ဝိနည်းပဒေသာသင်တန်း/ဒုဗ္ဘာသိတအာပတ်
ဒုဗ္ဘာသိတအာပတ်
(ဒုဗ္ဘာသိတ = ဒု + ဘာသိတ) ဒု = မကောင်းသဖြင့်၊ ဘာသိတ = ပြောဆိုအပ်သော စကား၊ ထိုသို့ မကောင်းသဖြင့် ပြောမှုကြောင့် သင့်ရောက်သော အာပတ်ကို ကာရဏူပစာရအားဖြင့် ဒုဗ္ဘာသိတအာပတ်ဟု ခေါ်ရသည်။ ပြက်ရယ်ပြောင်လှောင် ကျီစားလိုသော ရယ်ရွှင်ဖွယ်ဖြစ်စေလိုသော သဘောဖြင့် သာမဏေကိုဖြစ်စေ, လူကို ဖြစ်စေ ပုနေသူကို “လူထွားကြီး လာပြီကွဲ့၊” အရပ်ရှည်သူကို “လူပုလေး လာပြီကွဲ့၊ခတ္တိယကြီး လာပြီကွဲ့၊ပိဋကတ်အိုးကြီး လာပြီကွဲ့၊ရဟန္တာကြီး ကြွလာပြီကွဲ့စသည်ဖြင့် ပြောဆိုခြင်းမျိုးဟူသမျှတို့ကို ဒုဗ္ဘာသိတအာပတ်ဟု မှတ်အပ်၏၊ ကျီစားနောက်ပြောင်တတ်သော ရဟန်းများသည် ဤဒုဗ္ဘာသိတအာပတ် သင့်တတ်ကြောင်း သတိပြု၍ ရှောင်ကြဉ်သင့်သည်။
တရားအားထုတ်နေသော အသင်သူတော်ကောင်းသည် (အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ ဝိဟရတိ) အနုမြူပမာ သေးငယ်စွာသော အပြစ် အာပတ်တို့၌ ဘေးကြီးဟူ၍ ရှုမြင်လျက် နေရမည်ဟုလည်းကောင်း, (အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ) စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်၏ဟုလည်းကောင်း, မြတ်စွာဘုရား သတိပေး ဟောကြားထားတော်မူချက် ရှိပေသည်။
ဒုက္ကဋ်နှင့် ဒုဗ္ဘာသိတအာပတ်များ
ဒုက္ကဋ်နှင့် ဒုဗ္ဘာသိတအာပတ်များကို ဝိနည်းပါဠိတော်လာအတိုင်း ထပ်မံ ရှာဖွေတင်ပြပါဦးမည်။
ရေအိမ် (ဝစ္စကုဋီ)သို့ ရှေးဦးစွာ ဝင်မည့်ရဟန်းကို တားမြစ်၍ မိမိအလျင် ဝင်ခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၏၊ ရေဆိပ်သို့ ရှေးဦးစွာ သက်မည့် ရဟန်းကို မြင်၍ မိမိ အလျင်သက်ခြင်း၊ ဆွမ်းခံရွာသို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို တားမြစ်၍ မိမိ အလျင်ဝင်ခြင်း၊ (ဤအချက်ကို ထောက်၍ ဝစ္စကုဋီ ရေချိုးဆိပ် ဆွမ်းခံရွာ ဝင်ရာတို့၌ ထေရ်စဉ်ဝါလိုက် စောင့်ရန် မလိုပေ၊၊) သီတင်းကြီးက မတိုက်တွန်းပါဘဲလျက် ခွင့်မပန်ကြားဘဲလျက် တရားဟောခြင်း၊ ပါတိမောက်ပြခြင်း၊ ပြဿနာ မေးခြင်း၊ သီတင်းကြီး လာရာတွင် နေရာမှ မထခြင်း၊ သီတင်းကြီးနှင့် တစ်ခန်းတည်း အတူနေလျှင် မထေရ်ကြီးကို မပန်ကြားဘဲ စာအံသရဇ္ဈာယ်ခြင်း၊ ဆီမီးညှိထွန်းခြင်း (လျှပ်စစ်မီး ဖွင့်ခြင်း, ပိတ်ခြင်း) လေသွန်တံခါး စသည်ကို ဖွင့်ခြင်း, ပိတ်ခြင်း၊ မိစ္ဆာအယူရှိသော ရဟန်းကို ရှိခိုးခြင်း၊ ဥက္ခိတ္တကရဟန်းကို ရှိခိုးခြင်း၊ ပရိဝါသ်ဆောက်တည်ဆဲ ရဟန်း, အရင်းသို့ ငင်ထိုက်သော ရဟန်း, မာနတ်ကျင့်ဆဲရဟန်း, မာနတ်ပေးထိုက်သော ရဟန်း, အဗ္ဘာန်သွင်းထိုက်သော ရဟန်း, ဤ ကမ္မာရဟရဟန်း (၅)မျိုးတို့ကို ရှိခိုးခြင်း၊ အဝတ်မကပ်သော ရဟန်းကို ရှိခိုးခြင်း၊ အဝတ် မကပ်ဘဲ သီတင်းကြီးကို ရှိခိုးခြင်း၊ ဝိနည်း၌ မလိမ္မာဘဲလျက် ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာ ပြုခြင်း၊ အလဇ္ဇီရဟန်းတို့အား နိဿယည်းပေးခြင်း၊ အလဇ္ဇီရဟန်းတို့ကို အမှီနိဿယည်းဆရာပြု၍ နေခြင်း၊ နိဿယမုစ္စကအင်္ဂါများနှင့် မပြည့်စုံသေးဘဲ နိဿယည်းပေးတတ်သော ဆရာကို မမှီဘဲ နေခြင်း၊ အာပတ် မသင့်ဘဲလျက် ဒေသနာပြောကြားခြင်း၊ ဝတ္ထုသဘောတူသင့်သော အာပတ်ကို ဒေသနာပြောကြားခြင်း၊ သံဃာဒိသေသ်အာပတ် မသင့်ဘဲလျက် ပရိဝါသ်, မာနတ် ဆောက်တည်ခြင်း၊ ကံမဟုတ်သည်ကို ကံပြုခြင်း၊ ဝုဋ္ဌာနကံ သံဃာဒိသေသ်အာပတ်ကို ဒေသနာကံပြုခြင်း၊ ဒေသနာကံအာပတ်ကို ဝုဋ္ဌာနကံ ပြုခြင်း၊ လက်ကတော့ကိုယ်ဝတ် မတင်ဘဲ ဆောင့်ကြောင့်မထိုင်ဘဲ လက်အုပ်မချီဘဲ ဒေသနာပြောကြားခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ဆရာဥပဇ္ဈာယ်တို့အား ရှိခိုးခြင်းစသော ဝတ်ကို မပြုခြင်း၊ ပရိဝါသ်နေခြင်း၊ စသော ကမ္မာရဟအရာ၌ တည်နေစဉ် ရဟန်း သာမဏေတို့၏ ဝတ်ကို သာယာခြင်း၊ ကမ္မာရဟပုဂ္ဂိုလ်တို့ ကျင့်ရသောဝတ်ကို မဖြည့်ကျင့်ခြင်း၊ ဝါလတိုင်လျက် ဝါမကပ်ခြင်း၊ သတ္တာဟကရဏီယ မပြုရာသည်၌ သတ္တာဟကရဏီယ (ဝါပန်) ပြု၍ သွားခြင်း၊ ခွင့်ပြုအပ်သောအကြောင်း မရှိဘဲလျက် ဝဿစ္ဆေဒ (ဝါပြတ်ခြင်း)ကို ဖြစ်စေခြင်း၊ အလွှမ်းသုံးပါးတွင် တစ်ပါးပါး မရှိဘဲလျက် မိမွေးတိုင်း (ကိုယ်တုံးလုံး) ရေချိုးခြင်း၊ (အလွှမ်းသုံးပါးကား အဝတ်အလွှမ်း၊ ရေအလွှမ်း၊ အဆောက်အအုံအလွှမ်းတည်း။) ရေချိုးသောအခါ ကိုယ်ကို နံရံ တိုင် သစ်ပင်တို့၌ ပွတ်ခြင်း၊ မှတ်ကျောက်မှုန့်ဖြင့် ပွတ်ခြင်း၊ တစ်ယောက်ကျောနှင့် တစ်ယောက် ပွတ်ခြင်း၊ ကိုယ်နံ့နံသူ မဟုတ်ဘဲလျက် ဆပ်ပြာမွှေးဖြင့် ရေချိုးခြင်း၊ ပကတိပုရိသ လက်တစ်ဆယ့်နှစ်သစ်ထက်အလွန် ရှည်သော တံပူ (ဒန်ပူ)ကို စားခြင်း၊ ခြောက်လက်သစ်အောက် ယုတ်သော (ဝါ) တိုသော တံပူကို စားခြင်း၊ နေလွဲသောအခါ၌ ပိပါသပစ္စယ (ဆာလောင်မွတ်သိပ်ခြင်းအကြောင်း) မရှိဘဲလျက် ဖျော်ရည်ကို သောက်ခြင်း၊ နေလွဲသောအခါ (ဂေလညပစ္စယ) အနာဟူသောအကြောင်း မရှိဘဲလျက် သတ္တာဟကာလိက, ယာဝဇီဝိက, ထောပတ်, ဆေးစသည်ကို စားမျိုခြင်း၊ ကွမ်း, ဆေးရွက်, လက်ဖက်စားခြင်း၊ ကြေးနီ စသည်ဖြင့် ပြုသော ပအုပ်၌ ဆွမ်းစားခြင်း၊ ရဟန်းနှစ်ပါး တစ်ခွက်တည်း၌ အတူစားခြင်း၊ ကုတင်တစ်ခုတည်း၌ အတူအိပ်ခြင်း၊ တစ်ခင်းတည်း ခင်း၍ အတူအိပ်ခြင်း၊ တစ်ထည်ကို အတူခြုံ၍ အိပ်ခြင်း၊ တစ်ခင်း တစ်ရုံတည်း ခင်းခြုံ၍ အိပ်ခြင်း၊ သုံးပါးထိုင်လောက်အောင် မရှည်သော နေရာဌာန၌ သုံးဝါ သုံးဝါထက် အလွန်ကြီးသော ရဟန်းနှင့် နေရာတန်းတူ ထိုင်ခြင်း၊ [မိမိနှင့် အထက်အောက် သုံးဝါအတွင်းရှိ (နှစ်ဝါကြီး နှစ်ဝါငယ်) ရဟန်းနှင့် နေရာတန်းတူ၌ အတူထိုင်ခြင်းငှာ ခွင့်ပြု၏] သုံးပါးထိုင်လောက်အောင် ရှည်သော နေရာဌာန၌ကား မိမိထက် သုံးဝါ, သုံးဝါအထက် ကြီးသောရဟန်းနှင့်လည်း နေရာတူ ထိုင်နိုင်၏၊ သို့သော် ညောင်စောင်း အင်းပျဉ် ကုတင် ထိုင်ခုံတို့၌ကား အထက်အောက် နှစ်ဝါကြီး နှစ်ဝါငယ် ရဟန်းနှစ်ပါးသာလျှင် အတူထိုင်နိုင်သည်ဟု ဝိမတိဝိနောဒနီဋီကာဆရာ ဆို၏၊
ဆိတ်, သိုး, သမင်, ချေ, စိုင်, ဧဏီမည်သော သားကောင် ဆတ်တို့၏ အရေမှတစ်ပါးသော သားရေတို့ဖြင့် ပြုလုပ်သော သားရေနယ် အခင်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်ဖြင့် သုံးဆောင်ခြင်း၊ ဘုရားရှင် တားမြစ်တော်မူအပ်သော ကယဝိက္ကယ စသည်ကြောင့်ရသော ပစ္စည်းကို သုံးဆောင်ခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော အရပ်၌ ဖိနပ်စီးခြင်း၊ ကျောင်း အိပ်ရာ နေရာ၌ ဖိနပ်စီးခြင်း၊ သံဃာ၏ ဥစ္စာဖြစ်သော ညောင်စောင်း အင်းပျဉ် ကုတင်ထိုင်ခုံတို့ကို မဆေး မပွတ် မသုတ်သော ခြေ, စိုစွတ်သော ခြေ တို့ဖြင့် နင်းခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော နံရံကို သုံးသပ်ခြင်း၊ တံတိုင်း နံရံတို့၌ ကျင်ကြီး ကျင်ငယ် အမှိုက် စားကြွင်းတို့ကို စွန့်ပစ်ခြင်း၊ အနာဟူသောအကြောင်း မရှိဘဲလျက် ဒုကုဋ် သင်းပိုင် ဧကသီသင်္ကန်းဖြင့် မြင်းခေါင်းကျောက်ဆစ် လှည့်ရစ်ပတ်သိုင်း၍ အာယောဂပတ်ဖွဲ့လျက် နေခြင်း၊ သင်္ကန်းကို မကောင်းသဖြင့် ဝတ်ရုံခြင်း၊ ခါးပန်းကို မဖွဲ့ဘဲလျက် ရွာတွင်းသို့ ဝင်ခြင်း၊ တပ်နှစ်သက်သော စိတ်ဖြင့် ဆွမ်းလှူသော ယောက်ျား မိန်းမတို့၏ မျက်နှာ, ကိုယ်အင်္ဂါ, အင်္ဂါဇာတ်တို့ကို ကြည့်ခြင်း၊ ငြူစူသော စိတ်ဖြင့် အခြားရဟန်းတစ်ပါး၏ သပိတ်ကို ကြည့်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် မိမိမျက်နှာကို ကြေးမုံ (မှန်) ရေခွက် စသည်တို့၌ ကြည့်ခြင်း၊ တစ်ပါးသောသူက ဟတ်ချိုးဟု ချေဆတ်ရာ၌ အသက် ရှည်ပါစေသောဝ်ဟု ဆိုခြင်း၊ ကခြင်း, ကစေခြင်း, သီဆိုခြင်း, သီဆိုစေခြင်း၊ တရားတော်ကို ရှည်သော အသံဖြင့် သီချင်းကဲ့သို့ သီဆိုခြင်း၊ (အသံထင်ရှားအောင် ရွတ်ဆိုခြင်းကို ခွင့်ပြု၏၊) သီဆိုခြင်း, တီးမှုတ်ခြင်း, ကခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း၊ (သီချင်းဂီတသံများ ဖွင့်ထားသော ရေဒီယို ကက်ဆက် တယ်လီဗေးရှင်းတို့ကို နားထောင်ကြည့်ရှုခြင်းများ ပါဝင်နိုင်သည်၊၊)
ပွဲလမ်းသဘင်ခံခြင်း, မင်းနန်းတော်ကိုဖြစ်စေ၊ ဆန်းကြယ်သော အိမ်, အာရာမ်, ခြံ, ဥယျာဉ်, ရေကန်တို့ကိုဖြစ်စေ တမင်သက်သက် သွားကြည့်ခြင်း၊ ဘုရား တရား သံဃာကို အကြောင်းပြု၍ “ကျောက်ဘုရားလော” နွားတရားလော သားအပေါင်းလော နွားနီအုပ်ကြီးလောစသည်ဖြင့် ပြက်ရယ်ပြုခြင်း၊ လူဝတ်ကြောင်တို့ကဲ့သို့ ဝတ်ခြင်း၊ ရုံခြင်း၊ ခါးတောင်းကျိုက်ခြင်း (ဤအချက်ကြောင့် အံသကိုဋ် ကိုယ်ကြပ်၊ တစ်ဖက်ပြတ်အကျႌများကို မဝတ်ရုံသင့်ပေ။) တစ်စုံတစ်ခုသော ကစားမျိုးကို ကစားခြင်း၊ တောကို မီးတိုက်ခြင်း၊ (အနီးအပါး တောမီးလောင်နေ၍ ကျောင်းမီးလောင်ခြင်းမှ ကာကွယ်ရန်အလို့ငှာ မီးကြိုပေးရန် အရံအတား လုပ်ရန် ခွင့်ပြုတော်မူ၏၊၊) နှစ်ဘက် ဝန်ထုပ်ဝန်ပိုးရှိသော ထမ်းပိုးကို ထမ်းခြင်း၊ ဆိုင်း, ခြင်းဖြင့် သပိတ်ကို ဆောင်ခြင်း (ဤအချက်ကြောင့် အပေါက် ဇကာကွက်ပါသော သပိတ်အိတ်ကို အချို့ဆရာတော်များ မနှစ်သက်ကြခြင်း ဖြစ်သည်။) ရှည်သော တုတ်ဖြင့် သပိတ်ရှိသော ဆိုင်းကို ဆောင်ခြင်း၊ ဒါယကာတို့အား လောကွတ်ပျူငှာ လောကဝတ် ပြုခြင်း၊ သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ သီတင်းသုံးဖော် မိဘစသော သူတို့မှ တစ်ပါး အခြားသူတို့ကို ဆေးပေးခြင်း၊ ဗေဒင်သင်ခြင်း၊ သင်စေခြင်း။
ကာလအားဖြင့် နှစ်လ၊ ပမာဏအားဖြင့် လက်နှစ်သစ်ထက်အလွန် ရှည်သော ဆံပင်ကို မသုတ်သင်ဘဲ ထားခြင်း၊ မုတ်ဆိတ်ကို ရှည်အောင် ထားခြင်း၊ (ကြင်စွယ်) နှုတ်ခမ်းမွေးထားခြင်း၊ နှာခေါင်းမှ အပသို့ ထွက်အောင် ရှည်သော နှာခေါင်းမွေးကို မသုတ်သင်ဘဲ ထားခြင်း၊ လက်သည်း ခြေသည်းတို့ကို အသားထက် ရှည်စေခြင်း၊ ၎င်းတို့ကို အပြေအပြစ် အလှအပပြုခြင်း၊ ပဿာဝမဂ်နှင့် လက်ကတီးကြား ချိုင်းကြား၌ ပေါက်သော အမွေးတို့ကို ရိတ်နုတ်ခြင်း၊ ရင်မွေးတို့ကို ရိတ်နုတ်ခြင်း၊ ဆံဖြူကို နုတ်ခြင်း၊ နုတ်စေခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် ဆံပင်ကို ကတ်ကြေးဖြင့် ဖြတ်ခြင်း၊ တစ်သူခန့်မျှ (လက်ခုတ်တစ်ဖောင်ခန့်မျှ) တက်၍ ထင်းခြောက်ကို ယူခြင်းမှ တစ်ပါး ဘေးမရှိဘဲလျက် သစ်ပင်တက်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် အင်္ဂါဇာတ်ကိုကြဉ်၍ ကြွင်းသော ကိုယ်အင်္ဂါကို ဖြတ်ခြင်း၊ (အင်္ဂါဇာတ် ဖြတ်လျှင် ထုလ္လစ္စဉ်း) အာဟာရကို ဖြတ်ခြင်း စသည်ဖြင့် မိမိကိုယ်ကို သတ်ခြင်း၊ ရေစစ် မပါဘဲ အဓွန့်ရှည်သော (ယူဇနာခွဲ = လေးမိုင်) ခရီးသို့ သွားခြင်း၊ ရေစစ်ငှားသော ရဟန်းအား ရေစစ် မပေးခြင်း၊ ပန်းချီရေးသော အရုပ်ဟူသမျှကို ရေးခြင်း၊ ရေးစေခြင်း၊ ထုခြင်း၊ ထုစေခြင်း၊ သူတစ်ပါး၏ ပရိသတ်ကို ဖြားယောင်းခြင်း၊ ရဟန်း သာမဏေတို့အား မအပ်မရာသော အကျင့်ကို ဆောက်တည်စေခြင်း၊ ဂိလာန (သို့မဟုတ်) ရဟန်းအို မဟုတ်ဘဲလျက် နွားလှည်း မြင်းလှည်း ဆိုက်ကားများကိုလည်းကောင်း, ထမ်းစင် (ဝေါ) ကိုလည်းကောင်း, အဝတ်ထမ်းကိုလည်းကောင်း, လူနှစ်ယောက် လက်ချင်းယှက်၍ ဆောင်ယူသော လက်ပွေ့အထမ်းစသော ထမ်းစင်အမျိုးမျိုးကိုလည်းကောင်း စီးခြင်းဟူသမျှတို့သည် ဒုက္ကဋ်ချည်းတည်း။ (ဂိလာန သို့မဟုတ် ရဟန်းအို ဖြစ်၍ စီးလျှင် အထီးကသော ယာဉ်၌သာလျှင် စီးအပ်သည်။)
တိတ္ထိတို့ ဆောက်တည်အပ်သော အအ, ကဲ့သို့ စကားမပြောသော အကျင့်ကို ဆောက်တည်ခြင်း၊ မနာမဖျားဘဲလျက် ရွာတွင်း၌ ဖိနပ်စီးခြင်း၊ အလုံးစုံ ညို ရွှေ နီ ဖြူ မည်းသော အဆင်းရှိကုန်သော ဖိနပ်များကို စီးခြင်း (ခုဒ္ဒသိက္ခာနိဿယ ဥပါဟနနိဒ္ဒေသ) [အလုံးစုံ ကင်းခြေများကျောက်ကုန်းအဆင်း, လိမ္မော်ရောင်ရှိသော ဖိနပ်, အလုံးစုံ ဖက်ရွက်ရော်အဆင်းရှိသော ဖိနပ်လည်း မအပ်ဟု မဟာဝါပါဠိတော် မြန်မာပြန် စမ္မက္ခန္ဓက (၂၇၂) စာပိုဒ် (၂၄၆)၌ လာရှိ၏၊] အသည်းတပ်သော ဖိနပ်များ၊ ဖနောင့်ဖုံး တပ်သော ဖိနပ်များ၊ ဖမိုးဖုံးတပ်သော ဖိနပ်များ၊ ခြင်္သေ့, ကျား, ကျားသစ်, သစ်နက်, ဖျံ, ကြောင်, ရှဉ့်နက်, ရှူးရေတို့ဖြင့် ချုပ်သော ဖိနပ် စသည်ကို စီးခြင်း၊ မိမိ၏ နိဿယည်းဆရာ, မိမိထက် ခြောက်ဝါကြီးသော အာစရိယမတ္တပုဂ္ဂိုလ်, မိမိ၏ ဥပဇ္ဈာယ်ဆရာ, မိမိထက် ဆယ်ဝါကြီးသော ဥပဇ္ဈာယမတ္တပုဂ္ဂိုလ်, ထိုပုဂ္ဂိုလ်တို့ ဖိနပ်မစီးလျှင် ၎င်းပုဂ္ဂိုလ်တို့၏ အနီးအနား (ဆယ့်နှစ်တောင် အတွင်း)၌ ဖိနပ်မစီးရခြင်း။
အနာဟူသော အကြောင်းလည်း မရှိ၊ နေပူမိုးရွာခြင်းလည်း မရှိ၊ ပကတိအခါ၌ မြို့တွင်းရွာတွင်း မဆိုထားဘိ ကျောင်းအာရာမ် ပြင်ပနှင့် တော တောင်များ၌လည်း ထီးမဆောင်းအပ်ခြင်း၊ (ထီးအလှဆောင်းခြင်းကို ဆိုလို သည်) ထီးရွက်အတွင်း၌လည်းကောင်း, အမိုး၌လည်းကောင်း ငါးပါးသော အဆင်း ရှိကုန်သော ချည်တို့ဖြင့် ချုပ်ခြင်းငှာ မအပ်၊ ထီးရွက်အမိုး၌ မကရ်းသွားသဏ္ဌာန်, လခြမ်းသဏ္ဌာန် စသည်တို့ကို ထုခြင်းငှာ မအပ်၊ ထီးရိုး၌ ရေးချယ်ထားသော ကြာပွင့်သည်လည်းကောင်း၊ သားရဲရုပ်သည်လည်းကောင်း၊ ကြံဆစ်အရေးသည်လည်းကောင်း မအပ်၊ (ထို ဆိုခဲ့ပြီးသော ထီးများ ဖြစ်လျှင် အရုပ်များ ဖျက်၍ဖြစ်စေ အုပ်ထား၍ဖြစ်စေ သုံးသင့်သည်၊၊)
“လူ သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ကိုရင် ကျောင်းသားများကို ရိုက်နှက်၍ ဆုံးမရာ၌လည်း ဒုက္ကဋ်အာပတ်မှ မလွတ်ဟု သတိရှိကြပါကုန်”ဟု အရှင်ဩဘာသရေးသားသော “ဝိနည်းဥပဒေတော်ကြီးစာအုပ်”၌ လာရှိ၏၊ ဤသည်တို့ကား ဒုက္ကဋ်အာပတ်များကို ပြဆိုခြင်းတည်း။