၆၇။ သိက္ခာချနည်း

မပျော်မွေ့ဘဲ၊ လူးလဲခံကာ၊ မနေရာ၊ သိက္ခာချလေဘိ။

အဓိပ္ပာယ်။ ။ သာသနာတော်၌ ဂန္ထဓုရ, ဝိပဿနာဓုရ ဟူ၍ ဓုရ နှစ်ပါး ရှိ၏၊ စာပေကျမ်းဂန် သင်ကြားမှုသည် ဂန္ထဓုရ မည်၏၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုသည် ဝိပဿနာဓုရ မည်၏၊

သာသနာတော်၌ ရဟန်းဖြစ်သော သူသည် ဓုရနှစ်ပါးတွင် တစ်ပါးပါး သော ဓုရ၌ ပျော်မွေ့ရာ၏၊ တစ်ပါးပါးသော ဓုရ၌ မပျော်မွေ့ဘဲ သက်မွေးဝမ်း ကျောင်းမှုနှင့် ကိစ္စကုန်၍ သိက္ခာသီလနည်းပါး စတုပစ္စယ တဏှာလွန်ကဲလျက် အလူးအလဲခံကာ မနေရာ၊ သိက္ခာချ၍ လူထွက်ရာ၏၊

သိက္ခာတင်က၊ ပဉ္စင်္ဂ၊ ချမှု ဆဠင်္ဂါ။

အဓိပ္ပာယ်။ ။ ရဟန်းဖြစ်ရန် သိက္ခာတင်သောအခါ၌ ဝတ္ထုသမ္ပတ္တိ, ဉတ္တိသမ္ပတ္တိ, ကမ္မဝါစာသမ္ပတ္တိ, သီမာသမ္ပတ္တိ, ပရိသာသမ္ပတ္တိ ဟူသော သမ္ပတ္တိအင်္ဂါ ၅-ပါးနှင့် ပြည့်စုံလျှင် ရဟန်းဖြစ်၏၊ လူဖြစ်လို၍ တင်ပြီး သိက္ခာကို ချသောအခါ၌မူကား အင်္ဂါ ၆-ပါး စုံလင်မှ ကျ၏၊

သိက္ခာကျ အင်္ဂါ ၆-ပါး

စိတ်, ခေတ်, ကာလ၊ ပယောဂ၊ ဇာန, ပုဂ္ဂလာ။ [အင်္ဂါ ၆-ပါးတည်း။]
ချလိုစိတ်သန်၊ ခေတ်ပုဒ်မှန်၊ ပစ္စုပ္ပန်နှင့်သာ။
ဝစီမြွက်ဆို၊ လူပုဂ္ဂိုလ်၊ ဆိုခြင်း သိမှသာ။ [အင်္ဂါ ၆-ပါးအကျယ်။]

၁။ သိက္ခာချလိုသော စိတ် ရှိသည်လည်းဖြစ်စေ၊
၂။ ‘ဗုဒ္ဓံ ပစ္စက္ခာမိ’အစရှိသော သိက္ခာကို ကျစေနိုင်သော ခေတ်ပုဒ်လည်း မှန်စေ၊
၃။ ပစ္စုပ္ပန်ကာလနှင့် ယှဉ်သော ဝတ္တမာန်ဝိဘတ်, ပဉ္စမီဝိဘတ်များလည်း ဖြစ်စေ၊
၄။ မြွက်ဆိုခြင်း ဝစီပယောဂကို ပြုသည်လည်းဖြစ်စေ၊
၅။ နားထောင်သူကလည်း လူပုဂ္ဂိုလ်မှန်စေ၊
၆။ ထိုခေတ်ပုဒ်ကို ရွတ်ဆို၍ ဆုံးလျှင်ဆုံးချင်း ဤသူသည် ရဟန်းသိက္ခာကို စွန့်ပါသည်တကားဟု သိသည်လည်း ဖြစ်စေ၊ အင်္ဂါ ၆-ပါး စုံလင်ခဲ့လျှင် ထိုခဏ၌ သိက္ခာကျလေ၏၊

မှတ်ချက်။ ။ ပစ္စုပ္ပန်ကာလဆိုရာ၌ ‘အလံ မေ ဗုဒ္ဓေန’ စသည်ကိုလည်း သင်္ဂြိုဟ်လေ။ ဗုဒ္ဓံ ပစ္စက္ခာမိ၊ ဓမ္မံ ပစ္စက္ခာမိ၊ သံဃံ ပစ္စက္ခာမိ၊ သိက္ခံ ပစ္စက္ခာမိ-စသည်, ‘ဂိဟီတိ မံ ဓာရေဟိ၊ ဂဟဋ္ဌောတိ မံ ဓာရေဟိ၊ ဥပါသကောတိ မံ ဓာရေဟိ၊ သာမဏေရောတိ မံ ဓာရေဟိ’ စသည် ခေတ်ပုဒ် အများရှိသည်တွင် တစ်ခုသော ခေတ်ပုဒ်နှင့်ပင် သိက္ခာကျ၏၊ ‘ဗုဒ္ဓံ ပစ္စက္ခာမိ = ဘုရားကို စွန့်ပါ၏’ဟု ဆိုသော်လည်း ဘုရားကို မကိုးကွယ်လို၍ ဆိုသည် မဟုတ်၊ သိက္ခာကျရုံမျှ ဆိုသည်ဖြစ်၍ အကုသိုလ်မဖြစ်၊ ‘သိက္ခံ ပစ္စက္ခာမိ’ နှင့် ‘ဂိဟီတိ မံ ဓာရေဟိ’ကို အဆိုများ၏၊

မဆိုမီ ရှေ့အဖို့၌ အနက်အဓိပ္ပာယ်ကိုလည်းကောင်း, လူဖြစ်ရန် ပြုလုပ်မှုကို လည်းကောင်း သိနိုင်သော ပုဂ္ဂိုလ်ကို ရွေးချယ်၍ ထိုပုဂ္ဂိုလ်ထံ၌ ချရာ၏၊ ချသော အခါ၌လည်း အကြိမ်များစွာ ရွတ်ဆို၍ ချရာ၏၊ ဤ ပုဂ္ဂိုလ်ထံမှာ ၃-ကြိမ် ၄-ကြိမ်, ထိုပုဂ္ဂိုလ်ထံမှာ ၃-ကြိမ် ၄-ကြိမ်သော်လည်း ချရာ၏၊

အင်္ဂါ ၆-ပါး ညီညွတ်ပြီဟု စိတ်ချရမှ တန်လေ၊ သိက္ခာချပါလျက် အင်္ဂါမညီ ညွတ်၍ သိက္ခာမကျ ရှိနေခဲ့သော် လူ့ဘောင်သို့ ရောက်ကာလ ပါရာဇိကမှုကို ကျူးလွန်မိလျှင် ထိုအခါမှ ပါရာဇိကကျမှု ရောက်လေရာ၏၊ သံဃာဒိသေသ်မှုကို ကျူးလွန်ခဲ့သော် သံဃာဒိသေသ် သင့်လေရာ၏၊[သတိရှိတော်မူကြပါကုန်၊၊]

သိက္ခာ ချနည်း ပြီးပြီ။