3349ဝိနည်းဥပဒေတော်ကြီး — ၆၉။ ကျမ်းပြီးနိဂုံးအရှင်သြဘာသ

၆၉။ နိဂုံး

ဝိနည်းသိက္ခာပုဒ်တော်ကို ကျိုးကျိုးနွံနွံ ထိန်းသိမ်းစောင့်ရှောက်ကုန်သော (ဝါ) သီလစင်ကြယ်ကုန်သော ရဟန်းဟူသမျှတို့သည် ဂိုဏ်းစွဲပုဂ္ဂိုလ်စွဲ မထားဘဲ တစ်ပါးနှင့်တစ်ပါး သားနှင့်အဘ, ညီရင်းအစ်ကိုတို့ကဲ့သို့ ကြင်နာစွာ ပေါင်းသင်း ဆက်ဆံ၍ သာသနာတော်ကို နေလသဖွယ် ထွန်းလင်းတောက်ပနေအောင် အညီအညွတ် ပြုစုချီးမြှင့်နိုင်သော ကိုယ် ဖြစ်ကြပြီး အသီးအသီး တောင့်တ အလိုရှိကြသော ဘဝဖြင့် နိဗ္ဗာန်တရားကို အမြန်ဆုံး ရနိုင်ကြပါစေသောဝ်။

ရဟန်းဘဝဖြင့် နေ့စဉ် ပြုလုပ်ဆောက်တည်လျက်ရှိသော ကောင်းမှု ကုသိုလ်ကို ပွားများကာ ရံဖန်ရံခါ ဥဒါန်းကျူး၍ ဖြည့်ကျင့်ရန် လိုအပ်သော ထိုထို ပါရမီအပေါင်းတို့ကို ဤနေ့ဤအချိန်မှ စ၍ နောင်ဖြစ်လေရာ ဘဝတိုင်း ၌လည်း လိုအပ်သလို ဖြည့်ကျင့်နိုင်သော ကိုယ် ဖြစ်ပြီး သဗ္ဗညုတရွှေဉာဏ်တော် ကို ရတော်မူသော ပညာဓိက သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား၏ အဖြစ်ကို မြန်နိုင် သလောက် မြန်မြန် ရနိုင်ပါစေသတည်း။

[ဤကျမ်းပြုရ၊ ကုသလကြောင့်၊ ဆုသ ဓိဋ္ဌာန်၊ ဗောဓိဉာဏ်၏၊ ရင့်သန် စေမှု၊ အကြောင်းပြု၊ တောင်းဆုပတ္ထနာ။]

ဤတွင် ဝိနည်းဥပဒေတော်ကြီး ပြီးပြီ။

သာသနာသက္ကရာဇ် ၂၅၀၇-ခု၊

ကောဇာသက္ကရာဇ် ၁၃၂၅-ခု၊

နတ်တော်လဆန်း (၁၄) ရက်။

ဩဘာသ

၇၀။ ဖြည့်စွက်ရေးခြင်း

အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ)၏ အောက်ပါ မိန့်ဆိုချက်မှာ အလွန် မှတ်သားလိုက်နာဖွယ် ကောင်းလှ၍ ဖြည့်စွက်ရေးခြင်း ဖြစ်သည်။

“လူဝတ်ကြောင်ဆိုတာ ကိုယ့်လုပ်စာ ကိုယ်စားပြီး ကိုယ့်ဇနီး, သား သမီး များနဲ့အတူ နေရလို့ အလုပ်အကိုင် ဆင်းရဲသော်လည်း စိတ်ပျော်နေ တယ်၊ ဒါနလည်း ထိုက်တန်သမျှ ပြုကြပါတယ်၊ ငါးပါးသီလ လုံခြုံရင် အပါယ်လည်း မကျနိုင်ပါဘူး၊ သေရင် ဘဝကောင်းရဖို့ များပါတယ်၊ ရဟန်းဘဝဆိုတာကတော့ လူဝတ်ကြောင်များရဲ့ လုပ်စာကို စား, ဝတ် နေရလို့ သီလမစင်ကြယ်ရင် အပါယ်ကျဖို့ သေချာပါတယ်၊ ဒါ့ကြောင့် ရဟန်း သာမဏေဘဝနဲ့ ပေါ့ပေါ့ဆဆ နေမယ့်အစား လူဝတ်ကြောင် ဘဝဖြင့် နေခြင်းက တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်၊ ယောက်ျားဖြစ်ပါ လျက် သူများလုပ်စာကို မှီခိုပြီး (ရဟန်းကျင့်ဝတ်ကို မကျင့်ဘဲ) အချောင် စားနေခြင်းဟာလည်း ယောက်ျားမပီသရာ ရောက်ပါတယ်”။

[တစ်ဘဝ သံသရာ၊နှာ-၄၈၀၊၊]

နိဂုံးချုပ် နှိုးဆော်ခြင်း။ ။ မိမိကိုယ်ကို မိမိ သနားသောအားဖြင့်လည်း ကောင်း၊ အလွန်ဆင်းရဲ ပင်ပန်းကြီးစွာဖြင့် ရှာ၍ရသော ချွေးနှဲစာဖြင့် မိမိအား သင်္ဂြိုဟ်ထောက်ပံ့ကြကုန်သော ဒါယကာ ဒါယိကာမတို့၏ ကျေးဇူးတို့ကိုလည်း တုံ့ပြန်သောအားဖြင့်လည်းကောင်း သီလဝန္တရဟန်း မဖြစ်သေးလျှင် ဖြစ်အောင် ပြုပြင်တော်မူကြပါကုန်။ [မိမိအကြောင်းကို မိမိ အသိဆုံး ဖြစ်သည်။]

၁၃၄၁-ခု၊ နတ်တော်လဆန်း (၁) ရက်၊

တနင်းလာနေ့၊ (၁၉-၁၁-၇၉)။

ဩဘာသ