ဝိသုံဂါမ သီမာဝိနိစ္ဆယ/အကျဉ်းချုပ်
ဤဆိုခဲ့ပြီးသော ဝိနိစ္ဆယစကားတို့ကိုကား သာဓကပါဠိတို့ဖြင့် ရောပြွမ်းလျက်ရှိသောကြောင့် ဉာဏ်နုသူတို့ လျင်စွာနားလည်နိုင်ရန် ခဲယဉ်း၏။ ထို့ကြောင့် ထိုသူတို့ နားလည်စေခြင်းငှါ ပါဠိမဖက် စကားပြင် သက်သက်ဖြင့် အကျဉ်းချုပ်၍ ပြဆိုဦးအံ့။ အဗဒ္ဓသိမ်သည် ဂါမသီမာ, ဥဒကုက္ခေပသီမာ, သတ္တဗ္ဘန္တရ သီမာဟု သုံးမျိုးရှိ၏။ ထိုတွင် အန္တရဃရဝီထိစတုက္က-ဟူသော ရွာတွင်းနှင့်တကွ ထိုရွာနယ်ဂါမခေတ်တွင်းရှိ ခေတ္တ, ဝတ္ထု အရည, ပဗ္ဗတစသော ကုန်းအရပ်ဟူသမျှသည် တစ်လက်မမျှ မကြွင်းမူ၍ ဂါမသီမာ မည်၏။ လူတို့၏စားကျက် မနုဿဂေါစရ မနုဿူပစာရမှ ပြင်ဘက် ရွာနယ်မြို့ နယ်တို့၏အတွင်း၌ မဝင်သောတောအရပ်၌ သတ္တဗ္ဘန္တရဖြင့် ပိုင်းခြားအပ်သောအရပ်သည် သတ္တဗ္ဗန္တရသီမာမည်၏။
ဤသတ္တဗ္ဘန္တရသီမာအရာ၌ အရညဟူသည်ကို အဘိဓမ္မာ၌ ကဲ့သို့ တံခါးခုံဖြင့်လည်း မပိုင်းခြားအပ်၊ အဒိန္နာဒါနသိက္ခာပုဒ်၌ကဲ့သို့ ဂါမူပစာရဖြင့်လည်း မပိုင်းခြားအပ်၊ အရညကသိက္ခာပုဒ်၌ကဲ့သို့ ဓနုပဉ္စသတဖြင့်လည်း မပိုင်းခြားအပ် လူတို့ထွန်ယက် စိုက်ပျိုးခြင်း စသည်ဖြင့် အစာရှာဖွေရာ မနုဿဂေါစရ မနုဿူပစာရအတွင်း၌ သို့မဟုတ် ရာဇပဏ္ဏ၌တင်အပ်သော ရွာနယ်ဂါမခေတ် အတွင်း၌ဖြစ်မူ ဓနုပဉ္စသတ မကမူ၍ ဓနုသဟဿပင် ဝေးကွာသော်လည်း အရည မဖြစ်။ သတ္တဗ္ဘန္တရသိမ်ကို မရအပ်။ ထိုဆိုခဲ့ပြီးသော ရွာနယ်ဂါမ ခေတ်အတွင်းသို့ မဝင်မူ၊ ဓနုပဉ္စသတ မဝေးမူ၍ ဂါမပရိက္ခေပ (ရွာစည်းရိုး)နှင့် ကပ်လျက်တည်သော်လည်း အရညဖြစ်၏၊ သတ္တဗ္ဘန္တရသိမ်ကို ရအပ်, ရကောင်း၏။
ဤဆိုအပ်ခဲ့ပြီးသော အဗဒ္ဓသိမ်သုံးမျိုးတို့တွင် ကောဠမ္ဗမြို့ သည် ဂါမသီမာဖြစ်၍ ထိုအတွင်းရှိ ကုန်းအရပ်ဟူသမျှသည် တစ်လက်မ, မျှမလပ်မူ၍ ဂါမသီမာမည်၏၊ ထိုမြို့ တွင်း၌ ဂါမသီမာ မမည်သော ကုန်းအရပ် တစ်လက်မ, မျှကို ဘယ်သူမှ မပြနိုင်၊ အဘယ့်ကြောင့်နည်း၊ ဂါမသီမာဟု မြတ်စွာဘုရားက ဟောထားသောကြောင့်တည်း။ ထိုတစ်လက်မမျှမလပ် ဂါမသီမာမည်သော ကောဠမ္မ မြို့တွင်း၌ တစ်စုံတစ်ခုသော အနည်းငယ်သော အရပ်ကိုဖြစ်စေ, ကျယ်သောအရပ်ကိုဖြစ်စေ ရပ်ကွက်ကို ပေါင်းနိုင်စိတ်နိုင်သောအာဏာရရှိသူ အစိုးရအရာရှိက အသီးပြု၍ တစ်စုံတစ်ယောက်အား ပေးနိုင်၏၊ ထိုသို့ ပေးနိုင်ခြင်းသည် အစိုးရတို့၏ ပထဝိဿရဘာဝဂုဏ် ပင်တည်း။ ဤ၌လည်း အစိုးရကို မခွဲစိတ်နိုင်ဟု မည်သူမှမငြင်းနိုင်၊ အသင့်အလျော်ဉာဏ်ရှိသော ဆယ်နှစ်အရွယ်သူငယ်ကလေးကပင် ဝန်ခံရာ၏။ ထိုသို့ အစိုးရက မူလဂါမမှခွဲ၍ ရာဇပဏ္ဏဟူသော မြေပုံ၌ တင်ပြီးလျှင် တစ်စုံတစ်ယောက်အား ပေးခြင်းကို ပါဠိဘာသာအားဖြင့် “ဝိသုံ’ဟုဆို၏၊ ထိုဝိသုံသဒ္ဒါနှင့် ဖြစ်နှင့်ရင်း ဂါမသီမာကို ပေါင်းလျှင် ‘ဝိသုံဂါမသီမာ'ဖြစ်၍ သာမန် ဉာဏ်ရှိသူတို့အားပင် နားမလည်နိုင်အောင် ခဲယဉ်းသောအရာ မဟုတ်ပေ။
အစိုးရတို့၏ ခွဲခြမ်းပေးခြင်း၏လည်း တာဝကာလိက ပရိယာယ်မျှ မဟုတ်ကြောင်းသည် ထိုပေးပြီးသောအရပ်၌ တစ်နှစ်လျှင် အခွန်တစ်သိန်း ထွက်ရန်ရှိသောအရာတစ်ခုကို ဆောက်လုပ်ရန် အခွင့်သင့်သော်လည်း စောင့်ရှောက်ပိုင်ဆိုင်သူတို့ သဘောမတူက မဖျက်ဆီးခြင်း၊ မလွှဲသာသောအကြောင်းကြောင့် ပြောင်းရွှေ့စေသော်လည်း ထိုက်တန်သောအဘိုးထက် ပိုမိုပေးကမ်း၍ တစ်ပါးနေရာ၌ ရှေးက ကဲ့သို့ ဝိသုံဂါမပြုလုပ် ပေးကမ်းခြင်းတို့ဖြင့်၎င်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်အသားမျှ မကြွင်းမူ၍ ပျက်စီးပြီးလျှင် နှစ် ပေါင်းကြာ၍ တောချုံဖြစ်နေသော်၎င်း လယ်ယာဖြစ်နေသော်၎င်း နောင် အကြောင်းညီညွတ်၍ ထိုနေရာကို အသစ်ထူထောင်လိုပါမူ ဆိုင်ရာ နယ်အစိုးတို့၏ ရာဇပဏ္ဏဟူသော မြေပုံကိုကြည့်ရှက မိမိတို့၏ ဝိသုံဂါမ သိမ်နေရာကို ကောင်းစွာ သိရှိနိုင်ခြင်းဖြင့်၎င်း ထင်ရှား၏။
ထိုဆိုခဲ့ပြီးသောအကြောင်းတို့ကို အာစရိယပရမ္ပရာဘတ ဝိနိစ္ဆယဖြင့် ကောင်းစွာသိရှိကုန်သော သာသနာပိုင်နှင့်တကွသော ရာဇဂုရုဆရာတော်တို့၏ ညွှန်ကြားချက်အရ မန္တလေးမြို့တည် နန်းတည် သဒ္ဓါဝန္တ သာသနဒါယကာ မင်းတုန်းဘုရင် မင်းမြတ်သည် မြို့တော်၏ အရှေ့မျက်နှာ၌ မိဖုရား, သားတော်သ္မီးတော်, မှူးမတ်တို့အား ရာဇနီတိ နှင့်အညီ ဝိသုံဂါမ မြေစား ပေးသနား၍ ၁၆-ရပ်သော ကျောင်းတိုက်ကြီးတို့ကို မြို့တော်နှင့် တပြိုင်နက်တည်း တည်ထောင်ဆောက်လုပ်စေ၍ ရာဇဂုရုဆရာတော် တို့အားလှူဒါန်းပြီးလျှင် ကျောင်းတိုက် အသီးသီးတို့၌ သိမ်သမုတ်စေ၏။ ထိုကာလ၌ နာနာနေကာယိက ဆရာတော်တို့သည် မြေကွက်ကျဉ်းခြင်းကို၎င်း စွဲ၍ ဝိဝါဒမရှိမူ၍ အညီအညွတ် ဝန်ခံကြကုန်၏ (ရာမညနိကာယ သမုဋ္ဌာပက ဣန္ဒာသဘဝရ ဉာဏသာမိစသောမထေရ်တို့သည်လည်း ရာဇာနီ မင်းနေပြည်နှင့် အနီးဆုံးဖြစ်သော မဟာဝိသုတာရာမမည်သော သာသနာပိုင်၏ တိုက်တွင်းရှိ ဝိသုံဂါမသိမ်၌ ရဟန်းအဖြစ်ကို ရကြကုန်၏။)
ထို့နောက် အင်္ဂလိပ်အစိုးမင်းရတို့၏ လက်ထက်၌လည်း မြန်မာမင်းတို့၏ ထုံးစံအတိုင်း ဆက်လက်၍ပေးရာ “မြန်မာဘုရင်မင်းမြတ် ကိုယ်တိုင်အမိန့်ဖြင့် ဝိသုံဂါမပေးသကဲ့သို့ အင်္ဂလိပ်ဘုရင်ကိုယ်တိုင် အမိန့်ဖြင့် မပေးခြင်းကို၎င်း .အဓိပ္ပါယ်တူသော်လည်း ပေးပုံစကား ကွဲပြားခြင်းကို၎င်း အကြောင်းပြု၍ အချို့ပုဂ္ဂိုလ်တို့အား သံသယ ဖြစ်သော်လည်း မြန်မာဘုရင် ခန့်ထားအပ်သော သာသနာပိုင်ရှိစဉ်ကပင် အင်္ဂလိပ်အစိုးရအရာရှိများနှင့် ရာဇဂုရုဆရာတော်တို့သည် တွေ့ဆုံနှီးနှောရာ အစိုးရအရာရှိတို့က မိမိတို့သည် ဘုရင်မင်းမြတ်၏ အမိန့်အာဏာကိုရရှိ၍ မိမိတို့၏ပေးခြင်းသည် ဘုရင်မင်းမြတ် ကိုယ်တိုင် ပေးသည်နှင့် အတူတူဖြစ်ကြောင်းကို၎င်း၊ မြန်မာဘုရင်၏ ဝိသုံဂါမ အမိန့်စာနှင့် မိမိတို့၏အမိန့်စာသည် စကားအသုံး ကွဲလွဲသော်လည်းအဓိပ္ပါယ်တူညီကြောင်းကို၎င်း ပြောကြကုန်၏။ ၎င်းတို့၏စကားသည် ပါဠိအဋ္ဌကထာသို့ သက်ဝင်သောကြောင့် ကျမ်းဂန်တတ် ရာဇဂုရု ဆရာတော်တို့သည် သံသယကင်းစွာနှင့် ဝိသုံဂါမသိမ်ကို သမုတ်ကြကုန်၏။ ထို့ကြောင့် ရေးသားဖေါ်ပြခဲ့ပြီးသော အရပ်ရပ်ပါဠိ သာဓက အသင့်ယုတ္တိစကားတို့ကို အထပ်ထပ်ဆင်ခြင်စဉ်းစား၍ မိမိတို့ ယူမှား, ယုံကြည်မှား, ပြောဆိုမိမှားသော အယူဝါဒတို့ကို အလွယ်တကူနှင့် စွန့်ပစ်နိုင်ကြစေကုန်သတည်း။