ပုပ္ဖဝဂ်

၈။ ဝိသာခါဝတ္ထု

ယထာပိ ပုပ္ဖရာသိမှာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်ကိုအမှီပြု၍ ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ၏ အမိအဘများ

ထိုဝိသာခါ ဒါယိကာမသည်ကား အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သော ဓနဉ္စယသူဌေး၏ သူဌေးကတော်ကြီးဖြစ်သော သုမနဒေဝီမည်သော သူဌေးမ၏ဝမ်း၌ ဖြစ်သတတ်။ ထိုဝိသာခါ၏ ခုနစ်နှစ်သမီးအရွယ်ရှိသောအခါ ဘုရားရှင်သည် သူဌေးပုဏ္ဏား အစရှိသော သူတို့၏လည်းကောင်း၊ သစ္စာလေးပါးသိခြင်းငှာ ထိုက်သော ဝေနေယျတို့၏လည်းကောင်း အကြောင်းဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူသဖြင့် များစွာသော ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော်မူလေ၏။ ထိုအခါ၌လည်း မေဏ္ဍကသူဌေးကြီးသည် ထိုဘဒ္ဒိယမြို့၌ ရှေးဘုန်းရှေးကံ ကြီးမားကုန်သော ငါးယောက်သောသူတို့၏ အကြီးအမှူးဖြစ်၍ သူဌေးအရာကို ပြုလေ၏။ ရှေးဘုန်းရှေးကံ ကြီးမားကုန်သော ငါးယောက်သောသူတို့ မည်သည်ကား မေဏ္ဍကသူဌေးကြီး၊ မေဏ္ဍကသူဌေး၏ စန္ဒပဒုမာမည်သော သူဌေးကတော်ကြီး၊ မေဏ္ဍကသူဌေး၏ ဓနဉ္စယမည်သောသားကြီး၊ ထိုဓနဉ္စယသူဌေးကလေး၏ သုမနဒေဝီမည်သော သူဌေးကတော်ကလေး၊ မေဏ္ဍကသူဌေး၏ ပုဏ္ဏမည်သော ကျွန်ယောက်ျား ဤငါးယောက်တို့ပေတည်း။

သူဌေးကြီးငါးယောက်

သက်သက် ဤမေဏ္ဍကသူဌေးကြီးတစ်ဦးသာ မဟုတ်သေး။ ဗိမ္ဗိသာရမင်းကြီး၏ တိုင်းပြည်နိုင်ငံတော်၌ အတိုင်းမသိသော စည်းစိမ်ဥစ္စာရှိသည် မည်ကုန်သော ဇောတိက, ဇဋိလ, မေဏ္ဍက, ပုဏ္ဏ, ကာကဝလ္လိယဟူသော သူဌေးကြီး ငါးဦးတို့လည်း ရှိကုန်သေး၏။ ထိုငါးယောက်ကုန်သော သူဌေးကြီးတို့တွင် ဤမေဏ္ဍကသူဌေးကြီးသည် မိမိ၏ ဘဒ္ဒိယမြို့သို့ မြတ်စွာဘုရားကြွရောက်တော်မူလာသည့်အဖြစ်ကိုသိ၍ သားဖြစ်သော ဓနဉ္စယသူဌေးကလေး၏သမီး ဝိသာခါ သတို့သမီးငယ်ကို ခေါ်စေပြီးလျှင် “ချစ်မြေးဝိသာခါ- သင်အားလည်း မင်္ဂလာဖြစ်လတ္တံ့၊ ငါတို့အားလည်း မင်္ဂလာဖြစ်လတ္တံ့၊ သင်၏အခြံအရံ ငါးရာသော သတို့သမီးငယ်တို့နှင့်တကွ ငါးရာသောရထားထက် တက်စီး၍ ငါးရာကုန်သော ကျွန်မတို့ဖြင့် ခြံရံလျက် ကိုယ်အား, ဉာဏ်အား ဆယ်ပါးသခင် ဘုရားရှင်အား ခရီးဦးကြိုဆိုခြင်း အမှု ပြုလော့”ဟု ဆိုလေ၏။ ဝိသာခါသတို့သမီးငယ်သည်လည်း “ကောင်းလှပါပြီ”ဟု ဝန်ခံ၍ သူဌေးကြီးဆိုတိုင်းပြုလေ၏။ အကြောင်းဟုတ်သည်, မဟုတ်သည်တို့၌ လိမ္မာသောသဘောရှိသည် အဖြစ်ကြောင့် အကြင်မျှလောက် ယာဉ်ဖြင့်သွားခြင်းငှာ လျောက်ပတ်သော မြေပြင်သည် ရှိ၏။ ထိုမျှလောက် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီး ခြေဖြင့်သာလျှင် သဗ္ဗညုဘုရားရှင်သို့ ချဉ်းကပ်ကာ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

<(b>ကိုယ်အား ဉာဏ်အား ဆယ်ပါးသခင်ဟူသော စကားရပ်၌ ကိုယ်အားဟူသည်မှာ (ဆဒ္ဒန်ဆင် ဆယ်စီးအားရှိသော ဘုရားဟူလို) လူဆယ်ယောက်၏အားသည် ကာဠာဝကဆင်၏ အား၊ ကာဠာဝကဆင် ဆယ်စီးအားသည် ဂင်္ဂေယျဆင်၏ အား၊ ဂင်္ဂေယျတစ်ဆယ် ပဏ္ဍရ။ ပဏ္ဍရတစ်ဆယ် တမ္ဗ။ တမ္ဗတစ်ဆယ် ပိင်္ဂလ၊ ပိင်္ဂလတစ်ဆယ် ဂန္ဓ၊ ဂန္ဓတစ်ဆယ် မင်္ဂလ။ မင်္ဂလတစ်ဆယ် ဟေမ။ ဟေမတစ်ဆယ် ဥပေါသထ။ ဥပေါသထတစ်ဆယ် ဆဒ္ဒန္တ။ ဆဒ္ဒန္တ ဆင်ဆယ်စီးအားသည် မြတ်စွာဘုရား၏ ကိုယ်အားနှင့် ညီမျှ၏။ ထိုဘုရားရှင်၏အားတော်သည် ဆဒ္ဒန် တစ်ဆယ်။ ဥပေါသထ တစ်ရာ။ ဟေမ တစ်ထောင်။ မင်္ဂလ တစ်သောင်း။ ဂန္ဓ တစ်သိန်း။ ပိင်္ဂလ တစ်သန်း။ တမ္ဗ တစ်ကုဋေ။ ပဏ္ဍရ ဆယ်ကုဋေ။ ဂင်္ဂေယျ ကုဋေတစ်ရာ။ ကာဠာဝက ကုဋေတစ်ထောင်။ လူ ကုဋေတစ်သောင်းအားနှင့် ညီမျှ၏။ ဉာဏ်အား ဆယ်ပါးကား ဌာနာဌာနကောသလ္လဉာဏ် စသော ဉာဏ်တော်ဆယ်ပါးတည်း)

ဝိသာခါ သောတာပန်ဖြစ်ခြင်း

ထိုအခါ ဝိသာခါအား ရှေးရှေးသောကာလ အတိတ်ဘဝက လေ့ကျက်ခဲ့ဖူးသော ကောင်းမှုကံ၏ အစွမ်းအားဖြင့် ဘုရားရှင်သည် တရားကို ဟောတော်မူ၏။ ထိုဝိသာခါသည် ဒေသနာတော်၏အဆုံး၌ ငါးရာသောသတို့သမီးတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ မေဏ္ဍကသူဌေးကြီးသည်လည်း ဘုရားရှင်သို့ချဉ်းကပ်၍ တရားစကားကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် နက်ဖြန်ကောင်းမှုအလို့ငှာ ပင့်ဖိတ်ခဲ့၍ တစ်ဖန် နံနက်မိုးသောက်ရောက်သောနေ့၌ မိမိ၏နေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားအမှူးရှိသော သံဃာတော်မြတ်အပေါင်းကို ဆွမ်းလုပ်ကျွေး၍ ဤသို့သောနည်းဖြင့်သာလျှင် တစ်ဆယ့်ငါးရက်ပတ်လုံး အလှူကြီးကို ပေးလှူ၏။ မြတ်စွာဘုရားသည်လည်း ဘဒ္ဒိယမြို့၌ မွေ့လျော်သမျှ ကာလပတ်လုံး သီတင်းသုံးနေထိုင်တော်မူ၍ ဖဲကြွသွားတော်မူလေ၏။

သူဌေးတစ်ဦးပေးရန် တောင်းခြင်း

ထိုအခါ ဗိမ္ဗိသာရမင်းနှင့် ပသေနဒီ ကောသလမင်းတို့သည် အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ မောင်လယ်,နှမလယ် နှမ၏ခင်ပွန်းတို့ ဖြစ်ကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ကောသလမင်း ကြံစည်သည်မှာ “ဗိမ္ဗိသာရမင်း၏ နိုင်ငံတော်၌ အတိုင်းမသိ များစွာသော စည်းစိမ်ချမ်းသာရှိကုန်သော ဘုန်းကံကြီးမားသော ငါးယောက်ကုန်သော သူဌေးကြီးတို့သည် နေထိုင်ကြကုန်၏။ ငါ၏နိုင်ငံတော်၌ကား ထိုသို့သဘောရှိသော သူဌေးသည် တစ်ဦးတစ်ယောက်မျှလည်း မရှိချေ။ ငါသည် ဗိမ္ဗိသာရမင်းအထံသို့သွား၍ ဘုန်းကံကြီးမားသော သူဌေးကြီးတစ်ဦးကို တောင်းရမူကား ကောင်းလေစွ”ဟု ကြံစည်လေ၏။ ထိုကောသလမင်းကြီးသည် ရာဇဂြိုဟ်ပြည်သို့သွား၍ ဗိမ္ဗိသာရမင်းသည် စေ့စပ်ခြင်း ပဋိသန္ဓာရ လောကဝတ် ပြုအပ်သည်ဖြစ်၍ “အသင်မင်းကြီးသည် အဘယ်အကြောင်းကြောင့် ကြွလာတော်မူသနည်း”ဟု မေးအပ်သည်ရှိသော် “အသင်မင်းကြီးတို့၏ တိုင်းနိုင်ငံတော်၌ အတိုင်းမသိ စည်းစိမ်ချမ်းသာ များစွာကြွယ်ဝကုန်သော ဘုန်းကံကြီးမားကုန်သော သူဌေးကြီးငါးဦးတို့သည် နေထိုင်ကြကုန်၏။ ထိုငါးဦးကုန်သော သူဌေးကြီးတို့တွင် တစ်ဦးတစ်ယောက်မျှသော သူဌေးကိုယူ၍ သွားအံ့ဟု အကျွန်ုပ်လာခဲ့ပါသည်။ ထိုသူဌေးကြီးငါးဦးတို့တွင် အသင်မင်းကြီးတို့သည် တစ်ယောက်ကို ပေးကြပါကုန်လော့”ဟု ဆို၏။ “ကြီးကျယ်သော အမျိုးကြီးတို့ဖြစ်သဖြင့် အကျွန်ုပ်တို့သည် လှုပ်ရှားခြင်းငှာ မတတ်နိုင်ကုန်”ဟု ဆိုလတ်သော် “အကျွန်ုပ်သည် မရသည်ရှိသော် နေပြည်တော်သို့ ပြန်မသွားတော့အံ့”ဟု ဆိုပြန်၏။

သာဝတ္ထိသို့ ဓနဉ္စယသူဌေး ပေးပို့ခြင်း

ထိုအခါ၌ ဗိမ္ဗိသာရမင်းကြီးသည် အမတ်တို့နှင့်တိုင်ပင်၍ “ဇောတိက အစရှိသော အမျိုးမြတ်သူဌေးကြီးတို့ကို ရွှေ့ပြောင်း တုန်လှုပ်စေခြင်းမည်သည် မြေကြီးကို ရွှေ့ပြောင်းတုန်လှုပ်စေရသည်နှင့် တူ၏။ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္စယသူဌေးမည်သည် ရှိ၏။ ထိုဓနဉ္စယ သူဌေးနှင့်အတူ တိုင်ပင်ပြီးမှသာလျှင် အသင်မင်းကြီးအား စကားတုံ့ကို ပြန်အံ့”ဟုဆို၍ ဓနဉ္စယသူဌေးကို ခေါ်စေပြီးလျှင် “ချစ်သားဓနဉ္စယသူဌေး- ကောသလမင်းကြီးသည် ဥစ္စာကြွယ်ဝသော သူဌေးတစ်ယောက်ကို ယူဆောင်၍ တိုင်းပြည်သို့ ပြန်သွားအံ့ဟုဆို၏။ သင်သည် ထိုကောသလမင်းကြီးနှင့်အတူတကွ လိုက်သွားပါလော့”ဟု ဆိုလတ်သော် “အရှင်မင်းကြီး- အရှင်မင်းကြီးတို့ စေလွှတ်ကုန်သည်ရှိသော် သွားပါအံ့”ဟု လျှောက်တင်လျှင် “ချစ်သား-ယင်းသို့ဖြစ်မူ စီရင်ဖွယ်ရှိသမျှ စီရင်ပြုလုပ်၍ လိုက်သွားပါလော့”ဟု မိန့်ဆို၍ လွှတ်လိုက်၏။ ဓနဉ္စယသူဌေးလည်း မိမိပြုလုပ်သင့်သမျှကို ပြုလုပ်လေ၏။ ဗိမ္ဗိသာရမင်းကြီးသည်လည်း ထိုဓနဉ္စယသူဌေးအား များစွာကြီးကျယ်သော ပူဇော်သက္ကာရကိုပြု၍ “ဤသူဌေးကို ခေါ်၍ သွားကြပါကုန်လော့”ဟု ပြောဆိုကာ ပသေနဒီ ကောသလမင်းကြီးကို လွှတ်လိုက်လေ၏။ ကောသလမင်းကြီးလည်း ထိုသူဌေးကိုခေါ်၍ သာဝတ္ထိပြည်သို့ တစ်ညဉ့်အိပ်ခရီးဖြင့် သွားသဖြင့် ချမ်းသာသော အရပ်တစ်ခုသို့ ရောက်လျှင် နေရာကို ယူလေ၏။

သာကေတမြို့သစ် တည်ခြင်း

ထိုအခါ ကောသလမင်းကြီးကို ဓနဉ္စယသူဌေးသည် “ဤအရပ်ကား အဘယ်မင်းမြတ်၏ နိုင်ငံအဝင်အပါ အရပ်ဖြစ်ပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- ငါ၏နိုင်ငံအဝင်အပါ အရပ်ဖြစ်သည်”ဟု ပြောဆိုလျှင် “သာဝတ္ထိပြည်သည် ဤအရပ်မှ အဘယ်မျှ ဝေးကွာသောအရပ်၌ တည်ရှိပါသနည်း”ဟု မေးပြန်လေ၏။ “ခုနစ်ယူဇနာထက်၌ တည်ရှိပေ၏”ဟု ပြောဆိုလျှင် “အရှင်မင်းမြတ်- မြို့၏အတွင်းမည်သည် ကျဉ်းမြောင်းလှ၏။ အရှင့် ကျွန်တော်မျိုးတို့၏ အခြံအရံ အလုပ်အကျွေး လူပရိသတ်ကား များလှစွာ၏။ အရှင်မင်းကြီးတို့သည် အကယ်၍ နှစ်သက်ကုန်သည် ဖြစ်ခဲ့အံ့။ ဤအရပ်၌ပင် နေလိုပါ၏”ဟု လျှောက်တင်လေ၏။ ကောသလမင်းကြီးလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအရပ်၌ မြို့ကို တည်ထောင်သဖြင့် ဓနဉ္စယသူဌေးအားပေးပြီး ကြွသွားလေ၏။ ထိုအရပ်၌ မိမိကိုယ်တိုင် နေရာအရပ် ယူအပ်သောကြောင့် သာကေတဟူ၍ မြို့၏အမည် တွင်လေ၏။

သားမရှိသောအမျိုး ပျက်စီးတတ်

သာဝတ္ထိပြည်၌လည်း မိဂါရသူဌေး၏ သားဖြစ်သော ပုဏ္ဏဝဍ္ဎနမည်သော သတို့သားသည် အရွယ်သို့ရောက်သည်ဖြစ်ပေ၏။ ထိုအခါ မိဘတို့သည် ထိုပုဏ္ဏဝဍ္ဎနသတို့သားကို “ချစ်သား- သင်နှစ်သက်ရာအရပ်၌ သတို့သမီးတစ်ယောက်ကို စုံစမ်းရှာဖွေလော့”ဟု ဆိုကြကုန်၏။ “မိခင်ဖခင်တို့- ဤသို့ သဘောရှိသော မယားဖြင့် ကျွန်တော်အား ပြုဖွယ်ကိစ္စ အလိုဆန္ဒ မရှိပါ”ဟု ဆိုသဖြင့် မိခင်ဖခင်တို့လည်း “ချစ်သား- ဤသို့မပြုပါလင့်၊ သားမရှိသော အမျိုးမည်သည်ကား ကာလအရှည် မတည်တံ့နိုင်, ပျက်စီးတတ်သည်။ ထို့ကြောင့် ချစ်သားနှစ်သက်ရာ သတို့သမီးငယ်တစ်ယောက်ကိုသာ ရှာဖွေလော့”ဟု ဆိုပြန်လေ၏။ ပုဏ္ဏဝဍ္ဎန သူဌေးသားသည် အဖန်ဖန်ပြောဆို တိုက်တွန်းအပ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သမီးကို ရသည်ဖြစ်အံ့။ မိခင်ဖခင်တို့၏ ပြောကြားသောစကားကို လိုက်နာပါအံ့”ဟု ဝန်ခံ၏။

ကောင်းခြင်းငါးဖြာဟူသည်

“ချစ်သား- ကောင်းခြင်းငါးပါးတို့ဟူသည် အဘယ်သည်တို့နည်း”ဟု မေးသဖြင့် “ဆံပင်၏ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုး၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်းဟူသော ဤငါးပါးတို့တည်း”ဟု ဖြေဆိုလေ၏။ ထိုစကားမှန်၏။

၁။ ဘုန်းကံကြီးသောမိန်းမ၏ ဆံပင်တို့သည် ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ဦးခေါင်းမှ ဖြေ၍ချလိုက်သည်ရှိသော် အဝတ်ထဘီအစွန်းကိုထိ၍ အဖျားကော့တက်လျက် တည်ကုန်၏။ ဤကား ဆံပင်၏ကောင်းခြင်းမည်၏။

၂။ သွားကိုဖုံးသော နှုတ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူစွာ နီမြန်းသောအဆင်းနှင့် ပြည့်စုံသည်ဖြစ်၍ ညီညွတ်၏၊ ကောင်းစွာထိခြင်း,စပ်ခြင်း ရှိ၏။ ဤကား အသား၏ကောင်းခြင်းမည်၏။

၃။ သွားတို့သည် ဖြူစင်ခြင်း, ညီညွတ်ခြင်း, မကျဲခြင်း ရှိကုန်သည်ဖြစ်၍ စိုက်၍ထားအပ်သော ဝဇီရစိန်ရတနာ အစီအတန်းကဲ့သို့လည်းကောင်း၊ ကောင်းမွန်ညီညွတ်စွာ ဖြတ်အပ်သော ခရုသင်း အစီအတန်းကဲ့သို့လည်းကောင်း တင့်တယ်ကုန်၏။ ဤကား အရိုး၏ကောင်းခြင်းမည်၏။

၄။ အသားညိုသော မိန်းမ၏ အရေအဆင်းသည် ပေါင်ဒါမှုန့် စသည်တို့ဖြင့် မလိမ်းမကျံဘဲသာလျှင် ပင်ကို ညက်ညောပြေပြစ်၏။ ကြာညိုပန်းဆိုင်းနှင့်တူ၏။ အသားဖြူသောမိန်းမ၏ အရေအဆင်းသည် မဟာလှေကား ပန်းဆိုင်းနှင့်တူ၏။ ဤကား အရေ၏ကောင်းခြင်းမည်၏။

၅။ ဆယ်ကြိမ်တိုင်အောင် သားသမီးဖွားမြင်ပြီးသော်လည်း စင်စစ်အားဖြင့် တစ်ကြိမ်သားဖွားသော မိန်းမကဲ့သို့ အရွယ်ကွေကွင်း ဆုတ်ယုတ်ခြင်းမရှိသည်သာတည်း။ ဤကား အရွယ်၏ကောင်းခြင်းမည်၏။

သတို့သမီး အရှာထွက်ခြင်း

ထိုအခါ ပုဏ္ဏဝဍ္ဎနသတို့သား၏ မိခင်ဖခင်တို့သည် ပုဏ္ဏားရှစ်ယောက်တို့ကို ပင့်ခေါ်၍ ကျွေးမွေးပြီးလျှင် “ကောင်းခြင်းငါးပါးနှင့် ပြည့်စုံကုန်သော မိန်းမတို့မည်သည် ရှိပါကုန်သလော”ဟု မေးမြန်းကြကုန်၏။ ပုဏ္ဏားတို့သည် “ဪ ရှိကြကုန်၏”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ ဤသို့သဘောရှိသော သတို့သမီးကို ရှာဖွေခြင်းငှာ ရှစ်ယောက်သောပုဏ္ဏားတို့သည် သွားကြပါကုန်လော့”ဟုဆို၍ များစွာသော ဥစ္စာကို ပေးပြီးလျှင် “ပြန်ရောက်လာသောအခါ သင်တို့အား ကျေးဇူးတုံ့ပြုဖွယ်ကို သိကြပါကုန်အံ့။ ကျေးဇူးဆပ်ပါမည်။ သွားကြပါကုန်လော့။ ဤသို့ ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေကြပါကုန်လော့။ တွေ့သောအခါ၌လည်း ဤတန်ဆာကို ပေးခဲ့ကြပါကုန်လော့”ဟု မှာထား ပြောဆိုလျက် အဖိုးတစ်သိန်းထိုက်သော ရွှေပန်းကုံးကိုပေး၍ လွှတ်လိုက်ကြလေကုန်၏။

ထိုပုဏ္ဏားတို့သည် ကြီးကုန်,ကြီးကုန်သော မြို့ကြီးပြကြီးတို့သို့သွား၍ ရှာဖွေကြကုန်သော်လည်း ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သမီးကို မတွေ့မထင် မမြင်ရသဖြင့် ပြန်လည်ဆုတ်နစ်ကာ လာကုန်သည်ရှိသော် ဝိဝဋနက္ခတ်ပွဲသဘင် ကြုံသောနေ့၌ သာကေတမြို့သို့ အစဉ်အတိုင်း ရောက်လာကြကုန်ရကား “ယနေ့ ငါတို့၏အမှုကိစ္စသည် ပြီးဆုံးခြင်းသို့ ရောက်လတ္တံ့”ဟု ကြံစည်ကြကုန်၏။ ထိုသာကေတမြို့၌ကား နှစ်စဉ်မပြတ် ကျင်းပပြုလုပ်အပ်သော ဝိဝဋနက္ခတ်ပွဲသဘင်မည်သည် ရှိ၏။ ထိုအခါ ပြင်ပသို့ ထွက်သွားလေ့မရှိကုန်သော အမျိုးသား အမျိုးသမီးတို့သည်လည်း အခြံအရံနှင့်တကွ နေအိမ်မှထွက်၍ မကွယ်မဝှက်သော ကိုယ်ရှိသည်ဖြစ်၍ ခြေဖြင့်သာလျှင် မြစ်ကမ်းနားသို့ သွားလေ့ရှိကုန်၏။ ထိုနေ့၌ ခတ္တိယ မဟာသာလ စသည်တို့၏ သားယောက်ျားတို့သည်လည်း မိမိနှင့် အမျိုးအနွယ်တူမျှသော နှစ်သက်ဖွယ်ကောင်းသော အမျိုးသတို့သမီးကို မြင်လျှင် ပန်းကုံးဖြင့် ပစ်ကုန်အံ့၊ ပန်းကုံး စွပ်ကုန်အံ့ဟု ကြံလျက် ထိုထိုခရီးလမ်းမကိုမှီ၍ ရပ်တည်နေကြကုန်၏။

<(b>ခတ္တိယ မဟာသာလ စသည်တို့၏ အဓိပ္ပာယ်။ ။အသပြာ ဒင်္ဂါး ကုဋေတစ်ရာ မြေ၌သိုမှီး၍ နေ့စဉ် ဒင်္ဂါးတင်းနှစ်ဆယ် သုံးသောမင်းသည် ခတ္တိယမဟာသာလမည်၏။ ကုဋေရှစ်ဆယ်သိုမှီး၍ နေ့စဉ် ဆယ်တင်းသုံးသော ပုဏ္ဏားသည် ဗြာဟ္မဏမဟာသာလမည်၏။ ကုဋေလေးဆယ် သိုမှီး၍ နေ့စဉ် ငါးတင်းသုံးသော သူကြွယ်သည် ဂဟပတိမဟာသာလမည်၏။ အဘိဓာန်အလို။ ကုဋေတစ်ရာ, တစ်ထောင်မြှုပ်၍ နေ့စဉ်ရိက္ခာ တစ်နေ့ အသပြာတစ်လှည်းထွက်၊ ညနေ နှစ်လှည်းဝင်သော မင်းသည် ခတ္တိယမဟာသာလမည်၏။ ကုဋေရှစ်ဆယ်မြှုပ်၍ နေ့စဉ် ရိက္ခာ တကုမ္ဘထွက်၊ ညနေ တစ်လှည်းဝင်သော ပုဏ္ဏားသည် ဗြာဟ္မဏမဟာသာလမည်၏။ ကုဋေလေးဆယ်မြှုပ်၍ နေ့စဉ် ရိက္ခာ ငါးအမ္ဗဏထွက်၊ ညနေ ဆယ်အမ္ဗဏဝင်သော သူကြွယ်သည် ဂဟပတိမဟာသာလမည်၏။ သုတ်မဟာဝါ။)

ထိုပုဏ္ဏားတို့သည်လည်း မြစ်ကမ်းနား၌ ဇရပ်တစ်ခုသို့ ဝင်ရောက်၍ ရပ်တည်နေကြကုန်၏။ ထိုခဏ၌ ဝိသာခါသည် တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိပြီဖြစ်၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် သတို့သမီးငယ်ငါးရာတို့ဖြင့် ခြံရံကာ မြစ်သို့သွား၍ ရေချိုးအံ့ဟု လာခဲ့ရာ ထိုပုဏ္ဏားတို့နေသောအရပ်သို့ ရောက်လာလေ၏။ ထိုအခါ မိုးတက်၍ ရွာလတ်သဖြင့် ငါးရာကုန်သော သတို့သမီးတို့သည် လျင်မြန်စွာ ပြေးသွား၍ ဇရပ်သို့ ဝင်ကြကုန်၏။ ပုဏ္ဏားတို့သည် ကြည့်ရှုကြသည်ရှိသော် ထိုသတို့သမီးငါးရာတို့တွင် ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသူတစ်ယောက်ကိုမျှ မမြင်ကြရလေကုန်။

ပုဏ္ဏားတို့ ဝိသာခါကို တွေ့ခြင်း

ထို့နောက်မှ ဝိသာခါသည် ပြကတေ့သော သွားခြင်းဖြင့်သာ ဇရပ်သို့ဝင်လာသဖြင့် ဆင်သော အဝတ်တန်ဆာတို့သည် စွတ်စိုကုန်၏။

ပုဏ္ဏားတို့သည် ထိုဝိသာခါ၏ လေးပါးသော ကောင်းခြင်းတို့ကိုမြင်၍ သွားတို့ကို ကြည့်ရှုလိုသောကြောင့် “ငါတို့သမီးကား ပျင်းရိသောသဘောရှိ၏။ ဤသတို့သမီး၏ အရှင်သည် ပအုံးရည်မျှကိုလည်း ရလိမ့်မည်မဟုတ်ယောင်တကား”ဟု အချင်းချင်း ပြောဆိုကြကုန်၏။ ထိုအခါ ဝိသာခါသည် ထိုပုဏ္ဏားတို့ကို “အသင်ပုဏ္ဏားကြီးတို့သည် အဘယ်သူကို ပြောဆိုကြပါသနည်း”ဟု မေးလေသဖြင့် “ချစ်သမီး- အသင့်ကို ပြောဆိုကြကုန်၏”ဟု ဆိုကြလေကုန်၏။ ထိုဝိသာခါ၏အသံသည် သာယာနာပျော်ဖွယ် နားဝင်ချိုသည်ဖြစ်၍ တီးခေါက်အပ်သော ကြေးဖလား, ကြေးခွက်သံကဲ့သို့ မြည်ထွက်လေ၏။ ထိုအခါ ပုဏ္ဏားတို့ကို တစ်ဖန် သာယာစွာသောအသံဖြင့် “အဘယ်အကြောင်းကြောင့် ပြောဆိုကြပါကုန်သနည်း”ဟု မေးပြန်လေ၏။ “သင်၏ အခြံအရံဖြစ်ကုန်သော မိန်းမတို့သည် အဝတ်တန်ဆာတို့ကို မစွတ်စိုစေမူ၍ လျင်မြန်စွာ ဇရပ်သို့ဝင်လာကြကုန်ပြီ။ သင့်အားမူကား ဤမျှလောက် လျင်မြန်စွာ လာခြင်းမျှသည်လည်း မရှိ၊ အဝတ်တန်ဆာတို့ကို စွတ်စိုစေလျက် လာခဲ့သည်ဖြစ်ပေ၏။ ချစ်သမီး- ထို့ကြောင့် ငါတို့သည် ပြောဆိုကြကုန်သတည်း”ဟု ပြောကြားကြလေကုန်၏။

လျင်မြန်စွာ မသွားသင့်သူ လေးယောက်

ထိုအခါ ဝိသာခါသည် “ဖခင်တို့- ဤသို့သောစကားကို မဆိုကြပါကုန်လင့်။ ကျွန်မသည် ဤမိန်းမတို့ထက် လွန်စွာကြီးသောခွန်အားဗလ ရှိပါသည်။ စင်စစ်သော်ကား အကြောင်းကိုမှတ်သား၍ လျင်မြန်စွာ မလာခြင်းဖြစ်ပါသည်”ဟု ဆိုသဖြင့် “ချစ်သမီး- အဘယ်အကြောင်းကိုနည်း”ဟု မေးပြန်သော် “ဖခင်တို့- လေးယောက်ကုန်သောသူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်။ ထိုမှတစ်ပါးလည်း အကြောင်းတစ်ပါးရှိပါသေးသည်”ဟု ဝိသာခါက ဆိုလေ၏။ “ချစ်သမီး- လျင်မြန်စွာ ပြေးသွားသဖြင့် မတင့်တယ်ကုန်သော လေးယောက်ကုန်သော သူတို့သည် အဘယ်သူတို့နည်း”ဟု မေးပြန်လေသော် “ဖခင်တို့-

၁။အဘိသိက်သွန်းပြီးသောမင်းသည် အလုံးစုံသော မင်းမြောက်တန်ဆာငါးပါး ဆင်ယင်လျက် ခါးတောင်း အောက်ပိုးကျိုက်ခြင်းကိုပြု၍ မင်းရင်ပြင်၌ လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ။ “အသို့နည်း၊ ဤမင်းသည် လယ်လုပ်,ကုန်သွယ် အသက်မွေးသော သူကြွယ်ကဲ့သို့ လျင်စွာ ပြေးသွားသည်”ဟု သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကို ဧကန်မုချ ရရှာပေ၏။ ဖြည်းဖြည်းသာသာ သွားမှသာလျှင် တင့်တယ်လှပါသည်။

၂။ မင်း၏ မင်္ဂလာရှိသော ဆင်ရတနာသည်လည်း တန်ဆာဆင်ခြင်း ရှိသည်ဖြစ်လျက် လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ။ ဆင်မင်းတို့၏ တင့်တယ်စံပယ်ခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

၃။ ရဟန်းတော် အရှင်မြတ်သည်လည်း လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ၊ “အသို့နည်း၊ ဤရဟန်းသည် လူကဲ့သို့ လျင်မြန်စွာ ပြေးသွားဘိသည်”ဟု သက်သက် ကဲ့ရဲ့ခြင်းကိုသာ ခံရပေ၏။ ငြိမ်သက်တည်ကြည်စွာ သွားခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

၄။ မိန်းမတို့သည်လည်း လျင်မြန်စွာ သွားကုန်သည်ရှိသော် မတင့်တယ်ကြပါကုန်။ “အသို့နည်း၊ ဤမိန်းမသည် ယောက်ျားကဲ့သို့ လျင်မြန်စွာ ပြေးသွားလေသည်”ဟု သူတစ်ပါးတို့ ကဲ့ရဲ့အပ်သည်သာတည်း။

ဤလေးယောက်သော သူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်”ဟု ဆိုလေ၏။

“ချစ်သမီး-ထိုမှတစ်ပါး အကြောင်းတစ်ပါး ရှိပါသေးသည်ဟုဆိုရာ၌ ထိုအကြောင်းကား အဘယ်နည်း”ဟု မေးပြန်လတ်သော် “ဖခင်တို့- မိခင်ဖခင်တို့မည်သည် မိမိတို့၏သမီးကို အင်္ဂါကြီးငယ် အသွယ်သွယ် အဝဝတို့ကို လှပတင့်တယ် ရှုချင်ဖွယ် ရှိသည်၏အဖြစ်၌ တည်စေလျက် မွေးမြူကြရပါကုန်၏။ ကျွန်မတို့သည် ရောင်းအပ်သော ဥစ္စာဘဏ္ဍာမည်ပါသည်၊ ကျွန်မတို့ကို တစ်ပါးသော အမျိုးသားအိမ်သို့ စေလွှတ်ခြင်းအကျိုးငှာ မွေးမြူကြရပါကုန်၏။ လျင်မြန်စွာသွားသဖြင့် ဆင်ယင်ဝတ်စားထားသော အဝတ်၏ အစွန်းအနား၌ နင်းမိသည်ဖြစ်၍လည်းကောင်း၊ မြေ၌ ချွတ်ချော်သည်ဖြစ်၍လည်းကောင်း လဲပြိုသောအခါ လက်သည်လည်းကောင်း၊ ခြေသည်လည်းကောင်း ကျိုးခဲ့ငြားအံ့၊ အမျိုးအားသာလျှင် တာဝန်ဖြစ်ရာ၏။ ကျွန်မ၏ ဆင်ယင်ဝတ်စားသော တန်ဆာသည်ကား မိုးစိုစွတ်သော်လည်း ခြောက်သွေ့ပါလတ္တံ့၊ ဤအကြောင်းကိုမြင်ကာ မှတ်သား၍ လျင်မြန်စွာမသွားဘဲ နေပါသည် ဖခင်တို့”ဟု ပြန်ပြောလေ၏။

ဝိသာခါ လက်ထပ်ပန်းကုံး လက်ခံခြင်း

ပုဏ္ဏားတို့လည်း ထိုဝိသာခါ၏ စကားပြောသောကာလ၌ ညီညွတ်လှပသော သွား၏ပြည့်စုံခြင်းကို မြင်ရ၍ “ဤသို့သဘောရှိသော သွား၏ကောင်းခြင်းနှင့်ပြည့်စုံသော သတို့သမီးကို ငါတို့မမြင်အပ်စဘူးကုန်”ဟု အချင်းချင်း ပြောဆိုပြီးမှ ဝိသာခါအား ကောင်းချီးပေး၍ “ချစ်သမီး- ဤပန်းကုံးသည် သင်ချစ်သမီးအားသာလျှင် လျောက်ပတ်ထိုက်တန်၏”ဟု ဆို၍ ထိုရွှေပန်းကုံးကို ပန်ဆင်စေကြကုန်၏။ ထိုအခါ ဝိသာခါက ပုဏ္ဏားတို့ကို “ဖခင်တို့- ဖခင်တို့သည် ဘယ်ပြည်,ဘယ်မြို့မှ လာခဲ့ကြပါကုန်သနည်း”ဟု မေးသော် “ချစ်သမီး- ငါတို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြကုန်၏”ဟု ဆိုလျှင် “ဖခင်တို့ သူဌေးမျိုးသည် အဘယ် အမည်ရှိပါသနည်း”ဟု မေးပြန်သော် “ချစ်သမီး- မိဂါရသူဌေးမည်၏”ဟု ပြောလျှင် “အရှင်သူဌေးသားကား အဘယ်အမည်ရှိပါသနည်း”ဟု မေးသဖြင့် “ချစ်သမီး- ပုဏ္ဏဝဍ္ဎနသတို့သား အမည်ရှိ၏”ဟု ပြောဆိုကြလေကုန်၏။ ဝိသာခါသည်လည်း “ငါတို့နှင့်တူမျှသော ဇာတ်ရှိသော အမျိုးပေတည်း”ဟု ရွှေပန်းကုံးကို သိမ်းပိုက်လက်ခံ ပန်ဆင်ပြီးလျှင် ဖခင်၏အထံသို့ “ကျွန်မတို့အလို့ငှာ ရထားစေလွှတ်ပါ”ဟု မှာကြားလိုက်၏။

(ရထားမှာရခြင်းအကြောင်းကား ဝိသာခါသည် လာသောအခါ ခြေဖြင့်လာခဲ့သော်လည်း ရွှေပန်းကုံးကို တန်ဆာဆင်ရသောအခါမှစ၍ ထိုသို့ ခြေဖြင့်သွားခြင်းငှာ မရ၊ ကြွယ်ဝချမ်းသာသော သတို့သမီးတို့သည် ရထားစသည်တို့ဖြင့် သွားကြရကုန်၏။ တစ်ပါးသော သတို့သမီးတို့ကား ပြကတေ့သော ယာဉ်ကိုသော်လည်း စီးကြရကုန်၏။ ထီးကိုလည်းကောင်း, ထန်းရွက်ကိုလည်းကောင်း ဆောင်း၍ သွားကြရကုန်၏။ ထိုထီး,ထန်းရွက်မျှလည်း မရှိခဲ့သော် ဝတ်ဆင်ထားသော အဝတ်၏ အမြိတ်အဆာစွန်းကို ပင့်မြှောက်၍ ပခုံးထက်၌ တင်လွှားကုန်လျက် သွားကြရကုန်စမြဲတည်း။)

ထိုဝိသာခါ၏အလို့ငှာ ဖခင်သူဌေးကြီးလည်း ရထားငါးရာတို့ကို စေလွှတ်လေ၏။ ဝိသာခါသည် အခြံအရံငါးရာနှင့်တကွ ရထားထက်သို့ တက်စီး၍ သွားကြကုန်၏။ ပုဏ္ဏားတို့သည်လည်း အတူတကွသာလျှင် လိုက်သွားကြကုန်၏။ အိမ်သို့ရောက်သောအခါ ထိုပုဏ္ဏားတို့ကို သူဌေးကြီးသည် “အဘယ်အရပ်မှ လာခဲ့ကြပါသနည်း”ဟု မေး၏။ “သူဌေးကြီး- အကျွန်ုပ်တို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြပါကုန်၏”ဟု ပြောဆိုလျှင် “အသင်တို့၏ သူဌေးသည် အဘယ်အမည် ရှိသနည်း”ဟု မေး၏။ “မိဂါရသူဌေး မည်ပါသည်”ဟု ပြောဆိုလျှင် “သူဌေးသားသည် အဘယ်အမည်ရှိသနည်း”ဟု မေး၏။ “ပုဏ္ဏဝဍ္ဎနသတို့သား မည်ပါသည်”ဟု ပြောဆိုလျှင် “ဥစ္စာအဘယ်မျှ ရှိသနည်း”ဟု မေးပြန်လေ၏။ “အရှင်သူဌေးမင်း- ကုဋေလေးဆယ် ရှိပါကုန်၏”ဟု ဆိုလတ်သော် “ထိုကုဋေလေးဆယ်မျှသော ဥစ္စာသည် ငါတို့ပိုင်ဥစ္စာကို ထောက်သော် တစ်ချင်ရွေးမျှလောက် ဖြစ်၏။ သို့သော်လည်း ငါ့သမီးကို စောင့်ရှောက်ရန် ရသောအခါမှစ၍ တစ်ပါးသောအကြောင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံ၍ ဝန်ခံလေ၏။ ဓနဉ္စယသူဌေးသည် ထိုပုဏ္ဏားတို့အား ပူဇော်သက္ကာရပြု၍ တစ်ရက်, နှစ်ရက်ပတ်လုံး နေစေပြီးမှ လွှတ်လိုက်လေ၏။

သတို့သမီးအကြောင်း သတင်းပို့

ထိုပုဏ္ဏားတို့သည် သာဝတ္ထိပြည်သို့ ပြန်သွား၍ “ငါတို့ကား သတို့သမီးကို ရအပ်ပါပြီ”ဟု ပြောကြားကြလေကုန်၏။ “အဘယ်သူ၏ သမီးနည်း”ဟု မေးလတ်သော် “ဓနဉ္စယသူဌေးကြီး၏ သမီးတည်း”ဟု ပြောကြားကုန်၏။ မိဂါရသူဌေးလည်း “ငါ့အား ကြီးကျယ်မြင့်မြတ်သော အမျိုး၏ သတို့သမီးကို ရအပ်ပေပြီတကား။ ထို့ကြောင့် လျင်မြန်စွာသာလျှင် သတို့သမီးကို ဆောင်ယူခြင်းငှာ သင့်သည်”ဟုဆို၍ ထိုသာကေတပြည်သို့ သွားအံ့သောငှာ ကောသလမင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ ကောသလမင်းကြီးသည်လည်း “ဤသူဌေးမျိုးကား ကြီးကျယ် မြင့်မြတ်သော စည်းစိမ်ရှိ၏။ ဗိမ္ဗိသာရမင်းကြီးထံမှ တောင်းရမ်း ဆောင်ယူပြီးလျှင် ဤသာကေတပြည်၌ နေစေအပ်၏။ ထိုသူဌေးအား အမြတ်တနိုး ချီးမြှောက်ထောက်ပံ့ခြင်းငှာ သင့်၏”ဟု ကြံ၍ “ငါသည်လည်း သွားအံ့”ဟု ဆိုလေ၏။ မိဂါရသူဌေးသည် “အရှင်မင်းကြီး- ကောင်းလှပါပြီ”ဟု ဝန်ခံပြောဆို၍ ဓနဉ္စယသူဌေးကြီး၏ အထံသို့ “အကျွန်ုပ်လာသည်ရှိသော် သာဝတ္ထိပြည်ကြီးရှင် ဘုရင်မင်းမြတ်သည်လည်း ကြွလာတော်မူပါလတ္တံ့၊ မင်းကြီး၏ စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်းကား များပြားလှ၏၊ ဤမျှလောက်သော လူအပေါင်းအား ကောင်းစွာ ကျွေးမွေး ပေးကမ်းနှစ်ခြိုက် ပြုထိုက်ပြုသင့်သော အမှုကိစ္စအဝဝ အလုံးစုံကို အကုန်ပြုခြင်းငှာ တတ်နိုင်အံ့လော၊ မတတ်နိုင်အံ့လော”ဟု တမန်စေလွှတ်လိုက်လေ၏။ ဓနဉ္စယသူဌေးကလည်း “တစ်ကျိပ်ကုန်သော မင်းတို့သည် အကယ်၍ လာကြကုန်သည်ဖြစ်အံ့၊ လာကြပါစေ”ဟု သတင်းတုံ့တစ်ဖန်ပြန်၍ စေလွှတ်လေ၏။

မိဂါရသူဌေးကြီးသည် ထိုမျှလောက်ဖြင့် ကြီးကျယ်သော ပြည်၌ အိမ်စောင့်မျှလောက်ကိုသာထားခဲ့၍ ကြွင်းသော လူအပေါင်းကို ခေါ်ယူလျက် သွားသည်ရှိသော် ယူဇနာခွဲ အရပ်၌ တည်နေဆိုင်းငံ့၍ “အကျွန်ုပ်တို့ လာကြကုန်ပြီ”ဟု သတင်းစကား ပို့လိုက်လေ၏။ ဓနဉ္စယသူဌေးကြီးလည်း များစွာသော လက်ဆောင်ပဏ္ဏာကို ပို့သစေလေ၍ သမီးနှင့်တကွ တိုင်ပင်စကား ဤသို့ ပြောကြားလေ၏။

“ချစ်သမီး- အသင်၏ ယောက္ခမဖြစ်သော မိဂါရသူဌေးကြီးသည် ကောသလမင်းကြီးနှင့်တကွ ကြွလာသတတ်၊ ထိုသူဌေးကြီးအလို့ငှာ အဘယ်အိမ်ကို သုတ်သင် ပြင်ဆင်သင့်သနည်း၊ မင်ကြီးအလို့ငှာ အဘယ်အိမ်ကို၊ အိမ်ရှေ့မင်း စသည်တို့အလို့ငှာ အဘယ်အိမ်တို့ကို သုတ်သင်ပြင်ဆင်သင့်သနည်း”ဟု တိုင်ပင်စကား ပြောကြားလေ၏။ သူဌေးသမီးသည်ကား ပညာကြီး၏၊ ၀ဇီရစိန်သွားကဲ့သို့ ထက်မြက်သော ဉာဏ်အမြင်ရှိ၏။ ကမ္ဘာတစ်သိန်းကာလပတ်လုံး တောင့်တအပ်သော ဆုတောင်းပတ္ထနာရှိ၏၊ ရှေးကောင်းမှု ဆုတောင်းခြင်းနှင့်လည်း ပြည့်စုံလှပေသည် ဖြစ်ရကား “ကျွန်မ၏ ယောက္ခမအလို့ငှာ ဤမည်သောအိမ်ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့၊ မင်းကြီးအလို့ငှာ ဤမည်သော အိမ်တို့ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့”ဟု ပြောဆိုစီမံ၍ ကျွန်အမှုလုပ်တို့ကို ခေါ်စေပြီးလျှင် “ဤမျှလောက်ကို မင်းကြီးအား ပြုသင့်သမျှ အလုံးစုံ ပြုစုကြပါကုန်လော့၊ ဤမျှလောက်တို့ကို အိမ်ရှေ့မင်းစသည်တို့အား ပြုစုကြပါကုန်လော့၊ ဆင်,မြင်းစသည်တို့ကိုလည်း သင်တို့သာလျှင် ထိန်းကျောင်းကျွေးမွေး သုတ်သင်ကြပါကုန်လော့၊ ဆင်ထိန်း, မြင်ထိန်းစသော သူတို့သည်လည်း လာရောက်၍ မင်္ဂလာဆောင် ပွဲသဘင်ကို ကြည့်ရှုခံစားနိုင်ကြပါကုန်လတ္တံ့”ဟု ပြုစုစီမံလေ၏။

မင်္ဂလာဆောင်ပွဲ၌ ထင်းမလောက်နိုင်ပုံ

ထိုနေ့၌ပင်လျှင် ဝိသာခါ၏ ဖခင်သူဌေးကြီးသည် ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေ၍ “ငါ့သမီးဆင်ယင်ဖို့ရာ မဟာလတာ တန်ဆာမည်သည်ကို ပြုကြကုန်လော့”ဟု နီမြန်းသောရွှေစင် နိက္ခတစ်ထောင်ကို (တစ်နိက္ခ = ရွေးတစ်ထောင်) ပေး၍ ထိုရွှေစင်အားထိုက်လျောက် သင့်လျော်ကုန်သော ငွေ, ပတ္တမြား, ပုလဲ, သန္တာ, ဝဇီရစိန်ကျောက် စသည်တို့ကိုလည်း ပေးစေလေ၏။ ပသေနဒီကောသလမင်းကြီးသည် နှစ်ရက်သုံးရက်မျှ နေပြီးလျှင် ဓနဉ္စယသူဌေးကြီး၏ အထံသို့ “သူဌေးကြီး- ငါတို့အား တာရှည်လေးမြင့်စွာ လုပ်ကျွေးမွေးမြူခြင်း မည်သည်ကို ပြုခြင်းငှာ မစွမ်းနိုင်ကောင်းပေ။ ဤယခုအခါ သတို့သမီး၏ သွားသင့်သောအခါကိုသာ သိပါလေလော့”ဟု သတင်းစကား စေလွှတ်လိုက်၏။ သူဌေးကြီးသည်လည်း ကောသလမင်းကြီး၏ အထံသို့ “ယခုအခါ မိုးကာလ ရောက်လာပါပြီ။ မိုးလေးလတို့ပတ်လုံး လှည့်လည် သွားလာခြင်းငှာ မတတ်ကောင်းပါ၊ အရှင်မင်းကြီးတို့၏ ဗိုလ်ပါအပေါင်းအား ရသင့်သမျှအဖုံဖုံ ထိုထိုအလုံးစုံသည် အကျွန်ုပ်၏ တာဝန်ပါတည်း။ အကျွန်ုပ် ခွင့်လွှတ် လျှောက်တင်သောအခါမှ အရှင်မင်းကြီး ပြန်ကြွတော်မူနိုင်ရပါလတ္တံ့”ဟု သတင်းစကားကို စေလိုက်၏။ ထိုနေ့မှစ၍ သာကေတမြို့ အလုံးသည် အမြဲ နက္ခတ်ပွဲသဘင်ကဲ့သို့ ဖြစ်လေ၏။ မင်းကြီးကိုအစပြု၍ အလုံးစုံသော လူတို့အလို့ငှာ ပန်းနံ့သာ အဝတ်ပုဆိုး စသည်တို့ကို စီရင်အပ်ကုန်သည်သာ ဖြစ်ကုန်၏။ ထို့နောက်မှ ထိုလူများတို့သည် သူဌေးကြီးသည် “ငါတို့အားသာလျှင် ပူဇော်သက္ကာရ ချီးမြှင့်ခြင်းကို ပြုလေဘိသည်”ဟု ကြံစည်အောက်မေ့ မှတ်ထင်ကြကုန်၏။

ဤသို့သောနည်းဖြင့် သုံးလတို့သည် လွန်မြောက်ကုန်ပါသော်လည်း မဟာလတာ တန်ဆာသည် မပြီးဆုံးသေးသည်သာတည်း။ အမှုကြီးငယ် လုပ်ဆောင်ရာ၌ ကြီးမှူးကြပ်မတ် ကြည့်ရှုကြရကုန်သော သူတို့သည် လာလတ်၍ “တစ်ပါးသော မရှိသော မပြည့်စုံသော အရာမည်သည် မရှိပါ၊ ဗိုလ်ပါရဲမက် အပေါင်းအလို့ငှာ ထမင်းချက်ပြုတ်ရန် ထင်းတို့သည် မလောက်နိုင်ကုန်ပါ”ဟု သူဌေးကြီးအား ပြောကြားကြကုန်၏။ သူဌေးကြီးက “အမောင်တို့- သွားကြချေ၊ ဤမြို့၌ ဟောင်းနွမ်းဆွေးမြေ့ကုန်သော ဆင်တင်းကုပ် စသည်တို့ကိုလည်းကောင်း၊ ဟောင်းနွမ်းဆွေးမြေ့ကုန်သော အိမ်တို့ကိုလည်းကောင်း ဖျက်ဆီးဆောင်ယူ၍ ချက်ပြုတ်ကြကုန်လော့”ဟု ဆိုရလေ၏။ ဤသို့ပြု၍ ချက်ပြုတ်ကုန်သော်လည်း လခွဲမျှသာ လွန်မြောက်လေ၏။ ထို့နောက် တစ်ဖန်လည်း “ထင်းတို့မရှိကုန်ပါ”ဟု ပြောကြားကြပြန်ကုန်၏။ “ဤအချိန်အခါ၌ ထင်းတို့ကိုရခြင်းငှာ မတတ်ကောင်း၊ ရနိုင်ဖွယ်မရှိချေ။ ပုဆိုးတိုက် ကျီကျတို့ကို ဖွင့်လှစ်၍ ထူကြမ်းသော ပုဆိုးတို့ကို မီးစာကျစ်သဖြင့် ဆီအိုးတို့၌ဆွတ်၍ ထမင်းကို ချက်ကြကုန်လော့”ဟု ဆိုလေ၏။ ထိုသူတို့လည်း လခွဲပတ်လုံး ထိုသူဌေးဆိုတိုင်း ပြုကြကုန်၏။ ဤသို့လျှင် လေးလတို့သည် လွန်ကုန်သည်ဖြစ်၍ ပြုပြင်စီမံသော မဟာလတာတန်ဆာသည်လည်း ပြီးဆုံးခြင်းသို့ ရောက်လေ၏။

မဟာလတာတန်ဆာ၏ ပုံစံ တန်ဖိုး

ထိုမဟာလတာ တန်ဆာ၌ လေးစလယ် ကွမ်းစားရှိသော ဝဇီရစိန်ကျောက်တို့သည် ထည့်စပ်ယှဉ်တပ်ခြင်းသို့ ရောက်ကုန်၏။ ပုလဲတစ်ဆယ့်တစ်စလယ် ကွမ်းစားတို့လည်းကောင်း၊ သန္တာ နှစ်ဆယ့်နှစ်စလယ် ကွမ်းစားတို့လည်းကောင်း၊ ပတ္တမြား သုံးဆယ့်သုံးစလယ် ကွမ်းစားတို့လည်းကောင်း၊ ဤသို့ဆိုအပ်ပြီးသော ရတနာတို့ဖြင့်လည်းကောင်း၊ တစ်ပါးသော ရတနာခုနစ်ပါးတို့ဖြင့်လည်းကောင်း ပြုပြင်စီရင် ခြယ်လှယ်အပ်သည်ဖြစ်၍ ပြီးဆုံးခြင်းသို့ ရောက်လေ၏။ ဤတန်ဆာကား ချည်တို့ဖြင့် ရက်လုပ်အပ်သည် မဟုတ်၊ မရောမယှက် ငွေသက်သက်ဖြင့်သာ ချည်ကိစ္စကို ပြုကြရကုန်၏။ ထိုမဟာလတာ တန်ဆာသည် ဦးခေါင်း၌ စွပ်သည်ရှိသော် ခြေဖမိုးတိုင်အောင် ရောက်၏၊ ဖုံးမိ၏။ ထိုထိုအရပ်၌ လက်စွပ်ကွင်းတို့ကိုယှဉ်၍ ပြုအပ်သော ကမ္ပတ်သိမ်း ကြယ်သီးတို့သည် ရွှေဖြင့် ပြီးကုန်၏။ ကမ္ပတ်ကွင်း ကြယ်သီးအိမ်တို့သည် ငွေဖြင့် ပြီးကုန်၏။ အထက် ဦးခေါင်းအလယ်၌ လက်စွပ်ကွင်းတစ်ခု၊ နှစ်ခုသော နားရင်းတို့၌ နှစ်ခု၊ လည်ချောင်းရေမျို၌ တစ်ခု၊ နှစ်ဖက်သော ပုဆစ်ဒူးဝန်းတို့၌ နှစ်ခု၊ တံတောင်ဆစ် နှစ်ဖက်တို့၌ နှစ်ခု၊ ပေါင်နှစ်ဖက်တို့၌ နှစ်ခု၊ ခါးစောင်နံဘေးနှစ်ဖက်တို့၌ နှစ်ခုတို့သည် ရှိသည်ဖြစ်ကုန်၏။ ထိုမဟာလတာ တန်ဆာ၌ တစ်ခုသော ဥဒေါင်းရုပ်သဏ္ဌာန် ပြုကြကုန်၏။

ထိုဥဒေါင်းရုပ်၏ လက်ယာတောင်ပံ၌ ရွှေနီဖလံဖြင့် ပြီးသော ငါးရာသော လေသာတောင်တို့သည်လည်းကောင်း၊ လက်ဝဲတောင်ပံ၌ ငါးရာသော လေသာတောင်တို့သည်လည်းကောင်း ရှိကြကုန်၏။ နှုတ်သီးသည် သန္တာဖြင့် ပြီး၏။ မျက်လုံးတို့သည် ပတ္တမြားတို့ဖြင့် ပြီးကုန်၏။ လည်တံနှင့် အမြီးတို့သည်လည်း ထို့အတူ ပတ္တမြားဖြင့် ပြီးကုန်၏။ ငါးရာသော လေသာတောင် အရိုးတံတို့သည် ငွေဖြင့် ပြီးကုန်၏။ သလုံးမြင်းခေါင်းတို့သည် ထို့အတူ ငွေဖြင့် ပြီးကုန်၏။ ထိုဥဒေါင်းရုပ်သဏ္ဌာန်သည် ဝိသာခါ၏ ဦးထိပ်အလယ်၌ တောင်ထွတ်၌နားလျက် က,သောဥဒေါင်းကဲ့သို့ မြင်သူတို့စိတ်တွင် ထင်မြင်ရ၏။ လေသာတောင်အရိုးတံ တစ်ထောင်၏ အသံသည် နတ်တို့၏ ကောင်းစွာညှိ၍ ဆိုအပ်သော သီချင်းသံကဲ့သို့လည်းကောင်း၊ ငါးပါးသော အင်္ဂါရှိသော တူရိယာအသံကဲ့သို့လည်းကောင်း သာယာနာပျော်ဖွယ် ဖြစ်၏။ အနီးသို့ ရောက်သော သူတို့သာလျှင် ထိုဝိသာခါ မဟာလတာတန်ဆာ ဥဒေါင်းရုပ်၏ ဥဒေါင်းစင်စစ် အရှင်မဟုတ်သည့်အဖြစ်ကို သိနိုင်ကြရကုန်၏။ ထိုတန်ဆာသည် ကိုးကုဋေ အဖိုးထိုက်သည်ဖြစ်၍ ရွှေပန်းထိမ်သည်တို့အား လက်ခ တစ်သိန်းပေးရ၏။

ရှေးကောင်းမှုကံ

အဘယ်မည်သော ကောင်းမှု၏ အကျိုးဆက်ကြောင့် ထိုဝိသာခါသည် ဤမဟာလတာတန်ဆာကို ရသနည်းဟူမူကား ကဿပဘုရှားရှင် လက်ထက်တော်အခါ၌ နှစ်သောင်းသော ရဟန်းတို့အား သင်္ကန်းလျာ ပုဆိုးကို လှူဒါန်း၍ မိမိ၏ ဥစ္စာသာလျှင်ဖြစ်သော ချည်ကိုလည်းကောင်း၊ အပ်တို့ကိုလည်းကောင်း၊ ဆိုးရည်ကိုလည်းကောင်း လှူဒါန်းဖူးလေသတတ်၊ ထိုသင်္ကန်းဒါန၏ အကျိုးဆက်ဖြင့် ဤမဟာလတာတန်ဆာကို ရလေသတည်း။

လက်ဖွဲ့လိုက်သောပစ္စည်းများ

ဤသို့လျှင် သူဌေးကြီးသည် လေးလတို့ပတ်လုံး သမီးအတွက် စီရင်ဖွယ် အမှုကြီးငယ် အခမ်းအနားကို ပြုပြီးလျှင် ထိုဝိသာခါအား ပေးအပ်သော ဥစ္စာစည်းစိမ်ကို ပေးကမ်းချီးမြှင့် လက်ဖွဲ့လိုသဖြင့် အသပြာတို့ဖြင့် ပြည့်သော လှည်းငါးရာ၊ ရွှေအိုး,ရွှေခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ငွေအိုး,ငွေခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ကြေးနီအိုး,ကြေးနီခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ပတ္တုဏ္ဏတိုင်းမှဖြစ်သော ပုဆိုး၊ ပိုးချည်ပုဆိုးတို့ဖြင့် ပြည့်သော လှည်းငါးရာ၊ ထောပတ်ဖြင့်ပြည့်သော လှည်းငါးရာ၊ ဆီဖြင့်ပြည့်သော လှည်းငါးရာ၊ သလေးဆန်ဖြင့် ပြည့်သော လှည်းငါးရာ၊ ထွန်တုံးထွန်သွားစသော အဆောက်ဦးတို့ဖြင့်ပြည့်သော လှည်းငါးရာတို့ကို ပေးလိုက်လေ၏။ ထိုဓနဉ္စယသူဌေးကြီးအား “ငါ့သမီးသည် ရောက်လေရာအရပ်၌ ဤမည်သော ဥစ္စာပစ္စည်းတို့ဖြင့် ငါ့အားအလိုရှိ၏ဟူ၍ သူတစ်ပါးအိမ်သို့ မစေခိုင်းရပါစေလင့်”ဟု အကြံအစည် ဖြစ်လေသတတ်။ ထို့ကြောင့် ခပ်သိမ်းသော အဆောက်အဦတို့ကို ပေးကမ်းလက်ဖွဲ့ စေလေသတည်း။ တစ်ခုတစ်ခုသော ရထား၌ အလုံးစုံသော တန်ဆာ ဆင်ယင်လျက် သုံးယောက် သုံးယောက်စီဖြစ်ကုန်သော အဆင်းလှပသော ကျွန်မတို့ကိုထား၍ ရထားငါးရာတို့ကို ပေးလိုက်လေ၏။ ထိုအဆင်းလှပသော ကျွန်မတို့ကို ရေချိုးခိုင်းလျက် ကျွေးမွေးခိုင်းလျက် တန်ဆာဆင်ယင်ခိုင်းလျက် လှည့်လည်ကြကုန်လော့ဟု တစ်ထောင့်ငါးရာသော အလုပ်အကျွေး အခြွေအရံ မိန်းမတို့ကို ပေးလိုက်လေသတည်း။

ထို့နောက် သူဌေးကြီးအား “ငါ၏ ချစ်သမီးအား နွားတို့ကို ပေးလိုက်ဦးအံ့”ဟု အကြံအစည် ပေါ်ပေါက်လာပြန်သဖြင့် သူဌေးကြီးသည် ယောက်ျားတို့ကိုခေါ်၍ ဤသို့ စေခိုင်းလေ၏။ “အချင်းတို့- သွားကြချေကုန်လော့၊ ငယ်သောနွားခြံ၏ တံခါးကိုဖွင့်၍ သုံးဂါဝုတ်တို့၌ (တစ်ဂါဝုတ်ဟူသည် သုံးမိုင်ကျော်ဖြစ်၏) သုံးလုံးသော စည်ကြီးတို့ကိုယူ၍ တည်နေကြကုန်လော့၊ အပြန့်အကျယ်အားဖြင့် တစ်ဥသဘ (တစ်ဥသဘဟူသည် အတောင်တစ်ရာ့လေးဆယ် သို့မဟုတ် ပေနှစ်ရာကျော် ဖြစ်၏။) အတိုင်းအရှည်ရှိသော နေရာ၌ နံပါးနှစ်ဘက်တို့၌ တည်နေကြကုန်လော့၊ နွားတို့အား ထို့ထက်အလွန် သွားအံ့သောငှာ မပေးကြကုန်လင့်၊ ဤသို့ တည်နေသောကာလ၌ စည်ကြီးသံ ပြုကြရမည်”ဟု စေခိုင်းလေ၏။ ထိုယောက်ျားတို့လည်း သူဌေးကြီးဆိုတိုင်းပြုကြ၍ နွားတို့ကို နွားခြံမှထွက်စေ၍ တစ်ဂါဝုတ်သို့ရောက်သောအခါ စည်သံ အမှတ်သညာကို ပြုကြကုန်၏။ တစ်ဖန် ယူဇနာခွဲသို့ ရောက်သောအခါ စည်သံအမှတ်သညာကို ပေးကြပြန်၏။ တစ်ဖန် သုံးဂါဝုတ်သို့ ရောက်ပြန်သောအခါလည်း စည်သံအမှတ်သညာကို ပေးလျက် အပြန့်အကျယ်အားဖြင့် သွားခြင်းကိုလည်း တားမြစ်ကြလေကုန်၏။ ဤသို့ အလျားအားဖြင့် သုံးဂါဝုတ်၊ အပြန့်အကျယ်အားဖြင့် တစ်ဥသဘမျှသော အရပ်၌ နွားတို့သည် အချင်းချင်း တိုးဝှေ့လျက် နေကြလေကုန်၏။

သူဌေးကြီးသည်လည်း “ငါ့သမီးအလို့ငှာ ဤမျှလောက်သော နွားတို့သည် သင့်တော်လောက်ပြီ၊ တံခါးကိုပိတ်ကြကုန်လော့”ဟု ဆိုလျက် နွားခြံတံခါးကို ပိတ်ထားစေ၏။ တံခါးပိတ်အပ်သည်ရှိသော် ဝိသာခါ၏ကောင်းမှုအကျိုးအားဖြင့် ခွန်အားကြီးကုန်သော နွားလားတို့သည်လည်းကောင်း၊ နွားမတို့သည်လည်းကောင်း ခုန်၍ ခုန်၍ ထွက်ကြလေကုန်၏။ လူတို့ ပိတ်ပင်တားဆီးကြကုန်စဉ်ပင်လျှင် ခြောက်သောင်း အတိုင်းအရှည် ရှိကုန်သော အားကြီးသော နွားလားတို့သည်လည်းကောင်း၊ ခြောက်သောင်း အတိုင်းအရှည်ရှိကုန်သော နွားမတို့သည်လည်းကောင်း ထွက်လိုက်ကြကုန်၏။ ထိုမျှလောက် အတိုင်းအရှည်ရှိသော ခွန်အားကြီးသော နွားလားဥသဘတို့သည် ထိုနွားမတို့၏ နောက်မှ ခုန်ထွက်ကာ အစဉ်လိုက်ကြကုန်၏။ အဘယ်ကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤသို့ နွားတို့သည် တားမြစ်ကုန်သော်လည်း လိုက်သွားကြလေကုန်သနည်းဟူမူကား တန်ပြီဟု တားမြစ်ကုန်၊ တားမြစ်ကုန်သော အလှူခံပုဂ္ဂိုလ်တို့အား အားကြီးစွာ လှူဒါန်းသော အလှူဒါန၏အစွမ်းဖြင့် လိုက်သွားကြလေကုန်သတည်း။ ထိုဝိသာခါသည် ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ ကိကီမင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် အငယ်အထွေးဆုံး သံဃဒါသီမည်သော မင်းသမီးဖြစ်၍ နှစ်သောင်းသော ရဟန်းတို့အား ငါးပါးသော နွားနို့အရသာအလှူကို ပေးလှူလတ်သည်ရှိသော် မထေရ်တို့၏လည်းကောင်း၊ ပဉ္စင်းငယ်တို့၏လည်းကောင်း၊ သာမဏေတို့၏လည်းကောင်း သပိတ်ခွက်ကို လက်ဖြင့်ပိတ်ထာ၍ တန်ပြီတန်ပြီဟု တားမြစ်ကြကုန်သော်လည် “ဤအာဟာရသည် ကောင်းမြတ် ချိုမြိန်လှပါသည်ဘုရား၊ ဤအာဟာရသည် နှစ်သက်မြတ်နိုးဖွယ် ရှိလှပါသည်ဘုရား”ဟု ဆို၍ လှူဒါန်းပေးကမ်းဖူးသတတ်၊ ဤသို့ လှူဒါန်းပေးကမ်းအပ်သော ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် တာဆီးပိတ်ပင်အပ်ကုန်သော်လည် ထိုနွားတို့သည် ခြံမှခုန်၍ ထွက်လိုက်ကြလေကုန်သတည်း။

သူဌေးကြီးသည် ဤမျှလောက်သော ဥစ္စာကို ပေးသောအခါ၌ သူဌေးကတော်ကြီးသည် ဤသို့ဆိုလေ၏။ “အရှင်သူဌေးကြီးတို့သည် ကျွန်တော်မ၏ သမီးအလို့ငှာ အလုံးစုံသော စည်းစိမ်ဥစ္စာကို စီရင်ပေးအပ်ပြီ၊ အမှုကြီးငယ်ကို ရွက်ဆောင်ပြုလုပ်အံ့သော ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို မစီရင်အပ်ကုန်။ အကြောင်းကား အသို့ရှိပါသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “ငါ့သမီး၌ ချစ်ခင်သည် မချစ်ခင်သည်တို့ကို သိရစိမ့်သောငှာ မစီရင်အပ်ကုန်၊ ငါသည် “ငါ့သမီးဝိသာခါနှင့် အတူလိုက်လိုသော သူတို့သည် လိုက်သွားကြကုန်လော့၊ မလိုက်လိုသော သူတို့သည် မလိုက်သွားကြကုန်လင့်”ဟူ၍ ပြောဆိုပေအံ့”ဟု ဖြေဆိုလေ၏။

ထို့နောက် “နက်ဖြန် ငါ၏သမီးသည် သွားရပေတော့လတ္တံ့”ဟု တိုက်ခန်းတွင်း၌ နေထိုင်လျက် သမီးကို အနီး၌ ထိုင်နေစေပြီးလျှင် “ချစ်သမီး-- လင့်အိမ်၌နေသော မိန်းမမည်သည် ဤမည် ဤမည်သော ဝတ်အကျင့်ကို စောင့်ရှောက်ခြင်းငှာ သင့်လျော်ပေ၏”ဟု ဆိုလျက် အဆုံးအမ ဩဝါဒကို ပေးလေ၏။ ဤမိဂါရသူဌေးကြီးသည်လည်း အခြားမဲ့ဖြစ်သော တိုက်ခန်း၌နေလျက် ဓနဉ္စယသူဌေး၏ အဆုံးအမပေးသော စကားကို နာကြား နားထောင်ကာ နေလေ၏။

ချွေးမတို့ လိုက်နာသင့်သော အချက် (၁၀) ချက်

ထိုဓနဉ္စယသူဌေးကြီးသည်လည်း သမီးဝိသာခါကို ဤသို့ ဆုံးမဩဝါဒပေးလေ၏။ “ချစ်သမီး- ယောက္ခမအိမ်၌နေသော ချွေးမမည်သည်ကား -

၁။ အတွင်းမီးကို အပသို့ မထုတ်အပ်။
၂။ အပြင်မီးကို အတွင်းသို့ မသွင်းအပ်။
၃။ ပေးသောသူအားသာ ပေးအပ်၏။
၄။ မပေးသောသူအား မပေးအပ်။
၅။ပေးသောသူအားလည်းကောင်း၊မပေးသောသူအားလည်းကောင်း ပေးအပ်၏။
၆။ ချမ်းသာစွာ ထိုင်နေအပ်၏။
၇။ ချမ်းသာစွာ စားအပ်၏။
၈။ ချမ်းသာစွာ အိပ်စက်အပ်၏။
၉။ မီးကို လုပ်ကျွေးအပ်၏။
၁၀။အိမ်တွင်းနတ်ကို ရှိခိုးအပ်၏။

ဤသို့ ဤဆယ်ပါးသော အဆုံးအမဩဝါဒကိုပေး၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ခပ်သိမ်းသော စစ်သည်ဗိုလ်ပါတို့ကို စည်းဝေးစေ၍ မင်းစစ်သည် အပေါင်းတို့အလယ်၌ ရှစ်ယောက်သော သူကြွယ်တို့ကို တာဝန်ခံယူစေလျက် “ရောက်ရာအရပ်၌ ငါ၏သမီးအား အပြစ်ဒေါသသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ သင်တို့သည် အပြစ်ဒေါသကို စောကြောပြစ်တင် သုတ်သင်ရမည်”ဆို၍ ကိုးကုဋေ အဖိုးထိုက်တန်သော မဟာလတာတန်ဆာဖြင့် သမီးကို တန်ဆာဆင်ယင်စေပြီးလျှင် ရေချိုးကသယ်မှုန့် ဆပ်ပြာဖိုး ငါးဆယ့်လေးကုဋေသော ဥစ္စာကို ပေးပြီးမှ ယာဉ်ထက်သို့ တက်စေလျက် သာကေတပြည်၏ အနီးထက်ဝန်းကျင် မိမိဥစ္စာဖြစ်ကုန်သော အနုရာဓပြည်မျှလောက် အတိုင်းအရှည်ရှိသော တစ်ဆယ့်လေးခရိုင် အပိုင်စားရာ ကျေးရွာတို့၌ “ငါ၏သမီးနှင့် အတူတကွ လိုက်သွားလိုသော သူတို့သည် လိုက်သွားကြကုန်လော့”ဟု စည်လည်စေ၏။ ရွာသူရွာသားတို့သည် စည်သံကို ကြားလျှင်ကြားချင်း “ငါတို့၏ သခင်မသွားသောအခါ ဤအရပ်၌နေသဖြင့် ငါတို့အား အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု တစ်ဆယ့်လေးရွာ၌ အနည်းငယ်မျှလောက်သော သူကိုသာ ကြွင်းကျန်စေသဖြင့် ထွက်လိုက်ကြလေကုန်၏။ ဓနဉ္စယသူဌေးကြီးသည်လည်း ကောသလမင်းကြီးအားလည်းကောင်း၊ မိဂါရသူဌေးကြီးအားလည်းကောင်း ပူဇော်သက္ကာ မြတ်နိုးတနာပြု၍ အတန်ငယ်လိုက်ပို့လျက် ထိုသူတို့နှင့်တကွ သမီးဝိသာခါကို လွှတ်လိုက်လေ၏။

ဝိသာခါ လောကဝတ်ကျေပွန်ခြင်း

မိဂါရသူဌေးသည်လည်း အလုံးစုံသော သူတို့၏နောက်မှ ယာဉ်ငယ်၌စီးလျက် သွားသည်ရှိသော် ဗိုလ်ပါအပေါင်းကို မြင်ရလျှင် “ဤသူတို့ကား အဘယ်မည်သော သူတို့နည်း”ဟု မေး၏။ “အရှင်သူဌေးကြီးချွေးမ၏ အမှုကြီးငယ် ပြုလုပ်ရွက်ဆောင်ကြကုန်သော ကျွန်မိန်းမ ကျွန်ယောက်ျားတို့ပါတည်း”ဟု ပြောဆိုလတ်သည်ရှိသော် “ဤမျှလောက်သောသူတို့ကို အဘယ်သူသည် ကျွေးမွေးနိုင်လတ္တံ့နည်း။ ထိုသူတို့ကို ပုတ်ခတ်ရိုက်နှက်၍ ထွက်ပြေးစေကြကုန်လော့၊ မပြေးကြကုန်သည်ရှိသော် ဤအရပ်မှနေ၍ ဒဏ်ထားကြကုန်လော့”ဟု ဆိုလေ၏။ ဝိသာခါသည်ပင်လျှင် ဗိုလ်ပါအပေါင်းအား ထမင်းကို ပေးပေလတ္တံ့ဟု ဆိုလေ၏။ ဤသို့ပင်ဆိုသော်လည်း မိဂါရသူဌေးကြီးသည် “ချစ်သမီး- ငါတို့အား ဤသူတို့ဖြင့် အလိုမရှိ၊ ဤသူတို့ကို အဘယ်သူကျွေးမွေးနိုင်လတ္တံ့နည်း”ဟု ဆိုလျက် အုတ်ခဲ,လှံတံ စသည်တို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ ရှေးဦးစွာ ထွက်ပြေးစေပြီးလျှင် ကြွင်းကျန်သောသူတို့ကို “ငါတို့အား ဤမျှလောက်သောသူတို့ဖြင့် သင့်လျော်လောက်ပေပြီ”ဟု ဆို၍ ထိုသူတို့ကို ယူဆောင်ကာ သွားလေ၏။

ထို့နောက် ဝိသာခါသည် သာဝတ္ထိပြည်မြို့တံခါးသို့ ရောက်သောအခါ ဤသို့ကြံ၏၊ “ငါသည် ဖုံးလွှမ်းမိုးကာသော ယာဉ်၌ နေထိုင်၍ ဝင်ရအံ့လော၊ ထိုသို့မဟုတ် ရထားထက်၌ ရပ်တည်၍ ဝင်ရအံ့လော”ဟု ကြံလေ၏။ ထိုအခါ ဝိသာခါအား ဤသို့သော အကြံဖြစ်လေ၏။ “ဖုံးလွှမ်းမိုးကာသော ယာဉ်ဖြင့်ဝင်မူ မဟာလတာတန်ဆာ၏ ဂုဏ်အထူးသည် ထင်ရှားလိမ့်မည် မဟုတ်”ဟု အကြံဖြစ်ပေါ်လတ်သဖြင့် ဝိသာခါသည် အလုံးစုံသော ပြည်သူပြည်သားအပေါင်းအား မိမိကိုယ်ကို မြင်စေလျက် အမိုးမရှိသော ရထားထက်၌ ရပ်တည်၍ သာဝတ္ထိပြည်သို့ ဝင်လေ၏။ သာဝတ္ထိပြည်သူ, ပြည်သားတို့သည် ဝိသာခါ၏ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကို မြင်ရလျှင် “ဝိသာခါမည်သော ဤသတို့သမီးသည် ဤသို့ သဘောရှိပေသတတ်၊ အံ့ဩ၍ မဆုံးနိုင်အောင် ခမ်းနားသော ဤစည်းစိမ်နှင့် ပြည့်စုံခြင်းသည် ဤဝိသာခါ သတို့သမီးအားသာလျှင် သင့်လျော်လျောက်ပတ်လှပေ၏”ဟု ချီးမွမ်းပြောဆိုကြကုန်၏။ ဤသို့လျှင် ဝိသာခါသည် ကြီးကျယ်ခမ်းနား များစွာသော စည်းစိမ်ချမ်းသာဖြင့် မိဂါရသူဌေးကြီး၏အိမ်သို့ ဝင်လေ၏။ ရောက်သောနေ့၌ပင်လျှင် ထိုဝိသာခါအား မြို့၌နေသော အလုံးစုံသောသူတို့သည် “ငါတို့၏ ဓနဉ္စယသူဌေးသမီး ဝိသာခါသည် မိမိမြို့သို့ ရောက်လာသောသူတို့အား များစွာသော ပူဇော်သက္ကာရကို ပြုဖူး၏။ ငါတို့သည်လည်းပေးတုံ့လှည့် ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု စွမ်းအားသတ္တိ ရှိသည်အလျောက် လက်ဆောင်ပဏ္ဏာကို စေလွှတ်ပို့ကြလေကုန်၏။

ဝိသာခါသည်လည်း ထိုပြည်သူပြည်သားတို့ ပို့သလာသော လက်ဆောင်ပဏ္ဏာကို ထိုပြည်၌သာလျှင် အချင်းချင်းဖြစ်ကုန်သော အမျိုးတို့၌ ရောက်လာတိုင်းသော လက်ဆောင်ပဏ္ဏာတို့ကို လဲလှယ်လျက် အလုံးစုံသော သူတို့အားသာလျှင် ပေးကမ်းစေလေ၏။ ဤသို့လျှင် ဝိသာခါသည် “ဤဥစ္စာကို ငါ့မိခင်အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့ဖခင်အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့မောင်ကြီး မောင်ငယ်တို့အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့အစ်မ ညီမအား ပေးကြပါကုန်လော့”ဟု ထိုထိုသူတို့၏ အရွယ်အားလျော်စွာ ချစ်ဖွယ်သော စကားကိုဆို၍ လက်ဆောင်ပဏ္ဏာကို ပို့သစေ၏။ သာဝတ္ထိပြည်အလုံး၌ နေသောသူတို့ကို ဆွေမျိုးအရင်းအချာတို့ကဲ့သို့ ပြုလေ၏။ ထို့နောက် ဝိသာခါသူဌေးသမီးအိမ်သို့ ရောက်သောညဉ့်အဖို့ အခြားမဲ့ သန်းခေါင်ယံအခါ၌ အာဇာနည်မြင်းငယ်ကို ကိုယ်ဝန်ဆောင်သော မြည်းမအား ကိုယ်ဝန်မှ ထမြောက်ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ဝိသာခါသည် ကျွန်မတို့နှင့် အတူတကွ မီးရှူးမီးတိုင်တို့ကို ညှိထွန်းကိုင်ယူစေ၍ ထိုမြည်းမသားဖွားရာသို့ သွားသဖြင့် မြည်းမကို ရေနွေးဖြင့် ရေချိုးစေ၍ ဆီဖြင့်လိမ်းကျံပြီးလျှင် မိမိနေရာ အရပ်သို့သာ သွားလေ၏။

ဝိသာခါနှင့် တက္ကတွန်းများ

မိဂါရသူဌေးကြီးသည်လည်း သားအား ထိမ်းမြားခြင်းမင်္ဂလာကို ပြုသည်ရှိသော် မနီးမဝေးသော ဇေတဝန်ကျောင်းတော်၌ နေတော်မူသော်လည်း မြတ်စွာဘုရားကို နှလုံးသွင်းခြင်းမပြုမူ၍ ရှည်ကြာစွာသော ကာလပတ်လုံး အဝတ်မရှိသော အစေလကတိတ္ထိရဟန်းတို့၌ ချစ်ကြည်မြတ်နိုးခြင်းဖြင့် တိုက်တွန်းနှိုးဆော်အပ်သည် ဖြစ်ရကား “ငါ၏ အရှင်ကောင်းတို့အားလည်း ပူဇော် သက္ကာရကို ပြုကြကုန်ဦးအံ့”ဟု တစ်ခုသောနေ့၌ အရာမက များစွာကုန်သောအိုးသစ်တို့၌ ရေမရောသော နို့ဃနာကို ချက်စေ၍ ငါးရာမျှလောက်ကုန်သော အစေလကတက္ကတွန်းတို့ကို (အစေလကတက္ကတွန်း = အဝတ်ချွတ်လျက် နေနိုင်မှ ရဟန္တာဖြစ်သည်ဟု အယူရှိသော မိစ္ဆာဒိဋ္ဌိတစ်မျိုး) ပင့်ဖိတ်စေပြီးလျှင် အိမ်တွင်းသို့ ပင့်သွင်း၍ “ငါ၏ချွေးမ ဝိသာခါသည် လာပါစေ၊ ရဟန္တာကြီးတို့ကို ရှိခိုးပါစေ”ဟု ဝိသာခါထံသို့ သတင်းစကားကို စေလွှတ်လိုက်လေ၏။ သောတာပန် အရိယာ သာဝိကာမဖြစ်သော ဝိသာခါသည် “ရဟန္တာကြီးတို့ကို”ဟူသော စကားကို ကြားရလျှင် အလွန်တရာ ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာကြီးတို့၏ ဆွမ်းဘုဉ်းပေးရာအရပ်သို့ ရောက်သွားလျှင် ထိုအစေလက တက္ကတွန်းတို့ကို ကြည့်ရမြင်ရသဖြင့် “ဤသို့သဘောရှိကုန်သော အရှက်အကြောက် ဟိရိဩတ္တပ္ပမှ ကင်းကုန်သောသူတို့သည် ရဟန္တာမည်သောသူတို့ မဟုတ်ကုန်၊ အဘယ့်ကြောင့် ငါ၏ယောက္ခမ သူဌေးကြီးသည် ငါ့ကို ခေါ်စေလေဘိသနည်း”ဟု မနှစ်သက်သဖြင့် “စက်ဆုပ်ဖွယ်ရှိလေစွ၊ စက်ဆုပ်ဖွယ် ရှိလေစွ၊” “ထွီ-ထွီ”ဟု ကဲ့ရဲ့ရှုတ်ချလျက် မိမိနေရာအရပ်သို့သာ ပြန်သွားလေ၏။

ဝိသာခါကို နှင်ထုတ်ရန် တိုက်တွန်း

အလုံးစုံသော အစေလက တက္ကတွန်းတို့သည် ထိုဝိသာခါကို မြင်လတ်သော် တစ်ပြိုင်နက်တည်းအားဖြင့်သာလျှင် သူဌေးကြီးကို ကဲ့ရဲ့ကြလေကုန်၏။ “ဒါယကာသူဌေးကြီး- အသင်သည် တစ်ပါးသော အမျိုးကောင်းသမီးကို မရနိုင်လေသလော၊ ဘာကြောင့် ရဟန်းဂေါတမ၏ တပည့်မဖြစ်သော အလွန်ယုတ်မာသော သူယုတ်မာမကို ဤအိမ်သို့ ဆောင်ယူသွင်းထားလေဘိသနည်း၊ လျင်မြန်စွာ ထိုသူယုတ်မာမကို ဤအိမ်မှ နှင်ထုတ်စေလော့”ဟု ဆိုကြကုန်၏။ သူဌေးကြီးသည်ကား “ငါသည် ဤရဟန္တာကြီးတို့၏ စကားမျှဖြင့်သာလျှင် ငါ့ချွေးမ ဝိသာခါကို နှင်ထုတ်စေခြင်းငှာ မတတ်နိုင်၊ ဝိသာခါသည် များမြတ်သော စည်းစိမ်ချမ်းသာရှိသော အမျိုးကြီးတစ်ဦး၏ သမီးဖြစ်ပေသည်”ဟု ကြံလျက် “အရှင်ကောင်းတို့-အသက်အရွယ် နုနယ်ပျိုမြစ်သော သူတို့မည်သည်ကား သိ၍လည်းကောင်း၊ မသိ၍လည်းကောင်း ပြုကုန်ရာ၏။ အရှင်ဘုရားတို့သည် ဆိတ်ဆိတ်ငြိမ်ငြိမ်သာ နေကြပါကုန်လော့”ဟု တောင်းပန်လျှောက်ကြား၍ ထိုအစေလကတို့ကို လွှတ်လိုက်ပြီးလျှင် သူဌေးကြီးသည် မြတ်သောသူတို့အား နေခြင်းငှာ ထိုက်သောနေရာ၌ ထိုင်နေလျက် ရွှေခွက်၌ ရေမရောသော နို့ဃနာကို သုံးဆောင်စားသောက်၍ နေလေ၏။ ထိုအခါ ဆွမ်းခံလှည့်လည်လေ့ရှိသော မထေရ်တစ်ပါးသည် ဆွမ်းအလို့ငှာ လှည့်လည်လတ်သည်ဖြစ်၍ ထိုသူဌေးကြီးအိမ်သို့ ဝင်ရောက်လာလေ၏။ ဝိသာခါသည် ယောက္ခမဖြစ်သော မိဂါရသူဌေးကြီးကို ယပ်ခတ်လျက်နေစဉ် ဆွမ်းခံကြွလာသော ထိုမထေရ်ကိုမြင်ရ၍ “ငါ၏ ယောက္ခမကြီးအား ပြောကြားခြင်းငှာ မသင့်မလျော်”ဟု ကြံစည်လျက် သူဌေးကြီးသည် ထိုမထေရ်ကို မြင်နိုင်လောက်သော အခြင်းအရာဖြင့် နေရာမှဖဲ၍ နေလေ၏။

အဟောင်းကိုသာ စားသူ

ထိုမိဂါရသူဌေးသည်ကား မိုက်မဲတွေဝေသည်၏အဖြစ်ကြောင့် မထေရ်ကို မြင်ပါလျက်လည်း မမြင်လေယောင် ဟန်ဆောင်၍ အောက်သို့ မျက်နှာမူလျက် (ငုံ့လျက်) စားမြဲတိုင်းသာ စားနေသည်သာတည်း။ ဝိသာခါသည် “ငါ၏ယောက္ခမကြီးသည် မထေရ်မြတ်ကိုမြင်၍လည်း အမှတ်သညာ မပြုလေ”ဟု သိ၍ “အရှင်ဘုရား လွန်၍အလိုရှိတော်မူကြပါဘုရား (ကန်တော့ဆွမ်းပါဘုရား)၊ တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကိုသာ စားသောက်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုမိဂါရသူဌေးကြီးသည် အစေလကတက္ကတွန်းတို့က ပြောဆိုသောကာလ၌ သည်းခံနိုင်ပါသော်လည်း “အဟောင်းကိုသာ စားသောက်ပါသည်”ဟူ၍ ဆိုသောခဏ၌သာလျှင် လက်ကိုဖယ်၍ “ဤနို့ဃနာကို ဤနေရာမှ ဆောင်ယူကြကုန်လော့”ဟု ဆိုပြီးလျှင် “ဤသူယုတ်မအားလုံးတို့ကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့၊ ကိုင်ဆွဲကြကုန်လော့၊ ဤချွေးမ ဝိသာခါသော်မှလည်း ငါ့ကို ဤသို့သဘောရှိသော မင်္ဂလာအခါကောင်း၌ အညစ်အကြေး စားသောသူအဖြစ် ပြုဘိ၏တကား”ဟု ဆိုလေ၏။

ဝိသာခါ၌ အပြစ် ရှိ-မရှိ

ထိုအခါ အိမ်၌ အလုံးစုံသော ကျွန်အမှုလုပ်တို့သည် ဝိသာခါ၏ ဥစ္စာဖြစ်ကုန်သော ကျွန်အမှုလုပ်တို့သာလျှင်ဖြစ်၍ အဘယ်သူသည် ထိုဝိသာခါကို လက်၌လည်းကောင်း၊ ခြေ၌လည်းကောင်း ကိုင်ဆွဲယူငင်ဝံ့အံ့နည်း၊ ခံတွင်းဖြင့် ပြောဆိုခြင်းငှာ ဝံ့သောသူမျှလည်း မရှိ။ ဝိသာခါသည် ယောက္ခမကြီး၏ စကားကို ကြားရသဖြင့် ဤသို့ဆိုလေ၏။ “ဖခင်- ကျွန်မတို့သည် ဤမျှသောစကားကို ပြောကာမတ္တမျှဖြင့် ထွက်မသွားနိုင်ပါ။ ကျွန်မကို အသင်သူဌေးကြီးတို့သည် ရေဆိပ်မှ ခေါ်ငင်ဆောင်ယူလာသော ရေခပ်ကျွန်မကဲ့သို့ ဆောင်ယူအပ်သည် မဟုတ်ပါ။ ထင်ရှားရှိသော မိခင်ဖခင်တို့၏ သမီးတို့မည်သည်ကား ဤမျှဖြင့် မထွက်သွားနိုင်ကြပါကုန်။ ဤသို့သော အကြောင်းကြောင့် ကျွန်မ၏ဖခင်သည် ဤအရပ်သို့ လာသောအခါ သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေ၍ “ငါ့သမီးအား အပြစ်ဒေါသသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ အသင်တို့သည် စောကြောပြစ်တင် သုတ်သင်ကြကုန်လော့”ဟု ဆို၍ ကျွန်မကို ထိုသူကြွယ်ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ထည့်လိုက်ပါသည်၊ ထိုသူကြွယ်တို့ကို ခေါ်စေ၍ ကျွန်မ၏ အပြစ် ရှိ,မရှိကို သုတ်သင် ရှင်းလင်းစေတော်မူကြပါကုန်ဦးလော့”ဟု ဆို၏။

ဝိသာခါ ရှင်းပြ

သူဌေးကြီးသည်လည်း “ဤဝိသာခါကား ကောင်းသောစကားကို ဆိုပေသည်”ဟု သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေ၍ “ဤသူငယ်မသည် မင်္ဂလာအခါကောင်း၌ ထိုင်နေလျက် ရေမရောသော နို့ဃနာကို ရွှေခွက်တွင်ထည့်၍ သုံးဆောင်စားသောက်နေသော ငါ့ကို “အညစ်အကြေး သုံးဆောင်စားသောက်သောသူ”ဟူ၍ ဆိုလေဘိသည်”ဟု ဆိုပြီးလျှင် “ဤသတို့သမီးအား အပြစ်သို့တင်၍ ဤသတို့သမီးကို ဤအိမ်မှ နှင်ထုတ်လိုက်ကြပါကုန်လော့”ဟု ပြောဆိုလေ၏။ သူကြွယ်ရှစ်ယောက်တို့ကလည်း “ချစ်သမီး- ဤသို့ ပြောဆိုမိသည် မှန်သလော”ဟု မေးစစ်လတ်သော် ဝိသာခါက “ဖခင်တို့- ကျွန်မသည် ဤသို့ ပြောဆိုရသည် မဟုတ်ပါ၊ ဆွမ်းခံလှည့်လည်သော မထေရ်တစ်ပါးသည် အိမ်တံခါး၌ ရပ်လာသည်ရှိသော် ကျွန်မ၏ယောက္ခမကြီးသည် ရေမရောသော ချိုမြိန်ကောင်းမြတ်သော နို့ဃနာကို သုံးဆောင်စားသောက်စဉ် မထေရ်ရှင် ဆွမ်းရပ်လာသည်ကို နှလုံးသွင်းခြင်းကို မပြုသောကြောင့် “ငါ၏ ယောက္ခမကြီးကား ဤကိုယ်အဖြစ်၌ ကောင်းမှုကို မပြု၊ ရှေး၌ပြုအပ်သော ကောင်းမှုကံ၏ အကျိုးကိုသာလျှင် ခံစား,စံစားလေဘိ၏”ဟု ကြံစည်မိ၍ “အရှင်ဘုရား- ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကို စားသောက်ပါသည်”ဟု ကျွန်မ ပြောဆိုပါသည်။ ဤသို့ ပြောဆိုရာ၌ ကျွန်မအား အဘယ်အပြစ်ရှိပါသနည်း”ဟု ဝိသာခါဆိုသည်ရှိသော် ရှစ်ဦးကုန်သော သူကြွယ်တို့ကလည်း “အရှင်သူဌေးမင်း- ဤသို့ ပြောဆိုရာ၌ တစိုးတစိ အပြစ်မရှိချေ။ အကျွန်ုပ်တို့၏သမီးသည် သင့်လျော်လျောက်ပတ် ကောင်းမြတ်သော စကားကိုသာ ဆိုချေသည်တကား၊ အရှင်သူဌေးကြီးသည် အဘယ့်ကြောင့် အမျက်ထွက်ဘိသနည်း”ဟု ဆိုကြကုန်၏။

ထိုအခါ မိဂါရသူဌေးကြီးက “အမောင်သူကြွယ်တို့- ဤအပြစ်သည် အပြစ်မဟုတ်သေးလျှင် ရှိပါစေဦးတော့။ ဤဝိသာခါသည် တစ်နေ့သ၌ သန်းခေါင်ယံတွင် ကျွန်ယောက်ျား ကျွန်မိန်းမတို့ဖြင့် ခြံရံလျက် အိမ်နောက်ဖေးသို့ ဆင်းသွားဖူးသည်”ဟု ဆိုလတ်ပြန်သော် “ချစ်သမီး ဝိသာခါ- ဤမိဂါရသူဌေးကြီး ပြောဆိုတိုင်း မှန်လေသလော”ဟု မေးစစ်ပြန်လေ၏။ “ဖခင်တို့- ကျွန်မသည် တစ်ပါးသောအကြောင်းဖြင့် သွားရသည်မဟုတ်ပါ၊ ဤအိမ်၌ အာဇာနည်မြင်း ကိုယ်ဝန်ဆောင်သော မြည်းမသည် သားပေါက်ဖွားရာ၌ “အမှတ်သညာမျှကိုသော်လည်း မပြုဘဲ နေခြင်းငှာမည်သည် မသင့်လေတကား”ဟု အောက်မေ့ဆင်ခြင်မိသဖြင့် မီးရှူးမီးတိုင်တို့ကို ညှိထွန်းကိုင်ယူစေ၍ ရေနွေး စသည်တို့ကိုလည်း ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့နှင့် အတူတကွ သွားပြီးလျှင် မြည်းမ သားဖွားမြင်ခြင်းကို အစောင့်အရှောက် ပြုစုစေပါသည်”ဟု ဆိုပြီးလျှင် “ဤသို့ပြုစုရာ၌ ကျွန်မအား အဘယ်အပြစ်ရှိပါသနည်း”ဟု ပြောကြားလေ၏။

“အရှင်သူဌေးမင်း- အကျွန်ုပ်တို့၏သမီးသည် အရှင်သူဌေးကြီးအိမ်၌ ကျွန်မတို့ပင် ပြုခြင်းငှာ မလျောက်ပတ်သော အမှုကို ပြုပါပေသည်၊ အသင်သူဌေးကြီးသည် ဤသို့ သန်းခေါင်ယံ အိမ်နောက်ဖေးသို့သွား၍ ပြုစုရာ၌ အဘယ်အပြစ်ကို မြင်ပါသနည်း”ဟု မေးကုန်၏၊ “အမောင်သူကြွယ်တို့- ဤအရာ၌လည်း ဝိသာခါ၏ အပြစ်မဟုတ်သေးမူ ရှိပါစေဦးတော့၊ ဤဝိသာခါ၏ဖခင် ဓနဉ္စယသူဌေးကြီးသည် ဤအိမ်သို့လာအံ့သောအခါ ဤသို့သဘောရှိသော ဆုံးမဩဝါဒကို ပြောကြား ဆုံးမသည်ရှိသော် လျှို့ဝှက်ဖုံးကွယ်အပ်သော ဆယ်ပါးသော အဆုံးအမ ဩဝါဒတို့ကို ပေးလေ၏။ ထိုဆယ်ပါးသော ဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ငါမသိရ၊ ထိုဆယ်ပါးသော ဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ငါ့အား ပြောကြားပါစေ၊ ဤဝိသာခါ၏ဖခင် ဓနဉ္စယသူဌေးကြီးသည် “အတွင်းမီးကို အပြင်သို့ မထုတ်အပ်”ဟု ဆိုဆုံးမ၏။ ငါတို့သည် နှစ်ခုသောအဖို့၌တည်သော အိမ်နီးချင်းဖြစ်သော အိမ်တို့အား မီးကိုမပေးမူ၍ နေခြင်းငှာ တတ်နိုင်ကောင်းပါအံ့လော”ဟု ဆိုလေ၏။

ချွေးမဩဝါဒ ၁၀-ချက်၏ အဓိပ္ပာယ်

“ချစ်သမီး- ဤသို့ပြောဆိုသည့်အတိုင်း ဟုတ်မှန်ပေသလော”ဟု မေးစစ်ကုန်သည်ရှိသော် “ဖခင်သူကြွယ်တို့- ကျွန်မ၏ဖခင်သည် ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ၊ “သင်၏ယောက္ခမ မိန်းမသူ၊ ယောက္ခမယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့၏ ဂုဏ်ကျေးဇူးမဲ့အပြစ်ကို မြင်လျှင် အပြင်ဖြစ်သော ထိုထိုအိမ်၌တည်နေ၍ မပြောမဆိုလေလင့်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည်၊ ထိုစကားသည် မှန်လှပါ၏။ ဤသို့ သဘောရှိသော ယောက္ခမမိဘ ချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်မီးနှင့်တူသော မီးမည်သည် မရှိပါ”ဟု ပြောပြလေ၏။ “အမောင်သူကြွယ်တို့- ဤလျှို့ဝှက်အပ်သော ဩဝါဒသည် ဤသို့ပြောပြသော အတိုင်းပင် ရှိပါစေဦးတော့။ ဤဝိသာခါ၏ ဖခင် သူဌေးကြီးသည် “အပြင်မှမီးကို အတွင်းသို့ မသွင်းအပ်”ဟု ဆိုဆုံးမ၏။ ငါတို့ကား အိမ်တွင်း၌ မီးငြိမ်းခဲ့သည်ရှိသော် အပြင်မှမီးကို မဆောင်ယူဘဲ နေခြင်းငှာ အဘယ်မှာ တတ်နိုင်ကောင်းပါအံ့နည်း”ဟု ဆို၏။ “ချစ်သမီး- ဤသို့ ပြောဆိုသည့်အတိုင်း မှန်ပေသလော”ဟု မေးစစ်ကြပြန်၏။ “ဖခင်သူကြွယ်တို့- ကျွန်မ၏ဖခင်သည်ကား ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ၊ “အိမ်နီးချင်းဖြစ်သော အိမ်တို့၌ နေကုန်သော မိန်းမတို့သည်လည်းကောင်း၊ ယောက်ျားတို့သည်လည်းကောင်း ယောက္ခမ, မိဘ, ချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်စကားကို ပြောဆိုဘိ၏ဟု တစ်ဆင့်တစ်ဖန် ပြန်ကြားပြောကြားခြင်းကို မပြုလေနှင့်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည်၊ ထိုစကားသည် မှန်လှပါ၏၊ ဤသို့ သဘောရှိသော မီးနှင့်တူသော မီးမည်သည် မရှိပါဟု ပြောပြန်လေ၏။ ဤသို့သောနည်းဖြင့် ဤအကြောင်းကြောင့်လည်း ဝိသာခါသည် အပြစ်မရှိသည်သာ ဖြစ်လေ၏။

(ဤဩဝါဒ နှစ်ပါးတို့၏ အပြစ်မရှိလေသကဲ့သို့ ကြွင်းသော ဩဝါဒတို့၌လည်း ဤအတူအပြစ်မရှိသည်သာတည်း။ ကြွင်းသော ဩဝါဒရှစ်ပါးတို့၌ ဤဆိုလတ္တံ့သည်ကား အနက်အဓိပ္ပာယ် ဖြစ်သတည်း။)

ဝိသာခါ၏ဖခင် သူဌေးကြီးသည် “ပေးသောသူတို့အားသာ ပေးအပ်၏”ဟု ဆိုအပ်သောစကားကိုကား “အကြင်သူတို့သည် ငှားရမ်းအပ်သော အသုံးအဆောင်ကို ငှားယူပြီးလျှင် တစ်ဖန်ပြန်၍ ပို့လာကြကုန်၏၊ ထိုသူတို့အားသာလျှင် ပေးအပ်၏”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “မပေးကုန်သော သူတို့အား မပေးအပ်”ဟူသော စကားကို “အကြင်သူတို့သည် ငှားရမ်းအပ်သော အသုံးအဆောင်ကို ငှားယူပြီးလျှင် တစ်ဖန်ပြန်၍ မပေးကြကုန်၊ ထိုသူတို့အား မပေးအပ်”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “ပေးသောသူအားလည်းကောင်း၊ မပေးသောသူအားလည်းကောင်း ပေးအပ်၏”ဟူသော ဤစကားကိုကား “ဆင်းရဲငြိုငြင် ပင်ပန်းကုန်သော အဆွေအမျိုး အကျွမ်းဝင်သောသူတို့သည် ရောက်လာကုန်သည်ရှိသော် တစ်ဖန်ပြန်၍ ပေးခြင်းငှာ တတ်သည်နိုင်ကြသည်မူလည်း ဖြစ်စေကုန်၊ မတတ်နိုင်ကြမူလည်း ဖြစ်စေကုန်၊ ပေးကမ်းခြင်းငှာသာလျှင် သင့်လျော်ပေ၏”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကိုရည်မှန်း၍ ဆိုအပ်၏။ “ချမ်းသာစွာ ထိုင်နေအပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိန်းမသူ၊ ယောက္ခမ ယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့ကိုမြင်လျှင် ထသင့်သောနေရာ၌ ထိုင်နေခြင်းငှာ မလျောက်ပတ်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။

“ချမ်းသာစွာ စားအပ်၏”ဟူသော ဤစကားကိုကား “ယောက္ခမ မိန်းမသူ၊ ယောက္ခမ ယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့စားသည် ရှေးဦးစွာ မစားနှင့်မူ၍ ယောက္ခမ မိဘ အရှင်လင်ယောက်ျားတို့ကို လုပ်ကျွေးပြီးလျှင် လောက်လောက်ငင ရ,မရ အလုံးစုံကိုလည်း သိပြီး၍ နောက်ဆုံးမှ မိမိစားခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကိုသာ ရည်မှန်း၍ ဆိုအပ်၏။ “ချမ်းသာစွာ အိပ်စက်အပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိဘ အရှင်လင်ယောက်ျားတို့အိပ်သည်မှ ရှေးဦးစွာ အိပ်ရာသို့တက်၍ မအိပ်လိုက်ရသေး၊ ထိုသူတို့အား ပြုသင့်ပြုထိုက်သော ခြေဆုပ်လက်နယ်ခြင်း အစရှိသော ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နောက်မှ အိပ်ရာသို့တက်၍ အိပ်ခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “မီးကို လုပ်ကျွေးအပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိန်းမသူကိုလည်းကောင်း၊ ယောက္ခမ ယောက်ျားသူကိုလည်းကောင်း၊ ကျေးဇူးရှင် လင်ယောက်ျားကိုလည်းကောင်း မီးပုံကြီးကဲ့သို့လည်းကောင်း၊ နဂါးမင်းကြီးကဲ့သို့လည်းကောင်း ရိုသေကြောက်ရွံ့ခြင်းကိုပြု၍ ကြည့်ရှုခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “အိမ်တွင်းနတ်ကို ရှိခိုးအပ်၏”ဟူသော ဤစကားကို “ယောက္ခမ မိန်းမသူကိုလည်းကောင်း၊ ယောက္ခမယောက်ျားသူကိုလည်းကောင်း၊ ကျေးဇူးရှင် လင်ယောက်ျားကိုလည်းကောင်း နတ်ကဲ့သို့ အရိုအသေ အလေးအမြတ်ပြု၍ ကြည့်ရှုဖူးမြင်ခြင်းငှာ သင့်လျော်၏”ဟူသော ဤအနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။

ဤကား ဩဝါဒစကားတို့၏ အနက်အဓိပ္ပာယ်တည်း။ ဤသို့လျှင် မိဂါရသူဌေးကြီးသည် ဤဆယ်ပါးသော ဆုံးမဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ကြားနာရလျှင် တစ်ဖန် ထပ်လော ပြန်ပြောစရာ တစ်စုံတစ်ခုသောစကားကို မမြင်ရှာသဖြင့် မျက်နှာအောက်ချငုံ့လျက်သာ နေရှာရလေ၏။

ဝိသာခါအား သူဌေးကြီးတောင်းပန်

ထိုအခါ မိဂါရသူဌေးကြီးကို သူကြွယ်ရှစ်ယောက်တို့သည် “အရှင်သူဌေးကြီး- အသို့ပါနည်း၊ အကျွန်ုပ်တို့၏သမီးအား တစ်ပါးသော အပြစ်ဒေါသသည် ရှိပါသေးသလော”ဟု မေးကြကုန်၏။ “အမောင်သူကြွယ်တို့- မရှိပါပြီ”ဟုဆိုလျှင် “ထိုသို့ အပြစ်မရှိပါဘဲလျက် အဘယ့်ကြောင့် အပြစ်မရှိသော ဤသတို့သမီးကို အကြောင်းမဲ့သက်သက် အိမ်မှ နှင်ထုတ်စေဘိသနည်း”ဟု အပြစ်တင်စကား ပြောကြားကြပြန်လေကုန်၏။ ဤသို့ မိဂါရသူဌေးကြီး ပြစ်တင်ပြောဆိုခံနေရစဉ် ဝိသာခါက ဤသို့ဆိုလေ၏။ “ဖခင်တို့- ယောက္ခမကြီးစကားဖြင့် ရှေးဦးစွာက ကျွန်မဆင်းသွားခြင်းသည် အကယ်၍ကား သင့်လျော်လှပါ၏၊ ထိုသို့ပင် ဆင်းသွားသင့်သော်လည်း ဖခင် ဓနဉ္စယသူဌေးကြီးသည် ကျွန်မ ဤအိမ်သို့လာစဉ်အခါက ကျွန်မအပေါ်၌ အပြစ်ကြီးငယ်ကို စောကြောပြစ်တင် သုတ်သင်ခြင်းအကျိုးငှာ ကျွန်မကို အရှင် ဖခင်သူကြွယ် ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ ထည့်လိုက်ပါသည်။ အရှင်ဖခင်တို့သည်လည်း ကျွန်မ၏ အပြစ်မရှိသည့်အဖြစ်ကို သိအပ်လေပြီ၊ ယခုအခါ ကျွန်မ ဆင်းသွားခြင်းငှာ သင့်လျော်ပါပြီ”ဟု ဆို၍ ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို “ယာဉ်,ရထား စသည်ကို ပြင်ဆင်စေကြကုန်လော့”ဟု စေခိုင်းလိုက်လေ၏။ ထိုအခါ မိဂါရသူဌေးကြီးသည် ရှစ်ဦးကုန်သော သူကြွယ်တို့ကိုခေါ်၍ ဝိသာခါကို “ချစ်သမီး- ငါသည် မသိ၍သာ ပြောဆိုမိပါသည်၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။

ဝိသာခါ ဘုရားရှင်အား ဆွမ်းကပ်

“ဖခင်- သင်ဖခင်တို့၏အပေါ်၌ သည်းခံသင့်သမျှကို သည်းခံပါ၏။ သို့ရာတွင် ကျွန်မသည် သစ္စာလေးပါး တရားသိမြင် ဘုရားရှင်၏ သာသနာတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းရှိသော အမျိုးသမီး ဖြစ်ပါသည်၊ ကျွန်မတို့သည် ရဟန်းသံဃာနှင့်ကွေကွင်း၍ မနေလိုကြပါ၊ ကျွန်မ၏အလိုအားဖြင့် ရဟန်းသံဃာကို လုပ်ကျွေးခြင်းငှာ အကယ်၍ ရသည်ဖြစ်အံ့၊ ဤသို့ရသည်ရှိသော် နေပါမည်”ဟု ဆို၏။ “ချစ်သမီး- သင်ချစ်သမီးသည် အလိုရှိတိုင်း သင်ချစ်သမီး၏ရဟန်းတော်တို့ကို လုပ်ကျွေးပါလော့”ဟု အခွင့်ပေးစကား ပြောကြားလေ၏။ ဝိသာခါသည်လည်း မြတ်စွာဘုရားကို ဖိတ်မန်စေ၍ တစ်ဖန် မိုးသောက်သောနေ့၌ နေအိမ်တွင်းသို့ ဆွမ်းဘုဉ်းပေးစိမ့်သောငှာ ပင့်လေ၏။ အဝတ်မဆီးသော အစေလက တက္ကတွန်းရဟန်းတို့သည်လည်း မိဂါရသူဌေးကြီး၏ အိမ်သို့ မြတ်စွာဘုရား ကြွသွားတော်မူသည့်အဖြစ်ကို ကြားရသဖြင့် သွားပြီးလျှင် အိမ်၏နောက်ဖေး၌ ဝိုင်းဝန်းခြံရံလျက် နေကြလေကုန်၏။ ဝိသာခါသည် မြတ်သောအလှူရေစက်ကို ဆက်ကပ်လှူဒါန်း၍ အလုံးစုံသော ပူဇော်သက္ကာရကို စီရင်အပ်ပြီးသည်ရှိသော် “ကျွန်မ၏ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ ဘုရားသဗ္ဗညု သုံးလူ့သခင့် အားတော်ဆယ်ပါး ဘုရားရှင်ကို လုပ်ကျွေးသမှု ပြုစုပါလော့”ဟု သတင်းစကားကို တုံ့ပြန်စေလွှတ်လိုက်၏။

ဗုဒ္ဓတရား မနာယူရန် တက္ကတွန်းတို့ တားပုံ

ထိုအခါ သွားခြင်းငှာအလိုရှိသော မိဂါရသူဌေးကြီးကို အာဇီဝကတက္ကတွန်းတို့သည် “သူဌေးကြီး- သင်သည် ရဟန်းဂေါတမ၏အထံသို့ မသွားလေလင့်”ဟု တားမြစ်ကြလေကုန်၏။ မိဂါရသူဌေးကြီးကလည်း “ငါ၏ချွေးမသည် မိမိကိုယ်တိုင်သာ လုပ်ကျွေးသမှု ပြုစုလှူဒါန်းပါလော့”ဟု သတင်းစကားကို တုံ့ပြန်စေလွှတ်လိုက်၏။ ဝိသာခါသည် ဘုရားအမှူးရှိသော သံဃာတော်မြတ်အပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သည်ရှိသော် တစ်ဖန် “ကျွန်မ၏ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ တရားစကားတော်ကို နာကြားပါလော့”ဟု သတင်းစကား စေလွှတ်ပြန်၏။ ထိုအခါ “ယခုအခါ၌ မသွားဘဲနေခြင်းမည်သည် အလွန်လျှင် မသင့်လျော်လေတကား”ဟု တရားကို နာကြားလိုသဖြင့် တရားနာရန်သွားသော မိဂါရသူဌေးကြီးကို အာဇီဝကတက္ကတွန်းတို့သည် “ထိုသို့ဖြစ်မူ ရဟန်းဂေါတမ၏အထံ၌ တရားကို နာသည်ရှိသော် တင်းတိမ်အကာ၏ အပြင်ဘက်မှနေ၍ နာလော့”ဟု ဆိုကြကုန်၏။ မိဂါရသူဌေးကြီး မသွားမီ ရှေးဦးကပင်လျှင် သွား၍ တင်းတိမ်အကာကို ကာရံ၍ ထားကြကုန်၏။ မိဂါရသူဌေးကြီးသည် သွား၍ တင်းတိမ်အကာ၏ အပြင်ဘက်၌ နေလေ၏။ မြတ်စွာဘုရားသည် “သင်မိဂါရသူဌေးကြီးသည် တင်းတိမ်အကာ၏ အပြင်ပ၌မှုလည်း နေသည်ဖြစ်စေ၊ တိုက်နံရံ တစ်ဘက်ခြားသော အရပ်၌မူလည်း နေသည်ဖြစ်စေ၊ ကျောက်တောင် တစ်ဘက်ခြားသောအရပ်၌မူလည်း နေသည်ဖြစ်စေ၊ တစ်ပါးသော စကြဝဠာ၌မူလည်း နေသည်ဖြစ်စေ ငါဘုရားမည်သည်ကား ထိုထိုသူကို ငါ့အသံကိုကြားစေခြင်းငှာ စွမ်းနိုင်၏”ဟု ကြိမ်းဝါးတော်မူလေဟန်ပြု၍ သပြေပင်ကြီး၏ပင်စည်ကို ကိုင်ငင်၍ လှုပ်ဘိသကဲ့သို့လည်းကောင်း၊ အမြိုက်ဟူသော မိုးကြီးကို ရွာသွန်းချဘိသကဲ့သို့လည်းကောင်း တရားကို ဟောကြားတော်မူခြင်းငှာ အစဉ်အတိုင်းသော တရားစကားကို အားထုတ်တော်မူလေ၏။

ဘုရားရှင်အား သူဌေးကြီး ကြည်ညို

မိဂါရသူဌေးကြီးလည်း မြတ်စွာဘုရားသည် တရားဟောကြားခြင်း ပြီးဆုံးရပ်တန့်စေလိုက်သည်ရှိသော် တင်းတိမ်အကာ၏ပြင်ပ၌ နေလျက်သာလျှင် နည်းတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော (တန်ဆာဆင်၍ ဟောကြားအပ်သော) သောတာပတ္တိဖိုလ်၌တည်၍ မတုန်မလှုပ် မြဲမြံခိုင်ခံ့သော သဒ္ဓါတရားနှင့် ပြည့်စုံသဖြင့် သုံးပါးသော သရဏဂုံတို့၌ ယုံမှားကင်းခြင်းကြီး ကင်းလျက် တင်းတိမ်ထောင့်စွန်းကို မြှောက်တင်ပင့်ကာ ထွက်လာပြီးလျှင် ချွေးမဖြစ်သော ဝိသာခါ၏သားမြတ်ကို ခံတွင်းဖြင့်ယူစို့၍ “ယနေ့မှစ၍ သင်သည် ငါ၏မိခင်ပေတည်း”ဟု ဝိသာခါကို မိခင်အရာ၌ ထားလေ၏။ ဝိသာခါသည်လည်း ထိုအခါမှစ၍ “မိဂါရမာတာ”ဟူသော အမည်ရလေ၏။ နောက်အဖို့၌ သားငယ်ကို ရရှိသဖြင့်လည်း ထိုသားငယ်အား “မိဂါရ”ဟူသော အမည်ကို မှည့်လေ၏။ မိဂါရသူဌေးကြီးသည် ချွေးမ၏သားမြတ်ကို စွန့်လွှတ်ပြီးလျှင် သွား၍ မြတ်စွာဘုရား၏ နှစ်ခုသောခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်စင်းလျက် ခြေတော်တို့ကို လက်တို့ဖြင့် သုံးသပ် ဆုပ်နယ်သဖြင့်လည်းကောင်း၊ ခံတွင်းဖြင့် နမ်းစုပ်သဖြင့်လည်းကောင်း ဘုန်းတော် “အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မိဂါရပါတည်း။ တပည့်တော်သည် မိဂါရပါတည်း”ဟု သုံးကြိမ်တိုင်တိုင် အမည်ကို သိသိသာသာ လျှောက်ကြား၍ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ဤမျှလောက်သော ကာလပတ်လုံး ဤသာသနာတော်မြတ်အား ပေးလှူခြင်းမည်သည် အကျိုးကြီးမြတ်လှပေ၏ဟူ၍ မသိမိပါဘုရား၊ ယခုအခါ၌ကား တပည့်တော်၏ချွေးမကို အမှီပြု၍ သိအပ်ပါပြီ၊ အလုံးစုံသော အပါယ်ဆင်းရဲမှ လွတ်ကင်းရပါပြီဘုရား”ဟု လျှောက်ကြားပြီးလျှင် “ဤအိမ်သို့ ရောက်လာသော တပည့်တော်၏ ချွေးမ ဝိသာခါသည် တပည့်တော်၏ အကျိုးများခြင်းငှာ, စီးပွားတိုးတတ်ခြင်းငှာ, ချမ်းသာကြီးခြင်းငှာ ရောက်လာပါသည်ဘုရား”ဟု လျှောက်ကြား၍ ဤဂါထာကို ရွတ်ဆိုလေ၏။

သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
အတ္ထာယ ဝတ မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ။

ဘန္တေ၊ ရွှေဘုန်းတော် နေလဝန်းမက ထွန်းလင်းတောက်ပတော်မူပေသော မြတ်စွာဘုရား။ ယတ္ထ၊ အကြင်သာသနာတော်မြတ်အား။ ဒိန္နံ၊ လှူဒါန်းခြင်းသည်။ မဟပ္ဖလံ၊ ကြီးကျယ်ပြန့်ပြော မြတ်သော အကျိုးရှိ၏။ တံ၊ ထိုအကျိုး များကြောင်း လှူဒါန်းကောင်းရာ သာသနာတော်မြတ်ကို။ သောဟံ၊ ထိုတပည့်တော်သည်။ အဇ္ဇ၊ ယခုနေ့၌။ ပဇာနာမိ၊ သိရပါ၏ဘုရား။ ဝတ၊ စင်စစ်။ မေ-မမ၊ ဘုရားတပည့်တော်၏။ အတ္ထာယ၊ အကျိုးငှာ။ ဘဒ္ဒါ၊ ကောင်းလှပေသော။ သုဏိသာ၊ ချွေးမသည်။ ဃရံ၊ နေအိမ်သို့။ အာဂတာ၊ ရောက်လာရပါသည်ဘုရား။

သူဌေးကတော်ကြီး သောတာပန်တည်

ဝိသာခါသည် တစ်ဖန် မိုးသောက်သောနေ့၌လည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်လေ၏။ ထို့နောက် တစ်ဖန် မိုးသောက်ရောက်သောနေ့၌လည်း ဝိသာခါ၏ယောက္ခမ မိန်းမသူဖြစ်သော သူဌေးကတော်ကြီးသည် သောတာပတ္တိဖိုလ်သို့ရောက်လေ၏။ ထိုအခါမှစ၍ ထိုအိမ်သည် သာသနာတော်အား ဟင်းလင်းပွင့်သောတံခါးရှိသော အိမ်ဖြစ်လေ၏။ ထို့နောက် မိဂါရသူဌေးကြီး ကြံစည်စိတ်ကူးမိသည်မှာ “ငါ၏ချွေးမသည် ငါ့အား အလွန်လျှင် ကျေးဇူးများလှပေသည်။ ထိုချွေးမအား ကြည်လင်နှစ်သက်သော အခြင်းအရာကို ပြုပေအံ့၊ ဤငါ၏ချွေးမအား ယခုရှိသော ဤမဟာလတာတန်ဆာသည် လေးလံလှသည်ဖြစ်၍ အခါခပ်သိမ်း ဆင်ယင်ခြင်းငှာ မတတ်ကောင်း။ နေ့၌လည်းကောင်း, ညဉ့်၌လည်းကောင်း အလုံးစုံသော ဣရိယာပုထ်တို့၌ ဆင်ယင်ခြင်းငှာ လျောက်ပတ်သော ပေါ့ပါးသော တန်ဆာတစ်ခုကို ချွေးမအလို့ငှာ ပြုပေအံ့”ဟု ကြံပြီးလျှင် အဖိုးတစ်သိန်းထိုက်သော တစ်ခဲနက် ပြေပြစ်ချောမောသောကြောင့် ဃနမဋ္ဌက မည်သော တန်ဆာကို ပြုလုပ်စေ၍ ထိုတန်ဆာပြီးလတ်သည်ရှိသော် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်၍ ရိုသေကောင်းမွန်စွာ ဆွမ်းကျွေးပြီးလျှင် ဝိသာခါကို တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေ၍ မြတ်စွာဘုရား မျက်မှောက်တော်၌ ထားသဖြင့် နေစေသဖြင့် တန်ဆာဆင်ယင်စေလျက် မြတ်စွာဘုရားကို ရှိခိုးစေလေ၏။ မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူ၏။

ဝိသာခါ၏ သား, မြေး, မြစ်များ

ဝိသာခါသည်လည်း ထိုအခါမှစ၍ အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကိုပြုလျက် ဘုရားရှင်၏ အထံတော်မှ ရှစ်ပါးသောဆုတို့ကိုရ၍ ကောင်းကင်ပြင်၌ လ,ရေးပမာ လွန်စွာထင်ရှားသဖြင့် သားသမီးတို့ဖြင့် စည်ပင်ပေါများ ကြီးပွားခြင်းသို့ ရောက်လေ၏။ ထိုဝိသာခါအား တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားလေကုန်သတတ်။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်အား တစ်ကျိပ် တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ် တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားပြန်ကုန်၏။ ထိုမြေးတို့တွင်လည်း တစ်ယောက်တစ်ယောက်အား တစ်ကျိပ် တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ်တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားပြန်လေကုန်၏။ ဤသို့လျှင် ဝိသာခါ၏ သား,မြေး,မြစ်အစဉ်၏ အစွမ်းဖြင့် ဖြစ်ကုန်သော သူတို့သည် ရှစ်ထောင်,လေးရာ,နှစ်ဆယ်တို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ရှေးဆရာတို့သည် ဤဂါထာကို မိန့်ဆိုတော်မူကြလေကုန်၏။

ဝိသာခါ ဝီသတိပုတ္တာ၊ နတ္တာ စ စတုရော သတာ။
ပနတ္တာ အဋ္ဌသဟဿာ၊ ဇမ္ဗုဒီပေ သုပါကဋာ။

ဝိသာခါ ဝိသာခါယ၊ ဝိသာခါ၏။ ဝီသတိ၊ နှစ်ဆယ်သော။ ပုတ္တာ၊ သားသမီးတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။ နတ္တာ စ၊ ဝိသာခါ၏ မြေးတို့ကား။ စတုရောသတာ၊ လေးရာတို့တည်း။ ပနတ္တာ၊ ဝိသာခါ၏ မြစ်တို့ကား။ အဋ္ဌသဟဿာ၊ ရှစ်ထောင်တို့တည်း။ ဣတိ၊ ဤသို့။ ဇမ္ဗုဒီပေ၊ ဇမ္ဗူဒီပါ ကျွန်းအပြင်၌။ သုပါကဋာ၊ အလွန်ထင်ရှား၏။

ဝိသာခါ၏ တင့်တယ်ပုံ

ဝိသာခါ၏ အသက်ကား တစ်ရာ့နှစ်ဆယ်ရှည်၏၊ ဦးခေါင်း၌ တစ်ခုသော ဖြူသော ဆံပင်မျှမည်သည်လည်း မရှိ။ အမြဲမပြတ် တစ်ဆယ့်ခြောက်နှစ်ရွယ်ကဲ့သို့ ဖြစ်လေ၏။ သားမြေးမြစ်တို့ဖြင့် ခြံရံလျက် ကျောင်းတော်သို့ သွားသော ဝိသာခါကို မြင်ကုန်သည်ရှိသော် “ဤသူတို့တွင် အဘယ်သူသည် ဝိသာခါ ဖြစ်ပါသနည်း”ဟု မေးမြန်းကြရကုန်၏။ သွားဆဲဖြစ်သော ဝိသာခါကို မြင်ရကုန်သောသူတို့သည် “ယခုအခါ အတန်ငယ် သွားပါစေဦး၊ သွားဆဲသာလျှင်ဖြစ်သော ငါတို့၏သခင်မသည် တင့်တယ်လှပေ၏”ဟု ကြံစည်မိကြကုန်၏။ ရပ်ဆဲ, ထိုင်ဆဲ, လျောင်းစက်ဆဲဖြစ်သော ဝိသာခါကို မြင်ရကုန်သော သူတို့သည် “ယခုအခါ အတန်ငယ်လျောင်းစက်ပါစေဦး၊ လျောင်းစက်ဆဲသာလျှင်ဖြစ်သော ငါတို့၏သခင်မသည် တင့်တယ်လှပေ၏”ဟု ကြံစည်မိကြကုန်၏။ ဤသို့လျှင် ဝိသာခါအား သွား,ရပ်,ထိုင်,လျောင်းခြင်း တည်းဟူသော ဣရိယာပုထ် လေးပါးတို့၌ “ဤမည်သော ဣရိယာပုထ်ဖြင့် မတင့်တယ်သောမည်သည် ရှိပေ၏”ဟု ဆိုဖွယ်မရှိ၊ ထိုဝိသာခါသည် ဆင်ပြောင်ငါးစီးတို့၏ အားအစွမ်းကိုလည်း ဆောင်နိုင်၏။

ဝိသာခါကို ဆင်ပြောင်ဖြင့် ခွန်အားစမ်းခြင်း

ပသေနဒီ ကောသလမင်းကြီးသည် ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏ အားအစွမ်းကို ဆောင်နိုင်၏ဟူသော စကားကို ကြားရသဖြင့် ကျောင်းတော်သို့သွား၍ တရားနာပြီး ပြန်လာသော အခါကာလ၌ ဝိသာခါ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို လွှတ်စေလေ၏။ ထိုဆင်ပြောင်သည် နှာမောင်းကို ပင့်မြှောက်၍ ဝိသာခါရှိရာသို့ ရှေးရှုပြေးသွား၏။ ထိုဝိသာခါ၏ အခြံအရံ မိန်းမငါးရာတို့တွင် အချို့သော မိန်းမတို့သည် ထွက်ပြေးကြကုန်၏။ အချို့သော မိန်းမတို့ကား ဝိသာခါကို ထက်ဝန်းကျင် တားဆီးကာကွယ်သော အခြင်းအရာကို စီရင်ကြကုန်သည်ဖြစ်၍ “ဤသို့ပြုခြင်းကား အကြောင်းအသို့နည်း”ဟု ဝိသာခါက မေးလတ်သော် “သခင်မ- မင်းကြီးသည် သခင်မ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို လွှတ်စေဘိသတတ်”ဟု ပြောဆိုကြကုန်၏။ ဝိသာခါသည် “ဤဆင်ပြောင်ကိုမြင်၍ ထွက်ပြေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် ထိုဆင်ပြောင်ကို ငါကိုင်ဖမ်းရအံ့နည်း”ဟု ကြံပြီးလျှင် “အကယ်၍ မြဲမြံစွာ ကိုင်ဖမ်းသည်ဖြစ်အံ့၊ ထိုဆင်သည် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရရှာ၏”ဟု ဆင်ခြင်မိသဖြင့် နှစ်ခုသော လက်ချောင်းတို့ဖြင့် နှာမောင်း၌ ဖိနှိပ်ကာတွန်းလိုက်လေ၏။ ဆင်ပြောင်ကြီးသည် မိမိကိုယ်ကို တည်တံ့စွာဆောင်လျက် ရပ်တည်ခြင်းငှာ မတတ်နိုင်ရကား မင်းရင်ပြင်၌ ဆောင့်ကြောင့်ထိုင်လျက် လဲကျသွားလေ၏။ များစွာသော လူအပေါင်းသည် အုတ်အုတ်ကျက်ကျက် ကောင်းချီးပေးလေ၏။ ဝိသာခါသည်လည်း အခြံအရံနှင့်တကွ ချမ်းသာစွာ အိမ်သို့ ပြန်သွားလေ၏။

မဟာလတာတန်ဆာ မေ့ကျန်ရစ်ခြင်း

ထိုအခါ သာဝတ္ထိပြည်ကြီးဝယ် ဝိသာခါသည် များသော သားသမီးရှိ၏။ များသောမြေးရှိ၏။ များသောမြစ်ရှိ၏၊ သားသမီး မြေးမြစ်တို့သည် အနာရောဂါဝေဒနာမှ ကင်းကြကုန်၏၊ အလွန်မင်္ဂလာရှိသည်ဟု သမုတ်အပ်ကုန်၏။ ထိုမျှလောက်ကုန်သော သား,သမီး,မြေး,မြစ်တို့တွင် တစ်ယောက်သောသူမျှလည်း အကြား၌သေခြင်းသို့ ရောက်လေသောသူမည်သည် မရှိစဖူး။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် မင်္ဂလာရှိသော ပွဲသဘင်တို့၌ ဝိသာခါကို ရှေးဦးစွာ ဖိတ်မန်၍ ကျွေးမွေးကြရကုန်၏။ ထိုအခါ တစ်ခုသော ပွဲသဘင်နေ့၌ လူများအပေါင်းသည်။အဝတ်တန်ဆာဖြင့် တန်ဆာဆင်လျက် တရားနာခြင်းငှာ ကျောင်းတော်သို့ သွားလတ်သည်ရှိသော် ဝိသာခါသည်လည်း ဖိတ်မန်ရာ အရပ်၌ သုံးဆောင် စားသောက်ပြီးမှ မဟာလတာတန်ဆာကို ဆင်ယင်လျက် လူများအပေါင်းနှင့်တကွ။ကျောင်းသို့သွား၍ တန်ဆာတို့ကိုချွတ်ပြီးလျှင် အပေါ်ရုံအဝတ်ဖြင့် အထုပ်ကိုထုပ်၍ ကျွန်မအား “ဤဘဏ္ဍာထုပ်ကို ယူခဲ့လော့”ဟု ပေးလေ၏။

ဝိသာခါသည် “ကျောင်းတော်သို့ သွားသည်ရှိသော် ဤသို့သဘောရှိသော အဖိုးများစွာ ထိုက်တန်သော ဦးခေါင်း၌စွပ်၍ ခြေဖနောင့်တိုင် ဆင်ယင်အပ်သော တန်ဆာကို ဆင်ယင်ဝတ်စားလျက် ကျောင်းတော်သို့ ဝင်ခြင်းငှာ မသင့်မလျော်ပါတကား”ဟု ကြံမိသဖြင့် ထိုတန်ဆာကိုချွတ်၍ အထုပ်ကိုပြုပြီးလျှင် မိမိ၏ကောင်းမှုကြောင့်သာ ဖြစ်ပေါ်လာသော ဆင်ပြောင်ငါးစီးအားကို ဆောင်စွမ်းနိုင်သော ကျွန်မ၏လက်၌ ပေးအပ်လေ၏။ ထိုကျွန်မသည်သာလျှင် ထိုတန်ဆာကို ဆောင်ယူခြင်းငှာ စွမ်းနိုင်သတတ်။ ထို့ကြောင့် ကျွန်မကို “အမိ- ဤမဟာလတာတန်ဆာကို ယူထားဦးလော့၊ ဘုရားရှင်၏ အထံတော်မှ ပြန်လာသောအခါကျမှ ထိုတန်ဆာကို ဆင်ယင်ပေအံ့”ဟု ဆိုလေ၏။ ထိုတန်ဆာကိုကား ပေးအပ်ပြီးလျှင် ဃနမဋ္ဌကတန်ဆာကို ဆင်ယင်လျက် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ တရားတော်ကို နာကြားလေသတည်း။ တရားနာပြီးသောအဆုံး၌ ဘုရားရှင်ကိုရှိခိုး၍ ထပြီး ဖဲသွားလေ၏။ ဝိသာခါ၏ မဟာလတာတန်ဆာကို ယူသိမ်းထားသော ထိုကျွန်မသည်လည်း တန်ဆာကို သတိလွတ်ကင်းသဖြင့် မေ့လျော့ခဲ့မိလေ၏။ တရားတော်ကိုနာ၍ ပရိသတ် ဖဲလတ်သည်ရှိသော် တစ်စုံတစ်ခုသော ပစ္စည်းဥစ္စာသည် အကယ်၍ မေ့ကျန်ရစ်သည်ဖြစ်အံ့၊ ထိုပစ္စည်းဥစ္စာကို ရှင်အာနန္ဒာမထေရ်သည် သိုမှီးသိမ်းဆည်းထားနေကျ ဖြစ်၏။ ထို့ကြောင့် ရှင်အာနန္ဒာမထေရ်သည် ထိုနေ့၌ မဟာလတာတန်ဆာကို မြင်လေလျှင် ဘုရားရှင်အား “မြတ်စွာဘုရား- ဝိသာခါသည် မဟာလတာ တန်ဆာကို မေ့ရစ်၍ သွားပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် “ချစ်သားအာနန္ဒာ- တင့်အပ်လျောက်ပတ်သော အရပ်၌ ထားလော့”ဟု မိန့်တော်မူလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုမဟာလတာ တန်ဆာကို ပင့်ချီမြှောက်ယူ၍ စောင်းတန်းနံပါး၌ ဆွဲချိတ်ကာ ထားလေ၏။

သုပ္ပိယာဒါယိကာမ၏ စေတနာထက်သန်ပုံ

ဝိသာခါသည်လည်း သုပ္ပိယာမည်သော ဒါယိကာမနှင့်တကွ အာဂန္တုဧည့် သည်ရဟန်း, ခရီးသွားသော ရဟန်း, သူနာရဟန်း စသည်တို့အား ပြုစုသင့် ပြုစုထိုက်သော ကိစ္စအလုံးစုံကို သိရအံ့ဟု ကျောင်းတွင်း၌ လှည့်လည်ခဲ့လေ၏။ ထိုဒါယိကာမတို့ကို ကျောင်းတွင်း၌ တွေ့မြင်ကြကုန်သည်ရှိသော် ထောပတ်, ပျား, တင်လဲ အစရှိသည်တို့ဖြင့် အလိုရှိကုန်သော ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း ပြကတေ့အားဖြင့်သာလျှင် ခွက် စသည်တို့ကို ယူကုန်လျက် ချဉ်းကပ်လာကြကုန်၏။ ထိုနေ့၌လည်း ထိုနည်းအတူသာလျှင် ပြုကြလေကုန်၏။

(အခါတစ်ပါး၌ မကျန်းမမာသော ဂိလာန ရဟန်းတစ်ပါးကို မြင်ရ၍ သုပ္ပိယာဒါယိကာမသည် “အရှင်မြတ်အား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိပါသနည်း”ဟု မေးလျှောက်သဖြင့် “သားပြွမ်းဟင်းရည်ဖြင့် အလိုရှိကြောင်း”ကို ဆိုလတ်သော် “အလိုတော်ရှိသည်ဖြစ်ပါမူ အရှင်မြတ်ထံ ပို့ခိုင်းလိုက်ပါမည်ဘုရား”ဟု လျှောက်ကြားဝန်ခံ၍ နှစ်ရက်မြောက်သောနေ့၌ အပ်သောအသားကို ရှာ၍မရခြင်းကြောင့် မိမိ၏ပေါင်သားဖြင့် ပြုဖွယ်ဖြစ်သော သားပြွမ်းဟင်းရည်ကိစ္စကို မချွတ်မယွင်းရအောင် ပြုလုပ်လှူဒါန်း၍ နောက်တစ်ဖန်မြတ်စွာဘုရား၌ ကြည်ညိုသောစိတ်ကြောင့် ပြကတေ့သော ကိုယ်ရှိသည်သာလျှင် ဖြစ်ပြန်၏။
ဇာတ်တူဖြစ်သော လူသား, မင်းသုံးဘဏ္ဍာဖြစ်သော ဆင်သား, မြင်းသား, ရွံဖွယ်ကောင်းသော ခွေးသား, မြွေသား, ဘေးရန်တွေ့တတ်သော ကျားသား, သစ်သား, ခြင်္သေ့သား, ဝံသား, အောင်းသား၊ ဤကား မအပ်သော အသားဆယ်မျိုး ဖြစ်၏။ ထိုမှတစ်ပါး အပ်သောအသား ဖြစ်စေကာမူ ရဟန်းတို့အား ကျွေးမွေးရန် ရည်မှန်း၍ သတ်သည်ဟု မြင်ရသောအသား, ကြားရသောအသား, တွေးတောဖွယ် မကင်းသော အသား ဤသုံးပါးလည်း မအပ်သော အသားဖြစ်၏။)

မဟာလတာတန်ဆာကို ရောင်းရန် စီမံခြင်း

ဝိသာခါသည်လည်း သူနာရဟန်းတို့ကိုလည်းကောင်း၊ ရဟန်းငယ်တို့ကိုလည်းကောင်း၊ သာမဏေငယ်တို့ကိုလည်းကောင်း ကြည့်ရှု၍ တစ်ခုသောတံခါးဖြင့် ထွက်ခဲ့ပြီးလျှင် ကျောင်းဥပစာ၌ တည်နေလျက် “အမိ- မဟာလတာတန်ဆာကို ဆောင်ခဲ့လော့၊ ဆင်ယင်ဦးအံ့”ဟု ဆိုလေ၏။ ထိုခဏ၌ ကျွန်မသည် မေ့လျော့၍ ထွက်လာခဲ့မိသည့်အဖြစ်ကို သတိရ၍ “အရှင်မ- မေ့လျော့ခဲ့မိပါပြီ”ဟု ပြောဆိုလေ၏။ “ထိုသို့ဖြစ်မူ သွားယူ၍ လာခဲ့လော့၊ ငါ၏ အရှင်သခင် အာနန္ဒာမထေရ်မြတ်သည် ချီမ၍ ဤမည်သောအရပ်၌ အကယ်၍ထားအပ်သည်ဖြစ်အံ့၊ မဆောင်ယူခဲ့လေလင့်၊ အရှင်မြတ်အားသာလျှင် ထိုတန်ဆာကို ငါသည် စွန့်လွှတ်လှူဒါန်းအပ်ပေပြီ”ဟု ဆိုလိုက်၏။

(ဤသို့သောစကားကို မှာထားလိုက်ခြင်းသည်ကား “အမျိုးကောင်းသား,သမီးတို့၏ မေ့လျော့ကျန်ရစ်သော ဘဏ္ဍာကို အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်းမြဲ ဖြစ်၏”ဟု ဝိသာခါ သိပြီးဖြစ်၏။ ထို့ကြောင့် ဤသို့ မှာထားလိုက်ခြင်း ဖြစ်၏။)

ရှင်အာနန္ဒာမထေရ်သည်လည်း ထိုကျွန်မကို မြင်လျှင်မြင်ချင်း “အဘယ့်ကြောင့် လာသနည်း”ဟု မေးသဖြင့် “အရှင်ဘုရား- တပည့်တော်မ၏ သခင်မ တန်ဆာကို မေ့လျော့ခဲ့မိ၍ ပြန်လာရပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “ငါသည် တစ်ခုသော စောင်းတန်းနံပါး၌ ထားအပ်၏၊ သွားချေ၊ ထိုတန်ဆာကို ယူလော့”ဟု မိန့်ဆိုတော်မူလေ၏။ ကျွန်မသည် “အရှင်ဘုရား- အရှင်မြတ်တို့၏ လက်တော်ဖြင့် သုံးသပ်အပ်ပြီးသော ဘဏ္ဍာကို တပည့်တော်မ၏ သခင်မသည် မဆောင်ယူအပ်သည်ကို ပြုအပ်ပါလေပြီဘုရား”ဟု လျှောက်ထား၍ အချည်းနှီးသော လက်ရှိသဖြင့်သာလျှင် ပြန်သွား၍ “အမိ- အကြောင်းအသို့နည်း”ဟု ဝိသာခါကမေးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ “အမိ- ငါ၏ အရှင်သခင် အာနန္ဒာ သုံးသပ်လေပြီးသော ဘဏ္ဍာကို ငါသည် မဆင်ယင်တော့အံ့၊ ငါသည် စွန့်လွှတ် လှူဒါန်းအပ်ပေပြီ၊ ထိုသို့ စွန့်လွှတ်အပ်သော်လည်း အရှင်မြတ်သည် သိမ်းဆည်းစောင့်ရှောက်ခြင်းငှာ ဆင်းရဲငြိုငြင်ပေလတ္တံ့၊ ထိုတန်ဆာကို စွန့်လွှတ်ရောင်းချပြီးလျှင် အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့၊ သွားချေ၊ ထိုတန်ဆာကို ဆောင်ခဲ့လော့”ဟု စေလွှတ်ပြန်၏။ ကျွန်မလည်းသွား၍ မဟာလတာတန်ဆာကို ဆောင်ယူလေ၏။ ဝိသာခါသည် ကျွန်မ ဆောင်ယူလာသော တန်ဆာကို မဆင်ယင်မူ၍သာလျှင် ပန်းထိမ်သည်တို့ကို ခေါ်စေ၍ အဖိုးဖြတ်စေ၏။ ထိုပန်းထိမ်သည်တို့က “ကိုးကုဋေ အဖိုးထိုက်၏၊ လက်ခကား တစ်သိန်းထိုက်၏”ဟု ဖြတ်ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ ဤတန်ဆာကို လှည်းယာဉ်ထက်၌ တင်စေ၍ ရောင်းချကုန်လော့”ဟု ဆိုလေ၏။ ထိုမျှလောက်သော အဖိုးဥစ္စာကို ပေးဝယ်ယူအံ့သောငှာ တစ်စုံတစ်ယောက်သောသူမျှ မစွမ်းနိုင်လတ္တံ့။

(မဝယ်နိုင်ကြောင်းကား ထိုတန်ဆာကို ဆင်ယင်ခြင်းငှာ ထိုက်တန်သော မိန်းမတို့မည်သည် ရနိုင်ခဲကုန်၏။ ထိုစကား မှန်၏။ ဤမြေပြင်အဝန်း၌ သုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာတန်ဆာကို ရကြလေကုန်၏။ ဝိသာခါသည်လည်းကောင်း၊ မလ္လမင်းသား ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည်လည်းကောင်း၊ ဗာရာဏသီသူဌေးကြီး၏ သမီးသည်လည်းကောင်း၊ ဤသုံးဦးတို့သာ ရကြလေကုန်၏။)

ထို့ကြောင့် ဝိသာခါသည် မိမိကိုယ်တိုင်ပင်လျှင် ထိုမဟာလတာတန်ဆာ၏ အဖိုးကိုပေး၍ တစ်သိန်းအလွန်ရှိသော ကိုးကုဋေသော ဥစ္စာတို့ကို လှည်း၌တင်၍ ကျောင်းတော်သို့ ဆောင်ယူလျက် မြတ်စွာဘုရားကို ရှိခိုးပူဇော်ပြီးလျှင် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်မ၏ အရှင်သခင် အာနန္ဒာမထေရ်မြတ်သည် တပည့်တော်မ၏ မဟာလတာတန်ဆာကို လက်တော်ဖြင့် သုံးသပ်အပ်လေပြီ၊ ထိုမထေရ်မြတ် သုံးသပ်သောအခါမှစ၍ ထိုတန်ဆာကို တပည့်တော်မ ဝတ်ဆင်ခြင်းငှာ မတတ်နိုင်ပါ၊ ထိုတန်ဆာကို စွန့်လွှတ်ရောင်းချ၍ အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့ဟု လှည့်လည်ရောင်းချစေပါသော်လည်း ဝယ်ယူခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူကို မမြင်ခြင်းကြောင့် တပည့်တော်မသည်ပင်လျှင် အဖိုးကိုပေး၍ ဝယ်ယူပြီးမှ ထိုတန်ဆာအဖိုးကို ယူဆောင်၍ လာရောက်ခဲ့ပါသည်၊ လေးပါးသော ပစ္စည်းတို့တွင် အဘယ်ပစ္စည်းကို ဆောင်ယူလှူဒါန်းရပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။

သံဃာတော်များအတွက် ကျောင်းဆောက်လှူခြင်း

“ဝိသာခါ ဒါယိကာမ- သင်သည် မြို့၏ အရှေ့တံခါး၌ သံဃာတော်အပေါင်း သီတင်းသုံးနေစရာကျောင်းကို ဆောက်လုပ်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူ၏။ ဝိသာခါသည် “မြတ်စွာဘုရား- သင့်လျော်ကောင်းမြတ် လျောက်ပတ်လှပါသည်ဘုရား”ဟု လျှောက်ကြား၍ နှစ်သက်ဝမ်းမြောက်လှစွာ ကိုးကုဋေသော ဥစ္စာတို့ဖြင့် မြေကိုသာလျှင် ဝယ်ယူလေ၏။ တစ်ပါးသော ကိုးကုဋေသော ဥစ္စာတိုဖြင့် ကျောင်းကို ဆောက်လုပ်ခြင်းငှာ အားထုတ်လေ၏။ ထို့နောက် တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်ယံအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် နတ်ပြည်မှစုတေ၍ ဘဒ္ဒိယပြည် သူဌေးမျိုး၌ဖြစ်သော ဘဒ္ဒိယမည်သော သူဌေးသား၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးကြီး၏ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးလျှင် မြောက်တံခါးသို့ ရှေးရှုကြွတော်မူလေ၏။

(ပကတိသဘောအားဖြင့် မြတ်စွာဘုရားသည် ဝိသာခါအိမ်၌ ဆွမ်းကိုခံယူတော်မူပြီးသည်ရှိသော် တောင်တံခါးဖြင့် ထွက်ကြွတော်မူ၍ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏။ အနာထပိဏ်သူဌေးကြီးအိမ်၌ ဆွမ်းခံယူတော်မူပြီးသည်ရှိသော် အရှေ့တံခါးဖြင့် ထွက်ကြွတော်မူ၍ ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏။ မြောက်တံခါးသို့ ရည်ရွယ်၍ ကြွသွားတော်မူသည်သာလျှင်ဖြစ်သော ဘုရားရှင်ကို မြင်ကြကုန်လျှင် ဒေသစာရီ ကြွချီလတ္တံ့ဟု သိကြရကုန်၏။)

ဝိသာခါသည်လည်း ထိုနေ့၌ မြတ်စွာဘုရားသည် မြောက်တံခါးသို့ ရှေးရှုကြွသွားတော်မူ၏ဟု ကြားသိရသဖြင့် လျင်မြန်စွာ လိုက်သွား၍ ရိုသေမြတ်နိုး ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဒေသစာရီ ကြွချီတော်မူလိုကြပါသလောဘုရား”ဟု မေးလျှောက်ကြားလေ၏။ “ဝိသာခါ- ကြွချီလိုသည် မှန်ပေ၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ဤမျှလောက်သော ပစ္စည်းဥစ္စာကိုစွန့်လျက် ရှင်တော်မြတ်ဘုရားတို့အလို့ငှာ ကျောင်းကို ဆောက်လုပ်မည်ဖြစ်ပါသောကြောင့် ပြန်လည် ဆုတ်နစ်တော်မူပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ဝိသာခါ- ဤကြွခြင်းကား ပြန်လည်ဆုတ်နစ်ခြင်းမရှိသော ကြွသွားခြင်းတည်း”ဟု မိန့်တော်မူလေလျှင် ဝိသာခါသည် “မချွတ်လျှင် အကြောင်းဥပနိဿယနှင့် ပြည့်စုံသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ကို မြတ်စွာဘုရား မြင်တော်မူလတ္တံ့”ဟု ကြံမိ၍ “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ တပည့်တော်မ၏ ပြုသင့်ပြုထိုက် မပြုသင့် မပြုထိုက်သည်ကို ကျွမ်းကျင်နားလည်သော ရဟန်းတစ်ပါးကို ပြန်နစ်စေ၍ ကြွမြန်းတော်မူကြပါဘုရား”ဟု လျှောက်ကြားပြန်သဖြင့် “ဝိသာခါ- အကြင်ရဟန်းကို နှစ်သက်၏၊ ထိုရဟန်း၏ သပိတ်ကို ယူလော့”ဟု မိန့်တော်မူလေ၏။

ရှင်မောဂ္ဂလာန် စီမံပေးခြင်း

ဝိသာခါသည် ရှင်အာနန္ဒမထေရ်ကို အကယ်၍ကား ချစ်ကြည်မြတ်နိုး၏။ ထိုသို့ပင် ဖြစ်သော်လည်း ရှင်မောဂ္ဂလာန်မထေရ်ကား တန်ခိုးကြီး၏။ ထိုရှင်မောဂ္ဂလာန် မထေရ်ကို အမှီပြုရလျှင် ငါ၏အမှုသည် လျင်မြန်စွာ ပြီးစီးပေလတ္တံ့ဟု တစ်ဖန် ကြံစည်လျက် ရှင်မောဂ္ဂလာန်မထေရ်၏သပိတ်ကို ယူလေ၏။ မထေရ်လည်း မြတ်စွာဘုရားကို မော်၍ဖူးမြော်ကြည့်ရှုရကား မြတ်စွာဘုရားက “ချစ်သားမောဂ္ဂလာန်- သင်၏ အခြံအရံ ရဟန်းငါးရာတို့ကိုခေါ်၍ ပြန်လည်ဆုတ်နစ် နေရစ်လေလော့”ဟု မိန့်တော်မူလျှင် ရှင်မောဂ္ဂလာန်လည်း ဘုရားမိန့်တော်မူတိုင်း ဆုတ်နစ်နေရစ်လေ၏။ ထိုရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ယူဇနာငါးဆယ်၊ ခြောက်ဆယ်သို့ တိုင်အောင်လည်း သစ်သားအလို့ငှာလည်းကောင်း၊ ကျောက်အလို့ငှာလည်းကောင်း သွား၍ ကြီးကုန်ကြီးကုန်သော သစ်သားတို့ကိုလည်းကောင်း၊ ကျောက်တို့ကိုလည်းကောင်း ယူပြီးလျှင် ထိုနေ့၌ပင် ပြန်လာ နိုင်ကြကုန်၏။ လှည်းပေါ်သို့ သစ်သား, ကျောက်တို့ကို တင်သောသူတို့သည် ပင်ပန်းခြင်းမည်သည်လည်း မရှိကြကုန်၊ လှည်းဝင်ရိုးကျိုးခြင်းလည်း မရှိ။ မကြာမီပင်လျှင် ဘုံနှစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်ကြလေကုန်၏။ အောက်ထပ် ဘုံဆင့်၌ တိုက်ခန်းငါးရာတို့လည်းကောင်း၊ အထက်ထပ် ဘုံဆင့်၌ တိုက်ခန်းငါးရာတို့လည်းကောင်း ဤသို့ တိုက်ခန်းတစ်ထောင်တို့ဖြင့် တန်ဆာဆင်အပ်သော ပြာသာဒ်ကျောင်းတော်ကြီးသည် ဖြစ်လေ၏။ ရှစ်မင်းပယ်စားမျှလောက်သော သန့်ရှင်းသော မြေအဖို့၌ ပြာသာဒ်ကို ဆောက်လုပ်စေ၏။ သက်သက်သော ပြာသာဒ်သည် မတင့်တယ်ခဲ့ဟု ပြာသာဒ်ကို ပတ်လည်ဝန်းရံပြီးလျှင် ကမ္မဋ္ဌာန်းစီးဖြန်းစေရာ ကျောင်းငါးရာတို့ကိုလည်းကောင်း၊ ပြာသာဒ်ငယ် ငါးရာတို့ကိုလည်းကောင်း၊ ရှည်လျားသော ဇရပ်တန်ဆောင်း ငါးရာတို့ကိုလည်းကောင်း ဆောက်လုပ်စေပြန်၏။

ထို့နောက် မြတ်စွာဘုရားသည် ကိုးလတို့ပတ်လုံး ဒေသစာရီ ကြွချီတော်မူ၍ တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူလာ၏။ ဝိသာခါ၏ ပြာသာဒ်ကျောင်းတော်ကြီး၌ ဆောက်လုပ်ခြင်းအမှုသည် ကိုးလတို့ဖြင့် ပြီးဆုံးခြင်းသို့ ရောက်လေ၏။ ပြာသာဒ် အထွတ်အဖျား စုလစ်မွန်းချွန်ကား တစ်ခဲနက် ခတ်အပ်သော နီသောရွှေဖြင့်သာလျှင် ရေအိုး အလုံးခြောက်ဆယ်ဝင် အိုစရည်းကြီးပမာဏရှိသော ကြာသွတ်အိုးကို ပြုလုပ်စေလေ၏။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၏ဟူသော စကားကို ကြား၍ ခရီးဦးကြိုဆိုပြီးလျှင် မြတ်စွာဘုရားကို မိမိ၏ကျောင်းသို့ ပင့်ဆောင်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤမိုးလေးလပတ်လုံး ရဟန်းသံဃာတော်အပေါင်းကို ခေါ်ယူတော်မူခဲ့သဖြင့် ဤကျောင်း၌သာလျှင် သီတင်းသုံးတော်မူပါ၊ ပြာသာဒ် ပူဇော်ပွဲသဘင် ကျောင်းသာဓုခေါ်ခြင်းကို ပြုလုပ်လိုပါသည်ဘုရား”ဟု ပဋိညာဉ်ကို ယူ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူလေ၏။ ဝိသာခါသည် ထိုအခါမှစ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကျောင်း၌သာလျှင် အလှူဒါနကို ပေးလှူစွန့်ကြဲ၏။

အဆွေခင်ပွန်းမတစ်ယောက် ကုသိုလ်ပါဝင်ခြင်း

ထိုအခါ ဝိသာခါ၏ အဆွေခင်ပွန်းမဖြစ်သော ဒါယိကာမ တစ်ယောက်သည် အဖိုးတစ်သိန်းထိုက်သော တစ်ထည်သော အဝတ်ပုဆိုးကို ယူလာ၍ “အဆွေခင်ပွန်းမ ဝိသာခါ- ငါသည် ဤအဝတ်ပုဆိုးကို သင်အရှင်မ၏ ကျောင်းပြာသာဒ်၌ မြေအခင်းအသွင်ဖြင့် ခင်းလိုပါသည်၊ ခင်းဖို့ရာအရပ်ကို ငါ့အား ပြောကြားပါကုန်လော့”ဟု ဆို၏။ “အဆွေခင်ပွန်းမ- ကောင်းလှပါပြီ၊ ငါသည် သင့်အား “ခင်းဖို့ရာ အခွင့်အရပ် မရှိ”ဟု အကယ်၍ ဆိုသည်ဖြစ်အံ့၊ ငါ့အား ခင်းဖို့ရာ အခွင့်အရပ်ပေးခြင်းငှာ အလိုမရှိဟု သင်အောက်မေ့လတ္တံ့၊ ထို့ကြောင့် ကိုယ်တိုင်သာလျှင် ပြာသာဒ်၏ ဘုံနှစ်ဆင့်တို့ကိုလည်းကောင်း၊ တိုက်ခန်းတစ်ထောင်ကိုလည်းကောင်း ကြည့်ရှု၍ ခင်းဖို့ရာအရပ်ကို သိပါလေလော့”ဟု ဆို၏။ ထိုအဖော်မသည်လည်း အဖိုးတစ်သိန်းထိုက်သော အဝတ်ပုဆိုးကိုယူ၍ ထိုထိုအရပ်၌ သွားလာကြည့်ရှုသည်ရှိသော် မိမိယူလာသော ထိုအဝတ်ပုဆိုးထက် နည်းသော အဖိုးရှိသော အဝတ်ပုဆိုးကို မမြင်ခြင်းကြောင့် “ငါသည် ဤကျောင်းပြာသာဒ်၌ ကောင်းမှုအဖို့ကို မရဘဲ ရှိချေ၏”ဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ တစ်ခုသောအရပ်၌ ငိုကြွေးလျက် ရပ်နေ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ငိုကြွေး၍နေသော ဒါယိကာမကို မြင်ရသဖြင့် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း”ဟု မေးသော် ငိုကြွေးသော ဒါယိကာမသည် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ရှင်အာနန္ဒာမထေရ်က “မစိုးရိမ်လင့်၊ ငါသည် သင့်အား ခင်းဖို့ရာအရပ်ကို ပြောကြားပေအံ့”ဟု မိန့်တော်မူပြီးလျှင် “စောင်းတန်းခြေရင်း ခြေဆေးရာအရပ်၌ ဤတစ်သိန်းတန် အဝတ်ပုဆိုးကို ခြေသုတ်ပုဆိုးပြု၍ ခင်းလေလော့”ဟု မိန့်ကြားတော်မူ၍ “ရဟန်းတို့သည် ခြေတို့ကိုဆေး၍ ရှေးဦးစွာ ဤအဝတ်ပုဆိုး၌ ခြေကိုသုတ်သင်ပြီးမှ ကျောင်းတွင်းသို့ ကြွဝင်ကြရကုန်လတ္တံ့၊ ဤသို့လျှင် သင်ဒါယိကာမကြီးအား များစွာအကျိုးရှိသည် ဖြစ်လတ္တံ့”ဟု မိန့်ကြားတော်မူလေ၏။

ဒါနစုံပြုပြီး၍ ဝမ်းသာဥဒါန်းကျူးခြင်း

ဝိသာခါသည် လေးလတို့ပတ်လုံး ကျောင်းတွင်း၌ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်မြတ်အပေါင်းအား အလှူကို ပေးလှူလေ၏။ နောက်ဆုံးဖြစ်သောနေ့၌ ရဟန်းသံဃာတော်မြတ်အပေါင်းအား သင်္ကန်းလျာ ပုဆိုးတို့ကို ပေးလှူ၏။ သီတင်းအငယ်ဆုံးဖြစ်သောရဟန်း ရအပ်သော သင်္ကန်းလျာ ပုဆိုးတို့သည် အဖိုးတစ်ထောင် ထိုက်ကုန်၏။ ခပ်သိမ်းသော ရဟန်းတို့အား သပိတ်တို့ကိုပြည့်စေလျက် ဆေးပစ္စည်းကို ပေးလှူ၏။ ဒါနဝတ္ထုကို စွန့်လွှတ်လှူဒါန်းခြင်းအားဖြင့် အသပြာ ကိုးကုဋေတို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ဤသို့အားဖြင့် ကျောင်းရာမြေကို ဝယ်ယူခြင်းဖြင့် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်စေခြင်းဖြင့် ကိုးကုဋေ၊ ကျောင်းပူဇော်ပွဲကို ကျင်းပခြင်းဖြင့် ကိုးကုဋေ၊ ဤသို့ အလုံးစုံ နှစ်ဆယ့်ခုနှစ်ကုဋေသော ဥစ္စာတို့ကို ဝိသာခါသည် ဘုရားရှင် သာသနာတော်၌ စွန့်ကြဲ လှူဒါန်း၏။ မိန်းမအဖြစ်၌တည်၍ မိစ္ဆာတိတ္ထိအိမ်၌ နေရသည်ဖြစ်လျက် ဤသို့သဘောရှိသော မြတ်သော စွန့်ကြဲခြင်းမည်သည် ဝိသာခါမှတစ်ပါး အခြားသော မိန်းမအား မရှိစဖူး။ ဝိသာခါသည် ကျောင်းသာဓုခေါ်ခြင်း၏ ပြီးဆုံးသောနေ့၌ ညချမ်းသောအခါ သားမြေးမြစ်တို့ ခြံရံလျက် “ငါသည် ရှေး၌ အကြင်အကြင်ဆုကို တောင့်တအပ်၏၊ ထိုထို အလုံးစုံသောဆုသည် အထွတ်အထိပ် ပြည့်စုံခြင်းသို့ ရောက်ပေသည်”ဟု ကျောင်းပြာသာဒ်ကို အစဉ်လှည့်လည်ကာ သွားလျက် ငါးခုသော ဂါထာတို့ဖြင့် အသံသာယာစွာ ဤဥဒါန်းစကားကို မြွက်ကြားကျူးရင့်လေ၏။

ဝိသာခါ၏ ဥဒါန်းဂါထာများ

ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ မဉ္စပီဌဉ္စ၊ ဘိသိဗိမ္ဗောဟနာနိ စ။
သေနာသနဘဏ္ဍံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ သလာကဘတ္တံ၊ သုစိံ မံသူပသေစနံ။
ဘောဇနဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ ကာသိကံ ဝတ္ထံ၊ ခေါမကပ္ပါသိကာနိ စ။
စီဝရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ သပ္ပိနဝနီတံ၊ မဓုတေလဉ္စ ဖာဏိတံ။
ဘေသဇ္ဇဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သုဓာမတ္တိကလေပနံ၊ ထုံး,အင်္ဂတေ မြေဖြူ,မြေနီဖြင့် လိမ်းကျံအပ်သော။ ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ်လည်းရှိသော။ ပါသာဒံ၊ ပြာသာဒ်ဟု ဆိုအပ်သော။ ဝိဟာရဒါနံ၊ ကျောင်းဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ အဇ္ဇ၊ ယနေ့။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ မဉ္စပီဌဉ္စ၊ ညောင်စောင်း, အင်းပျဉ်လည်းဖြစ်သော။ ဘိသိဗိမ္ဗောဟနာနိ စ၊ မွေ့ရာ, ခေါင်းအုံးတို့လည်း ဖြစ်ကုန်သော။ သေနာသနဘဏ္ဍံ၊ အိပ်ရာနေရာ ကျောင်းဘဏ္ဍာကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သုစိံ၊ သန့်ရှင်းစင်ကြယ်သော။ မံသူပသေစနံ၊ ငါး,အမဲဖြင့် ပြွမ်းသော။ သလာကဘတ္တံ၊ စာရေးတံဆွမ်း အစရှိသော။ ဘောဇနဒါနံ၊ ဘောဇဉ်ဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ ကာသိကဝတ္ထဉ္စ၊ ကာသိကရာဇ်တိုင်း၌ဖြစ်သော အဝတ်ပုဆိုးလည်းဖြစ်သော။ ခေါမကပ္ပါသိကာနိစ၊ ခေါမတိုင်း၌ဖြစ်သော ပုဆိုး, ဝါချည်ပုဆိုးတို့လည်း ဖြစ်ကုန်သော။ စီဝရဒါနံ၊ သင်္ကန်းဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သပ္ပိနဝနီတဉ္စ၊ ထောပတ်ဆီဦးလည်းဖြစ်သော။ မဓုတေလဉ္စ၊ ပျားရည် ဆီလည်းဖြစ်သော။ ဖာဏိတံ၊ တင်လဲလည်းဖြစ်သော။ ဘေသဇ္ဇဒါနံ၊ ဆေးဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ရဟန်းတို့သည် ထိုဝိသာခါ၏ ဂါထာရွတ်ဆိုသောအသံကို ကြားရလျှင် မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်ကုန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဤမျှအတိုင်းအရှည်ရှိသော ကာလပတ်လုံး ဝိသာခါ ဒါယိကာမ၏ သီချင်းဆိုခြင်းမည်သည် မကြားဖူးပါ။ ထိုဝိသာခါသည် ယနေ့ သား,မြေး,မြစ်တို့ ခြံရံကာ သီချင်းသီဆိုလျက် ကျောင်းပြာသာဒ်ကို အစဉ်လှည့်လည်ပါသည်။ ထိုဝိသာခါအား သည်းခြေသည်မူလည်း ပျက်စီးပါလေသလော။ ထိုသို့မဟုတ် ရူးသွပ်ခြင်းသည်လည်း ဖြစ်ပါလေသလောဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်းတို့- ငါ၏သမီး ဝိသာခါသည် သီချင်းသီဆိုသည် မဟုတ်၊ ထိုဝိသာခါအား မိမိ၏အလိုဆန္ဒ ပြည့်ဝလေပြီ။ ထိုဝိသာခါသည် “ငါ၏ တောင့်တအပ်သော ဆုတောင်းခြင်းသည် အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်ရပေပြီ”ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဥဒါန်းသီကုံး ကျူးရင့်လျက် လှည့်ပတ်သွားလာပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အဘယ်အခါကာလ၌ ထိုဝိသာခါသည် ဆုတောင်းခြင်းကို တောင့်တဖူးပါသနည်းဘုရား”ဟု ရဟန်းတို့ လျှောက်ထားပြန်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- နာကြားလိုကြကုန်သလော”ဟု မိန့်တော်မူပြန်သဖြင့် “နာကြားလိုကြပါကုန်သည် မြတ်စွာဘုရား”ဟု ရဟန်းတို့က လျှောက်ထားပြန်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ဝိသာခါ၏ ရှေးကောင်းမှု, ဆုတောင်း

ချစ်သားရဟန်းတို့- ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမည်တော်မူသော မြတ်စွာဘုရားသည် လောက၌ ထင်ရှား ပွင့်တော်မူလေ၏။ ထိုပဒုမုတ္တရဘုရားရှင်၏ အသက်တော်ကား အနှစ်တစ်သိန်းဖြစ်၏။ ရဟန္တာတစ်သိန်း အခြံအရံရှိ၏။ နေပြည်တော်ကား ဟံသာဝတီ အမည်ရှိ၏။ ခမည်းတော်ကား သုနန္ဒအမည်ရှိသော မင်းကြီးဖြစ်၏။ မယ်တော်ကား သုဇာတာအမည်ရှိသော မိဖုရားကြီးဖြစ်၏။ ထိုပဒုမုတ္တရ ဘုရားရှင်၏ မြတ်သောအလုပ်အကျွေး ဒါယိကာမ တစ်ယောက်သည် ရှစ်ပါးသောဆုတို့ကို တောင်းယူ၍ မိခင်၏အရာ၌တည်ပြီးလျှင် ဘုရားသဗ္ဗညုကို ပစ္စည်းလေးပါးတို့ဖြင့် နေ့ညဉ့်မပြတ် ဆည်းကပ်လုပ်ကျွေးလေ၏။ ညဉ့်နံနက် မပျက်မကွက်စေသောအားဖြင့် ခစားလုပ်ကျွေးခြင်းငှာ ရောက်၏။

ထိုအလုပ်အကျွေး ဒါယိကာမ၏ တစ်ယောက်သော အဆွေခင်ပွန်းမသည် ထိုအလုပ်အကျွေး ဒါယိကာမနှင့် အတူတကွ ကျောင်းတော်သို့ မပြတ်သွား၏။ ထိုအဆွေခင်ပွန်းမသည် ထိုအလုပ်အကျွေး ဒါယိကာမအား ဘုရားရှင်နှင့်တကွ အကျွမ်းဝင်သဖြင့် စကားပြောဆိုခြင်းကိုလည်းကောင်း၊ အထူးအကျွမ်းဝင်ခြင်းကိုလည်းကောင်း မြင်ရလျှင် “အဘယ်ကောင်းမှုကိုပြု၍ ဤသို့ ဘုရားရှင်တို့နှင့် အကျွမ်းဝင်သောသူတို့ ဖြစ်ကြကုန်သနည်း”ဟု ကြံစည်၍ မြတ်စွာဘုရားကို ဤသို့မေးမြန်း လျှောက်ထားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမိန်းမသည် ရှင်တော်မြတ်ဘုရားတို့နှင့် အဘယ်သို့ တော်စပ်ပါသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “အလုပ်အကျွေး ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေးတစ်ယောက် ဖြစ်ပေသည်”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်ကောင်းမှုကို ပြုခြင်းကြောင့် ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဖြစ်ရပါသနည်းဘုရား”ဟု လျှောက်ပြန်သော် “ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆုတောင်းခြင်းကို ပြုခြင်းကြောင့် ဖြစ်သည်”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ယခုအခါ၌ ဆုတောင်း၍ ရခြင်းငှာ တတ်နိုင်ကောင်းပါမည်လောဘုရား”ဟု လျှောက်ပြန်သော် “တတ်နိုင်ကောင်းသည် မှန်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ ရဟန်းတစ်သိန်းနှင့်တကွ ခုနစ်ရက်ပတ်လုံး တပည့်တော်မ၏ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ ပဒုမုတ္တရဘုရားရှင်လည်း သည်းခံတော်မူလေ၏။

ထိုအဆွေခင်ပွန်းမသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူ၍ အဆုံးဖြစ်သောနေ့၌ သင်္ကန်းလျာ ပုဆိုးတို့ကို လှူဒါန်းပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ ခြေတော်ရင်း၌ဝပ်လျက် “ဘုန်းတော်ကြီးတော်မူလှပေသော မြတ်စွာဘုရား- တပည့်တော်မသည် ဤအလှူကောင်းမှု၏ အကျိုးဆက်အားဖြင့် နတ်စည်းစိမ် အစိုးတရမင်းစည်းစိမ် စသည်တို့တွင် တစ်ပါးပါးသော စည်းစိမ်ကိုမျှ တောင့်တရည်ရွယ်ခြင်း မပြုလိုပါ။ ရှင်တော်မြတ်ဘုရားတို့ကဲ့သို့ သဘောရှိသော တစ်ဆူသောဘုရားရှင်၏ အထံတော်၌ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူခြင်း၊ အာဂန္တုရဟန်းအား ဆွမ်းလှူခြင်း၊ ခရီးသွားရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းကို လုပ်ကျွေးသောရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းအား ဆေးလှူခြင်း၊ အမြဲယာဂုလှူခြင်း၊ ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်းလှူခြင်းဟူသော ရှစ်ပါးသောဆုတို့ကိုရ၍ မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးသမှု ပြုစုခြင်းငှာ စွမ်းနိုင်သောသူတို့တွင် မြတ်သောအလုပ်အကျွေးသည် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ပြုလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း “ဤဒါယိကာမ၏ ဆုတောင်းခြင်းကား ပြည့်စုံလတ္တံ့လော”ဟု အနာဂတ်ကာလကို စူးစမ်းဆင်ခြင်တော်မူသဖြင့် ကမ္ဘာတစ်သိန်းကို ကြည့်ရှုတော်မူလတ်၍ ထိုဒါယိကာမ၏ ဆုတောင်း ပြည့်စုံလတ္တံ့သည်အဖြစ်ကို မြင်တော်မူလျှင် “ကမ္ဘာတစ်သိန်း၏အဆုံး၌ ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဝိသာခါအမည်ရှိသော ဒါယိကာမဖြစ်၍ ထိုဂေါတမဘုရားရှင်၏အထံ၌ ရှစ်ပါးသောဆုတို့ကို ရလျက် မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးနိုင်သော ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဒါယိကာမ ဖြစ်ပေလတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ကိကီမင်းကြီး၏သမီး သံဃဒါသီဖြစ်ခြင်း

ထိုဝိသာခါ အလောင်းဖြစ်သော ဒါယိကာမသည်လည်း အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုကိုပြုလျက် ထိုကိုယ်၏အဖြစ်မှ စုတေသေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်, လူ့ပြည်တို့၌ ကြိမ်ဖန်များစွာ ကျင်လည်လျက် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ ကိကီအမည်ရှိသော ကာသိကရာဇ်မင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် အငယ်ဆုံး သံဃဒါသီမည်သော မင်းသမီးဖြစ်၍ လင့်အိမ်သို့မလိုက်၊ အိမ်ထောင်မပြုဘဲ ထိုအစ်မကြီးတို့နှင့်အတူတကွ ရှည်ကြာစွာသော ကာလပတ်လုံး ဒါနအစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်၍ ကဿပဘုရားရှင်၏ ခြေတော်ရင်း၌လည်း “နောင်သောအခါ ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ဘုရားရှင်တစ်ဆူ၏ မိခင်အရာ၌တည်ပြီးလျှင် လေးပါးသောပစ္စည်းတို့ဖြင့် လုပ်ကျွေးကုန်သော ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဒါယိကာမ ဖြစ်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းပြုလေ၏။

ဝိသာခါ အလောင်းဖြစ်သော ထိုဒါယိကာမသည် ထိုအခါမှစ၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်လျက် ဤကိုယ်၏အဖြစ်၌ မေဏ္ဍကသူဌေးကြီး၏သားဖြစ်သော ဓနဉ္စယသူဌေး၏ သမီးကောင်းရတနာဖြစ်လာ၍ ငါဘုရား၏ သာသနာတော်၌ များစွာကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။ “ချစ်သားရဟန်းတို့- ဤသို့သော အကြောင်းအရာကြောင့် ငါ၏သမီး ဝိသာခါသည် သီချင်းသီဆိုသည်မဟုတ်၊ တောင့်တအပ်သော ဆုတောင်းခြင်း၏ ပြီးစီးခြင်း ပြည့်စုံခြင်းကို မြင်ရသဖြင့် ဥဒါန်းစကား ကျူးရင့်မြွက်ဆိုခြင်းကိုပြုပေ၏”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူလိုရကား “ချစ်သားရဟန်းတို့- ဥပမာမည်သည်ကား လိမ္မာလှသောပန်းသည်သည် အထူးထူးသောပန်းတို့ကို အစုအပုံကြီးပြု၍ အထူးထူးအပြားပြားသော ပန်းကုံးတို့ကို ပြုဘိသကဲ့သို့ ဤအတူသာလျှင် ဝိသာခါ၏စိတ်သည် အထူးထူးအပြားပြားသော ကောင်းမှုတို့ကို ပြုခြင်းငှာ ညွတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၅၃] ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ပုပ္ဖရာသိမှာ၊ အထူးထူးသောပန်းတို့၏ အပေါင်းအစုမှ။ ဗဟူ၊ များစွာကုန်သော။ မာလာဂုဏေ၊ ပန်းကုံးအထူးတို့ကို။ ကယိရာ ယထာ၊ ပြုရာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဇာတေန၊ ဖွားမြင်ပြီး၍။ မစ္စေန၊ သေခြင်းငှာထိုက်သော သတ္တဝါသည်။ ဗဟုံ၊ များလှစွာသော။ ကုသလံ၊ ဒါနစသော ကုသိုလ်ကို။ ကတ္တဗ္ဗံ၊ ပြုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဝိသာခါဝတ္ထု ပြီး၏။