3337ဝိနည်းပဒေသာသင်တန်းအဓိကရဏသမထ (၇)ပါးဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

အဓိကရဏသမထ (၇) ပါး

ဖြစ်ကုန်ဖြစ်ကုန်ပြီးသော လေးပါးသော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှာ, အထူးသဖြင့် ငြိမ်းစေခြင်းငှာ, (ဝါ) ငြိမ်ဝပ်ပိပြားခြင်းငှာ, သမ္မုခါဝိနယသမထကို ပေးထိုက်၏၊ သတိဝိနယသမထကို ပေးထိုက်၏၊ အမူဠှဝိနယသမထကို ပေးထိုက်၏၊ ဝန်ခံခြင်းဖြင့် ပြုစေထိုက်၏၊ (ဝါ) ဆုံးဖြတ်ထိုက်၏၊ ယေဘုယျသိကာသမထကို ပေးထိုက်၏၊ တဿပါပိယသိကသမထကို ပေးထိုက်၏၊ တိဏဝတ္ထာရကသမထကို ပေးထိုက်၏၊ ဤခုနစ်ပါးသော သမထ တို့ကို ပေးထိုက်ကုန်၏၊

အဓိကရဏ

အဓိကရီယန္တိ ဧတ္ထာတိ အဓိကရဏာနိ၊ သမထတည်နေရာဖြစ်သော အဓိကရုဏ်းလေးပါးတို့ကို ရ၏၊ အဓိကရုဏ်းသည် သံဃာ၌ ဖြစ်ပေါ်လာ သော် သမထဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းရသည်။ ထို့ကြောင့် အဓိကရုဏ်း လေးပါးတို့သည် သမထတို့၏ တည်နေရာဟု ဆိုသည်။အဓိကရုဏ်း လေးပါးတို့ ဖြစ်ပေါ်လာသော် ဤသမထခုနစ်ပါးတို့ဖြင့် ငြိမ်းစေရမည် ဟူ၏၊

၁။ သမ္မုခါဝိနယသမထ

မျက်မှောက်၌ အဓိကရုဏ်းငြိမ်းကြောင်းတရားကို သမ္မုခါဝိနယသမထဟုခေါ်သည်။ ထို သမ္မုခသည် သံဃသမ္မုခ, ဓမ္မသမ္မုခ, ဝိနယသမ္မုခ, ပုဂ္ဂလသမ္မုခဟု လေးမျိုး ရှိ၏၊

၁။ အဓိကရုဏ်းငြိမ်းအေးရန် ကာရကသံဃာ၏ မျက်မှောက်ဖြစ်ခြင်းသည် သံဃသမ္မုခတာ မည်၏၊
၂။ ငြိမ်းစေအပ်သော ဝတ္ထုအမှု၏ လမ်းမှန်အတိုင်းကျခြင်း ဓမ္မမျက်မှောက်ဖြစ်ခြင်းသည် ဓမ္မသမ္မုခတာ မည်၏၊
၃။ အဓိကရုဏ်း၏ ဝိနည်းလမ်းမှန်အတိုင်း ကျခြင်း ဝိနည်းမျက်မှောက် ဖြစ်ခြင်းသည် ဝိနယသမ္မုခတာ မည်၏၊
၄။ ငြင်းခုံနေကြသော နှစ်ဘက်ပုဂ္ဂိုလ်၏ ရှေ့၌ ငြိမ်းစေခြင်းသည် ပုဂ္ဂိုလ်မျက်မှောက်ဖြစ်ခြင်း ပုဂ္ဂလသမ္မုခတာ မည်၏၊

(မှတ်ချက်) သံဃာ မစည်းဝေးဘဲ ပဓာနပုဂ္ဂိုလ်များသာ စုဝေး၍ ဥဗ္ဘာဟိကဝိနိစ္ဆယဖြင့် ငြိမ်းစေရာ၌ သံဃသမ္မုခတာ မရကောင်း၊ ကြွင်း သုံးပါး ရကောင်း၏၊ ဤသမ္မုခဝိနယသမထသည် အခြားအဓိကရုဏ်းများကို ငြိမ်းစေရာ၌လည်း ထိုက်သင့်သလို ပါဝင်နိုင်၏၊

(ဆောင်) သံဃ ဓမ္မ၊ ဝိနယနှင့်၊ ပုဂ္ဂလရှေးရှု၊ ငြိမ်းစေမှု၊ လေးခု သမ္မုခေါ်။

(မေဒိနီ၊၄၇၇။)

၂။ သတိဝိနယသမထ

သတိဝေပုလ္လပ္ပတ္တဿ ဒါတဗ္ဗော ဝိနယော သတိဝိနယော၊ သတိ ပြန့်ပြောသူ၏အဖြစ်သို့ ရောက်သော ရဟန္တာအား ပေးထိုက်သော ဝိနည်းတည်း။ ရဟန္တာပုဂ္ဂိုလ်မှာ သတိတရား များပြား ပြန့်ပြောလျက် ရှိ၏၊ ထို သတိ များပြားသော ရဟန္တာအားပေးထိုက်သော ဝိနည်းသည် သတိဝိနယ မည်၏၊

ရဟန္တာပုဂ္ဂိုလ်ကို တစ်စုံတစ်ယောက်က သီလဝိပတ္တိဖြင့် စွပ်စွဲလာလျှင် စစ်ဆေးမေးမြန်းပြီးနောက် အပြစ်ကင်းမှန်း ထင်ရှားသဖြင့် နောင်အခါ မစွပ်စွဲနိုင်ဖို့ရာ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဤသတိဝိနယသမထကို သံဃာက ပေးရလေသည်။ ထို သတိဝိနယကို ပေးပြီးနောက် စွပ်စွဲသော်လည်း အထမမြောက်ချေ။ စစ်ဆေးမေးမြန်းနေဖွယ် မလို၊ အားလုံး စွပ်စွဲမှုဟူသော အနုဝါဒါ “ဓိကရုဏ်းများ အလိုအလျောက် ငြိမ်းပျောက်တော့သည်။ ဤသို့ အနုဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် သတိဝိနယသမထဟု ခေါ်သည်။

(ဆောင်) သတိလျှမ်းဖြာ၊ ရဟန္တာအား၊ ရမ်းကာ တင်လျှင်း၊ စွပ်စွဲကင်းဖို့၊ ထင်လင်းပေးရ သမထ၊ ဝိနယ သတိခေါ်။ (ဘာသာဋီကာ၊၄၀၁။)

၃။ အမုဠဝိနယသမထ

အမူဠှဘာဝံ = မတွေဝေသူ၏ အဖြစ်သို့။ ဥပဂတဿ = ကပ်ရောက်ခိုက်ဖြစ်သော ရဟန်းရူးအား။ ဒါတဗ္ဗော = ပေးအပ်သော။ ဝိနယော = ဝိနည်းသည်။ အမူဠှဝိနယော = အမူဠှဝိနယ မည်၏၊

ရဟန်းတစ်ပါးသည် တွေဝေရူးသွပ်သဖြင့် မူဠှ ဖြစ်နေ၏၊ ထိုမူဠှဖြစ်နေခိုက်ဝယ် အပြစ်များကို ကျူးလွန်လေရာ သတိရသောအခါ အခြားရဟန်းတို့က အာပတ်ဖြင့် စွပ်စွဲကြလေသော် ထိုရဟန်းရူးက “တပည့်တော် စိတ် ဖောက်ပြန် (မေ့လျော့နေ)သဖြင့် ဘာကို ပြုမိမှန်း မသိပါ”ဟု လျှောက်ထားသော်လည်း စွပ်စွဲမြဲ စွပ်စွဲနေအံ့၊ ထိုရဟန်းအား ထိုစွပ်စွဲမှုများ ငြိမ်းစေဖို့ရာ မတွေဝေသည့်အခါ (မရူးသည့်အခါဝယ်) ဉတ္တိစတုတ္ထကမ္မဝါဖြင့် အမူဠှဝိနယကို ပေးရသည်။ ထိုသို့ ပေးပြီးနောက် စိတ်ဖောက်ပြန်၍ ပြုမိသမျှကိစ္စတို့၌ စွပ်စွဲသော်လည်း အထမမြောက်တော့ချေ။ ဤသို့လျှင် အမူဠှဝိနည်းသည် အနုဝါဒါဓိကရုဏ်းတစ်မျိုးကို ငြိမ်းစေနိုင်သောကြောင့် သမထအမည်ရလေသည်။

(ဆောင်) တွေဝေမေ့မူး၊ အမှန်ရူးသဖြင့်၊ လွန်ကျူးမိလျှင်း၊ စွပ်စွဲခြင်းကို၊ လွတ်ကင်းစေငှာ၊ မတွေဝေခါဝယ်၊ ကောင်းစွာပေးရ၊ သမထ၊ အမူဠှဝိနယခေါ်။ (ဘာသာဋီကာ၊၄၀၁။)

၄။ ပဋိညာတကရဏသမထ

ဝန်ခံသည့်အားလျော်စွာ ဆုံးဖြတ်ခြင်းကို ပဋိညာတကရဏ ခေါ်သည်။ ရဟန်းတစ်ပါးသည် အာပတ်သင့်၍ အာပတ္တာဓိကရုဏ်းရှိနေရာ ထို အာပတ္တာဓိကရုဏ်း ငြိမ်းရန် (ဝါ) အာပတ်ကုစားရန် တစ်ပါးသော သံဃာထံဖြစ်စေ, ဂိုဏ်းထံဖြစ်စေ, ပုဂ္ဂိုလ်ထံဖြစ်စေ၊ တပည့်တော် ဤမည်သော အာပတ်သို့ ရောက်နေပါသည်ဟု ဒေသနာ ပြောကြားရမည်။ (အဓိပ္ပာယ်ပေါ်အောင် သာ မြန်မာလိုရေးသည်၊ ဆိုသောအခါ ပါဠိလို ဆို၍ ဒေသနာကြားရ၏) ဒေသနာခံသော ရဟန်းက “ထိုအာပတ်ကို သင်ရှုလော့”ဟု ပြန်ပြောရသည်။ ထိုနောက် ဒေသနာပြောသူက “မှန်ပါ တပည့်တော် ရှုပါသည်ဘုရား”ဟု ဝန်ခံလျှင် ဒေသနာခံသော ရဟန်းက “နောင်အခါ စောင့်ရှောက်လော”ဟု ပြန်ပြော (ဆုံးဖြတ်)ရသည်။ ဤသို့ ဝန်ခံသောအတိုင်း ဆုံးဖြတ်လိုက်သော် ထိုအာပတ်သင့်နေသော ရဟန်း၏ အာပတ္တာဓိကရုဏ်း ငြိမ်းသွားရကား နောင်အခါ စောင့်ရှောက်လော့ဟူသော အာယတိံ သံဝရေယျာသိဟူသော စကားသည်ပင် ဝန်ခံတိုင်းပြုရသော ပဋိညာတကရဏဟူ၏၊

သံဃာဒိသေသ်အာပတ်၌ ပရိဝါသ်စသည်ကို တောင်းခြင်းသည် သံဃာဒိသေသ်အာပတ် ရှိကြောင်း ဝန်ခံရာ ရောက်သောကြောင့် ပဋိညာတမည်၏၊ သံဃာက ပရိဝါသ်စသည်ကိုပေးခြင်းသည် ဝန်ခံတိုင်းပြုခြင်းကြောင့် ပဋိညာတကရဏ မည်၏ဟု သိ။

(ဆောင်) အာပတ္တာဓိကရဏ၊ ဖြစ်ပေါ်ကမူ၊ အာမ ပဿာမိ၊ ဝန်ခံဘိသော်၊ အာယတိံ သံဝရေ၊ ဆုံးဖြတ်ပေ၊ ခေါ်လေ ပဋိညာတကရဏ။

(ဘာသာဋီကာ၊၄၀၂။)

၅။ ယေဘုယျသိကာသမထ

စည်းဝေးသောပရိသတ် ဓမ္မဝါဒီများရာသို့ လိုက်၍ ပြုအပ်သော ကြိယာ (ကံ)ကို ယေဘုယျသိက ခေါ်သည်။ တစ်နည်း စည်းဝေးသော ပရိသတ် ဓမ္မဝါဒီများသည့်အဖြစ်ကို မှီ၍ ငြိမ်းခြင်းကြိယာ (ကံ)ကို ယေဘုယျသိက ခေါ်သည်။

ဝိဝါဒါဓိကရုဏ်းဖြစ်၍ သံဃာကွဲပြားနေသောအခါ သမ္မုခဝိနယသမထချည်းသက်သက်ဖြင့် ငြှိမ်း၍မရလျှင် သံဃာစည်းဝေး၍ မဲဆန္ဒယူသော ရဟန်းတစ်ပါးကို သမုတ်ရသည်။ ထို့နောက် သမ္မုတိရသော ရဟန်းက စည်းဝေးသော ပရိသတ်၌ ဓမ္မဝါဒီမဲဆန္ဒ, အဓမ္မဝါဒီမဲဆန္ဒတို့ကို ယူစေရမည်။ ထိုအခါ ဓမ္မဝါဒီမဲဆန္ဒများနေလျှင် ဓမ္မဝါဒီများရာလိုက်၍ ဆုံးဖြတ်ရသည်။ အကယ်၍ အဓမ္မဝါဒီ များနေပုံပေါ်လျှင် ရက်ရွှေ့ဆိုင်းထား၍ ဓမ္မဝါဒီများအောင် စုဆောင်းထားပြီးမှ ဓမ္မဝါဒီအဆိုအတိုင်း ဆုံးဖြတ်ရသည်။ ဤသို့ ဓမ္မဝါဒီများရာ လိုက်၍ပြုအပ်သော ငြိမ်းခြင်းကြိယာကို ယေဘုယျသိကာသမယ ခေါ်သည်ဟူ၏၊

(ဆောင်) ဓမ္မဝါဒီ၊ များသည်ကို လိုက်၊ ပြုထိုက်ကြိယာ၊ ယင်းကိုသာ၊ ယေဘုယျာဟု ခေါ်။ (မေဒိနီ၊၄၇၈။)

၆။ တဿ ပါပိယသိကသမထ

ထို အထူးယုတ်မာသော ရဟန်းအား ပြုအပ်သော ကြိယာ(ကံ)ကို တဿ ပါပိယသိကဟု ခေါ်သည်။

ရဟန်းတစ်ပါးကို ပါရာဇိကဖြင့်ဖြစ်စေ ပါရာဇိက၏ အနီးဖြစ်သော ထုလ္လစ္စဉ်း, ဒုက္ကဋ်ဖြင့်ဖြစ်စေ မေးစိစစ်လတ်သော် အဆုံးအဖြတ် မခံလို၊ တောင်ပြော မြောက်ပြော ထိုထိုဤဤ အလီလီ ပြောဆိုနေသော ယုတ်မာသော အကျင့်ရှိသော ဥပဝါဠကဲ့သို့သော ရဟန်းအား အကယ်၍ ပါရာဇိက မကျသေးအံ့၊ ဆိုင်ရာ ကျင့်ဝတ်ကို ကျင့်၍ သံဃာထံသို့ သွင်းခြင်းကို ရလတ္တံ့ဟု မှတ်၍, ပါရာဇိကကျသူ ဖြစ်အံ့၊ ကိုယ်တိုင်ဖျက်ဆီးလတ္တံ့ဟု မှတ်၍ သံဃာသည် ဉတ္တိစတုတ္ထကံဖြင့် ပြုအပ်သော ကံမျိုးကို တဿပါပိယသိက သမထဟု ခေါ်သည်။

(ဆောင်) ယုတ်မာ ရဟန်းဖျင်း၊ အာပတ် ကင်းရန်၊ ပြုသည့်ကံပင်၊ မည်တွင် တဿ ပါပိယ၊ သိက ဟူ၍ခေါ်။

၇။ တိဏဝတ္ထာရကသမထ

တိဏေဟိ = မြက်တို့ဖြင့်။ အဝတ္ထရီယတေ = ဖုံးအုပ်ထားအပ်၏၊ ဣတိ = ထို့ကြောင့်။ တိဏဝတ္ထာရော = တိဏဝတ္ထာရ မည်၏၊ ကျင်ကြီး, ကျင်ငယ်ကို ရ၏၊ တိဏဝတ္ထာရော ဝိယ တိဏဝတ္ထာရကော = မြက်ဖြင့် ဖုံးထားအပ်သော ကျင်ကြီး, ကျင်ငယ်နှင့် တူ၏၊ ဣတိ = ထို့ကြောင့်။ တိဏဝတ္ထာရကော = တိဏဝတ္ထာရက မည်၏၊ ဝိဝါဒါဓိကရုဏ်းရ၏၊

သံဃာ နှစ်ဘက်ကွဲ၍ ဝိဝါဒါဓိကရုဏ်း ဖြစ်နေရာ၌ နှစ်ဖက်လုံးမှာလည်း အာပတ်သင့်လျက် ရှိကြလေသည်။ ထိုနောက် လဇ္ဇီသဘော သက်ရောက် (စိတ်ကောင်းရ)ကြသဖြင့် ထိုအာပတ်များကို ကုစားစေလိုသည့်အခါ တစ်ဘက် အပြစ်ကို အခြားတစ်ဘက်က ဖော်ပြနေလျှင် သာ၍ မခံနိုင်ဖွယ်ရာ ရှိသောကြောင့် ဆွလေ, နံလေဖြစ်သော ကျင်ကြီး, ကျင်ငယ်ကို မြက်ဖြင့် တစ်ခါတည်း ဖုံးအုပ်လိုက်သကဲ့သို့ တိဏဝတ္ထာရကခေါ်သော ကံတစ်မျိုးဖြင့် အာပတ်တွေကို ဖုံးအုပ်လိုက်ရလေသည်။

ထိုကံကြောင့် အင်မတန် ကြီးလေးသော ပါရာဇိက, သံဃာဒိသေသ် အာပတ်နှင့် ဂီဟိပဋိသံယုတ္တ (လူနှင့်စပ်သော လူကို ဆဲရေးမှု) အာပတ်များမှတစ်ပါး အခြားအာပတ်အားလုံးပင် ပြေပျောက်လေတော့၏၊ ဤသို့လျှင် တိဏဝတ္ထာရကကံသည် နှစ်ဘက်သော အာပတ်နှင့် ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် သမထတစ်မျိုး ဖြစ်ရလေသည်။ (ဆိုင်ရာ ကံပြုပုံများကို သမထခန္ဓကပါဠိတော်သို့ ရှု။)

(ဆောင်) ကျင်ငယ်ဘင်ပုပ်၊ မြက်ဖြင့် အုပ်သို့၊ ဆိုးယုတ်များဘိ၊ အာပတ္တိက၊ ဝိဝါဒကို၊ မကြွစေရ၊ သမထ၊ တိဏဝတ္ထာရကခေါ်။

ကိစ္စာဓိကရုဏ်းနှင့် သမ္မုခါဝိနယသမထ

သမထ ခုနစ်ပါးကို ပြခဲ့ရာ၌ ကိစ္စာဓိကရုဏ်းကို မည်သည့်သမထဖြင့် ငြိမ်းစေရမည်ဟု မသိသာသေး၊ သို့ဖြစ်၍ ကိစ္စာဓိကရုဏ်းကို မည်သည့်သမထဖြင့် ငြိမ်းစေရပါမည်နည်းဟု စဉ်းစားလိုကြပေလိမ့်မည်။

ကိစ္စဟူသည် အပလောကနကံစသော သံဃာ့ကံလေးပါးတို့တည်း။ ကိစ္စကြုံလာသည့်အခါ ဆိုင်ရာပုဂ္ဂိုလ်, သံဃာတို့ စည်းဝေး၍ သံဃာမျက်မှောက်မှာပင် ထိုကိစ္စကို ပြီးစေရ, ငြိမ်းစေရသောကြောင့် ကိစ္စာဓိကရုဏ်းကို ငြိမ်းစေသောသမထမှာ သမ္မုခါသမထတစ်ပါးသာ ဖြစ်သည်။

ဥပမာ သိမ်သမုတ်ကိစ္စ, ကထိနဒါနကိစ္စ (ဉတ္တိဒုတိယကံ) ကြုံလာလျှင် အနည်းဆုံး သံဃာလေးပါး စည်းဝေး၍ သံဃာမျက်မှောက်၌ ဉတ်ကမ္မဝါစာဖတ်၍ ပြီးစေရ, ငြိမ်းစေရသည်။ ဤသို့ စသည်ဖြင့် သိလေ။

အဓိကရုဏ်းလေးပါးနှင့် သမထခုနစ်ပါး တွဲပုံ

၁။ ဝိဝါဒါဓိကရုဏ်းကို သမ္မုခါဝိနယသမထနှင့် ယေဘုယျသိကာသမထ သမထနှစ်ပါးတို့ဖြင့် ငြှိမ်းရသည်။
၂။ အနုဝါဒါဓိကရုဏ်းကို သမ္မုခါဝိနယသမထ, သတိဝိနယသမထ, အမူဠှဝိနယသမထ, တဿပါပိယသိကသမထဟူသော သမထလေးပါးတို့ဖြင့် ငြှိမ်းရသည်။
၃။ အာပတ္တာဓိကရုဏ်းကို သမ္မုခါဝိနယသမထ, ပဋိညာတကရဏသမထ, တိဏဝတ္ထာရကသမထ သမထသုံးပါးတို့ဖြင့် ငြှိမ်းရသည်။
၄။ ကိစ္စာဓိကရုဏ်းကို သမ္မုခါဝိနယဟူသော သမထတစ်ပါးဖြင့်သာ ငြှိမ်းရသည်ဟု သိပါ။

(ဆောင်) မုခါယေဘု၊ ဝိနည်းပြု၊ ငြိမ်းမှု ဝိဝါဒါ။
မုခါ သတိ၊ မူဠှ ပါပိ၊ ငြိမ်းဘိ နုဝါဒါ။
မုခါ ဋိညာဉ်၊ တိဏယှဉ်၊ ငြိမ်းစဉ် အာပတ္တာ။
မုခါဖြင့်ချည်း၊ ကိစ္စပြီး၊ ငြိမ်းနည်း ဤသို့လာ။

(ပါတိမောက္ခမေဒိနီ၊၄၈၀။)