ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၉။ ပါဋိဒေသနီ (၄)ပါး
3365ဝိနည်းဥပဒေတော်ကြီး — ၉။ ပါဋိဒေသနီ (၄)ပါးအရှင်သြဘာသ

၉။ ပါဋိဒေသနီ (၄) ပါး

မှတ်ချက်။ ။ ပါဋိဒေသနီအာပတ်များကို အခြားအာပတ်များကဲ့သို့ ဒေသနာမပြော (ဒေသနာမကြား)ရဘဲ သိက္ခာပုဒ်တော်၌ ပါရှိသည့်အတိုင်း “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပာယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ” ဟု ဆို၍ ဒေသနာပြောရသောကြောင့် “ပါဋိဒေသနီယ”ဟု ခေါ်သည်။ ပဋိဒေသေတဗ္ဗာတိ ပါဋိဒေသနီယာ—ဟု ပြု။ ပဋိဒေသေတဗ္ဗာ =သီးခြားဒေသနာ ပြောအပ်၏၊ ဣတိ = ထို့ကြောင့်။ ပါဋိဒေသနီယာ = ပါဋိဒေသနီယ မည်၏၊

ပါဋိဒေသနီယအာပတ် သင့်လျှင် “အဟံ ဘန္တေ” စသည်ဖြင့် ထုံးစံအတိုင်း ဒေသနာမပြောဘဲ “အာဝုသော = ငါ့ရှင်။ အဟံ = ငါသည်၊ ဂါရယှံ = ကဲ့ရဲ့ ထိုက်သော။ အသပ္ပာယံ = နတ်ပြည် နိဗ္ဗာန်အား မလျောက်ပတ်သော။ ပါဋိဒေသနီယံ = ပါဋိဒေသနီယမည်သော။ ဓမ္မံ = အာပတ်သို့။ အာပဇ္ဇိံ = ရောက်ပါပြီ။ တံ = ထိုပါဋိဒေသနီအာပတ်ကို။ ပဋိဒေသေမိ = သီးခြားပြောပါ၏၊ (ဝါ) သီးခြားဒေသနာကြားပါ၏၊”ဟု ဆို၍ တစ်သီးတခြား ဒေသနာပြောရမည်။ သို့ရာတွင် အခြားအာပတ်များကဲ့သို့ ဒေသနာပြောလျှင်လည်း အာပတ်မှ မထဟု မဆိုသာ။ [အငယ်ဖြစ်လျှင် “အာဝုသော” အစား “ဘန္တေ = အရှင်ဘုရား”ဟု ဆို၏၊]

အရှင်တို့ ...လေးပါးကုန်သော ပါဋိဒေသနီ အမည်ရှိကုန်သော ဤ အာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊

၁။ ပထမ ပါဋိဒေသနီ

ရွာတွင်းသို့ ဆွမ်းခံဝင်သော ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်) ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း ပထမ ပါဋိဒေသနီအာပတ်သင့်၍ “အရှင်ဘုရား... ဘုရားတပည့်တော်သည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထို ပါဋိဒေသနီအာပတ်ကို သီးခြားပြောကြားပါ၏”ဟု ဆို၍ ဒေသနာပြောရမည်၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏၊]

၂။ ဒုတိယ ပါဋိဒေသနီ

ဒါယကာတို့ ပင့်ဖိတ်၍ အိမ်၌ ရဟန်းတို့ ဆွမ်းဘုဉ်းပေးနေစဉ် ရဟန်းမိန်းမ က “ဤအရှင်၏ သပိတ်၌ ဟင်းထည့်ပေးလော့၊ ထမင်းထည့်ပေးလော့”ဟု စီရင် ပြောဆိုငြားအံ့၊ ထိုရဟန်းမိန်းမကို တစ်ဦးတစ်ယောက်သော ရဟန်းကမှ “ရဟန်းတို့ ဆွမ်းဘုဉ်းပေးနေတုန်း သင်တခြားသို့ သွားနေလော့”ဟု မမောင်းမဲဘဲ လျက် ဆက်လက်ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း ဒုတိယ ပါဋိဒေသနီ အာပတ်သင့်၍ “အရှင်ဘုရားတို့ ...ဘုရားတပည့်တော်တို့သည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ကုန်ပြီ၊ ထိုပါဋိဒေသနီ အာပတ်ကို သီးခြား ပြောကြားပါကုန်၏”ဟု ဆိုကြ၍ ဒေသနာ ပြောကြရမည်။ [မမောင်းမဲဘဲလျက် ခံယူအံ့၊ ဒုက္ကဋ်၊ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သင့်၏၊၊]

၃။ တတိယ ပါဋိဒေသနီ

ရှေးဦးစွာ ကြိုတင်၍ ဖိတ်မန်ထားခြင်းကိုလည်း မရရှိထား၊ ဂိလာနလည်း မဟုတ်ဘဲလျက် ‘သေက္ခ’ဟု သမ္မုတိရထားသော အမျိုးတို့မှ ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်) ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း တတိယပါဋိဒေသနီအာပတ် သင့်၍ “အရှင်ဘုရား ...ဘုရားတပည့် တော်သည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထို ပါဋိဒေသနီအာပတ်ကို သီးခြား ပြောကြားပါ၏”ဟု ဆို၍ ဒေသနာ ပြောရမည်။ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ်သင့်၏၊]

အမှာ။ ။ ဉတ္တိဒုတိယကံဖြင့် သမ္မုတိပေးပုံကို ပါစိတ်ပါဠိတော် (မြန်မာ ပြန်) အပိုဒ်-၅၆၃၌ဖြစ်စေ၊ ဘုရားဥပဒေတော်ကြီး၌ ဖြစ်စေ ရှု။

၄။ စတုတ္ထ ပါဋိဒေသနီ

ခိုးသူတို့ဖြင့် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော, ဘေးဘျမ်းနှင့် တကွဖြစ် သော တောကျောင်း၌နေသော ရဟန်းသည် မိမိအား “ခဲဖွယ်, ဘောဇဉ်ကို လှူပါမည်”ဟု ရှေးဦးစွာ ကြိုတင်၍ မလျှောက်ထားဘဲ ပို့လှူလာသော ခဲဖွယ် ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ အာရာမ်အတွင်း၌ မနာမဖျားဘဲလျက် မိမိလက် ဖြင့် (ကိုယ်တိုင်) ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း စတုတ္ထ ပါဋိဒေသနီ အာပတ်သင့်၍ “အရှင်ဘုရား ...ဘုရားတပည့်တော်သည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုပါဋိဒေသနီအာပတ် ကို သီးခြားပြောကြားပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်းမျိုတိုင်း ပါဋိဒေသနီအာပတ်သင့်၏၊]

အရှင်တို့ ...လေးပါးကုန်သော ပါဋိဒေသနီ အမည်ရှိကုန်သော အာပတ် တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ထိုလေးပါးသော ပါဋိဒေသနီအာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့ နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင် ကြယ်ကြကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ် နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊

လေးပါးကုန်သော ပါဋိဒေသနီအမည်ရှိကုန်သော အာပတ်တို့သည်’ ပြီးခြင်းသို့ ရောက်ကုန်ပြီ။