ဝမ်းနည်းမပြေ-ချီ ရတု
by ရဝေရှင်ထွေး
3215ဝမ်းနည်းမပြေ-ချီ ရတုရဝေရှင်ထွေး

ဝမ်းနည်းမပြေ၊ မွှေ့ရာရွှေထက်
ကြာခွေသောသူ၊ မယ့်လွမ်းမူကို
ကြင်သူသက်ဝေ၊ မသိလေတည့်
ဖျော်ဖြေလျက်ပင်၊ မရွှင်လှဆုံး
အုံးထက်လျှမ်းပြည့်၊ နေရှာလှည့်လျက်
မည်သည့်မသိ၊ ကြည့်တိတိကို
မသိချိန်ခါ၊ သူကတာ၍
ရွာတော့သည်လည်း မိုးသကြား။

လျှမ်းပည်းတထွေ၊ တောင်ကလေနှင့်
မြောက်လေရှက်ပြေး၊ ရောကြထွေးလျက်
မြှေးမြှေးပျပျ၊ နွေလမမည်
ချမ်းသည်မစဲ၊ ရာသီခွဲဝယ်
ဝမ်းကွဲတမ်းဆွတ်၊ ဖြစ်စေတတ်သား
လူနတ်များရှင်၊ ဖန်စီရင်၍
မရွှင်တမ်းစက်၊ အုံ့ပြက်မနည်း
အလွမ်းသည်းအောင်၊ ဆည်းဘိသည်လော
မရောလင်းဝါ၊ လျှပ်စစ်ပါ၍
ဖြာတော့သည်လည်း တိမ်ညွန့်ကြား။

ကမ်းလည်းအနေ၊ မြစ်ရေမကြွ
စမ်းကျမနိမ့်၊ ရေအေးစိမ့်လျက်
မိုးတိမ့်အလုံး၊ လွှမ်းဖုံးကောင်းကင်
နေကိုလျှင်လည်း၊ မမြင်တပ်တပ်
ပိတ်ပိတ်ထပ်သော်၊ လှပ်လှပ်နွဲ့ရှာ
မဉ္ဇူကြာသို့၊ ဗျာပါထပ်ပွား
လွမ်းချင်းများကို၊ ထားရစေတော့
လျှော့ကြီးလျှော့မှ၊ ရွှေလှော့်အသွင်
ရာတင်ဆယ်ပြန်၊ မယုတ်လွန်သို့
စေကျွန်မလာ၊ နုတ်ဆင့်မှာ၍
ကြာတော့သည်လည်း မောင့်စကား။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။