ဝိနည်းပဒေသာသင်တန်း/ကဗဠဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်
(၅) ကဗဠဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်
၄၁။ အနာဟဋ သိက္ခာပဒ
ဆွမ်းလုတ်ကို ခံတွင်းဝသို့ မဆောင်ယူအပ်သေးမီ ခံတွင်းအဝကို မဖွင့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် အနာဟဋဒုက္ကဋ်။
၄၂။ ဘုဉ္ဇမာန သိက္ခာပဒ
ဆွမ်းစားစဉ် အလုံးစုံသော လက်ချောင်းကို ခံတွင်း၌ မထည့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဘုဉ္ဇမာနဒုက္ကဋ်။
၄၃။ သကဗဠ သိက္ခာပဒ
ဆွမ်းလုတ်နှင့်တကွဖြစ်သော ခံတွင်းဖြင့် စကားမပြောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သကဗဠဒုက္ကဋ်။
၄၄။ ပိဏ္ဍုက္ခေပက သိက္ခာပဒ
ဆွမ်းလုတ်ကို မြှောက်၍မြှောက်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပိဏ္ဍုက္ခေပကဒုက္ကဋ်။
၄၅။ ကဗဠာဝစ္ဆေဒက သိက္ခာပဒ
ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ ကိုက်ဖြတ်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ကဗဠာဝစ္ဆေဒကဒုက္ကဋ်။
၄၆။ အဝဂဏ္ဍကာရက သိက္ခာပဒ
မျောက်ကဲ့သို့ ပါးစောင်ကို မို့မောက်အောင် ပြု၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် အဝဂဏ္ဍကာရကဒုက္ကဋ်။
၄၇။ ဟတ္ထနိဒ္ဓုနက သိက္ခာပဒ
လက်ကို ခါ၍ခါ၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဟတ္ထနိဒ္ဓုနကဒုက္ကဋ်။
၄၈။ သိတ္ထာဝကာရက သိက္ခာပဒ
ဆွမ်းလုံးများကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သိတ္ထာဝကာရကဒုက္ကဋ်။
၄၉။ ဇိဝှါနိစ္ဆာရက သိက္ခာပဒ
လျှာကို ထုတ်၍ ထုတ်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဇိဝှါနိစ္ဆာရကဒုက္ကဋ်။
၅၀။ စပုစပုကာရက သိက္ခာပဒ
စပု စပုဟု အသံပြု၍ (ဝါ) စပ်စပ် ပျတ်ပျတ် မြည်အောင် ပြု၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် စပုစပုကာရကဒုက္ကဋ်။
အနာဟဋ သိက္ခာပုဒ်အဓိပ္ပာယ်
ဆွမ်းစားသည့်အခါ ပါးစပ်ပေါက်သို့ ဆွမ်းလုတ်မရောက်မီ ပါးစပ်ကို ဖွင့်ထားနှင့်ခြင်းကား မယဉ်ကျေးသော အမူအရာတစ်မျိုး ဖြစ်၏၊ ထို့ကြောင့် ခံတွင်းဝ (ပါးစပ်ပေါက်)သို့ ဆွမ်းလုတ်မတေ့မိခင် ခံတွင်းကို ကြိုတင်၍ ဟမထားနှင့်ရ။ ဂိလာနသော်လည်း ဟမထားရဟု သိပါ။
ဘုဉ္ဇမာန သိက္ခာပုဒ်အဓိပ္ပာယ်
ထမင်း မစားတတ်သေးသော ကလေးတို့သည် ထမင်းလုတ်ကို ပါးစပ်သို့ သွင်းသောအခါ လက်ချောင်းများပါ သွင်းလိုက်သကဲ့သို့ ရဟန်းသည် ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းအထဲသို့ မသွင်းမိစေရ။
သဗ္ဗံ ဟတ္ထန္တိ သကလဟတ္ထံဟု အဋ္ဌကထာ ဖွင့်ဆိုသော်လည်း လက်ငါးချောင်း စလုံးကို မယူရ၊ ဧကဒေသူပစာနည်းအားဖြင့် ဟောထားသည်။ လက်တစ်ချောင်းတစ်ချောင်းကိုသာ ယူရမည်။ ထို့ကြောင့် လက်ငါးချောင်းတို့တွင် တစ်ချောင်းတလေကိုမျှ ခံတွင်းသို့ မသွင်းရဟု သိ၊ တချို့စားနည်း၌ လက်မအဖျားလောက် အနည်းငယ် ဝင်သွားတတ်၏၊ သို့သော် အနာဒရိယ စိတ် မရှိလျှင် အာပတ်မသင့်။
သကဗဠ သိက္ခာပုဒ်အဓိပ္ပာယ်
ပါးစပ်ထဲ၌ ဆွမ်းလုတ်ရှိနေလျှင် စကားမပြောရ။ ဆွမ်းလုတ်ဟူရာ၌ စကားလုံး မပီသလောက်အောင် ပြည့်နေသော ဆွမ်းလုတ်ကို ဆိုလိုသည်။ တရားဟောစဉ် သျှစ်သျှားသီးကို ပါးစပ်ထဲ ငုံ၍ ဟောကောင်းသကဲ့သို့ ဆွမ်းလုတ်က အနည်းငယ်သာ ရှိသဖြင့် စကားလုံး ပြီသအောင် ပြောနိုင်၍ ပြောလျှင်ကား အာပတ်မသင့်။ စကားမပီမသ ဖြစ်၍ အာလုပ်သံဖြစ်နေလျှင်မူ မပြောကောင်းဟု သိ၊ ခဲဖွယ် သစ်သီးကြီးငယ် စားရာ၌လည်း နည်းတူ။
ပိဏ္ဍုက္ခေပက သိက္ခာပုဒ်အဓိပ္ပာယ်
ပိဏ္ဍ = ထမင်းခဲ (ဆွမ်းလုတ်ပါယူ)၊ ဥက္ခေပက = ပစ်မြှောက်သည်၊ နိဂ္ဂဟိတ်ကြောင့် ကြိယာဝိသေသနမှတ်၊ ဆွမ်းလုတ်ဖြစ်စေ, ဆွမ်းခဲဖြစ်စေ, ပါးစပ်၌ ကပ်၍ သွင်းရမည်။ ပါးစပ်ထဲသို့ မြှောက်ပစ်၍ မသွင်းရ၊ မုန့်, ခဲဖွယ် များနှင့် သစ်သီးများကိုကား ပစ်၍ သွင်းသော်လည်း အာပတ်မသင့်၊ သို့သော် ပါးစပ်၌ကပ်၍ သွင်းခြင်းကသာ သာ၍ ယဉ်ကျေးသည်။
ကဗဠာဝစ္ဆေဒက သိက္ခာပုဒ်အဓိပ္ပာယ်
အဝစ္ဆေဒက = ကိုက်ဖြတ်သည်။ ဆွမ်းလုတ်ကို ဆုပ်ပြီးလျှင် သွားဖြင့် ကိုက်ဖြတ်မစားရ၊ ဆွမ်းလုတ်ပြုပြီးလျှင် ထိုဆွမ်းလုတ်က များနေ၍ တော်သင့်ရုံ လက်ဖြင့် ပိုင်းပြီး သွင်းရာ၌မူ အပြစ်မရှိသင့်၊ မုန့် ပဲစသော ခဲဖွယ်များနှင့် မုန့်ဟင်းခါး, မုန့်တီ, ခေါက်ဆွဲ, လက်သုတ်များကိုကား ကိုက်ဖြတ် စားကောင်းသည် ဆို၏၊ ထို့ကြောင့် မုန့်ရှက်များ မုန့်လုံးကြီးများ၊ ပြောင်းဖူး ငှက်ပျောသီးများကို ကိုက်ဖြတ်၍ စားခြင်း စသည်၌ အာပတ်မသင့် သို့သော် လက်ဖြင့် အတုံးအတုံး ဖြတ်ပြီးမှ တစ်တုံးစီ စားခြင်းကသာ သင့်လျော်၏၊
အဝဂဏ္ဍကာရက သိက္ခာပုဒ်အဓိပ္ပာယ်
(ဂဏ္ဍ-သဒ္ဒါသည် ပါးကို ဟောရင်းဖြစ်သော်လည်း ဥပသာရ အဝ သဒ္ဒါက ဟီန =ယုတ်ညံ့ဟူသော အနက်ဟော ဖြစ်ရကား ပါးစောင်ကို ရိုးရိုး မနေစေဘဲ မြင်မကောင်းအောင် မို့မောက်နေပုံကို ယူ၊) မျောက်သတ္တဝါများ စားသည့်အခါ ပါးဖောင်းလာအောင် စားသကဲ့သို့ ဆွမ်းကို ပါးဖောင်းနေအောင် မစားရ ဟူလို၊ သျှစ်သျှားသီး စသည်ကို ပါးတစ်ဖက်၌ ငုံထားလျှင် ဖောင်းနေသကဲ့သို့ သစ်သီးဟူသမျှကို စားရာ၌ ဖောင်းနေစေသော်လည်း အာပတ်မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ်တို့၌ အနာပတ္တိ ဟူ၏၊
ဟတ္ထနိဒ္ဓုနက သိက္ခာပုဒ်အဓိပ္ပာယ်
တချို့ ထမင်းစားရာ၌ လက်ကို မကြာခဏ ခါ၏၊ ထိုကဲ့သို့ လက်ကို ခါ၍ ဆွမ်းမစားရ၊ ဆွမ်းထဲ၌ ကျောက်ခဲ, အမှိုက်ပါလာ၍ ထိုအမှိုက်များကို စွန့်ပစ်သော အခါမျိုး၌ကား ခါကောင်း၏၊
သိတ္ထာဝကာရက သိက္ခာပုဒ်အဓိပ္ပာယ်
သိတ္ထ = ဆွမ်းလုံး + အဝကာရက = မသင့်မတော် ပြုသည်။ ဖရိုဖရဲ ကြဲနေအောင် ဆွမ်းလုံးများကို ဟိုပစ်လိုက် သည်ပစ်လိုက် လုပ်ခြင်းကို အဝကာရကဟု ဆိုသည်။ ဆွမ်းလုံးများကို မဖိတ်မစင်အောင် ကောင်းစွာ သိမ်းသိမ်းဆည်းဆည်း စားရမည် ဟူလို။
အရိုး, အမှိုက်များကို ဆွမ်းထဲမှ ယူ၍ စွန့်ပစ်ရင်း ဆွမ်းလုံးများ ပါသွားရာ၌ကား အနာပတ္တိ။
ဇိဝှါနိစ္ဆာရက သိက္ခာပုဒ်အဓိပ္ပာယ်
တချို့ စားကြရာ၌ ထမင်းလုတ်ကို လျှာဖြင့်၍ ကော်ယူတတ်ကြ၏၊ ထိုသို့ လျှာကို ထုတ်၍ ဆွမ်းလုတ်ကိုလည်းကောင်း, ဟင်းကိုလည်းကောင်း ကော်မယူရ၊ လျှာထုတ် ကော်ယူစားလျှင် အာပတ်သင့်၏၊
စပုစပုကာရက သိက္ခာပုဒ်အဓိပ္ပာယ်
စပု စပုသဒ္ဒါကား ပါးစပ်မှ မြည်သောအသံကို အတုလိုက်၍ လုပ်ထားသော အနုကရဏသဒ္ဒါတည်း။ အသံကြားရာ၌ လူတစ်မျိုးနှင့် တစ်မျိုး ကြားပုံချင်း မတူကြ၊ ထမင်းစားသောအခါ တချို့ မြည်တတ်သော အသံကို မြန်မာတို့က ပြတ် ပြတ်ဟု ကြား၏၊ တချို့ကား စပ် စပ်ဟု ကြား၏၊ ပါဠိသုံးမှာမူ စပု စပုဟု ကြားဟန်တူသည်။ ထိုကဲ့သို့ အသံမထွက်အောင် ပါးစပ်ကို ပိတ်ထားပြီး ဆွမ်းစားရမည်၊ ပါးစပ်ဖွင့်ထားလျှင် မြည်တတ်၏၊