ဝိနည်းပဒေသာသင်တန်း/သင်္ကန်းနှင့်စပ်သော နိဿဂ္ဂိများ
သင်္ကန်းနှင့်စပ်သော နိဿဂ္ဂိများ
၁။ ဒသာဟာတိက္ကန္တ = အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ ဆယ်ရက်လွန်ခြင်း။
၂။ တိစီဝရေန ဝိပ္ပဝသေယျ = သင်္ကန်းသုံးထည်နှင့် အရုဏ်ညဉ့်ကင်းခြင်း။
၃။ အညာတကဝိညတ္တိ = ဆွေမျိုးမတော် မဖိတ်ထားသူထံ သင်္ကန်းတောင်း ၍ ရခြင်း။
၄။ တတုတ္တရိ = ခိုးသူ လုယက်ခြင်း၊ ရေ, မီး, မင်း စသည်များ ဖျက်ဆီးခံရမှု သိ၍ ဖိတ်ခံရကာ လှူဒါန်းလျှင် သင်းပိုင် ကိုယ်ရုံထက် ပို၍ မခံယူရခြင်း။
၅။ ဥပက္ခဋ = မူလရည်ရွယ်သည်ထက် ပိုကုန်အောင် သင်္ကန်းစီမံ၍ ရခြင်း။ ဤသိက္ခာပုဒ် ၅-ပုဒ်သာ စီဝရဝဂ်၌ သင်္ကန်းနှင့်စပ်၍ နိဿဂ္ဂိဖြစ်ပုံ ရှင်းပြရေးသားမည် ဖြစ်ပါသည်။ ထို့ပြင်လည်း ပတ္တဝဂ်လာ ---
၆။ ဝဿိကသာဋိက သိက္ခာပုဒ်၊
၇။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ်၊
၈။ သုတ္တဝိညတ္တိ သိက္ခာပုဒ်၊
၉။ မဟာပေသကာရ သိက္ခာပုဒ်၊
၁၀။ အစ္စေကစီဝရ သိက္ခာပုဒ်၊
၁၁။ သာသင်္ကသိက္ခာပုဒ် - ဤသိက္ခာပုဒ်များလာ သင်္ကန်းနိဿဂ္ဂိ ဖြစ်ပုံများကိုလည်း အကျဉ်းချုပ်မျှ သိသာရုံ ရေးသားဖော်ပြပါဦးမည်။
၁။ ပထမကထိနသိက္ခာပုဒ်
သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး, ကထိန်နုတ်ပြီးနောက် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင်သင်္ကန်းကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲလျက် ဆယ်ရက်ထက် ပိုလွန်၍ထားလျှင် သင်္ကန်းကိုလည်း ဝိနည်းကံဖြင့် စွန့်အပ်၏၊ ပထမကထိန နိဿဂ္ဂိပါစိတ်အာပတ်လည်း သင့်၏၊
အင်္ဂါ (၅) ပါး - (၁) ဇာတ်ပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း၊
(၂) နေ့ရက်အရေအတွက်သို့ ရောက်ခြင်း၊
(၃) စီဝရ, အာဝါသ ပလိဗောဓနှစ်ပါး ပြီးပြတ်ပြီး ဖြစ်ခြင်း၊
(၄) အဓိဋ္ဌာန် ဝိကပ္ပနာပြုထားသော သင်္ကန်းမှ အပိုသင်္ကန်း ဖြစ်ခြင်း၊
(၅) ဆယ်ရက် (၁၁-အရုဏ်)လွန်ခြင်း -ပေါင်း အင်္ဂါငါးပါး ရှိ၏၊
(ဆောင်) ဇာတ်ပမာဏ လောက်ငလေရာ ကိုယ့်ဟာဖြစ်ခြင်း၁ ရေတွက်တွင်းသို့ ရောက်လျဉ်းတုံဘိ၂ ပလိဗောဓ ပြတ်ကြပေလစ်၃ အပို ဖြစ်လျက်၄ ဆယ်ရက်လွန်ပြီ၅ အင်ငါးလီ, သင့်ပြီ ပထမကထိန။
၂။ ဒုတိယကထိန (ခေါ်) ဥဒေါသိတသိက္ခာပုဒ်
ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသသမ္မုတိကို မရထားလျှင် သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး ကထိန်နုတ်ပြီးနောက် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့နှင့် တစ်ညဉ့် (တစ်အရုဏ်)မျှသော်လည်း ကင်း၍နေလျှင် ဒုတိယကထိနခေါ် ဥဒေါသိတနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ (သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ဤသုံးထည်ကို တိစီဝရိက်ဟု ခေါ်၏၊ တစ်ထည်ထည်နှင့် ညဉ့်ကင်းလျှင် နိဿဂ္ဂိ။)
အင်္ဂါ (၄) ပါး -
(၁) တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသောသင်္ကန်း ဖြစ်ခြင်း။
(၂) ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း။)
၃။ အဝိပ္ပဝါသ သမ္မုတိ မရခြင်း။
(၄) ညဉ့်ကင်းခြင်းတို့တည်း။
(ဆောင်) ဓိဋ္ဌာန်တင်လစ်, သင်္ကန်းဖြစ်သား၁ စင်စစ်ကထိန်, ခင်းမကြိမ်တည်း၂ နာချိန်သမ္မုတိ, မရရှိဘဲ၃ ရတ္တိအရုဏ်, ကင်းနေတုံဟု၄ ကြောင်းစုံ လေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယကထိန။
၆။ အညာတကဝိညတ္တိသိက္ခာပုဒ်
ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းသင့်သော အခါကို ကြဉ်၍ အခြားအခါ၌ သင်္ကန်းကို တောင်းယူအလှူခံရရှိလျှင် အညာတကဝိညတ္တိ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊
(မှတ်ချက်) သင်္ကန်းကို ပြထားသော်လည်း အခြားပစ္စည်းများကိုလည်း မတောင်းကောင်းပါ။ ပဏီတဘောဇဉ် တောင်းစားလျှင် သုဒ္ဓပါစိတ်၊ မဟာနာမသိက္ခာပုဒ်၌ ဆေးပစ္စည်းတောင်းလျှင် သုဒ္ဓပါစိတ်၊ ဆေးမဟုတ်ဘဲ ပဏီတဘောဇဉ်မှ လွတ်သော စားဖွယ် အားလုံးကို တောင်းစားလျှင် သူပေါဒနဝိညတ္တိဒုက္ကဋ်၊ ဂိလာန ဖြစ်လျှင်ကား ဉာတိပဝါရိတ မဟုတ်သူထံမှာပင် တောင်းစား ကောင်း၏၊
အင်္ဂါ (၄) ပါး -
(၁) အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်းဖြစ်ခြင်း၊
(၂) သမယ မဟုတ်ခြင်း၊
(၃) ဆွေမျိုးမတော်သူကို တောင်းခြင်း၊
(၄) တောင်း ၍ရခြင်း၊ ပေါင်း လေးပါးတည်း။
(ဆောင်) ဓိဋ္ဌာန်ဝိကပ်, လောက်အပ်လေရာ၁ အခါမလျော်၂ ဆွေမတော်တောင်း၃ ရခြင်းပေါင်း၍၄ အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ ဝိညတ္တိ။
၇။ တတုတ္တရိ သိက္ခာပုဒ်
ခိုးသူလုယက်ခြင်းကြောင့်ဖြစ်စေ, ရေ, မီး, မင်း စသည်တို့ ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ ဝတ်ဖို့သင်္ကန်း လုံးလုံးမရှိသောအခါ၌ ဆွေမျိုးမတော် မဖိတ်ကြားသော သူတို့က သိ၍ လှူဒါန်းသော သင်္ကန်းတို့မှ သင်းပိုင်နှင့် ကိုယ်ရုံကိုသာ ခံယူကောင်း၏၊ ထို့ထက်ပို၍ ခံယူလျှင် တတုတ္တရိနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊
(မှတ်ချက်) ဒွိစုံတစ်စုံလုံး မပျက်စီး၍ တစ်ထည်တည်းကျန်သေးမူ လိုနေသော သင်းပိုင်ကိုဖြစ်စေ၊ ကိုယ်ရုံကိုသာဖြစ်စေ၊ ခံယူရ၏၊ နှစ်ထည်ရှိလျှင် ဝတ်လို့ဖြစ်၍ မတောင်းသင့်ပြီ။
(ဆောင်) သင်းပိုင် ကိုယ်ရုံ, ဒွိတစ်စုံထက်, ပိုလွန်တက်သား၁ ပျောက်ပျက်လုခံ၂ ဆွေမဆံတောင်း၃ ရခြင်းပေါင်း၄ အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ တတုတ္တရိ။
၈။ ပထမဥပက္ခဋ သိက္ခာပုဒ်
ဆွေမျိုးမတော်သော ဒါယကာဖြစ်စေ ဒါယိကာမဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ သင်္ကန်းလှူအံ့ဟု သင်္ကန်းဖိုး (ငွေ)ကို စီရင်ထား၏၊ ထိုအကြောင်းကို ထိုရဟန်း ကြားသိ၏၊ ထိုဒကာရည်စူးထားသော သင်္ကန်းထက် ပို၍ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားဘဲလျက် ထိုရဟန်းသည် ထိုသူထံသို့ သွား၍ မူလရည်ရွယ်သည်ထက် အလျားရှည်အောင်, အနံပြန့်အောင်, အသားကျစ်အောင်, ချောအောင် ပြုစေ၏၊ ထိုရဟန်း စီမံသည့်အတိုင်း ထိုသူ ပြုလုပ်လှူ၍ ရလျှင် ထိုသူအား မူလ ရည်စူးထားသော တန်ဖိုး (ငွေ)ထက် ပို၍ ကုန်ငြားအံ့၊ ထိုရဟန်းအား ဥပက္ခဋနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊
(မှတ်ချက်) ကျောင်းစသော အခြားပစ္စည်းများကို ရည်စူးထားရာဝယ် သွားရောက်စီမံရာ၌လည်း မူလရည်စူးထားသည်ထက် တန်ဖိုး ပိုသွားလျှင် ထိုပစ္စည်းများလည်း မအပ်သည်သာ၊ ဉာတိပဝါရိတ တို့ထံ၌ကား တန်ဖိုးပိုသော်လည်း အပ်၏၊
အင်္ဂါ (၃) ပါး - (၁) အပိုအလွန်ကို အလိုရှိခြင်း၊ (၂) ဆွေမျိုးမတော်သူ ထံ တောင်းခြင်း၊ ၃။ တောင်း၍ရခြင်းအားဖြင့် သုံးပါးတည်း။
(ဆောင်) အပိုကိုမျှော်၁ ဆွေမတော်တောင်း၂ ရခြင်းပေါင်း၍၃ အကြောင်း သုံးလီ အင်္ဂါညီ၊ သင့်ပြီ ဥပက္ခဋ။
ဒုတိယဥပက္ခဋ အထူးမရှိ၊ ဒါယကာအလှူရှင် နှစ်ဦးထံ စီမံပုံ ဖြစ်၏၊
ပထမကထိနသိက္ခာပုဒ် အဓိပ္ပာယ်များ
ဤသိက္ခာပုဒ်၌ ၁။ စီဝရပလိဗောဓပြတ်ခြင်း၊ ၂။ အာဝါသပလိဗောဓ ပြတ်ခြင်း၊ ၃။ အဓိဋ္ဌာန်တင်ခြင်း၊ ၄။ ဝိကပ္ပနာပြုခြင်း၊ ၅။ ဒသာဟာတိက္ကန္တာ ဖြစ်ခြင်းတို့ကို သိထားသင့်ပါသည်။
၁။ စီဝရပလိဗောဓပြတ်ခြင်း
သင်္ကန်း၌ ချုပ်ဆိုးဦးအံ့ဟု စိတ်စိုက်နေမှုသည် အခြားကိစ္စကိုနှောင့်ယှက် တားမြစ်တတ်သောကြောင့် ပလိဗောဓ မည်၏၊ သင်္ကန်းတို သင်္ကန်းစ ပိတ်တို ဖျင်စတို့ကို ချုပ်၍ ပြီးသော်လည်းကောင်း တစ်နည်းနည်းဖြင့် ပျောက်ဆုံး ပျက်စီးသော်လည်း ရဖို့ရန် မျှော်လင့်နေရာမှ မရတော့ပါဟု အာသာပြယ်သော်လည်းကောင်း ထိုသင်္ကန်းနှင့်စပ်၍ ကိစ္စပြီးပြတ်လေရကား နိဋ္ဌိတစီဝရ ဖြစ်ရလေတော့၏၊ (ဝါ) စီဝရပလိဗောဓ ပြတ်တော့၏၊ ယ္ခုကာလ၌ နဂိုကပင် ချုပ်ပြီး ဆိုးပြီးသော သင်္ကန်းများကို အလှူခံရလေ့ရှိသောကြောင့် အများအားဖြင့် စီဝရပလိဗောဓပြတ်ပြီး ဖြစ်လေပြီ။ အာဝါသပလိဗောဓ ရှိသေးသော ကြောင့်သာ သင်္ကန်းထားခွင့် ရကြသည်။
၂။ အာဝါသပလိဗောဓပြတ်ခြင်း
ကျောင်းတိုက်အာဝါသ၌ တွယ်တာမှုသည် အခြား၌ နေခြင်းကို နှောင့်ယှက် တားမြစ်တတ်သောကြောင့် ပလိဗောဓ မည်၏၊ ကထိန်နုတ်နည်း တစ်မျိုးမျိုးဖြင့် ကထိန်နုတ်ရာ၌ အာဝါသပလိဗောဓ ပြတ်စဲလေတော့သည်။
ကထိန်နုတ်ခြင်း
ကထိန်ခင်းထားသဖြင့် ရရှိနေသော အရှိန်အဝါအကျိုးအာနိသင်များကို ရုပ်သိမ်းလိုက်ခြင်းတည်း။ ထိုနုတ်ခြင်းတို့သည် ---
၁။ တပေါင်းလပြည့်မတိုင်မီ အတွင်း၌ ကမ္မဝါစာဖြင့် နုတ်ခြင်း၊
၂။ တပေါင်းလပြည့်သဖြင့် အလိုလို နုတ်ခြင်း၊
၃။ ကထိန်ခင်းရာ ကျောင်းတိုက်၌ ဆက်လက်မနေတော့ဘဲ အခြားကျောင်းတိုက်သို့ ရွှေ့ပြောင်းနေထိုင်သောအားဖြင့် နုတ်ခြင်း။
၄။ အခြားကျောင်းတိုက်သို့ ခေတ္တသွားရာမှ သဘောကျ၍ မပြန်တော့အံ့ဟု ဆုံးဖြတ်သောအားဖြင့်နုတ်ခြင်းဟု အမျိုးမျိုး ရှိသည်။
(ဘာသာဋီကာ၊၁၂၉။)
ကထိန်နုတ်ခြင်း (၉) ပါး
၁။ ပက္ကမနန္တိကနုတ်ခြင်း၊
၂။ နိဋ္ဌာနန္တိကနုတ်ခြင်း၊
၃။ သန္နိဋ္ဌာနန္တိကနုတ်ခြင်း၊
၄။ နာသနန္တိကနုတ်ခြင်း၊
၅။ သဝနန္တိကနုတ်ခြင်း၊
၆။ အာသာဝစ္ဆေဒိကနုတ်ခြင်း၊
၇။ သီမာတိက္ကမန္တိကနုတ်ခြင်း၊
၈။ သဟုဗ္ဘာရနုတ်ခြင်း၊
၉။ အန္တရုဗ္ဘာရနုတ်ခြင်း၊ (ဘိက္ခုနီဝိဘင်း၊)
(ဆောင်) ပက်, နိဌ်, သန်, နာ၊ သ, အာသာ၊ သီမာ, သဟုဗ်ရှစ်၊ အန္တရုဗ္ဘာရ ထည့်သွင်းက၊ ကိုးဝ သရုပ်ဖြစ်။ (ပါတိမောက္ခမေဒိနီ၊၁၇၃။)
(ဆောင်) ပြုပြီး ခိုးသွား၊ ခြစား မီးစာ၊ အာသာ ကင်းပြတ်၊ ပေါင်းငါးရပ်၊ ပြီးပြတ် သင်္ကန်းမှာ။
စီဝရာ, ဝါသ၊ ပလိဗောဓ၊ နှစ်ဝပြားသည်သာ။
သင်္ကန်းပြီးက၊ စီဝရ၊ ဗောဓပြတ်သည်သာ။
ကထိန်နုတ်၊ အာဝါသ၊ ဗောဓပြတ်သည်သာ။
ပလိဗောဓ၊ ယင်းနှစ်ဝတွင်၊ တစ်ပါးပါးလျှင်ရှိ၊ ငါးအင်နိ၊ ရ၏ မှတ်လေပါ။
ကထိန်ခင်းပြီးသော ရဟန်းအား ခင်းပြီးသည်မှ တပေါင်းလပြည့်နေ့ အထိ ပလိဗောဓနှစ်မျိုးလုံးဖြစ်စေ, တစ်မျိုးမျိုးဖြစ်စေ မပြတ်အံ့၊ အတိရေက သင်္ကန်းကို ဆောင်ထားကောင်းသည်။ ဆယ်ရက်လွန်သော်လည်း အပြစ်မရှိ အနာမန္တစာရ စသော အာနိသင်ငါးပါးကိုလည်း ရသည်ဟု မှတ်။
ကထိန်အာနိသင် ငါးပါး
၁။ အနာမန္တစာရ = ငါးပါးသော ဘောဇဉ်တို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ဖိတ်အပ်သော ဘတ်ရှိသော ရဟန်းအား ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ဒါယကာတို့၏အိမ်သို့ သွားလာနိုင်ခြင်း။(စာရိတ္တသိက္ခာပုဒ်)
၂။ အသမာဒါနစာရ = အမည်အားဖြင့် အဓိဋ္ဌာန်တင်အပ်သော တိစီဝရိက် သင်္ကန်းကို မယူမူ၍ ဟတ္ထပါသ်ကင်း၍ သွားလာနိုင်ခြင်း။
(ဥဒေါသိတသိက္ခာပုဒ်)
၃။ ယာဝဒတ္ထစီဝရ = အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ အလိုရှိတိုင်း သင်္ကန်းကို ထားနိုင်ခြင်း။ (ပထမကထိန)
၄။ ဂဏဘောဇန = လေးပါးလေးပါးထက် အလွန်ဖြစ်သော ရဟန်းတို့၏ ဝိညတ်ကြောင့်လည်းကောင်း အကပ္ပိယဝေါဟာရဖြင့် ပင့်ဖိတ်ခြင်း ကြောင့်လည်းကောင်း ရအပ်သော ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးကို ခံယူခြင်း။ (ဂဏဘောဇနသိက္ခာပုဒ်)
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန်ခင်းသော ကျောင်းတိုက်၌ အမှတ်မရှိ တစ်စုံတစ်ခုသော အခြင်းအရာအားဖြင့် သံဃိကသင်္ကန်း ဖြစ်ပေါ်လာသော် ကထိန်အာနိသင်ရသော ရဟန်းအားသာ ဖြစ်ခြင်း, ဆိုင်ခြင်း, ရထိုက်ခြင်း။
(ဆောင်) အနာမန္တ၊ အသမဒါ၊ ယာဝါ၊ ဂဏ၊ ယောတတ္ထ၊ ပဉ္စအာနိသင်။
သိက္ခာပုဒ်နှင့် အာနိသင် တွဲမှတ်ရန်
(ဆောင်) အနာမန္တ စာရိတ္တမှန်၊ ယာဝဒတ္ထ ဒသတိက္ကန်၊ ဂဏဘောဇ ဂဏဘောဇံ၊ အသမာ ထားပါ အဝိပ္ပံ။
(မှတ်ချက်) ကထိန်မခင်း ကထိန်အာနိသင် မရသော ရဟန်းတို့သည် ငါးပါးသော အာနိသင်တို့တွင် အသမာဒါနစာရကို ဖယ်ထား၍ ကျန်လေးပါးသော အာနိသင်တို့ကို စီဝရကာလ (တစ်လ)၌ ရအပ် ရထိုက်၏ဟု သိ။ (ပါတိမောက္ခမေဒိနီ၊၁၇၂။)
အဓိဋ္ဌာန်တင်ခြင်း
အဓိဋ္ဌာနသဒ္ဒါသည် “စွဲမြဲစွာတည်ခြင်း, ဆောက်တည်ခြင်း”ဟု အနက်ထွက်၏၊ ထိုအဓိဋ္ဌာန်တင်ခြင်းသည် တိစီဝရိက် အဓိဋ္ဌာန်တင်ခြင်း ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ခြင်းဟု နှစ်မျိုး ရှိ၏၊
တိစီဝရိက်အဓိဋ္ဌာန် နှစ်မျိုး
သင်္ကန်းကို လက်ဖြင့်ကိုင်၍ သင်္ကန်းအားလျော်စွာ “ဣမံ သံဃာဋိံ အဓိဋ္ဌာမိစသည်ဖြင့် စိတ်ဖြင့် အာဘောဂထား၍ တင်သော ကာယအဓိဋ္ဌာန်, နှုတ်ဖြင့် မြွက်၍တင်သော ဝါစာအဓိဋ္ဌာန်အားဖြင့် နှစ်မျိုးရှိပြန်၏၊ ထိုတွင် ဝါစာအဓိဋ္ဌာန်သည် အနီး, အဝေး နှစ်မျိုးပြား၏၊ အနီးဖြစ်အံ့ ဣမံဟု ဆို၊ အဝေးဖြစ်အံ့ ဧတံဟု ဆို၊ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းသည် အနီး၊ ဟတ္ထပါသ်၏ အပြင်သည် အဝေးဟု ခွဲခြားသိပါ။
(ဆောင်) ကာယ ဝါစာ အဓိဋ္ဌာ၊ နှစ်ဖြာပြားသတည်း။
ဝါစာ၌မှာ၊ နီး, ဝေးသာ၊ နှစ်ဖြာ ပြားသတည်း။
သင်္ကန်း (၃) ထည် တိစီဝရိက် အဓိဋ္ဌာန်တင်ပုံ
၁။ ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ၊ (သင်းပိုင်)
၂။ ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ၊ (ဧကသီ)
၃။ ဣမံ သံဃာဋိံ အဓိဋ္ဌာမိ၊ (ဒုကုဋ်)
ဣမံ = ဤသင်္ကန်းကို။ အန္တရဝါသကံ = သင်းပိုင်ဟူ၍။ အဓိဋ္ဌာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏ (ဝါ) အဓိဋ္ဌာန်ပါ၏၊ “ဥတ္တရာသင်္ဂံ = ဧကသီ ဟူ၍။ သံဃာဋိံ = နှစ်ထပ်သင်္ကန်းကြီးဟူ၍”ဟု အနက်ပေးပါ။
နှုတ်ဖြင့် မရွတ်ဆိုနိုင်လျှင် ကိုယ်ဖြင့်သင်္ကန်းကို ကိုင်၍ ဤအဆိုအတိုင်း စိတ်မှန်းလျက်လည်း အဓိဋ္ဌာန်တင်ကောင်း၏၊
သင်္ကန်းကို စောင့်ရှောက်ပုံ
ဆိုင်ရာနာမည်တပ်၍ အဓိဋ္ဌာန် တင်ထားအပ်သော တိစီဝရိက်ကို (ဆရာမှတ်မှတ် တပည့်မှတ်မှတ် ဆိုသကဲ့သို့) သင်းပိုင်မှတ်မှတ် ဧကသီ မှတ်မှတ် ဂရုစိုက်ရလိမ့်မည်။ ဂရုစိုက်ပုံကား - ဝတ်၍သော်လည်း ထားရမည်၊ မဝတ်လျှင် အရုဏ်တက်ချိန်မှာ မိမိ၏ နှစ်တောင့်ထွာအတွင်း၌ ရှိစေရမည်၊ ထိုသို့ မစောင့်ရှောက်လျှင် နောက် သိက္ခာပုဒ်အရ နိဿဂ္ဂိဖြစ်၍ ပါစိတ်အာပတ် သင့်သည်။ ဤသို့ အဓိဋ္ဌာန်တင်ထားသူကို “ဝိနည်းတိစီဝရိက် ဆောင်သူ”ဟု ခေါ်၏၊
ဝိနည်းတိစီဝရိက်ဆောင်ရာ၌ အန္တရဝါသက, ဥတ္တရာသင်္ဂ, သံဃာဋိ ဟူသော နာမည်ဖြင့် တစ်ထည်စီသာ တင်နိုင်သည်။ ကျန်သော သင်္ကန်းများ ရှိနေပါက ဝိကပ္ပနာပြုထားရမည်။ သို့မဟုတ် အဋ္ဌကထာနည်းအရ ပရိက္ခာရ စောဠအဓိဋ္ဌာန်သော်လည်း တင်ထားနိုင်၏၊
သုတ္တန်တိစီဝရိက်ဓုတင်ကား သင်္ကန်းအပို ထားခွင့်မရ၊ ထပ်မံ၍ ဆောက်တည်မှု ပြုရသေး၏၊ ဆောက်တည်ပုံမှာ -
စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။
စတုတ္ထကစီဝရံ = ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို။ ပဋိက္ခိပါမိ = ပယ်ပါ၏၊ တေစီဝရိကင်္ဂံ = သင်္ကန်းသုံးထည် ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။ သမာဒိယာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏ဟု ဆို၍ ဆောက်တည်ရ၏၊ အနံ တစ်ထွာ၊ အလျား သုံးတောင်၊ ပကတိအားဖြင့် အနံ တစ်ထွာခွဲ အလျားလေးတောင်ထွာရှိ ပခုံးတင်ချွေးခံစရာ အံသကိုဋ်ကို အပို ထားနိုင်၏၊ အိပ်ရာခင်း အံသကိုဋ် ဤနှစ်ထည်သည် တိစီဝရိက်ဓုတင်ကို မပျက်စေနိုင်။ ဘိက္ခုနီမတို့အား ရေသနုပ် ရင်လွှမ်းသဘက်နှင့် ငါးထည်သည် တိစီဝရိက် မည်၏၊
(ဝိသုဒ္ဓိမဂ်အရသာ၊၈၈။)
ပစ္စုဒ္ဓိုရ်ပြုခြင်း
မြန်မာလို ရုပ်သိမ်းခြင်းဟု အနက်ထွက်၏၊ သင်္ကန်းအသစ် ရသဖြင့် သူ့နာမည်နှင့်သူ အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန်တင်ပြီးသော ယခင် သင်္ကန်း အဟောင်းကို ပစ္စုဒ္ဓိုရ်ဟူသော ဝိနည်းကံတစ်ခုကို ပြုပြီးမှသာ အသစ်ကို အဓိဋ္ဌာန်တင်ရသည်။
ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ၊ ဣမံ = ဤသင်္ကန်းကို။ အန္တရဝါသကံ = သင်းပိုင်ကို (ဝါ)သင်းပိုင်အဖြစ်မှ၊ ပစ္စုဒ္ဓရာမိ = ရုပ်သိမ်းပါ၏၊ ဥတ္တရာသံဂ, သံဃာဋိတို့ကိုလည်း ဤနည်းအတိုင်း ပြုပါ။ အဝေးဖြစ်လျှင် ဧတံဟု ဆိုရသည်။ ဤသို့ အဟောင်းကို ရုပ်သိမ်းပြီးမှ အသစ်သင်းပိုင် စသည်ကို ရှေးက ဆိုခဲ့သည့်အတိုင်း အဓိဋ္ဌာန်တင်ရမည်။ ပစ္စုဒ္ဓိုရ် ပြုထားသော သင်းပိုင်ကို သူတစ်ပါးအား လှူလိုလျှင်လှူ မလှူလိုလျှင် ဝိကပ္ပနာသော်လည်းပြု၊ ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည်။
ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ပုံ
“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ။”
ဣမံ စီဝရံ = ဤသင်္ကန်းကို။ ပရိက္ခာရစောဠံ = ပရိက္ခရာအဝတ်ဟူ၍။ အဓိဋ္ဌာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏၊ အများဖြစ်လျှင် “ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ”ဟု ဆို၊ အဝေးဖြစ်က ဧကဝုစ်ဖြစ်လျှင်- ဧတံ, ဗဟုဝုစ်ဖြစ်လျှင် - ဧတာနိ ဟု ပြင်ဆိုရမည်။
ဤပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ကောင်းသော သင်္ကန်း (၉)ထည်လုံး၌ မိမိနှင့် ညဉ့်မကင်းအောင် စောင့်ရှောက်ဖွယ် မလို။ အဓိဋ္ဌာန်တင်လောက်သော ပိတ်တိုဖျင်စမှ စ၍ အခြားအထည်များကိုလည်း ပရိက္ခာရစောဠဖြင့် အဓိဋ္ဌာန်တင်ကောင်း၏၊ (ဘုံလျှို = ဖုံ, စောင်, ခေါင်းအုံး, ကော်ဇောများကိုကား အဓိဋ္ဌာန်တင်ဖွယ် မလို။) (ဘာသာဋီကာ-၁၃၃။)
သပိတ်အိပ်, ဖိနပ်အိပ် အလျား - တစ်တောင်ထွာ, အနံ - တစ်ထွာ လက်ခြောက်သစ်မှ စ၍ သင်္ကန်း (၉)ထည်, အဝတ်အထည်များ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ရမည်၊ ဝိကပ္ပနာသော်လည်း ပြုရမည်။မြတ်စွာဘုရား လက်သစ်တော်အားဖြင့် အလျား လက်ရှစ်သစ်, အနံ လက်လေးသစ် (ပါဠိတော်)၊ အလျားနှစ်ထွာ, အနံ တစ်ထွာဟု အဋ္ဌကထာ၌ ပြ၏၊
အနုဇာနာမိ ဘိက္ခဝေ အာယာမေန အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန စတုရင်္ဂုလဝိတ္ထတံ ပစ္ဆိမံ စီဝရံ ဝိကပ္ပေတုန္တိ။ (ပါရာဇိကဏ် အဋ္ဌကထာ၊၂၂၂။)
သင်္ကန်းပမာဏထက် ပိုလွန်သော်လည်းကောင်း, ယုတ်လျော့နေသော်လည်းကောင်း ထိုအဝတ်အထည်တို့ကို ပရိက္ခာရစောဠအဓိဋ္ဌာန်တင်ရမည်ဟု အဋ္ဌကထာ ဆိုပါသည်။ (ပါရာဇိကဏ် အဋ္ဌကထာ၊၂၂၆။)၌ ဆို၏၊
ဝုတ္တပမာဏတော ပန အတိရေကံ, ဦနကဉ္စ “ပရိက္ခာရစောဠန္တိ အဓိဋ္ဌာတဗ္ဗံ။
သင်္ကန်း (၉) ထည်
သင်းပိုင်, ဧကသီ, ဒုကုဋ်, အိပ်ရာခင်း, မျက်နှာသုတ်ပုဝါ, ပရိက္ခာရစောဠ (ပိတ်တို ဖျင်စ စသော သင်္ကန်းမချုပ်ရသေးသော အထည်များ) နိသီဒိုန်, မိုးရေခံသင်္ကန်း, အမာလွှမ်းသင်္ကန်းတို့တည်း။
(ဆောင်) သင်း, ကိုယ်, ဒု, အိပ်၊ မျက်, ပရိက်, နိသိဒ်, မိုး, အမာ။
ထိုသင်္ကန်း (၉)ထည်တွင် တိစီဝရိက် (၃)ထည်, မိုးရေခံ, နိသီဒိုန်, အမာလွှမ်း ဤ (၆)ထည်သော သင်္ကန်းတို့ကို (၁)ထည်စီသာ အဓိဋ္ဌာန်တင်ကောင်းသည်။
(ဆောင်) တိစီဝရာ၊ မိုး နိ မာ၊ ဓိဋ္ဌာ တစ်ထည်စီ။
အိပ်ရာခင်း, မျက်နှာသုတ်ပုဝါ, ပရိက္ခာရစောဠအဓိဋ္ဌာန် တင်ထားသော သင်္ကန်း ဤ (၃)မျိုးသော သင်္ကန်းတို့ကို (၁)ထည်ထက် ပိုလွန်၍ အဓိဋ္ဌာန်တင်ထားခွင့် ရှိ၏၊
(ဆောင်) ပ မျက် အိပ်ရာ၊ သုံးမျိုးသာ၊ များစွာ တင်နိုင်သည်။
အဓိဋ္ဌာန်မတင်ရသော ပရိက္ခရာများ
ညောင်စောင်း, ဘုံလျှို, အင်ပျဉ်ဘုံလျှို, ခေါင်းအုံး, စုလျား, ကော်ဇော ဤ (၅)မျိုးသော ပရိက္ခရာတို့ကိုကား အဓိဋ္ဌာန် မတင်ရဟု ဆို၏၊ သေနာသန အသုံးအဆောင်ဖြစ်က အဓိဋ္ဌာန်မတင်ရဟု ဋီကာဆို၏၊ သေနာသနအကျိုးငှာ လှူသော အခင်းဖြစ်မူ အဓိဋ္ဌာန်မတင်ရဟု သိပါ။
(ဆောင်) ဘုံလျှို စဖြာ၊ ငါးမျိုးမှာ၊ ဓိဋ္ဌာ မတင်ရ၊ သေနာသန၊ သုံးဆောင်မျှ၊ ယူရ ဋီကာပြ၊ ကျောင်း အကျိုးငှာ၊ လှူ အိပ်ရာ၊ ဓိဋ္ဌာ မတင်ရ။
(ပါတိမောက္ခမေဒိနီ၊၁၇၈။)
အဓိဋ္ဌာန်ကျကြောင်း (၈) ရှစ်ပါး
(၁) သူတစ်ပါးအား ပေးစွန့်ခြင်း၊ (၂) ခိုးယူသွားခြင်း၊ (၃) အကျွမ်းဝင်၍ ဝိဿာသဂ္ဂါဟယူနည်းဖြင့် ယူသွားခြင်း၊ (၄) (သင်္ကန်းရှင်က ဘိက္ခုနီဖြစ်လျှင်) သိက္ခာမချဘဲ လူဝတ်လဲခြင်း၊ (၅) ဘိက္ခုဖြစ်လျှင် သိက္ခာချခြင်း၊ (၆) သေဆုံးခြင်း၊ (၇) လိင်ဖောက်ပြန်ခြင်း၊ (၈) ပစ္စုဒ္ဓိုရ်ပြုခြင်း၊ ဤ အကြောင်းရှစ်ပါးကား (ပရိက္ခာရစောဠဖြစ်စေ အဓိဋ္ဌာန်တင်ထားသော အဝတ်များအတွက်) အဓိဋ္ဌာန်ကျကြောင်း ပျက်ကြောင်းတည်း။
တိစီဝရိက်သင်္ကန်းများမှာမူ လက်သန်း၏ လက်သည်းခွံလောက် အပေါက် ပေါက်လျှင်ပင် အဓိဋ္ဌာန်ကျသဖြင့် အဓိဋ္ဌာန်ကျကြောင်း (၉)ပါး ရှိသည်ဟု မှတ်ပါ။ အပေါက်ဟူရာ၌ အနားပတ်လည် ပေါက်ရုံမျှဖြင့် မကျ၊ သုံးထည်လုံးအတွက် အလျားစွန်း တစ်ထွာ (၁၂-လက်သစ်)၊ အနံစွန်း ဧကသီနှင့် သင်္ကန်းကြီးအတွက် လက်ရှစ်သစ်၊ သင်းပိုင်အတွက် လက်လေးသစ် ထုတ်ချင်းပေါက်မှ အဓိဋ္ဌာန်ကျသည်။ အပေါက်ကို ဖာပြီးက ထပ်၍ အဓိဋ္ဌာန် တင်နိုင်၏၊
(ဆောင်) ပေး စွန့် ခိုးဝှက်၊ ဝိဿသစ်, လူထွက် ချသိက္ခာ။ သေဆုံးလိင်ပြန်, ပစ္စုဒ္ဓံ, ရှစ်တန် ကျဓိဋ္ဌာ။ လက်သန်းသည်းမျှ, ပေါက်လတ်က, သုံးဝ စီဝရိက်မှာ။ (ဘာသာဋီကာ၊၁၃၄။)
မိုဃ်းရေခံသင်္ကန်းဖြစ်မူ မိုဃ်းလေးလ လွန်က အဓိဋ္ဌာန်စွန့်၏၊ အမာလွှမ်းသင်္ကန်း ဖြစ်မူ ရောဂါပျောက်ကင်းက အဓိဋ္ဌာန်စွန့်၏၊ သပိတ်ဖြစ်မူ မျက်နှာရစ်မှ လက်နှစ်သစ်အောက် ဆတ်ထမင်းလုံးလောက် ပေါက်က အဓိဋ္ဌာန်စွန့်၏ဟု သိပါ။
(ဆောင်) မိုဃ်းလ လွန်ပြန်၊ မိုဃ်းရေခံ၊ ထည့်ပြန် ကိုးပါးတည်း၊ ရောဂါ ခန့်ကျန်း အမာလွှမ်း၊ ထည့်စွမ်း ကိုးပါးတည်း။ ဆတ်ထမင်းလောက်၊ သပိတ် ပေါက်၊ ထည့်လှောက် ကိုးပါးတည်း။ (ပါတိမောက္ခမေဒိနီ၊၁၇၉။)
နိဿဂ္ဂိသင်္ကန်းစွန့်ပုံ
သင်္ကန်းရပြီးနောက် (၁၀)ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ မပြုမိလျှင် ထိုသင်္ကန်းသည် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်ရုံမက ထိုသင်္ကန်းကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ်လည်း ထပ်၍ထပ်၍ သင့်သေးသည်။ ထို့ကြောင့် နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို သံဃာအထံ၌ ဖြစ်စေ, နှစ်ပါး သုံးပါး ဂိုဏ်းအထံ၌ ဖြစ်စေ, တစ်ပါးအထံ၌ ဖြစ်စေ စွန့်ရမည်။ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံဧကသီကို စမ္ပယ်တင်ပြီးလျှင် ကြီးကုန်သော ရဟန်းတို့၏ ခြေကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် -
ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ။ ဣမာဟံ (သံဃဿ) (အာယသ္မန္တာနံ) (အာယသ္မာတော) နိဿဇ္ဇာမိ။
ဘန္တေ = အရှင်ဘုရား။ မေ = တပည့်တော်၏၊ ဣဒံ စီဝရံ = ဤသင်္ကန်း ကို။ ဒသာဟာတိက္ကန္တံ = ဆယ်ရက်လွန်သည် (ဖြစ်၍)။ နိဿဂ္ဂိယံ = စွန့်အပ် စွန့်ထိုက်ပါ၏၊ အဟံ = တပည့်တော်သည်။ ဣမံ = ဤသင်္ကန်းကို။ အာယသ္မတော = အရှင်ဘုရားအား။ (သံဃဿ = သံဃာအား) (အာယသ္မန္တာနံ = အရှင်ဘုရားတို့အား။) နိဿဇ္ဇာမိ = စွန့်ပါ၏၊
(မှတ်ချက် - မိမိ စွန့်မည့် သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ခုကိုသာ ဆိုရမည်။)
နှစ်ထည်မှ စ၍ အများဖြစ်လျှင် ဣဒံ, နိဿဂ္ဂိယံ, ဣမာဟံ ပုဒ်များအစား ဣမာနိ, နိဿဂ္ဂိယာနိ, ဣမာနာဟံဟု ပြင်ပါ။ နိဿဂ္ဂိသင်္ကန်းကို လက်ခံသူက အငယ်ဖြစ်လျှင် ဘန္တေ နေရာ၌ အာဝုသော၊ အာယသ္မတော နေရာ၌ တုယှံ၊ အာယသ္မန္တာနံ နေရာ၌ တုမှာကံဟု ပြင်၍ ဆိုရမည်။
(မြန်မာလို) - “အရှင်ဘုရား ...ဘုရားတပည့်တော်၏ ဤ သင်္ကန်းသည် (၁၀)ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ဤသင်္ကန်းကို (သံဃာအား) (အရှင်ဘုရားတို့အား) အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား”ဟု မြန်မာလို ဆို၍ စွန့်နိုင်၏၊ သင်္ကန်းခံသူက သီတင်းငယ်ဖြစ်လျှင် ငါ့ရှင်ဟုလည်းကောင်း, သင့်အားဟုလည်းကောင်း ဆိုရုံသာ ထူး၏၊
ဤသို့ စွန့်ပြီးသောအခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို စိတ်ထဲက ရည်မှန်း၍ ဒေသနာပြောကြားရမည်။ ဤသို့ စွန့်ပြီးနောက်မှ ဒေသနာပြောကြားရသော ပါစိတ်အာပတ်ဖြစ်၍ စွန့်ခြင်းဝိနည်းကံရှေးရှိသော ပါစိတ်အာပတ်ဟု ဆိုရသည်။
ထိုနောက် နိဿဂ္ဂိသင်္ကန်းကို ခံရသော ရဟန်းက -
“ဣမံ စီဝရံ အာယသ္မတော ဒမ္မိ။”
“ဤသင်္ကန်းကို အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ပါဠိလို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ ဆို၍ ပြန်ပေးရမည်။ (အများဖြစ်လျှင် - ဣမာနိ စီဝရာနိ၊ ဤသင်္ကန်းတို့ကို၊) ထိုကဲ့သို့ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်း တင်၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရမည်။ အဝေးသို့ လှမ်း၍ စွန့်ရပါက ဧတံ၊ ဧတာနိဟု ပြင်ဆိုရမည်။
သင်္ကန်းခံသော ရဟန်းက သကသညာဖြင့် ပြန်မပေးဘဲနေက ဒုက္ကဋ်၊ အမြွက်ထောင်၍ မပေးဘဲနေက ဘဏ္ဍာစားထိုက်တတ်သည်။
အဝေး၌ ရှိနေသော သင်္ကန်းကို စွန့်ပုံ
“ဧတံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဧတာဟံ အာယသ္မတော နိဿဇ္ဇာမိ။”
ဧတံ စီဝရံ = ထိုသင်္ကန်းကိုဟု အနက်ပေးပါ။ အများဖြစ်က ဧတာနိ၊ ဧတာနာဟံ-ဟု ပြောင်းဆိုပါ။
(မြန်မာလို) - “အရှင်ဘုရား ..ဘုရားတပည့်တော်၏ထိုသင်္ကန်းသည် ဆယ်ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ထိုသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား။”
ဒေသနာကြားပြီး နိဿဂ္ဂိသင်္ကန်းကို ခံသော ရဟန်းက “ဧတံ စီဝရံ အာယသ္မတော ဒမ္မိ”ဟု ဆို၍ ပြန်ပေးပါ။ အများဖြစ်လျှင် ဧတာနိဟု ပြင်ဆိုရမည်။ မြန်မာလို - “ထိုသင်္ကန်းကို (ထိုသင်္ကန်းတို့ကို) အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးပါလေ။
သံဃာထံ စွန့်ရာ၌ ပြန်ပေးပုံ
သံဃာထံ စွန့်လျှင် သံဃာထဲမှ ဗျတ္တပဋိဗလ ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသောရဟန်းက အာပတ်ကို ဒေသနာကြားစေ၍ စွန့်သော သင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။
သုဏာတု မေ ဘန္တေ သံဃော၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ သံဃဿ နိဿဋ္ဌံ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျ။ (ကွင်းအတွင်း ဘွဲ့အမည် ထည့်ဖတ်ရန်)
“အရှင်ဘုရားတို့ ... သံဃာသည် ဘုရားတပည့်တော်၏ (စကားကို) နာတော်မူလော့၊ (ဤမည်သော) ရဟန်း၏ စွန့်ခြင်း (ဝိနည်းကံ)ရှိသော ဤသင်္ကန်းကို သံဃာအား စွန့်အပ်ပြီ၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်)။
ဂိုဏ်းထံစွန့်လျှင် ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသော ဗျတ္တပဋိဗလရဟန်းသည် အာပတ်ကို ဒေသနာပြောခံယူ၍ စွန့်ပြီးသင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။
ဂိုဏ်းထံ စွန့်ရာ၌ ပြန်ပေးပုံ
သုဏန္တု မေ အာယသ္မန္တာ၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ၊ အာယသ္မန္တာနံ နိဿဋ္ဌံ၊ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ အာယသ္မန္တာ ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျုန္တိ။
“အရှင်ဘုရားတို့ ... ဘုရားတပည့်တော်၏ (စကားကို) နာကုန်လော့။ (ဤမည်သော) ရဟန်း၏ စွန့်ခြင်းဝိနည်းကံရှိသော ဤသင်္ကန်းကို အရှင်ဘုရားတို့အား စွန့်အပ်ပြီ၊ အရှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အရှင်တို့သည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးကုန်ရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်၊၊)
ဝိကပ္ပနာသိက္ခာပုဒ်
သီတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်၏ အထံ၌ သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြု၍ ထိုသူက ပစ္စုဒ္ဓိုရ်မပြုပေးဘဲလျက် (ဝါ) ဝိကပ္ပနာမပြန်ဘဲလျက် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ဝိကပ္ပနာသုဒ္ဓပါစိတ် အာပတ် သင့်၏၊
ဝိကပ္ပနာပြုပုံများ
ဤနေရာ၌ သုရာပါနဝဂ် နဝမသိက္ခာပုဒ်လာ ဝိကပ္ပနာအစီအရင်များ သိထားသင့်ပါသည်။ ဝိနည်းတိစီဝရိက်ဆောင်သူသည် ကျန်ရှိနေသော သင်္ကန်းများကို ဝိကပ္ပနာသော်လည်းပြု ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည် ဖြစ်သောကြောင့်တည်း။
ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်၊ ကပ္ပန = ပြုခြင်း၊ မိမိသင်္ကန်း မိမိ သပိတ်ဟု အမှတ်မထားတော့ဘဲ သီတင်းသုံးဖော်တစ်ပါးပါးအား ပေးလိုက်သောအခါ ကိုယ့်ဥစ္စာအမှတ်မှ ကင်းသွားတော့သဖြင့် သီတင်းသုံးဖော်အား ပေးခြင်းကိုပင် ဝိကပ္ပနာပြုခြင်းဟု ခေါ်၏၊ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား (၁၀)ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက်တော့ပေ။
ဤသိက္ခာပုဒ်၌ လာသည့် ဝိကပ္ပနာပြုပုံ ပစ္စုဒ္ဓိုရ်ပြုပုံများကို ကွဲကွဲပြားပြား နားလည်သင့်ပါသည်။
ဝိကပ္ပနာနှစ်မျိုး
၁။ သမ္မုခဝိကပ္ပနာ၊ ၂။ ပရံမုခဝိကပ္ပနာ-ဟု ဝိကပ္ပနာ နှစ်မျိုး ရှိ၏၊
ထိုတွင် “သံမုခေန = မိမိနှုတ်ဖြင့်၊ ဝိကပ္ပနာ = ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာမည်၏ဟူသော ဋီကာနှင့်အညီ သင်္ကန်းရှင်ကိုယ်တိုင် မိမိနှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ် တစ်ပါးပါးထံ အပ်နှံ၍ သူတစ်ပါးဟု ဆိုအပ်သော ထိုဝိနည်းဓိုရ်၏ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် ပရံမုခဝိကပ္ပနာ မည်၏၊
သမ္မုခဝိကပ္ပနာ (၂) မျိုး
ဤသမ္မုခဝိကပ္ပနာ၌လည်း မိမိပေးလိုရာ သီတင်းသုံးဖော်က အနီးအပါး ၌ ရှိစဉ် တိုက်ရိုက်ဝိကပ္ပနာပြုပုံ တစ်မျိုး၊ မိမိပေးလိုရာ သီတင်းသုံးဖော်က အဝေးမှာရှိစဉ် ဝိကပ္ပနာ ပြုပုံတစ်မျိုးအားဖြင့် နှစ်မျိုးရှိ၏၊ (ပရံမုခဝိကပ္ပနာမှာ တစ်မျိုးတည်းသာ ရှိသည်။)
အနီးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ
သင်္ကန်းရှင်က ဥုးတိဿအား ပေးလိုလျှင် ဥုးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတစ်ထည်ကို ကိုင်၍ ဖြစ်စေ, အနီး၌ ချ၍ဖြစ်စေ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ အများ၌ “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟုဆို။ သင်္ကန်းက အနီးမှာ မရှိလျှင် အဝေးရှိရာကို ပြောပြ၍ (ဥပမာ-မန္တလေး နေခိုက် သင်္ကန်းက စစ်ကိုင်းမှာ ရှိလျှင် စစ်ကိုင်းမြို့ မည်သည့်နေရာမှာ မည်သည့် သင်္ကန်းရှိပါသည်ဟု ပြောပြ၍) “ဧတံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ အများဖြစ်က - “ဧတာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟု ပြောင်း၍ ဆိုပါ။
ဣမံ စီဝရံ = ဤ သင်္ကန်းကို။ ဧတံ စီဝရံ = (စစ်ကိုင်း၌ ရှိသော) ထို “သင်္ကန်းကို။ တုယှံ = သင့်အား (ဝိနည်းဓိုရ်က အကြီးဖြစ်အံ့၊ တုယှံ = အရှင်ဘုရားအား) ဝိကပ္ပေမိ = ဝိကပ္ပနာပြုပါ၏၊ (ဝါ) မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုပါ၏၊
ဤနည်းဖြင့် ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို မိမိနေရာ၌ ပြန်ယူ သိမ်းထားရုံကား သိမ်းထားခွင့်ရ၏၊ နိဿဂ္ဂိ မထိုက်တော့ပေ။ သို့သော် မိမိက ဥုးတိဿအား ပေးထား၍ ဥုးတိဿ၏ ပစ္စည်းဖြစ်သွားသောကြောင့် မိမိကိုယ်တိုင် ဝတ်ရုံခြင်း, တစ်ဆင့်ပေးလှူခြင်း စသည်ကိုကား ပြုပိုင်ခွင့် မရှိသေးချေ။ အကယ်၍ သုံးစွဲလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။ ထို့ကြောင့် ဥုးတိဿက ပစ္စုဒ္ဓိုရ် ပြုရဦးမည်။ (ဝါ) ဝိကပ္ပနာ ပြန်ရဦးမည်။
ပစ္စုဒ္ဓုရ်ပြုပုံ (ဝါ) ဝိကပ္ပနာပြန်ပုံ
“မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ” အများ၌ မယှံ သန္တကာနိဟု ဆို။ (အနီး အဝေး အထူးမရှိ။) ဝိကပ္ပနာပြုသော ရဟန်းက မိမိထက် ဝါကြီးအံ့။မယှံ သန္တကံ ပရိဘုဉ္ဇထ ဝါ ဝိဿဇ္ဇထ ဝါ ယထာပစ္စယံ ကရောထ”ဟု လေးစားသောအားဖြင့် ဗဟုဝုစ်ဖြင့် ဆိုရ၏၊
မယှံ = ငါ၏၊ (ဝါ) (တပည့်တော်၏၊) သန္တကံ = ဥစ္စာဖြစ်သော သင်္ကန်း ကို။ (သန္တကာနိ = သင်္ကန်းတို့ကို။) ပရိဘုဉ္ဇ ဝါ = သုံးဆောင်မူလည်း သုံးဆောင်ပါလော့။ ဝိဿဇ္ဇေဟိ ဝါ = စွန့်မူလည်း စွန့်ပါလော့။ ယထာပစ္စယံ = အကြောင်းအားလျော်စွာ။ (ဝါ) အလိုရှိသလို။ ကရောဟိ = ပြုပါလော့။ ဤသို့ ပစ္စုဒ္ဓိုရ် ပြုပြီးသောအခါ ထိုသင်္ကန်းကို မူလသင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ။
အဝေးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ
မိမိ ပေးလိုရာပုဂ္ဂိုလ်က အနီး၌မရှိ အဝေး (အခြားကျောင်းတိုက်)၌ ဖြစ်နေလျှင် ဝိနည်းဓိုရ် တစ်ပါးပါးထံ သွား၍ မိမိ ပေးလိုသော ပုဂ္ဂိုလ်၏ နာမည်ကို လျှောက်ထားပြီးနောက် (ဥပမာ-မည်သည့်အရပ်၌ နေသူ ဦးတိဿ အား) ဝိကပ္ပနာ ပြုပေးလိုပါသည်ဟု လျှောက်ထားပြီးနောက် -
“ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟု ဆို၍ ဝိကပ္ပနာပြုရ မည်။
ထိုနောက် ဝိနည်းဓိုရ်က “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ် ပြုပေးရမည်။
ပရံမုခဝိကပ္ပနာပြုပုံ
မိမိကိုယ်တိုင် ဝိကပ္ပနာပြုနည်းကို နားမလည်၊ နားလည်သော်လည်း ပါးစပ်နာခြင်းစသော အကြောင်းတစ်ခုခုကြောင့် ဝိနည်းဓိုရ် တစ်ပါးပါးထံ “ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိ”ဟု ပါဠိလိုဖြစ်စေ, ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင်ဘုရားအား ပေးပါ၏”ဟု မြန်မာလိုဖြစ်စေ ဆို၍ ပေးရမည်။ ထိုအခါ ဝိနည်းဓိုရ်က “အရှင်ဘုရားပေးလိုသော သီတင်းသုံးဖော် ကို ညွှန်ပြပါ”ဟု ဆိုလျှင် “မည်သည့်ကျောင်းနေ ဥုးတိဿအား ပေးလိုသည် စသည်ဖြင့် ညွှန်ပြရမည်။ ထိုအခါ ဝိနည်းဓိုရ်က -
“အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟု ဆို၍ ဝိကပ္ပနာ ပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ ဘိက္ဓုနီ သာမဏေစသည်အား ပေးလိုလျှင် “တိဿာယ ဘိက္ခုနိယာ, တိဿဿ သာမဏေရဿစသည်ဖြင့် အလိုရှိရာ သီတင်းသုံးဖော်၏ နာမည်” ကို ထည့်၍ ဆိုပါ။
သမ္မုခဝိကပ္ပနာနှင့် ပရမ္မုခဝိကပ္ပနာ အထူး
ကိုယ်တိုင် ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်ပြန်သည်ကား သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ်က ဝိကပ္ပနာ ပြုပေး၍ ဝိနည်းဓိုရ်ကပင် ပစ္စုဒ္ဓိုရ် ပြန်သည်ကား ပရမ္မုခဝိကပ္ပနာ မည်၏၊ ဤကား အထူးတည်း။
ဒုတိယကထိန (ခေါ်) ဥဒေါသိတသိက္ခာပုဒ် အဓိပ္ပာယ်
တိစီဝရိက်သင်္ကန်း ထားရာဌာနများတွင် ဥဒေါသိတ (ဘဏ္ဍာတိုက်)လည်း ပါဝင်သောကြောင့် ဤသိက္ခာပုဒ်ကို အဋ္ဌကထာ၌ ဥဒေါသိတ သိက္ခာပုဒ်ဟုလည်း နာမည်တပ်၏၊
တိစီဝရိက်သင်္ကန်းနှင့် ညဉ့်ကင်းခြင်း
ညဉ့်ဟု ဆိုရာ၌ ဝိနည်းအရာဝယ် အရုဏ်သာ လိုရင်းတည်း။ ထို့ကြောင့် အရုဏ်တက်ချိန်၌ တိစီဝရိက်သင်္ကန်းနှင့် ကင်းနေလျှင် တစ်ညဉ့် (တစ်အရုဏ်) ကင်းစေကာမူ နိဿဂ္ဂိထိုက်သည်။
တိစီဝရိက်သင်္ကန်းထားရာ အရပ်များ
ရွာ, အိမ်, တိုက် (ဘဏ္ဍာတိုက်), ထီးတပ်အပ်သော ပြသာဒ်, ထီးမတပ်အပ်သော ပြသာဒ်ဦးပြည်း, လှေ, လှည်း, ပြအိုး, လယ်(ယာ), ကောက်နယ်တလင်း, သစ်ပင်, လွင်တီးခေါင်, အာရာမ်, ကျောင်းတိုက်, တန်ဆောင်း, ဤ (၁၅)ပါးတို့သည် တိစီဝရိက်သင်္ကန်းထားရာ အရပ်များတည်း။
(ဆောင်) ရွာ, အိမ်နှင့် တိုက်၊ ထီးစိုက် ဦးပြည်း၊ လှေ, လှည်း ပြ လယ်၊ ကောက်နယ်, သစ်ပင်၊ လွင်, အာရာမ်, ကျောင်း၊ တန်ဆောင်း ဆယ့်ငါး၊ သင်္ကန်းထား၊ မှတ်သား အရပ်တည်း။
တိစီဝရိက်နှင့် ကင်း၍ မနေရသည့် ဌာနများ
၁။ ဥပစာတူရှိသော ရွာ၊ ၂။ ဥပစာထူးရှိသော ရွာစသည်ဖြင့် (၂)မျိုးစီ ရှိ၏၊
၁။ ဥပစာတူရှိသော ရွာမည်သည် အမျိုးတစ်မျိုး၏ ရွာဖြစ်၍ ကာရံအပ်သည် ဖြစ်မူ ရွာတွင်း၌ သင်္ကန်းကို ထား၍ ရွာတွင်း၌ နေရမည်။ မကာရံအပ်သော ရွာဖြစ်မူ သင်္ကန်းကို ထားသောအိမ်၌ နေရမည်။ နှစ်တောင့်ထွာ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။
၂။ ဥပစာထူးရှိသော ရွာမည်သည် အထူးထူးသော အမျိုးတို့၏ ရွာဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ သင်္ကန်းကို ထားရာအိမ်၌သော်လည်းကောင်း၊ ဧည့်ခန်း၌သော်လည်းကောင်း၊ တံခါးရင်း၌သော်လည်းကောင်း နေရမည်။ နှစ်တောင့်ထွာ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။။ ပ။ မကာရံအပ် သော ရွာဖြစ်မူ သင်္ကန်းကို ထားရာအိမ်၌ နေရမည်။ ဟတ္ထပါသ်ကို သော်လည်း မစွန့်ရ။ (ပါဠိတော်မြန်မာပြန်၊၃၁၆။ ကြည့်၊) တခြားသော အိမ် ဘဏ္ဍာတိုက် စသည်တို့၌လည်း နည်းတူ သိပါ။
ကျောင်းတိုက်၌ ထားခြင်း
၁။ ဥပစာတူ ရှိသောကျောင်း, ၂။ ဥပစာထူး ရှိသောကျောင်းဟု (၂)မျိုး ပြား၏၊
၁။ ဥပစာတူ ရှိသော ကျောင်းမည်သည် အမျိုးတစ်မျိုး၏ ကျောင်းဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ ကျောင်းတွင်း၌ သင်္ကန်းကိုထားလျှင် ကျောင်းတွင်း၌ နေရမည်။ မကာရံအပ်သည်ဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။
၂။ ဥပစာထူးရှိသော ကျောင်းမည်သည် အထူးထူးသော အမျိုး၏ကျောင်း ဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ တံခါးရင်း၌သော်လည်း နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။ မကာရံအပ်သည်ဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။ (ပါဠိတော်မြန်မာပြန်၊၃၁၈။ ကြည့်)
နိဿဂ္ဂိမထိုက်စေနည်း
တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်လုံးကို ဝတ်ရုံ၍သော်လည်းထား၊ သို့မဟုတ် အရုဏ်တက်ချိန်၌ မိမိနှင့် သင်္ကန်းထားရာ အရပ် နှင့် နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း၌သော်လည်း ရှိစေရမည်။ ဤကား အလွယ်ကူဆုံးနှင့် အကောင်းဆုံးသော နိဿဂ္ဂိမထိုက်စေနည်း ဖြစ်သည်။
သင်္ကန်းထားရာ ရွာ၏ ဟတ္ထပါသ်, အိမ်၏ ဟတ္ထပါသ်, ကျောင်း၏ ဟတ္ထပါသ်, မိမိ၏ ဟတ္ထပါသ် နှစ်တောင့်ထွာ အတွင်း၌ မရှိလျှင် စီဝရဝဂ် ဒုတိယကထိနသိက္ခာပုဒ်တော်အရ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ၎င်းတို့နှင့် ညဉ့်ကင်းလိမ့်မည်ဟု ထင်လျှင် အရုဏ်မတက်မီ အဝေးရှိရာ ထိုသင်္ကန်းကို မှန်းလျက် (အကယ်၍)ဒုကုဋ်ဖြစ်လျှင် ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ၊ “ထို ဒုကုဋ်သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြုပါ၏၊” (သို့မဟုတ်) မြန်မာလို - “ထို သင်္ကန်းကို ဒုကုဋ်သင်္ကန်းအဖြစ်မှ ရုပ်သိမ်းပါ၏၊”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပါ။ ဤသို့ပြုထားလျှင် အရုဏ်တက်ချိန်၌ တိစီဝရိက်သင်္ကန်းသည် မိမိ၏ နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း မရှိသော်လည်း နိဿဂ္ဂိမထိုက်တော့ပေ။ အရုဏ်တက်ပြီးနောက် အဝေးသင်္ကန်းရှိရာသို့ မှန်းပြီး ပြန်၍ အဓိဋ္ဌာန်တင်ပါ။ ဤသို့ ပြုခြင်းအားဖြင့် နိဿဂ္ဂိပါစိတ် အာပတ်လည်း မသင့်၊ အဓိဋ္ဌာန်လည်း တင်ပြီးသား ဖြစ်တော့သည်။
အကယ်၍ စပ်ကူးမတ်ကူး အရုဏ်အချိန်နှင့်ကပ်၍ ကုဋီသို့ သွားလိုသော်လည်းကောင်း အခြားကိစ္စ တစ်ခုခုကြောင့် သင်္ကန်းသုံးထည်လုံးကိုဖြစ် စေ, တစ်ထည်ထည်ကိုဖြစ်စေ ချန်ထား၍ သွားရမည့် အခါမျိုးနှင့် ကြုံကြိုက်သော်လည်းကောင်း ထိုသင်္ကန်းတို့ကို ပစ္စုဒ္ဓိုရ်ပြု၍ ကိစ္စပြီးသောအခါ အဓိဋ္ဌာန်ပြန်တင်၍ စောင့်ရှောက်ရမည်။ ထိုသို့ မပြုမိ၍ ထိုသင်္ကန်းတို့နှင့် အရုဏ်တက်ချိန်၌ ကင်းသွားပါမူ နိဿဂ္ဂိထိုက်၍ ဝိနည်းဓိုရ်အထံ၌ စွန့်၍ အာပတ်ကိုလည်း ဒေသနာကြားရမည်။
ညဉ့်ကင်းသင်္ကန်း အနီးစွန့်ပုံ
ညဉ့်ကင်းမိ၍ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ စွန့်နိုင်သည်။ ပုဂ္ဂိုလ်ထံ စွန့်ပုံကား -
ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ။
ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆို၍လည်း စွန့်နိုင်သည်။ စွန့်ပုံကား
“အရှင်ဘုရား တပည့်တော်၏ ဤ သင်္ကန်းသည် (ဘိက္ခုသမ္မုတိကို ကြဉ်ထား၍) ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်။ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု ဆို၍ စွန့်ပါ။ သင်္ကန်းက နှစ်ထည်သုံးထည် ဖြစ်နေလျှင် “ဣမာနိ စီဝရာနိ ရတ္တိဝိပ္ပဝုတ္ထာနိ ..” စသည် ပြင်ဆိုရမည်။ အဝေး၌ ဖြစ်နေလျှင် ဣဒံ၊ ဣမာနိ အစား ဧတံ၊ ဧတာနိဟု ပြောင်းဆိုပါ။
သံဃာထံ စွန့်လျှင် အာယသ္မတော နေရာ၌ သံဃဿဟုလည်းကောင်း၊ ဂိုဏ်းထံစွန့်လျှင် အာယသ္မန္တာနံဟုလည်းကောင်း ပြင်ဆိုရမည်။ ထိုသို့ စွန့်ပြီးနောက် ဒေသနာပြောကြားခြင်း, ပြန်ပေးခြင်း စသည်တို့မှာ ရှေ့သိက္ခာပုဒ်အတိုင်းပင် သိပါလေ။ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်းတင်, ဝိကပ္ပနာသော်လည်း ပြုထားရမည်။
အညာတကဝိညတ္တိ သိက္ခာပုဒ်
သင်္ကန်းတောင်းကောင်းသည့် အခါများ
အစ္ဆိန္နစီဝရ, နဋ္ဌစီဝရ - ခိုးသူ ဓားပြ မင်းစသည်တို့ မည်သူပင် လုလု အလုခံရသူကို အစ္ဆိန္နစီဝရဟုလည်းကောင်း၊ မီးလောင်ခြင်း, ရေမျောခြင်း, ကြွက်ကိုက်ခြင်း, သုံးဆောင်၍ ဟောင်းနွမ်းခြင်း စသည်ကြောင့် ပျောက်ပျက်သော သင်္ကန်းရှိသူကို နဋ္ဌစီဝရဟုလည်းကောင်း ခေါ်၏၊ ထိုအခါများသည် သင်္ကန်းတောင်းကောင်းရာ အခါတို့တည်း။ တောင်းဖို့ရာ အလှူခံဖို့ရာ လူမရှိသော အရပ်ဖြစ်လျှင် သစ်ပင်မှ သစ်ခက်သစ်ရွက်တို့ကို ကိုယ်တိုင် ခုတ်ဖြတ်ချိုးယူကောင်း၏၊ ထိုသစ်ရွက်များကို လျှော်ဖြင့် တွဲစပ်၍ ဝတ်သွားရမည်။ အချီးနှီး တုံးလုံးကျွတ် အဝတ် မဝတ်ဘဲကား မသွားကောင်း။
ဆွေမျိုးမတော်စပ်သူ
အမိဘက်မှသော်လည်းကောင်း, အဖဘက်မှသော်လည်းကောင်း ခုနစ် ဆက်မြောက် ဘိုးဘေးအစုံတိုင်အောင် မဆက်စပ်သူကို ဆွေမျိုးမတော်စပ်သူဟု ဆိုသည်။ ခွင့်ပြုအပ်သောအခါမှ တစ်ပါး ဉာတိပဝါရိတ မဟုတ်သူထံ သင်္ကန်းတောင်းအံ့၊ ပယောဂကြောင့် ဒုက္ကဋ်၊ သင်္ကန်းရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံရှိသော နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ သံဃာအားသော်လည်းကောင်း, ဂိုဏ်းအားသော်လည်းကောင်း, ပုဂ္ဂိုလ်အားသော်လည်းကောင်း စွန့်ရမည်။ ဝိနည်းအလေးဂရုပြုတော်မူသော ဆရာတော်အချို့သည် ခမည်းတော်ကို ဆွေမျိုး ဟုတ်မှဟုတ်ပါ့မည်လားဟု သံသယဖြစ်တော်မူကြသဖြင့် ခမည်းတော်အထံ၌ မတောင်းကြပေ။
ပဝါရိတ နှင့် အပဝါရိတ
မိမိနှင့် ဆွေမျိုးမတော်စပ်သော်လည်း “အလိုရှိသော ပစ္စည်း အလှူခံတော်မူပါဘုရား”ဟု ဖြစ်စေ, “ဘာအလိုရှိပါသလဲ”ဟု ဖြစ်စေ လျှောက်ထားသူကို ပဝါရိတ (= ဖိတ်မန်သူ)ဟု ဆိုရသည်။ ယခုခေတ် သိမ်ထပ်ရုံမျှဖြင့်လည်းကောင်း, တပည့်တော်ကို ပစ္စည်းလေးပါးဒကာ မှတ်ပါဟူ၍လည်းကောင်း လျှောက်ထားရုံမျှဖြင့် ပစ္စည်းလေးပါး မတောင်းကောင်း။ ရဟန်းဒကာအဖြစ် မှတ်ရုံ, ပစ္စည်းလေးပါး ဒကာအဖြစ် မှတ်ရုံသာ မှတ်ထားရမည်။ ဧည့်သည်အာဂန္တုရဟန်း ရောက်လာလျှင် အာဂန္တုကဆွမ်းကို ဉာတိပဝါရိတ မဟုတ်သူတို့ထံမှ ဖိတ်ကြားကြသည်ကား ဖိတ်သူလည်း မအပ်၊ စားသူလည်း မအပ်ချေ။ သင်္ကန်းကိုသာ မတောင်းအပ်၊ သင်္ကန်းမှတစ်ပါး တောင်းကောင်း၏ဟု မယူလေလင့်။ ဆွမ်းဖိတ်ပေးခြင်း ပစ္စည်းလေးပါး အဖိတ်ခိုင်းခြင်း ရဟန်းဒါယကာ, ရှင်ဒါယကာ အလုပ်ခိုင်းခြင်း, ရှင်ဒါယကာ ရဟန်းဒါယကာ ရှာပေးခြင်းများလည်း မအပ်။ ခိုင်းသူလည်း အပြစ်မလွတ်၊ ထိုသို့ ခိုင်း၍ တောင်း၍ ရသောပစ္စည်းသည်လည်း အဆက်ဆက် မအပ်ဟု မှတ်။
ဆွေမျိုးမတော်စပ်သော ရဟန်းဒါယကာကို ပစ္စည်းလေးပါးဒါယကာဟူ၍ မယူလင့်၊ သူက ပစ္စည်းလေးပါးဖြင့် ဖိတ်ထားမှသာလျှင် ပစ္စည်းလေးပါး ဒါယကာ မြောက်သည်၊ တောင်းကောင်းသည်။ မဖိတ်ထားလျှင်ကား မည်သည့် ပစ္စည်းကိုမျှ မတောင်းကောင်း၊ အယုတ်ဆုံးအားဖြင့် ရေကိုမျှသော်လည်း မတောင်းလေလင့်၊ အညာတကောဟု လာသမျှ အပဝါရိတ မဖိတ်သူကို ယူ။ အစ္ဆိန္နစီဝရရဟန်း, နဋ္ဌစီဝရရဟန်း ဤနှစ်မျိုးကား ဆွေမျိုးမတော် မဖိတ်ထားသော ဒကာဒကာမများထံ တောင်းကောင်းသည်။ အမျိုးတော်သူ ဖိတ်ထားသူတို့၏ အထံ၌ကား ဆိုဖွယ်ရာမရှိ၊ တောင်းကောင်းတော့သည်သာ။
ဖိတ်ထားပုံအမျိုးမျိုး
သံဃာ၏ အစွမ်းဖြင့် ဖိတ်ထားရာ၌ ပမာဏကို ကြည့်၍ တောင်းရသည်။ အိမ်သို့ ကြွရောက်ပါရန် ဖိတ်ရာ၌ အိမ်သို့ ကြွရောက်၍ ချမ်းသာသလို အိပ်ကောင်း ထိုင်ကောင်းသည်။ တစ်စုံတစ်ခုကို မတောင်းကောင်း၊ အိမ်၌ရှိသော ပစ္စည်းကို တောင်းရန် ဖိတ်ရာ၌ အပ်သော ပစ္စည်းကိုသာ တောင်းကောင်းသည်။ အိမ်၌ ထိုင်ခြင်း အိပ်ခြင်းငှာ မအပ်၊ ယခင်က ဖိတ်ကြားထားသူ ဖြစ်သော်လည်း အကြည်ညိုပျက်၍ မပေးလိုသော် အပ္ပဝါရိတအရာ၌ တည်ရကား မတောင်းကောင်းဟု သိပါ။
ပဝါရေတွာပိ အဒါတုကာမော အပဝါရိတဋ္ဌာနေ တိဋ္ဌတိ။ (သာရတ္ထဋီကာ)
အာဠဝီတိုင်းသားရဟန်းများ အတောင်းအရမ်းများမှု
ကုဋိကာရသိက္ခာပုဒ်လာ အကြောင်းအနည်းငယ် တင်ပြလိုပါသည်။ ရဟန်းတို့သည် ကျောင်းဒကာ မရှိဘဲ အတိုင်းအတာပမာဏ မရှိသော ကျောင်းများကို ဆောက်လုပ်ကြရာ မပြီးနိုင်ဘဲ ရှိလေသည်။ လုပ်အားပေးယောင်္ကျား ပေးကြပါ၊ ပေါက်တူး, ဓားမ, ဆောက် ငှားကြပါ၊ နွယ်, ဝါး, မြက်, မြေညက် ပေးကြပါ၊ စသည်ဖြင့် ခဏခဏ အတောင်းအရမ်းများ လာကြလေသည်။
ရဟန်းများ၏ အတောင်းအရမ်းဖြင့် နှိပ်စက်ခံရသူတို့သည် ရဟန်းတွေကို မြင်လျှင် တောင်းလိမ့်ဦးမည်၊ အလှူခံလိမ့်ဦးမည် ထင်၍ ထိတ်ခနဲ ဖြစ်ကြကုန်၏၊ (မြွေကို မြင်လျှင် လန့်ပြီး နောက်ဆုတ်သကဲ့သို့) ရဟန်းများကို မြင်လျှင် လန့်ပြီး နောက်ဆုတ်ကြကုန်၏၊ တချို့လည်း ခပ်ဝေးဝေးမှပင် ထွက်ပြေးကြကုန်၏၊ တချို့လည်း ရဟန်းများသွားရာလမ်းမှ ရှောင်လွှဲ၍ အခြားလမ်းဖြင့် သွားကြကုန်၏၊ ထိုသို့ မရှောင်သာလျှင် မျက်နှာချင်း မဆိုင်မိအောင် မျက်နှာလွှဲ၍ နေကြကုန်၏၊ ရဟန်းများ လာနေသည်ကို မြင်လျှင် အိမ်ရှင်တို့က အိမ်တံခါးကို ပိတ်ထားကြကုန်၏၊ ခပ်ဝေးဝေးမှ နွားအနီမကြီးကို မြင်ရုံမျှဖြင့် ရဟန်းထင်၍ ပြေးကြသူတွေလည်း ပြေးကြကုန်၏၊ ထိုကဲ့သို့ ဖြစ်နေချိန်တွင် အရှင်မဟာကဿပသည် အာဠဝီပြည်၌ သီတင်းသုံးနေခိုက် နှင့် ကြုံ၍ ဆွမ်းခံဝင်တော်မူရာ အရှင်မဟာကဿပကိုလည်း အခြားရဟန်းများနည်းတူ ပြုမူခံရလေသည်။
ထိုအချိန်မှာပင် ဗုဒ္ဓရှင်တော်မြတ်လည်း ရာဇဂြိုဟ်မှ အာဠဝီမြို့သို့ ကြွလာတော်မူလေရာ အရှင်မဟာကဿပသည် အာဠဝီရဟန်းတို့ အတောင်း အရမ်းများသဖြင့် လူတို့အကြည်ညို ပျက်ပြားနေပုံကိုဘုရားရှင်အား လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်သည် ထိုရဟန်းတို့ကို များစွာ ပြစ်တင်တော်မူ၍ အတောင်းအရမ်းများလျှင် လူကို မဆိုထားဘိ၊ တိရစ္ဆာန်များပင် မုန်းတတ်ကြောင်း မိန့်တော်မူ၍ မဏိကဏ္ဌဇာတ်ကို ဟောတော်မူသည်။
နိဿဂ္ဂိထိုက်သော သင်္ကန်းစွန့်ပုံ
သင်္ကန်းတောင်းကောင်းသော အခါမဟုတ်ဘဲ သင်္ကန်းကို တောင်းခံရာ၌ တောင်းခြင်းပယောဂကြောင့် ဒုက္ကဋ်၊ သင်္ကန်းကို ရရှိလျှင် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်၏၊ စောင်, ခြင်ထောင်, အိပ်ယာခင်းစသည် တောင်းရာ၌လည်း နည်းတူမှတ်။ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ပါးပါးထံ စွန့်ရမည်။
ဣဒံ မေ ဘန္တေ စီဝရံ အညာတကံ ဂဟပတိကံ အညတြ သမယာ ဝိညာပိတံ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ (ဣမာဟံ အာယသ္မန္တာနံ၊ ဣမာဟံ အာယသ္မတော) နိဿဇ္ဇာမိဟု ဆို၍ စွန့်ရမည်။
အကယ်၍ မြန်မာလို စွန့်လိုပါက -
“အရှင်ဘုရား တောင်းသင့်သောအခါ မဟုတ်ပါဘဲ၊ ဆွေမျိုးမတော်သော ဒါယကာထံမှ တောင်းယူအပ်သော တပည့်တော်၏ ဤသင်္ကန်းသည် စွန့်ထိုက်နေပါ၏၊ ဤသင်္ကန်းကို သံဃာအား (အရှင်ဘုရားတို့အား, အရှင်ဘုရားအား) စွန့်ပါ၏”ဟု ဆို၍ စွန့်ရသည်။
စွန့်ပြီးမှသာ အာပတ်ဖြေ ဒေသနာကြားပြီး အစွန့်ခံရသော သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်က ထိုသင်္ကန်းကို ပြန်ပေးရသည်။ စောင်, ခြင်ထောင်, အိပ်ယာခင်း စသည် စွန့်ရာ၌လည်း ဤနည်းအတိုင်း စွန့်၍ ပြန်ပေးရသည်။
တတုတ္တရိသိက္ခာပုဒ်
ရှေ့သိက္ခာပုဒ်၌ ပြအပ်ခဲ့သော အစ္ဆိန္နစီဝရရဟန်း, နဋ္ဌစီဝရရဟန်းတို့ကို ဆွေမျိုးမတော်သော (ဖိတ်မန်ထားသူလည်း မဟုတ်သော ဒကာဒကာမတို့က သင်္ကန်းမရှိမှန်း သိ၍ များစွာသော သင်္ကန်း (အဝတ်)တို့ဖြင့် အလှူခံရန် ဖိတ်မန်လျှင် ထိုသင်္ကန်းများထဲမှ သင်းပိုင်နှင့်ကိုယ်ရုံ (တစ်စုံ)မျှကိုသာ သာယာကောင်းသည်။ ထိုထက်ပို၍ သာယာလျှင် (ခံယူလျှင်) တတုတ္တရိ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊
မူလက သင်္ကန်းသုံးထည်ဖြင့် လှည့်လည်နေသူမှာ တစ်ထည်ပျောက်လျှင် (ဘာပျောက်ပျောက်) နှစ်ထည် ကျန်ရှိနေသေး၍ မခံယူကောင်း၊ နှစ်ထည်ပျောက်လျှင် တစ်ထည်သာ ယူ၊ သုံးထည်ပျောက်လျှင် နှစ်ထည်သာ ယူ၊ မူလက နှစ်ထည်ဖြင့် လှည့်လည်သူမှာလည်း တစ်ထည်ပျောက်လျှင် တစ်ထည်ယူ၊ နှစ်ထည်ပျောက်လျှင် နှစ်ထည် ခံယူကောင်း၏၊ သုံးထည် စလုံးကိုကား မခံယူကောင်းချေ။
ဤကဲ့သို့ နှစ်ထည်သာ ခံယူကောင်း၏ဟု မိန့်တော်မူခြင်းသည်လည်း သင်္ကန်းပျောက်၍ သင်္ကန်းမရှိကြောင်း သိသည့်အတွက် လာရောက်ဖိတ်မန်သူတို့ အထံမှ ခံယူနည်းကို ပြခြင်း ဖြစ်သည်။ ဖိတ်မန်စဉ်ကပင် သင်္ကန်းမရှိမှန်း သိ၍ ဖိတ်သောကြောင့် ခံယူသူကလည်း အလိုက်သိစွာ လုံလောက်ရုံ နှစ်ထည်သာ အလွန်ဆုံး ခံယူရမည် ဟူလို။ နဂိုက ဖိတ်မန်ပြီးသူ အခြားဂုဏ်အတွက် ကြည်ညို၍ ယခုမှဖိတ်မန်သူနှင့် ဉာတိပဝါရိတတို့ထံမှကား ဒွိစုံထက် ပို၍လည်း ခံယူကောင်းပါသည်။
ပထမဥပက္ခဋ သိက္ခာပုဒ်
ဉာတိပဝါရိတ မဟုတ်သော ဒါယကာ သို့မဟုတ် ဒါယကာမက “ဤ သင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ မည်သည့် ရဟန်းအား လှူဒါန်းမည်”ဟု ရဟန်းတစ်ပါးပါးကို ရည်စူးညွှန်ပြ၍ သင်္ကန်းဖိုး စုဆောင်းထားရာ ရည်ညွှန်းခံရသော ရဟန်းက သတင်းကြားကာ ထိုအလှူရှင်ထံ သွား၍ နဂိုသင်္ကန်းဖိုး-ထက် ပိုကုန်အောင် ထူးထူးထွေထွေ စီမံလျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်လေတော့သည်။
စီဝရစေတာပန္န (= သင်္ကန်းဖိုး)ဟူသည် - သင်္ကန်းကို လဲလှယ်၍ ရနိုင်သော ရွှေ ငွေစသော အကပ္ပိယဝတ္ထု, ချည် စသော ကပ္ပိယဝတ္ထုများကို သင်္ကန်းဖိုးဟု ဆိုသည်။
ပုဗ္ဗေ အပ္ပဝါရိတော
အရှင်ဘုရား သင်္ကန်းအလိုရှိက မိန့်တော်မူပါ။ အရှင်ဘုရားအား သင်္ကန်း လှူပါအံ့။ အရှင်ဘုရားသည် အဘယ်သင်္ကန်းကို အလိုရှိပါသနည်း။ အဘယ်သို့သော သင်္ကန်းမျိုးကို ဝယ်လှူရပါအံ့နည်းဟု ရှေးအဖို့၌ မေးမြန်းခြင်း လျှောက်ထားခြင်းကို ဆိုသည်။ ထိုသင်္ကန်းကို လှူမည့် အလှူရှင်၏ အဖိတ်ကို ရှေးက မခံရဖူးသော ရဟန်းတည်း။
(မှတ်ချက်) ရှေးအဖို့၌ မဖိတ်ကြားခြင်းဟု ဆိုသောကြောင့် ထိုခဏ၌ ဖိတ်ကြားသော်လည်း ဖိတ်ရာမရောက်ဟု ဆို၏၊
ဧဝရူပံ ဝါ ဧဝရူပံ ဝါ
ရဟန်းက လက်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ သင်္ကန်းပုံစံကို ညွှန်ပြသော စကားဖြစ်သည်။ ဤမျှလောက် အလျားရှည်ရှည်, သည်လို အနံပြန့်ပြန့်, သည်ပုံ ကျစ်ကျစ်, သည်နည်း ချောချော စသည်ဖြင့် ပြောဆိုခြင်းကို ဆိုသည်။
စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ
ဝိ = ထူးသော။ ကပ္ပ = ပြုစီမံခြင်း။ မူလရည်ရွယ်ထားသော သင်္ကန်းထက် အလျားရှည်အောင် အနံပြန့်အောင် အသားကျစ်အောင် ချောမောအောင် စီမံခြင်းတည်း။ ထိုသို့ ထူးထွေ ကောင်းမွန်လာအောင် စီမံရာ၌ စီမံလိုက်သည့်အတွက် မူလရည်စူးထားသော တန်ဖိုးထက် ပိုသွားမှသာ နိဿဂ္ဂိထိုက်သည်။ တန်ဖိုး မပိုလျှင်ကား မိမိကို ရည်စူးပြီးသားဖြစ်၍ နိဿဂ္ဂိ မထိုက်၊ ဉာတိပဝါရိတတို့အထံ၌ တန်ဖိုးပိုသော်လည်း အပ်၏၊ နိဿဂ္ဂိ မထိုက်သည်ဟု သိပါ။
ဝဿိကသာဋိက သိက္ခာပုဒ်
(ဝဿိက = မိုးအခါ ဝတ်အပ်သော။ သာဋိက = အဝတ်သင်္ကန်း။)
ဤသိက္ခာပုဒ်ကား မိုးရေခံသင်္ကန်းကို ရှာမှီးရာခေတ် (ကာလ), ချုပ်ဆိုး၍ ဝတ်ရုံရာခေတ်ကို ပြ၍ ထိုကာလ၌မဟုတ်ဘဲ ရှာလျှင်လည်းကောင်း, ချုပ်ဆိုး၍ ဝတ်လျှင်လည်းကောင်း နိဿဂ္ဂိပါစိတ်ဟု ပညတ်တော်မူသော သိက္ခာပုဒ် တည်း။
ရတနဝဂ်၌လည်း ဝဿိကသာဋိက သိက္ခာပုဒ် ရှိသေး၏၊ ဝေဿ = မိုးအခါ၌။ အဓိဋ္ဌာတဗ္ဗာ = အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းသည်။ ဝဿိကာ မည်၏၊ မိုးအခါဝယ် ဝဿိကသာဋိကဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ ဖြစ်စေ, အခြားအခါဝယ် ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ ဆောင်အပ်သော သင်္ကန်းကို ဝဿိကသာဋိကဟု ခေါ်သည်။ သာဋိက သဒ္ဒါကား ဝတ္ထသဒ္ဒါ၏ ပရိယာယ်တည်း။
မိုးရေခံသင်္ကန်း ပမာဏ
ဘုရားရှင်၏ အထွာတော်ဖြင့် အလျား - (၆)ထွာ၊ အနံ - (၂)ထွာခွဲမျှ ရှိသော နဂိုက မရှိလျှင် ဆက်စပ်ထားသော ပိတ်, ဖျင်စသည်ကို မိုးရွာသောအခါ ဝတ်၍ (ရေသနုပ်ကဲ့သို့ အသုံးချ၍) မိုးရေကို ခံကြရ ချိုးကြရသောကြောင့် မိုးရေခံသင်္ကန်းဟု ခေါ်သည်။
သင်္ကန်းဟုဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိသင်္ကန်းရောင်ထွက်အောင် ဆိုးမှ မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါ အရောင်ထွက်ရုံမျှ တစ်ကြိမ်လောက် ဆိုးလျှင်ပင် ဝတ်ကောင်းပြီးဟု မှတ်ပါ။ ဤသင်္ကန်းပမာဏထက် လွန်လျှင်ကား သုဒ္ဓပါစိတ်တည်း။
မိုးရေခံသင်္ကန်းနှင့် စပ်၍ -
၁။ ပရိယေသန = သင်္ကန်းရှာမှီးရာ ကာလ၊
၂။ ကရဏ = ချုပ်ဆိုးခွင့် ကာလ၊
၃။ နိဝါသန = ဝတ်ခွင့်ကာလ၊
၄။ အဓိဋ္ဌာန = အဓိဋ္ဌာန်တင်ခွင့်ကာလဟု ကာလလေးမျိုး ပိုင်းခြားထားပါသည်။
၁။ နယုန်လပြည့်မှစ၍ ထိုလကွယ်အထိ (၁၄)ရက်သည် မိုးရေခံသင်္ကန်းကို ရှာရုံသာ အခွင့်ရသော ပရိယေသနကာလတည်း။
၂။ ဝါဆိုလဆန်း တစ်ရက်နေ့မှ စ၍ ဝါဆိုလပြည့်နေ့အထိ (၁၅)ရက်သည် မရသေးလျှင် ဆက်လက်ရှာခွင့်ရပြီး ချုပ်ဆိုးခွင့်, ဝတ်ခွင့်ရသော ခေတ် တည်း။ ဆိုခဲ့သော တစ်လအတွင်း အဓိဋ္ဌာန်တင်ခွင့် မရသေး။
၃။ ဝါဆိုလပြည့်ကျော် တစ်ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လသည် မရသေးလျှင် ဆက်လက်ရှာခွင့်, ချုပ်ဆိုးခွင့်, ဝတ်ခွင့်, အဓိဋ္ဌာန်တင်ခွင့် (၄)မျိုးလုံးရသော (ပရိယေသန၊ ကရဏ၊ နိဝါသန၊ အဓိဋ္ဌာန) ခေတ်တည်း။
ကျန်သော တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှစ၍ လာမည့်နှစ် နယုန်လပြည့်အထိ (၇)လကား မိုးရေခံသင်္ကန်းနှင့် လုံးဝ မဆက်စပ်သော ပိဋ္ဌိသမယဟု မှတ်၊ ကျောဘက်နှင့်တူသော အပြင်ဘက်ကာလတည်း။ ရှေး၌ ဆိုခဲ့သော (၅)လကား ကုစ္ဆိသမယ ဝမ်းဘက်နှင့်တူသော အတွင်းဘက် ကာလတည်း။
ထပ်မံ၍ အကျဉ်းချုပ် မှတ်ရန်
ရှာရာခေတ် ရှာနိုင်သောခေတ်သည် နယုန်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ (၅)လဟုလည်းကောင်း၊ ချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ဝတ်ရာခေတ်သည် ဝါဆိုလဆန်းတစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လခွဲတည်း။ အဓိဋ္ဌာန်တင်ရာခေတ်သည် ဝါဆိုလပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လတည်းဟုလည်းကောင်း မှတ်ပါလေဦး။
ပိတ်တိုဖျင်စ (၁၁) လ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားခွင့်ရ
နယုန်လပြည့်ကျော်တစ်ရက်နေ့မှ စ၍ သင်္ကန်းမချုပ်လောက်သော ပိတ်စ ဖျင်စ စသည်ကို မချုပ်ရသေးသမျှ တန်ဆောင်မုန်းလပြည့်နေ့အထိ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားနိုင်၏၊ ကထိန်အာနိသင် ရပြန်လျှင် ပထမကထိန သိက္ခာပုဒ်အရ တပေါင်းလပြည့်နေ့အထိ ထားနိုင်၏၊ ဆက်စပ်၍ ချုပ်ဖို့ရန် မျှော်လင့်ချက် ပစ္စာသာသင်္ကန်း ရှိနေသေးလျှင် တတိယကထိနသိက္ခာပုဒ်အရ နောက်ထပ်တစ်လ (တန်ခူးလပြည့်)အထိ ထားနိုင်၏၊ ဤသို့ ဝါထပ်လျှင် (၁၁)လ၊ ဝါမထပ်လျှင်(၁၀)လ အဓိဋ္ဌာန်, ဝိကပ္ပနာမပြုဘဲ ထားခွင့် ရသည်ဟု မှတ်။ ချုပ်ဆိုးပြီးလျှင်ကား ဝဿိကသာဋိက အမည်ဖြင့် “ဣမံ ဝဿိကသာဋိကံ အဓိဋ္ဌာမိ”ဟု ဆို၍ မိုးလအတွင်း အဓိဋ္ဌာန်တင်ရမည်။ မိုးလလွန်လျှင်ကား ပစ္စုဒ္ဓိုရ်ပြု၍ ပရိက္ခာရစောဠ သို့မဟုတ် ဝိကပ္ပနာ တစ်ခုခု သင့်ရာ ပြုထားရမည်။
စီဝရအစ္ဆိန္ဒန သိက္ခာပုဒ်
“မိမိ၏ ဝေယျာဝစ္စကို ပြုလိမ့်မည်စသော မျှော်လင့်ချက်ဖြင့် ရဟန်းတစ်ပါးအား သင်္ကန်းပေးပြီးနောက် မျှော်လင့်ချက် မကိုက်၍ စိတ်ဆိုးဆိုးနှင့် ပေးပြီးသင်္ကန်းကို ပြန်၍ ကိုယ်တိုင်လုယူသည်ဖြစ်စေ၊ တစ်ယောက်ယောက်ကို လုယူရန် စေခိုင်းသည်ဖြစ်စေ နိဿဂ္ဂိပါစိတ်။
ကိုယ်တိုင်ပေးပြီး ပြန်လုယူမှ အပြစ်ရှိသည်။ ကိုယ်တိုင်မပေးဘဲ သူများက ပေးလိုက်သည်ကို ပြန်လုယူက ဤသိက္ခာပုဒ်အရ အပြစ်မရှိ။ မိမိနှင့် ဆိုင်သေးသည်ဟူ၍ သကသညာဖြင့် လုယူမှသာ နိဿဂ္ဂိယ၊ သူပိုင်မှန်း သိလျက် လုယူရာ၌ကား တန်ဖိုးလိုက်၍ ပါရာဇိကအထိ ဆုံးဖြတ်ခွင့် ရှိသည်။
ရဟန်း၏ သင်္ကန်းကို လုယူမှ နိဿဂ္ဂိထိုက်သည်။ ရဟန်း၏ သင်္ကန်းမှတစ်ပါး အခြားဥစ္စာကိုလည်းကောင်း၊ လူ, သာမဏေ၏ ဥစ္စာကိုလည်းကောင်း ပေးပြီးနောက် ပြန်၍လုရာ၌ ဒုက္ကဋ်ဟု မှတ်။
(အမှာ) သုတ္တဝိညတ္တိသိက္ခာပုဒ်နှင့် မဟာပေသကာရသိက္ခာပုဒ်တို့ သိသာထင်ရှား၍ မရေးတော့ပြီ၊ ဆိုင်ရာ သိက္ခာပုဒ်သာ ကြည့်ပါလေ။
အစ္စေကစီဝရ သိက္ခာပုဒ်
ဤသိက္ခာပုဒ်ကား “သီတင်းကျွတ်လမပြည့်မီ (၁၀)ရက် အတွင်း၌ အစ္စေကသင်္ကန်းရလျှင် ထိုသင်္ကန်းကို အစ္စေကသင်္ကန်းဟု သိသော ရဟန်းသည် ခံယူနိုင်ကြောင်း ခံယူပြီးနောက် သင်္ကန်းကာလကုန်အောင် အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ထားနိုင်ကြောင်းကိုလည်းကောင်း၊ ထို့ထက်အလွန် အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားလျှင် နိဿဂ္ဂိပါစိတ်ဟုလည်းကောင်း ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။ သင်္ကန်းလှူရိုးလှူစဉ်ဖြစ်သော ဝါကျွတ်သော အခါ သီတင်းကျွတ်လပြည့်နေ့သို့ မရောက်သေးခင် အရေးတကြီး ကြိုတင် လှူအပ်သောကြောင့် အစ္စေကသင်္ကန်းဟု ခေါ်သည်။
အစ္စေကသင်္ကန်း အဆောတလျင် လှူပုံ
၁။ ခရီးသွားမည့်သူ၊ ၂။ ကိုယ်ဝန်ရှိသူ၊ ၃။ မကျန်းမာသူ၊ ၄။ တရားနာရခြင်း စသည်ကြောင့် ရုတ်တရက် သဒ္ဓါတရားဖြစ်သူ၊ ဤတစ်ဦးဦးသည် “ဝဿာဝါသိကံ ဒဿာမိ” - ဝါဆိုသင်္ကန်း ကပ်လှူလိုပါသည်ဟု အရေးတကြီး ပင့်၍ဖြစ်စေ၊ ကိုယ်တိုင်လာပြီးလျှင် “ဝဿာဝါသိကံ ဒမ္မိ” - “ဝါဆိုသင်္ကန်း ကပ်လှူပါ၏”ဟု လျှောက်၍ဖြစ်စေ လှူအပ်သော သင်္ကန်းကို အစ္စေကသင်္ကန်းဟု ခေါ်သည်။
ဤအလှူရှင်များတွင် အထက် (၃)မျိုးကား အသက်အတွက် စိုးရိမ်ခြင်း စသည်ကြောင့် လှူခြင်းဖြစ်ပြီး နောက်ဆုံးတစ်မျိုးမှာ ထူးခြားစွာ ဖြစ်ပေါ်လာသော သဒ္ဓါတရားကြောင့် လှူခြင်း ဖြစ်သည်။
(ဆောင်) သွား, နာ, ဝန်, သစ်၊ ဝါဆို ဖြစ်၊ စင်စစ် အစ္စေက။
ခရီးသွားမည်, ဂဗ္ဘိနီနှင့်, မအီမကျန်း, သဒ္ဓါစွမ်းကြောင့်, ရဟန်းထံရင်း, ရုတ်ချင်းပင့်ကာ, လာတန်လာ၍, ဝဿာဝါသိ, ဒဿာမိဟု, ဆိုဘိ လှူဒါန်း, ထိုသင်္ကန်း, ခေါ်မှန်း အစ္စေက။
ဝါဆိုသင်္ကန်း
ဝဿာဝါသိကပုဒ်၏ အနက်ကို ဝါဆိုသင်္ကန်းဟု မြန်မာပြန်ကြ၏၊ ယခုကာလ၌လည်း ဝါမဆိုခင် ဝါဆိုသင်္ကန်း ဟု ခေါ်လျက် သင်္ကန်းကပ်ကြ၏၊ ကျမ်းဂန်လာ ဝဿာဝါသိကသင်္ကန်းကား ဝါတွင်း၌ ဝါကပ်နေသော ရဟန်းသံဃာအား လှူအပ်သော သင်္ကန်း ဖြစ်သည်။ ထိုဝဿာဝါသိကစီဝရသည် အစ္စေကစီဝရ, အစ္စေက မဟုတ်သော စီဝရဟု (၂)မျိုး လာရှိရာ ဝဿာဝါသိက အစ္စေကစီဝရသာ ဤသိက္ခာပုဒ်နှင့် ဆိုင်သည်။ ဝဿာဝါသိက ဖြစ်သော်လည်း အစ္စေက မဟုတ်လျှင်, အစ္စေက ဟုတ်သော်လည်း ဝဿာဝါသိက မဟုတ်လျှင် ထို(၂)မျိုးလုံး ဟုတ်စေကာမူ သီတင်းကျွတ်လဆန်း (၅)ရက်မှ လပြည့်အတွင်း မဟုတ်လျှင် ဤသိက္ခာပုဒ်နှင့် မဆိုင်ဟု မှတ်ပါ။
ဝဿာဝါသိကံ ဒဿာမိဟု လျှောက်၍ လှူရာ၌ ဝဿာဝါသိကဟူသည် ဝါတွင်း၌ ဝါကပ်နေသော သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်အား လှူဒါန်းအပ်သော သင်္ကန်းတည်း။ ထို့ကြောင့် သံဃာ, ဂိုဏ်းအား ထိုအစ္စေက လှူရာ၌ သံဃာမှ (သို့မဟုတ်) ဂိုဏ်းမှ ဝေစုရ၍ဖြစ်စေ, မိမိအား ပုဂ္ဂလိက တိုက်ရိုက် လှူသည်ဖြစ်စေ တစ်နည်နည်းဖြင့် ရခြင်းကို ဥပ္ပဇ္ဇေယျ-ဟု ဆိုသည်။
ထိုသို့ ရရာ၌ သီတင်းကျွတ်လဆန်း (၅)ရက်မတိုင်မီ ရသော အစ္စေက သင်္ကန်းအတွက် ဤသိက္ခာပုဒ်က အထူး လွတ်လပ်ခွင့် မပေးနိုင်၊ အများသင်္ကန်းထုံးစံအတိုင်း ပထမကထိနသိက္ခာပုဒ်အရ ဆယ်ရက်မလွန်ခင် အဓိဋ္ဌာန် ဝိကပ္ပနာ သင့်ရာ ပြုထားရမည်။
လွတ်လပ်ခွင့် တစ်ရက် ပိုရပုံ
သီတင်းကျွတ်လဆန်း (၅)ရက်နေ့၌ ရအပ်သော အစ္စေကသင်္ကန်း အတွက်သာ ဤသိက္ခာပုဒ်အရ လွတ်လပ်ခွင့် တစ်ရက် ပိုရသည်။ တစ်ရက် ပို၍ ထားခွင့်ရခြင်းသည် ဤအစ္စေက ဝဿာဝါသိကသင်္ကန်းအဖို့ ထူးခြားပုံ တည်း။ ထိုသီတင်းကျွတ်လဆန်း (၅)ရက်နေ့၌ ဝဿာဝါသိက သင်္ကန်းကိုပင် ရစေကာမူ အစ္စေက မဟုတ်လျှင် (ဖြည်းဖြည်းသက်သာ ရိုးရာ လှူနေကျ လှူဒါန်းသော သင်္ကန်းဖြစ်လျှင်) ဤအစောင့်အရှောက် မရ၊ လပြည့်နေ့ည အရုဏ်တက်လျှင် နိဿဂ္ဂိဖြစ်မည်။ လဆန်း (၆)ရက်မှ စ၍ ရသော သင်္ကန်းများကား အစ္စေကသင်္ကန်း ဟုတ်ဟုတ်, မဟုတ်ဟုတ် (၁၁)ရက်မြောက် အရုဏ် မှာ သင်္ကန်းထားခွင့်ရသော သင်္ကန်းကာလဖြစ်၍ အရုဏ်တက်သောကြောင့် အားလုံးသင်္ကန်းများ နိဿဂ္ဂိ မဖြစ်နိုင်။
ထို့ကြောင့် ဤသိက္ခာပုဒ်သည် ပထမကထိနသိက္ခာပုဒ် ခွင့်ပြုချက် (၁၀)အရုဏ်ထက် လဆန်း (၅)ရက်နေ့၌ ရသောသင်္ကန်းအတွက် လဆန်း (၅)ရက်ဟူသော တစ်ရက် ပို၍ထားခွင့်ရသောကြောင့် ပထမကထိန သိက္ခာပုဒ်၏ အနုပညတ်သဖွယ် ဖြစ်သည်ဟု ဆိုကြသည်။
သာသင်္ကသိက္ခာပုဒ်
တောကျောင်း၌ဖြစ်စေ, ရွာကျောင်း၌ဖြစ်စေ ပုရိမဝါကပ်၍ မကျိုးမပြတ် နေပြီးနောက် သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုပြီးလျှင် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လလုံးလုံး သာသင်္က, သပ္ပဋိဘယဖြစ်သော တောကျောင်း၌နေသော ရဟန်းသည် သင်္ကန်းသုံးထည်တွင် တစ်ထည်ထည်ကို အနီးအပါး ဆွမ်းခံရွာ၌ ထားလိုလျှင် ထားနိုင်၏၊ (ထိုသင်္ကန်းနှင့် တစ်လလုံး ညဉ့်ကင်းနေသော်လည်း အနီးအနား ဆွမ်းခံရွာမှာပင် သင်္ကန်းရှိနေသောကြောင့် ညဉ့်ကင်းရာ မရောက်၊ နိဿဂ္ဂိ မထိုက်ဟူလို) ထို့ပြင် ထိုနေမြဲသော ကျောင်း၌ အခြားကျောင်းသို့ ကိစ္စရှိ၍ သွားရသည့်အတွက် ထိုသင်္ကန်းနှင့် လုံးလုံး ကင်းနေခွင့် ကြုံပြန်လျှင် (၆)ညဉ့်အထိ ကင်းနေခွင့် ရှိ၏၊ သမ္မုတိရသူ မဟုတ်ဘဲ ထို (၆)ညဉ့်ထက် ပို၍ ညဉ့်ကင်း မနေရ၊ ညဉ့်ကင်းနေလျှင် နိဿဂ္ဂိထိုက်သည်။
သင်္ကန်းထားခွင့် အင်္ဂါ (၄) ပါး
၁။ ဥပဝဿံ-အရ ပုရိမဝါကျွတ်သူ ဖြစ်ခြင်း၊ ၂။ ကတ္တိကပုဏ္ဏမံ-အရ တန်ဆောင်မုန်းလဖြစ်ခြင်း၊ ၃။ အရညကာနိ-အရ လေးအပြန်ငါးရာ ဝေးသော တောကျောင်းဖြစ်ခြင်း၊ ၄။ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ-အရ ခိုးသူတို့ သွားလာနေထိုင်ရာများတွေ့၍ ထိုခိုးသူတို့ သင်္ကန်းကို ခိုးယူခြင်း၊ ခိုးယူလိမ့်မည်ဟု ယုံမှားသံသယ ဖြစ်ဖွယ် ရှိခြင်း၊ ခိုးသူတို့ လုယက်ရိုက်နှက် ပုတ်ခတ်သတ်ဖြတ်ထားသည်ကို တွေ့ရသဖြင့် ဘေးအန္တရာယ်ရှိနေသော ကျောင်း ဖြစ်ခြင်း၊ ဤအင်္ဂါလေးပါးစုံမှ ဆွမ်းခံရွာတွင်း၌ သင်္ကန်းထား၍ ထိုသင်္ကန်းနှင့် ညဉ့်ကင်းနေခွင့် ရသည်။
(ဆောင်) ဝါပုရိမ ကျွတ်ပြီးမှလျှင်၁ လတန်ဆောင်မုန်း၂ နည်းထုံးကျန တောရ ကျောင်းတွင်၃ သာသင် သပ္ပဋိ၄ လေးအင် ပြည့်မူ၊ မိမိဆွမ်းခံ ရပ်ရွာထံ၊ ထားရန်ခွင့်ပြုသည်။
(မှတ်ချက်) တန်ဆောင်မုန်းဟူသည် မြန်မာပြက္ခဒိန်လနှင့် မတူပါ။ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိတည်း။ မဇ္ဈိမဒေသထုံးစံမှာ ကောင်းကင်က လဝန်းကြီး ပြည့်လျှင် ခေါ်ဝေါ်နေကျ ဝေါဟာရ မာသလည်း ပြည့်တော့သည်။ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှစ၍ သင်္ကန်းထားခွင့် မရတော့ပြီ။
မြန်မာနိုင်ငံ အချို့အရပ်ဒေသ၌ ပန်းထိုးကာလခေါ်သော တန်ဆောင်မုန်းလပြည့်ဝယ် အပျော်တမ်း ကစားကြသကဲ့သို့ ထို့အတူ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အတွင်းဝယ် ကတ္တိကစောရ ခေါ်သော အပျော်တမ်းသူခိုးတွေ အလွန် ပေါများတတ်၏၊ ထို့ကြောင့် ထိုတစ်လအတွင်း၌ သင်္ကန်းကို ဆွမ်းခံရွာတွင်း၌ ထား၍ ညဉ့်ကင်းခွင့် ပေးတော်မူသည်။ ထိုသို့ ညဉ့်ကင်းနေသော်လည်း မိမိသင်္ကန်း ပျောက်ပျက် မပျောက်ပျက်ကိုကား နေ့စဉ်သိဖို့ အရေးကြီးသောကြောင့် မိမိဆွမ်းခံနေကျ ရွာ၌သာ ထားခွင့်ပြုတော်မှုသည်။ ထို့ကြောင့် ထိုသင်္ကန်းထားခွင့်ရသော ရွာသည် တောကျောင်းပီပီ လေးအပြန် ငါးရာအောက်လည်း မနီးစေရ၊ ဆွမ်းခံ သွားနိုင် ပြန်နိုင်လောက်အောင် တစ်ဂါဝုတ်ထက်လည်း မဝေးစေရဟု ဆိုကြသည်။
လေးဆရာတို့လေးကား ညှို့မတင်ဘဲထားလျှင် လေးတောင်ထွာ ရှိ၏၊ ညှို့တင်ထားလျှင်ကား လေးတောင် ရှိ၏၊ ညှို့တင်ထားပြီးသော လေးဖြင့် အပြန်ငါးရာ၊ အတောင်အားဖြင့် (၂၀၀၀) ဝေးသည်ဟု မှတ်၊ အရံရှိသော ရွာဖြစ်အံ့ ခြံစည်းရိုမှ စ၍၊ အရံမရှိသော ရွာဖြစ်အံ ဃရူပစာရက ခဲတစ်ကျမှ စ၍ တိုင်းတာရမည် ဖြစ်သည်။
(ဆောင်) ကုလလေးတာ၊ ပြန်ငါးရာ၊ ဝေးကွာ ရညကာ။
(မှတ်ချက်) သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလ ပြည့်နေ့အထိသည် သင်္ကန်းကာလ ဖြစ်၏၊ ထို သင်္ကန်းကာလ၌ပင် သင်္ကန်းနှင့် ညဉ့်ကင်းနေခွင့်ကို တောကျောင်းဘုန်းကြီးများအတွက် သီးခြား ခွင့်ပြုတော်မူချက်ကို ထောက်၍ အခြား ပုဂ္ဂိုလ်များမှာ ကထိန်အာနိသင် မရလျှင် သင်္ကန်းကာလ ဖြစ်စေ ကာမူ တိစီဝရိက်အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းနှင့် ညဉ့် မကင်းကောင်းဟု သိသာထင်ရှားသည်။
နိဿဂ္ဂိထိုက်ပုံ
ဆိုခဲ့ပြီးသည့်အတိုင်း (၆)ညဉ့်ထက်ကား အခြားမှာ နေသောအားဖြင့် ညဉ့်မကင်းရတော့ချေ။ မိမိ အမြဲနေရာ တောကျောင်းသို့ ပြန်နိုင်လျှင် ပြန်လာခဲ့ရမည်။ တောကျောင်းသည် သင်္ကန်းထားရာရွာ၏ အရှေ့ဘက်၌ ရှိ၏၊ ကိစ္စရှိ၍ သွားသောအရပ်ကား ရွာအနောက်ဘက်၌ရှိရာ ကိစ္စလည်း မပြီးသေးသဖြင့် မူလကျောင်းရောက်အောင် မပြန်နိုင်သေးသော် သင်္ကန်းထားရာရွာသို့ ရောက်ရှိလာ၍ သင့်လျော်သော နေရာ၌ နေလျက် (၇)ရက်မြောက်အရုဏ်ကို တက်စေကာ မိမိသင်္ကန်း၏ သတင်းကို နားထောင်ပြီးမှ သင်္ကန်း၏ အခြေအနေကို သိပြီးမှ မိမိကိစ္စ မပြီးသေးရာအရပ်သို့ ပြန်သွားရမည်။ ထိုကဲ့သို့ မတတ်နိုင်လျှင် သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်ချ၍လည်း အာပတ်မသင့်အောင် စီမံနိုင်သေး၏၊ ထိုသို့ မပြုဘဲ သမ္မုတိရသူလည်း မဟုတ်ဘဲ (၇)ရက်မြောက်အရုဏ်ကို တခြားအရပ်မှာ တက်စေလျှင် ထို သင်္ကန်း နိဿဂ္ဂိထိုက်၏၊
အင်္ဂါ (၄) ပါး - ၁။ တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသောသင်္ကန်း ဖြစ်ခြင်း၊ ၂။ ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း)၊ ၃။ အဝိပ္ပဝါသသမ္မုတိ မရခြင်း၊ ၄။ ခြောက်ညဉ့်ထက်ပို၍ ညဉ့်ကင်းခြင်း၊ ဤအင်္ဂါ (၄)ပါး ညီလျှင် နိဿဂ္ဂိထိုက်၏၊
(ဆောင်) ဓိဋ္ဌာန်တင်လစ်၊ သင်္ကန်းဖြစ်သား၁၊ စင်စစ်ကထိန် ခင်းမကြိမ်တည်း၂၊ နာချိန်သမ္မုတိ မရရှိဘဲ၁၊ ခြောက်ညဉ့်အရုဏ် ကင်းနေတုံဟု၄၊ ကြောင်း စုံ လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ သာသင်္က။
ပရိဏတသိက္ခာပုဒ်
သံဃာ၌ ညွှတ်စေအပ်ပြီးဟု သိသော သံဃိကလာဘ်ကို မိမိသို့ ညွှတ်စေလျှင် နိဿဂ္ဂိပါစိတ်သင့်၏၊ သံဃဿ သန္တကော သံဃိကော =သံဃာ၏ ဥစ္စာဖြစ်သော သင်္ကန်းစသော ပစ္စည်းလေးပါးတည်း။အယုတ်ဆုံးအားဖြင့် ဒန်ပူ မိစ္ဆာ ချည်မျှင်စသော ပစ္စည်းများတည်း။ လဘိတဗ္ဗောတိ လာဘော =ရအပ်ရထိုက်သော သင်္ကန်းစသော လာဘ်တည်း။ထိုပစ္စည်းမျိုးကို မည်သည့် ကျောင်းတိုက် သံဃာအား လှူမည်, သံဃာအတွက် ဆောက်လုပ်မည် စသည်ဖြင့် အလှူရှင်က နှုတ်မြွက်ပြောဖူးလျှင် သို့မဟုတ် လက်ရိပ်ဖြင့် ပြဖူးလျှင် ပရိဏတမည်၏၊ ထိုသို့ နှုတ်မြွက် ပြောဆိုဖူးသည်မှစ၍ သံဃာလက်သို့ မရောက်သေးသော်လည်း သံဃိကဟု ဆိုရတော့သည်။
အတ္တနော ပရိဏာမေယျ - “ဤသင်္ကန်းစသော ဝတ္ထုကို ငါ့အား လှူကြကုန်လော့” စသည်ဖြင့် ပြောဆိုခြင်းကို ဆိုသည်။ အထူးကား သံဃာအား လှူထားပြီးသော ဝတ္ထုကိုကား ယူခြင်းငှာ မအပ်၊ သံဃာအားသာ ပြန်ပေးအပ်၏၊ ပြန်မပေးက ဘဏ္ဍာစားထိုက်၏ဟု သိ။
သံဃာအား မလှူရသေး ညွှတ်ရုံညွှတ်ပြီးသော လာဘ်ကို သီတင်းသုံးဖော်ငါးယောက်တို့၏ ဥစ္စာဖြစ်စေ, လူတို့၏ ဥစ္စာပင်ဖြစ်စေ, အယုတ်ဆုံး မိခင်၏ ဥစ္စာပင်ဖြစ်စေ မိမိသို့ ညွှတ်စေအံ့, ပယောဂတိုင်း ဒုက္ကဋ်၊ ရသော် နိဿဂ္ဂိထိုက်၏၊
ညွှတ်ခြင်း (၉) မျိုး
ဤမည်သော သံဃာအား ညွှတ်ထားသော ဝတ္ထုကို အခြားတစ်ပါးသော သံဃာအား, စေတီအား, ပုဂ္ဂိုလ်အား ညွှတ်စေခြင်းဟု (၃)မျိုး၊ ဤမည်သော စေတီအား ညွှတ်ထားသော ဝတ္ထုကို တခြားတစ်ပါးသော စေတီ, သံဃာ, ပုဂ္ဂိုလ်အား ညွှတ်စေခြင်းဟု (၃)မျိုး၊ ဤမည်သော ပုဂ္ဂိုလ်အား ညွှတ်ထား သော ဝတ္ထုကို တခြားတစ်ပါးသော ပုဂ္ဂိုလ်, သံဃာ, စေတီအား ညွှတ်စေခြင်း (၃)မျိုးဟု ပေါင်း (၉)မျိုး ပြား၏၊ ထိုတွင် သံဃာအား ရည်၍ ညွှတ်ထားသည်ကို မိမိအား ညွှတ်စေအံ့ နိဿဂ္ဂိပါစိတ်၊ ပုဂ္ဂိုလ်အား ညွှတ်စေအံ့ သုဒ္ဓပါစိတ် (သိက္ခာပုဒ် သီးခြားရှိသည်)၊ ကြွင်းရှစ်ပါး ညွှတ်စေရာ၌ ဒုက္ကဋ်၊ လှူသူနှင့် ခံယူသူ အပြစ်မရှိ၊ ခိုင်းသူသာ အပြစ်ရှိသည်။ မည်သည့်နေရာ၌ လှူသင့်ပါသနည်းဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်း၏၊
(ဆောင်) စေတီ, သံဃာ, ပုဂ္ဂလာ၊ ဤမှာ လှူမည်ညွှတ်။
ညွှတ်ရာမှာ ခြား၊ လှူခိုင်းငြား၊ ကိုးပါး ပြားဟုမှတ်။
သံဃာညွှတ်ထား မိမိအား၊ ညွှတ်ငြား နိဿဂ္ဂတ်။
တစ်ပါးပုဂ္ဂလ ညွှတ်စေက၊ သုဒ္ဓပါစိတ်မှတ်။
အကြွင်း ရှစ်ပါး၊ ဒုက္ကဋ်ကြား၊ ခွဲခြား သိစေအပ်။
လှူသူခံသူ၊ ပြစ်မမူ၊ ခိုင်းသူ အပြစ်ကပ်။