ဝိနည်းဥပဒေတော်ကြီး/၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့်

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၅၀။ ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့်
3411ဝိနည်းဥပဒေတော်ကြီး — ၅၀။ ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့်အရှင်သြဘာသ

၅၀။ ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့်

ကထိန်ခင်းအပ်, မခင်းအပ်

ကထိန်အလှူနှင့် ပတ်သက်၍ ရဟန်းအချို့နှင့် စကားစပ်မိစပ်ရာ ပြောရာ ၌ “ဧကာဒသခန်းထက် လွန်၍ ကျမ်းဂန်မလာ”ဟု ဗန်းမော်ဆရာတော်ဘုရားကြီး ဆိုသည်ဟူ၍ ကြားသိရသောကြောင့် ဤစာအုပ်ကို တည်းဖြတ်ပြင်ဆင်ပေး သော ဆရာတော်ဘုရားထံသို့ စာရေးသူ သွား၍ အကျိုးအကြောင်း လျှောက် ထားပါသည်။ ၎င်းက “န စီဝရဝိစာရဏမတ္တေန အတ္ထတံ ဟောတိ ကထိနံ = သင်္ကန်းကို စီရင်ကာမျှဖြင့် ကထိန်ကို ခင်းအပ်သည် မဖြစ် (မမည်)”ဟု မဟာဝဂ္ဂပါဠိ၊ ကထိနက္ခန္ဓက၌လာသော စကားနှင့်တကွ “စီဝရဝိစာရဏမတ္တေနာတိ ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူတိ ဧဝံ ဝိစာရိတမတ္တေန = ၅-ခန်းသည်လည်းကောင်း၊ ၇-ခန်းသည်လည်းကောင်း၊ ၉- ခန်းသည် လည်းကောင်း၊ ၁၁-ခန်းသည်လည်းကောင်း ဖြစ်ပါစေ၊ ဤသို့ စီရင်ကာမျှဖြင့် ကထိန်ကို ခင်းအပ်သည်မဖြစ် (မမည်)”ဟု မဟာဝါ၊ အဋ္ဌကထာဆရာ ဖွင့်ဆို သော စကားကိုလည်း ဖတ်ပြ၍ မြန်မာလိုလည်း အဓိပ္ပာယ် ပြန်ပေးပါသည်။

ထို့နောက် ရင်းနှီးသော အစိုးရ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ သကျသီဟ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ စာချဆရာတော်တစ်ပါးထံသို့ အထက်၌ ပြဆိုခဲ့ပြီးသော မဟာဝါပါဠိတော် ၌လာသည့် စကားနှင့်တစ်ကွ မဟာဝါ အဋ္ဌကထာဆရာ ဖွင့်ဆိုသော စကားကို ညွှန်း၍ ၁၁-ခန်းထက် ပိုလွန်၍ ယူသင့် မယူသင့်ကို စာဖြင့် မေးလျှောက်ပါသည်။ ၎င်းထံမှ “ဦးဩဘာသ . .. မဟာဝဂ္ဂ အဋ္ဌကထာမှာ အရှင်ဘုရား ညွှန်းလိုက်သည့်အတိုင်း ကြည့်ရှုရာ စာရှိအတိုင်းမူ ၁၁-ခန်းထက် မပိုစေရဟုသာ ယူရန်ရှိပါသည်။ တပည့်တော်လည်း အခြားဋီကာ များ ပရိဝါ အဋ္ဌကထာများ၌လည်း ကြည့်ရှု ရှာဖွေပါသေးသည်။ သို့သော်လည်း ထူးခြားချက် မတွေ့ရ၊ မဟာဝါ မြန်မာပြန်မှာလည်း ‘၅-ခန်း၊ ၇-ခန်း စသော’ ဟုသာ ၁၁-ခန်း အတွင်းသာ ဘာသာပြန်ထားပြန်သည်။ ထို့ကြောင့် ထိုနေ့ရ၊ ထိုနေ့ချင်းတွင်း ပြီးအောင် ချုပ်ရ, ဆိုးရမည်။ ထိုသို့ ပြုလုပ်ချုပ်ဆိုးရာ၌ ‘ငါ ဓမ္မကထိကပဲ, ငါ ဓမ္မာစရိယပဲ’ စသည်ဖြင့် ဂုဏ်မာန်တက်၍ တစ်ပါးမျှ မနေ ကောင်း၊ အားလုံးနေ့ချင်း ပြီးအောင် ဝိုင်းဝန်းကူညီလုပ်ရမည် ဟူသော စကားကို ထောက်က အခန်းများစွာ ပြုလုပ်ခြင်းသည် သဘာဝကျမည် မတူသဖြင့် ၁၁-ခန်းကိုပင် အတည်ယူသင့်သည် ထင်သည်။ တပည့်တော်တို့ကျောင်းမှာတော့ ယခုပြီးသည့်နှစ်က ခင်းသော သင်္ကန်းမှာ ၃၅-ခန်း ဖြစ်ပါသည်။ ဆရာတော်က လည်း ဒီကိစ္စနှင့် စပ်၍ ဘာမျှ အမိန့်မရှိဖူးပေ၊ ချုပ်ပြီး ဆိုးပြီး ကိစ္စပြီးရသည်မို့ အခန်းဘယ်လောက်ပဲများများ အပ်သည်ဟု ယူရန်ရှိသော်လည်း ယခုထိတော့ စာမတွေ့သေးသဖြင့် ၁၁-ခန်းထက် ပိုသော သင်္ကန်းအပ်သည်ဟု မဆိုဝံ့ မဆိုသာ”ဟု ပြန်စာရပါသည်။ [ဤဆရာတော်ဘုရားလည်း ဤစာအရဆိုလျှင် ၁၁- ခန်းထက် လွန်၍ ကျမ်းဂန် မလာဟု ယူဆပြီဟူ၍ ဆိုရပေမည်။ သူတော်ကောင်းပီပီ သူ၏ ချွတ်ယွင်းချက်ကို ဝန်ခံပေသည်။ လှိုက်လှိုက်လှဲလှဲ ချီးကျူးဖို့ ကောင်း၏၊]

ဤထက် အကျယ်ဝေဖန်နိုင်စေခြင်းငှာ စာရှုသူတို့အား သိသင့်သိထိုက် သော အကြောင်းအရာများကို သိထားနှင့်စေလိုသောကြောင့် ကျမ်းများမှ ရွေးချယ်၍ ယူထားသော ကောက်နုတ်ချက်များကို တစ်ခုစီ တစ်ခုစီ တင်ပြပါအံ့။

၁။ မဟာဝဂ္ဂပါဠိ၊ ကထိနက္ခန္ဓက၌ — န စီဝရဝိစာရဏမတ္တေန အတ္ထတံ ဟောတိ ကထိနံ။ အနက် -- စီဝရဝိစာရဏမတ္တေန = သင်္ကန်းကို စီရင်ကာမျှဖြင့်။ ကထိန = ကထိန်ကို။ အတ္ထတံ = ခင်းအပ်သည်။ န ဟောတိ = မဖြစ် (မမည်) ဟု ဆို၏၊ [အထက်၌ ပြခဲ့ပြီးပြီ၊ “သင်္ကန်းကို စီရင်ကာမျှဖြင့်”ဆိုသော စကားသည် သင်္ကန်း အခန်းအရေအတွက်ကို အတိအကျ မဆိုဘဲ သာမညအားဖြင့်သာ “သင်္ကန်း”ဟု ဆိုခြင်းကြောင့် အခန်းမည်မျှပင်များများ များနိုင်သည်ဟု အဓိပ္ပာယ် ထွက်သည်ဟူ၍ ဆိုမည်ဆိုလျှင် ဆိုနိုင်၏၊]

၂။ ဤအပိုဒ်ကို မဟာဝဂ္ဂ အဋ္ဌကထာ၊ ကထိနက္ခန္ဓက၌ အောက်ပါ စကားဖြင့် ဖွင့်ပြပါသည်။

စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန။ အနက် -- စီဝရဝိစာရဏမတ္တေနာတိ = စီဝရဝိစာရဏမတ္တေန ဟူသည်ကား။ ပဉ္စကံ ဝါ = ၅- ခန်းသည်လည်း ကောင်း။ သတ္တကံ ဝါ = ၇- ခန်းသည်လည်းကောင်း။ နဝကံ ဝါ = ၉- ခန်းသည် လည်းကောင်း။ ဧကာဒသကံ ဝါ = ၁၁- ခန်းသည်လည်းကောင်း။ ဟောတု =ဖြစ်ပါစေ။ ဣတိ ဧဝံ = ဤသို့။ ဝိစာရိတမတ္တေန = စီရင်ကာမျှဖြင့်။ ကထိနံ = ကထိန်ကို။ အတ္ထတံ = ခင်းအပ်သည်။ န ဟောတိ = မဖြစ် (မမည်)။ [ပါဠိတော်၌ ပြန်စပ်၊ အထက်၌ ပြခဲ့ပြီးပြီ။ အပိုဒ်-၁ ကို ဤ အပိုဒ်-၂ ဖြင့် အဘယ်ကြောင့် ဖွင့်ဆိုသနည်းဟူမူ အထက်အပိုဒ်-၁ ၌ သင်္ကန်းအခန်းအရေအတွက်ကို အတိအကျ မဆိုခြင်းကြောင့် အခန်းအများကြီး ပြုလုပ်မည်စိုး၍ (ဝါ) ၅-ခန်းမှ ၁၁-ခန်းအထိသာ ပြုလုပ်စေလို၍ အပိုဒ်-၁ ကို ဤအပိုဒ်-၂ ဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်ဟူ၍ သိအပ်၏၊]

၃။ မဟာဝဂ္ဂပါဠိတော်၌ — န အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကန ဝါ တဒဟေဝ သဉ္ဆိန္နေန သမဏ္ဍလီကတေန အတ္ထတံ ဟောတိ ကထိနံ။

အနက် — တဒဟေဝ = ထိုသင်္ကန်းလျာ ပုဆိုးရသော နေ့မှာပင်လျှင်။ သဉ္ဆိန္နေန = ကောင်းစွာ ဖြတ်အပ်သော။ သမဏ္ဍလီကတေန = အိမ်ဝန်းကြီး အိမ်ဝန်းငယ် နှင့်တစ်ကွ ပြုအပ်သော။ ပဉ္စကေန ဝါ = ၅- ခန်းရှိသည့်သင်္ကန်းကို လည်းကောင်း။ အတိရေက ပဉ္စကေန ဝါ = ၅- ခန်းထက် ပိုလွန်သော အခန်း ရှိသည့် သင်္ကန်းကို လည်းကောင်း။ အညတြ = ကြဉ်ထား၍။ ကထိနံ = ကထိန် ကို။ အတ္ထတံ = ခင်းအပ်သည်။ န ဟောတိ = မဖြစ် (မမည်)ဟု ဆို၏၊

၄။ ဤအပိုဒ်ကို မဟာဝဂ္ဂအဋ္ဌကထာ၊ ကထိနက္ခန္ဓက၌ အောက်ပါ စကားဖြင့် ဖွင့်ပြပါသည်။

အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါတိ ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတွာ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ ကတေနေဝ ဝဋ္ဋတိ၊ ဧဝဥှိ သမဏ္ဍလီကတံ ဟောတိ။ တံ ဌပေတွာ အညေန အစ္ဆိန္နကေန ဝါ ဒွတ္တိစတုခဏ္ဍေန ဝါ န ဝဋ္ဋတိ။

အနက် — အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါတိ =အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ ဟူသည်ကား။ ပဉ္စ = ၅- ခုကုန်သော။ ခဏ္ဍာနိဝါ = အခန်းတို့ကိုလည်းကောင်း။ ကတွာ = ပြု၍။ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ = အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို။ ဒေဿတွာ = ပြ၍။ (ထင်စေ၍)။ ကတေနေဝ = ပြုအပ်သော သင်္ကန်းဖြင့်သာလျှင်။ ဝဋ္ဋတိ = ကထိန် ခင်းခြင်းငှာ အပ်၏၊ ဧဝံဟိ = ဤသို့ပြုသော်သာလျှင်။ သမဏ္ဍလီကတံ = အိမ် ဝန်းကြီး အိမ်ဝန်းငယ်နှင့်တကွ ပြုအပ်သော သင်္ကန်းသည်။ ဟောတိ = ဖြစ်၏၊ တံ (စီဝရံ) = ထိုအိမ်ဝန်းကြီး အိမ်ဝန်းငယ်နှင့်တကွ ပြုအပ်သော သင်္ကန်းကို။ ဌပေတွာ = ကြဉ်ထား၍။ အညေန = ထိုသင်္ကန်းမှ တစ်ပါးသော။ အစ္ဆိန္နကေန ဝါ = မဖြတ်သော သင်္ကန်းဖြင့်လည်းကောင်း။ ဒွတ္တိစတုခဏ္ဍေန ဝါ = နှစ်ခန်း, သုံးခန်း, လေးခန်းရှိသော သင်္ကန်းဖြင့်လည်းကောင်း။ န ဝဋ္ဋတိ = ကထိန်ခင်းခြင်း ငှာ မအပ်။

ယခု ၁၁-ခန်းထက် ပိုလွန်၍ ယူသင့်, မယူသင့်ကို ဝေဖန်ကြပါစို့။

မဟာဝါအဋ္ဌကထာဆရာသည် မဟာဝါပါဠိတော်၌ လာသည့် န စီဝရဝိစာရဏမတ္တေန အတ္ထတံ ဟောတိ ကထိနံဟူသော စကားကို စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန = “၅-ခန်းသည်လည်းကောင်း၊ ၇-ခန်းသည်လည်းကောင်း၊ ၉-ခန်းသည်လည်းကောင်း၊ ၁၁-ခန်းသည်လည်းကောင်းဖြစ်ပါစေ၊” ဤသို့ စီရင် ကာမျှဖြင့်ဟူသော စကားဖြင့် ဖွင့်ပြပြီးပြီ။

၁၁-ခန်းထက် ပိုလွန်၍ မဟာဝါအဋ္ဌကထာဆရာ ယူသည် မယူသည်ကို သိဖို့လိုသဖြင့် စိစစ်ပါအံ့။

(က) အပိုဒ်-၁၌ သင်္ကန်း အခန်းအရေအတွက်ကို အတိအကျ မဆိုခြင်းကြောင့် အခန်းမည်မျှပင် များများ များနိုင်မည်ဟု ယူမည်ဆိုလျှင် ယူနိုင်ရကား အခန်းအများကြီးပင် ပြုလုပ်မည်စိုး၍ (ဝါ) ၅-ခန်းမှ ၁၁-ခန်းအထိကိုသာ ပြုလုပ်စေလို၍ မဟာဝါအဋ္ဌကထာဆရာသည် အပိုဒ်-၁ ကို အပိုဒ်-၂ ဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်ဟူ၍ အထက်၌ ဖော်ပြခဲ့ပြီ။

(ခ) အပိုဒ်-၁ ကို အပိုဒ်-၂ ၌ ဖွင့်ရာတွင် — “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတု”ဟု အခန်းအရေအတွက်ကို အတိအကျ ဆို၏၊ အကယ်၍ အခန်းအရေအတွက်ကို မကန့်သတ်ဘဲ အခန်းမည်မျှပင် များများ များနိုင်မည်ဟုဆိုလျှင် ပဉ္စကံ ဝါ (၅-ခန်းသည်လည်းကောင်း) သတ္တကံ ဝါ (၇-ခန်းသည်လည်းကောင်း)၊ နဝကံ ဝါ (၉-ခန်းသည်လည်းကောင်း)၊ ဧကာဒသကံ ဝါ (၁၁-ခန်းသည်လည်းကောင်း)၊ အတိရေကံ ဝါ (၁၁-ခန်းထက် အလွန်သည်လည်းကောင်း) ဟောတု (ဖြစ်ပါစေ)ဟူ၍ဖြစ်စေ၊ ၁၁- ခန်းသည် လည်းကောင်းဟု ဆိုသော “ဧကာဒသကံ ဝါ” စကားအစား အာဒိသဒ္ဒါဖြင့် (ဝါ) စသည်ဆိုသော စကားဖြင့် ဧကာဒသကာဒိံ ဝါ = ၁၁ ခန်း စသည်လည်း ကောင်းဟု ဆိုသော စကားကို သုံး၍ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကာဒိံ ဝါ ဟောတု”ဟူ၍ဖြစ်စေ မဟာဝါအဋ္ဌကထာဆရာ ဆိုလိမ့် မည်။ ယခုသော်ကား “ဧကာဒသကာဒိံ ဝါ = ၁၁-ခန်း စသည်လည်း ကောင်း”ဟု မဆိုဘဲ “ဧကာဒသကံ ဝါ = ၁၁-ခန်းသည်လည်းကောင်း”ဟု အတိအကျ ဆို၏၊ ထို့ကြောင့် ၅-ခန်းမှ ၁၁-ခန်းအထိကိုသာ မဟာဝါအဋ္ဌကထာဆရာ ယူသည်မှာ ပေါ်လွင်ပါသည်။ သို့သော် ၁၁-ခန်းထိကိုသာ ယူသည်ဟုဆိုလျှင် အပိုဒ်-၃ကို အပိုဒ်-၄ ၌ ဖွင့်ရာတွင် ၅-ခန်းကိုလည်းကောင်း၊ ၇-ခန်းကို လည်းကောင်း၊ ၉-ခန်းကိုလည်းကောင်း၊ ၁၁-ခန်းကိုလည်းကောင်းဟု အတိ အကျ မဆိုဘဲ “ပဉ္စ = ၅- ခုကုန်သော။ ခဏ္ဍာနိ ဝါ = အခန်းတို့ကိုလည်းကောင်း။ အတိရေကာနိ = ၅- ခုထက် ပိုလွန်ကုန်သော။ ခဏ္ဍာနိ ဝါ = အခန်းတို့ကိုလည်း ကောင်း”ဟု အဘယ်ကြောင့် အဋ္ဌကထာဆရာ ဆိုသနည်းဟူ၍ မေးဖွယ်ရှိ၏၊ ၅-ခန်းထက် ပိုလွန်သော အခန်းဆိုသည်မှာ ၅-ခန်းထက် အခန်းမည်မျှပင် များများ များနိုင်မည်ဟု ဆိုသည် မဟုတ်လောဟူ၍လည်း မေးဖွယ်ရှိ၏၊ အဖြေကား ဆိုခဲ့ပြီးသော အပိုဒ်-၁ ကို အပိုဒ်-၂ ၌ ဖွင့်ရာတွင် “၅-ခန်းသည် လည်းကောင်း၊ ၇-ခန်းသည်လည်းကောင်း၊ ၉-ခန်းသည်လည်းကောင်း၊ ၁၁-ခန်းသည်လည်းကောင်း ဖြစ်ပါစေ”ဟု အတိအကျ ဆိုခဲ့ပြီးပြီ ဖြစ်သောကြောင့် ဤအပိုဒ်-၄ ၌ ၎င်းတို့ကို တစ်ခုစီ ထပ်မံ မဆိုဘဲ “၅-ခုကုန်သော အခန်းတို့ကို လည်းကောင်း၊ ၅-ခုထက် ပိုလွန်ကုန်သော အခန်းတို့ကိုလည်းကောင်း”ဟု အတိုချုံး၍ အဋ္ဌကထာဆရာ ဆို၏ဟူ၍ ဖြစ်သည်။ ဤအပိုဒ်-၄ ၌ လာသော စကားများသည် ပြဆိုခဲ့ပြီးသော အပိုဒ်-၂ ၌ ဆိုသကဲ့သို့ သင်္ကန်း အခန်းအရေ အတွက်ကို ရည်၍ ဆိုသော စကားများမဟုတ်၊ သင်္ကန်း ဖြတ်ပုံဖြတ်နည်းကို ရည်၍ ဆိုသော စကားများ ဖြစ်၍ အပိုဒ်-၂ ၌ ဆိုသကဲ့သို့ သင်္ကန်း အခန်းအရေ အတွက်ကို တစ်ခုစီ မဆိုဘဲ “၅-ခုကုန်သော အခန်းတို့ကိုလည်းကောင်း၊ ၅-ခု ထက် ပိုလွန်ကုန်သော အခန်းတို့ကိုလည်းကောင်း”ဟု အတိုချုံး၍ အဋ္ဌကထာ ဆရာ ဆိုသည်ဟူ၍လည်း သိအပ်၏၊ ထို့ကြောင့် “၅-ခုကုန်သော အခန်းတို့ကို လည်းကောင်း၊ ၅-ခုထက် ပိုလွန်ကုန်သော အခန်းတို့ကိုလည်းကောင်း” ဆိုသော စကားများသည် ၅-ခန်းမှစ၍ ၁၁-ခန်းအထိကိုသာ ရည်၍ဆိုသော စကားများ ဖြစ်သည်ဟူ၍ ဆိုအပ်၏၊

ဆိုဦးအံ့ — အခန်းအရေအတွက်ကို မကန့်သတ်ဘဲ အခန်းမည်မျှပင် များများ များနိုင်မည်ဟုဆိုလျှင် မဟာဝါအဋ္ဌကထာဆရာသည် ပြဆိုခဲ့ပြီးသော အပိုဒ် ၁-ကို အပိုဒ်-၂ ဖြင့် အပိုသက်သက် ဖွင့်ဆိုမည် မဟုတ်ပေ။ ဤအဖြေကို သဘာဝ မကျဟု ပယ်ပါမည်လော။ “ကိုယ်သာ မယူချင်နေ၊ သူဖြေပုံကဖြင့် သူ့ဟာနှင့် သူတော့ အံကိုက်နေတာပဲ”ဟု ဆိုမည် မဟုတ်ပါလော။

၁၁-ခန်းအထိကိုသာ မဟာဝါအဋ္ဌကထာဆရာ ယူသည်ဟု ဖော်ပြပြီးပြီ။ ယခု ဗန်းမော်ဆရာတော်ဘုရား စီရင်တော်မူသော ထို ကထိနဝိသောဓနီကျမ်း ၏ အဆိုကိုလည်း တင်ပြပါအံ့။

အာဒိသဒ္ဒေန ဒွိန္နံ ခဏ္ဍာနံ အန္တရာ မာတိကာကာရေန ထပိတပတ္တဉ္စ ဒီဃပတ္တန္တိ ဒဋ္ဌဗ္ဗံ။

အာဒိသဒ္ဒေန = အာဒိသဒ္ဒါဖြင့်။ ဒွိန္နံ = နှစ်ခုကုန်သော။ ခဏ္ဍာနံ = အခန်းလွှာတို့၏၊ အန္တရာ = အကြား၌။ မာတိကာကာရေန = မြောင်း၏ အခြင်းအရာ ဖြင့်။ ထပိတပတ္တဉ္စ = ထားအပ်သော မြောင်းလွှာကိုလည်း။ ဒီဃပတ္တန္တိ = ဒီဃပတ္တဟူ၍။ ဒဋ္ဌဗ္ဗံ = မှတ်အပ်၏၊

၎င်းအဋ္ဌကထာမှာ — အနုဝါတာဒီနံ ဟူသော ပုဒ်၏အဖွင့် ဝိမတိ ဝိနောဒနီဋီကာ။ ဤသို့လာသော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ သင်္ကန်း ချုပ်လုပ် စီရင်ပုံနှင့်ညီစွာ တရုတ်လွှာကို မရိယာဒထား၍ မဟာမဏ္ဍလလွှာ, အဍ္ဎမဏ္ဍလလွှာတို့ကို တပေါင်းတည်း ပြုလုပ်၍ ချုပ်အပ်သော် တစ်ခဏ္ဍက ဖြစ်၏၊ မြောင်းရှည်လွှာကို မရိယာဒထား၍ ၎င်းခဏ္ဍက ငါးခုတို့ကို တပေါင်းတည်း ပြုလုပ်၍ ချုပ်အပ်ပြီးလျှင် အနားပတ်တင်ခြင်း၊ “အနုဇာနာမိ ဘိက္ခဝေ ဂဏ္ဌိကဖလကံ အန္တေ အပ္ပေတုံ၊ ပါသကဖလကံ သတ္တင်္ဂုလံ ဝါ အဋ္ဌင်္ဂုလံ ဝါ ဩဂါဟေတွာ အပ္ပေတုံ”— ဟူသော ပါဠိတော်နှင့်လျော်စွာ ကမ္ပတ်သီးအိမ်ကို အနားပတ်စွန်း၌ ထားခြင်း၊ ကမ္ပကွင်းအိမ်ကို ခုနစ်သစ် ရှစ်သစ် အနားပတ်တွင်းသို့ ဆုတ်၍ တပ်ခြင်းအမှုတို့ကို ပြုပြီးသည့်ကာလ ပဉ္စခန်းသင်္ကန်း၏ ချုပ်လုပ်ရခြင်း ကိစ္စ ပြီး၏၊ သတ္တခန်း, နဝခန်း, ဧကာဒသခန်းတို့ကိုလည်း ထိုနည်းကို မှီ၍ သိအပ်၏၊ ဧကာဒသခန်းထက် လွန်၍ ကျမ်းဂန်မလာ။ သင်္ကန်းလျာ အထည်အလိပ်များ ကို အနံ လက်လေးသစ်အောက် ဆုတ်ဖြတ်၍ ဝေခြမ်းလျှင် အနားပတ်လွှာ, မြောင်း တရုတ်လွှာမျှ မရ၊ အပရိဘောဂ ဖြစ်လေရာ၍ စီဝရဘာဇကရဟန်းအား တားမြစ်အပ်သော၊ ဟေဋ္ဌိမပရိစ္ဆေဒေန စတုရင်္ဂုလဝိတ္ထာရံပိ — အစရှိသည်ဖြင့် လာသော အဋ္ဌကထာစကားကို ထောက်က အနံ လက်လေးသစ်အောက် မြောင်း တရုတ်များကိုလည်း သေးငယ်စေလွန်းသဖြင့် မသင့်ရာဖြစ်၍ ဧကာဒသ ခန်းထက် လွန်လျှင် အခန်းအစပ်မှန်း - မြောင်း တရုတ်မှန်း မသိရှိခဲ့ရာ၏၊ ထို့ကြောင့် ကျမ်းဂန်လာသမျှ ဧကာဒသခန်းထက် လွန်၍ သင့်အံ့မထင်။ ပ။ [အခန်းများလေလေ အကွက်များသည်လည်း သေးငယ်လေလေ ဖြစ်ရကား အခန်းအကွက်များနှင့် မြောင်း တရုတ်အကွက်များကို ခွဲခြား၍ မသိနိုင်လောက်အောင်ပင် ဖြစ်လေသည်။ ဤသို့ အခန်းအစပ်မှန်း မြောင်း တရုတ်မှန်း မသိနိုင် လောက်အောင် ပြုခြင်းသည် မြောင်း တရုတ်တို့ကို ထားသော်လည်း ထားသည် မမည်သောကြောင့် “မြောင်း တရုတ် ထားရှိရမည်”ဟူသော ဘုရားရှင်၏ အာဏာတော်ကို လွန်ဆန်၍ ပြုရာ ရောက်သည်ဟူ၍ ဆိုထိုက်သည် မဟုတ်ပါလော။ ဤကား ပံသုကူသင်္ကန်းဖြင့် ကထိန်ခင်းခြင်းကို ကြဉ်၍ ဆိုခြင်းဖြစ်သည်၊၊]

ဗန်းမော်ဆရာတော်ဘုရားကြီးကလည်း ၁၁-ခန်းထက် လွန်၍ ကျမ်းဂန် မလာ၊ ၁၁-ခန်းထက် ပိုလွန်၍ မယူရဟု အထောက်အထား ခိုင်လုံစွာဖြင့် ဆို၏၊ [အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မခင်းအပ်ဟူသော ပြဿနာ ၌ ၎င်းဆရာတော်ဘုရားကြီး ဆိုထားသော အချက်အလက်များကိုလည်း ပြန်၍ နှလုံးသွင်းတော်မူပါ။] ငါးပိုင်း, ငါးစပ် စသော အခန်းတို့နှင့် တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဘုရားရှင် ဖွဲ့စေတော်မူသည်။ ယခုသော်ကား အခန်းများလွန်း၍ အခန်းအကွက်များမှာ သေးငယ်လွန်းသဖြင့် အဘယ်အကွက် သည် အခန်း, အဘယ်အကွက်သည် အိမ်ဝန်းကြီး, အဘယ်အကွက်သည် အိမ်ဝန်းငယ်, အဘယ်အကွက်သည် မြောင်း, အဘယ်အကွက်သည် တရုတ်ပဲဟု ခွဲခြား၍ မသိနိုင်လောက်အောင်ပင် ရှိလေရကား အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဖွဲ့ခိုင်းခြင်းသည် အရာမထင် အချည်းနှီးပင် ဖြစ်ချေသည် မဟုတ်ပါလော။ သို့ဖြစ်၍ ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတု — ဟူသော ပါဌ်ကို ထောက်၍ ၁၁-ခန်းထက် လွန်၍ ကျမ်းဂန်မလာဟု ဗန်းမော်ဆရာတော်ဘုရားကြီး ဆိုသော အဆိုမှာ ဘုရားရှင်၏ အလိုတော်နှင့် ကိုက်ညီပေသည်ဟူ၍ ယူအပ်သည် မဟုတ်ပါလော။

ညောင်လေးပင်မြို့၊ တောရကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ၊ နာယကဆရာတော်ဘုရား စီရင်တော်မူသော ကထိန်အရသာ ကျမ်းစာအုပ်၊ စာမျက်နှာ-၆၄၌ ကထိန်အခင်း မမြောက်ပုံ ၂၄-ပါးကို ပြရာတွင် နံပါတ်-၃၌ “ငါးခန်း, ခုနစ်ခန်း, ကိုးခန်း, တစ်ဆယ့်တစ်ခန်း ဖြစ်ပါစေဟု စီရင်ကာမျှ စီဝရဝိစာရဏမတ္တဖြင့်” ကထိန်ခင်းလျှင် ခင်းသည် မမည်ဟူ၍ ငါးခန်း, ခုနစ်ခန်း, ကိုးခန်း, တစ်ဆယ့်တစ်ခန်းဆိုသော စကားများကို ဤကွင်း ( ...) အမှတ်အသားဖြင့် ပြဆိုရေးသားထား၏၊ ဤ ကွင်း ( ...)အတွင်းရှိ စကား များကို မဟာဝါအဋ္ဌကထာဆရာ ဖွင့်ဆိုသည့် “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတု”ဟူသော စကားများကို မှီ၍ ဤ ညောင်လေးပင် ဆရာတော်ဘုရားကြီးကပင် ဖြည့်စွက်ထည့်သွင်းသည်ဟူ၍ ယူအပ်၏၊ ထို့ ကြောင့် ဤဆရာတော်ဘုရားကြီးသည်လည်း (အတည့်အလင်း မကြေညာသော် လည်း) ၁၁-ခန်းထက် လွန်၍ ကျမ်းဂန် မလာဟူ၍ ယူဆသည်ဟုဆိုလျှင် မှားအံ့ မထင်။

ဤ၌ ဟပ်မိနေ၍ အောက်ပါ စာပိုဒ်များကို စိစစ်ရန် တင်ပြပါအံ့။

(၁) ရှေ့ပြဿနာ၌ ပြဆိုခဲ့ပြီးသော ဗန်းမော်ဆရာတော်ဘုရားကြီး၏ အဆို အမှတ်-၂ ၌လာသော “ပဉ္စဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာတိ ယထာ ပဉ္စခဏ္ဍိကာဒီနံ သံဃာဋိအာဒီနံ တိဏ္ဏံ စီဝရာနံ အညတရပ္ပဟောနကာနိ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန ပဉ္စ ဝါ ခဏ္ဍာနိ၊ အတိရေကာနိ ဝါ သတ္တာဒိခဏ္ဍာနိ ဟောန္တိ။ ဧဝံ ဆိန္ဒိတွာ”ဟူသော ကင်္ခါဝိတရဏီဋီကာသစ် ပါဌ်ကို ပြန်၍ နှလုံးသွင်းတော်မူကြပါ။ ဤပါဌ်၌ လာသော “သတ္တာဒိခဏ္ဍာနိ ဝါ = ၇-ခန်းစသော အခန်းတို့သည်လည်းကောင်း”ဆိုသော စကားကို စိစစ်ပါအံ့။ ဤစကားသည် ပြဆိုခဲ့ပြီးသော စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန — ဟူသော မဟာဝါအဋ္ဌကထာပါဌ်ကို ထောက်၍ ၁၁-ခန်းအတွင်းကို ရည်၍ဆိုသော စကားဖြစ်သည်ဟူ၍ ဆိုမည်ဆိုလျှင် ဆိုနိုင်၏၊ ဆိုလျှင် ထိုသူအား မှားသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။ သဘာဝကျကျ ဖြေမည်ဆိုလျှင် “ဆိုမည်ဆိုလျှင် ဆိုနိုင်၏” ဟူ၍သာ ဝန်ခံရပေမည်။

(၂) ဆဋ္ဌမူ -- မဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၃၀၈၊ ကထိနက္ခန္ဓက ၌ လာသော “သင်္ကန်း၌ ငါးခန်း ခုနစ်ခန်းစသည်တို့ကို စီရင်ကာမျှဖြင့် ကထိန်ခင်းသည် မမည်”ဆိုသော စကားကို စိစစ်ပါအံ့။

ငါးခန်း, ခုနစ်ခန်းဆိုသော စကားများသည် “န စီဝရဝိစာရဏမတ္တေန အတ္ထတံ ဟောတိ ကထိနံ”ဟူသော မူရင်းပါဠိတော်ပါဌ်၌ မလာသည်ကို ထောက်ထားသောအားဖြင့် ဤစကားများသည် အထက်၌ ပြဆိုခဲ့ပြီးသော စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန —ဟူသော မဟာဝါအဋ္ဌကထာပါဌ်ကို ထောက်၍ ကျမ်းပြု ဆရာတော်ဘုရားများက ၁၁-ခန်းအတွင်း ရည်၍ ဖြည့်စွက် ထည့်သွင်းသော စကားများဖြစ်သည်ဟူ၍ ဆိုအပ်ပေသည်။ ၁၁-ခန်းထက် လွန်၍ ကျမ်းဂန်မလာ။ ဤသည်ကို ထောက်ဆ၍ ဆဋ္ဌမူ၊ မဟာဝဂ် ပါဠိတော် (မြန်မာပြန်) အပိုဒ်-၃၀၉၊ နှာ-၃၅၈ ၌ လာသည့် “ထိုရောက်သော နေ့မှာပင်လျှင် ဖြတ်အပ်သော အိမ်ကြီး အိမ်ငယ်နှင့် တကွသော ငါးခန်းသင်္ကန်းဖြင့်ဖြစ်စေ၊ ငါးခန်းထက် လွန်သော ခုနစ်ခန်း, ကိုးခန်းသင်္ကန်း စသည်ဖြင့် ဖြစ်စေ၊ ခင်းသော် ကထိန်ခင်းသည် မည်၏”ဟူသော စာပိုဒ်၌လာသည့် “ခုနစ်ခန်း, ကိုးခန်းသင်္ကန်း စသည်”ဆိုသော စကားများနှင့် အခြားကျမ်းများ၌ လာသည့် “ခုနစ်ခန်း စသည် ကိုးခန်း စသည်”ဆိုသော စကားများသည်လည်း ၁၁-ခန်းအတွင်းကို ရည်၍ ဆိုသော စကားများ ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏၊

၁၁-ခန်းထက် ပိုလွန်၍ ယူသင့်, မယူသင့်ကို ဝေဖန်ရာ၌ ထည့်သွင်း စဉ်းစားဖို့ ကောင်းသော အောက်ပါ အကြောင်းသုံးရပ်တို့ကို စာရေးသူ တင်ပြပါအံ့။

(၁) ဘုရားရှင်၏ လက်ထက်တော်၌ ယခုကဲ့သို့ ချုပ်ပြီး ဆိုးပြီးသား သင်္ကန်း မရှိ၍ “အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မအပ်”ဟူသော ပြဿနာ၌ ဖော်ပြထားသည့် ထို ပုဗ္ဗကရဏ ၇-ပါးတို့ကို ကထိန်ခင်းသော နေ့မှာပင် နေ့ချင်းပြီးအောင် ရဟန်းအားလုံး ဝိုင်းဝန်းကူညီ လုပ်ကြရသည်။ ထိုခေတ်၌ စက်မရှိ၍ လက်ဖြင့် ချုပ်ကြရသည်။ ပဒုမုတ္တရဘုရားရှင်ကား ကိုယ်တိုင်ပင် အဂ္ဂသာဝက သုဇာတမထေရ်အား ကထိန်ခင်းရာ၌ ခြောက်သန်း, ရှစ်သိန်းသော ရဟန်းတို့နှင့် အတူတကွ သင်္ကန်းကို နေ့ချင်းပြီးအောင် ဝိုင်းချုပ် တော်မူသည်။

ထိုပုဗ္ဗကရဏ ၇-ပါးတို့ကို နေ့ချင်းပြီးအောင် ပြုလုပ်ရခြင်းသည် လွယ်ကူ သော အလုပ် မဟုတ်ပေ၊ (ဝါ) အလွန်တရာမှ ခက်လှပေသည်။ အခန်းများလေ လေ အလုပ်ပိုလေလေ ဖြစ်ရကား ထိုခေတ်၌ ခင်းသော ကထိန်သင်္ကန်းမှာ မည်သည့်နည်းနှင့်မှ ယခုခေတ်ကဲ့သို့ အခန်းများမည် မဟုတ်ပေ။ ယခုခေတ်၌ သုံးစွဲနေကြသော သင်္ကန်းသုံးထည်တို့တွင် သင်းပိုင်နှင့် ကိုယ်ရုံသင်္ကန်းတို့၌ ၅- ခန်းစီ ရှိကြ၏၊ ဒုကုဋ် (နှစ်ထပ်) သင်္ကန်း၌ကား ၉-ခန်းမှ စ၍ ၁၁၅-ခန်းအထိ ရှိသည်ဟု ဆိုကြ၏၊ ချုပ်ပြီး ဆိုးပြီးသား သင်္ကန်း မရှိ၍ ယခုခေတ်ကဲ့သို့ အခန်း အရေအတွက်ကို မကန့်သတ်ဘဲ ကထိန်ခင်းကြမည် မဟုတ်ပေ၊ (ဝါ) အခန်း အရေအတွက်ကို နည်းနိုင်သလောက် နည်းအောင် ကန့်သတ်၍ ခင်းကြမည် သာ။ ချုပ်ပြီး ဆိုးပြီးသား သင်္ကန်းဖြင့် မခင်းဘဲ ထိုခေတ်ကကဲ့သို့ ယခုလည်း လက်တွေ့အားဖြင့် ပြုလုပ်၍ ကထိန်ခင်းမည်ဆိုလျှင် ၉-ခန်းမှ စ၍ ၁၁၅-ခန်းအထိ ရှိမည်ဟု ဆိုသော ဒုကုဋ် (နှစ်ထပ်) သင်္ကန်းကို မဆိုထားဘိ၊ တစ်ထပ်တည်း ၅-ခန်းသာရှိသော သင်းပိုင်ကိုပင် စက်ဖြင့် ချုပ်စေကာမူ နေ့ချင်းပြီး အောင် အနိုင်နိုင်လုပ်ရမည်ဟု ဆိုချင်ပါ၏၊ ထို့ကြောင့် ထိုခေတ်၌ ခင်းသော ကထိန်သင်္ကန်းမှာ အများဆုံး ၁၁-ခန်းသာ ဖြစ်မည်ဟူ၍ ယူအပ်သည် မဟုတ် ပါလော။

(၂) ချုပ်ပြီး ဆိုးပြီးသား သင်္ကန်းကို ရခြင်းကြောင့် ပုဗ္ဗကရဏ ၇-ပါးတို့တွင် ရှေ့ ၆-ပါးတို့ကို မပြုရဘဲ ကထိန်ခင်းနေကြသော်လည်း လက်တွေ့အားဖြင့် ပုဗ္ဗကရဏ ၇-ပါးတို့ကို နေ့ချင်းပြီးအောင် ပြုရသကဲ့သို့ နှလုံးပိုက်၍ ကထိန်ကို ခင်းအပ်သည် မဟုတ်ပါလော။ သဘာဝကျကျဖြင့် ဖြေမည်ဆိုက ဟုတ်သည်ဟု ဆိုရမည်ပင် ဖြစ်သည်။ ဟုတ်သည်ဟု ဆိုလျှင် “၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့် မည်သည့်နည်းနှင့်မှ ကထိန်ခင်းနိုင်မည် မဟုတ်ပေ”ဟူ၍ ထိုသူအား မိမိက ရဲဝံ့စွာ မဆိုနိုင်ပါသလော။

(၃) ကထိန်အလှူသည် အလှူရှင်တို့အားလည်း ထူးကဲသော အကျိုးကို ဖြစ်စေနိုင်၍ မိမိအားလည်း ကထိန်အာနိသင် ၅-ပါးကို ရစေသောကြောင့် ကထိန်ကို မမြောက်, မြောက်အောင် အထူး ဂရုစိုက်၍ ခင်းဖို့လိုသည်။ ထို့ကြောင့် မိမိခင်းသော ကထိန်သည် အောင်မှ အောင်ပါလေစဟု သို့လောသို့လော မဖြစ်ရလေအောင် သံသယဖြစ်လောက်သော အရာဟူသမျှကို စိစစ်၍ ကထိန် မခင်းမီ ရှေးဦးစွာ ကြိုတင်၍ သုတ်သင်သင့်လျှင် သုတ်သင်ထားဖို့ လိုသည် မဟုတ်ပါလော။ ဝိဝါဒရှိလျှင် (ဝါ) မတင်မကျ ဖြစ်နေလျှင် ဝိနည်းအရာဝယ် ဂရုဘက်သို့သာ လိုက်အပ်သောကြောင့် “၁၁-ခန်းထက် မပိုစေရ”ဟူသော အယူ ဘက်သို့ လိုက်၍ ကထိန်ခင်းခြင်းသည် သံသယ အလျှင်းမရှိနိုင်၍ ကထိန် မမြောက်, မြောက်အောင် ခင်းရာ၌ စိတ်အချရဆုံး နည်းဖြစ်သည်ဟူ၍ ဆိုအပ် ပေသည်။ [“ဂရုကေ ဌာတဗ္ဗံ သဘော” အခန်း၌ ပြဆိုထားသော ဘုန်းကြီးကဲ့သို့ မဝေဖန်တတ်သောကြောင့် အရာခပ်သိမ်း ဂရုဘက်သို့ လိုက်၍ ပြုခြင်းမျိုးကို မဆိုလိုပါ၊ ဂရုဘက်သို့ လိုက်သင့်သောအကြောင်း လုံလောက်သောကြောင့် ဂရုဘက်သို့ လိုက်သည် ဟူသော ဝါဒဖြင့် ပြုခြင်းမျိုးကို ဆိုလိုသည်။] ကထိန် မမြောက်ဟု ဆိုလျှင် အလှူရှင်ခမျာတို့မှာလည်း ကုန်သလောက် အကျိုး မရှိပေ၊ မိမိမှာလည်း ကထိန်အာနိသင် ငါးပါး၌ လာသည့် အခွင့်အရေးတို့ကို မခံယူထိုက် ပါဘဲလျက် ခံယူလေခြင်းကြောင့် ခံယူလေသမျှ ထိုထိုအာပတ်သို့လည်း ရောက် သည်ဟူ၍ ဆိုရပေမည်။

နိဂုံး

မဟာဝါအဋ္ဌကထာဆရာသည် ၅-ခန်းမှ စ၍ ၁၁-ခန်းအထိ ကိုသာ ယူသည်ဟူ၍ ရှင်းပြခဲ့ပြီးပြီ။ ဗန်းမော်ဆရာတော်ဘုရားကြီးသည်လည်း ၁၁- ခန်းထက် လွန်၍ ကျမ်းဂန်မလာ၊ ၁၁-ခန်းထက် မပိုစေရ ဟု အထောက်အထား ခိုင်လုံစွာဖြင့် ဆိုသည်။ ညောင်လေးပင် ဆရာတော်ဘုရားကြီးသည်လည်း ၅- ခန်းမှ ၁၁-ခန်း အထိကိုသာ ယူသည်ဟု အထက်၌ ဖော်ပြခဲ့ပြီ။ စာရေးသူကလည်း အကြောင်းသုံးရပ်တို့ဖြင့် ထိုခေတ်၌ ခင်းသော သင်္ကန်းမှာ အများဆုံး ၁၁-ခန်းသာ ဖြစ်သည်ဟူ၍ ရှင်းပြခဲ့ပြီးပြီ။ ထို့ကြောင့် ထိုခေတ်၌ ခင်းသော ကထိန်သင်္ကန်းမှာ ၅-ခန်း၊ ၇-ခန်း၊ ၉-ခန်း၊ ၁၁-ခန်းသာ ဖြစ်သည် ဟူ၍ ဆိုအပ် ပါသည်။ [ဗန်းမော်ဆရာတော်ဘုရားကြီး စီရင်သည့် ကထိနဝိသောဓနီကျမ်းကို ရွေးချယ်၍ မိမိစီရင်သော ဝိနယသမူဟဝိနိစ္ဆယကျမ်း၌ ထည့်သွင်းသည်ကို ထောက်လျှင် ဆရာတော် ဦးနိဂြောဓအရှင်မြတ်သည်လည်း စာရေးသူကဲ့သို့ပင် ယူဆသည်ဟု ဆိုရပေမည်။]

အထက်၌ တင်ပြခဲ့သော ‘မူ’ကို သဘာဝမကျဟု ယူဆသဖြင့် အခန်း မည်မျှပင် များများ ခင်းနိုင်သည်ဟု ယူဆ၍ ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်း’ဖြင့် ကထိန်ခင်းမည် ဆိုလျှင် မည်သို့မျှ မပြောလိုပါ၊ ဝမ်းမြောက်စွာဖြင့် သာဓု ခေါ်ပါမည်။ သို့ရာတွင် “ချုပ်ပြီး ဆိုးပြီးသား သင်္ကန်း မရှိ၍ ထိုခေတ်က သင်္ကန်း အခန်းအရေအတွက်ကို အကန့်အသတ်ဖြင့် (ဝါ) အများဆုံး ၁၁-ခန်းဖြင့် ကထိန် ခင်းရသည်၊ ယခုမူကား ချုပ်ပြီးဆိုးပြီးသား သင်္ကန်းရှိ၍ အခန်းမည်မျှပင်များများ ခင်းနိုင်သည်”ဟု ဆင်ခြေပေးကာ ကထိန်ခင်းမည် ဆိုလျှင်ကား ဘုရားရှင်၏ အာဏာတော်ကို ပယ်ရာမကျပါလောဟူ၍ မေးလိုပါ၏၊

ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းဖြင့် သာ ကထိန်ခင်းအပ်၏ဟု ယူဆသော ပုဂ္ဂိုလ်တို့အဖို့ကား ၁၁-ခန်းထက် ပိုလွန် သော သင်္ကန်းဖြင့် ကထိန် မခင်းအပ်ဟု ယူအပ်၏၊ အဘယ်ကြောင့်ဆိုသော် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်း ဖြတ်၍ ချုပ်မည်ဆိုက ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းကို မဆိုထားဘိ၊ ယခုခေတ် ချုပ်သော ၉-ခန်းရှိသည့် အငယ်ဆုံး ဒုကုဋ်သင်္ကန်းကိုပင် စက်ဖြင့် ချုပ်စေကာမူ နေ့ချင်းပြီးအောင် ချုပ်ဖို့ ခဲယဉ်းသောကြောင့်တည်း။ [စာရေးသူ ကသာ “ခဲယဉ်း”သည်ဟု လေသံပျော့ပျော့ဖြင့် မတင်မကျ ပြောသည်။ စာရှုသူ တို့ကို မေးလျှင် ကိုးဆယ်ရာခိုင်နှုန်းထက် မနည်း “ဘယ်နည်းနှင့်မှ နေ့ချင်းပြီး အောင် ပြုနိုင်မည် မဟုတ်”ဟု လေသံပြင်းပြင်းဖြင့် ပြတ်ပြတ်သားသား ဖြေဆိုကြ မည်သာတည်း။] ထို့ကြောင့် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို လည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းဖြင့်သာ ကထိန်ခင်း အပ်၏ဟု ယူဆပါက ၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့် ကထိန်မခင်းအပ်ဟု ယူမှသာလျှင် သဘာဝကျသည် မဟုတ်ပါလော။

ဤပြဿနာနှင့် ပတ်သက်၍ ဤစာအုပ်ကို တည်းဖြတ်ပြင်ဆင်ပေးသော ဆရာတော်ဘုရားသည်လည်း စာရေးသူကဲ့သို့ပင် ယူဆလေပြီ။ (သာဓု သာဓု သာဓု) မော်လမြိုင်၊ ရွှေကျင်ဂိုဏ်း၊ နယ်နာယက ဖြစ်တော်မူသော မုဒုံမြို့၊ သာသနာလင်္ကာရကျောင်း၊ ဆရာတော်ဘုရားကြီး (ဦးပုညဝံသသည်လည်း ဤအတိုင်းပင် ယူ၏၊

ဆရာတော်ဘုရားကြီးတစ်ပါးက “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ”ဟူသော ပါဌ်၌လာသည့် ‘ဝါ’ သဒ္ဒါကို အဝုတ္တဝိကပ္ပန အနက်ရှိသော ‘ဝါ’ သဒ္ဒါဟု ယူ၍ ၎င်း ‘ဝါ’ သဒ္ဒါကြောင့် ၁၁-ခန်းထက် ပိုလွန်သော အခန်းများ ကိုလည်း ယူနိုင်သည်ဟု ဆို၏၊ အခြား ဆရာတော်ဘုရားကြီးတစ်ပါးကမူ ဤပြဿနာ၌ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါသည် အကျုံးမဝင်ဟု ဆို၏၊ ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတု — ဟူသော ပါဌ်အရ ၁၁-ခန်းထက် ပိုလွန်၍ မယူအပ်ဟု ခိုင်ခိုင်မာမာ ဆို၏၊

စာရေးသူမှာ ပါဠိစာပေ အလျှင်းမတတ်၍ အထက်ပါ အဆိုနှစ်ရပ်ကို မည်သို့မှ မဝေခွဲတတ်အောင်ပင် ဖြစ်နေပါ၏၊ သို့သော် အဝုတ္တဝိကပ္ပန ‘ဝါ’သဒ္ဒါ ကြောင့် အခန်းများချင်သလောက် များများထားနိုင်သည်ဟူသော အဆိုကို ဗန်းမော်ဆရာတော်ဘုရားကြီးသည်လည်းကောင်း, အတိုက်အခံ ဆရာတော် ဘုရားကြီးတို့သည်လည်းကောင်း မည်သို့ ယူဆကြလေသနည်းဟူ၍ စိစစ်ရန် လိုအပ်ပေသည်ဟု စဉ်းစားမိသည်ဖြစ်၍ စိစစ်ပါအံ့။ ဤဆရာတော်ဘုရားကြီး တို့သည် ပါဠိစာပေ၌ တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသည်ဟု အများ သိကြ၏၊ သို့ဖြစ်၍ ၎င်းတို့သည် ဤပြဿနာ၌ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါသည် အကျုံးဝင်, မဝင် သိရှိနားလည်ကြမည်သာ၊ ထို့ကြောင့် ဤပြဿနာ၌ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါသည် အကယ်၍ အကျုံးဝင်ပါက ဗန်းမော်ဆရာတော်ဘုရားကြီးသည်လည်း ‘ဧကာဒသခန်းထက် လွန်၍ ကျမ်းဂန်မလာ’ဟူသော အဆိုကို ဆိုမည် မဟုတ်၊ အတိုက်အခံ ဆရာတော်ဘုရားကြီးတို့သည်လည်း ဆိတ်ဆိတ် နေကြမည် မဟုတ်၊ ဝိုင်းအုံ၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အဆိုကို တော်လှန်ပယ်ဖျက်ကြမည် ဖြစ်သည်။ ၎င်းတို့အထဲမှ တစ်ပါးမျှ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါကို ထုတ်ဆောင်၍ မတော်လှန်ကြပါ။ မသိနားမလည်သောကြောင့် မဖြစ်နိုင်။ သတိလစ်၍ မထုတ်ဆောင်ခြင်း ဖြစ်လေသလော။ ဤသို့လည်း မဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော် တစ်ပါးသတိမရလျှင် တစ်ပါးတော့ သတိရ မည်မှာ သေချာသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဉာဏ်မီသလောက် ပြောရမည်ဆိုလျှင် ဗန်းမော်ဆရာတော် ဘုရားကြီးသည်လည်းကောင်း အတိုက်အခံ ဆရာတော်ဘုရားကြီးတို့သည်လည်းကောင်း ဤပြဿနာ၌ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါသည် အကျုံးမဝင်ဟု ယူဆကြသည်ဟု ဆိုလျှင် မှားအံ့မထင်။

ဆိုဦးအံ့ — အထက်၌ ပြဆိုခဲ့သော မဟာဝဂ္ဂပါဠိ ကထိနက္ခန္ဓက၌ လာသည့် ‘န စီဝရဝိစာရဏမတ္တေန အတ္ထတံ ဟောတိ ကထိနံ’ ဟူသော ပါဌ်၌ သင်္ကန်း အခန်းအရေအတွက်ကို အတိအကျ မဖော်ပြထား၍ မဟာဝါ အဋ္ဌကထာ ဆရာသည် — စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန = ၅-ခန်းသည် လည်းကောင်း, ၇-ခန်းသည်လည်းကောင်း, ၉-ခန်းသည်လည်းကောင်း, ၁၁-ခန်းသည်လည်းကောင်းဖြစ်ပါစေ၊ ဤသို့ စီရင်ကာမျှဖြင့် ကထိန်ခင်းအပ်သည် မဖြစ် (မမည်)ဟု ဖွင့်ဆို၏၊ ဤသို့ ဖွင့်ဆိုခြင်းသည် မဟာဝဂ္ဂပါဠိ၊ ကထိနက္ခန္ဓက၌ လာသည့် ထိုပါဌ်၌ အခန်းအရေအတွက်ကို မဆိုထားခြင်းကြောင့် မဟာဝါ အဋ္ဌကထာဆရာသည် အခန်းအများကြီး ပြုလုပ်မည်စိုး၍ (ဝါ) ၅-ခန်းမှ ၁၁-ခန်း အထိကိုသာ ပြုလုပ်စေလို၍ ဖွင့်ဆိုခြင်း ဖြစ်သည်။ [အခန်းအရေ အတွက်ကို မကန့်သတ်ဘဲ အခန်းမည်မျှပင် များများ များနိုင်သည်ဟုဆိုလျှင် မဟာဝါ အဋ္ဌကထာဆရာသည် ဤသို့ အပိုသက်သက် ဖွင့်ဆိုမည် မဟုတ်ပေ၊၊] ထို့ ကြောင့် ဤပြဿနာ၌ အဝုတ္တဝိကပ္ပန ‘ဝါ’ သဒ္ဒါသည် အကျုံးမဝင်ဟု ဆိုလျှင် မှားအံ့မထင်။ [နှစ်သက်ရာ ‘မူ’ကို ယူတော်မူကြပါကုန်။]

ဤပြဿနာသည် ရဟန်းတော်များနှင့်သာလျှင် သက်ဆိုင်သည် မဟုတ်၊ ကထိန်အကျိုး ခံစားခွင့်ရှိသော အလှူရှင်များနှင့်လည်း သက်ဆိုင်နေသည်ဖြစ်၍ ၁၁-ခန်းထက် ပိုလွန်ပြီး ယူသင့်သည် မယူသင့်သည်ကို လေးလေးနက်နက် စဉ်းစားဆုံးဖြတ်တော်မူကြပါကုန်။ [အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံခွင့်လွှတ်တော်မူကြပါကုန်။] ဤစာအုပ်၏ မျက်နှာဖုံး အတွင်း၌ ဖော်ပြထားသော နာယကဆရာတော်ဘုရားကြီး အရှင်ကုဏ္ဍလာဘိဝံသ၏ ပြန်စာကိုလည်း ရှုတော်မူကြပါကုန်။

၁၁-ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့်

ကထိန်ခင်းအပ်, မခင်းအပ် ဟူသော ပြဿနာ ပြီးပြီ။