ဝိနည်းဥပဒေတော်ကြီး/ကုလဒူသနအာပတ်
၂၃။ ကုလဒူသနအာပတ်
ဒါယကာတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းငှာ မိမိဥစ္စာဖြစ်သော ပန်းကို လည်းကောင်း၊ သစ်သီးကိုလည်းကောင်း၊ ဝါးကိုလည်းကောင်း၊ ကသယ်မှုန့်ကို လည်းကောင်း၊ တံပူကိုလည်းကောင်း၊ မြေညက်ကိုလည်းကောင်း၊ ပေးသော ရဟန်းအား ကုလဒူသနဒုက္ကဋ်အာပတ် သင့်၏၊ သံဃာ၏ ဥစ္စာဖြစ်သော ပန်း စသော ဂရုဘဏ်ကို အစိုးရသဖြင့် ပေးသောရဟန်းအား ကုလဒူသနဒုက္ကဋ် နှင့်တကွ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သံဃာ၏ ဥစ္စာဖြစ်သော ပန်းစသည်ကို ခိုးလိုသော စိတ်ဖြင့်ပေးသော ရဟန်းအား ပစ္စည်းတန်ဖိုးအလိုက် ကုလဒူသန ဒုက္ကဋ်နှင့်တကွ ဒုက္ကဋ်, ထုလ္လစ္စဉ်း, ပါရာဇိကအာပတ်အထိ သင့်နိုင်၏၊
ဤ၌ ဟပ်မိနေ၍ ပါရာဇိကဏ်ဘာသာဋီကာ၊ စတုတ္ထအုပ်၊ ကုလဒူသက သိက္ခာပုဒ်၌လာသော အောက်ပါ စာပိုဒ် (၂)ပိုဒ်တို့ကို ဖော်ပြပါအံ့။
သေနာသနတ္ထာယ။ ပ။ ထုလ္လစ္စယံ။ ကျောင်း၌ဖြစ်သော ပန်းတို့ကို ကပ္ပိယ စသူတို့က ရောင်း၍ ထိုမှ ရအပ်သော ငွေဖြင့် ကပ္ပိယ စသူတို့သည် ပြင်၍ပေးလျှင် ထိုပန်းသည် ကျောင်း၌ အကျိုးရှိ၏၊ ထိုသို့ သေနာသန အကျိုးငှာ သတ်မှတ်အပ်သော ပန်းကို မိမိက ပိုင်စိုးပိုင်နင်း သဘောထား၍ လူတို့အား ပေးလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သံဃိကကို ကိုယ်ပိုင်သဘော ထား၍ ပေးသောကြောင့် ဘဏ္ဍာစားလည်း ထိုက်၏၊ [ထုလ္လစ္စယန္တိ ဧတ္ထ ဘဏ္ဍာဒေယျံပိ ဟောတိ ဧဝ — ဝိမတိ၊]
မှတ်ချက်။ ။ ယခုခေတ် ကျောင်းထိုင်ဘုန်းကြီး အချို့သည် သံဃိက ကျောင်းကို မိမိအုပ်ချုပ်ရသောအခါ ထိုကျောင်း၌ ဖြစ်သမျှ ရသမျှကို မိမိပိုင် သည်ဟု ယူဆ၍ သစ်သီး စသည်ကို မိမိပိုင်အနေအားဖြင့် သုံးစွဲလည်း သုံးစွဲကြ, လူတို့အားလည်း ပေးတတ်ကြ၏၊ ထိုကဲ့သို့ မပြုကောင်းကြောင်းကို သတိပြု သင့်ကြပေသည်။ [ပါရာဇိကဏ်ဘာသာဋီကာ။]
မိဘတို့အား သူတစ်ပါးကို ဆောင်စေ၍လည်းကောင်း, မိမိကိုယ်တိုင် ဆောင်၍လည်းကောင်း ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မိမိဥစ္စာဖြစ်သော ပန်းတို့ကို ပေးကောင်း၏၊ ခေါ်, မခေါ်ဘဲ ရောက်လာကုန်သော မိဘတို့မှ ကြွင်း သော ဆွေမျိုးတို့အားလည်း ရတနာသုံးပါးကို ပူဇော်ခြင်းငှာ ပေးကောင်း၏၊ သို့ရာတွင် တန်ဆာဆင်ခြင်းငှာလည်းကောင်း, ဗိဿနိုးနတ် စသည်ကို ပူဇော်ခြင်းငှာလည်းကောင်း မိဘတို့အားလည်း မပေးအပ်။
မိမိဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း၊ အကျွမ်းဝင်သည့် သူတစ်ပါး ၏ ဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း၊ ပန်းကဲ့သို့ပင် ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မိဘတို့နှင့် ရောက်လာကုန်သော ဆွေမျိုးတို့အား ပေးကောင်း၏၊ (တစ်နည်း) မိဘတို့နှင့် ရောက်လာကုန်သော ဆွေမျိုးတို့အားလည်းကောင်း၊ သူနာတို့အားလည်းကောင်း၊ ရောက်လာသော မင်းအားလည်းကောင်း၊ ရိက္ခာ ကုန်သော ဧည့်သည်တို့အားလည်းကောင်း သုံးဆောင်ခြင်းငှာ ပစ္စည်းကို မတောင့်တဘဲ ပေးအပ်၏၊
သစ်သီး, ပန်းတို့ကို ဝေခြမ်းစဉ် ရောက်လာသော တစ်စုံတစ်ယောက်သော သူအား သမ္မုတိရထားသော ရဟန်းသည် လေးဖို့တစ်ဖို့ကို ပေးအပ်၏၊ သမ္မုတိ မရထားသောရဟန်း, သာမဏေတို့ကား သံဃာကို ပန်ကြား၍ ပေးအပ်၏၊
သံဃာ့အရံ၌လည်း သစ်သီးအပိုင်းအခြားဖြင့်သော်လည်းကောင်း၊ သစ်ပင် အပိုင်းအခြားအားဖြင့်သော်လည်းကောင်း ကတိကဝတ်ကို ပြုအပ်၏၊ ထို ကတိကဝတ်ပြုသော သစ်ပင်မှ နာသော လူတို့အားလည်းကောင်း၊ သစ်သီးကို တောင်းကုန်သော တစ်ပါးသော လူတို့အားလည်းကောင်း၊ ကတိကဝတ် အပိုင်းအခြားတို့ဖြင့် လေးလုံး ငါးလုံးသော သစ်သီးတို့ကို ပေးအပ်ကုန်၏၊ သစ်ပင်ကို သော်လည်းကောင်း ပြအပ်ကုန်၏၊ ဤသစ်ပင်မှ ယူခြင်းငှာ ရ၏ဟု ပြအပ်၏၊ “ဤသစ်ပင်၌ သစ်သီးတို့သည် ကောင်းကုန်၏၊ ဤသစ်ပင်မှ ယူလေကုန်လော့” ဤသို့ကား မဆိုအပ်၊ ဆိုလျှင် ကုလသင်္ဂဟကို ပြုသည်မည်၏၊
ပစ္စည်းကို တောင့်တသည်မူလည်း ဖြစ်စေ၊ မတောင့်တသည်မူလည်း ဖြစ်စေ သက်သက် ဒါယကာတို့အား သုံးဆောင်စေခြင်းငှာ မပေးအပ်။ (အနနုညာတပုဂ္ဂလာနံ ပန = ခွင့်မပြုအပ်သော ပုဂ္ဂိုလ်တို့အားကား။ အပစ္စာသိသန္တေနာပိ = ပစ္စည်းကို မတောင့်တဘဲလည်း။ ဒါတုံ = ပေးခြင်းငှာ။ န ဝဋ္ဋတိ = မအပ်။ သံဃိကမေဝ = သံဃိကဥစ္စာကိုသာလျှင်။ ယထာ ကတိကာယ = သံဃာပြုတိုင်းသော ကတိကဝတ်ဖြင့်သာလျှင်။ ဒါပေတဗ္ဗံ = ပေးစေအပ်၏ဟု ဝိနယာလင်္ကာရဋီကာ၌ ဆို၏၊) ဤအရာ၌ အချို့ကုန်သော ရဟန်းတို့ကား ခွင့်မပြုအပ်သော ဒါယကာတို့အား ပစ္စည်းကို မတောင့်တမူ၍ ကုသိုလ်ဖြစ် စေခြင်းအကျိုးငှာ ပေးအပ်၏ဟု အယူရှိကုန်၏၊ ဥပုသ်နေ့ စသည်တို့၌ များစွာ ကျွေးမွေးပေးကမ်းခြင်းကို ပြုကုန်သော သူတို့၏အယူကို အနနုညာတပုဂ္ဂလာနံ ပန အပစ္စာသိသန္တေနာပိ ဒါတုံ န ဝဋ္ဋတိ --ဟူသော ဋီကာပါဌ်ဖြင့် ပယ်အပ်၏ဟု ပါတိမောက္ခဝိနိစ္ဆယကျမ်းတို့၌ ဆို၏၊ [ဤ ပါဌ်၏ အနက်ကို အထက်၌ ဖေါ်ပြပြီးပြီ။] ဒါယကာတို့အား သုံးဆောင်စေခြင်းငှာ တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းတို့ကို ပေး၍ ချီးမြှောက်ထောက်ပံ့ခြင်းသည် ကုလသင်္ဂဟကို ပြုသည် မည်၏-ဟု ဝိနယာလင်္ကာရဋီကာဆရာဆိုသည်ဟူ၍ ထိုပါတိမောက္ခဝိနိစ္ဆယကျမ်းတို့၌ ဖော်ပြထား၏၊
ဝိနိစ္ဆယဋီကာ၌ — “သဒ္ဓါသမ္ပန္နကုလာနိ လာဘံ နိဿာယ ပုပ္ဖဖလာဒီဟိ သင်္ဂဏှိတွာ တထာ အကရောန္တေသု လဇ္ဇီဘိက္ခူသု ကုလာနံ သဒ္ဓါဒူသနတ္တာ ကုလဒူသကော ဘိက္ခု”ဟု မိန့်၏၊
သဒ္ဓါသမ္ပန္နကုလာနိ = သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးတို့ကို။ ပုပ္ဖဖလာဒီဟိ = ပန်း သစ်သီးစသော ဝတ္ထုတို့ဖြင့်။ သင်္ဂဏှိတွာ = သင်္ဂြိုဟ်ထောက်ပံ့၍။ လာဘံ = လာဘ်ကို။ နိဿာယ = အမှီပြု၍။ တထာ = ထို ပန်း သစ်သီးစသော ဝတ္ထုဖြင့်။ အကရောန္တေသု = ချီးမြှောက်ခြင်းကို မပြုကုန်သော။ လဇ္ဇီဘိက္ခူသု = လဇ္ဇီရဟန်းတို့၌။ ကုလာနံ = ဒါယကာတို့၏၊ သဒ္ဓါဒူသနတ္တာ = သဒ္ဓါ ကြည်ညို ခြင်းကို ဖျက်ဆီးတတ်သောကြောင့်။ ဘိက္ခု = ရဟန်းသည်။ ကုလဒူသကော = ကုလဒူသက မည်၏၊
ကုလဒူသန အနေသနတို့ကို ပြုကျင့်ကုန်သော ရဟန်းတို့သည် အလဇ္ဇီ မည်ကုန်၏၊
ထို့ကြောင့် စူဠဂဏ္ဌိ၌ — “ကထံ အလဇ္ဇီပုဂ္ဂလာ နာမ ဘိက္ခူပိ စေ ဒုဿီလပုဂ္ဂလာ ဝါ ကုလဒူသကာ ဝါ ဥဒရကာရဏာ ဝိညတ္တိံ ကရောန္တာ ဝါ ပုပ္ဖဖလဒါနေန ဂိဟီနံ မာတုဝါစာယ ဝါ ပိတုဝါစာယ ဝါ ဘာတုဝါစာယ ဝါ ဘဂိနိဝါစာယ ဝါ အတ္တာနံ နီစံ ကရောန္တော ဝါ အန္တမသော အာမိသဟေတုနာ ပိဏ္ဍပါတံ ဒေန္တော ဝါ မင်္ဂလဥဒကံ မင်္ဂလသုတ္တံ ဒေန္တော ဝါ တေ ဘိက္ခူ အလဇ္ဇီပုဂ္ဂလာ နာမ ဟောန္တိ”ဟု မိန့်၏၊
ကထံ = အသို့လျှင်။ ဘိက္ခူပိ = ရဟန်းတို့သည်လည်း။ အလဇ္ဇီပုဂ္ဂလာ နာမ = အလဇ္ဇီပုဂ္ဂိုလ်မည်ကုန်သည်။ ဟောန္တိ = ဖြစ်ကုန်သနည်း။ စေ = အကယ်၍။ ဒုဿီလပုဂ္ဂလာ ဝါ = ပကတိအားဖြင့် သီလမရှိကုန်သော ပုဂ္ဂိုလ်တို့သည် လည်းကောင်း။ ကုလဒူသကာ ဝါ = ကုလဒူသကပြုသော ရဟန်းတို့သည်လည်းကောင်း။ ဥဒရကာရဏာ = ဝမ်းဟူသော အကြောင်းကြောင့်။ ဝိညတ္တိံ = ဝိညတ် ကို။ ကရောန္တာ ဝါ = ပြုကုန်သော ရဟန်းတို့သည်လည်းကောင်း။ ပုပ္ဖဖလဒါနေန = ပန်း, သစ်သီး ပေးခြင်းဟူသော အကြောင်းကြောင့်။ ဂိဟီနံ = လူတို့အား။ မာတုဝါစာယ ဝါ = ‘အမိ’ဟု သာယာသော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။ ပိတုဝါစာယ ဝါ = ‘အဘ’ဟု သာယာသော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။ ဘာတုဝါစာယ ဝါ = ‘အစ်ကို’ဟု သာယာသော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။ ဘဂိနိဝါစာယ ဝါ = နှမဟု သာယာသော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။ အတ္တာနံ = မိမိကိုယ်ကို။ နီစံ ကရောန္တော ဝါ = လူတို့အောက် နှိမ့်ချ ခြင်းကို ပြုသောရဟန်းသည်လည်းကောင်း။ အန္တမသော = ယုတ်သော အပိုင်းအခြားအားဖြင့်။ (အောက်ထစ်ဆုံးအားဖြင့်)။ အာမိသဟေတုနာ = ပစ္စည်းအာမိသဟူသောအကြောင်းကြောင့်။ ဂိဟီနံ = လူတို့အား။ ပိဏ္ဍပါတံ = ဆွမ်းကို။ ဒေန္တောဝါ = ပေးသော ရဟန်းသည်လည်းကောင်း။ မင်္ဂလဥဒကံ ဝါ = မင်္ဂလာ အကျိုးငှာ ပရိတ်ရေကိုလည်းကောင်း။ မင်္ဂလသုတ္တံ ဝါ = မင်္ဂလာအကျိုးငှာ ပရိတ်ချည်ကိုလည်းကောင်း။ ဒေန္တော ဝါ = ပေးသောရဟန်းသည်လည်း ကောင်း။ တေ ဘိက္ခူ = ထိုအလုံးစုံကုန်သော ရဟန်းတို့သည်။ အလဇ္ဇီပုဂ္ဂလာ နာမ = အလဇ္ဇီပုဂ္ဂိုလ်မည်ကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏၊
ကုလဒူသကရဟန်းတို့သည် ပန်း, သစ်သီးစသည်တို့ကို ပေးခြင်းတို့ဖြင့် နိဗ္ဗာန် စသည်တို့၏ အကြောင်းကို ပိတ်ပင်သည်၏ အစွမ်းဖြင့် မင်းမျိုး အစရှိကုန် သော လူတို့၏ လောကီ, လောကုတ္တရာ အကျိုးတို့ကို ဖျက်ဆီးတတ်သောကြောင့် ကုလဒူသကရဟန်း မည်၏၊
ထို့ကြောင့် စူဠဂဏ္ဌိ၌ — “ကုလဒူသကောတိ ဝုတ္တတ္တာ ပုပ္ဖဖလဒါနာဒီဟိ နိဗ္ဗာနာဒီနံ မဂ္ဂံ ပိဒဟနဝသေန ခတ္တိယာဒိကုလံ ဒူသေတီတိ ကုလဒူသကော” ဟု မိန့်၏၊
ကုလဒူသကောတိ = ကုလဒူသကောဟူ၍။ ဝုတ္တတ္တာ = ဟောတော်မူအပ်သည်၏အဖြစ်ကြောင့်။ ပုပ္ဖဖလဒါနာဒီဟိ = ပန်း, သစ်သီးပေးခြင်း စသည်တို့ ဖြင့်။ နိဗ္ဗာနာဒီနံ = နိဗ္ဗာန်စသည်တို့၏၊ မဂ္ဂံ = ရောက်ခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကို။ ပိဒဟနဝသေန = မဖြစ်ရအောင် ပိတ်ဆို့သည်၏ အစွမ်းဖြင့်။ ခတ္တိယာဒိကုလံ = မင်းစသော အမျိုးလေးပါးကို။ ဒူသေတိ = ဖျက်ဆီးတတ်၏၊ ဣတိ တသ္မာ = ထို့ကြောင့်။ ကုလဒူသကော = ကုလဒူသကမည်၏၊
ပန်း, သစ်သီးစသည်ကို ပေးခြင်းကြောင့် အလဇ္ဇီအဖြစ်သို့ ရောက်ကုန် သော ရဟန်းတို့အား လူတို့သည် အလှူကို ပေးကုန်၏၊ ထိုလူတို့အား ဒါန၏ အကျိုးတို့သည် မဟပ္ဖလ မဖြစ်ကုန်။
ထို့ကြောင့် စူဠဂဏ္ဌိ၌ -- “သစေ ပုပ္ဖဖလဒါနာဒိနာ အလဇ္ဇီနံ ဘိက္ခူနံ ဒါနာနိ ဒေန္တိ၊ တေသံ ဒါနာနိသံသာ န မဟပ္ဖလာ ဟောန္တိ”ဟု မိန့်၏၊။
ပုပ္ဖဖလဒါနာဒိနာ = ပန်း, သစ်သီးပေးခြင်း စသော အကြောင်းကြောင့်။ အလဇ္ဇီနံ = အလဇ္ဇီအဖြစ်သို့ ရောက်ကုန်သော။ ဘိက္ခူနံ = ရဟန်းတို့အား။ မနုဿာ = လူတို့သည်။ ဒါနာနိ = အလှူတို့ကို။ သစေ ဒေန္တိ = အကယ်၍ ပေးကုန်အံ့။ တေသံ = ထိုလူတို့အား။ ဒါနာနိသံသာ = ဒါန၏ အကျိုးတို့သည်။ မဟပ္ဖလာ = များသော အကျိုးရှိကုန်သည်။ န ဟောန္တိ = မဖြစ်ကုန်။ [ပါတိမောက္ခဝိနိစ္ဆယကျမ်း၊ ကုလဒူသကသိက္ခာပုဒ်အဖွင့်] ဤစာပိုဒ်နှင့် ဟပ်မိနေ၍ ဝိဇိတာရုံဆရာတော်ဘုရား စီရင်တော်မူသော ‘ပဒေသာ-မဟာပေတဝတ္ထုတော်ကြီး၌ လာသည့် အောက်ပါ ပါဌ်တို့နှင့်တကွ အနက်အဓိပ္ပာယ် အသီး အသီးတို့ကို ဖော်ပြပါအံ့။
အပိုဒ်-၃၂၅။ ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊ ဗီဇံ ဗဟုမ္ပိ ရောပိတံ။
န ဝိပုလံ ဖလံ ဟောတိ၊ န ပိ တောသေတိ ကဿတံ။
၃၂၆။ တထေဝ ဒါနံ ဗဟုကံ၊ ဒုဿီလေသု ပတိဋ္ဌိတံ။
န ဝိပုလံ ဖလံ ဟောတိ၊ န ပိ တောသေသိ ဒါယကံ။
မှတ်ဖွယ် အဓိပ္ပာယ်ကား ကြပ်တီးသော ကုန်းမြေတွင် ပြုပြင် စိုက်ပျိုးကြဲချ အပ်သော များလှစွာသော မျိုးစေ့သည် အောင်မြင်ထွားကြိုင်း အလိုရှိတိုင်းသော အသီးအဆံကို မရနိုင်သကဲ့သို့ စိုက်ပျိုး၍ထားသည့် လယ်သမားကိုလည်း အားအင်တက်ကာ မနှစ်သက်စေရှာသကဲ့သို့ ထို့အတူ သီလကင်းပ ဒုဿီလ ပုဂ္ဂိုလ်တို့၌ တည်ထားပြုလုပ်သော ဒါနသည်လည်း များစွာသော အကျိုးစီးပွားကို မဖြစ်စေနိုင်သည်သာမက အလှူဒါနရှင်ကိုလည်း အားအင်တက်လျက် နှစ်သက် ‘မှုကို မဖြစ်စေနိုင်ပါ။
၃၂၇။ ယထာပိ ဘဒ္ဒကေ ခေတ္တေ၊ ဗီဇံ အပ္ပမ္ပိ ရောပိတံ။
သမ္မာဓာရံ ပဝေစ္ဆန္တေ၊ ဖလံ တောသေတိ ကဿကံ။
၃၂၈။ ထေဝ သီလဝန္တေသု၊ ဂုဏဝန္တေသု တာဒိသု။
အပ္ပကမ္ပိ ကတံ ကာရံ၊ ပုညံ ဟောတိ မဟပ္ဖလံ။
မှတ်ဖွယ် အဓိပ္ပာယ်ကား ဆိုခဲ့ပြီးသော ဂါထာတို့မှ အပြန် ကောင်းမွန် သော လယ်ယာတွင် စိုက်ပျိုးအပ်သော မျိုးစေ့သည် နည်းပါးပါသော်လည်း ကြီးမားအောင်မြင်သော သစ်သီးကို သုံးစွဲရပြီးကာ နှစ်သိမ့်စွာ နေရသော လယ် ထွန်ယောကျ်ား လယ်သမားကဲ့သို့ တောက်ကြွားဖြူစင် သီလဝန်အရှင်မြတ်တို့၌ လှူဒါန်းအပ်သည့် အနည်းငယ်မျှသော ဒါနသည်လည်း ကြီးမားလှသည့် အကျိုး ဖလကို သီးချ ဖြစ်ပွားစေနိုင်ပေ၏၊
၃၂၉။ ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ၊
ဝိစေယျ ဒါနံ ဒတွာန၊ သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။
မှတ်ဖွယ်အဓိပ္ပာယ်ကား — သီလဖြူစင် ကြည်လင်တောက်ကြွား အရှင် မြတ်များ၌ လှူဒါန်းပေးကမ်းအပ်သော ကုသိုလ်အစု မြတ်ကောင်းမှုဟူသော ဒါနသည် ကြီးကျယ်စွာလှ အကျိုးထူးကို ရနိုင်ကြမည်ဖြစ်သောကြောင့် သီလဝန် အရှင်မြတ်ကို ရွေးထားပြီးကာ လှူဒါန်းပြုလုပ်ကြရ၏၊ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ် စူးစမ်းလျက် လှူဒါန်းကြသော ဒါယကာတို့သည် ချမ်းသာပြည့်စုံ နတ်တို့ဘုံသို့ မသွေမဖောက် ရောက်ကြရကုန်၏၊
ဆိုဦးအံ့ -- ဘုရားရှင်သည် ဒါယကာတို့အား သီလရှိသော ရဟန်းအားသာ လျှင် စွန့်ကြဲခြင်းကို ခွင့်ပြုတော်မူ၏၊ ဒုဿီလရဟန်းအား စွန့်ကြဲခြင်းကို ခွင့်ပြုတော် မမူ။
ထို့ကြောင့် သာရတ္ထဒီပနီဋီကာ၌ — “အတ္တနော သာသနေ သီလဝတော ပစ္စယာ အနုညာတာ၊ န ဒုဿီလဿ။ ဒါယကာနမ္ပိ သီလဝတော ဧဝ ပရိစ္စာဂေါ၊ န ဒုဿီလဿ”ဟု မိန့်၏၊
အတ္တနော = မိမိ၏၊ သာသနေ = သာသနာတော်၌။ သီလဝတော = သီလရှိသော ရဟန်းအား။ ပစ္စယာ = ပစ္စည်းတို့ကို။ အနုညာတာ = ခွင့်ပြုတော်မူ အပ်ကုန်၏၊ ဒုဿီလဿ = သီလမရှိသော ရဟန်းအား။ န အနုညာတာ = ခွင့်ပြုတော်မမူအပ်ကုန်။ ဒါယကာနမ္ပိ = ဒါယကာတို့အားလည်း။ သီလဝတော ဧဝ = သီလရှိသော ရဟန်းအားသာလျှင်။ ပရိစ္စာဂေါ = စွန့်ကြဲခြင်းကို။ အနုညာတော = ခွင့်ပြုတော်မူအပ်၏၊ ဒုဿီလဿ = သီလမရှိသော ရဟန်းအား။ န အနုညာတော = ခွင့်ပြုတော်မမူအပ်။
[ပါတိမောက္ခဝိနိစ္ဆယကျမ်း၊ ရူပိယသိက္ခာပုဒ်အဖွင့်။]
လဇ္ဇီ, အလဇ္ဇီ, ဒုဿီလ
လဇ္ဇီ, အလဇ္ဇီ, ဒုဿီလဟူ၍ ပုဂ္ဂိုလ်သုံးမျိုး ရှိရာ အလဇ္ဇီနှင့် ဒုဿီလသည် မကွဲပြားကြပြီ။ အလဇ္ဇီပင် ဒုဿီလ၊ ဒုဿီလပင် အလဇ္ဇီဖြစ်၏၊ ထို၌ အလဇ္ဇီ မည်သော ဒုဿီလသည် နိသီလ ဖြစ်သော ဒုဿီလ၊ ဒုဿိတသီလ ဖြစ်သော ဒုဿီလဟူ၍ (၂)မျိုး ရှိ၏၊ ထို့ကြောင့် ထိုအကြောင်းကို ဝိမတိဝိနောဒနီဋီကာ၌- ‘ဒုဿီလပုဂ္ဂလာတိ နိဿီလာ ဒူသိတသီလာ စ’ဟု မိန့်၏၊ ဒုဿီလပုဂ္ဂလာတိ = ဒုဿီလပုဂ္ဂလာဟူသည်ကား။ နိဿီလာ စ = ပါရာဇိကသိက္ခာပုဒ်ပျက်၍ သီလ အလျှင်းမရှိကုန်သော ဒုဿီလပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဒူသိတသီလာ စ = ကြွင်းသောသိက္ခာပုဒ် ပျက်ကုန်သော ဒုဿီလပုဂ္ဂိုလ်တို့သည်လည်း ကောင်း။ ဒုဿီလပုဂ္ဂလာ = ဒုဿီလပုဂ္ဂိုလ် မည်ကုန်၏၊
ထိုနှစ်ပါးသော ဒုဿီလပုဂ္ဂိုလ်တို့တွင် တစ်ပါးပါးသော ပါရာဇိကသိက္ခာ ပုဒ် ပျက်သဖြင့် ရဟန်း၏သီလ အလျှင်းမရှိသော ပုဂ္ဂိုလ်တို့သည် နိသီလ ဖြစ်သော ဒုဿီလပုဂ္ဂိုလ် မည်ကုန်၏၊ ပါရာဇိကလေးပါးမှ ကြွင်းကုန်သော သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်, ဒုဗ္ဘာသီ သိက္ခာပုဒ်တို့ တွင် သိက္ခာပုဒ် တစ်ပါးပါး ပျက်ကုန်သဖြင့် ထိုသိက္ခာပုဒ်ကို လွန်ကျူးခြင်းကြောင့် သီလ ကျိုးခြင်း, ပေါက်ခြင်း၊ (ခဏ္ဍ, ဆိဒ္ဒ) စသည်၏ အဖြစ်သို့ ရောက်၍ သီလပျက်သော ပုဂ္ဂိုလ်တို့သည် ဒူသိတသီလဖြစ်သော ဒုဿီလ မည်ကုန်၏၊
[ဝဇိရူပမ ဗျာကရဏကျမ်း၊ နှာ၊ ၁၈။]
အနေသနကို အကြောင်းပြု၍ ရသော ပစ္စည်းတို့သည်လည်း ရဟန်းတို့ အား မအပ်ကုန်။
“ပါပကာ မာလာဝစ္ဆရောပနာဒယော သမာစာရာ အဿာတိ ပါပသမာစာရော”ဟု ဝိဂြိုဟ်ပြု။
အဿ ဘိက္ခုနော = ထိုရဟန်းအား။ မာလာဝစ္ဆရောပနာဒယော = ပန်းပင်ငယ် စိုက်ပျိုးခြင်း အစရှိကုန်သော။ ပါပကာ = ယုတ်မာကုန်သော။ သမာစာရာ = အကျင့်တို့သည်။ သန္တိ = ရှိကုန်၏၊ ဣတိ တသ္မာ = ထို့ကြောင့်။ သော ဘိက္ခု = ထိုရဟန်းသည်။ ပါပသမာစာရော = ပါပသမာစာရာ မည်၏၊
[ရဟန်း၏ယုတ်မာသော အကျင့်ဟူသည် ပန်းပင်စိုက် ပျိုးခြင်းစသော အကျင့်တည်း။]
ကုလဒူသကအာပတ် ပြီးပြီ။