ဝိနည်းပဒေသာသင်တန်း/ဝိနည်းဒေသနာတော်
ဝိနည်းဒေသနာတော်
ဝိနေတီတိ ဝိနယော၊ ဝိသေသေန ယာ ဧတ္ထာတိ ဝိနယော၊ ဝိဝိဓေန ယာ ဧတ္ထာတိ ဝိနယော-ဟု အဋ္ဌကထာဆရာတို့ ဖွင့်ဆိုကြသည့် အားလျော် စွာ ဆုံးမတတ်သောကြောင့် ဝိနည်း၊ ထူးသောနည်း ရှိသောကြောင့် ဝိနည်း၊ အထူးထူး အပြားပြားသော နည်းတို့ ရှိသောကြောင့် ဝိနည်းဟု ဆိုသည်။
ဝိနည်းသင်ရိုး
ဝိနည်း (၅)ကျမ်းကို ဉာဏ်အားနည်းသူတို့ မှတ်လွယ်စေရန် ဒွေမာတိကာ, ခုဒ္ဒသိက္ခာ, မူလသိက္ခာ, ကင်္ခါအဋ္ဌကထာဟု ရှေးဆရာတို့ သင်ရိုးပြု၍ သင်ပေးတော်မူကြသည်။ ဘုရားရှင် ဟောကြားဆုံးမထားတော်မူသော ဝိနည်း သိက္ခာပုဒ်တို့ကို သဘောတူရာ စုပေါင်း၍ ပထမသင်္ဂါယနာ တင်စဉ်အခါက ရဟန္တာအရှင်မြတ်တို့သည် ဝိနည်း (၅)ကျမ်း သင်္ဂါယနာ တင်တော်မူကြသည်။ အဋ္ဌကထာ, ဋီကာ, ယောဇနာ, ဂဏ္ဌိ, မြန်မာအဖွင့် ဒီပနီ, ဘာသာဋီကာဆရာတော်တို့၏ ကျေးဇူးကြောင့် ဝိနည်းတရားတို့ကို နားလည်အောင် သင်ယူခွင့် ရခဲ့ကြသည်။
ယခုအခါ စာမေးပွဲအားပေးကြသော ခေတ်အခါဖြစ်သောကြောင့် ဝိနည်းအမေးအဖြေ စာအုပ်များလည်း ပေါ်လာသည်။ ဤသို့လျှင် အဖွင့်ကျမ်းဂန်စာအုပ်တွေ များပြားလာ၍ စာသင်သားလောက၌ အားလုံးစုံအောင် မလေ့လာနိုင် မသင်ယူနိုင်ကြဘဲ ဖြစ်လာကြသည်။
သင်လွယ်, မှတ်လွယ်, ဆောင်လွယ်စေခြင်းငှာ ဤသင်တန်းစာအုပ်၌ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် (၃)ပါးတွင် သီလကျင့်စဉ်များကို သင်ပြသွားမည် ဖြစ်ပါသည်။
သီလကျင့်စဉ် အကျဉ်း (၂) မျိုး
စာရိတ္တသီလ, ဝါရိတ္တသီလဟု အကျဉ်းအားဖြင့် (၂)မျိုး ရှိသည်။ မဟာဝါ ခန္ဓက, စူဠဝါခန္ဓကမှ လာသော ဖြည့်ကျင့်ရမည့် ဆရာဝတ်, တပည့်ဝတ်, သေနာသနဝတ်စသော ကျင့်ဝတ်သီလများကို “စာရိတ္တသီလ”ဟု ခေါ်သည်။ စေတနာကို အရကောက်ရသည်။ စိတ်ကောင်း, စေတနာကောင်းရှိသူတို့ ဖြည့်ကျင့်နိုင်ကြသည်။ ၎င်းတို့ကို စာရိတ္တသီလဟု ခေါ်သည်။
ဝါရိတ္တသီလမှာကား တားမြစ်ထားသော ရှောင်ကြဉ်ရမည့် ပါရာဇိက, သံဃာဒိသေသ်စသော သိက္ခာပုဒ်သီလများကို ခေါ်သည်။ ဝိရတီကို အရကောက်ရသည်။ ကိုယ်, နှုတ်, နှလုံး သုံးပါးလုံးတို့ဖြင့် ရှောင်ကြဉ်ထိန်းသိမ်း စောင့်ရှောက်ကြရသည်။ မနောဒွါရသက်သက်၌ အာပတ်မသင့်နိုင်ဟု ဆိုသော်လည်း မနောဒွါရစိတ်ကို ပဓာနထား ရှောင်ကြည်ရမည် ဖြစ်သည်။