ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁၁။ အဓိကရဏသမထ (၇) ပါး
3399ဝိနည်းဥပဒေတော်ကြီး — ၁၁။ အဓိကရဏသမထ (၇) ပါးအရှင်သြဘာသ

၁၁။ အဓိကရဏသမထ ၇-ပါး

မှတ်ဖွယ်။ ။ သမထဖြင့် ငြိမ်းစေအပ်သော သဘောတရားသည် အဓိကရဏ မည်၏၊ ထို့ကြောင့် သာသနာတော်၌ အဓိကရုဏ်း ၄-ပါးတို့တွင် တစ်ပါးပါး ရောက်လျှင် သမထ ၇-ပါးတို့တွင် တစ်ပါးပါးဖြင့် ငြိမ်းအောင် ပြုရမည်။ ၎င်းသမထ ၇-ပါးတို့ဖြင့် အဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် ‘အဓိကရဏသမထ’ဟု ခေါ်သည်။

အရှင်တို့ ...ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော ဤ သဘောတရားတို့သည် သရုပ်အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊

ဖြစ်ကုန်ဖြစ်ကုန်သော ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိ ကရုဏ်း, ကိစ္စာဓိကရုဏ်းဟူသော အဓိကရုဏ်းလေးပါးတို့ကို ငြိမ်းစေခြင်းငှာ စဲစေခြင်းငှာ —

* ၁။ သံဃ, ဓမ္မ, ဝိနယ, ပုဂ္ဂလတို့ မျက်မှောက်ဖြစ်သော သမ္မုခါဝိနည်းကို ပေးအပ်၏၊
* ၂။ ရဟန္တာပုဂ္ဂိုလ်အားသာ ပေးအပ်သော သတိဝိနည်းကို ပေးအပ်၏၊
* ၃။ ရူးသော ရဟန်းအားသာ ပေးအပ်သော အမူဠှဝိနည်းကို ပေးအပ်၏၊
* ၄။ ဝန်ခံသည့်အတိုင်း ပြုအပ်သော ပဋိညာယ ကာရေတဗ္ဗ သမထကို ပြုအပ် ၏၊
* ၅။ ဓမ္မဝါဒီပုဂ္ဂိုလ်တို့ များရာသို့ လိုက်၍ပြုအပ်သော ယေဘုယျသိက သမထ ကို ပြုအပ်၏၊
* ၆။ ယုတ်မာသော ရဟန်းအားသာ ပြုအပ်သော တဿပါပိယသိက သမထ ကို ပြုအပ်၏၊
* ၇။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ ပြုအပ်သောတိဏဝတ္ထာရက သမထကို ပြုအပ်၏၊




အဓိကရုဏ်း (မငြိမ်သက်မှု) ၄-ပါး

၁။ ဝိဝါဒါဓိကရုဏ်းဆိုသည်ကား — တစ်စုံတစ်ခုသော တရားကို တစ်ဘက်က ‘ဓမ္မ’, တစ်ဘက်က ‘အဓမ္မ’ဟု ငြင်းခုံခြင်း၊ တစ်ဘက်က ‘ဝိနယ’, တစ်ဘက်က ‘အဝိနယ’ဟု ငြင်းခုံခြင်းစသည်ဖြင့် တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံမှုကို ဆိုသည်။

၂။ အနုဝါဒါဓိကရုဏ်းဆိုသည်ကား — သီလပျက်ခြင်း၊ အကျင့်အာစာရ ပျက်ခြင်း၊ အယူဝါဒပျက်ခြင်း၊ အသက်မွေးမှုပျက်ခြင်းဟူသော ပျက်ခြင်း တစ်မျိုးမျိုးဖြင့် စွပ်စွဲမှု စောဒနာမှုကို ဆိုသည်။

၃။ အာပတ္တာဓိကရုဏ်းဆိုသည်ကား — အာပတ်သင့်နေမှုကို ဆိုသည်။

၄။ ကိစ္စာဓိကရုဏ်းဆိုသည်ကား — အပလောကနကံ, ဉတ္တိကံ, ဉတ္တိဒုတိယကံ, ဉတ္တိစတုတ္ထကံဟူသော ကံလေးပါးတို့တွင် တစ်ပါးပါးသော ကံပြုမှုကို ဆိုသည်။

အဓိကရုဏ်းနှင့် သမထ

ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထကား သမ္မုခါဝိနည်း တစ်ပါး, ယေဘုယျသိက ကမ္မဝါစာ တစ်ပါးအားဖြင့် နှစ်ပါးတည်း။

အနုဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထကား သမ္မုခါဝိနည်း တစ်ပါး, သတိဝိနည်း တစ်ပါး, အမူဠှဝိနည်း တစ်ပါး, တဿပါပိယသိက ကမ္မဝါစာ တစ်ပါးအားဖြင့် လေးပါးတည်း။

အာပတ္တာဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထကား သမ္မုခါဝိနည်း တစ်ပါး, ပဋိညာတကရဏ တစ်ပါး, တိဏဝတ္ထာရက ကမ္မဝါစာ တစ်ပါးအားဖြင့် သုံးပါးတည်း။

ကိစ္စာဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထကား သမ္မုခါဝိနည်း တစ်ပါး သာတည်း။ [အကျယ်ကို စူဠဝဂ်ပါဠိတော် (မြန်မာပြန်) သမထက္ခန္ဓက၌ ရှု။]

အရှင်တို့ ...ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘောတရားတို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ထိုခုနစ်ပါး ကုန်သော အဓိကရဏသမထတို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်။ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြပါကုန်၏ဟူ၍ သိမှတ် ရ၏၊

ခုနစ်ပါးကုန်သော အဓိကရဏ သမထ အမည်ရှိကုန်သော သဘောတရားတို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။

အရှင်တို့ ... နိဒါန်းကို သရုပ်အားဖြင့် ပြခဲ့ပြီးပါပြီ၊ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ နှစ်ပါးကုန်သော အနိယတ အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ သုံးဆယ်ကုန်သော စွန့်ခြင်းဝိနည်းကံ ရှိကုန်သော နိဿဂ္ဂိယပါစိတ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ် အမည်ရှိကုန်သော အာပတ် တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ လေးပါးကုန်သော ပါဋိဒေသနီ အမည်ရှိ ကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ သေခိယ အမည်ရှိ ကုန်သော သိက္ခာပုဒ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘောတရားတို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ။ ဤမျှအတိုင်းအရှည်ရှိသော သိက္ခာပုဒ်တော်သည် ထိုမြတ်စွာဘုရား၏ ပါတိမောက်၌လာ၏၊ ပါတိမောက်၌ အကျုံးဝင်၏၊ လခွဲတစ်ကြိမ် သရုပ်အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်၏၊ ထိုပါတိမောက်၌ အလုံးစုံ ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ရဟန်းတို့သည် ငြင်းခုံခြင်း မရှိကုန်သည်ဖြစ်၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျင့်အပ်၏၊

အကျယ်ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။ သာဓု သာဓု သာဓု။

[ဝိတ္ထာရုဒ္ဒေသသည် ပြီးခြင်းသို့ ရောက်ပြီဟူ၍ဖြစ်စေ ရွတ်ဆိုအပ်၏၊]

ဘိက္ခုပါတိမောက် (မြန်မာသက်သက်) ပြီးပြီ။