ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၆၄။ သိမ်ခန်း အမြွက်
3387ဝိနည်းဥပဒေတော်ကြီး — ၆၄။ သိမ်ခန်း အမြွက်အရှင်သြဘာသ

၆၄။ သိမ်ခန်း အမြွက်

သိမ်ပျက် ၁၁-လုံး

၁။ အတိခုဒ္ဒကာ,
၂။ အတိမဟတီ,
၃။ ခဏ္ဍနိမိတ္တာ,
၄။ ဆာယာနိမိတ္တာ,
၅။ အနိမိတ္တာ,
၆။ ဗဟိ သီမေ ဌိတသမ္မတာ,
၇။ နဒိယံ သမ္မတာ,
၈။ သမုဒ္ဒေ သမ္မတာ,
၉။ ဇာတဿရေ သမ္မတာ,
၁၀။ သီမာယ သီမံ သမ္ဘိန္ဒန္တေန သမ္မတာ,
၁၁။ သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မတာ။

ဝိပတ္တိ သိမ်ပျက် ၁၁-ပါး ဆောင်ပုဒ်။

၁။ အတိခုဒ္ဒကာ = ၂-ကျိပ် ၁-ယောက် မထိုင်လောက်ဖွယ် အလွန်ငယ်သော သိမ်ပျက်။
၂။ အတိမဟတီ = ၃-ယူဇနာထက် ကျယ်ပြီး အလွန်ကြီးမားသော သိမ်ပျက်။
၃။ ခဏ္ဍနိမိတ္တာ = နိမိတ်ကျိုးပြတ်သော သိမ်ပျက်။
၄။ ဆာယာနိမိတ္တာ = တောရိပ်, တောင်ရိပ်၊ သစ်ပင်ရိပ်ကို နိမိတ်ပြုလုပ်သော သိမ်ပျက်။
၅။ အနိမိတ္တာ = နိမိတ် လုံးလုံးမရှိပဲ သမုတ်သော သိမ်ပျက်။
၆။ ဗဟိ သီမေ ဌိတ သမ္မတာ = သိမ်ပ၌ တည်၍ သမုတ်သော သိမ်ပျက်။
၇။ နဒိယံ သမ္မတာ = မြစ်ပြင်၌ သမုတ်သော သိမ်ပျက်။
၈။ သမုဒ္ဒေ သမ္မတာ = သမုဒ္ဒရာအပြင်၌ သမုတ်သော သိမ်ပျက်။
၉။ ဇာတဿရေ သမ္မတာ = ဇာတဿရအိုင်အပြင်၌ သမုတ်သော သိမ်ပျက်။
၁၀။ သီမာယ သီမံ သမ္ဘိန္ဒန္တေန သမ္မတာ = သိမ်ဟောင်းနှင့်စပ် နဘေထပ်၍ သမုတ်သော သိမ်ပျက်။
၁၁။ သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မတာ = သိမ်ဟောင်းကို ခြုံငုံ၍ သမုတ် သော သိမ်ပျက်။ [အနက်။]

ကြီး, ငယ်, ကျိုး, ရိပ်၊ အ နိမိတ်၊ ဗဟိဒ်တည် သမုတ်။
အိုင်, သမုဒ်, မြစ်၊ စပ်, လွှမ်းလစ်၊ ဆယ့်တစ် သိမ်ပျက်ထုတ်။

လင်္ကာဖြစ်၍ အချို့ ရှေ့နောက် ပြန်သည်။

သိမ် ၂-မျိုး

ဗဒ္ဓါဗဒ္ဓ၊ သိမ်နှစ်ဝ၊ ဗဒ္ဓခဏ်, မဟာ။

၁။ သမုတ်၍ဖြစ်သော ဗဒ္ဓသိမ်,
၂။ သမုတ်မှုမရှိသော အဗဒ္ဓသိမ်ဟူ၍ နှစ်မျိုး ရှိ၏၊

ထိုတွင် ဗဒ္ဓသိမ်သည် ခဏ္ဍသိမ်, မဟာသိမ် ဟူ၍ နှစ်မျိုး ရှိပြန်၏၊

တိုက်ထောင့် ခဏ္ဍ၊ တိုက်လုံးကျ၊ ဗဒ္ဓ သိမ်မဟာ။

ခဏ္ဍသိမ်။ ။ ကျောင်းတိုက်တစ်ခုလုံးကို မခြုံမငုံမူ၍ ကျောင်းတိုက်၏တစ် ပိုင်းတစ်စိတ်, တစ်ထောင့်, တစ်ကွက်၌ သမုတ်သော ဗဒ္ဓသိမ်သည် ခဏ္ဍသိမ် မည်၏၊

မဟာသိမ်။ ။ ကျောင်းတိုက်တစ်ခုလုံးကိုဖြစ်စေ၊ အနီးအစပ်ဖြစ်သော ကျောင်းတိုက်အများကိုဖြစ်စေ ခြုံ၍ သမုတ်သော ဗဒ္ဓသိမ်သည် မဟာသိမ် မည်၏၊

မှတ်ချက်။ ။ ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်ပြည်မှာ ၁၈-ရပ်သော ကျောင်းတိုက်ကြီးတို့ကို တစ်သိမ်တည်းပြု၍ သမုတ်၏၊ သီဟိုဠ်ကျွန်း၌ အရှင်မဟိန္ဒထေရ်သည် အနုရာဓမြို့ပါ ခြုံ၍ သမုတ်၏၊ အနုရာဓမြို့သည် သိမ်တွင်းကျ၏၊ ယခုကာလ၌ကား သိမ်ဆိုလျှင် လူများမဝင်ရဟု ထင်မှတ်ကြ ၏၊ မာတုဂါမများ မဝင်ဝံ့ ရှိကြ၏၊ အနုရာဓမြို့သူတို့ကား သိမ်တွင်း၌ နေကြရကုန်၏၊

နိမိတ်ကမ္မဝါ၊ ပရိသာ၊ သုံးဖြာ, သံ, ဝိပ်လာ။

အဓိပ္ပာယ်။ ။ ထိုဗဒ္ဓသိမ် နှစ်ပါး၌ နိမိတ္တသမ္ပတ္တိ-ဝိပတ္တိ, ကမ္မဝါစာ သမ္ပတ္တိ-ဝိပတ္တိ, ပရိသာသမ္ပတ္တိ-ဝိပတ္တိဟူ၍ သမ္ပတ္တိ ၃-ပါး, ဝိပတ္တိ ၃-ပါးစီ လာရှိ၏၊

မှတ်ချက်။ ။ ထိုတွင် ကမ္မဝါစာသမ္ပတ္တိ-ဝိပတ္တိ၊ ပရိသာသမ္ပတ္တိ-ဝိပတ္တိ တို့မှာ ပြလတ္တံ့သော ရဟန်းခံအမြွက်၌ ဆိုထားသော နည်းကို မှီ၍ သိအပ်၏၊ ဤ၌ “ဝတ်, ဉတ်, ကမ္မဝါ, သိမ်, ပရိသာ၊ ငါးဖြာ သမ္ပတ္တိ”ဟူ၍ ဆိုခဲ့သော ငါးပါးတို့၌ ဉတ်, ကမ္မဝါ, ပရိသတ် ၃-ပါးတို့ကို ယူလေ။

သမုတ်ဆဲဖြစ်သော သိမ်ကိုပင် ဝတ္ထုပြု၍ ဆိုလိုမူကား အတိခုဒ္ဒက, အတိမဟန္တ, နဒိယံ သမ္မတ, သမုဒ္ဒေ သမ္မတ, ဇာတဿရေ သမ္မတတို့ကို ဝတ္ထုဝိပတ္တိသိမ် ဆိုလေ။ ဆာယာနိမိတ္တ, ခဏ္ဍနိမိတ္တ, အနိမိတ္တတို့ကား နိမိတ္တဝိပတ္တိတို့တည်း၊ ဗဟိသီမေ ဌိတ သမ္မတကား ကမ္မဝါစာဝိပတ္တိ၌ လျော်၏၊

နိမိတ် ၈-ပါး

တောင်, ကျောက်, တော, သစ် မဂ်, ရေ, မြစ်၊ တောင်ရှစ်-နိမိတ်လာ။

၁။ တောင်နိမိတ်, ၂။ ကျောက်နိမိတ်, ၃။ တောနိမိတ်, ၄။ သစ်ပင်နိမိတ်, ၅။ ခရီးနိမိတ်, ၆။ ရေနိမိတ်, ၇။ မြစ်နိမိတ်, ၈။ တောင်ပို့နိမိတ် ဟူ၍ နိမိတ် ၈-ပါး လာ၏၊

ကျောက်နိမိတ်

ဗာတ္တိံ ပလ၊ တင်လဲမျှ၊ လောက်ထ ကျောက်နိမှာ။

ချိန်ဝန်ဖြစ်သော ပိုလ်ကို ပလဆိုသည်။ ၃၂-ပိုလ်ရှိသော တင်လဲခဲမျှ သဏ္ဌာန်ပမာဏရှိသော ကျောက်တုံးသည် ကျောက်နိမိတ်၌ အယုတ်ဆုံးအားဖြင့် နိမိတ်လောက်၏၊ ထိုထက် ကြီးမူကား ၇-တောင့်ထွာ ရှိသော ဆင်ကောင်ပမာဏအောက် ယုတ်သည်တိုင်အောင် ကြီးစေရ၏၊ ထိုထက်ကြီးမူ ကျောက်နိမိတ် မကြားရ၊ တောင်နိမိတ်ပြု၍ ကြားရ၏၊

ရေနိမိတ်

ထွက်ရေ, လောင်းရေ၊ ဤနှစ်ထွေ၊ လောက်လေ ရေနိမှာ။
ကံပြီးရုံမျှ၊ တည်နေက၊ လောက်ထရေနိသာ။

ရေနိမိတ်သိမ်၏ ပတ်လည် အရပ် ၈-မျက်နှာ ၈-ဌာနတို့မှာ တူး၍ထား သော တွင်းတို့၌ ထိုတွင်းမှ ထွက်သော ရေဖြစ်စေ, တခြားတပါးမှ ခပ်ဆောင်၍ လောင်းသော ရေဖြစ်စေ ရေနိမိတ်လောက်သည်ချည်း ဖြစ်၏၊

မှတ်ချက်။ ။ အနည်း အများမှာလည်း နိမိတ်ကြားခါနီးမှသည် သိမ် သမုတ်ကမ္မဝါစာ ပြီးဆုံးသည်တိုင်အောင် မကုန်ခန်းဘဲ တည်နေလောက်အောင် ရှိလျှင်ပင် နိမိတ်လောက်၏၊ ကြွင်းသော နိမိတ်တို့ကိုမူကား ယခုကာလ၌ လုပ်ရိုး မပြုကြ၍ မဆိုလိုက်ပြီ၊ အဋ္ဌကထာမှာ ယူလေ။

ဗဒ္ဓအချင်းချင်း အဇ္ဈောတ္ထရဏ, သမ္ဗန္ဓ, သင်္ကရ ဖြစ်ပုံ
ဗဒ္ဓသိမ်ချင်း၊ လွှမ်း, စပ်ခြင်း၊ အလျင်းမပြုရာ။

အဓိပ္ပာယ်။ ။ အဇ္ဈောတ္ထရဏကို ‘လွှမ်း’ဆိုသည်၊ သမ္ဗန္ဓကို ‘စပ်’ဆိုသည်၊ သိမ်ဟောင်း၌ သိမ်သစ်က လွှမ်းမိုးမှု, ထိစပ်မှုတို့ကို ဆိုသည်။

သိမ်မှီထိက၊ ကံပျက်ရ၊ သီမသင်္ကရာ။

အဓိပ္ပာယ်။ ။ သိမ်မှီဆိုသည်ကား သိမ်တွင်းမှာ ဆောက်သော ဇရပ် တန်ဆောင်းစသည်, သိမ်တွင်းမှ ပေါက်သော သစ်ပင်ချုံနွယ်စသည်, သိမ်တွင်းမှာ ရှိသော တုံး, တိုင်, သစ်, ဝါး စသည်တို့ကို သိမ်မှီ ဆိုသည်။

သီမာသင်္ကရ။ ။ ဗဒ္ဓသိမ်တစ်ခုမှ ပေါက်သော သစ်ပင်, ချုံ, နွယ်သည် တစ်ပါးသော ဗဒ္ဓသိမ်၌ ထိ၍ တည်အံ့၊ တစ်ပါးသော ဗဒ္ဓသိမ်၌ ပေါက်သော သစ်ပင်, ချုံ, နွယ်တို့ကို ထိစပ်ရောယှက်၍ တည်အံ့၊ သီမာသင်္ကရ ဖြစ်၏၊

ဖြစ်ပုံ။ ။ ဤသိမ်၌ ကံပြုလိုလျှင် ထိုသိမ်တွင်းရှိ သံဃာကိုလည်း ဟတ္ထပါသ်တွင် ပါဝင်စေရ၏၊ ထိုသိမ်၌ ကံပြုလျှင် ဤသိမ်တွင်းရှိ သံဃာကိုလည်း ပါဝင်စေရ၏၊ မပါဝင်ခဲ့လျှင် ထိုကံပျက်၏၊

ထိစပ်ရောယှက်သော အကိုင်းအခက်တို့ကိုသော်လည်း ဖြတ်တောက် ရှင်းလင်းပြီးမှ ပြုရ၏၊ မြေ၌ နွယ်၍သွားသော မြက်နွယ်ကူးယှက်သည်ကိုပင် သုတ်သင်ကြကုန်ရာ၏၊

သိမ်နုတ်ဆဲအခါ, သိမ်သမုတ်ဆဲအခါတို့၌လည်း သိမ်တွင်းနှင့် သိမ်ပြင်မှီ ဝတ္ထုကူးယှက်ခြင်းများကို သုတ်သင်ကြကုန်ရာ၏၊

သိမ်အပြင်အရပ်သည် ဗဒ္ဓသိမ်ဟောင်းရှိနေသော ဌာနဖြစ်ခဲ့သော် ထိုသိမ်ဟောင်းအတွင်း၌ ရှိနေသော သံဃာကို မသိမ်းမိလျှင် သိမ်နုတ်ကံ ပျက်ရာ၏၊

သိမ်ဟောင်းတစ်စိ၊ ရှိ, မရှိ၊ အသိခက်လှစွာ။
သိမ်မှီရောထ၊ သင်္ကရ၊ ကြောင့်ကြစိုက်ဖို့ရာ။

အဓိပ္ပာယ်။ ။ တော၌ဖြစ်စေ၊ ရွာ၌ဖြစ်စေ၊ သာသနာတော် အဓွန့်ရှည် ကြာလှပြီဖြစ်၍ ဤနေရာ၌ကား သိမ်ဟောင်းရှိသည် မရှိသည်ကို ပိုင်နိုင်စွာ သိခြင်းငှာ ခက်ခဲလှ၏၊ ထို့ကြောင့် ထိုနေရာမှာ သိမ်သမုတ်လိုလျှင် သိမ်မနုတ်မီ သမုတ်မည့်သိမ်နှင့် ၎င်း၏ ပြင်ပအရပ်တို့၌ တုံး, တိုင်, ကန့်လန့်ကာ, ဖျာ ရိုင် သင်ဖြူး, မဏ္ဍပ်ကန္နား, သစ်ကိုင်းသစ်ခက်, နွယ်မြက် စသည် မကူးယှက်စေခြင်းငှာ အထူးကြောင့်ကြစိုက်၍ သုတ်သင်အပ်၏၊ [ဗဒ္ဓသိမ်အမြွက် ပြီး၏၊]

ဂါမသိမ်, သတ္တဗ္ဘန္တရသိမ်, ဥဒကုက္ခေပသိမ် ၃-မျိုး

ရွာနယ်, မြို့နယ်၊ နိဂုံးနယ်၊ သိမ်နယ်သီးသီးသာ။

အဓိပ္ပာယ်။ ။ ထိုထို တိုင်းပြည်အတွင်း၌ သူကြီးတစ်ယောက် ကြီးစိုးရာ ဖြစ်ကြသော ရွာနယ်အသီးသီး, မြို့နယ်အသီးသီး, နိဂုံးနယ်အသီးသီးသည် တစ်ခု တစ်ခုစီသော ဂါမသိမ် အသီးအသီး ဖြစ်ကြ၏၊ အသီးအသီးသော ဗဒ္ဓသိမ်စုနှင့် တူ၏၊

တစ်ခုသော ရွာနယ်တွင်ရှိသော သံဃာကို အကုန်သိမ်းရုံးနိုင်ခဲ့သည် ရှိသော် ထိုနယ်ရွာအတွင်းမှာ ဘယ်နေရာ၌မဆို ဥပသမ္ပဒ စသော ကံကြီး, ကံငယ်တို့ကို ပြုရ၏၊

အနီးအစပ် ဖြစ်ကုန်သော တစ်ပါးသော ရွာနယ်တို့နှင့် သစ်ပင်, ချုံ, နွယ် စသည် ကူးယှက်သော်လည်း အဋ္ဌကထာတို့၌ သင်္ကရ ဖြစ်မှုကို ပြဆိုချက် မရှိ။

ဝိသုံဂါမသိမ်

ဂါမကြီး၌၊ နယ်သီးကွက်မှု၊ မင်းစိုးပြု၊ ဝိသုံဂါမသာ။

တစ်ခုသော ရွာနယ်ကြီးအတွင်း၌ တစ်ခုသော မြေအကွက်ကို အရပ်လေး မျက်နှာတို့၌ သတ်မှတ်ပိုင်းခြား၍ ဤမြေကွက်အရပ်သည် နယ်သီးဖြစ်စေဟု မြေ, ရေကို ပိုင်သော မင်းစိုးရာဇာတို့က နယ်သီးပြုလုပ်ခဲ့သည်ရှိသော် ထိုအရပ် အကွက်သည် အသီးသော ဂါမသိမ်တစ်ခု ဖြစ်ပြန်၏၊ ဝိသုံဂါမသိမ်ဟူ၍ ခေါ်၏၊

ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တေ ဧကံ ပဒေသံ အယမ္ပိ ဝိသုံဂါမော ဟောတူတိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ၊ သောပိ ဝိသုံဂါမသီမာ ဟောတိ ယေဝ။ — ဟူသော အဋ္ဌကထာ၌ ယခုကာလကဲ့သို့ သိမ်သမုတ်ရန် အမိန့်ခံ သော ဝိသုံဂါမကို ပြဆိုရင်း မဟုတ်၊ တစ်ဦးတစ်ယောက်သော သူအား အထူး ချီးမြှောက်သောအားဖြင့် နယ်စား, ပယ်စား ကွက်ခြား၍ ပေးမှုကို ဆိုသတည်း၊ ကဿစိ ဒေတိ--ဟူ၍ ဆိုပေသည်။ ဤကဲ့သို့ ပေးအပ်သော အရပ်သည် လည်း ဝိသုံဂါမတစ်မျိုး။

ယခုကာလ၌ ဗဒ္ဓသိမ် သမုတ်လောက်ရုံ အနည်းအကျဉ်းမျှဖြစ်သော မြေကွက်ကို သိမ်သမုတ်ရန် အမိန့်ခံရာမျိုး၌မူကား နယ်စား, ပယ်စားအဖြစ်နှင့် တစ်စုံတစ်ယောက်သော သူအား မပေးဘဲနှင့်ပင်လျှင် ဤအရပ်သည် နယ်သီး, ပယ်သီးဖြစ်စေ ဟူ၍ ရေ, မြေကို ပိုင်သော မင်းစိုးရာဇာတို့က ပြုလုပ်၍ ပေးခဲ့သည်ရှိသော် ဝိသုံဂါမ ဖြစ်တော့သည်သာတည်း။

ထိုအရပ်အကွက်သည် ရွာကြီးနယ် မဟုတ်ပြီ၊ ရွာကြီး သူကြီးပိုင် မဟုတ်ပြီ။ဘယ်သူပိုင်သနည်းဟူမူ နယ်သီးပြုလုပ်သော မင်းစိုးရာဇာပိုင်၏၊ ထိုအရပ် အကွက်သည် ဥယျာဉ်, လယ်, ယာ လုပ်ကိုင်စားသောက်သူ မြေရှင်၏ မြေပင် ဖြစ်၏၊ လုပ်ကိုင်စားသောက်ရ၏၊ ဝိသုံဂါမအဖြစ်နှင့် ကံကြီး, ကံငယ်လည်း ဆောင်ရ၏၊ ဗဒ္ဓသိမ်သမုတ်လိုလျှင် ဂါမကြီးကို မသိမ်းဘဲပင် သမုတ်ရ၏၊

ဤဝိသုံဂါမ၏ အကြောင်းအရာတို့ကို ပြည့်စုံစွာ သိလိုသည်ရှိသော် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူသော ဝိသုံဂါမ ဝိနိစ္ဆယ, မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး စီရင်တော်မူသော ဝိသုံဂါမ ဝိနိစ္ဆယကျမ်းတို့၌ ရှုတော်မူကြပါကုန်။ [ဂါမသိမ်အမြွက် ပြီး၏၊]

သတ္တဗ္ဘန္တရသိမ်

ရွာနယ် လွတ်လေ၊ တော, တောင်, မြေ၊ ယူလေ သတ္တဗ္ဘန္တရာ။

လူတို့နေရာ ရွာနယ်, မြို့နယ်, နိဂုံးနယ်တို့မှ အလွတ် ဖြစ်၍ ဤအရပ်ကား မည်သည့် ရွာနယ်ဖြစ်သည်ဟု ပြောဆိုခွင့် မရှိသော တောအရပ်, တောင်အရပ်များ၌ သတ္တဗ္ဘန္တရသိမ်ကို ရအပ်၏၊

‘အဂါမကေ စေတိ ဂါမနိဂမနဂရသီမာဟိ အပရိစ္ဆိန္နေ အဋဝိပဒေသေ’ ဟူသော မဟာဝါ အဋ္ဌကထာနှင့် အညီတည်း။

တောင်နှစ်ဆယ့်ရှစ်၊ အဗ္ဘာန်တစ်၊ ခုနစ် ဆ နော ဧး။
ထုတ်ချင်းခတ်မူ၊ နှစ်ပြန်ယူ၊ တောင်မူ ဒွိ နော တေး။
သံဃာစွန်းမှ၊ ခုနစ် အန္တရာ၊ ယူမြဲသာ၊ သံဃာ ပွားတိုင်းပွား။


အဓိပ္ပာယ်။ ။ ၂၈-တောင်သည် အဗ္ဘန္တရတစ်ခု မည်၏၊ အဗ္ဘန္တရ ၇-ခု သည် အတောင် (၁၉၆) ရှိ၏၊ တစ်ဘက် အဖို့တည်း။ အရှေ့, အနောက်ဖြစ်စေ၊ တောင်, မြောက်ဖြစ်စေ၊ ထုတ်ချင်းခတ် တိုင်းတာသည်ရှိသော် အတောင် (၃၉၂) ဖြစ်၏၊ ဤကား သတ္တဗ္ဘန္တရသိမ်တစ်ခု၏ အကျယ်ပမာဏတည်း။

ဥပုသ်, ပဝါရဏာ ပြုသောအခါ၌လည်းကောင်း၊ ဥပသမ္ပဒ အစရှိသော ကံကြီး, ကံငယ် ပြုသောအခါ၌လည်းကောင်း၊ ထိုမျှလောက်သော အရပ်အဖို့ သည် တစ်ခုသော မဟာသိမ်နှင့် အလားတူ၏၊

သံဃာအများ စည်းဝေးရာ၌ သံဃာပရိသတ်၏ အစွန်းမှ ပြင်ဘက်၌ သတ္တဗ္ဘန္တရ သွား၏၊ ထို့ကြောင့် သတ္တဗ္ဘန္တရသိမ်မည်သည် သံဃာပွားတိုင်း သိမ်နယ် ကျယ်ပွား၏၊ နောက် ဥဒကုက္ခေပသိမ်မှာလည်း ဤနည်းတူ။

ဥဒကုက္ခေပ

မြစ်သမုဒြာ၊ ဇာတဿရ၊ ရေနယ်ကျ၊ ဥဒကုက္ခေပါ။

မြစ်ကြီး, မြစ်ငယ်, ပင်လယ်, သမုဒ္ဒရာ, ဇာတဿရ ခေါ်သော အင်းကြီး, အင်းငယ်, အိုင်ကြီး, အိုင်ငယ် ရေနယ် ရေခေတ် ဟူသမျှတို့၌ ဥဒကုက္ခေပသိမ်ကို ရအပ်၏၊

မိုးမှန်ရွာက၊ မိုးလေးလတွင်း၊ သင်းပိုင်စွတ်လောက်၊
စီးတုံမြောက်၊ လောက်ပြီး မြစ်အင်္ဂါ။
မိုးခေါင်သော်၎င်း၊ ဆောင်း, နွေရောက်ဘိ၊ ရေမရှိ၊ သဲထိ မြစ်ပင်သာ။


အဓိပ္ပာယ်။ ။ မိုးမှန်ဆိုသည်ကား မင်းစိုးရာဇာတို့ တရားစောင့်သော အခါ၌ မိုးဥတုမှာ ၅-ရက်တစ်ကြိမ်, ၁၀-ရက်တစ်ကြိမ် မလွန်မူ၍ ရွာသော မိုးကို မိုးမှန် ဆိုသည်။ ထိုကဲ့သို့ ရွာသောအခါ၌ မိုးလေးလပတ်လုံး အဝန်းညီစွာ ဝတ်ရုံ၍ ကူးသော ရဟန်း၏ သင်းပိုင်စွန်းကို စွတ်လောက်အောင် မပြတ်စီးသော ရေရှိသော ချောင်း, မြောင်းသည် အယုတ်ဆုံးအားဖြင့် မြစ်အင်္ဂါလောက်၏၊

မိုးမှန် မရွာမူ၍ မိုးပါးသောအခါ၌ မိုးလအတွင်းမှာပင် ရေပြတ်ခဲ့သော် လည်းကောင်း၊ ဆောင်းလ, နွေလတို့၌ ရေမရှိခဲ့သော်လည်းကောင်း သဲသောင်ပြင်အတိ ဖြစ်နေသော်လည်း မြစ်ပင်သာတည်း၊ မြစ်အင်္ဂါ မပျက်၊ သဲပြင်သောင်ပြင်ပေါ်၌ပင် ကံကြီး, ကံငယ်ပြုရ၏၊

ဇာတဿရ

လူမပြုဘဲ၊ သူ့အလိုဇဇ်၊ အင်း, အိုင် ဖြစ်၍၊ မိုးခေတ်လေးလ၊ ရေတည်က လောက်ထ ဇာတဿာ။
ဆောင်း, နွေရောက်ဘိ၊ ရေမရှိ၊ ပကတိ အပြင်သာ။

မိုးမှန်ရွာသောအခါ၌ လူတို့၏ တူးမှု, ဆွမှု, ဆည်မှု, ဖို့မှု တို့ဖြင့် ပြုပြင်ခြင်း မရှိဘဲ ရေ၏ အစွမ်းသက်သက်အားဖြင့် အင်း, အိုင်ကြီး, ငယ်ဖြစ်၍ မိုးလေးလ ပတ်လုံး လက်, ခြေ ဆေးလောက်အောင် ရေမပြတ်တည်နေသော ဌာနသည် ဇာတဿရအင်္ဂါ လောက်၏၊

မိုးပါးရှားသောအခါ မိုးလေးလအတွင်း၌သော်လည်းကောင်း၊ ဆောင်း, နွေတို့၌သော်လည်းကောင်း ရေမရှိသော်လည်း ထိုနေရာ၌ လူတို့သည် ဗူး, ဂျုံ, ဖရုံ, မုရင်းစိုက်ပျိုးမှုကို မပြုကြသည် ဖြစ်ကုန်မူကား ဇာတဿရ ပကတိအတိုင်းပင်၊ ရေမရှိသော အိုင်အပြင်၌ ကံကြီး, ကံငယ် ဆောင်ရ၏၊

အားကုန်လွှဲ၍ ရေ, သဲ, ကြဲပစ်၊ ကျရာခေတ်၊ သိမ်ဖြစ်ရေ, သောင်မှာ။

အဓိပ္ပာယ်။ ။ ရေရှိရာ၌ ရေကိုလည်းကောင်း, သဲသောင်ပြင်၌ သဲတို့ကို လည်းကောင်း အားကုန်လွှဲ၍ ပစ်ကြဲသည်ရှိသော် ထိုရေ, ထိုသဲတို့၏ ကျရာ အရပ်အတွင်းဖြစ်သော ရေပြင်, သောင်ပြင်အရပ်သည် ဥဒကုက္ခေပသိမ် ဖြစ်၏၊

မှတ်ချက်။ ။ ရေကြဲမှု သဲပစ်မှုတို့မှာ သိမ်ရောက်ရာဌာနကို မှန်းထားလို သော်သာ ကြဲခွင့်, ပစ်ခွင့်ရှိသည်၊ ရေ, သဲ ပစ်ကြဲမှ ဥဒကုက္ခေပသိမ်ဖြစ်သည်-ဟု ဆိုလိုရင်း မဟုတ်၊ ထိုနေရာ၌ ကံပြုဆဲအခါမှာ သံဃာ၏ ထက်ဝန်းကျင်အရပ် ၈-မျက်နှာတို့၌ ရေတစ်လှမ်း, သဲတစ်လှမ်းအတွင်းသည် အလိုလို သိမ်ဖြစ် ၏၊ ဝဂ္ဂကမ္မကို စောင့်ရှောက်ရသော ကံဆောင်မှုနှင့် စပ်၍ ဖြစ်လေသောကြောင့် ကံပြုဆဲအခါ၌သာ ထိုသိမ်သည် တည်ရှိသည်၊ ကံမပြုမီ ရှေးအဖို့၌လည်း ကောင်း ကံပြုသည်မှ နောက်အဖို့၌လည်းကောင်း ထိုနေရာမှာ သိမ်ရှိသည် မဆိုရ၊ သတ္တဗ္ဘန္တရသိမ်၌လည်း ဤနည်းတူ။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အလို။ [ဤနေရာ၌ ဝါဒ အလွန်များ၏၊]

ရေပြင်, ရွှံ့ပြင်၊ ဖြစ်ခဲ့လျှင်၊ ထိုတွင် သိမ်ငြမ်းထား။

အဓိပ္ပာယ်။ ။ မြစ်အင်္ဂါ, ဇာတဿရအင်း, အိုင်အင်္ဂါညီညွတ်ရာ အရပ်တိုင်း၌ သိမ်ငြမ်းဆောက်၍ ပြုအပ်၏၊

လှေ, ဖောင်နှင့်သာ၊ ပြုကြရာ၊ ကမ်းမှာ မချည်ရ။

အဓိပ္ပာယ်။ ။ လှေ, ဖောင်တို့နှင့် ကံပြုရာ၌ လှေကြိုး, ဖောင်ကြိုးများကို မြစ်ကမ်း၌ လှမ်း၍ မချည်ရ၊ ထိုနေရာ၌သာ ဝါးစိုက်၍ ကျောက်ချ၍ ပြုရမည်။

အဗဒ္ဓချင်း အဇ္ဈောတ္ထရဏ, သမ္ဗန္ဓ, သင်္ကရ ဖြစ်ပုံ

အဇ္ဈောတ္ထရဏဖြစ်ပုံ။ ။ ပြဆိုခဲ့ပြီးသော တောအရပ်၌ သံဃာနှစ်သင်းတို့ သည် တစ်ဌာနနှင့် တစ်ဌာန သတ္တဗ္ဘန္တရ နှစ်ပြန်စာအတွင်း၌ ကံပြုကြကုန်အံ့၊ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ စ၍ ထိုထက်အလွန် သိမ်နယ် ချင်း ထပ်မိကြအံ့၊ အဇ္ဈောတ္ထရဏ ဖြစ်၏၊

သမ္ဗန္ဓဖြစ်ပုံ။ ။ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ ယုတ်လျော့၍ ထပ်မိကြအံ့၊ သမ္ဗန္ဓဖြစ်၏၊

သင်္ကရဖြစ်ပုံ။ ။ သိမ်နယ်တွင်း၌ ပေါက်ရောက်သော သစ်ပင်, ချုံ, နွယ် ကူးယှက် ထိပါးခဲ့အံ့၊ သင်္ကရ ဖြစ်၏၊ ကံပြုမှု တစ်ပြိုင်နက် ကျခဲ့လျှင် နှစ်သိမ်လုံး ပျက်၏၊ ရှေ့, နောက်ကျခဲ့လျှင် နောက်သိမ် ပျက်၏၊ ဥဒကုက္ခေပသိမ်ချင်း လည်း ဤနည်းတူ။

မှတ်ချက်။ ။ သတ္တဗ္ဘန္တရနှင့် ဥဒကုက္ခေပ ဖြစ်မူကား တည်ရာဌာနချင်း တခြားစီ ဖြစ်ကြ၍ အဇ္ဈောတ္ထရဏ, သမ္ဗန္ဓ နှစ်ပါး မရ၊ သစ်ပင်, ချုံ, နွယ် စသည် ကူးယှက်မှုအတွက်နှင့် ကံပျက်သင်္ကရကိုသာ ရထိုက်၏၊

ထို့ကြောင့် သံဃာတစ်သင်းနှင့် တစ်သင်းသည် တောနယ်မှာ ဖြစ်ခဲ့အံ့၊ အတောင် ၃-ရာခန့်ထက် မနည်းစေမူ၍ ပြုရာ၏၊ ရေနယ်မှာ ဖြစ်အံ့၊ အတောင် တစ်ရာထက် မနည်းစေမူ၍ ပြုကြရာ၏၊ အဘယ်ကြောင့်နည်းဟူမူ သိမ်နိမိတ်ကို အမှန်အကန် သိခြင်းငှာ ခက်ခဲလှ၏၊ သံဃာပွားတိုင်းလည်း သိမ်ပွားတတ် ၏၊ ကျယ်၍ကား မလွန်နိုင်၊ ထို့ကြောင့်ပေတည်း။

ဂါမနှင့် သတ်၊ ဥ-ရောလတ်၊ မအပ် ကံပျက်ကြ။

ဂါမနှင့် သတ္တဗ္ဘန္တရ၊ ဂါမနှင့် ဥဒကုက္ခေပတို့၌ အဇ္ဈောတ္ထရဏ, သမ္ဗန္ဓ နှစ်ပါး မရှိ၊ သစ်ပင်, ချုံ, နွယ် စသည် ကူးယှက်ထိစပ်မှုအတွက် ကံပျက် သင်္ကရ ကိုသာ ရအပ်၏၊

ဗဒ္ဓနှင့် အဗဒ္ဓ၊ အဇ္ဈောတ္ထရဏ၊ သမ္ဗန္ဓ, သင်္ကရ ဖြစ်ပုံ

ဂါမနှင့်ဗဒ်၊ လွှမ်းစပ်ရောဘိ၊ ပြစ်မရှိ၊ နိဿိ-နိဿယ။

အဓိပ္ပာယ်။ ။ ဂါမသိမ်နှင့် ဗဒ္ဓသိမ် နှစ်ပါးသည် နိဿယ, နိဿိတ ဖြစ်ကြ၍ အဇ္ဈောတ္ထရဏ အပြစ်လည်း မရှိ၊ သမ္ဗန္ဓအပြစ်လည်း မရှိ။ သစ်ပင်, ချုံ, နွယ် စသည် ကူးယှက်သော်လည်း ကံပျက်ရန် သင်္ကရအပြစ်လည်း မရှိ။ ဝိနယသံခိပ်ကျမ်း။ [ဤအဆိုကဲ့သို့ မဟာဝါဘာသာဋီကာ၊ ဥပေါသထက္ခန္ဓက အဖွင့်၊ နှာ-၃၂၃၊ အောက်ဆုံးအပိုဒ်၊ မှတ်ချက်၌ လာသည့် စာပိုဒ်၌လည်း ဆို၏၊၊]

ဗဒ္ဓနှင့် သတ်၊ ဥရောလတ်၊ သုံးရပ် အပြစ်ရ။

အဓိပ္ပာယ်။ ။ သတ္တဗ္ဘန္တရအပိုင်းအခြားနှင့် တစ်သင်းသော သံဃာ့ကံပြု၍ နေဆဲအခါ၌ အတောင်သုံးရာကျော်မျှ ကွာဝေးရာဌာနက ထိုသတ္တဗ္ဘန္တရသိမ်ကို ခြုံ၍ စပ်၍ သစ်ပင်စသည် ရောယှက်၍ ဗဒ္ဓသိမ် သမုတ်ခဲ့သော် ၃-ပါးလုံး အတွက်ပင် ထိုဗဒ္ဓသိမ် ပျက်ရာ၏၊

ရှေးအခါ၌ ဗဒ္ဓသိမ်ရှိဖူးသော ရွာသည် နောက်အခါ၌ ပျက်ပြား၍ တော နယ် ဖြစ်လေ၏၊ ထိုသိမ်ရှိရာအရပ်၌ သတ္တဗ္ဘန္တရသိမ်နှင့် ကံပြုရာ၌လည်း ၃-ပါးပင် ရသင့်၏၊ ဤ၌ သင်္ကရမှုမှာ ထိုဗဒ္ဓသိမ်ဟောင်း၌ သံဃာရှိလျက် မသိမ်းခဲ့မှသာ ကံပျက်ရာ၏၊

ဥဒကုက္ခေပလည်း ဗဒ္ဓသိမ်အရပ်သည် ရေလွှမ်းကမ်းပြိုမှုနှင့် မြစ်ပြင်ဖြစ် သွားရာ၌ မြစ်ပြင်မှာ ဥဒကုက္ခေပသိမ်အဖြစ်နှင့် ကံပြုကြရာ၌ ဥဒကုက္ခေပအပိုင်း အခြားသည် ဗဒ္ဓသိမ်အရပ်ကို လွှမ်းမိုးမှု, စပ်မှု၊ ထိုဗဒ္ဓသိမ်အရပ်၌ ကျောက်ချ၍ ထိုးဝါးစိုက်၍ ပြင်ပ၌ ကံပြုမှု စသည်ဖြင့် အပြစ် ၃-ပါးကို ထိုက်သည်အားလျော် စွာ သိလေ။

သီဟိုဠ်ကျွန်း ကလျာဏီမြစ်၌ မြစ်ကို ဖြတ်သန်းသော တံတားကြီးတစ်ခု ရှိ၏၊ မြစ်လယ်မှာ ထိုတံတား၏အနီး၌ ဥဒကုက္ခေပသိမ် တန်ဆောင်းငယ် ဆောက်လုပ်လျက်ရှိ၏၊ [သီဟိုဠ်ကျွန်းကို ယခု သီရိလင်္ကာဟု ခေါ်၏၊]

ကံပြုသောအခါ တံတားပေါ်မှ နင်းကြမ်းထိုး၍ သိမ်, တန်ဆောင်းသို့ ကူးကြ၏၊ သိမ်တန်ဆောင်း၌ သံဃာစု၍ ကံပြုမည် ရှိသော်အခါ၌ ထိုနင်းကြမ်းကို နုတ်ယူ၍ ထား၏၊ ကံပြုပြီးလျှင် ထိုနင်းကြမ်းခင်းပြန်၍ တံတားသို့ လျှောက်ကူး ကြ၏၊ တံတားခြေဖြစ်သော တိုင်တို့သည် ကံပြုသော ဌာနမှ ရေတကျ အတွင်း၌ ကျကုန်၏၊ အပ်, မအပ် အဓိကရုဏ်းကြီးစွာ ဖြစ်ကြ၏၊ ဂိုဏ်းပင် ကွဲကြ၏၊

ခမည်းတော် မင်းတုန်းရှင်ဘုရင် လက်ထက်၌ သီဟိုဠ်မှ အဆုံးအဖြတ် ခံယူရန် နှစ်ကြိမ် လာရောက်၏၊ ပထမအကြိမ်မှာ ထိုသိမ် မအပ်ကြောင်းကို သာသနာပိုင်ဆရာတော်ကြီးက ပါဠိဘာသာနှင့် ဝိနိစ္ဆယစကား ရေးသားဆုံးဖြတ် ၍ ပေးလိုက်သည်။ ဒုတိယအကြိမ်မှာ ထိုသိမ်အပ်ကြောင်းကို ခင်မကန်ဆရာတော်ကြီးက ပါဠိဘာသာနှင့် ဝိနိစ္ဆယစကား ရေးသားဆုံးဖြတ်၍ ပေးလိုက်သည်၊ ဂိုဏ်း နှစ်ဂိုဏ်းသည် ဝိနိစ္ဆယစာတမ်းကြီး ကိုယ်စီ လက်ကိုင်ရှိကြသဖြင့် ရှေးကထက် တိုးတက်၍ အခိုင်အမြဲ ကွဲပြားကြ၏၊ သာသနာပိုင်ဆရာတော်ကြီး၏ ဝိနိစ္ဆယကို ချီးမွမ်းသူ များကြ၏၊

သိမ်အရာမည်သည် အလွန်ခဲခက်လှ၏၊ နက်နဲ၏၊ ကျမ်းဂန်လည်း တတ်ပါမှ, အာစရိယလဒ္ဓေါပဒေသလည်း ကောင်းလှပါမှ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီး များ ပြုလုပ်သည်ကိုလည်း တွေ့ဖူးကြုံဖူးပါမှ နေရာကျ စီရင်တတ်သည်။ တော်ကာလျော်ကာဆရာနှင့် ထိုက်တန်သော အမှုပင် မဟုတ်ဟူ၍ ဂရုပြုသင့်ပေ သည်။

သိမ်ခန်း အမြွက် ပြီး၏၊