက်ရန် ဖြစ်လတ်သည်ရှိသော်လည်း ငါ့ကိုမှီ၍သာလျှင် ဖြစ်လတ္တံ့၊ ငြင်းခုံခိုက်ရန် ငြိမ်းအေးလတ်သည်ရှိသော်လည်း ငါ့ကိုမှီ၍သာလျှင် ငြိမ်းအေးလတ္တံ့”ဟု ကြံစည်ဆင်ခြင်တော်မူ၍ “ဤမှာဘက်ကမ်း၌နေသော သူတို့သည်လည်း ငါ့အားကျေးဇူးဥပကာရ များကုန်၏၊ ထိုမှာဘက်ကမ်း၌ နေသူတို့သည်လည်း ငါ့အား ကျေးဇူးဥပကာရ များကုန်၏၊ ကျေးဇူးမများသော သူတို့မည်သည် မရှိကုန်။”
“ဤမှာဘက်ကမ်း၌ နေလေ့ရှိသောသူတို့သည် ဤမှာဘက်ကမ်း၌သာ စည်းဝေးကြကုန်လော့၊ ထိုမှာဘက်ကမ်း၌ နေလေ့ရှိသောသူတို့သည်လည်း ထိုမှာဘက်ကမ်း၌သာ စည်းဝေးကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထို့နောက် ခုနှစ်ရက်မြောက်သောနေ့၌ မြစ်၏အလယ် ထန်းခုနစ်ဆင့် အတိုင်းအရှည်မြင့်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေထိုင်တော်မူလျက် လူများအပေါင်းအား တရားစကားကို ဟောကြားတော်မူပြီးလျှင် “ငါ၏ကိုယ်သည် အလယ်၌ ထက်ခြမ်းကွဲသဖြင့် တစ်ခုသောအဖို့ကား ဤမှာဘက်ကမ်း၌ ကျစေသတည်း၊ တစ်ခုသောအဖို့ကား ထိုမှာဘက်ကမ်း၌ ကျစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ထိုနေတော်မူမြဲတိုင်းသာလျှင် တေဇောကသိုဏ်းဈာန်ကို ဝင်စားတော်မူလတ်သည်ရှိသော် မီးတောက်မီးလျှံတို့သည် ထကုန်၏။ ကိုယ်တော်သည် အလယ်၌ကွဲ၍ တစ်ခုသောအဖို့သည် ဤမှာဘက်ကမ်း၌ ကျ၏။ တစ်ခုသောအဖို့ကား ထိုမှာဘက်ကမ်း၌ ကျ၏။ ထိုသို့ကျပြီးနောက် ကမ်းခြေနှစ်ဖက်၌ တည်နေစုဝေးကြကုန်သော များစွာသောလူတို့သည် ငိုကြွေးမြည်တမ်းကြလေကုန်၏။ ငိုကြွေးမြည်တမ်းသောအသံသည် မြေကြီးတော်လဲသော အသံကဲ့သို့ပင် ဖြစ်လေ၏။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံတော်မူစဉ်အခါ၌ ငိုကြွေးမြည်တမ်းသော အသံထက်သော်လည်း လွန်စွာသနားကြင်နာဖွယ်ရာ ကောင်းလှပေ၏။ လူတို့သည် လေးလတို့ပတ်လုံး ငိုကြွေးမြည်တမ်းကုန်လျက် “မြတ်စွာဘုရား၏ သပိတ်သင်္ကန်းတော်တို့ကို သယ်ပိုးရွက်ဆောင်လေ့ရှိသော အရှင်အာနန္ဒာမထေရ်သည် တည်နေထင်ရှား ရှိလတ်သော် မြတ်စွာဘုရား၏ တည်နေတကျ ရှိတော်မူသောကာလကဲ့သို့ ငါတို့အား ဖြစ်ချေ၏။ ယခုအခါ၌ ငါတို့၏ဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလေပြီ”ဟု ယောင်ယမ်း မြည်တမ်းကုန်လျက် လှည့်လည်သွားလာကြကုန်၏။ ဤကား အရှင်အာနန္ဒာမထေရ်၏ ပရိနိဗ္ဗာန်စံယူခန်း အမြွက်တည်း။
ဗုဒ္ဓ ဇေတဝန်သို့ ပြန်ကြွတော်မူခြင်း
ထို့နောက်တစ်ဖန် မြတ်စွာဘုရားသည် သာမဏေကို “ချစ်သား တိဿ- ဤတောအုပ်၌ သစ်အစရှိသော တောတိရစ္ဆာန်တို့၏အသံဖြင့် ကြောက်ရွံ့,တုန်လှုပ်ခြင်း ဖြစ်လေသလော၊ မဖြစ်လေသလော”ဟု မေးတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်ပါ၊ စင်စစ်သော်ကား ထိုတောတိရစ္ဆာန်တို့၏အသံကို ကြားရလျှင် တော၌ဖြစ်သော မွေ့လျော်ခြင်းမည်သည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ခြောက်ဆယ်မျှလောက်ကုန်သော ဂါထာတို့ဖြင့် ဝနဝဏ္ဏမည်သော တောဘွဲ့မည်သည်ကို ရွတ်ဆိုလေ၏။ ထိုအခါ သာမဏေကို မြတ်စွာဘုရားသည် “ချစ်သား တိဿ”ဟု ခေါ်တော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်းဘုရား”ဟု မေးလျှောက်၏။ “ငါတို့သည် ပြန်သွားကြကုန်အံ့၊ အသင်သည် လိုက်လာခဲ့အံ့လော၊ သို့တည်းမဟုတ် ဆုတ်နစ်ပြန်လည်၍ပင် နေရစ်အံ့လော”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ မထေရ်မြတ်သည် တပည့်တော်ကို ခေါ်ဆောင်၍သွားလိုသည်ဖြစ်ပါအံ့၊ တပည့်တော်လိုက်ပါမည်၊ ဆုတ်နစ် ပြန်လည်စေသည်ဖြစ်ပါအံ့၊ ပြန်လည်၍ နေရစ်ပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာတော် အပေါင်းနှင့်တကွ ဖဲသွားတော်မူလေ၏။ သာမဏေအားကား ဆုတ်နစ်ပြန်လည်၍ နေလိုသော ဆန္ဒရှိ၏။ အရှင်သာရိပုတြာ မထေရ်မြတ်သည် ဤသို့ နေရစ်လိုသည်အဖြစ်ကို သိတော်မူသဖြင့် “ငါ့ရှင်တိဿ- အကယ်၍ ပြန်လည်နေလိုသော ဆန္ဒရှိမူကား ဆုတ်နစ် ပြန်လည်လော့”ဟု မိန့်တော်မူ၏။ သာမဏေသည် မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာတော်အပေါင်းကိုလည်းကောင်း ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် နေရစ်ခဲ့လေ၏။ မြတ်စွာဘုရားလည်း ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။
အစည်းအဝေး၌ ရဟန်းတို့ပြောသောစကား
ရဟန်းသံဃာတော်အပေါင်းတို့အား တရားသဘင်၌ ဤသို့သောစကားသည် ဖြစ်ပေါ်လေ၏။ “ငါ့ရှင်တို့- ဪ.. အံ့ဩဖွယ် ရှိလေစွတကား၊ ဝနဝါသီ တိဿသာမဏေသည် ပြုနိုင်ခဲသောအမှုကို ပြုလေစွတကား၊ ပဋိသန္ဓေ စွဲယူနေသော အခါမှစ၍ ထိုတိဿသာမဏေ၏ ဆွေမျိုးသားချင်းတို့သည် မင်္ဂလာခုနစ်ပါးတို့၌ ငါးရာသောရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် လှူဒါန်းကြကုန်၏၊ ရှင်သာမဏေပြုသောအခါ ကျောင်း၏အတွင်း၌ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ခုနစ်ရက်တို့ပတ်လုံး ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာ လှူဒါန်းကြလေကုန်၏၊ ရှင်သာမဏေပြုပြီး၍ ရှစ်ရက်မြောက်သော နေ့၌လည်း ရွာတွင်းသို့ဝင်သည်ရှိသော် နှစ်ရက်တို့ဖြင့်သာလျှင် ပုဆိုးတစ်ထောင်နှင့်တကွ ဆွမ်းတစ်ထောင်ကို ရပြန်လေ၏။ တစ်ဖန် တစ်နေ့သ၌ ကမ္ဗလာတစ်ထောင်ကို ရလေ၏။ တစ်ဖန် တစ်ခုသောနေ့၌ ကမ္ဗလာတစ်ထောင်ကိုရပြန်လေ၏၊ ဤသို့လျှင် ထိုသာမဏအား ဤအရပ်၌ နေသောအခါ များစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လေ၏။ ယခုအခါ ဤသို့သဘောရှိသော လာဘ်ပူဇော်သက္ကာရကိုစွန့်၍ တောသို့ဝင်ပြီးလျှင် အရောအနှောဖြစ်သော အစာအာဟာရဖြင့် မျှတစေနိုင်ပေ၏၊ သာမဏေသည် ပြုနိုင်ခဲသောအမှုကို ပြုလေစွတကား”ဟု ချီးမွမ်းထောမနာသော စကားသည် ထင်ရှားစွာ ဖြစ်ပေါ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား ကြွတော်မူလာသော ဤယခုအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည် ရှိသော် “ချစ်သားရဟန်းတို့- ဪ.. ဟုတ်လှပေ၏။ ထိုလာဘ်ကိုမှီ၍ကျင့်သော အကျင့်မည်သည်လည်း တစ်မျိုးတခြား ဖြစ်၏။ ဤသို့ ကျင့်သည်ရှိသော် လာဘ်ကိုရအံ့ဟူ၍ အာရညကင်စသော ဓုတင်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် လာဘ်ကိုမှီ၍ကျင့်သော ဓုတင်စသောအကျင့်ကို ပြုသောရဟန်းအား အပါယ်လေးဘုံတို့သည် တံခါးဟင်းလင်းပွင့်ကုန်၍သာလျှင် တည်ကုန်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဖြင့် ဖြစ်ပေါ်လာသော လာဘ်သက္ကာရကို ပယ်ခွာစွန့်ပစ်လျက် တောသို့ဝင်ပြီးသောအခါ ကောင်းမွန်စွာ စေ့ဆော်တတ်သော လုံ့လဥဿာဟ ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်ကိုယူရလေ၏”ဟု အနုသန္ဓေကိုစပ်၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
လာဘူပနိသာ၊ လာဘ်ကိုမှီ၍ကျင့်သော အကျင့်သည်။ အညာဟိ-အညာဧဝ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှတစ်ပါး တခြားသာလျှင်တည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်သည်။ အညာဟိ-အညာဧဝ၊ လာဘ်ရကြောင်း အကျင့်မှတစ်ပါး တခြားသာလျှင်တည်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤအကျင့်နှစ်ပါးကို။ အဘိညာယ၊ သိ၍။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်သာဝကဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရအထူးကို။ နာဘိနန္ဒေယျ၊ အလွန်နှစ်သက် မတောင့်တရာ။ ဝိဝေကံ၊ သုံးပါးသောဝိဝေကကို။ အနုဗြူဟယေ၊ အဖန်ဖန် ပွားများရာ၏။
ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပာယ်
ဤသို့ လာဘ်ရကြောင်း၊ နိဗ္ဗာန်ရကြောင်း တရားနှစ်ပါးအပေါင်းကို ကောင်းစွာသိမြင်သော ဗုဒ္ဓ၏သာဝက ရဟန်းကောင်းသည် တရားနှင့်မညီသော ပစ္စည်းလေးသွယ် ပူဇော်ဖွယ်ကို ခုံမင်စုံမက် နှစ်သက်ခြင်းမပြုရာ၏။ တရားနှင့်ညီသော ပစ္စည်းလေးသွယ် ပူဇော်ဖွယ်ကို ပိတ်ပင်တားဆီး မဖျက်ဆီးရာ။ တစ်ကိုယ်တည်းအဖြစ်ဟူသော ကာယဝိဝေက၊ သမာပတ်ရှစ်ပါးဟူသော စိတ္တဝိဝေက၊ နိဗ္ဗာန်ဟူသော ဥပဓိဝိဝေက ဤဝိဝေကသုံးပါးတိုးပွားအောင် ဖြည့်ကျင့်ရာ၏။ ထိုသုံးပါးတို့တွင် ကာယဝိဝေကသည် အပေါင်းအဖော်အပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ စိတ္တဝိဝေကသည် ကိလေသာအပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ ဥပဓိဝိဝေကသည် သင်္ခါရတရားအပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ ကာယဝိဝေကသည် စိတ္တဝိဝေက၏ အကြောင်းအထောက်အပံ့ ဖြစ်၏။ စိတ္တဝိဝေကသည် ဥပဓိဝိဝေက၏ အကြောင်းအထောက်အပံ့ ဖြစ်၏။ ဤဝိဝေကသုံးပါး တိုးပွားအောင် ဖြည့်ကျင့်ရမည် ဟူလို။)
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။