3370ဝိနည်းဥပဒေတော်ကြီး — ၁၃။ ပါရာဇိကအခန်းအရှင်သြဘာသ

၁၃။ ပါရာဇိကအခန်း

၁။ ဥဗ္ဘဇာဏုမဏ္ဍလိကာ

အကြင်ဘိက္ခုနီသည် ကိုယ်လက်နှီးနှောလိုသော ရာဂစိတ် ရှိသည်ဖြစ်၍ ညှပ်ရိုးနှစ်ဖက်အာက်မှ ပုဆစ်ဒူးဝန်းနှစ်ဖက်အထက်ထိ တစ်နေရာရာ၌ဖြစ်စေ၊ တံတောင်ဆစ်မှ အထက်လက်မောင်းအဆုံးထိ တစ်နေရာရာ၌ဖြစ်စေ ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသည့် ယောက်ျား၏ ရှေးရှုသုံးသပ်ခြင်းကိုလည်း ကောင်း, ထိုမှဤမှ သုံးသပ်ခြင်းကိုလည်းကောင်း, ကိုင်ခြင်းကိုလည်းကောင်း, တို့ထိခြင်းကိုလည်းကောင်း, ပွေ့ယူဖိညှစ်ခြင်းကိုလည်းကောင်း, သာယာငြားအံ့၊ ထိုဘိက္ခုနီသည် ပုဆစ်ဒူးဝန်းနှစ်ဖက်အထက်၌ သုံးသပ်ခြင်းကို သာယာသော ကြောင့် ဥဗ္ဘဇာဏုမဏ္ဍလိကာမည်သော ပါရာဇိကအာပတ်သင့်၏၊ ဘိက္ခုနီကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။ [နှစ်ဦးလုံး၌ ရာဂစိတ်ရှိမှသာလျှင် ပါရာဇိက အာပတ်သင့်၏၊ တစ်ဦးတည်း၌သာ ရှိလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊]

၂။ ဝဇ္ဇပဋိစ္ဆာဒိကာ

အကြင်ဘိက္ခုနီသည် သိလျက် ပါရာဇိကကျနေသော ဘိက္ခုနီကို ကိုယ်တိုင် လည်း မစောဒနာ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားဘဲလျက် နေငြားအံ့။ အကြင်အခါ၌ ထိုပါရာဇိကကျနေသော ဘိက္ခုနီသည် ဘိက္ခုနီအသွင်၌ တည်နေ ၏၊ သို့မဟုတ် သေလွန်၏၊ သို့မဟုတ် လူထွက်၏၊ သို့မဟုတ် တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွား၏၊ ထိုသို့ ဖုံးထားပြီးမှ နောက်၌ အခြားဘိက္ခုနီတို့အား “အရှင်မတို့ ...ထိုညီမဟာ ‘သည်လို သည်လို ဖြစ်နေတယ်’ဆိုတာကို ရှေးတုန်း ကပင် သိခဲ့ပါရဲ့၊ သို့သော် ကိုယ်တိုင်ကလည်း မစောဒနာမိပါ, ဂိုဏ်းအားလည်း မတိုင်ကြားမိပါ”ဟု ပြောဆိုငြားအံ့။ ထိုဘိက္ခုနီသည် အပြစ်ကို ဖုံးလွှမ်းသော ကြောင့် ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ပါရာဇိကအာပတ်သင့်၏၊ ဘိက္ခုနီကောင်း တို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။ [အပြစ်ကို ဖုံးထားမိပါ သည်ဟု ဝန်ခံသည့်အခါမှ ပါရာဇိကကျမသည်မဟုတ်၊ ဖုံးထားတော့မည်ဟု ဆုံးဖြတ်တုန်းကပင် ကျခဲ့ပြီဟု သိ။]

၃။ ဥက္ခိတ္တာနုဝတ္တိကာ

အကြင်ဘိက္ခုနီသည် ညီညွတ်သော ဘိက္ခုသံဃာက ဟုတ်မှန်သော အကြောင်းဝတ္ထုဖြင့် ဝိနည်းတော်အတိုင်း စစ်ဆေးသတိပေး၍ ဉတ်ကမ္မဝါစာ ဖြင့် နှင်ထုတ်ထားသော ရိုသေလေးစားခြင်းမရှိသော သံဃာ့ဘောင်သို့ ဩသာရဏကံဖြင့် ပြန်၍ မသွင်းရသေးသော အပေါင်းအဖော် မပြုရသေးသော ‘ဥက္ခိတ္တကရဟန်း’၏ အယူကို အတုလိုက်၍ ကျင့်ငြားအံ့၊ ထိုဘိက္ခုနီကို မြင်ကြ ကြားကြကုန်သော အခြားဘိက္ခုနီတို့က “အရှင်မ ...ဤရဟန်းကို ညီညွတ်သော ဘိက္ခုသံဃာက ဟုတ်မှန်သောအကြောင်းဝတ္ထုဖြင့် ဝိနည်းတော်အတိုင်း စစ်ဆေး သတိပေး၍ ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ထား၏၊ ဤရဟန်းသည် ရိုသေလေး စားခြင်း မရှိ၊ ဤရဟန်းကို သံဃာ့ဘောင်သို့ ဩသာရဏကံဖြင့် ပြန်၍ မသွင်းရ သေး၊ ဤရဟန်းနှင့် အပေါင်းအဖော်မပြုရသေး၊ အရှင်မ ...ဤရဟန်း၏ အယူကို အတုလိုက်၍ မကျင့်လေလင့်”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊] ထိုဘိက္ခုနီကို ဘိက္ခုနီသံဃာ့အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့ သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထို အယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုဘိက္ခုနီအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် ဘိက္ခုနီသံဃာက ထို ဘိက္ခုနီအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထိုဘိက္ခုနီသည် နှင်ထုတ်ထားသော ‘ဥက္ခိတ္တကရဟန်း’၏ အယူကို အတုလိုက်၍ ကျင့်သောကြောင့် ဥက္ခိတ္တာနုဝတ္တိကာ မည်သော ပါရာဇိကအာပတ် သင့်၏၊ ဘိက္ခုနီကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။ [ဟုတ်မှန်သော အကြောင်းဝတ္ထုဟူရာ၌ နှင်ထုတ်ထိုက်သောအကြောင်း (အာပတ်ရှိခြင်းစသော အကြောင်း)၏ ဟုတ်မှန် ခြင်းကို ဆိုလိုသည်။ ဤအဓိပ္ပာယ်မှာ ဤသိက္ခာပုဒ်၌ လာသော ဓမ္မေနဟူသော ပါဠိစကား၏ အဓိပ္ပာယ် ဖြစ်သည်။]

၄။ အဋ္ဌဝတ္ထုကာ

အကြင်ဘိက္ခုနီသည် ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသည်ဖြစ်၍ ထိုကဲ့သို့သော ရာဂစိတ်ရှိသည့် ယောက်ျား၏ လက်ဆွဲမှုကိုလည်း သာယာငြား အံ့၊ သင်္ကန်းကိုင်ဆွဲမှုကိုလည်း သာယာငြားအံ့၊ နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း၌လည်း ရပ်နေငြားအံ့၊ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်း၌လည်း စကား ပြောငြားအံ့၊ ချိန်းချက်ထားသော အရပ်သို့လည်း သွားငြားအံ့၊ မိမိထံသို့ ထို ယောက်ျား၏ လာမှုကိုလည်း သာယာငြားအံ့၊ ဖုံးကွယ်သော နေရာသို့လည်း လိုက်၍ ဝင်ငြားအံ့၊ ကိုယ်ကိုလည်း ထိုယောက်ျား၏ အနီးသို့ ဆောင်ငြားအံ့၊ ထိုဘိက္ခုနီသည် ဝတ္ထု (၈)မျိုးလုံးကို ကျူးလွန်သောကြောင့် အဋ္ဌဝတ္ထုကာ မည်သော ပါရာဇိကအာပတ် သင့်၏၊ ဘိက္ခုနီကောင်းတို့နှင့် အတူအကွ ပေါင်း သင်းခြင်းငှာ မရတော့ချေ။ [တစ်မျိုးတစ်မျိုးအတွက် တစ်ခါကျူးလွန်လျှင် ထုလ္လစ္စဉ်းအာပတ် တစ်ချက်တစ်ချက် သင့်၏၊ (၈)မျိုးလုံးပြည့်သည့်အခါ ပါရာဇိကကျ၏၊]

မှတ်ချက်။ ။ ဘိက္ခုနီတို့အတွက် သီးခြားပညတ်တော်မူအပ်သော ဤ၌ တိုက်ရိုက်ပြထားသော ‘အသာဓာရဏ’ ပါရာဇိက (၄)ပါးအပြင် ဘိက္ခုတို့အား ပညတ်အပ်သော မေထုန, အဒိန္နာဒါန, မနုဿဝိဂ္ဂဟ, ဥတ္တရိမနုဿဓမ္မဟူသော သိက္ခာပုဒ် (၄)ပါးကိုလည်း ဘိက္ခုနီတို့ လိုက်နာရသည်။ ထို့ကြောင့် ဘိက္ခုနီတို့၌ ပါရာဇိက (၈)ပါး ရှိ၏၊

ပါရာဇိကအခန်း ပြီးပြီ။