ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၁
ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း စေတုတ္တရာပြည်၌ သိဝိရာဇ်မင်းကြီး မင်းပြု၏။ ထိုသိဝိရာဇ်မင်းကြီး၏ သားတော်ကား သိဉ္စည်းအမည်ရှိ၏။ ထိုသိဉ္စည်းမင်းသားသည် အရွယ်သို့ရောက်လတ်သော် မဒ္ဒရာဇ်မင်း၏သမီး ဖုဿတီ အမည်ရှိသောမင်းသမီးကို ဆောင်ယူစေ၍ ထိမ်းမြားလက်ထပ်ပြုပြီးလျှင် ခမည်းတော် သိဝိရာဇ်မင်းကြီးသည် သားတော်သိဉ္စည်းမင်းသားအား ထီးနန်းကို အပ်နှင်း၏။ သိဉ္စည်းမင်းသည်လည်း ဖုဿတီမင်းသမီးအား မိဖုရားကြီးအရာကို ပေး၏။
ထိုဖုဿတီမိဖုရား၏ ရှေး၌ ဆုတောင်းသော အစဉ်အတ္ထုပ္ပတ္တိကား ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် ၉၁-ကမ္ဘာထက်၌ ဝိပဿီ အမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီ အမည်ရှိသော ပြည်ကိုမှီ၍ ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်ဥယျာဉ်၌ နေတော်မူသောအခါ ဗန္ဓုမတီပြည်ကို အစိုးရသော ဗန္ဓုမတီမင်းအား တစ်ပါးတစ်နိုင်ငံမင်းက အဖိုးများစွာထိုက်သော စန္ဒကူးနံ့သာနှစ်နှင့် အဖိုးများစွာထိုက်သော ရွှေပန်းကုံးကို ဆက်သလာ၏။
ဗန္ဓုမတီမင်း၌ကား သမီးတော်၂-ယောက်ရှိ၍ ထိုလက်ဆောင်ကို သမီးတော်တို့အား ပေးလိုသဖြင့် စန္ဒကူးနံ့သာနှစ်ကို သမီးတော်အကြီးအား ပေး၏။ ရွှေပန်းကုံးကို သမီးတော် အငယ်အား ပေး၏။
ထိုမင်းသမီး ၂-ယောက်တို့သည်လည်း “ဤစန္ဒကူးနှစ် ရွှေပန်းကုံးတို့ကို ငါတို့ မလိမ်းမဆင်လိုပြီ။ မြတ်စွာဘုရားကိုသာ ပူဇော်အံ့”ဟု ကြံပြီးသော်၊ ခမည်းတော်မင်းကြီးအား အကြောင်းကိုလျှောက်ထား၍၊ “ကောင်းပြီ။ ပူဇော်ကြတော့”ဟု မင်းကြီးဆိုလျှင် သမီးတော်အကြီးသည် စန္ဒကူးနံ့သာနှစ်ကို အထုံအမှုန့်ပြုပြီးမှ ရွှေပန်းကလပ်ပေါ်၌ အပြည့်ထည့်၍၊ သမီးတော်အငယ်လည်း ရွှေပန်းကုံးကို ရင်လွှမ်းတန်ဆာပြုပြီးမှ ရွှေပန်းကလပ်ပေါ်၌တင်၍ ဆောင်ယူစေလျက်၊ မင်းသမီး ၂-ယောက်တို့သည် မိဂဒါဝုန်ဥယျာဉ်သို့ သွားကြသဖြင့်၊ မင်းသမီးအကြီးသည် အချို့သောနံ့သာမှုန့်ဖြင့် မြတ်စွာဘုရားအားပူဇော်၍ အချို့သောနံ့သာမှုန့်ဖြင့် ဂန္ဓကုဋိတိုက်ကို ကြဲဖြန့်ထုံစေပြီးသော် ဤသို့ ဆုတောင်း၏။
“ဘုန်းတော်ကြီးလှသော အရှင်ဘုရားအား ဤသို့သော နံ့သာအမွှေးအထုံဖြင့် အကျွန်ုပ်ပူဇော်ရသော ကောင်းမှုကြောင့် နောင်လာလတ္တံ့သောကာလ၌ အရှင်ဘုရားကဲ့သို့ လူ၃-ပါးတို့၏ဆရာဖြစ်သော မြတ်စွာဘုရား၏မယ်တော် ဖြစ်ရပါလို၏”ဟု ဆုတောင်း၏။
မင်းသမီးအငယ်သည်ကား ရင်လွှမ်းတန်ဆာဖြင့် မြတ်စွာဘုရားအား ပူဇော်၍- “ဘုန်းတော်ကြီးလှသော မြတ်စွာဘုရားအား ဤရင်လွှမ်းတန်ဆာဖြင့် ပူဇော်ရသောကောင်းမှုကြောင့် အကျွန်ုပ်သည် အကြင်မျှလောက်သော ကာလပတ်လုံး နိဗ္ဗာန်ကို မရသေး။ ထိုနိဗ္ဗာန်ကို မရသေးသမျှကာလပတ်လုံး အကျွန်ုပ်၏ကိုယ်၌ ဤရင်လွှမ်းတန်ဆာသည် မပြတ်ဖြစ်ပါစေသတည်း”ဟု ဆုတောင်း၏။
မြတ်စွာဘုရားသည်လည်း မင်းသမီးညီအစ်မတို့အား တရားအနုမောဒနာ ပြုတော်မူ၏။
ထိုမင်းသမီး ၂-ယောက်တို့သည် အသက်အတိုင်းနေ၍ စုတေကြသော် နတ်ပြည်၌ ဖြစ်ကြကုန်၏။ ထိုမင်းသမီး ၂-ယောက်တို့တွင် မင်းသမီးကြီးသည် ထိုဘဝမှစ၍ အပါယ် ၄-ပါးသို့ မလားရ။ နတ်ပြည်မှသည် လူ့ပြည်သို့, လူ့ပြည်မှသည် နတ်ပြည်သို့ စုန်ဆန်လူးလာ ကျင်လည်၍ ၉၁-ကမ္ဘာအဆုံးဖြစ်သော ဤဘဒ္ဒကမ္ဘာထက်၌ ငါတို့မြတ်စွာဘုရားမယ်တော် မဟာမာယာဒေဝီ ဖြစ်လာ၏။ ညီမငယ်သည်ကား ထို့အတူလည်းကောင်း နတ်ပြည်လူ့ပြည်တို့၌ကျင်လည်၍ ဤဘဒ္ဒကမ္ဘာထက်၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကိကီ အမည်ရှိသောမင်းကြီး၏ သမီး ဖြစ်၏။
ထိုမင်းသမီးသည် ပန်းချီစုတ်ရေး ဆေးခြယ်ဘိသကဲ့သို့ နှစ်လို့ဖွယ်သော ရင်လွှမ်းတန်ဆာဖြင့် တန်ဆာဆင်လျက်ဖွားသောကြောင့် ဥရစ္ဆဒါမင်းသမီးဟု အမည့်မှည့်၏။ ထိုဥရစ္ဆဒါမင်းသမီးသည် ၁၆-နှစ်မြောက်သောအခါ မြတ်စွာဘုရား၏ ဆွမ်းအနုမောဒနာတရားကို နာရ၍ သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်တစ်ကြိမ် ခမည်းတော် ကိကီမင်းကြီး ဆွမ်းလှူ၍ မြတ်စွာဘုရား ဆွမ်းအနုမောဒနာပြုသောအခါ ကိကီမင်းကြီးလည်း သောတာပတ္တိဖိုလ်၌ တည်၏။ ဥရစ္ဆဒါ မင်းသမီးလည်း လူဝတ်နှင့်ပင်လျှင် မဂ်၃-တန် ဘဝင်မခြား လျင်လျားစွာ ရဟန္တာမ ဖြစ်ပြီးမှ ရဟန်းပြု၍ ဘဝအဆုံးသို့ ရောက်၏။
ကိကီမင်းကြီး၌ ဥရစ္ဆဒါမင်းသမီးမှတစ်ပါး သမီးတော် ၇-ယောက် ရှိ၏။ ထိုသမီးတော်တို့၏ အမည်ကား သမဏီ, သမဏဂုတ္တာ, ဘိက္ခုနီ, ဘိက္ခုဒါယိကာ, ဓမ္မာ, သုဓမ္မာ, သင်္ဃဒါသီ၊ ဤ၇-ယောက်တည်း။ ထိုမင်းသမီး ၇-ယောကိတို့သည် ငါတို့ ရှင်ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ ခေမာ, ဥပ္ပလဝဏ်, ပဋာစာရီ, မိထွေးတော် ဂေါတမီ, ဓမ္မဒိန္ဒာ, မဟာမာယာ, ဝိသာခါဟု အစဉ်အတိုင်း ဖြစ်လာ၏။
ထို၇-ယောက်တို့တွင် မဟာမာယာအလောင်းကား သုဓမ္မာ မင်းသမီးတည်း။ ထိုသုဓမ္မာမင်းသမီးသည် ဒါနသီလ အစရှိသော ကုသိုလ်ကောင်းမှုတို့ကိုပြု၍ လူ့ပြည်, နတ်ပြည်ကျင်လည်ပြန်သည်ရှိသော် မဒ္ဒရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေ၍၊ စန္ဒကူးနှစ်ရည်ဖြင့် သွန်းဘိသကဲ့သို့ မွှေးကြိုင်လှသောကိုယ်ဖြင့် ဖွားသောကြောင့် “ဖုဿတီ” ဟူသောအမည်ဖြင့် ဖြစ်လာ၏။ ထိုဖုဿတီမိဖုရားသည် မဒ္ဒရာဇ်မင်း၏သမီး မဖြစ်မီဘဝက သိကြားမင်း၏မိဖုရား ဖြစ်၏။ ထိုသိကြားမင်း၏မိဖုရား ဖြစ်သောအခါ အသက်အတိုင်းနေ၍ စုတေခါနီးကာလ၌ နိမိတ် ၅-ပါးထင်လတ်သော် သိကြားမင်းသည် မိဖုရား အသက်ကုန်မည့်အကြောင်းကို သိလျှင် အခြံအရံများစွာနှင့် ထိုမိဖုရားကို နန္ဒဝန်ဥယျာဉ်သို့ဆောင်၍ တန်ဆာဆင်အပ်သော အိပ်ရာအပြင်၌ လျောင်းစေလျက်၊ မိမိသည် မိဖုရားကြီး၏ နံပါး၌ထိုင်၍ ဤသို့ ဆို၏။
“အဘယ် ဖုဿတီ မိဖုရား။ သင့်အား ၁၀-ပါးသောဆုကို ငါပေးအံ့”ဟု ဆို၍ ဂါထာ ၁၀၀၀-တို့ဖြင့် တန်ဆာဆင်အပ်သော ဤဝေဿန္တရာဇာတ်၌ ရှေးဦးစွာဖြစ်သော “ဖုဿတီ ဝရဝဏ္ဏဘေ” အစရှိသော ဂါထာကို သိကြားမင်း ဆို၏။
အဓိပ္ပာယ်ကား-
“လုံးရပ်သဏ္ဌာန် ကိုယ်ဟန်ကျော့ရှင်း အဆင်းနှင့်ပြည့်စုံစွာ ကြန်အင်္ဂါအပေါင်းတို့တွင် ပျောင်းပျော့ကျစ်လျစ် ပြေပြစ်ညံ့နု ဥရုလက္ခဏာဖြင့် ငါ၏ချစ်မငြီးဖြစ်သော အဘယ် ဖုဿတီ။ ၁၀-ပါးသောဆုကို သင့်အား ငါပေးအံ့။ သင်နှစ်သက်ရာ ရေတွက်၍ ၁၀-ပါးပြည့်အောင် ယူလော့”ဟုဆို၏။
ထိုဖုဿတီဒေဝီ သိကြားမင်းမိဖုရားသည် မိမိ စုတေ့အံ့သည်ကို မသိ။ မိန်းမောမေ့လျော့သည်ဖြစ်၍ သိကြားမင်းအား “နမော တေ”အစရှိသောဂါထာဖြင့် ပြန်လျှောက်၏။
အဓိပ္ပာယ်ကား-
“နတ်တကာတို့၏ အရှင်ဖြစ်သော သိကြားမင်း။ အရှင်မင်းကြီးအား အကျွန်ုပ် ရှိခိုးပါ၏။ အကျွန်ုပ်သည် အရှင်မင်းကြီး၏ ခြေတော်ရင်း၌ အဘယ်မည်သော မကောင်းမှုကို ပြုမိလေသည်မသိ။ ပြင်းစွာလေခတ်၍ တုန်လှုပ်သောသစ်ပင်ကဲ့သို့ အလွန်နှလုံးမွေ့လျော်ဖွယ်ရှိသော နတ်ပြည်စည်းစိမ်၌ မမွေ့လျော် မပျော်ပါးနိုင်။ အကျွန်ုပ်၏စိတ်သည် တုန်လှုပ်ခဲ့၏တကား”ဟု ဆို၏။
သိကြားမင်းသည် မိဖုရား၏ သတိလွတ်သောအဖြစ်ကိုသိ၍ စုတေ့အံ့သည်ကို သိစိမ့်သောငှာ ၂-ဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“အဘယ်ဖုဿတီ။ သင်သည် ငါနှင့် စံပျော်သည့်ကာလပတ်လုံး တစ်စုံတစ်ခု သင်ပြုသော မကောင်းမှုမည်သည် မရှိ၊ သင်၌ ငါအမျက်ထွက်ရန်အခွင့် တစိုးတစိမျှ မရှိ။ အပြစ်မရှိသောသင့်အား ငါမချစ်မကြင်နာသည်လည်း မဟုတ်။ ငါသည် အလွန် မြတ်နိုးချစ်ခင် ကြင်နာစုံမက်ပါသော်လည်း သင်၏ကောင်းမှု ကုန်ချေပြီဖြစ်သောကြောင့်၊ “နောင်တမလွန်သို့ လားရလေသော်လည်း ကောင်းသောအကျိုး ဖြစ်စေသတည်း”ဟု ငါအောက်မေ့၍ သင့်အားမြတ်နိုးသဖြင့် ၁၀-ပါးသောဆုကို ငါပေးသတည်း။ သင်သည် ယခု စုတေ့ခြင်းတရားအနီးသို့ ရောက်ချေပြီ၊ ငါနှင့် ယခုပင်လျှင် ကွေကွင်းရအံ့သည် မချွတ်ပြီ။ ထိုသို့ဖြစ်၍ သင်သည် ငါပေးအပ်သော ဆု၁၀-ပါးကိုသာ ယူလော့”ဟုဆို၏။
သိကြားမင်းစကားကို ကြားလျှင် ဖုဿတီမိဖုရားသည် “ငါကား ယခု သေအံ့သည် မချွတ်ရာ”ဟုသိပြီး၍၊ “ဤနတ်ပြည်မှ စုတေ့သော် အဘယ်မှာဖြစ်ရလျှင် ကောင်းအံ့နည်း”ဟု ကြည့်လတ်ပြီးမှ သိဝိရာဇ်မင်းကြီး၏ နန်းတော်ကို မြင်လေ၏။ ထိုသို့မြင်ပြီးသောနောက်မှ ၁၀-ပါးသောဆုကို ဤသို့ တောင်း၏။
“နတ်တကာတို့ကို အစိုးရတော်မူသော မင်းကြီး။ အရှင်မင်းကြီးသည် အကျွန်ုပ်အား အကယ်၍ ဆု ၁၀-ပါးကို ပေးတုံအံ့-
“အကျွန်ုပ်သည် ဤကိုယ်အဖြစ်မှ စုတေ့လျှင် သိဝိရာဇ်မင်းကြီး၏ နန်းတော်ကို အစိုးရသော မိဖုရားကြီး ဖြစ်လို၏။”
“၁-နှစ်မြောက်သော သမင်မငယ်၏မျက်စိနှင့်တူသော ညိုသောမျက်စိ ရှိသည်လည်း ဖြစ်လို၏။”
“ညိုသောမျက်မှောင်တံ ရှိသည်လည်း ဖြစ်လို၏။”
“အမည်အားဖြင့် ဖုဿတီဒေဝီဟူ၍ပင် အမည်ရှိလို၏။”
“တန်ဆာဆင်အပ်သော ဦးခေါင်းကိုလည်းကောင်း, မျက်စိအစုံကိုလည်းကောင်း၊ နှလုံးသည်းပွတ်ကိုလည်းကောင်း, ထီးဖြူကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း အလိုရှိသော ယာစကာတို့သည် တောင်းလာခံလာသည်ရှိသော်၊ ထိုယာစကားတို့ကို အလိုရှိတိုင်း ပေးလှူစွန့်ကြဲတတ်သည်ဖြစ်၍ ဝန်တိုပိတ်ပင် စဉ်းလဲခြင်းမရှိ၊ မင်းတစ်ပါးတို့ ပူဇော်ထိုက်သော ကျော်စောခြင်းနှင့်ပြည့်စုံသော သားကောင်းရတနာကိုလည်း ရလို၏။”
“ကိုယ်ဝန်ဆောင်လေသော်လည်း အကျွန်ုပ်၏ဝမ်းသည် မယမ်းမစုန့် ပုံ့ပုံ့မထင် လေးအတတ်၌ ကျွမ်းကျင်လိမ္မာသော လေးသမားသည် ကောင်းစွာသင်အပ်သော လေးပျဉ်းကဲ့သို့ ညီညွတ်စွာ ပြကတေ့အတိုင်း ရှိစေလို၏။”
“သားများစွာပင် ဖွားမြင်သော်လည်း အကျွန်ုပ်၏သားမြတ်အစုံသည် မတွဲမကျ အရွယ်ရောက်ဦးစအတိုင်း တည်စေသတည်း။”
“အရွယ်လွန်သည်တိုင်အောင်လည်း ဆံပင်မဖြူ ငယ်မူငယ်သွေးအတိုင်း တည်စေသတည်း။”
“အကျွန်ုပ်ကိုယ်အဆင်းသည်လည်း ချေးညှိမတင် စင်ကြယ်သောကိုယ် ရှိသည်လည်း ဖြစ်လို၏။”
“မင်းပြစ်မင်းမျက်သင့်၍ သေခြင်းအနီးသို့ ရောက်ပြီးသောသူကိုလည်း အကျွန်ုပ်၏အစွမ်းဖြင့် နုတ်ယူကယ်ဆောင် နိုင်လို၏။”
“ဤဆိုအပ်ခဲ့ပြီးသော ဆု၁၀-ပါးနှင့် ပြည့်စုံစွာ “စားလှည့်ကုန်, သောက်လှည့်ကုန်” အစရှိသော ၁၀-ပါးသော အသံတို့ဖြင့် တစ်ရံမလပ် လျောက်ပတ်တင့်တယ်စွာ စေတုတ္တရာပြည်ကြီး၏အရှင် မြတ်လှသော သိဝိရာဇ်မင်းကြီး၏နန်းတော်၌ မိဖုရားကြီး ဖြစ်ရလို၏”ဟု သိကြားမင်းအား ၁၀-ပါးသောဆုကို တောင်း၏။
(ဤဆု ၁၀-ပါးတွင် နောက်ဆုံးဖြစ်သောဆုဖြင့် “စိုးနိုင်သော်လည်း ပိုင်ခဲသည်”ဆိုသော စကားဟောင်းနှင့်လျော်စွာ နန်းမတောင်ညာဖြစ်၍ စိုးပိုင်နိုင်သောအရာ ရှိသည်နှင့်အညီ စိုးပိုင်ရမည့်အကြောင်းကို တောင်းသတည်း။ ထို့ကြောင့် “ဣမိနာ အတ္တနော ဣဿရိယဘာဝံ ဒီပေတိ” ဟု အဋ္ဌကထာဆရာ မိန့်အပ်၏။)
ဤဆု ၁၀-ပါးတို့ကို သိကြားမင်းမိဖုရားတောင်းလျှင် သိကြားမင်းသည် “ငါ၏နှလုံးကို ကျုံးဘိသကဲ့သို့ နှစ်လို့ရှုဖွယ် တင့်တယ်မျိုးမက တင့်တယ်လှသော အဘယ်ဖုဿတီ။ သင်သည် ငါ့အား ၁၀-ပါးသောဆုကို ယခု တောင်း၏။ ထိုတောင်းတိုင်းသောဆု ၁၀-ပါးသည် သင်အားမချွတ် သိဝိရာဇ်မင်း၏နိုင်ငံ၌ ပြည့်စုံလိမ့်သတည်း”ဟုဆုပေးလျက်၊ မြတ်လေးကြည်ဖြူ ချစ်ခင်သူတို့နှင့် အတူမကွေ နေချင်သော်လည်း သံသရာဝဲမှ မလွှဲသာဖြစ်သည်ကို ဖြေဆည်မြော်တွေး၍ နောင်အရေး ဖုဿတီ၌ ကောင်းမည်ကိုမြင်သောကြောင့် နတ်ဘုရင်သည် မရွှင်စိတ်ဖျောက်၍ ဝမ်းမြောက်ဝမ်းသာဖြစ်သတည်း။