ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၄
ထိုသို့ဆိုပြီး၍ ပုဏ္ဏကသည် “အရှင်မင်းကြီး။ အကယ်၍ အကျွန်ုပ်နှင့်မင်းကြီး လောင်းတမ်း အန်ကစားကြအံ့။ အကျွန်ုပ်ရှုံးမူ ပတ္တမြားကို ယူတော်မူလော့။ အရှင်မင်းကြီးမူကား အဘယ်ကို လောင်းတမ်း ပြုမည်နည်း”ဟု မေး၏။
ဓနဉ္စယမင်းလည်း “ကစ္စည်းလုလင်။ သင်သည် ဤပတ္တမြားကို လောင်းတမ်းပြုလျှင် ငါက ငါ့ကိုယ်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း, ထီးနန်းကိုလည်းကောင်း ချန်၍ ငါ့ကိုယ် မိဖုရား ထီးနန်းမှတစ်ပါး လောင်းတမ်းဥစ္စာ ဖြစ်စိမ့်မည်”ဟု ဆို၏။
ထိုစကားကို ပုဏ္ဏကဘီလူးကြားလျှင် ထိုသို့တပြီးကား “ကောင်းပြီ အရှင်မင်းကြီး။ အကျွန်ုပ် အရပ်ဝေးသားဖြစ်၍ အခါနေ့ရက် အရှည်မငံ့နိုင်။ ယခုပင် အန်တလင်းကို စီရင်ပါစေ”ဟု ဆို၏။
မင်းကြီးလည်း အမတ်များကိုခေါ်၍ “ကစ္စည်းလုလင်နှင့်ငါ လောင်းတမ်း အန်ကစားတော်မူမည်။ အန်ချရာတလင်းကို ယခုပြီးအောင် စီရင်”ဟု ဆို၏။
အမတ်တို့လည်း လျောက်ပတ်ရာအရပ်၌ အန်တလင်းကို အပြေအပြစ် ကောင်းမွန်စွာစီရင်ပြီးလျှင် ဆန်းကြယ်သော ကော်ဇော, ခင်းနှီးပြောက်, ဖျာစသည်တို့ဖြင့် တန်ဆာဆင်အပ်သော မင်းကြီးနေရာကိုလည်းကောင်း၊ ၁၀၀-သောမင်းတို့၏ နေရာကိုလည်းကောင်း မိမိတို့၏ဂုဏ်နှင့် ထိုက်လျောက်အောင် သင့်ရာခင်းကျင်း၍၊ ပုဏ္ဏကနေရာကိုလည်း ထိုသူနှင့်တန်အောင် တော်သင့်ရာခင်းကျင်း၍၊ အလုံးစုံစီရင်ပြီးသော် မင်းကြီးအား ပြီးကြောင်းကို လျှောက်ကြားကုန်၏။
ထိုအခါ ပုဏ္ဏကသည် “အရှင်မင်းကြီး။ အန်ခတ်ရာသဘင် စီရင်၍ပြီးလျှင် သဘင်သို့ ကြွတော်မူလော့။ အရှင်မင်းကြီးသည် “ကိုယ်တော်,မိဖုရား, ထီးနန်းမှတစ်ပါး လောင်းတမ်းပြုမည်”ဟူ၍ အမိန့်ရှိပြီ။ မင်းတို့၏စကားသည် ထွက်ပြီးသော ဆင်စွယ်ကဲ့သို့ ဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း အကျွန်ုပ်ကား ဆင်းရဲသားဖြစ်ချေသည်။ အရှင်မင်းကြီးကား လူတို့၏သခင် ရွှေနန်းရှင် ဖြစ်ပေသည်။ နောင် အရှင်မင်းကြီးနိုင်လျှင် အကျွန်ုပ်ပတ္တမြားကို ယူတော်မူမည်ကား မချွတ်ရာ။ အရှင်မင်းကြီးရှုံးလျှင် မင်းကြီးလောင်းတိုင်း မပေးဘဲ “ငါ မင်းဖြစ်သည်”ဟူ၍ အနိုင်အထက် ရက်ရှည်လကြာသွေး၍ မပေးသွေဖည်နေတော်မူချေသော် အကျွန်ုပ်သည် ဆင်းရဲသားဖြစ်၍ ဖက်ပြိုင်နိုင်နင်း အတင်းပြုဝံ့မည် မဟုတ်ပါ။ ထိုသို့ဖြစ်သောကြောင့် အရှင်မင်းကြီး ရှုံးလျှင်ရှုံးချင်း ပေးတော်မူပါလော့”ဟု ဆို၏။
မင်းသည် ပုဏ္ဏကကို ဆိုပြန်၏။ “ကစ္စည်းလုလင်။ သင်သည် ငါ့ကို မင်းဖြစ်သည်ဟူ၍ မကြောက်လင့်။ အောင်ခြင်း, ရှုံးခြင်းမည်သည်ကို တရားသဖြင့်သာ ဖြစ်စေရမည်။ “ငါ မင်းဖြစ်သည်”ဟူ၍ အဘယ့်ကြောင့် ပြုရာအံ့နည်း”ဟု ဆို၏။
ထိုမင်းကြီးဆိုသောစကားကို ၁၀၁-ပါးသော ပြည်ထောင်မင်းတို့အား သက်သေထားလို၍ “ပဉ္စာလပစ္စုဂ္ဂတာ” အစရှိသော ဂါထာကို ပုဏ္ဏက ဆို၏။
အဓိပ္ပာယ်ကား-
“ပဉ္စာလရာဇ်မင်းကြီး, မစ္ဆမင်းကြီး, သူရသေနမင်းကြီး, မဒ္ဒရာဇ်မင်းကြီး, ကေကကေဘိမင်းကြီးမှစ၍ ဤသဘင်၌ ရှိတော်မူကုန်သော အရှင်မင်းကြီးအပေါင်းတို့။ မင်းတကာတို့၏အရှင် ဓနဉ္စယကောရဗျမင်းကြီး မိန့်တော်မူသည့်စကားရပ်များကို မှတ်တော်မူကြပါ။ အရှင်မင်းကြီးတို့သည်လည်း တရားစောင့်သော ပြည်ထဲရှင် မင်းကြီးများ ဖြစ်တော်မူကြသည်။ ဤသို့ လောင်းတမ်းကစားရာ၌ သက်သေပင်မထားသော်လည်း၊ မသင့်လျှင် ဆိုထိုက်, မြစ်ထိုက်လှပါတော့သည်။ အရှင်မင်းကြီးတို့ကို အကျွန်ုပ် သက်သေထားပါအံ့။ ပြည်ထောင်မင်းချင်းဖြစ်သည်, အရှင်ဖြစ်သည်ဟူ၍ ဆန္ဒာဂတိ, ဘယာဂတိတို့သို့ လိုက်တော်မမူကြဘဲ ၂-ဦးစပ် ကြားနေပြု၍ ကြားလျှင် ကြား၏, မြင်လျှင် မြင်၏, ဖြောင့်မှန်ရာ ဖြစ်မည်အကြောင်း သူတော်ကောင်းတို့ဓလေ့ မမေ့မလျော့သတိပြု၍ ကြည့်ရှုတော်မူကြပါ”ဟု သက်သေထား၏။
ထိုအခါ ဓနဉ္စယကောရဗျမင်းသည် ၁၀၁-ပါးကုန်သော မင်းတို့ဖြင့်ခြံရံလျက် ပုဏ္ဏကကိုခေါ်၍ အန်ခတ်ရာသဘင်သို့ ဝင်ပြီးလျှင် မိမိတို့ ဆိုင်ရာဆိုင်ရာနေရာ၌ နေကြကုန်၏။ ဓနဉ္စယကောရဗျမင်းကြီးသည် ငွေအင်းပျဉ်ပေါ်၌ ရွှေအန်ရွဲတို့ကိုထား၍ ပုဏ္ဏကသည် အဆောတလျင် “အရှင်မင်းကြီး၊ အန်ရွဲတို့တွင် “အန်စာ”မည်သော ခေါ်ခြင်းသည် “သေ”ဟူ၍လည်းကောင်း, “သံ”ဟူ၍လည်းကောင်း, “အိမ်စေ”ဟူ၍လည်းကောင်း, “ငုစုံ”ဟူ၍လည်းကောင်း၊ ဤသို့ စသောအားဖြင့် ၂၄-ပါးတို့တွင် အရှင်မင်းကြီး နှစ်သက်သောအန်စာကို ယူတော်မူလော့”ဟု ဆို၏။
မင်းသည် “အိမ်စေ”ဟူသောအန်စာကို ယူ၏။ ပုဏ္ဏကသည် “သံ”ဟူသောအန်စာကို ယူ၏။ ထိုသို့ ယူကြပြီးသော်၊ နောက်မှ မင်းသည်- “အချင်းကစ္စည်းလုလင်။ ထိုသို့တပြီးကား အန်ရွဲတို့ကို ချလော့”ဟု ဆို၏။ ပုဏ္ဏကသည် “အရှင်မင်းကြီး။ အကျွန်ုပ်သည် ဆင်းရဲသား ဖြစ်ပေသည်။ ရှေးဦးစွာ အလှည့်မသင့်။ အရှင်မင်းကြီးသာ ရှေးဦးစွာ ချတော်မူလော့”ဟု ဆို၏။ မင်းသည် “ကောင်းပြီ။ ချအံ့”ဟု ဆို၏။
ကောရဗျမင်း၌ကား ၃-ခုမြောက်သောဘဝက အမိဖြစ်ခဲ့ဖူးသော မိမိကိုစောင့်သောနတ်သမီးသည် ရှိ၏။ ထိုနတ်သမီး၏တန်ခိုးဖြင့် အန်ခတ်တိုင်း အခါတစ်ပါး နိုင်မြဲတည်း။ ထိုနတ်သမီးသည် မင်း၏အနီး၌သာ တည်၏။ ထိုအခါလည်း အန်သီချင်းကို သီအံ့သောငှာ-
“သဗ္ဗာ နဒီ ဝင်္ကနဒီ၊ သဗ္ဗေ ကဋ္ဌမယာ ဝနာ။
သဗ္ဗတ္ထိယော ကရေ ပါပံ၊ လာဘမာနေ နိဝါတကေ။”
ဟူသော အန်သီချင်းကို သီ၏။
အနက်ကား-
သဗ္ဗာနဒီ၊ ခပ်သိမ်းကုန်သော မြစ်တို့သည်ကား။ ဝင်္ကနဒီ၊ ကောက်သော မြစ်တို့သာတည်း။ သဗ္ဗေဝနာ၊ တောဟူသမျှတို့သည်။ ကဋ္ဌမယာ၊ ထင်းအတိသာတည်း။ သဗ္ဗိတ္ထိယော၊ မိန်းမဟူသမျှတို့သည်။ နိဝါတကေ၊ ဆိတ်ကွယ်ရာကို။ လဘမာနေ၊ ရသည်ရှိသော်။ ပါပံ၊ မကောင်းမှုကို။ ကရေ-ကရေယျုံ၊ ပြုကျင့်ကုန်မြဲတည်း။
နတ်သမီးကို တောင်းပန်လိုပြန်၍ “ဒေဝတေ”အစရှိသော ၂-ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“အို၊ နတ်သမီး။ ယခု ငါ့အား စောင့်ရှောက်လော့။ ငါ့အကျော်အစော မရှိသည်ကို ရှုလော့။ အစဉ်သနားသဖြင့် ငါ၏မှီခိုရာသည် ဖြစ်လော့။ မိခင်နတ်သမီး။ အန်ရွဲသည် ဇမ္ဗူရာဇ် ရွှေစင်အတိပြီး၏။ ၄-ထောင့်ရှိ၏။ လက် ၈-သစ် ပမာဏရှိ၏။ ပရိသတ်အလယ်၌ အရောင်အသရေဖြင့် တောက်ပ၏။ ခပ်သိမ်းသော အလိုကိုလည်း ပေးတတ်၏။ မိခင်နတ်သမီး။ ငါကား တန်ခိုးနည်း၏။ မိခင်နတ်သမီးကား ငါ့ကို အစဉ်သနားသဖြင့် ကောင်းသောအမြင်ကို မြင်၏။ ငါ၏အောင်မြင်ခြင်းကို ပေးလော့”ဟု
အန်သီချင်းကိုသီဆို၍ နတ်သမီးကို တောင်းပန်၏။
(“သေ”ဟူသော အန်ရွဲသည်ကား ၈-ရေး ရှိ၏။ “သံ”ဟူသော အန်ရွဲသည်ကား ၆-ရေး ရှိ၏။ “အိမ်စေ”ဟူသော အန်ရွဲသည်ကား ၄-ရေး ရှိ၏။ “ငုစုံ”ကား ၂-ပေါက်ရှိ၏ဟူ၍ သိအပ်၏။ ခေါ်ဝေါ်သောအရေးတို့ကို ၂၄-ရေးရှိ၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ ဤလည်း တစ်နည်း။
စေသံ, စေငု, သေစေငု, ၁-လက်တွင် ၂-ရေး ရှိ၏။ စေစုံ, စေ, ငုစေ, ၁-လက်တွင် ၇-ရေးရှိ၏။ ဤကား အရေး ၂၀-တည်း။
ငုသေသံ, စေ, ငုစုံ, သေစုံ, ငုသံ, သေသံ, သံသေ၊ ဤကား လူတကာတို့ခေါ်စရာ ၂၄-ရေးလျှင်တည်း။ တစ်နည်းလည်း ဤသို့ အန်ရေး ခေါ်စား၏။ စေငု, စေသံ, စေသေ၊ ၃-ခု ၁-ခု ခေါ်စကုန်၏။ သံသေ, စုံ, သံသေ၊ ၃-ခု ၁-ခု ခေါ်စကုန်၏။ ငုသေ, ငုသံ, ငုသေ၊ ၃-ခု ၁-ခု ခေါ်စကုန်၏။ သေ, အိမ်သေ, သံသေငု၊ ၃-ခု ၁-ခု ခေါ်စကုန်၏၊ ၂၄-ရေးတည်း။ ဤသို့လည်း ရှေ့အန်ရေးနှင့် နောက်အန်ရေးလျှင် ကောင်းမြတ်၏။
သေကား-အရေးဗိန္ဒု ၄-ခု၊ သံကား-အရေးဗိန္ဒု ၃-ခု၊ အိမ်စေကား-အရေးဗိန္ဒု ၂-ခု၊ ငုစုံကား-အရေးဗိန္ဒု ၁-ခု၊ ဤကား အန်ပစ် တစ်ချောင်းတွင်ကိုသာ ဆိုသည်။ တစ်ချောင်းမှာလည်း ဤမျှလည်းကောင်းတည်း။ ၂-ချောင်းသော် အရေး ၂၀-ရှိ၏။
သေ-ဟူသော အန်ရွဲကား ကျီးမြည်သံကဲ့သို့ မြည်၏။ သံ-ဟူသော အန်ရွဲကား ဖားမြည်သံကဲ့သို့ မြည်၏။ အိမ်စေ-ဟူသော အန်ရွဲကား လှည်းဝင်ရိုးသံကဲ့သို့ မြည်၏။ ငုံစုံ-ဟူသော အန်ရွဲကား ၄-ပါးသောမြည်ခြင်းဖြင့် မြည်၏။ ဤသို့လျှင် အန်ရေးကို မှတ်အပ်၏။)
ဓနဉ္စယမင်းသည် အန်သီချင်းကိုသီလျက် အန်ရွဲကို လက်ဖြင့် ပြောင်းပြန်သွန်၍ ကောင်းကင်သို့ ပစ်လိုက်၏။ ပုဏ္ဏက၏အာနုဘော်ဖြင့် မင်းကိုရှုံးစေလျက် ကျလာ၏။
မင်းသည် အန်အတတ်၌ လိမ္မာသည်၏အဖြစ်ကြောင့် အန်ရွဲကျသည်ကိုမြင်လျှင် မိမိ ရှုံးအံ့သောအခြင်းအရာဖြင့် ကျသည်ကိုသိ၍ ငွေအင်းပျဉ်ပေါ်သို့မကျမီ ကောင်းကင်ကပင်လျှင်ဖမ်းယူ၍ တစ်ဖန် ကောင်းကင်သို့ ပစ်ပြန်၏။ ဤ၌လည်း မိမိရှုံးအံ့သောအခြင်းအရာဖြင့် ကျသည်ကိုသိ၍ အင်းပျဉ်ပေါ်သို့မကျမီ ဖမ်းမိပြန်၏။
ထိုအခါ ပုဏ္ဏကသည် ကြံ၏။ “ဤမင်းသည် ငါသို့သောဘီလူးနှင့် အန်ကစားကြသော် မိမိ ရှုံးအံ့သောအခြင်းအရာဖြင့် ကျသောအန်ရွဲကို ဖမ်းမိလေသည်ကား အကြောင်းအသို့နည်း”ဟုကြည့်လတ်သော်၊ “မင်း၏ ကိုယ်စောင့်နတ်သမီး၏ အာနုဘော်တည်း”ဟုသိလျှင် မျက်စိကိုဖွင့်၍ အမျက်ထွက်သကဲ့သို့ နတ်သမီးကို မျက်စောင်းထိုးလိုက်၏။
နတ်သမီးလည်း ကြောက်လန့်တကြားပြေးလေ၍ စကြဝဠာတောင်ထိပ်သို့ရောက်လျှင် တုန်လှုပ်လျက် မျှော်ကြည့်၍နေလေ၏။
မင်းသည် ၃-ကြိမ်မြောက် အန်ရွဲကိုပစ်ပြန်လျှင် ကျလာသောအန်၏ ရှုံးအံ့သောအခြင်းအရာကို သိသော်လည်း ပုဏ္ဏက၏အာနုဘော်ဖြင့် မိမိလက်ကိုဆန့်၍ အန်ရွဲကိုဖမ်းခြင်းငှာ မတတ်နိုင်သည်ဖြစ်၍၊ အန်ရွဲတို့သည် ရှုံးအံ့သောအခြင်းအရာဖြင့်ချည်း ကျကုန်၏။
ထို့နောက် ပုဏ္ဏကသည် အန်ရွဲတို့ကို ပစ်သည်ရှိသော် မိမိအောင်အံ့သော အခြင်းအရာဖြင့် ကျကုန်၏။ ထိုသို့ကျသောအခါ၌ မင်းရှုံးသောအဖြစ်, မိမိနိုင်သောအဖြစ်ကိုသိလျှင် ပုဏ္ဏကသည် ထ၍ လက်ပမ်းပေါက်ခတ်လျက် “ဇိတံ မေ, ဇိတံ မေ” “ငါအောင်ပြီ, ငါအောင်ပြီ”ဟု ပြင်းစွာသောအသံဖြင့် ၃-ကြိမ် ဟစ်၏။ ထိုပုဏ္ဏကအသံသည် ဇမ္ဗူဒိပ်ကျွန်း ၁-သောင်းလုံးနှံ့၍ ကြားလေ၏။
ဓနဉ္စယမင်းသည် အန်ရှုံးခဲ့သော် ပြင်းစွာ နှလုံးမသာဖြစ်၏။ မင်းကြီး၏ နှလုံးမသာရှိကြောင်းကို ပုဏ္ဏကသိ၍ နှစ်သိမ့်စေခြင်းငှာ “ဇယော မဟာရာဇ” အစရှိသောဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ လောင်းတမ်းဟူသည် ၂-ဦးလုံးပင် မိမိကိုယ်ကို နိုင်အောင် အားထုတ်ကြသည်ချည်းပင် ဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း ၂-ဦးစလုံး နိုင်ရိုးမရှိ။ တစ်ယောက်ယောက်သာ ရှုံးမြဲ, နိုင်မြဲ ဖြစ်သည်။ ဤအန်ကစားကြရာ၌လည်း အရှင်မင်းကြီးကိုယ်ကို အရှင်မင်းကြီး ရှုံးအောင်ပြုတော်မူသည် မဟုတ်။ နှလုံးမသာ ရှိတော်မမူလင့်။ အရှင်မင်းကြီးကို မြတ်သောဥစ္စာဖြင့် အကျွန်ုပ် အောင်ပြီ။ လောင်းတမ်းဥစ္စာကို ယခု ပေးတော်မူ။ အကျွန်ုပ်အရပ်လည်း ဝေးသည်။ အကြာအရှည် မငံ့သာ”ဟုဆို၏။
မင်းကြီးလည်း လောင်းတမ်းဥစ္စာကို ပုဏ္ဏကအား ပေးလို၍ “ဟတ္ထိဂဝဿာ”အစရှိသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“ကစ္စည်းလုလင်။ ငါ အစိုးရတော်မူသော ဤမြေအပြင်၌ ဆင်, မြင်း, နွားလား အစရှိသော ဥစ္စာ၊ ပတ္တမြား, နားတောင်းဝတ်ဆင်ကုန်လျက် နှစ်သက်ဖွယ်သော သမီးကညာ၊ ရတနာ, ရွှေ, ငွေ, ပတ္တမြားအစရှိသော များစွာကုန်သော ရတနာတို့သည် ရှိကုန်၏။ ထိုရတနာတို့တွင် ကောင်းရာမြတ်ရာ သင်နှစ်သက်ရာ တစ်ခုခုကိုယူ၍ လိုရာအရပ်သို့ သွားလေတော့”ဟု ဆို၏။
ပုဏ္ဏကလည်း မိမိလိုသောရတနာကို ကြားလို၍ “ဟတ္ထိဂဝဿာ” အစရှိသောဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ နိုင်ငံတော်၌ ဆင်, မြင်း, နွား, ပတ္တမြား ရောင်မောင်း နားတောင်းဝတ်ပြီး သမီးကညာတို့မှတစ်ပါး များစွာသော အရှင်မင်းကြီး၏ ရတနာအပေါင်းတို့တွင် “ဝိဓုရအမတ် သုခမိန်”တည်းဟူသော ရတနာတစ်ပါးသည်သာ အမြတ်ဆုံးတည်း။ “ငါရှုံးလျှင် သင်နှစ်သက်ရာ မြတ်ရာရတနာကို ယူလေတော့”ဟုဆိုသော အရှင်မင်းကြီးစကားနှင့်အညီ “ဝိဓူရသုခမိန်တည်း”ဟူသော ရတနာမြတ်ကို အကျွန်ုပ်အား ပေးလော့”ဟု ဆို၏။
ထိုစကားကိုကြားလျှင် ဝိဓူရသုခမိန်ကို ဂုဏ်ကိုပြ၍လွတ်စိမ့်သောငှာ “အတ္တာ စ မေ”အစရှိသောဂါထာကို မင်းကြီး ဆို၏။
အဓိပ္ပာယ်ကား-
“ကစ္စည်းလုလင်။ အန်မကစားမီ အထက်ကပင် “ငါ့ကိုယ်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း, ထီးဖြူကိုလည်းကောင်း ကြွင်းစေ။ ဤမှတစ်ပါးသော ဥစ္စာကိုသာ လောင်းတမ်းပြုမည်”ဟု သင့်ကို ငါဆိုသည် မဟုတ်လော။ ဤဝိဓူရသုခမိန်သည် ငါ၏ကိုယ်ပင် ဖြစ်သည်။ ငါအစိုးရသော ရတနာတို့နှင့် မနှိုင်းယှဉ်သာ။ ထိုသို့ ငါ၏ကိုယ်ပင်ဖြစ်သောကြောင့် လောင်းတမ်းဥစ္စာ မဝင်ဖြစ်၍ သင်မယူထိုက်။ ဝိဓုရသည် ငါ၏ကိုယ်မျှသာလည်း မဟုတ်ပေသေး။ ငါ၏ကိုးကွယ်ရာလည်း ဖြစ်ပေ၏။ ကောင်းသောအလားသို့ လားရာလည်းဖြစ်၏။ မှီရာကျွန်းကြီးသဖွယ်လည်း ဖြစ်၏။ ပုန်းအောင်းရာ လိုဏ်နန်းသဖွယ်လည်း ဖြစ်၏။ လဲလျောင်းရာလည်း ဖြစ်၏”ဟု ဆို၏။
ပုဏ္ဏကသည် “စိရံ ဝိဝါဒေါ” အစရှိသော ဂါထာကို ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ ကျွန်ုပ်နှင့် အရှင်မင်းကြီးသည် လောင်းတမ်း ဖြစ်ထိုက်, မထိုက်ကို ငြင်းခုံ၍နေလျှင် ကြာတော့မည်သာ ဖြစ်သည်။ ထိုဝိဓူရသုခမိန် အထံသို့ပင်လျှင်သွား၍၊ အကျွန်ုပ်တို့ စကား ၂-ရပ်နှင့် ဝိဓုရ၏ အဆုံးအဖြတ်ကို ခံကြအံ့။ ဝိဓူရသုခမိန် ဆုံးဖြတ်ရာဖြစ်စေတော့”ဟု ဆို၏။
မင်းကြီးသည် ထိုစကားကိုနှစ်သက်၍ “အဒ္ဓါ ဟိ သစ္စံ”အစရှိသော ဂါထာကို ဆို၏။
အဓိပ္ပာယ်ကား-
“ကစ္စည်းလုလင်။ သင်သည် စဉ်းလဲစဉ်းစား မပြု။ ဟုတ်မှန်ရာစကားလမ်းကိုပင် ဆိုပေသည်။ သင်ဆိုတိုင်း ငါလည်း နှစ်သက်၏။ ငါတို့ အစုံအညီသွား၍ ဝိဓူရသုခမိန်ဆုံးဖြတ်တိုင်း ဖြစ်စေအံ့”ဟုဆို၍၊
ဓနဉ္စယမင်းသည် ၁၀၁-ပါးသောမင်းတို့ဖြင့် ခြံရံလျက် ပုဏ္ဏကကိုလည်း ခေါ်၍၊ ဝမ်းမြောက်ဝမ်းသာ အန်ကစားရာ သဘင်မှထ၍ တရားဆုံးဖြတ်ရာသဘင်သို့ လျင်စွာ သွားကြလေ၏။
ဝိဓူရသုခမိန်သည် မင်းကြီးလာသည်ကို မြင်လျှင် မိမိနေရာ တရားဆုံးဖြတ်ရာပလ္လင်မှဆင်း၍ လျောက်ပတ်ရာအရပ်၌ နေ၏။ ထိုအခါ ပုဏ္ဏကသည် ဘုရားလောင်း ဝိဓူရသုခမိန်ကို ဤသို့ဆို၏။
“သုခမိန်။ သင်သည် တရား၌လည်း တည်၏။ မိမိအသက်ကြောင့်လည်း မမှန်သောစကားကို မဆို။ ဤသို့ ကျော်စောသော သင်၏ဂုဏ်ကျေးဇူးသံသည် အလုံးစုံသောလူ၌ နှံ့၍ထင်ရှား၏။ ငါသည် ယခု သင်သုခမိန်၏ တရား၌တည်သောအဖြစ်ကို သိရအံ့”ဟု ဆို၍၊ “သစ္စံ နု ဒေဝါ” အစရှိသော ဂါထာကိုဆို၏။
အဓိပ္ပာယ်ကား-
“သင်သုခမိန်။ ကုရုတိုင်း၌ ဝိဓုရအမည်ရှိသောအမတ်သည် တရား၌ တည်၏။ အသက်တည်းဟူသော အကြောင်းကြောင့် မမှန်သောစကားကို မဆိုဟူ၍၊ နတ်တို့၌။ကျော်စောထင်ရှားစွာ ချီးမွမ်းပြောဆိုကြကုန်သည်။ ထိုနတ်တို့ဆိုသောစကားသည် အမှန်ပင်လော။ ယင်းသို့မဟုတ်မူ မမှန်လော။ သင်သုခမိန်သည် မင်းကြီး၏ ကျွန်ပေလော။ ယင်းသို့မဟုတ်မူ မင်းကြီး၏ ဆွေတော်မျိုးတော်ပေလော”ဟု မေး၏။
ထိုသို့မေးသောအခါ ဘုရားလောင်းသည် ဤသို့ ကြံ၏။ “ဤလုလင်သည် ဤအကြောင်းကို ငါ့အား မေး၏။ ငါသည် ထိုသူအား မင်း၏ဆွေမျိုး ဟူ၍လည်းကောင်း, မင်းထက်မြတ်သောသူ ဟူ၍လည်းကောင်း, မင်းနှင့်စိုးစဉ်းမျှမတော်မစပ် သူစိမ်းပြင်ပြင်ဟူ၍လည်းကောင်း ဆိုသဖြင့် ငါ့စကားကို မှတ်ယူစေခြင်းငှာ စွမ်းနိုင်၏။ ဤလောက၌ သစ္စာနှင့်တူသော ကိုးကွယ်ရာမည်သည်ကား မရှိ။ မှန်သောစကားကိုသာလျှင် ငါဆိုအံ့”ဟု ကြံ၍၊ “လုလင်။ ငါသည် မင်း၏ ဆွေမျိုးလည်း မဟုတ်ပေ။ မင်းထက်မြတ်သောသူလည်း မဟုတ်ပေ။ ကျွန်အပြား ၄-ပါးတွင် တစ်ပါးဝင်သော ကျွန်တည်း”ဟု ပြခြင်းငှာ၊ “အာမာယ ဒါသာပိ” အစရှိသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“လုလင်။ ငါတို့မင်းကြီးအား အကျိုးစီးပွား ရှိသည်မူလည်း ဖြစ်စေ, မရှိသည်မူလည်းဖြစ်စေ ဟုတ်မှန်ရာကိုသာ ငါဆိုအံ့။ လောက၌ ကျွန်မျိုးသည် ၄-ပါး ရှိသည်။ ၄-ပါးဟူသည်ကား အန္တောဇာတဖြစ်သော အိမ်ပေါက်ကျွန်, ဓနက္ကီတဖြစ်သော ဥစ္စာဖြင့်ဝယ်သောကျွန်၊ သယံဒါသုပဂတဟူသော သူခစားကျွန်, တိုင်းတစ်ပါးမှဆောင်ခဲ့၍ ကရမရဖြစ်သော သုံ့ရကျွန်ဟူ၍ ၄-ပါးတည်း။ ထိုကျွန် ၄-မျိုးတို့တွင် ငါသည် မင်းခစားအမတ် ဖြစ်ချေသောကြောင့် “သယံဒါသုပဂတ” ကျွန်မျိုးအဝင်ပေတည်း။ ငါသည် အရပ်တစ်ပါးသို့ပင် ရောက်သော်လည်း မင်းကြီးကျွန်ပေလျှင်တည်း။ မင်းကြီးသည် တစ်စုံတစ်ခု ပြုရာကိစ္စကြောင့် ငါ့ကို သင်လုလင် အစရှိသောသူတို့အား ပေးတော်မူသော်လည်း၊ တရားသဖြင့်ပေးခြင်းပင် ဖြစ်သည်”ဟုဆို၏။
ထိုစကားကိုကြားလျှင် ပုဏ္ဏကသည် ဝမ်းမြောက်ဝမ်းသာ တစ်ဖန် လက်ပမ်းပေါက်ခတ်လျက် “အယံ ဒုတိယော” အစရှိသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“အို-မင်းများတို့။ ငါ့အား ယခု အောင်ခြင်းကား ၂-ကြိမ်မြောက်သော အောင်ခြင်းတည်း။ ငါမေးအပ်သော ဝိဓုရအမတ်သည် ဟုတ်မှန်တိုင်း ဖြေပေ၏။ မင်းတကာတို့၏အရှင်ဖြစ်သော မင်းကြီးမူကား မတရားသောသဘော ရှိ၏။ ဟုတ်မှန်ရာကို ဆုံးဖြတ်ဖြေဆိုတတ်သော ဝိဓူရသုခမိန်ကို ငါ့အား အဘယ့်ကြောင့် မပေးဘဲ နေဘိသနည်း”ဟု ဆို၏။
ထိုစကားကိုကြားလျှင် မင်းကြီးသည် အမျက်ထွက်၍ “ဝိဓူရသုခမိန်။ သင်သည် ဤသို့သော မှူးမတ်စည်းစိမ်ကိုပေး၍ ချီးမြှောက်ပါသော ငါ့မျက်နှာကိုမျှ မထောက်မရှု။ ယခု မြင်ဖူးကာမျှသော ကစ္စည်းလုလင်မျက်နှာကိုသာ ထောက်လေသည်။ ဝိဓုရသည် ငါ၏ကျွန်မှန်လျှင် ကစ္စည်းလုလင် ဝိဓုရကို သင်ယူ၍ သွားလေတော့”ဟု “ဧဝံ စေ နော” အစရှိသောဂါထာကိုဆို၏။
အဓိပ္ပာယ်ကား-
“ကစ္စည်းလုလင်။ ဤဝိဓုရသည် ငါတို့အမေးပြဿနာ၌ “ငါ၏ဆွေမျိုး မဟုတ်၊ ငါ၏ကျွန်”ဟု မင်းပရိသတ်အလယ်၌ ဖြေ၏။ ထိုသို့ဖြေပေပြီးလျက် သင်သည် အဘယ့်ကြောင့် ယခုတိုင်ကြာအောင် ဝိဓုရကို မယူနေဘိသနည်း။ အလုံးစုံသောရတနာတို့ထက် ဤဝိဓုရသည် မြတ်၏။ ထိုဝိဓုရကို သင်ယူ၍ အလိုရှိရာအရပ်သို့ သွားလေတော့”ဟု ဆို၏။