ဝိသုံဂါမ သီမာဝိနိစ္ဆယ/ရဟန်းတို့ပြုလုပ်၍ ခြစ်ကောင်းသော ဝိသုံဂါမ

ဝိသုံဂါမ သီမာဝိနိစ္ဆယ
by အဘယာရာမဆရာတော်
၅။ ရဟန်းတို့ပြုလုပ်၍ ခြစ်ကောင်းသော ဝိသုံဂါမ
3477ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၅။ ရဟန်းတို့ပြုလုပ်၍ ခြစ်ကောင်းသော ဝိသုံဂါမအဘယာရာမဆရာတော်

     ယခုအခါ၌ ရဟန်းတို့သည် ပြုလုပ်၍ဖြစ်ကောင်းသော ဝိသုံဂါမသီမာကို ပြပေအံ။ တစ်ကောသပတ်လည်ရှိသော ပကတိဂါမ တစ်ခုလုံးကို အကြွင်းမရှိမဟာသိမ်ပြု၍ ထို၏အတွင်း သင့်လျော်သောအရပ်၌ ခဏ္ဍသိမ် တစ်ခုပြု၍ သမုတ်သောအခါ မဟာသိမ်နှင့် ခဏ္ဍသိမ်၏ အကြား၌ ထိုသိမ်နှစ်လုံးတို့ကို မစပ်စေခြင်းငှာ သီမန္တရိကာကို ထားအပ်၏။

ထိုသီမန္တရိက်၏ အကျဉ်းအကျယ်ကိုကား-
     “အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မန္နန္တေန သီမန္တရိကံ ဌပေတွာ သီမံ သမ္မန္နိတုံ”ဟု (ဝိ၊ ၃။ ၁၅ဝ။) သာမညအားဖြင့် ဟောတော်မူအပ်သောကြောင့် အလိုရှိသလောက် ထားအပ်၏။ ထို့ကြောင့် “သစေ သမ္မတာ ဟောတိ, ပစ္ဆိမကောဋိယာ ဟတ္ထမတ္တာ သီမန္တရိကာ ဌပေတဗ္ဗာ။ ကုရုန္ဒိယံ ဝိဒတ္ထိမတ္တမ္ပိ, မဟာပစ္စရိယံ စတုရင်္ဂုလမတ္တမ္ပိ ဝဋ္ဋတီတိ ဝုတ္တံ။”ဟု (ဝိ၊ ဋ္ဌ၊ ၃။ ၃၃၇။) အဋ္ဌကထာ၌ဆို၏။ ဋီကာဆရာတို့က “ဧက ဒွင်္ဂုလီမတ္တာပိ သီမန္တရိကာ ဝဋ္ဋတိယေဝ”ဟု (ဝိမတိ၊ ၂။ ၁၆၈။) ဆိုကုန်၏။ သိမ်နှစ်လုံး မထိမစပ်ခြင်းသာ လိုရင်းပဓာနဖြစ်၍ “အဒွင်္ဂုလိမတ္တာပိ ဝဋ္ဋတေဝ”ဟု ဆိုလိုလျှင် ဆိုနိုင်၏။ ထိုသီမန္တရိက်ကို “သီမန္တရိကာ ဟိ ဂါမက္ခေတ္တံ ဘဇတိ”ဟု အဋ္ဌကထာ(ဝိ၊ ဋ္ဌ၊ ၃။ ၃၂၄။ ဝိသင်္ဂဟ။ ၁၈၈။ )၌ ဆိုသောကြောင့် ဂါမသိမ်ဟုမှတ်အပ်၏။ ထို့ကြောင့် ထိုဆိုခဲ့သော တစ်ကောသပတ်လည်ရှိ ပကတိဂါမ၌ သီမန္တရိက်မှ တပါးအရပ်သည် ဗဒ္ဓသိမ်ဖြစ်၍ တစ်တောင်, တစ်ထွာ, လက်လေးသစ် သို့မဟုတ် လက်တစ်သစ်ပမာဏရှိ သီမန္တရိက်အရပ်သည် ရဟန်းတို့ ကမ္မဝါစာဖြင့် အသီးပြုအပ်သော တစ်ပါးသော ရွာနယ်တို့နှင့်လည်း မစပ်သော ဝိသုံဂါမသိမ်မည်၏။ ထိုသည် ရပ်နေလောက်ရုံ ကျယ်မူ ထို၌စီတန်းရပ်နေ၍ ဂါမသိမ်အဖြစ်ဖြင့် အလိုရှိသော ဝိနည်းကံကို ပြုကောင်း၏။ (ဆိုခဲ့ပြီးသော သီမန္တရိကာကို အလွန်ကျဉ်းသောကြောင့် ဂါမသိမ်မဟုတ်ဟု ဆိုနိုင်ပါမည်လောဟု ဥပသေနမထေရ်ကို မေးကြလေ။) ဗဒ္ဓသိမ်နှစ်လုံး၏ ပြင်ဘက်၌ ရွာနယ် ကြွင်းကျန်သေးမူ သီမန္တရိက်သည် ကြွင်းသောရွာနယ်သို့ ဝင်သောကြောင့် ဝိသုံဂါမမဖြစ်။ ဤကား ရဟန်းတို့ပြုလုပ်၍ဖြစ်ကောင်းသော ဝိသုံဂါမသီမာကို ပြဆိုခြင်းတည်း။

     ဤဆိုခဲ့ပြီးသော စကားရပ်တို့ဖြင့် ဂါမသိမ်၏ အကျဉ်းအကျယ်ကို ပါဠိတော်၌လည်း မဟော၊ အဋ္ဌကထာ၌လည်း မဆို၊ အိမ်, လယ်, ယာ ရှိမရှိလည်း ပမာဏမဟုတ်၊ လူတို့အစာရှာဖွေရာ မနုဿဂေါစရ မနုဿူပစာရ အတွင်း၌ဖြစ်မူ တစ်လက်မမျှလောက်ပင် ကျဉ်းသော်လည်း ဂါမသီမာမည်သည်သာဟု လုံလောက်စွာ ပြပြီးဖြစ်သောကြောင့် အိမ်, လယ်,ယာ ရှိမှ ဂါမသိမ်၊ တစ်ကရီသ ကျယ်မှ ဂါမသိမ်စသည်ဖြင့် အာစရိယုဂ္ဂဟ မရှိ ထင်မိထင်ရာ ယူမှားပြောမှားသော မိစ္ဆာဝါဒတို့ကို စွန့်ပစ်နိုင်ကြစေကုန်သတည်း။