ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၈။ ဝေဒဗ္ဗဇာတ်
3489ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၈။ ဝေဒဗ္ဗဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-အတ္ထကာမဝဂ်

၈။ ဝေဒဗ္ဗဇာတ်

ပညာရှိတို့စကားကို မနာယူသောကြောင့် ထက်စွာသော သန်လျက်ဖြင့် အသက်ကုန်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အနုပယေန ယော အတ္ထံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေဒဗ္ဗဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက် သည်သာလျှင်တည်း၊ ထိုသို့သော အကြောင်းကြောင့်သာလျှင် ပညာရှိတို့၏စကားကို မလိုက်နာမူ၍ ထက်စွာသောသန်လျက်ဖြင့် နှစ်ပိုင်းဖြတ်အပ်သည်ဖြစ်၍ ခရီး၌အိပ်ရဘူးလေပြီ၊ တယောက်သောသင့်ကို အမှီပြု၍ ယောကျ်ားတထောင်သည် အသက်ကုန်ခြင်းသို့ ရောက်ဘူးလေပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် တခုသောရွာငယ်၌ တယောက်သောပုဏ္ဏားသည် ဝေဒဗ္ဗမည်သောမန္တရားကို တတ်၏။ ထိုမန္တရားသည် အဘိုးအတိုင်းမသိထိုက်၏။ မြတ်သောသူတို့အားသာ ထိုက်၏။ နက္ခတ်၏ယှဉ်ခြင်းကိုရသည်ရှိသော် ထိုမန္တရားကိုမန်း၍ ကောင်းကင်သို့ကြည့်သည်ရှိသော် ကောင်းကင်မှ ရတနာခုနစ်ပါးဟူသောမိုဃ်းကို ရွာစေသတတ်၊ ထိုအခါ ဘုရားလောင်းသည် ပုဏ္ဏား၏အထံ၌ အတတ်ကိုသင်၏။ ထိုအခါ တနေ့သ၌ ပုဏ္ဏားသည် ဘုရားလောင်းကိုယူ၍ တစုံတခုသောပြုဘွယ်ကိစ္စကြောင့် မိမိရွာမှထွက်၍ စေတတိုင်းသို့သွား၏။ ခရီးအကြား၌ တခုသောတောအရပ်ဝယ် ငါးရာကုန်သော ပေသနကမည်သောခိုးသူတို့သည် ခရီးသွားတို့ကို သတ်ဖြတ်ညှဉ်းဆဲခြင်းကို ပြုကုန်၏။ ထိုခိုးသူတို့သည် ဘုရားလောင်းကို၎င်း ဝေဒဗ္ဗပုဏ္ဏားကို၎င်း ဖမ်းကုန်၏။ အဘယ့်ကြောင့်လျှင် ထိုခိုးသူတို့ကို ပေသနကစောရဟူ၍ ဆိုအပ်ကုန်သနည်းဟူမူကား ထိုခိုးသူတို့သည် နှစ်ယောက်ကုန်သောသူတို့ကို ဖမ်းကုန်၍ တယောက်သောသူကို ဥစ္စာယူစိမ့်သောငှါ စေကုန်သတတ်၊ ထို့ကြောင့် ပေသနကစောရဟူ၍ ဆိုအပ်ကုန်၏။ ထိုခိုးသူတို့သည်လည်း အဘနှင့်သားတို့ကို ဖမ်းကုန်၍ အဘကို သင်သည် ငါတို့အား ဥစ္စာကိုဆောင်ပြီးလျှင် သားကိုယူ၍ သွားလောဟုဆို၏။ ဤသို့သောနည်းဖြင့် အမိနှင့်သ္မီးတို့ကိုဖမ်းကုန်၍ အမိကိုလွှတ်ကုန်၏။ အစ်တို့နှင့်ညီတို့ကို ဖမ်းကုန်၍ အစ်ကိုကြီးကိုလွှတ်ကုန်၏။ ဆရာနှင့်တပည့်တို့ကို ဖမ်းကုန်၍ တပည့်ကို လွှတ်ကုန်၏။ ထိုခိုးသူတို့သည် ထိုကာလ၌လည်း ဝေဒဗ္ဗပုဏ္ဏားကိုဖမ်းကုန်၍ ဘုရားလောင်းကို လွှတ်ကုန်၏။

ဘုရားလောင်းသည် ဆရာကိုရှိခိုး၍ ငါသည် တရက်နှစ်ရက် လွန်သဖြင့်လာအံ့၊ သင်တို့သည် မကြောက်ပါကုန်လင့်၊ စင်စစ်သော်ကား ငါ့စကားကိုလိုက်နာကုန်လော၊ ယနေ့ ဥစ္စာမိုဃ်းကို ရွာစေတတ်သောနက္ခတ်နှင့် ယှဉ်ခြင်းသည်ဖြစ်လတ္တံ့၊ သင်တို့သည် ဆင်းရဲခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ မန္တရားကိုမန်း၍ ဥစ္စာမိုဃ်းကို မရွာစေကုန်လင့်၊ အကယ်၍ ရွာစေကုန်သည်ဖြစ်ငြားအံ့၊ သင်တို့သည် ပျက်စီးခြင်းသို့ရောက်ကုန်လတ္တံ့၊ ငါးရာကုန်သော ဤသူခိုးတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကုန်လတ္တံ့၊ ဤသို့လျှင် ဆရာကိုဆုံးမ၍ ဥစ္စာဆောင်ခြင်းအကျိုးငှါ သွား၏။ ခိုးသူတို့သည်လည်း နေဝင်သည်ရှိသော် ပုဏ္ဏားကိုနှောင်ဖွဲ့၍ အိပ်စေကုန်၏။ ထိုခဏ၌လျှင် အရှေ့လောကဓာတ်မှ ပြည့်သောလဝန်းသည် တက်၏။ ပုဏ္ဏားသည် နက္ခတ်ကိုကြည့်သည်ရှိသော် ဥစ္စာမိုဃ်းကိုရွာစေတတ်သော နက္ခတ်၏ယှဉ်ခြင်းကို ရအပ်ပြီ၊ ခံစားအပ်သောဆင်းရဲဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ မန္တရားကိုမန်း၍ ရတနာမိုဃ်းကိုရွာစေ၍ ခိုးသူတို့အား ဥစ္စာကိုပေး၍ ချမ်းသာစွာသွားအံ့ဟုကြံ၍ ခိုးသူတို့ကို အို... ခိုးသူတို့ သင်တို့သည် ငါ့ကို အဘယ်အကျိုးငှါ ဖမ်းကုန်သနည်းဟု မေးသည်ရှိသော် အရှင်ဥစ္စာအလို့ငှာဖမ်းကုန်၏ဟု ဆိုကုန်၏။ အချင်း ခိုးသူတို့ ဥစ္စာဖြင့်အလိုရှိသည် အကယ်၍ဖြစ်ငြားအံ့၊ လျင်စွာ ငါ့ကို အနှောင်အဖွဲ့မှ လွတ်စေ၍ ဦးခေါင်းဆေးပြီးလျှင် အသစ်သော အဝတ်ကိုဝတ်စေ၍ နံ့သာတို့ဖြင့်လိမ်းကျံစေ၍ ပန်းတို့ကိုပန်စေ၍ ထားကုန်လောဟု ဆို၏။ ခိုးသူတို့သည် ပုဏ္ဏားစကားကိုကြား၍ ပုဏ္ဏားဆိုတိုင်း ပြုကုန်၏။ ပုဏ္ဏားသည် နက္ခတ်ယှဉ်ခြင်းကိုသိ၍ မန္တရားကို မန်းပြီးလျှင် ကောင်းကင်သို့ ကြည့်၏။ ထိုခဏ၌လျှင် ကောင်းကင်မှ ရတနာတို့သည်ကျကုန်၏။ ခိုးသူတို့သည် ထိုဥစ္စာကို စုရုံး၍ အပေါ်ရုံပုဆိုးတို့၌ အထုပ်ကိုပြု၍ သွားကုန်၏။ ပုဏ္ဏားသည်လည်း ထိုခိုးသူတို့၏ နောက်မှသာလျှင် သွား၏။

ထိုအခါ ထိုငါးရာကုန်သောခိုးသူတို့ကို တပါးကုန်သော ငါးရာကုန်သောခိုးသူတို့သည် ဖမ်းကုန်၏။ သင်တို့သည် အဘယ်အကျိုးငှာ ဖမ်းကြကုန်သနည်းဟုဆိုကုန်သည်ရှိသော် ဥစ္စာအလို့ငှာဖမ်းကုန်၏ဟု ဆိုကုန်၏။ သင်တို့အား ဥစ္စာဖြင့် အကယ်၍အလိုရှိငြားအံ့ ဤပုဏ္ဏားကိုဖမ်းကြကုန်လော့၊ ဤပုဏ္ဏားသည် ကောင်းကင်ကိုကြည့်၍ ဥစ္စာမိုဃ်းကိုရွာစေ၏။ ငါတို့အားလည်း ထိုဥစ္စာကို ပုဏ္ဏားသည်ပင်လျှင် ပေးအပ်၏ဟု ဆိုကုန်၏။ ထိုခိုးသူတို့သည် ခိုးသူတို့ကိုလွှတ်ကုန်၏။ ငါတို့အားလည်း ဥစ္စာကိုပေးလောဟုဆို၍ ပုဏ္ဏားကို ဖမ်းကုန်၏။ ပုဏ္ဏားသည် ငါသည် သင်တို့အား ဥစ္စာကို ပေးငြားအံ့၊ ဥစ္စာမိုဃ်းကိုရွာစေတတ်သော နက္ခတ်နှင့်ယှဉ်ခြင်းသည်ကား ဤနေ့မှ တနှစ်ထက်၌ဖြစ်လတ္တံ့၊ သင်တို့အား ဥစ္စာဖြင့် အကယ်၍အလိုရှိငြားအံ့ သည်းခံကြကုန်လော၊ ထိုအခါ ဥစ္စာမိုဃ်းကို ရွာစေအံ့ဟု ဆို၏။

ခိုးသူတို့သည် အမျက်ထွက်ကုန်၍ ထိုပုဏ္ဏားကို အို ပုဏ္ဏားပျက် တပါးကုန်သောခိုးသူတို့အား ယခုအခါ၌ပင်လျင် ဥစ္စာမိုဃ်းကိုရွာစေ၏။ ငါတို့ကို တပါးသော တနှစ်ပတ်လုံးသည်းခံစေ၏။ ဤသို့ဆိုကုန်၍ ထက်သောသန်လျက်ဖြင့် ပုဏ္ဏားကိုနှစ်ပိုင်းဖြတ်ပြီးလျှင် ခရီး၌စွန့်၍ လျှင်စွာလိုက်ပြီးလျှင် ထိုခိုးသူတို့နှင့် တကွလျှင်စစ်ထိုး၍ ထိုအလုံးစုံကုန်သော သူတို့ကိုလည်းသတ်ပြီးလျှင် ဥစ္စာကိုယူ၍ တဖန် နှစ်စုတို့သည်ဖြစ်ကုန်၍ အချင်းချင်းစစ်ထိုးကြပြန်၍ နှစ်ရာ့ငါးကျိပ်ကုန်သောယောက်ျားတို့ကို သတ်ကုန်၍ ဤနည်းဖြင့်လျှင် အကြင်မျှလောက် နှစ်ယောက်သောသူတို့သည် ကြွင်းကုန်သည်ဖြစ်၏။ ထိုမျှလောက် အချင်းချင်း သတ်ကုန်၏။ ဤသို့ယောက်ျားတထောင်သည် ပျက်စီးခြင်းသို့ရောက်၏။ ထို ကြွင်းကုန်သော နှစ်ယောက်ကုန်သောသူတို့သည် ဥပါယ်ဖြင့် ထိုဥစ္စာကိုဆောင်၍ တခုသောရွာ၏အနီးဖြစ်သော တောချုံရှိရာအရပ်၌ ဥစ္စာကိုဖုံးလွှမ်း၍ တယောက်သောသူသည် သန်လျက်ကိုကိုင်လျက် စောင့်၍နေ၏။ တယောက်သောသူသည် ဆန်ကိုယူ၍ ထမင်းချက်အံ့သောငှါ ရွာသို့ဝင်၏။ ဤလောဘမည်သည်လည်း ပျက်စီးခြင်း၏ အကြောင်းလျှင်တည်း၊ ထို့ကြောင့် ဥစ္စာ၏အထက်၌နေသောသူသည် ထိုထမင်းချက်သူလာသည်ရှိသော် ဥစ္စာသည် နှစ်စုတို့သည်ဖြစ်ကုန်လတ္တံ့၊ အကယ်၍ကား ငါသည် ထိုထမင်းချက်သောသူသည် လာကာမျှ၌ပင်လျှင် သန်လျက်ဖြင့် ခုတ်၍သတ်ရမူကား ကောင်း၏။ ဤသို့ကြံပြီး၍ ဥစ္စာစောင့်သောသူသည် သန်လျက်ကိုလွယ်၍ ထိုထမင်းချက်သောသူ၏လာခြင်းကို မျှော်လျက်နေ၏။ ထမင်းချက်သော သူသည်လည်း ထိုဥစ္စာသည် နှစ်စုတို့သည်ဖြစ်ကုန်လတ္တံ့၊ အကယ်၍ကား ငါသည် ထိုဥစ္စာစောင့်သောသူကို ထမင်း၌အဆိပ်ခတ်၍ ထိုယောက်ျားကို စားစေပြီးလျှင် အသက်ကုန်ခြင်းသို့ရောက်စေ၍ ငါတယောက်ချင်းသာလျှင် ဥစ္စာကိုယူရမူကား ကောင်း၏။ ဤသို့ကြံ၏။ ကြံပြီး၍ ထိုထမင်းချက်သောသူသည် ထမင်းချက်ပြီးသည်ရှိသော် မိမိသည်စား၍ အကြွင်း၌အဆိပ်ကိုခတ်ပြီးလျှင် ထိုထမင်းကိုယူ၍ ဥစ္စာစောင့်ရာအရပ်သို့ သွား၏။ ထိုသူသည် ထမင်းခွက်ကိုချ၍ လုပ်ကာမျှပင်လျှင် ဥစ္စာစောင့်သောသူသည် သန်လျက်ဖြင့်နှစ်ပိုင်းဖြတ်ပြီးလျှင် ဖုံးလွှမ်းရာအရပ်၌စွန့်၍ ထိုထမင်းကိုလည်းစား၍ မိမိသည်လည်း ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ဤသို့လျှင် ထိုဥစ္စာကိုမှီ၍ အလုံးစုံသာလျှင်ဖြစ်ကုန်သော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ဘုရားလောင်းသည်လည်း တရက်နှစ်ရက်လွန်သဖြင့် ဥစ္စာကိုယူ၍လတ်သည်ရှိသော် ထိုအရပ်၌ဆရာကိုမမြင် ဖရိုဖရဲရှိသော ဥစ္စာကိုကားမြင်၍ ဆရာသည် ငါ့စကားကိုမလိုက်နာမူ၍ ဥစ္စာမိုဃ်းကို ရွာစေသည်ဖြစ်လတ္တံ့၊ အလုံးစုံကုန်သောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်သည် ဖြစ်ရာဟုကြံ၍ ခရီးမ၌ နှစ်ပိုင်းပြတ်သည်ကိုမြင်၍ စကားကိုမလိုက်နာသောကြောင့် သေလေပြီဟု ထင်းတို့ကိုထုတ်ပြီးလျှင် ထင်းပုံကိုပြု၍ ဆရာကိုသင်္ဂြိုဟ်၍ တောပန်းတို့ဖြင့်ပူဇော်၍ ရှေ့သို့သွားသည်ရှိသော် အသက်ကုန်ခြင်းသို့ ရောက်ကုန်သော ငါးရာကုန်သောခိုးသူတို့ကို၎င်း ရှေ့မှနှစ်ရာ့ငါးကျိပ်ကုန်သော ခိုးသူတို့ကို၎င်း ဤသို့ အစဉ်သဖြင့် အဆုံး၌ နှစ်ယောက်ကုန်သော ခိုးသူတို့ကို၎င်း အသက်ကုန်ခြင်းသို့ ရောက်ကုန်သည်တို့ကိုမြင်၍ နှစ်ယောက်တို့ဖြင့်ယုတ်သော ဤယောက်ျားတထောင်သည် ပျက်စီးခြင်းသို့ ရောက်ပြီ၊ တပါးကုန်သော ခိုးသူတို့သည်သာလျှင် ဖြစ်ရာ၏ ဤသို့ကြ၏။

ဤသို့ ကြံပြီး၍ ထိုနှစ်ယောက်ကုန်သော ခိုးသူတို့သည်လည်း တည်တံ့အံ့သောငှါ မတတ်နိုင်လတ္တံ့၊ ထိုခိုးသူတို့သည် အဘယ်သို့သွားကုန်သနည်း၊ ဤသို့ကြံ၍သွားသည်ရှိသော် ထိုခိုးသူတို့၏ ဥစ္စာကိုယူ၍ တောချုံအရပ်သို့ဝင်ရာခရီးကိုမြင်၍ သွားသည်ရှိသော် အထုပ်ဖြင့်ထုပ်အပ်သော ဥစ္စာအစုကိုမြင်၍ တယောက်သောသူကို ထမင်းခွက်ကိုဘိ၍သေသည်ကို မြင်လေ၏။ ထိုနောက်မှ ဤမည်သောအမှုကို ထိုသူတို့သည် ပြုသည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ အဘယ်သို့လျှင် ထိုတယောက်သောယောက်ျားသည် သွားသနည်း၊ ဤသို့ စုံစမ်းသည်ရှိသော် တယောက်သောယောက်ျား၏လည်း ဖုံးလွှမ်းရာအရပ်၌ ပစ်ထားအပ်သောအသေကောင်ကိုမြင်၍ ငါတို့၏ဆရာသည် ငါ့စကားကိုမလိုက်နာမူ၍ မိမိ၏ဆိုနိုင်ခက်သည်၏အဖြစ်ကြောင့် မိမိသည်လည်း ပျက်စီးခြင်းသို့ရောက်ပြီ၊ ထိုဆရာသည် တပါးလည်းဖြစ်သော ယောကျ်ားတထောင်ကိုလည်း ဖျက်ဆီးအပ်ပြီ၊ စင်စစ်ကား အကြောင်းမဟုတ်သဖြင့် မိမိ၏စီးပွားခြင်းကို တောင့်တသောသူသည် ငါတို့၏ဆရာကဲ့သို့ ကြီးသောပျက်စီးခြင်းသို့သာလျှင် ရောက်လတ္တံ့၊ ဤသို့ကြ၍-

၄၈။ အနုပါယေန ယော အတ္ထံ၊ ဣစ္ဆတိ သော ဝိဟညတိ။
စေတာ ဟနိံသု ဝေဒဗ္ဗံ၊ သဗ္ဗေ တေ ဗျသနမဇ္စျဂူ။

ဟူသော ဤဂါထာကို ဆို၏။

၄၈။ ယော၊ အကြင်သူသည်။ အနုပါယေန၊ အကြောင်းမဟုတ်သဖြင့်။ အတ္ထံ၊ စီးပွားချမ်းသာကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်း၏။ တနည်း ကြီးသော ပျက်စီးခြင်းသို့ရောက်၏။ စေတာ၊ စေတတိုင်းသား ခိုးသူတို့သည်။ ဝေဒဗ္ဗံ၊ ဝေဒဗ္ဗပုဏ္ဏားကို။ ဟနိံသု၊ သတ်ကုန်ပြီ။ တေ သဗ္ဗေ၊ ထိုအလုံးစုံသော သူတို့သည်လည်း။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အဇ္စျဂူ၊ ရောက်ကုန်ပြီ။

ဤသို့ ဘုရားလောင်းသည် ငါတို့ဆရာသည် အကြောင်းမဟုတ်သဖြင့် အရာမဟုတ်ရာ၌ လုံ့လကိုပြုလျက် ဥစ္စာမိုဃ်းကိုရွာစေ၍ မိမိသည်လည်း အသက်ကုန်ခြင်းသို့ရောက်၏ယ တပါးကုန်သောသူတို့၏လည်း ပျက်စီးခြင်း၏ အကြောင်းသည် ဖြစ်သကဲ့သို့ ဤအတူ တပါးလည်းဖြစ်သော အကြင်သူသည် အယုတ်သဖြင့် မိမိ၏စီးပွားချမ်းသာကို အလိုရှိသည်ဖြစ်၍ လုံ့လကိုပြုလတ္တံ့၊ ခပ်သိမ်းသောသူတို့၏လည်း ပျက်စီးခြင်း၏ အကြောင်းသည် ဖြစ်လတ္တံ့ဟု တောကို ပဲ့တင်ထပ်စေ၍ နတ်တို့သည် ကောင်းချီးကို ပေးကုန်လျက် ဤဂါထာဖြင့် တရားကိုဟောလျက် ထိုဥစ္စာကို အကြောင်းဥပါယ်ဖြင့် မိမိအိမ်သို့ဆောင်၍ အလှူအစရှိကုန်သော ကောင်းမှုတို့ကိုပြုလျက် အသက်၏ အဆုံး၌ နတ်ပြည်ကိုပြည့်စေလျက် လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်း သင်သည် ယခုအခါ၌သာလျှင် ဆိုနိုင်ခက်သည်မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်း၊ ဆိုနိုင်ခက်သည်၏အဖြစ်ကြောင့်ကား ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ၌ ဆိုနိုင်ခက်သောရဟန်းသည် ထိုအခါဝေဒဗ္ဗပုဏ္ဏားဖြစ်ဘူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါတပည့်ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

ဆိုဆုံးမခက်၊ သူအတွက်၊ သေပျက် တထောင်သာ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝေဒဗ္ဗဇာတ်သည် ပြီး၏။

*****