3254ဝိဓုရဇာတ်တော်ကြီး — ၂။ နဂါးမင်း မိဖုရားကြီး ချင်ခြင်းဖြစ်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုမင်း၄-ပါးတို့တွင် နဂါးမင်း၏မိဖုရားကြီး နဂါးမကား “ဝိမလာ” အမည်ရှိ၏။ ထိုဝိမလာအမည်ရှိသော နဂါးမိဖုရားသည် နဂါးမင်း လူ့ပြည်မှပြန်ရောက်သောအခါ လည်၌ဆင်သောပတ္တမြားကို မမြင်သည်ဖြစ်၍ “အရှင်မင်းကြီး။ ပတ္တမြားကို အဘယ်မှာ ထားခဲ့သနည်း”ဟု မေး၏။

“အဘယ်မိဖုရား။ စန္ဒအမည်ရှိသော ပုဏ္ဏား၏သား ဝိဓုရ အမည်ရှိသောသုခမိန်၏ တရားစကားကို ကြားနာရ၍ အလွန်ကြည်ညိုသောစိတ်ရှိသဖြင့် ထိုဝိဓူရသုခမိန်အား ပတ္တမြားဖြင့် ငါပူဇော်ခဲ့သည်။ ငါသာ ပူဇော်သည် မဟုတ်။ သိကြားမင်းသည်လည်း ဘွဲ့ဖြူပုဆိုးဖြင့်, ဂဠုန်မင်းသည်လည်း ရွှေပန်းဖြင့်, ဓနဉ္စယ ကောရဗျမင်းသည်လည်း နွားမ ၁၀၀၀ စသည်ဖြင့် ပူဇော်၏”ဟု ဆို၏။

“အရှင်မင်းကြီး။ ထိုသို့တပြီးကား ဝိဓုရသည် တရားဟောသုခမိန်လော”ဟု မေး၏။ “အဘယ်မိဖုရား။ အဘယ်သို့ ဆိုသနည်း။ အလုံးစုံသော ဇမ္ဗူဒီပါကျွန်းအပြင်၌ ဘုရားပွင့်တော်မူသကဲ့သို့ ဖြစ်၏။ ၁၀၁-ပါးကုန်သောမင်းတို့သည် “ဆင်ကိုနှစ်သက်စေတတ်သော စောင်းသံဖြင့် တပ်မက်ကုန်သော ဆင်အပေါင်းတို့ကဲ့သို့” ဝိဓုရ၏ သာယာနာပျော်ဖွယ်သော တရားစကား၌ နှစ်သက်ကြကုန်လျက် မိမိတို့၏ပြည်ရွာသို့မျှ မပြန်ရက်နိုင်ကုန်တကား။ သာယာနာပျော်ဖွယ်သော စကားဖြင့် ပြညွှန်တတ်သော တရားဟော သုခမိန်ပေတည်း”ဟု ဝိဓူရသုခမိန်၏ ဂုဏ်ကျေးဇူးအထူးကို ချီးမွမ်း၍ပြော၏။

ထိုစကားကိုကြားလျှင် ဝိမလာမိဖုရားသည် ဝိဓူရသုခမိန်၏ တရားစကားကို နာလိုသည်ဖြစ်၍ ဤသို့ကြံ၏။ “ငါသည် အကယ်၍ “အရှင်မင်းကြီး။ အကျွန်ုပ်သည် ဝိဓူရသုခမိန်၏ တရားစကားကို နာလိုပါ၍ ဤနဂါးပြည်သို့ ဆောင်တော်မူပါ”ဟု ဆိုငြားသော်လည်း မင်းကြီး မဆောင်ပေရာ။ စင်စစ်သော်ကား “ဝိဓုရသုခမိန်၏ နှလုံးကို အလိုရှိ၏”ဟူသော ဥပါယ်တံမျဉ်ဖြင့် မအီမသာ နာယောင်ပြုအံ့”ဟုကြံ၍၊ အသရေရှိသော အိပ်ရာတိုက်သို့ ဝင်ပြီးလျှင် မိမိ၏အခြွေအရံ နဂါးမငယ်တို့ကို အမှတ်ပေး၍အိပ်၏။

နဂါးမင်းသည် တစ်နေ့သ၌ မိဖုရား,မောင်းမတို့ ခစားသောအခါ ဝိမလာမိဖုရားကို မမြင်သောကြောင့် “ငါ၏မိဖုရား ဝိမလာကား အဘယ်မှာနည်း”ဟု မောင်းမများကိုမေးလျှင်၊ “အရှင်မင်းကြီး။ ရှင်မိဖုရားသည် နာသောကြောင့် မခစားနိုင်။ ကျက်သရေတိုက်၌ ရှိပါသည်”ဟု လျှောက်၏။

နဂါးမင်းကြီးလည်း “မိဖုရား နာသည်”ဟု ကြားလျှင် နေရာမှထ၍ မိဖုရားကြီးအထံသို့သွားပြီးသော်၊ အိပ်ရာနံပါး၌နေလျက် မိဖုရားကြီးကိုယ်ကိုသုံးသပ်၍ “ပဏ္ဍု ကိသိယာ”အစရှိသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အဘယ်မိဖုရား။ သင်၏ကိုယ်သည် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့ခြင်း ရှိ၏။ ကြုံလည်း ကြံ၏တကား။ ရှေးကကဲ့သို့ ထွားထွားနုနု ရှုချင်ဖွယ်သောကိုယ်အဆင်း မရှိ။ ယခု ညှိုးငယ် လျော့ပါးလှ၏။ သင်၌ အဘယ်ဝေဒနာ ရှိသနည်း။ ငါ့အား ပြောလော့”ဟု ဆို၏။

ဝိမလာမိဖုရားလည်း မင်းကြီးအား ကြားလိုသောကြောင့် “ဓမ္မော မနုဇေသု”အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“နဂါးတို့ကိုအစိုးရသော နဂါးမင်းမြတ်။ လူတို့တွင် လိုချင်ခြင်းဟူသည်ကား မိန်းမတို့၏ သဘောအလေ့တည်း။ အလိုမပြည့်သဖြင့် ပြင်းစွာသောဝေဒနာသို့ ရောက်၏။ အကျွန်ုပ်သည်လည်း အနိုင်အထက်မပြုမူ၍ တရားနှင့်အညီ ဆောင်၍ရသော ဝိဓူရသုခမိန်၏နှလုံးကို အလိုရှိ၏။ ထိုဝိဓူရသုခမိန်၏ နှလုံးကိုရမှ ကျွန်ုပ် အသက်ရှင်အံ့သည်။ မရသည်ရှိသော် အရှင်မင်းကြီးနှင့် မြင့်ရှည်စွာမပေါင်းရဘဲ သေကွဲခြင်းသို့ ရောက်အံ့သည်”ဟု ဆို၏။

စကားကို ကြားလျှင် “စန္ဒံ ခေါ တွံ ဒေါဟဠာယသိ” အစရှိသော ဂါထာကို မင်းကြီး ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အဘယ် ဝိမလာ။ သင်သည် နေကိုလည်းကောင်း, လကိုလည်းကောင်း လိုချင်သော်မျှ မခဲလွန်း။ ဇမ္ဗူဒီပါကျွန်းအပြင်၌ ၁၀၁-ပါးသောမင်းတို့သည် တရားစောင့်ရန်အမှတ်ဖြင့် မြတ်နိုးကြည်ညိုသော ဝိဓုရသုခမိန်ကို ဖူးမြင်ရရုံမျှသော်လည်း အလွန် ရခဲ၏။ ဤနဂါးပြည်သို့သော်ကား အဘယ်သူ ဆောင်နိုင်ပါအံ့နည်း”ဟု ဆို၏။

မိဖုရားသည် မင်းကြီး၏စကားကိုကြားလျှင် “ဝိဓူရသုခမိန်၏နှလုံးကို မရသည်ရှိသော် ဤအိပ်ရာ၌ပင်လျှင် သေစေတော့”ဟူ၍ တစ်ဘက်သို့ ကိုယ်ကိုပြန်လှည့်လျက် မင်းကြီးကိုကျောပေးသဖြင့် မိမိမျက်နှာကို တဘက်မြိတ်ဖြင့် ဖုံးလွှမ်း၍အိပ်၏။ နဂါးမင်းသည် ခေါ်မထူး မေးမရရှိလျှင် မကြံနိုင်ပင်ပန်းစွာ နှလုံးမသာရှိ၍ မိမိနေရာတိုက်သို့ဝင်ပြီးသော် အသရေရှိသော ညောင်စောင်းထက်၌ အိပ်လျက် “ဝိမလာသည် ဝိဓုရနှလုံးကို မရသည်ရှိသော် သေခြင်းသို့ ရောက်အံ့သည်ကား မချွတ်ရာ။ အဘယ်သူသည် ဝိဓူရသုခမိန်၏နှလုံးကို ဆောင်နိုင်ပါအံ့နည်း”ဟု ကြံ၏။

ထိုအခါ နဂါးမင်း သမီးသည် ဣရန္ဓတီ အမည်ရှိ၏။ ထိုဣရန္ဓတီမင်းသမီးသည် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် များစွာသောအသရေ၏ တင့်တယ်ခြင်းဖြင့် ခမည်းတော်ထံ ခစားအံ့သောငှာ လာလတ်၍၊ တင့်အပ်သောအရပ်၌နေပြီးသော် ခမည်းတော်မင်းကြီး၏ နှလုံးမသာဟန် ဖောက်ပြန်သော ဣန္ဒြေမူလကိုမြင်လျှင် “ခမည်းတော်မင်းကြီး။ အလွန် နှလုံးမသာခြင်းသို့ ရောက်ဟန်ရှိခဲ့သည်တကား။ အဘယ် အကြောင်းကြောင့်နည်း”ဟု မေးလို၍ “ကိံ နု တွံ” အစရှိသော ဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“ယူဇနာ ၅၀၀ ကျယ်စွာသောနဂါးပြည်ကို အစိုးရသော ခမည်းတော်မင်းကြီး။ ခမည်းတော်သည် အဘယ့်ကြောင့် ကြံမှိုင်တော်မူသနည်း။ ခမည်းတော်၏မျက်နှာတော်သည် လက်ဖြင့်ဆုပ်နယ်အပ်သော ကြာပဒုမ္မာပွင့်ကဲ့သို့ ညိုးတော်မူ၏။ အဘယ်အကြောင်းကြောင့် စိုးရိမ်တော်မူသနည်း။ အကျွန်ုပ်အား ပြောလော့။ စိုးရိမ်တော် မမူလင့်”ဟု ဆို၏။

သမီးတော် ဣရန္ဓတီ၏စကားကိုကြားလျှင် ထိုအကြောင်းကိုပြန်လိုသောကြောင့် “မာတာ ဟိ တဝ” အစရှိသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ငါ့သမီး ဣရန္ဓတီ။ သင်၏အမိသည် ဝိဓူရသုခမိန်၏နှလုံးကို အလိုရှိခဲ့၏။ နှလုံးကိုထား၍ ဝိဓုရသုခမိန်ကိုမျှ မြင်ရခဲ၏။ အဘယ်သူလျှင် နဂါးပြည်သို့ ဆောင်နိုင်အံ့နည်း”ဟု ဆို၍၊

“ချစ်သမီး။ ငါ၏အထံသို့ ဝိဓူရသုခမိန်ကို ဆောင်နိုင်သောသူမည်သည် သမီးတော်မှတစ်ပါး မရှိ။ ငါ၏ချစ်သမီးသည်သာ မယ်တော်၏အသက်ကို ချမ်းသာစေလိုသဖြင့် ဝိဓူရသုခမိန်ကို ငါ့ထံသို့ရောက်အောင် ဆောင်ခြင်းငှာ စွမ်းနိုင်သောလင်ကို သင်ရှာလေလော့”ဟု နဂါးမင်းသည် မယားအားချစ်ခြင်း ကိလေသာဖြင့် ယစ်သည်ဖြစ်၍၊ အလွန် အရှက်အကြောက်ကို သိမ်းဆည်းအုပ်ချုပ်၍ ဂုဏ်အသရေ ပြုရာ, ဆောင်ရာသော သမီးကိုစင်လျက် “လင်ရှာချေ”ဟု မလျောက်ပတ်သောစကားကို ဆိုဘိ၏။

ဣရန္ဓတီမင်းသမီးသည် ခမည်းတော်အား နှစ်သိမ့်စေပြီးလျှင် မယ်တော်ထံသွား၍၊ မယ်တော်အားလည်း နှစ်သိမ့်စေပြီးမှ မိမိအိပ်ရာတိုက်သို့ဝင်ပြီးသော် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍၊ ပန်းအထည်ကိုဝတ်လျက် ပန်းတဘက်ကို ပခုံးတစ်ဘက်၌တင်၍ ထိုညဉ့်၌ပင်လျှင် ရေအလျဉ်ကိုခွဲ၍ နဂါးပြည်မှ ထွက်ခဲ့သဖြင့် ဟိမဝန္တာအရပ်၌ သမုဒ္ဒရာနားဝယ် ကာဠအမည်ရှိသောတောင်သည် ရှိ၏။ ထိုတောင်သည် ယူဇနာ-၆၀ မြင့်၏။ တစ်ခဲနက် ကျောက်ညိုအတိ ပြီး၏။ ထိုကာဠအမည်ရှိသော မျက်စဉ်းတောင်သို့သွားလေ၍၊ ဟိမဝန္တာ၌ အဆင်း, အနံ့နှင့်ပြည့်စုံသော နတ်ပန်းတို့ကို ဆောင်ယူပြီးလျှင် တစ်တောင်လုံးကို ပတ္တမြားစုကဲ့သို့ ရှုချင်ဖွယ်တန်ဆာဆင်ပြီးသော် တောင်၏အထွတ်၌ ပန်းအခင်းကိုခင်း၍ ဤသို့ နှစ်လိုဖွယ်သောအခြင်းအရာဖြင့် က,လျက် သာယာစွာ သီချင်းကိုသီ၍ “ကေ ဂန္ဓဗ္ဗေ” အစရှိသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ဤဟိမဝန္တာ၌ရှိကုန်သော အို နတ်အပေါင်းတို့။ ဂန္ဓဗ္ဗဘီလူး, နဂါး, ကိန္နရာ, လူပညာရှိတို့သည် ရှိကုန်၏။ ထိုသူအပေါင်းတို့တွင် အကြင်သူသည် ငါ၏အလိုကို ပေးနိုင်အံ့။ ငါသည် ဓနဉ္စယမင်း၏အမတ် ဝိဓူရသုခမိန်၏နှလုံးကို တရားသဖြင့် အလိုရှိ၏။ ထိုသို့ ငါအလိုရှိသော ဝိဓူရသုခမိန်၏နှလုံးကို တရားသဖြင့်ဆောင်၍ ပေးနိုင်အံ့။ ထိုသူသည် ငါ၏လင် ဖြစ်ရလိမ့်သတည်း”ဟု ဆို၏။

ထိုအခါ ဝေဿဝဏ်နတ်မင်းကြီး၏တူ “ပုဏ္ဏက”အမည်ရှိသော ဘီလူးစစ်သူကြီးသည် တစ်ဂါဝုတ်ပမာဏရှိသော မနောမယ သိန္ဓောမြင်းကိုစီး၍ ကာဠတောင်ထိပ်ဖြင့် ဆေးဒန်းမြင်းသီလာ ကျောက်အပြင်၌ ဘီလူးတို့အစည်းအဝေးသို့ သွားလေသော် ထိုဣရန္ဓတီနဂါးမင်းသမီး၏ သီချင်းသံကို ကြားလေ၏။ ထိုဣရန္ဓတီသည် အခြားမဲ့သောဘဝက ပုဏ္ဏက၏မယား ဖြစ်ဖူးသတည်း။ ထိုသို့ သံသရာက ချစ်စိတ်ဝါသနာ အထုံပါသော ပုဏ္ဏကဘီလူးသည် ဣရန္ဓတီ၏ သီချင်းသံကိုကြားလျှင် ဦးခေါင်းရေသား ကြွမည်ကဲ့သို့ ရိုးတွင်းခြင်ဆီထိအောင် နှစ်သက်ခြင်းပီတိရှိသည်ဖြစ်၍ ဣရန္ဓတီအား တပ်မက်သောစိတ်ဖြင့် မြင်းကိုရပ်စေ၍ သိန္ဓောမြင်းပျံပေါ်၌ နေလျက်လျှင် “အဘယ်။ ငါ၏အစွမ်းဖြင့် တရားနှင့်အညီ ဝိဓူရသုခမိန်၏နှလုံးသားကို ဆောင်ခြင်းငှာ စွမ်းနိုင်၏။ သင် မစိုးရိမ်လင့်။ သင်သည် ငါ၏မယား ဖြစ်စေအံ့”ဟု ဆို၏။

ထိုပုဏ္ဏကစကားကိုကြားလျှင် ဣရန္ဓတီသည် ထိုသို့တပြီးကား “အကျွန်ုပ်၏ခမည်းတော် နဂါးမင်းကြီးထံ သွားကြကုန်အံ့”ဟုဆိုလျှင်၊ ပုဏ္ဏကဘီလူးစစ်သူကြီးသည် ဣရန္ဓတီနှင့် ရှေးကဆုတောင်းအစဉ် အလျဉ်ပါကြသော ချစ်စိတ်အဟုန်ဖြင့် “ကောင်းပြီး၊ သွားအံ့”ဟု ဣရန္ဓတီကို မြင်းထက်သို့တင်အံ့သောငှာ မိမိမြင်းမှဆင်း၍ “ဣရန္ဓတီလက်ကို ဆွဲအံ့”ဟု လက်ကိုဆန့်၏။ ဣရန္ဓတီလည်း မိမိလက်ကို အဆွဲမခံ။ ပုဏ္ဏကဆန့်သောလက်ကို ဦးအောင်ဆွဲ၍-

“အရှင့်သား။ အကျွန်ုပ်ကို မိမဲ့ဘမဲ့ အထီးကျန် မှတ်တုံသလော။ အကျွန်ုပ်၏အဖသည် ယူဇနာ-၅၀၀ကျယ်သော နဂါးပြည်ကိုအစိုးရသော ဝရုဏနဂါးမင်းတည်း။ အကျွန်ုပ်၏အမိကား ထိုမင်း၏ မိဖုရားကြီးဖြစ်သော ဝိမလာ ဒေဝီတည်း။ အရှင့်သား။ အကျွန်ုပ်ခမည်းတော်မင်းကြီးထံ သွားကြကုန်၍ အကျွန်ုပ်နှင့် ထိမ်းမြားလက်ထပ် မင်္ဂလာပြုပါမည့်အကြောင်းကို တောင်းပန်လော့”ဟုဆို၍ ပုဏ္ဏကကို နဂါးမင်းထံသို့ ခေါ်၍သွားလေ၏။

ပုဏ္ဏကသည် နဂါးမင်းထံသို့ ရောက်လျှင် ဣရန္ဓတီကို တောင်းလိုသောကြောင့်-

“နာဂဝရ ဝစော သုဏောဟိ မေ၊ ပတိရူပံ ပဋိပဇ္ဇ သုင်္ကိယံ။

ပတ္ထေမဟံ ဣရန္ဓတိံ၊ တာယ သမင်္ဂိံ ကရောဟိ မမံ တုဝံ။”

“သတံဟတ္ထီ သတံအဿာ၊ သတံအဿတရီ ရထာ။

သတံ ဝလဘိယော ပုဏ္ဏာ၊ နာနာရတနဿ ကေဝလာ။

တေ နာဂ ပဋိပဇ္ဇဿု၊ ဓီတရံ ဒေဟိ ဣရန္ဓတိံ။”

ဟူသော ၂-ဂါထာခွဲကို ရွတ်၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ အကျွန်ုပ်၏စကားကို နာစေချင်၏။ ဆိုလိုသည့်စကားမှာ အကျွန်ုပ်သည် မင်းကြီး၏သမီးတော် ဣရန္ဓတီကို သံသရာဟောင်းက အကြောင်းပါသည်ဖြစ်၍ နှစ်သက်ခြင်း ဖြစ်၏။ မျိုးဆက်ခြင်းနှင့် လျောက်ပတ်သော ဆင် ၁၀၀၊ မြင်း ၁၀၀၊ အဿတိုရ်မြင်းက,သော ရထား ၁၀၀၊ ရတနာ ၇-ပါး, ရတနာ ၁၀-ပါးတို့ဖြင့် ပြည့်သော လှည်းရထား ၁၀၀၊ ဤလက်ဆောင်များကို သိမ်းခံတော်မူ၍ အကျွန်ုပ်အား သမီးတော်ဣရန္ဓတီနှင့် ထိမ်းမြားလက်ထပ် ပြုစေချင်၏”ဟု ဆို၏။

နဂါးမင်းသည် ပုဏ္ဏကစကားကိုကြားလျှင် အလျင်တဆော မလိုက်သာအပ်သည့်အမှု ဖြစ်သည်နှင့်အညီ သမီးမိဘတို့ ပြောဆိုခြင်းစကားကို ပြောဆိုလို၍-

“ယာဝ အာမန္တယေ ဉာတီ၊ မိတ္တေ စ သုဟဒဇ္ဇနေ။

အနာမန္တ ကတံ ကမ္မံ၊ တံ ပစ္ဆာ အနုတပ္ပတိ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ဘီလူးစစ်သူကြီး။ သင်သည် ဝေဿဝဏ်နတ်မင်းကြီး၏ တူတော်အစစ် ဖြစ်ပေသည်။ တစ်စုံတစ်ခုမျှ ရွေးချယ်အပ်သည် မရှိ။ သင်တို့နှင့် အမျိုးဆက်ရမည်ဆိုသည်မှာ အလွန် နှစ်သက်ပါ၏။ သို့ရာတွင် လောက၌ အမှုဟူသည်ကို တိုင်ပင်အပ်သည်။ အဆွေအမျိုး အတ္ထက္ခာယီ အဆွေခင်ပွန်းတို့အား မတိုင်မပင် အလျင်တဆော ကိုယ့်အလိုနှင့်သာ ဆောင်ချေပြုသော် ထိုအမှုသည် နောင် ကောင်းပါလျှင်မူကား အပြစ်မရှိ။ နောင် အရေးမလှ မကောင်းရှိခဲ့လျှင် မိမိလည်း နောင်တတစ်ဖန် ရှိတတ်ချေသည်။ သူတစ်ပါးတို့လည်း အပြစ်တင်ဖွယ် ဖြစ်ချေသည်။ ယခုလည်း ကိုယ့်အသက်နှင့်အတူ ထိန်းရစောင့်ရှောက်ရလျက် ချစ်ကြင်နာလှစွာသော ရင်သွေးသမီးကို ထိမ်းမြားမင်္ဂလာအရေးသည် ခဏခေတ္တအမှု မဟုတ်။ တစ်သက်လုံးတော်မှ တင့်တယ်မည့်အမှုဖြစ်၍ မြော်ချင့်စဉ်းစားလျက် ဆွေသားမျိုးသား အဆွေခင်ပွန်းများကို တိုင်ပင်ပြောဆိုပါရစေဦး။”

“မိန်းမတို့သဘောသည် ဆွေမျိုးအရပ်မှခွာ၍ တစ်ပါးအရပ်မှာ ပျော်မွေ့ခဲသည်လည်း ဖြစ်ပါတော့သည်။ ဣရန္ဓတီသည်လည်း ငယ်ရွယ်သေးသည် တစ်ကြောင်း, မိဘနှင့်ခွဲ၍ မနေဖူးသည် တစ်ကြောင်း၊ ပြုရာဆောင်ရာသည့် အမှုအခွင့်ကို နားမျှမကြားရအောင် ကြောင့်ကြမဲ့ချမ်းသာစွာ နေရသည်တစ်ကြောင်း ဖြစ်၍၊ နောင် သင်တို့နတ်ပြည်၌ မပျော်မမွေ့ အထူးအထွေရှိချေသော် “ငါတို့ကို မတိုင်မပင်၊ သမီးငယ်ကို ဝေးစွာအရပ်သို့ ဆောင်နှင်းလိုက်လေသည်”ဟု ငါ့ကို ဆွေမျိုးသားချင်း ချစ်ခင်သသူတို့ အပြစ်တင်ဖွယ် ရှိချေသည်ဖြစ်၍ သင်သည် ခေတ္တငုံလင့်ဦး”ဟု ဆိုပြီးလျှင်၊

ဂါးမင်းသည် ညီလာခံရာ လျောင်းတော်ဦးမှသည် နန်းမဆောင်သို့ဝင်၍ မိဖုရားကြီးနှင့် တိုင်ပင်လိုသောကြောင့်-

“အယံ သော ပုဏ္ဏကော ယက္ခော၊ ယာစတိ မံ ဣရန္ဓတိံ။

ဗဟုနာ ဝိတ္တလာဘေန၊ တဿ ဒေမ ပိယံ မမံ။”

ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“အဘယ် ဝိမလာဒေဝီ။ ဝေဿဝဏ်နတ်မင်းကြီး၏ တူဖြစ်သော ပုဏ္ဏကစစ်သူကြီးသည် ငါတို့သမီး ဣရန္ဓတီကို ဆောင်နှင်းပါမည့်အကြောင်းကို ဤမည်သော စည်းစိမ်ဥစ္စာ ပဏ္ဏာလက်ဆောင်များနှင့် တောင်းလာ၏။ ထိုဘီလူးစစ်သူကြီးအား ထိမ်းမြားဆောင်နှင်းရသော် ကောင်းမည်မဟုတ်လော”ဟု တိုင်ပင်၏။

ဤသို့သော နဂါးမင်းစကားကို ကြားလျှင် ဝိမလာမိဖုရားသည်-

“န ဓနေန န ဝိတ္တေန၊ လဗ္ဘာ အမှံ ဣရန္ဓတီ။

သစေ စ ခေါ ဟဒယံ ပဏ္ဍိတဿ၊ ဓမ္မေန လဒ္ဓါ ဣဓ မာဟရေယျ။

ဧတေန ဝိတ္တေန ကုမာရိ လဗ္ဘာ၊ နာညံ ဓနံ ဥတ္တရိ ပတ္ထယာမ။”

ဟူသော တစ်ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယူဇနာ ၅၀၀ ကျယ်စွာသော နဂါးပြည်ကိုအစိုးရသည့် ဘုရင်ဖြစ်၍ အကျွန်ုပ်တို့အား ဥစ္စာစည်းစိမ် ရှားသည်မဟုတ်။ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာနှင့်ပြည့်စုံလျက် မိဘတို့၏နှလုံးကို ရွှင်စေတတ်သော သမီးဣရန္ဓတီကို များစွာသောဥစ္စာစည်းစိမ် ပဏ္ဏာလက်ဆောင်ဖြင့် တောင်းလာသော်လည်း မရရာ။ ပညာရှိသုခမိန်၏နှလုံးကို တရားသဖြင့်ရအောင် ဤနဂါးပြည်သို့ ဆောင်နိုင်သောသူဖြစ်မူကား အကျွန်ုပ်သမီး ဣရန္ဓတီကို ရရာ၏”ဟု ဆို၏။

နဂါးမင်းလည်း ဝိမလာမိဖုရားနှင့် အလုံးစုံကိုတိုင်ပင်ပြောဆိုပြီးလျှင် ပုဏ္ဏကရှိရာအရပ်သို့ ထွက်လာ၍၊ မိဖုရား၏အလိုနှင့်လျော်စွာ ထိမ်းမြားမည်စကားကို ဆိုလို၍-

“န ဓနေန န ဝိတ္တေန၊ လဗ္ဘာ အမှံ ဣရန္ဓတီ။

သစေ တုဝံ ဟဒယံ ပဏ္ဍိတဿ၊ ဓမ္မေန လဒ္ဓါ ဣဓ မာဟရေယျ။

ဧတေန ဝိတ္တေန ကုမာရိ လဗ္ဘာ၊ နာညံ ဓနံ ဥတ္တရိ ပတ္ထယာမ။”

ဟူသော တစ်ဂါထာခွဲကိုရွတ်၏။

အဓိပ္ပာယ်ကား-

“ဘီလူးစစ်သူကြီး။ ငါ၏သမီး ဣရန္ဓတီကို ဥစ္စာစည်းစိမ် ပဏ္ဏာလက်ဆောင် များစွာပေးသော်လည်း မရရာ။ သင်သည် ပညာရှိသုခမိန်၏နှလုံးကို တရားသဖြင့် ငါ့ထံသို့ဆောင်ပေးနိုင်မူ သင့်အား ငါ၏သမီးတော် ဣရန္ဓတီကို ထိမ်းမြားဆောင်နှင်းမည်”ဟု ဆို၏။

ပုဏ္ဏကသည် ထိုစကားကိုကြားလျှင် “ငါသည် အထက်ကာရီက ဣရန္ဓတီပြော၍ အလုံးစုံကို သိရပြီ။ ယင်းသို့သိရသော်လည်း ယခု နဂါးမင်းသည် “ပညာရှိနှလုံးကို ဆောင်ရမည်”ဟူ၍သာ သာမည ဆိုသည်ဖြစ်၍ အတပ်သိရအောင် ငါ မေးဦးအံ့”ဟု ကြံ၍-

“ယံ ပဏ္ဍိတောတျေကေ ဝဒန္တိ လောကေ၊ တမေဝ ဗာလောတိ ပုနာဟု အညေ။

အက္ခာဟိ မေ ဝိပ္ပဝဒန္တိ ဧတ္ထ၊ ကံ ပဏ္ဍိတံ နာဂ တုဝံ ဝဒေသိ။”

ဟူသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ လူ့ပြည်၌ အကြင်သူကို “ပညာရှိ” ဟု သမုတ်အပ်၏။ ထိုပညာရှိဟု သမုတ်အပ်သောသူကိုပင်လျှင် အချို့သောသူတို့က “သူမိုက်” ဟူ၍ ဆိုကုန်၏။ ထိုသို့ အငြင်းအခုံများလှသောကြောင့် အဘယ်သူသာ ပညာရှိဟု အကျွန်ုပ် မသိနိုင်။ အတပ်သိရအောင် မင်းကြီးဆိုသော ပညာရှိ၏ နေရပ်ဌာန, အမျိုးအမည်ကို ဆိုတော်မူဦးလော့”ဟု ဆို၏။

နဂါးမင်းလည်း နေရပ်နှင့်တကွ ပညာရှိ၏အမည်ကို ကြားလို၍-

“ကောရဗျရာဇဿ ဓနဉ္စယဿ၊ ယဒိ တေ သုတော ဝိဓုရောနာမ ကတ္တာ။

အာနေဟိ တံ ပဏ္ဍိတံ ဓမ္မလဒ္ဓါ၊ ဣရန္ဓတီ ပဒစရာ တေ ဟောတု။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ဘီလူးစစ်သူကြီး။ ဣန္ဒပတ္ထနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျမင်း၏ ဝိဓုရအမည်ရှိသော အမတ်ကြီးကို သင် မကြားဘူးသလော။ ထိုအမတ်သုခမိန်၏နှလုံးကို ငါ၏ထံသို့ တရားသဖြင့်ဆောင်နိုင်လျှင် ငါ့သမီး ဣရန္ဓတီကို သင့်အား ဆောင်နှင်းအံ့”ဟု ဆို၏။

ထိုသို့ အတပ်သိရပြီးလျှင် ပုဏ္ဏကစစ်သူကြီးသည် “ကောင်းပြီ” ဟုဝန်ခံ၍ ဝမ်းမြောက်ဝမ်းသာ နေရာမှထပြီးသော် မိမိနောက်ပါ မင်းချင်းတစ်ယောက်ကို ဤသို့ဆို၏။

“အချင်း။ ယခု လျင်စွာသွားချေ။ ငါ၏နှလုံးအလိုကိုလည်းကောင်း၊ အကြောင်းဟုတ်သည် မဟုတ်သည်ကိုလည်းကောင်း သိတတ်သော ငါ၏ မနောမယသိန္ဓောမြင်းကို ကကြိုးတန်ဆာဆင်ယင်၍ ဆောင်ယူခဲ့”ဟု စေလိုက်၏။

(ထိုမြင်း၌ဆင်သော တန်ဆာကား နားရွက် ၂-ဘက်ကို ဇာတရူပရွှေစင်ပြားဖြင့် ကပ်၏။ ခွါ၄-ဘက်ကို ပတ္တမြားနီဖြင့် စီ၏။ ရင်လွှမ်းတန်ဆာကား ဦးသစ်သော ဇမ္ဗူရာဇ်ရွှေစင်ဖြင့် ပြီး၏။)

ပုဏ္ဏကစစ်သူကြီးသည် မနောမယသိန္ဓောမြင်းရောက်လျှင် ဆံမုတ်ဆိတ်ကို ကောင်းစွာသုတ်သင်ပင့်သပ်၍ အဝတ်တန်ဆာတို့ကိုပြင်၍ ဝတ်ဆင်ပြီးသော် မနောမယမြင်းကိုစီးလျက် ဣရန္ဓတီကိုမှီ၍ဖြစ်သော ကိလေသာသည် နှိုးဆော်အပ်သည်ဖြစ်၍ အလျင်တဆော ကောင်းကင်ခရီးဖြင့် ဘီလူး, ဖုတ်, ပြိတ်အပေါင်းတို့၏ အရှင်ဖြစ်၍ ယူဇနာ ၅၀၀ ကျယ်စွာသော စာတုမဟာရာဇ်ပြည်ကို အစိုးရသောကြောင့် ဝေဿဝဏ်အမည်ရှိသော မိမိဦးရီး ကုဝေရနတ်မင်းကြီးရှိရာ စတုမဟာရာဇ်နတ်ပြည်သို့ သွားလေ၏။

(ဤစကား၌ နတ်တို့မည်သည် ဆံမုတ်ဆိတ်ကို ဖီးလိမ်းသုတ်သင်ခြင်းမရှိဘဲလျက် ကပ္ပိတကေသမဿု၊ ဆံမုတ်ဆိတ်ကိုလည်း ပြုပြင်ပြီးထသောဟု ပုဏ္ဏကသည် ဆံမုတ်ဆိတ်ကို ပြုပြင်သုတ်သင်ကြောင်းကို ဟောတော်မူသည်ကား စကားကို တန်ဆာဆင်သောအားဖြင့်သာ ဟောတော်မူသည်။ ထိုကြောင့် အဋ္ဌကထာ၌-

“ကပ္ပိတကေသမဿူတိ မဏ္ဍနဝသေန သုသံဝိဟိတကေသမဿု၊ ဒေဝါနံ ပန ကေသမဿုကရဏကမ္မံနာမ နတ္ထိ၊ ဝိစိတ္တကထိကေန ပန ကထိကံ”ဟု မိန့်၏။

ကပ္ပိတကေသမဿတိ၊ ဟူသည်ကား။ မဏ္ဍနဝသေန၊ တန်ဆာဆင်သည်၏ အစွမ်းအားဖြင့်။ သုသံဝိဟိတကေသမဿု၊ ကောင်းစွာပြုပြင်အပ်ပြီးသော ဆံမုတ်ဆိတ်ရှိသည်ဖြစ်၍။ ပန၊ စင်စစ်သော်ကား။ ဒေဝါနံ၊ နတ်တို့အား။ ကေသမဿကရဏကမ္မံနာမ၊ ဆံမုတ်ဆိတ်ကို ပြုပြင်ခြင်းကိစ္စမည်သည်။ နတ္ထိ၊ မရှိ။ ပန၊ ထိုသို့ မရှိသော်လည်း။ ဝိစိတ္တကထိကေန၊ အဆန်းအကြယ် တန်ဆာဆင်အပ်သောစကားဖြင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ကထိတံ၊ ဟောတော်မူအပ်၏။ ။ဤကားအနက်။)

ပုဏ္ဏက စစ်သူကြီးသည် ဝေဿဝဏ်နတ်မင်းကြီးထံသို့ရောက်လျှင် နဂါးပြည်ကိုချီးမွမ်း၍ လိုအပ်သောအခွင့်ကို ပန်လိုသောကြောင့် “ဘောဂဝတီနာမ”အစရှိသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ဦးရီးတော်မင်းကြီး။ ဝရုဏနဂါးမင်း၏ပြည်သည် စည်းစိမ်ရှိသောကြောင့် ဘောဂဝတီ အမည်ရှိ၏။ မြို့တံတိုင်းသည် ရွှေအတိပြီးသောကြောင့်လည်း ဟိရညဝတီ အမည်ရှိ၏။ ထိုဟိရညဝတီ အမည်ရှိသော နဂါးပြည်၌ ရွှေစင်အတိဖြင့် ဖန်ဆင်းစီရင်အပ်၏။ ပတ္တမြားနီ ပတ္တမြားပြောက်တို့ကို အုတ်သဏ္ဌာန်လုပ်၍ ပစ္စင်,ရင်တား ပြုကုန်၏။ နန်းပြာသာဒ်တို့၌လည်း တိုင်, အခင်း, အကာတို့သည် ပတ္တမြားအတိ ပြီးကုန်၏။ အမိုးကား ရွှေနှင့် ငွေကိုသာ မိုးကုန်၏။”

“ထိုမြို့၏ထက်ဝန်းကျင်၌ အမွဟုဆိုအပ်သော သရက်ပင်, တိလကဟုဆိုအပ်သော ပြည့်စင်ပင်, ဇမ္ဗုဟုဆိုအပ်သော သပြေပင်, သတ္တပဏ္ဏိ-စရည်းပင်, မုစလိန္ဒ-ကျည်းပင်, ကေတက-ဆတ်သွားပင်, ပိယင်္ဂု-သျှိသျှားပင်, ဥဒ္ဒါလက-ငုပင်, သဟကာရ-သရက်ဖြူပင်, ဥပရိဘဒ္ဒ-ငုဖြူပင်, သိန္ဓုဝါရိတ-ရေအုပ်နှဲပင်, စမ္ပေယျ-စံကားပင်, နာဂ-ကံ့ကော်ပင်, မလ္လိကာ-ကြက်ရုံးပင်, ဘဂိနီမာလာ-ဆင်နှာမောင်းပင်, ကောဠိယ-ကလောပင် ဤသစ်ပင်တို့သည် ရွှေဖြင့်ပြီးသောအပွင့်တို့ဖြင့် အခါခပ်သိမ်းပွင့်ကုန်လျက် အခက်ချင်းယှက်၍ ကိုင်းညွတ်ကုန်သဖြင့် အလွန် တင့်တယ်ကုန်၏။ ခဇ္ဇုရီဟုဆိုအပ်သော သင်ပေါင်းပင်တို့သည်လည်း ပတ္တမြားညိုအတိ ပြီးကုန်လျက် ရွှေပွင့်တို့ဖြင့် ပွင့်ကုန်၏။”

“ထိုနဂါးပြည်၌ ပဋိသန္ဓေအားဖြင့် ဥပပတ်ဖြစ်သော ဝရုဏနဂါးမင်းသည် အစိုးရသောအားဖြင့်နေ၏။ ထိုနဂါးမင်း၏ ငယ်ကသိမ်းမြန်း ရွယ်မှန်းချစ်ခင် တောင်ညာတင်သောမိဖုရားကြီးသည်ကား ဝိမလာ အမည်ရှိ၏။”

“ထိုမိဖုရားကြီးသည် ရွှေစင်စုကဲ့သို့ ရှုမခန်းသော ကိုယ်အရောင်အဝါလည်း ရှိ၏။ လေညင်းထိ၍ တအိအိနွဲ့ပျောင်းသော တံကျစ်နွယ်, ရွှေနွယ်ကဲ့သို့ ပျောင်းနွဲ့ကြော့ရှင်းသော လုံးရပ်သဏ္ဌာန်လည်း ရှိ၏။ ရွှေဖြင့်ပြီးသော တမာသီးကဲ့သို့ ရွှေရင်အုံအစု နုလှသောအသားအိလည်း ရှိ၏။ ပါးသောအရေ ရှိသည်ဖြစ်၍ ချိပ်ရည်ကျသကဲ့သို့ သွေးခြည်ယှက်သန်း နီမြန်းနူးညံ့သော လက်ဖဝါးခြေဖဝါးလည်း ရှိ၏။ လေငြိမ်ရာ၌ပွင့်သော မဟာလှေကားပန်းကဲ့သို့လည်းကောင်း၊ တိမ်လိပ်တိမ်လွှာမှ စိမ်းဝါရွှေရောင် တပြောင်ပြောင်ထွက်သော လျှပ်စစ်နွယ်ကဲ့သို့လည်းကောင်း၊ တာဝတိံသာနတ်ပြည်၌ အရည်အဆင်း ကြော့ရှင်းယဉ်နု ရှု၍မငြီးသော နတ်သမီးကဲ့သို့လည်းကောင်း နှစ်လိုတင့်တယ် နုနယ်သောအဆင်းသဏ္ဌာန်လည်း ရှိ၏။ ထိုသို့ ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသော ဝိမလာဒေဝီသည် ဝိဓူရသုခမိန်၏ နှလုံးသည်းပွတ်ကို တောင့်တ၏။ “ထိုနှလုံးသည်းပွတ်ကို ဆောင်နိုင်လျှင် မိမိသမီး ဣရန္ဓတီကို ပေးအံ့”ဟု ဆို၏။ ဦးရီးတော်။ အကျွန်ုပ်သည် ဝိဓူရသုခမိန်၏ နှလုံးသည်းပွတ်ကို ဆောင်ပါရစေ”ဟု လျှောက်၏။

ပုဏ္ဏကသည် ဦးရီးတော်ဝေဿဝဏ်နတ်မင်း အခွင့်မပေးဘဲ မပန်ကြားမူ၍ ဝိဓုရကိုဆောင်ခြင်းငှာ မဝံ့သောကြောင့် ဤမျှလောက်ကုန်သော ဂါထာတို့ဖြင့် နဂါးပြည်စသည်ကို ချီးမွမ်း၍ လျှောက်တောင်းပန်သော်လည်း ဝေဿဝဏ်နတ်မင်းကြီးသည် နတ်၂-ယောက်တို့၏ ဗိမာန်အလုအယက်တရားကို စီရင်ဆုံးဖြတ်ဆဲဖြစ်၍၊ ပုဏ္ဏကလျှောက်သည့်စကားကို မကြားနိုင်။ ပုဏ္ဏကသည် မိမိစကားကို ဦးရီးမင်း မကြားမှန်းသိလျှင် တရားနိုင်သောနတ်၏အနီးသို့ ချဉ်း၍နေ၏။

ဝေဿဝဏ်နတ်မင်းသည် တရားနိုင်သောနတ်ကို “သင် ယခုသွားလေ။ ဗိမာန်ကို သိမ်းယူ၍နေလော့”ဟု ဆို၏။

ပုဏ္ဏကသည် ထိုတရားအောင်သောနတ်ကို- “သင် သွားလေတော့”ဟု နတ်မင်းဆိုသောစကားကို အမှတ်အစွဲပြု၍ ထိုနတ်မင်းပရိသတ်၌ရှိသော အချို့သောနတ်တို့ကို- “အသင်တို့။ ငါ့ဦးရီးတော်က ငါ့ကို “သွားတော့”ဟု အမိန့်ရှိသည်ကို ကြားကြကုန်၏လော”ဟု သက်သေပြု၍ ထိုနေရာမှထပြီးလျှင် မင်းချင်းတစ်ယောက်ကို ဆိုအပ်ခဲ့ပြီးသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မနောမယသိန္ဓောမြင်းကိုယှဉ်စေ၍၊ ဆံမုတ်ဆိတ်ကို ပြုပြင်ပင့်သပ်လျက် အဝတ်တန်ဆာတို့ကိုဆင်ယင်ပြီးသော် မြင်းပျံကိုစီး၍ ကောင်းကင်ခရီးဖြင့် သွား၏။

ထိုသို့သွားစဉ် ဤသို့သောအကြံသည် ဖြစ်၏။ “ဝိဓူရသုခမိန်သည် အခြံအရံ များ၏။ အဆောတလျင် ယူအံ့သောငှာ မတတ်ကောင်း။ အကြောင်းသော်ကား ဓနဉ္စယကောရဗျမင်းသည် အန်ကစားကြူး၏။ ထိုမင်းနှင့် အန်လောင်းတမ်းကစား၍ နိုင်မှ ယူအံ့”ဟုကြံ၏။

“ထိုသို့တစ်မူကား ကောရဗျမင်း၌ ရွှေ,ငွေအစရှိသော ရတနာတို့သည် များစွာရှိသောကြောင့် အဖိုးနည်းသော ဥစ္စာလောင်းတမ်းဖြင့် ကောရဗျမင်းသည် ငါ့ကို လောင်းတမ်း မပြုရာ။ ရာဇဂြိုဟ်ပြည်၏အနီး ဝေပုလ္လတောင်အတွင်း၌ စကြာမင်းတို့သည် သုံးဆောင်အပ်သော ပတ္တမြားရတနာသည် ရှိ၏။ ထိုပတ္တမြားရတနာသည် မြတ်သောတန်ခိုးအာနုဘော် ရှိ၏။ ထိုပတ္တမြားဖြင့်ဖြားယောင်း၍ အောင်စေအံ့”ဟု ပုဏ္ဏကသည် သိကြားမင်း၏စံရာ တာဝတိံသာနတ်ပြည်ကဲ့သို့ များစွာအံ့သြဖွယ် အဝတ်အစား, ရတနာ, ရွှေ,ငွေတို့ဖြင့် ပြန့်ပြောသည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ရန်သူတို့သည် တိုက်ဖျက်ခြင်းငှာ မစွမ်းနိုင်သော အင်္ဂရာဇ်မင်း၏စံရာ ရာဇဂြိုဟ်ပြည်သို့ ရှေးရှုသွားလေ၏။

(ဤအရာ၌ ရာဇဂြိုဟ်ပြည်သည် မဂဓတိုင်းဖြစ်လျက် အင်္ဂရာဇ်မင်းစံရာဟု အဘယ်ကြောင့် ဆိုသနည်းဟူမူ “တဒါ အင်္ဂဿ ရညော မဂဓရဇ္ဇံ အဟောသိ”ဟု အဋ္ဌကထာဖွင့်သောကြောင့် ထိုအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ကို အင်္ဂရာဇ်မင်းကြီး မင်းပြုသည်ဟု သိအပ်၏။)

ပုဏ္ဏကဘီလူးစစ်သူကြီးသည် ဥဒေါင်း, ကြိုးကြာ, ကရဝိက် အစရှိသော အထူးထူးအပြားပြား များစွာကုန်သော ငှက်တို့သည် သာယာစွာသောအသံဖြင့် တွန်မြည်ရင့်ကျူး မြူးထူးကခုန်ရွှင်ပျော်ရာ တောင်ထိပ်အပြင်၌ ပန်းမျိုးအစုံ မွှေးထုံပျံ့ကြိုင် တောလုံးလှိုင်လျက် ဟိမဝန္တာတောင်နှင့်တူစွာ၊ ကိန္နရာအစရှိသော သတ္တဝါတို့ မြူးထူးကခုန် ရွှင်ပျော်ရာဖြစ်သော ဝေပုလ္လတောင်ထိပ်သို့တက်၍ မြတ်သောပတ္တမြားကိုရှာလေသော် တောင်ထွတ်အတွင်း၌ မြင်လေ၏။

ထိုပတ္တမြားရတနာသည်ကား လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက်မျှ ထွန်းတောက်ပသော အရောင်အသရေလည်း ရှိ၏။ ခပ်သိမ်းသောအလိုကိုလည်း ပေးတတ်၏။ ၈-သောင်း ၄-ထောင်ကုန်သော မျက်မျိုးရတနာတို့ဖြင့်လည်း ခြံရံအပ်၏။ ကြီးမြတ်သော အာနုဘော်လည်း ရှိ၏။ စကြာမင်းတို့၏ ရတနာ ၇-ပါးတို့တွင် တစ်ပါးတည်း။ ထို မနောဟရ ပတ္တမြားသည် ဝေပုလ္လတောင်ထိပ်အပြင် တောင်ထွတ်အတွင်း၌ တည်၏။ ကုမ္ဘဏ္ဍ အမည်ရှိသော ဘီလူးသည် ၁-သိန်းကုမ္ဘဏ်တို့ဖြင့် ခြံရံလျက် ထက်ဝန်းကျင် စောင့်ရှောက်အပ်၏။

ပုဏ္ဏကသည် ထိုကုမ္ဘဏ် ၁-သိန်းတို့ကို အမျက်ထွက်၍ မျက်စောင်းထိုးလိုက်ရုံမျှဖြင့် ကြောက်လန့်တကြား စကြဝဠာနားသို့ ပြေးကြကုန်၏။ ပြင်းစွာ ကိုယ်စိတ်တုန်လှုပ်ခြင်းဖြင့် မျှော်ကြည့်လျက် တည်လေကုန်၏။ ထိုသို့ ကုမ္ဘဏ် ၁-သိန်းတို့ကို ပြေးစေပြီးသော် ပုဏ္ဏကဘီလူးသည် နှလုံးဖြင့်ကြံကာမျှသော သူတို့၏အလိုကို ဆောင်ခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်ကြောင့် “မနောဟရ” ဟု ရအပ်သောအမည်ရှိသော ပတ္တမြားရတနာကိုယူ၍ ကောင်းကင်ခရီးဖြင့် ဣန္ဒပတ္ထနဂိုရ်ပြည်သို့ သွားလေ၏။

ထိုပြည်သို့ရောက်လျှင် မြင်းပေါ်မှဆင်းသက်၍ မြင်းကို မထင်မရှား မြို့နား၌ထားခဲ့၍ လုလင်အသွင်ဖြင့် ၁၀၀-သော ထီးဆောင်းမင်းနှင့်တကွ ကောရဗျမင်းကြီးတို့ထံ အန်ကစားရာသဘင်သို့ သွားလေ၍ “ကောနီဓ” အစရှိသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“၁၀၁-ပါးကုန်သော ထီးဆောင်းမင်းအပေါင်းတို့၊ ဤမင်းပရိသတ်၌ အဘယ်မည်သောမင်းသည် မြတ်သောဥစ္စာကို ဆောင်လိုသနည်း။ အဘယ်မည်သောမင်းကို မြတ်သောဥစ္စာဖြင့် ငါ အောင်ရအံ့နည်း။ အဘယ်မင်း၏ အတုမရှိသောရတနာမြတ်ကို ငါ အောင်ရအံ့နည်း။ ငါ၏ ပတ္တမြားတည်းဟူသော ဥစ္စာရတနာမြတ်ကို အဘယ်မင်းသည် အောင်လိုသနည်း”ဟု

ကောရဗျမင်းကိုသာလျှင် ရည်၍ စောင်းမြောင်းသောစကားကို ဆို၏။

ထိုအခါ ဓနဉ္စယကောရဗျမင်းသည် “ငါကား ယနေ့မှတစ်ပါး မည်သည့်နေ့တွင်မျှ ဤလုလင်ကဲ့သို့ ငါ၏ရှေ့၌ ရဲရင့်စွာ ဆိုဝံ့သောသူကို မကြိမ် မတွေ့စဖူး။ ဤလုလင်သည် အလွန်ရဲရင့်၏။ နေရပ်အမျိုးအမည်ကို ငါ မေးအံ့”ဟုကြံ၍ “ကုဟိံ နု”အစရှိသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အိုလုလင်။ သင်ကား အဘယ်တိုင်းပြည်သားနည်း။ သင်၏စကားသည် ကုရုတိုင်းသားတို့၏ စကားမဟုတ်။ သင်၏ကိုယ်အရောင် အဆင်းသည်လည်း ငါတို့မင်းများထက်ပင် လွန်ကဲ၏။ သင့် အမျိုးအမည်ကို ငါ့အား ပြောလော့”ဟု ဆို၏။

ထိုစကားကို ပုဏ္ဏကကြားလျှင် “ဓနဉ္စယကောရဗျမင်းသည် ငါ၏အမျိုးအမည်ကို ယခု မေး၏။ ဤမင်းအား ငါသည် “ပုဏ္ဏက အမည်ရှိ၏”ဟု ပြောငြားအံ့။ ပုဏ္ဏက ဟူသောအမည်သည် ကျွန်အမည်ဖြစ်သောကြောင့် ငါ့ကို ဤမင်းသည် “ဤလုလင်ကား ငပြည့်ဝ အမည်ရှိသော သူ့ကျွန် ထင်၏တကား”ဟု မလောက်မလေး မထီမဲ့မြင် အောက်မေ့လတ္တံ့။ ထို့ကြောင့် ပုဏ္ဏက ဟူသောအမည်ကို မပြောမူ၍၊ အခြားမဲ့ လွန်လေပြီးသောဘဝ လူဖြစ်သောကာလကအမည်ကို ပြောအံ့”ဟု ကြံ၍ “ကစ္စယနော မာဏဝကောသ္မိ” အစရှိသောဂါထာဖြင့် နေရပ်, အမျိုး, အမည်ကို ကြား၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်ကား မြတ်သည်ဟု သမုတ်အပ်သော “ကစ္စည်း” အမည်ရှိသော လုလင်တည်း။ အကျွန်ုပ်၏ မိဘဆွေမျိုး, အဆွေခင်ပွန်းတို့သည် အင်္ဂတိုင်း ကာလစမ္ပာနဂိုရ်ပြည်၌ နေကုန်၏။ အကျွန်ုပ်သည် အန်ကစားလိုသောကြောင့် ဤအရှင်မင်းကြီးပြည်တော်သို့ လာခဲ့၏”ဟု ဆို၏။

ထိုစကားကို မင်းကြီးကြားလျှင် “အန်ကစားလာသော် လောင်းတမ်းဥစ္စာ ပါ၏လော။ ဥစ္စာမပါဘဲလျက် လောင်း၍ အန်ရှုံးချေသော် အဘယ်သို့ ပြုမည်နည်း”ဟု မေးလို၍၊ “ကိံ မာဏဝဿ” အစရှိသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်၊ သင်သည် စည်းစိမ်ရှင်ဖြစ်သော ထီးဆောင်းမင်းတို့နှင့် ဖက်ပြိုင်၍ လောင်းတမ်း အန်ကစားမည်ဟူသော် သင်၌ လောင်းတမ်းဥစ္စာ ပါ၏လော။ လောင်းတမ်းဥစ္စာမပါဘဲလျက် လောင်း၍ အန်ရှုံးချေသော် နိုင်သောမင်းတို့သည် သင့်ကို ကျွန်မပြုပြီလော။ အသီးသီး တိုင်းကြီးပြည်ကြီးကိုအစိုးရသော ရွှေထီးရွှေနန်းအရှင် ဘုရင်မင်းမြတ်ကို သူဆင်းရဲဖြစ်လျက် သင် အဘယ့်ကြောင့် ဖက်ပြိုင်မည် ကြံဘိသနည်း”ဟု ဆို၏။

ပုဏ္ဏကသည် လောင်းတမ်းဥစ္စာပါကြောင်းကို ပြန်ဆိုလို၍ “မနောဟရော နာမ” အစရှိသော ဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်၏ လောင်းတမ်းဥစ္စာကား ပတ္တမြားတည်း။ ထိုပတ္တမြားသည် အဖိုးများစွာထိုက်၏။ ရတနာခပ်သိမ်းတို့ထက် မြတ်၏။ ခပ်သိမ်းသောဥစ္စာကိုလည်း အလိုရှိတိုင်း ဆောင်နိုင်၏။ “မနောဟရ”ဟု အမည်တွင်၏။ ထိုပတ္တမြားတွင်သာ မဟုတ်သေး။ ရန်သူတို့ကို ပယ်လွင့်ပျောက်ပြေစေတတ်သော ဤအာဇာနည်မြင်းလည်း ပါ၏။ ထို၂-ပါးဖြင့် လောင်းတမ်းပြုအံ့။ နိုင်သောသူသည် ယူစေတော့”ဟု

မနောမယမြင်းကိုလည်း လျင်စွာဆောင်ယူပြီးလျှင် ဆို၏။

(ဤပတ္တမြားကို ပါဠိတော် ပေထက်အက္ခရာ၌ ပတ္တမြားနီ ဟု ရေးသား၏။ ပတ္တမြားနီ မဟုတ်။ ဝေဠုရိယဟု ဆိုအပ်သော ကြောင်မျက်ရွဲတည်းဟု အဋ္ဌကထာ၌ လာ၏။)

ထိုစကားကို မင်းကြီးကြား၍ “ဧကော မဏိ” အစရှိသောဂါထာကို ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ သင်သည် ပတ္တမြား ၁-ခု၊ သိန္ဓောမြင်း ၁-စီးဖြင့် အဘယ်ပြုအံ့နည်း။ ငါတို့ ရွှေနန်းသခင် မင်းတို့မှာ ပတ္တမြားရတနာတို့သည် မရှားကုန်။ လေ၏လျင်ခြင်းနှင့်တူသော သိန္ဓောမြင်းတို့သည်လည်း မရေတွက်နိုင်အောင် များကုန်၏”ဟု ဆို၏။