ဝိနည်းဥပဒေတော်ကြီး/မဇ္ဈိမဝဍ္ဎကီတွက်နည်း
၃၃။ မဇ္ဈိမ ဝဍ္ဎကီတွက်နည်း
(= ဝိနည်း၌အကျုံးဝင်သည့် သင်္ကန်းစသော ဝတ္ထုပစ္စည်းများ၏ အတိုင်းအရှည်ကို အတောင် အထွာဖြင့် မတိုင်းတာဘဲ ပေ လက်မဖြင့် ဖွဲ့၍ တွက်သောနည်း)
ရှင်စော တစ်ထွာ၊ မဇ်သုံးထွာ၊ တို့ထွာ ခေါက်ချိုးတက်။
အဓိပ္ပာယ်။ ။ ဘုရားရှင်၏ အရပ်တော်သည် ဘုရားရှင်၏ ၄-တောင်သာ ရှိမြဲ ဖြစ်၏၊ ထိုကို သုံးဆတက်သော် မဇ္ဈိမပုရိသ ၁၂-တောင် ဖြစ်၏၊ ထိုကို ထက်ဝက်တက်သော် ပကတိပုရိသ ၁၈-တောင် ဖြစ်သတည်း။
မှတ်ချက်။ ။ သီဟိုဠ် အဋ္ဌကထာဆရာမြတ်တို့လက်ထက် အများသုံးစွဲ ကြသော ပကတိပုရိသအတောင်သည် စဉ်းငယ် တိုနေ၍ ပေ လက်မဖြင့် ၁၆- လက်မသာ ရှိသောကြောင့် မဇ္ဈိမပုရိသဝဍ္ဎကီဟတ္ထ ၁-တောင်ကို မှီအောင် ၈-လက်မ တက်ရသောကြောင့် ထွာတက်နည်းအားဖြင့် မဇ္ဈိမပုရိသ ၁၂-တောင် တွင် တစ်တောင်, တစ်တောင်၌ တစ်ထွာ, တစ်ထွာ တက်၍ ဘုရားရှင်၏ အရပ်တော်ကို ၁၈-တောင်ဟူ၍ အဋ္ဌကထာ အစောင်စောင်တို့၌ တညီတညွတ် ပြသည်ဟု သာသနာ့ ဒါယကာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကိုးကွယ်ပူဇော်ခြင်းကို ခံရတော်မူသော ‘ပဏ္ဍိတဓဇ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု’ တံဆိပ်နာမံတော် ရရှိတော်မူသော မိုင်းခိုင်းဆရာတော်ဘုရား ရေးသား စီရင်ဆုံးဖြတ်တော်မူသော “တိပေဋက ဝိနိစ္ဆယကျမ်း၊ ပထမတွဲ၊ စာမျက်နှာ-၅၇၃”၌ ဆို၏၊ ထိုကျမ်းကပင် “သီဟိုဠ် အဋ္ဌကထာဆရာမြတ်တို့လက်ထက် အများသုံးစွဲကြသော ပကတိပုရိသ၏ အတောင်သည် အနည်းငယ် တိုနေ၍ ၁၈-လက်မ မပြည့်၊ ၁၆-လက်မသာ ရှိသည်။ ထို ၁၆-လက်မရှိသော ပကတိပုရိသ အတောင်ဖြင့် မြတ်စွာဘုရား အရပ်တော် ၄-တောင်ကို တိုင်းတာရာ ၁၆-တောင် မက၊ ၁၈-တောင်အတိုင်းအထွာ ရသည်”ဟု စာမျက်နှာ-၄၆၁၊၄၆၂ တို့၌ ဆို၏၊ [အင်္ဂလိပ်လူမျိုးတို့ တီထွင်သော ၁၈-လက်မ = ၁-တောင် ဟူသော စကေးကို သီဟိုဠ်အဋ္ဌကထာဆရာတို့ အသုံးမပြုသောကြောင့် ဝိနည်း ‘ကျမ်း၌ အကျုံးမဝင်ရကား ဤစကေးသည် ဤ မဇ္ဈိမဝဍ္ဎကီတွက်နည်း၌ အကျုံးမဝင်ဟု သိ။]
စာရေးသူက၊ တွက်၍ပြ၊ ကြောင့်ကြ စိုက်၍ ရှုကြပါ။
ထိုခေတ်က ပေ, လက်မ အတိုင်းအတာ မပေါ်ပေါက်သေး၍ အတောင် အထွာဖြင့် တိုင်းတာရရှာလေသည်။ အတောင်အထွာဖြင့် တိုင်းတာခြင်းသည် မှားသည်ဟု မဆိုလိုပါ။ သံသယ အလျှင်းမရှိပါ။ မှန်ပါပေသည်။ သို့သော် ယခုခေတ်မှာမူ ပေ, လက်မ အတိုင်းအတာဖြင့် ကမ္ဘာတစ်ဝန်းလုံးက တိုင်းတာ နေသောကြောင့် တစ်ကြောင်း၊ ပေ, လက်မဖြင့်တိုင်းတာခြင်းဖြင့် အတိုင်းအရှည် ကို တိတိကျကျ သိရသောကြောင့်တစ်ကြောင်း ဤသည်တို့ကြောင့် အတောင် အထွာဖြင့် မတိုင်းတာဘဲ ပေ, လက်မဖြင့် တိုင်းတာလိုသော ပုဂ္ဂိုလ်များအတွက် မဇ္ဈိမဝဍ္ဎကီတွက်နည်းဖြင့် တိုင်းတာပုံကို တွက်ပြပါအံ့။
တစ်ပြည်လုံး၌ လက်သမားတို့ အသုံးပြုနေကြသော အချိုးအားဖြင့် ၄-ချိုး၊ လက်သစ်အားဖြင့် ၂၄-သစ်၊ လက်မအားဖြင့် ၂၄-လက်မ ရှိသော ပေတံ သည် မဇ္ဈိမပုရိသ (ဝဍ္ဎကီ) ၁-တောင်နှင့် ညီသည်-ဟု ထိုတိပေဋက ဝိနိစ္ဆယ ကျမ်း၊ ပကိဏ္ဏကဝိနိစ္ဆယ စာမျက်နှာ-၄၆၀၊ အပိုဒ်-၄ ၌ အတိအလင်း ဖော်ပြ ထား၏၊ ၂၄-လက်မရှိသော ၄-ချိုးပြည့် (= လက်သမားတောင်)၌ ၂-ချိုးကို ၁-ပေ ခေါ်၍ ၄-ချိုးကို ၂-ပေဟု ခေါ်သည်။ ၂-ပေ ဟူသည် မြန်မာအခေါ် အားဖြင့် မဇ္ဈိမပုရိသ ၂-ထွာဖြစ်သည်ဟု စာမျက်နှာ-၄၆၁ ၌ ဆိုထား၏၊ [၎င်း ၏ ၂၄-သစ် (၁-တောင်)သည် ၂၄-လက်မ (၂-ပေ) ဖြစ်၍ ၁၂-သစ် (၁-ထွာ) သည် ၁၂-လက်မ (၁-ပေ) ဖြစ်သည် ဟူလို။ မဇ္ဈိမနှင့် လက်သမားတောင် အတူတူ၊ ကိုက်တောင်ကိုပင် ခေါ်သည်ဟု မြောင်းမြမြို့ မေဒနီဆရာတော် ဘုရားကြီး၏ ကင်္ခါခက်ဆစ် မှတ်ဖွယ်များ၌လည်း ဆိုထား၏၊]ဤအတိုင်းအရှည် (စကေး)ကို မူတည်၍ သင်္ကန်းအဓိဋ္ဌာန်တင်နည်းအခန်း၌ ပြဆိုထားသော ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ၈-သစ်, မဇ္ဈိမ ၂၄-သစ် (၁-တောင်), ပကတိ ၃၆-သစ် (၁-တောင့်ထွာ) ရှိသော အဓိဋ္ဌာန်ဝိကပ္ပနာ လောက်သည့် ထိုအဝတ်အထည်၏ ပမာဏသည် ပေ လက်မအားဖြင့် အတိအကျ မည်ရွေ့ မည်မျှ ရှိသည်ကို ရှာရန်သင့်ပေသည်ဟု ယူဆပါသဖြင့် သင်္ချာတွက်နည်းဖြင့် ရှင်းပြပါအံ့။
ထိုအဝတ်အထည်၏ ပမာဏ အတိအကျကို အဘယ်ကြောင့် ရှာသင့် သနည်းဟူမူ — ထိုအဝတ်အထည်သည် ပကတိပုရိသ၏ လက်သစ်အားဖြင့် ၃၆-သစ်၊ အတောင်အထွာအားဖြင့် ၁-တောင့်ထွာ ရှိသည်ဟု သာမညအားဖြင့် သာ ဆိုထား၏၊ ပကတိပုရိသတို့တွင်လည်း တစ်ဦးနှင့်တစ်ဦး မတူပါ။ အချို့မှာ မြင့်၏၊ အချို့မှာ အလယ်အလတ် ဖြစ်၏၊ အချို့မှာ နိမ့်၏၊ ထိုသုံးမျိုးတို့၏ အတိုင်းအရှည်ကို တိုင်းတာရာ၌ သူ့အတောင်နှင့်သူ၊ ကိုယ့်အတောင်နှင့်ကိုယ် ယူနေကြ၍ (ဥပမာအားဖြင့်) မြင့်သော သူ၏ အတောင်အထွာဖြင့် တိုင်းလျှင် ၁-တောင့်ထွာ ပြည့်ဖို့ အနည်းငယ်မျှသာ လိုနေသော အဝတ်တစ်ပိုင်းစီ ရှိကြရာ ထိုမြင့်သောသူ၌ ၁-ထောင့်ထွာ မပြည့်၍ အာပတ်၏အင်္ဂါ မလောက်ငြား သော်လည်း ထိုအောက် နိမ့်သောသူ၌ ၁-တောင့်ထွာ ပြည့်၍ အာပတ်၏ အင်္ဂါလောက်နေရကား “အတိုင်းအရှည်ချင်း တူပါလျက် တစ်ဦးအား အာပတ် မသင့်၊ တစ်ဦးအား အာပတ်သင့်စေခြင်းသည် သဘာဝမကျ အဓိပ္ပာယ် မရှိ”ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်၏၊ [ဤကား ပထမ ကထိနသိက္ခာပုဒ်ကို ရည်၍ ဆိုခြင်းတည်း။] မဉ္စပီဌသိက္ခာပုဒ်၌ ဆိုလျှင် ခုတင်တစ်ခုတည်းကို တစ်ယောက် တစ်လှည့်စီ သုံးစွဲကြရာ၌ ထိုမြင့်သော သူအား ၁-တောင့်ထွာ အတိရှိ၍ အာပတ်မသင့်ငြားသော်လည်း ထိုအောက် နိမ့်သောသူအား ၁-တောင့်ထွာထက် ပိုလွန်နေ၍ အာပတ်သင့်နေရကား “ခုတင်တစ်ခုတည်းကို သုံးစွဲပါလျက် တစ်ဦးအား အာပတ်မသင့်၊ တစ်ဦးအား အာပတ်သင့်စေခြင်းသည် သဘာဝ မကျ”ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်၏၊ တောကျောင်းနှင့် ပတ်သက်၍ကား နိမ့်သော သူ၏ အတောင်ဖြင့် အနီးဆုံးအိမ်နှင့် အတောင်-၂၀၀၀ အတိအကျဝေးသော တောကျောင်း၌ နိမ့်သူနှင့် မြင့်သူ တစ်ယောက်တစ်လှည့်စီ နေကြရာ ထိုနိမ့်သော သူအား အတောင်-၂၀၀၀ ပြည့်၍ အရညကင် ဓုတင်အင်္ဂါနှင့် ပြည့်စုံသော်လည်း ထိုထက် မြင့်သော သူ၏အတောင်ဖြင့် အတောင်-၂၀၀၀ မပြည့်၍ ဓုတင်အင်္ဂါနှင့် မပြည့်စုံရကား “တစ်ကျောင်းတည်း၌ နေပါလျက် ဓုတင်အကျိုးကို နှစ်ဦးလုံး မရရှိဘဲ တစ်ဦးတည်း ရရှိခြင်းသည် သဘာဝမကျ”ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်၏ ဟူသောကြောင့်တည်း။ ထို့ကြောင့် ထိုအဝတ်ထည်၏ ပမာဏသည် တစ်ပြည်လုံး၌ အသုံးပြုလျက်နေသော ပေ လက်မအားဖြင့် အတိအကျ မည်ရွေ့မည်မျှ ရှိသည်ကို ရှာရန် မသင့်ပါသလော၊ ရှာ၍ရသော် ထိုအဖြေကို တစ်ပြည်လုံးက သဘာဝကျလှသည်၊ မှန်လှသည် ဟူ၍ အတည်ပြု လက်ခံရန် မထိုက်ပါသလောဟု သံဃာတော်၏ ကိုယ်စား စာရေးသူသည် မိမိကိုယ်ကို မိမိပင် မေးပါ၏၊ [အဖြေမှာ တစ်ခုတည်းသာ ဖြစ်ရမည်၊ နှစ်ခု မရရှိရဟူ၍ ထင်မြင်ပါ၏၊] မေးသည့်အတိုင်းလည်း သင်္ချာနည်းဖြင့် တွက်ပါသည်။ ရှာဖို့ စိတ်ကူးနေသည်မှာ ကြာပါပြီ၊ သို့ရာတွင် ထို အတောင်, အထွာ, လက်သစ်တို့၏ အတိုင်းအရှည်သည် ပေ လက်မအားဖြင့် မည်ရွေ့မည်မျှရှိသည်ဟု ဆိုသော အချိုးအစား (စကေး)ကို မရရှိလေခြင်းကြောင့် ကြန့်ကြာနေခြင်း ဖြစ်ပါသည်။ ကံအားလျော်စွာ မကြာသေးမီကပင် အခြားအကြောင်းတစ်ခုနှင့် ပတ်သက်၍ ထိုကျမ်းကို ကြည့်ရှုရာ အတောင်, အထွာ, လက်သစ်တို့၏ အတိုင်းအရှည် ပမာဏကို ပေ လက်မအားဖြင့် ဖော်ပြထားသည်ကို မမျှော်လင့်ဘဲလျက် တွေ့ရှိရပါသဖြင့် အဖြေကို ရှာနိုင်လေတော့သည်။ အများအကျိုးကို ရည်၍ အများ လက်ခံနိုင်စေခြင်းငှာ တွက်နည်းနှင့်တကွ အဖြေကို တင်ပြပါအံ့။
သိထားဖို့ရန်မှာ ဘုရားရှင်၏ အတောင် အထွာ လက်သစ်သည် အကြီးဆုံး ဖြစ်၏၊ မဇ္ဈိမပုရိသကား ဒုတိယ၊ ပကတိပုရိသကား တတိယ (အငယ်ဆုံး) တည်း ဟူ၍ဖြစ်သည်။ တစ်ဦး၏ အတောင်အထွာသည် တစ်ဦးထက် မည်ရွေ့ မည်မျှ ကြီး၍ တစ်ဦးအောက် မည်ရွေ့မည်မျှ ငယ်နေကြောင်းကို ရှေးဦးစွာ ရှင်းပြပါအံ့။
ရှင်စော တစ်ထွာ၊ မဇ်သုံးထွာ၊ တို့ထွာ ခေါက်ချိုးတက်’ဟူသော အဆိုအရ ဘုရားရှင်၏ ၁-သစ်သည် မဇ္ဈိမ၏ ၃-ဆ ဖြစ်၍ ၃-သစ်၊ ပကတိ၏ ၄ ဆ ဖြစ်၍ ၄ သစ်နှင့် ညီမျှလေသည်။ သို့ဖြစ်၍ ဘုရားရှင်၏ ၈-သစ်သည် မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်)၊ ပကတိ၏ ၃၆-သစ် (၁-တောင့်ထွာ)နှင့် ကိုက်ညီလေသည်။ ဤကား ဘုရားရှင်၏ အတောင်အထွာသည် မဇ္ဈိမ ပကတိ တို့၏ အတောင်အထွာထက် မည်ရွေ့မည်မျှ ကြီးနေကြောင်းကို ပြခြင်းတည်း။ [မဇ္ဈိမ ပကတိတို့၏ အတိုင်းအရှည် (အတောင်အထွာ)မှာ ပိုထွက်လာသော် လည်း ၎င်းတို့၏ ၂၄-သစ်၊ ၃၆-သစ် အသီးအသီးတို့သည် ဘုရားရှင်၏ အတိုင်း အရှည်ဖြင့် မူလရှိရင်းစွဲ ၈-သစ် ရှိသော ထိုအဝတ်အထည်၏ အလျားပမာဏ အတိုင်းအရှည်ပင် ဖြစ်လေသည်။ အတိုင်းအရှည်သာ တိုးလာသည်၊ ထိုအဝတ် ထည်ကား စန့်ရှည်၍ မထွက်လာပါ။ (မူလ ရှိရင်းစွဲ အတိုင်းပင် ဖြစ်သည်-ဟူလို။) တစ်ခုနှင့် တစ်ခု ညီမျှရန် အလို့ငှာသာလျှင် အတိုင်းအရှည်ကို ထိုအချိုး အစားတို့ဖြင့် တိုးမြှင့်ရခြင်း ဖြစ်သည်။]
မဇ္ဈိမနှင့် ပကတိတို့၏ အတောင်အထွာသည် ဘုရားရှင်၏ အတောင် အထွာအောက် မည်ရွေ့မည်မျှ ငယ်နေကြောင်းကို အောက်၌ ပြလတ္တံ့သော ‘မူ’ဖြင့် သိအပ်၏၊
မဇ္ဈိမ၏ ၂၄-သစ်’ (၁-တောင်)သည် ၂၄-လက်မ ဖြစ်သည်ဟူ၍ ထိုကျမ်း၌ ဆိုထားသည်ဟု အထက်၌ ဖော်ပြခဲ့ပြီ။ ဤမဇ္ဈိမ ၂၄-သစ် (၁-တောင်)သည် ဘုရားရှင်၏ ၈-သစ်နှင့် ညီမျှခြင်းကြောင့် ဘုရားရှင်၏ ၈-သစ်သည်လည်း ၂၄-လက်မ ဖြစ်၍ ပကတိ၏ ၃၆-သစ် (၁-တောင့်ထွာ)သည်လည်း ၂၄-လက်မပင် ဖြစ်သည်။
ဤသုံးဦး အသီးသီးတို့၏ လက် ၁-သစ်သည် လက်မအားဖြင့် မည်ရွေ့ မည်မျှ ရှိသနည်းဟူမူ —
၁။ ဘုရားရှင်၏ ၈-သစ်သည် = ၂၄-လက်မ
ထို့ကြောင့် ၁-သစ်သည် = = ၃-လက်မ
၂။ မဇ္ဈိမ၏ ၂၄-သစ်သည် = ၂၄-လက်မ
ထို့ကြောင့် ၁-သစ်သည် = ၁-လက်မ
၃။ ပကတိ၏ ၃၆-သစ်သည် = ၂၄-လက်မ
ထို့ကြောင့် ၁-သစ်သည် = = -လက်မ
ထို့ကြောင့် ဘုရားရှင်၏ လက် ၁-သစ်သည် ၃-လက်မ၊ မဇ္ဈိမ၏ ၁-သစ် သည် ၁-လက်မ၊ ပကတိ၏ ၁-သစ်သည် လက်မဟူ၍ ပေါ်ထွက်လာ၏၊ ဤကား မဇ္ဈိမနှင့် ပကတိတို့၏ အတောင်အထွာသည် ဘုရားရှင်၏ အတောင် အထွာအောက် မည်ရွေ့မည်မျှ ငယ်နေကြောင်းကို ပြခြင်းတည်း။ [ဤအတိုင်း အရှည် (စကေး)ကား နောက်၌ ပြလတ္တံ့သော ထိုအဝတ်ထည်၏ အလျားအနံ ပမာဏကို ရှာသော တွက်နည်း၏ ‘မူရင်း’တည်း၊ (ဝါ) မဇ္ဈိမဝဍ္ဎကီ တွက်နည်း၏ ‘မူရင်း’တည်း။]
“ရှင်စော တစ်ထွာ၊ မဇ်သုံးထွာ၊ တို့ထွာ ခေါက်ချိုးတက်”ဟူသော အချိုး အစားသည် ဆိုသည့်အတိုင်း မှန်မမှန် တွက်၍ ပြပါအံ့။
၁။ ဘုရားရှင်၏ ၁-သစ်သည် = ၃-လက်မ။
[ဤ ၃-လက်မကို ဤ၌ အဖြေဟု ယူကြပါ။]
၂။ မဇ္ဈိမ၏ ၁-သစ်သည် = ၁-လက်မ။
ထို့ကြောင့် ၃-သစ်သည် = ၃-လက်မ (အဖြေ)
၃။ ပကတိ၏ ၁-သစ်သည် = -လက်မ။
ထို့ကြောင့် ၄ = ( )သစ်သည် = _ = ၃-လက်မ
(အဖြေ)
အသီးသီးတို့၏ အဖြေသည် ၃-လက်မချည်းဖြစ်၍ “ဆောင်ပုဒ်” ဆိုသည့် အတိုင်း အချိုးအစားမှာ ကိုက်ညီနေပါသည်။
ထို့ကြောင့် ဘုရားရှင်၏ ၈-သစ်၊ မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်)၊ ပကတိ၏ ၃၆-သစ် (၁-တောင့်ထွာ) ရှိသော ထိုအဝတ်ထည်၏ ပမာဏသည် ပေ လက်မ အားဖြင့် မည်ရွေ့မည်မျှ ရှိသည်ဟူသော အဖြေကို ရှာရန်သာ လိုပါတော့သည်။
မရှုပ်ထွေးစေရန် အလို့ငှာ ထပ်၍ သတိပေးပါအံ့။ စာမျက်နှာ-၂၄၂၊ အပိုဒ်-၃ ‘ကွင်းချိပ်’ ၌ [မဇ္ဈိမ ပကတိတို့၏ အတိုင်းအရှည် (အတောင် အထွာ) မှာ ပိုထွက်လာသော်လည်း။ ပ။ ထိုအချိုးအစားတို့ဖြင့် တိုးမြှင့်ရခြင်း ဖြစ်သည်၊၊] ဟု ဆိုထားသော စကားတို့ကို ပြန်၍ နှလုံးသွင်းတော်မူကြပါ။
မဇ္ဈိမ၏ ၂၄-သစ်’ (၁-တောင်)သည် ၂၄-လက်မ ဖြစ်သည်ဟု ထိုကျမ်း၌ အတိအလင်း ဆိုထားခြင်းကြောင့် အဖြေမှာ ၂၄-လက်မ (ဝါ) ၂-ပေ ဖြစ်သည်ဟု အလိုလို ပေါ်နေပါတော့သည်။ [ထို့ကြောင့် ဘုရားရှင်၏ ၈-သစ်၊ ပကတိ၏ ၃၆-သစ် (၁-တောင်ထွာ)တို့သည်လည်း ဤ ၂၄-လက်မ (၂-ပေ)ပင် ဖြစ်တော့ သည်။] ဤသို့ဆိုရုံမျှဖြင့် အဖြေမှာ မှန်သည်ဟု တစ်ထစ်ချ မှတ်ယူ လက်ခံရန် မသင့်သေးပါ။ ထို့ကြောင့် တွက်ပြပါအံ့။
၁။ ဘုရားရှင်၏ ၁-သစ်သည် = ၃ လက်မ (အထက်၌ ပြခဲ့ပြီ။)
ထို့ကြောင့် ၈-သစ်သည် = ၃ _ ၈ = ၂၄-လက်မ (၂-ပေ) အဖြေ။
၂။ မဇ္ဈိမ၏ ၁-သစ်သည် = ၁-လက်မ (အထက်၌ ပြခဲ့ပြီ။)
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = ၂၄-လက်မ (၂-ပေ)။ အဖြေ။
၃။ ပကတိ၏ ၁-သစ်သည် = လက်မ (အထက်၌ ပြခဲ့ပြီ။)
ထို့ကြောင့် ၃၆-သစ် (၁-တောင့်ထွာ)သည် = _ =၂၄-လက်မ
(၂-ပေ)။ အဖြေ။
အဖြေမှာ ဘုရားရှင်၏ ၈-သစ်သည်လည်းကောင်း၊ မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်)သည်လည်းကောင်း၊ ပကတိ၏ ၃၆-သစ် (၁-တောင့်ထွာ)သည် လည်းကောင်း၊ ၂၄-လက်မ (၂-ပေ)ချည်း ဖြစ်သည်။ [ဤကား အဓိဋ္ဌာန် ဝိကပ္ပနာလောက်သည်ဟု ဆိုသော ထိုအဝတ်ထည်၏ အယုတ်ဆုံး အလျားပမာဏတည်း။]
အနံမှာ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ၄-သစ်ဟု ဆိုခြင်းကြောင့် မဇ္ဈိမပုရိသ၏ လက်သစ်အားဖြင့် ၁၂-သစ်၊ ပကတိပုရိသ၏ လက်သစ်အားဖြင့် ၁၈-သစ် ဖြစ်သည်။ ဤအနံမှာ အလျားအောက် ထက်ဝက် ငယ်နေခြင်းကြောင့် အဖြေသည် ၁၂-လက်မ (၁-ပေ) ဖြစ်သည်ဟု အားလုံး သိကြသော်လည်း ပို၍ ထင်ရှားလေအောင် တွက်ပြပါအံ့။
၁။ ဘုရားရှင်၏ ၁-သစ်သည် = ၃-လက်မ (အထက်၌ ပြခဲ့ပြီ။)
ထို့ကြောင့် ၄-သစ်သည် = ၃ _ ၄ = ၁၂-လက်မ (၁-ပေ)။ အဖြေ။
၂။ မဇ္ဈိမ၏ ၁-သစ်သည် = ၁-လက်မ (အထက်၌ ပြခဲ့ပြီ။)
ထို့ကြောင့် ၁၂-သစ်သည် = ၁၂-လက်မ (၁-ပေ)။ အဖြေ။
၃။ ပကတိ၏ ၁-သစ်သည် = ( ) လက်မ (အထက်၌ ပြခဲ့ပြီ)
ထို့ကြောင့် ၁၈-သစ် သည် = ( ) _ ( ) = ၁၂-လက်မ (၁-ပေ)။
အဖြေ။
ဤကား အဓိဋ္ဌာန် ဝိကပ္ပနာလောက်သည်ဟု ဆိုသော ထိုအဝတ်ထည်၏ အယုတ်ဆုံး အနံ ပမာဏတည်း။ ထို့ကြောင့် ပထမ ကထိနသိက္ခာပုဒ်တော်အရ ထိုအဝတ်ထည်၏ ပမာဏ အတိအကျမှာ အလျား ၂၄-လက်မ (၂-ပေ) ဖြစ်၍ အနံ ၁၂-လက်မ (၁-ပေ) ဖြစ်သည်။ [ဤအဖြေကို စိစစ်၍ သဘာဝကျ, မကျ မှန်, မမှန် ဝေဖန်တော်မူကြပါကုန်။]
ချဲ့ဦးအံ့။ ။ ပကတိပုရိသ၏ ၁-တောင့်ထွာသည် ၂၄-လက်မဖြစ်၍ ၁- တောင်သည် (” ) _ (” ) = ၁၆-လက်မ ဖြစ်သည်။ [ဤ ၁၆-လက်မ = ၁ တောင်ဟူသော အဖြေသည် ပြခဲ့ပြီးသော စာမျက်နှာ-၂၃၉မှတ်ချက်အပိုဒ်၌ “သီဟိုဠ် အဋ္ဌကထာဆရာမြတ်တို့လက်ထက် အများသုံးစွဲကြသော ပကတိပုရိသ ၏ အတောင်သည် အနည်းငယ်တိုနေ၍ ၁၈-လက်မ မပြည့်၊ ၁၆-လက်မသာ ရှိသည်”ဟု ဆိုသော စကားနှင့် ကိုက်ညီနေခြင်းကြောင့် ဤတွက်နည်းသည် သီဟိုဠ် အဋ္ဌကထာဆရာတို့၏ အလိုတော်ကျ ဖြစ်သော မဇ္ဈိမပုရိသဟတ္ထ (ခေါ်) ဝဍ္ဎကီဟတ္ထ အတိုင်းအထွာဖြင့် တွက်သောနည်းဖြစ်သည်ဟူ၍ ဆိုအပ်၏၊ နောက်ပြလတ္တံ့သော တွက်နည်းနှင့် ခေါ်ဝေါ်ရာ၌ မရောယှက်စေခြင်းငှာ ဤတွက်နည်းကို ‘မဇ္ဈိမဝဍ္ဎကီတွက်နည်း’ဟူ၍ ခေါ်ဆိုကြပါ။]
ထပ်၍ ချဲ့ဦးအံ့။ ။ အင်္ဂလိပ်လူမျိုးတို့ တီထွင်သော ၁၈-လက်မ = ၁-တောင် ဟူသော အတိုင်းအရှည် (စကေး) ရှိပါလျက် အထက်ဖော်ပြခဲ့ပြီးသော ၁၆-လက်မ = ၁-တောင်ဟူသော အတိုင်းအရှည်ဖြင့် တွက်ခြင်းသည် သဘာဝ ကျမှ ကျပါ၏လောဟု မေးဖွယ် ရှိ၏၊ မဖြေမီ ၁၈-လက်မ = ၁-တောင် ဟူသော အတိုင်းအရှည် (စကေး)ကို မူတည်၍ ပကတိပုရိသ၏ ၃၆-သစ် (၁-တောင့် ထွာ)၊ မဇ္ဈိမပုရိသ၏ ၂၄-သစ် (၁-တောင်)၊ ဘုရားရှင်၏ ၈-သစ်ရှိသော အဓိဋ္ဌာန် ဝိကပ္ပနာလောက်သည်ဟု ဆိုသော ထိုအဝတ်ထည်၏ အလျား အနံ ပမာဏကို ရှာ၍ ပြပါအံ့။ [ဤ ၁၈-လက်မ တစ်တောင်ကို ပကတိပုရိသ၏ အတောင်ဟု သိတော်မူကြပါ။]
၁။ ပကတိ၏ ၁-တောင်သည် = ၁၈-လက်မ
ထို့ကြောင့် ၁-တောင့်ထွာသည် = ( ) _ ( ) = ၂၇-လက်မ (အဖြေ)
၂။ ပကတိ၏ ၃၆-သစ် (၁-တောင့်ထွာ)သည် မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်) နှင့် ညီမျှခြင်းကြောင့် မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်)သည်လည်း ၂၇-လက်မပင် ဖြစ်သည်ဟူ၍ သိ။
၃။ မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်)သည် ဘုရားရှင်၏ ၈-သစ်နှင့် ညီမျှခြင်း ကြောင့် ဘုရားရှင်၏ ၈-သစ်သည်လည်း ၂၇-လက်မပင် ဖြစ်သည်ဟူ၍ သိ။
ဤ ၂၇-လက်မကား အဓိဋ္ဌာန် ဝိကပ္ပနာလောက်သည်ဟု ဆိုသော ထို အဝတ်ထည်၏ အယုတ်ဆုံး အလျားပမာဏတည်း။ ထို့ကြောင့် ထိုအဝတ်ထည် ၏ အနံပမာဏမှာ (အလျားအောက် ထက်ဝက် ငယ်နေခြင်းကြောင့်) ... ( ) _ ( ) = ၁၃ လက်မ (၁-ပေနှင့် ၁ လက်မ) ဖြစ်သည်ဟူ၍သိ။
အထက်၌ ပြခဲ့သော မဇ္ဈိမဝဍ္ဎကီတွက်နည်းနှင့် ခေါ်ဝေါ်ရာ၌ ကွဲပြားစေ ခြင်းငှာ ဤတွက်နည်းကို ‘အင်္ဂလိပ်တွက်နည်း’ဟူ၍ ခေါ်ဆိုကြပါ။ [ထိုကျမ်း စာမျက်နှာ ၄၆၁-အပိုဒ်-၅ ၌ “အင်္ဂလိပ်လူမျိုးတို့မှာ ထို ၁၈-လက်မကိုပင်လျှင် ၁-တောင်ဟု အသုံးပြုသည်”ဟူ၍ ဖော်ပြထား၏၊]
မှတ်ချက်။ ။ မဇ္ဈိမဝဍ္ဎကီတွက်နည်းထက် အင်္ဂလိပ်တွက်နည်းက အလျား၌ ၃-လက်မ၊ အနံ၌ ၁ လက်မ ကြီးနေ၏၊ ပြဆိုခဲ့ပြီးသော တွက်နည်း မူနှစ်ခုတို့တွင် အဘယ်မူကို ယူသင့်ပါသနည်း ဟူမူ - (၁) သီဟိုဠ်အဋ္ဌကထာ ဆရာမြတ်တို့လက်ထက် အများသုံးစွဲကြသော ပကတိပုရိသ၏ အတိုင်းအထွာ ကို ရည်၍ (၁၆-လက်မ = ၁-တောင်ဟူသော အတိုင်းအရှည်ဖြင့် တွက်ရာ) မဇ္ဈိမ၏ ၂၄-သစ်သည် ၂၄-လက်မဖြစ်သည်ဟူ၍ ထိုကျမ်း၌ အတည့်အလင်း ဆိုထားခြင်းကြောင့် တစ်ကြောင်း၊ (၂) ၁၈-လက်မ = ၁-တောင်ဟူသော အတိုင်း အရှည် (စကေး)ကို အင်္ဂလိပ်လူမျိုးတို့သာ အသုံးပြုကြ၍ ဝိနည်းကျမ်း၌ အကျုံးမဝင်ရကား ၎င်း(စကေး)ကို ယူလျှင် မဇ္ဈိမ၏ ၂၄-သစ်သည် ၂၇-လက်မ ဖြစ်မည်ဖြစ်၍ ထိုကျမ်းကို ဆန့်ကျင်ရာကျမည်ဖြစ်သောကြောင့် တစ်ကြောင်း၊ (၃) မဇ္ဈိမဝဍ္ဎကီတွက်နည်းမူက အင်္ဂလိပ်တွက်နည်းမူအောက် အလျား၌ ၃-လက်မ၊ အနံ၌ ၁" လက်မ ငယ်နေ၍ ဝိနည်းအရာဝယ် ဝိဝါဒရှိခဲ့လျှင် အလေး ဘက်သို့သာ လိုက်ရမည်ဟု ဆိုထားခြင်းကြောင့်တစ်ကြောင်း၊ (၄) ဂရုကို ယူရမည်ဟု ဆိုသည်နှင့်အညီ ထိုပကတိပုရိသ၏ ၁-တောင့်ထွာ အတိုင်းအရှည် ကို မဇ္ဈိမဝဍ္ဎကီတွက်နည်းမူဖြင့် တွက်၍ရသော အဖြေ ၂၄-လက်မ (၂-ပေ) သည်လည်း ယခုမျက်မြင် ပကတိပုရိသ (အလယ်အလတ်ဖြစ်သော ယောကျ်ား) ၏ တစ်တောင့်ထွာအောက် ၂-လက်မ ငယ်နေသည်ကို ကိုယ်တိုင်စမ်းသပ်၍ သိရသောကြောင့်တစ်ကြောင်း၊ (ဤအကြောင်းတို့ကြောင့်) မဇ္ဈိမဝဍ္ဎကီ တွက်နည်းမူကိုသာ ယူသင့်သည်ဟု ဆိုအပ်၏၊
အမှာ။ ။ သိက္ခာပုဒ်များ၌ အကျုံးဝင်သည့် သင်္ကန်းစသော အရာဝတ္ထုတို့၏ အတိုင်းအရှည်ပမာဏအတိအကျကို သိလိုမူ ပြဆိုခဲ့ပြီးသော မဇ္ဈိမဝဍ္ဎကီ တွက်နည်း၌လာသော ဘုရားရှင်၏ ၁-သစ်သည် ၃-လက်မ၊ မဇ္ဈိမ၏ ၁-သစ် သည် ၁-လက်မ၊ ပကတိ၏ ၁-သစ်သည် (")လက်မ ရှိသည်ဟူသော ‘မူ’ဖြင့် တွက်ယူတော်မူကြပါ။ [တိကျပြတ်သားသော အဖြေမှန် ထွက်ပါလိမ့်မည်။]
ထင်ရှားအောင် ထပ်၍ ပြပါဦးအံ့။ ။ နန္ဒတ္ထေရ (ခေါ်) သုဂတစီဝရသိက္ခာ ပုဒ်၌ ဘုရားရှင်၏ သင်္ကန်းတော် ပမာဏမှာ ဘုရားရှင်၏ အထွာတော်အားဖြင့် အလျား ၉-ထွာ၊ အနံ ၆-ထွာဖြစ်၏ဟု ဆိုခြင်းကြောင့် မဇ္ဈိမ၏ အထွာအားဖြင့် ယူသော် အလျား ၂၇-ထွာ၊ အနံ ၁၈-ထွာဖြစ်၍ ပကတိ၏ အထွာအားဖြင့် ယူသော် အလျား (၄၀’ )ထွာ၊ အနံ ၂၇-ထွာ ဖြစ်သည်။ ဤသင်္ကန်း၏ ပမာဏကို သုံးဦးစလုံး၏ အတောင်အထွာ အသီးသီးတို့ဖြင့် မဇ္ဈိမဝဍ္ဎကီတွက်နည်းမူအရ တွက်ပြပါအံ့။
၁။ ဘုရားရှင်၏ ၁-သစ်သည် = ၃-လက်မ
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = ၃ _ ၂၄
= ၇၂-လက်မ = ၆-ပေ
ထို့ကြောင့် ၉-ထွာ (၄-တောင်)သည် = (") _ (")
= ၂၇-ပေ (အဖြေ)
၂။ မဇ္ဈိမ၏ ၁-သစ်သည် = ၁-လက်မ
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = ၂၄-လက်မ = ၂-ပေ
ထို့ကြောင့် ၂၇-ထွာ ( တောင်)သည် = (") _ (")
= ၂၇-ပေ (အဖြေ)
၃။ ပကတိ၏ ၁-သစ်သည် = (") လက်မ
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = (") _ (")
= ၁၆-လက်မ= ( ) ပေ
ထို့ကြောင့် ၄၀ = ထွာ ( _ = တောင်) သည်
= ( ) _ ( )
=၂၇-ပေ (အဖြေ)
ဤကား ဘုရားရှင်၏ သင်္ကန်း အလျားပမာဏတည်း။
အနံအတွက် —
၁။ ဘုရားရှင်၏ ၁-သစ်သည် = ၃-လက်မ
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = ၃ _၂၄
= ၇၂-လက်မ = ၆-ပေ
ထို့ကြောင့် ၆-ထွာ (၃-တောင်)သည် = ၆ _ ၃
= ၁၈-ပေ (အဖြေ)
၂။ မဇ္ဈိမ၏ ၁-သစ်သည် = ၁-လက်မ
ထို့ကြောင့် ၂၄-သစ် (၁ တောင်)သည် = ၂၄-လက်မ = ၂-ပေ
ထို့ကြောင့် ၁၈-ထွာ (၉-တောင်)သည် = ၂ _ ၉
= ၁၈-ပေ (အဖြေ)
၃။ ပကတိ၏ ၁-သစ်သည် = (") လက်မ
ထို့ကြောင့် ၂၄-သစ် (၁-တောင်)သည် = (") _ (")
16-လက်မ
= (") ပေ
ထို့ကြောင့် ၂၇-ထွာ ( တောင်)သည် = (") _ (")
= ၁၈-ပေ (အဖြေ)
ဤကား ဘုရားရှင်၏ သင်္ကန်းအနံပမာဏတည်း။ ထို့ကြောင့် ဘုရားရှင်၏ သင်္ကန်းပမာဏမှာ အလျား ၂၇-ပေ၊ အနံ ၁၈-ပေ ဖြစ်သည်ဟု သိရ၏၊
နိဂုံးချုပ် ပြောလိုသည်မှာ အတောင်အထွာဖြင့် ယူခြင်းသည်လည်း မှန်ပါ ၏၊ သို့သော် ပေ လက်မဖြင့် ယူခြင်းက ပို၍ တိကျပြတ်သားသည်ဟူ၍ ဖြစ်သည်။
မဇ္ဈိမဝဍ္ဎကီတွက်နည်း ပြီးပြီ။