ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၄
မင်း၂-ပါးတို့ သွားကြလေသော် ခရီးရင်ဆိုင်လာသော ခရီးသွားသူ လူတို့ကိုမြင်၍ “ဝင်္ကပါတောင် အဘယ်မှာ ရှိသနည်း”ဟု မေး၏။ ခရီးသွားသူ လူတို့သည်လည်း ရွှေနန်းရှင်မှန်းသိ၍ မျက်ရည်စက်ယို ငိုကြွေးလျက်လျှင် “အရှင်မင်းကြီး။ ဝင်္ကပါတောင် ဝေးသေးစွတကား”ဟု လျှောက်ကြား၍ သွားကြကုန်၏။ မင်း၂-ပါးတို့ သွားရာခရီးအကြား လမ်းနား၂-ဘက်၌ အသီးသီးသော သစ်ပင်တို့ကိုမြင်လျှင် သားတော်, သမီးတော်တို့သည် ငိုကြွေးကြကုန်၏။ ထိုအခါ ဘုရားလောင်း၏ အာနုဘော်ကြောင့် အသီးသီးသော သစ်ပင်တို့သည် သူငယ်တို့ငိုသည်ကိုမြင်လျှင် ထိတ်လန့်ကုန်သည်ဖြစ်၍ မိမိတို့အလိုလို ဆွတ်မီအောင် ညွှတ်ကုန်၏။ ထိုအသီးတို့ကိုဆွတ်၍ သားတော်,သမီးတော်တို့အား ပေး၏။
(ဤစကား၌ သစ်ပင်သည် အသက်ဣန္ဒြေမရှိ၊ ဥတုဇရုပ်မျှသာဖြစ်လျက် “သူငယ်တို့ငိုသည်ကိုမြင်၍ ထိတ်လန့်သဖြင့် ညွှတ်၍ကျ၏”ဟု ဟောတော်မူခြင်းသည် ဒေသနာတော်ကိုစံပယ်၍ အံ့ဖွယ်သရဲဖြစ်စေခြင်းငှာ ဌာနီဖြစ်သော ရုက္ခစိုးနတ်၏ မြင်ခြင်း, ထိတ်လန့်ခြင်းကို ဌာနဖြစ်သောသစ်ပင် မြင်ဘိ, ထိတ်လန့်ဘိသကဲ့သို့ တင်စား၍ “ညောင်စောင်းကြွေးကြော်၏” ဟူသကဲ့သို့ ဌာနူပစာရနည်းအားဖြင့် ဟောတော်မူသည်။ မုချအားဖြင့်ကား ရုက္ခစိုးနတ်တို့သည် အသီးကိုလို၍ သူငယ်တို့ငိုသည်ကိုမြင်လျှင် ဘုရားလောင်း၏ အာနုဘော်ကြောင့် ထိတ်လန့်ရိုသေခြင်းရှိ၍ မိမိတို့သစ်ကိုင်းကို မိမိတို့၏တန်ခိုးဖြင့် ညွှတ်စေသည်ဟု မှတ်အပ်၏။ ဤကား စကားချပ်တည်း။)
ဤသို့ သစ်ပင်တို့သည် လေမလာဘဲ အလိုလိုညွှတ်သည်ကို မဒ္ဒီဒေဝီမြင်လျှင် “ဤသို့သောအခြင်းအရာကို ငါတို့လူ့ပြည်၌ မြင်ဖူးမည်ကိုထား၍ ကြားမျှမကြားစဘူး။ အထူးအဆန်း အံ့သြဖွယ် သစ်ပင်တို့သည် အလိုလိုပင် ညွှတ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည်ကား ငါ၏ငယ်လင် ရွှေနန်းရှင်၏ ဘုန်းတော်ကြောင့်တည်း”ဟု အံ့သြချီးမွမ်း၏။
ဤသို့ ခရီးအစဉ်အတိုင်းသွားကြလေသော် စေတုတ္တရာပြည်မှ ၅-ယူဇနာကွာသော သုဝဏ္ဏဂိရိတာလတောင်သို့ ရောက်လေ၏။ ထိုသုဝဏ္ဏဂိရိတာလတောင်မှ သွားပြန်သော် ၅-ယူဇနာကွာသော ကောန္တိမာရမြစ်သို့ ရောက်၏။ ထိုကောန္တိမာရမြစ်မှ သွားပြန်သော် ၅-ယူဇနာကွာသော အဉ္စရဂိရိတောင်သို့ ရောက်လေ၏။ ထိုတောင်မှ သွားပြန်သော် ၅-ယူဇနာကွာသော တုဏ္ဏဝိနာလိဒဏ္ဍ အမည်ရှိသော ပုဏ္ဏားရွာသို့ ရောက်လေ၏။ ထိုရွာမှသွားပြန်သော် ၁၀-ယူဇနာကွာသော ဦးရီးတော် မဒ္ဒရာဇ်မင်းကြီးစံရာ စေတတိုင်း မဒ္ဒရာဇ်ပြည်သို့ ရောက်လေ၏။ ဤသို့ စေတုတ္ထရာပြည်တော်မှ ယူဇနာ ၃၀-ကွာသော စေတတိုင်း ဦးရီးတော်မင်း၏စံရာ မဒ္ဒရာဇ်မင်း၏ပြည်သို့ တစ်နေ့ချင်းဖြင့် ရောက်လေ၏။
(ထိုသို့ ယူဇနာ ၃၀-ခရီးကို တစ်နေ့ချင်းဖြင့်ရောက်လေသည်ကား နတ်တို့သည် ဘုရားလောင်း၏ သားတော်သမီးတော်တို့ ဆင်းရဲပင်ပန်းမည်ကို သနားသောကြောင့် မိမိတို့၏တန်ခိုးဖြင့် ခရီးကိုချုံ့၍ နီးအောင် ဖန်ဆင်းသတည်း။)
ထိုဦးရီးတော်စံရာ မဒ္ဒရာဇ်ပြည်၌ ဆွေတော်မျိုးတော်အပေါင်း မင်း ၆-သောင်းတို့သည် နေကုန်၏။ ဘုရားလောင်း ဝေဿန္တရာသည် စေတုတ္တရာပြည်တော်မှ နံနက်စာစားပြီး၍ ထွက်ခဲ့သော် ညချမ်းသောအခါ ထိုဦးရီးတော်ပြည်သို့ရောက်လျှင် မြို့တွင်းသို့မဝင်မူ၍ မြို့ပြင်တံခါးဝ၌ တစ်ဆောင်သောဇရပ်တွင် ဝင်နားလေ၏။
ထိုဇရပ်သို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် ဘုရားလောင်း၏ ခြေ၌ကပ်သော မြူကိုသုတ်၍ ဆုပ်နယ်ပြီးလျှင် “ငါ၏သခင် ရွှေနန်းရှင်လာကြောင်းကို ဆွေမျိုးအပေါင်း သိကြားစေအံ့”ဟု ကြံလျက် မြို့တံခါး၌ ထွက်ဝင်သွားလာကြသည့် ပြည်သူတို့မြင်စေခြင်းငှာ ဘုရားလောင်းရှေ့တူရူ ဇရပ်ပြင်တံခါးဝ၌ ရပ်နေ၏။
ထိုအခါ မြို့တံခါး၌ ထွက်ကုန်ဝင်ကုန်သော မိန်းမကြီးငယ် အရွယ်အလတ်တို့သည် မြတ်သော အဆင်းအသရေဖြင့်ရပ်သော မဒ္ဒီဒေဝီကိုမြင်လျှင် သိချင်ကျွမ်းချင် မေးမြန်းချင်သောနှလုံးဖြင့် စုရုံးဝန်းရံလျက် ရှုကြည့် မေးမြန်းကြကုန်၏။ မဒ္ဒီဒေဝီသည်လည်း မျိုးမည် နေရပ် အတ္ထုပ္ပတ်အလုံးစုံကို အကုန်ပြန်ပြောပေ၏။ ပြည်သူတို့သည် မိမိတို့သခင် ရွှေနန်းရှင်သမီးတော် ဖြစ်ကြောင်းသိ၍-
“ရွှေနန်းသခင် အရှင်မိဖုရား။ သခင်မတို့သည် စေတုတ္တရာ ပြည်သာရိပ်ငြိမ် နန်းစည်းစိမ်၌ မွေ့သိမ်ညံ့နု လဲဝါစုမကသောခြေတော်ဖြင့် မြေပေါ်မနင်းစဘူး ထူးမြတ်ဆန်းကြွယ်စွာ ရတနာသံလျင်း ရွှေယာဉ်, ရွှေဝေါတို့ဖြင့်သာ ထွက်စံတော်မူမြဲဖြစ်လျက် ယခု နုညက်သောခြေတော်ဖြင့် မြေပေါ်နင်းချ၍ အပြင်းအပြ ကြွတော်မူခဲ့ရသည်။ ပင်ပန်းလှဟန်တကား”ဟု သနားစုံမက်သဖြင့် မျက်ရည်စက်ယို ငိုကြွေးကြလျက် မေးမြန်းပြောဆို၍၊ ဆွေတော်မျိုးတော် မင်း ၆-သောင်းတို့အား အကြောင်းခြင်းရာကို မကြွင်းမကျန် ပြန်ကြားလျှောက်ထားကြကုန်၏။
စေတမင်းမျိုးအပေါင်း ၆-သောင်းသော ဆွေတော်မျိုးတော်တို့သည် ပြည်သူတို့လျှောက်ထား၍ စကားအလုံးစုံကို ကြားသိရလျှင် အလျင်တဆော သောသောညာညာ လာလတ်ကုန်ကြ၍ အဝေးကပင် ရင်ပတ်ခတ်တီး ရှိုက်ကြီးတငို စက်ယိုမျက်ရည်နှင့် ပြည်ကြီးသခင်တည်နေရာ ဇရပ်သို့ တညီတညွတ် ရောက်လာကြကုန်လျက် ဤသို့စကားဖြင့် မေးမြန်းပြောဆိုကြကုန်၏။
“ပြည်ကြီးသခင် မင်းကြီးဝေဿန္တရာ။ ကိုယ်တော် အဘယ်သို့ ရှိပါသနည်း။ အနာမရှိ ပကတိ ကျန်းမာပါ၏လော။ အရှင့်ခမည်းတော်, မယ်တော်တို့သည်လည်း ကျန်းမာပကတိ ရှိကြပါကုန်၏လော။ သိဝိတိုင်းသူ လူအပေါင်းတို့သည်လည်း အနာမရှိ ကျန်းမာကုန်သည်ဖြစ်၍ ပြည်တော် ဝပြောစည်ပင်ပါ၏လော။ ဗိုလ်ခြေပရိသတ် မှူးမတ်ကိုယ်ရံ ရွှေလှံရွှေဓား ရထားဆင်မြင်း သင်းပင်းအပေါင်း ဘယ်မှာရှိသနည်း။ ယခု ကိုယ်တော် ရထား,ဆင်,မြင်း မစီးဘဲ ယူဇနာ ၃၀-ကွာဝေးသော ခရီးကို သားငယ်,သမီးငယ်များနှင့်ပင် မင်း၂-ပါးတည်း ကြွလာသည်ကား အကြောင်းအသို့နည်း။ တစ်ပါးမင်းတို့ ရန်တင်းထောင်ထား၍ တိုင်းကားမြို့ပြည် မတည်မရပ်နိုင်သောကြောင့် ကြွတော်မူခဲ့သလော”ဟု မေးလျှောက်ကြကုန်၏။
ဘုရားလောင်းသည် စကားအလုံးစုံကို ပြန်ပြောလို၍- “အချင်း ဆွေတော်မျိုးတော်တို့။ ငါ့အား အနာမရှိ ပကတိ ကျန်းမာပါ၏။ ခမည်းတော်,မယ်တော်, ဆွေတော်မျိုးတော်တို့လည်း အနာမရှိ ကျန်းမာကြပါ၏။ သိဝိတိုင်းသူ လူအပေါင်းတို့သည်လည်း အနာပျောက်ကင်း ဆင်းရဲမရှိ။ တိုင်းကားပြည်ရွာလည်း သာယာဝပြော စည်ပင်ပါ၏။ ယခု ဤအရပ်သို့ မှူးမတ်ဗိုလ်ခြေ အခြွေအရံမပါ တောင်ညာမဒ္ဒီဒေဝီနှင့် ၂-ကိုယ်တော်တည်း သားငယ်, သမီးငယ်ကို ခေါ်လာခဲ့သည်ကား တစ်ပါးမင်းတို့ ရန်တင်း ထောင်လွှားသဖြင့် တိုင်းကားမြို့ပြည် မတည်မရပ်နိုင်သောကြောင့် လာသည်မဟုတ်။”
“အကြောင်းတစ်မူကား လူ့ပြည်နယ်တွင် ခပ်သိမ်းသောမင်းတို့၏မာန်စွယ်ကို နုတ်ပယ်နှိမ်ချိုး ဝပ်လျှိုးညွတ်ခစေခြင်းငှာထိုက်လျက် ငါ၌သာ ဘုန်းကြောင့်ရောက်လာသော ဥပေါသထ မာတင်္ဂမျိုး တန်ခိုးအသရေဖြင့် ငွေတောင်ထွတ်ကဲ့သို့ ကိုယ်လုံးကျွတ်ဖြူစင်စွာ မင်္ဂလာဆင်တော်ကို အပေါ်လွှမ်းပိုးချည် ကမ္ဗလာ အစရှိသော အဖိုး ၂-သန်း ၄-သိန်းထိုက်သောတန်ဆာ အဆောင်အရွက်နှင့် အဖိုးအနဂ္ဃ မြ ၆-လုံးပါ စာမရီသားမြီးယပ် စိုက်အပ်သော ထီးဖြူဆင်ထိန်းလူ ၅၀၀, အကျွေးအမွေး ဆင်ဆေးသမားနှင့်တကွ ကလိင်္ဂရာဇ်ပြည်သား ပုဏ္ဏား ၈-ယောက်တို့အား လှူလိုက်၏။ ထိုသို့ ဆင်ဖြူကိုလှူသောကြောင့် သိဝိရာဇ်ပြည်သူပြည်သားတို့သည် ငါ့အား အမျက်လို အငြိုးထားလျက် ခမည်းတော်လည်း နှလုံးရှိတော်မူ၍ ပြည်သူတို့အကြံနှင့် တစ်သံတည်းညီကြသဖြင့် ပြည်မှ ငါ့ကို နှင်ထုတ်လိုက်၏။ ထိုသို့ဖြစ်သောကြောင့် ဝင်္ကပါတောင်သို့ ငါသွားအံ့သတည်း။ ထိုဟိမဝန္တာတော၌ ဝင်္ကပါတောင်နေရာကို သင်တို့ သိပါကုန်၏လော”ဟု မေးမြန်း ပြောဆိုတော်မူ၏။
ထိုစကားကို ကြားလျှင် စေတမင်းသားတို့သည်- “ပြည်ကြီးသခင် အရှင်မင်းကြီး။ ထိုသို့တပြီးကား ကိုယ်တော်၌ အပြစ်မရှိ။ ယခု ကြွလာတော်မူခြင်းသည်ကား ကောင်းသောလာခြင်းပေတည်း။ ဤအရပ်၌ အရှင်မင်းကြီး အလိုရှိတိုင်း အမိန့်တော်ရှိတော်မူလော့။ ဧည့်သည်တို့အား ပြုရာသောဝတ်ကို အကျွန်ုပ်တို့ ကုန်စင်အောင်ပြုပါအံ့။ ထီးနန်းရှင်တို့သာ သုံးဆောင်ထိုက်သော ဤမည်သောနေရာ၌ နေတော်မူလျက် ဤမည်သောအမဲဟင်းလျာ ဖြူစင်စွာသလေးထမင်း, စားတော်ခဲဖွယ်စားဖွယ် မြိန်နိုးရာရာကို သုံးဆောင်ခံစား၍ ယခုဤပြည်တော်၌ ခေတ္တ ငံ့တော်မူဦးလော့။ အကျွန်ုပ်တို့သည် အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသွား၍ သားတော်ရွှေနန်းရှင်၌ အပြစ်မရှိ။ မိမိဥစ္စာကိုသာ လှူလေရာ သူတစ်ပါးဥစ္စာကို လုယက်၍လှူသည် မဟုတ်။ ပြည်မှ မနှင်ထုတ်သင့်၊ ခေါ်တော်မူမှ သင့်မည်အကြောင်းကို လျှောက်ထားလျှင် သိဉ္စည်းမင်းကြီးလည်း အကျွန်ုပ်တို့စကားကို နာယူတော်မူလိမ့်မည်။ ထိုသို့လျှောက်ထားပြီးမှ ဆွေတော်မျိုးတော်အပေါင်း မင်း ၆-သောင်းခြံရံလျက် စေတုတ္တရာနေပြည်တော်သို့ အရှင်မင်းကြီးကို အကျွန်ုပ်တို့ ပို့လိုက်ပါအံ့။ ခဏမျှ သည်းခံတော်မူဦးလော့”ဟု လျှောက်ထားကြကုန်၏။
ထိုစကားကိုကြားလျှင် ဝေဿန္တရာမင်းကြီးသည်- “အချင်း မင်းအပေါင်းတို့။ ယခု ငါ့အား ဧည့်သည်ဝတ်ဖြင့် “မြတ်သောနေရာအစောင့်အရှောက်နှင့်တကွ မြိန်မြတ်သောခဲဖွယ်ဘောဇဉ်တို့ကို သုံးဆောင်ခံစားလျက် ခဏမျှ ငံ့တော်မူပါဦး။ ခမည်းတော်သို့ လျှောက်ထားပါမည်” ဆိုကြသည်မှာ ဆွေမျိုးတို့ဝတ် ကုန်ပေသည်ဖြစ်၍ အလွန်နှစ်သက်ဖွယ် ရှိ၏။ ထိုသို့ဖြစ်သော်လည်း ယခုငါ့ကို ပြည်မှနှင်ထုတ်သည်ကား ခမည်းတော်နှင်ထုတ်လိုရင်း မဟုတ်ပေ။ ပြည်သူပြည်သား အပေါင်းတို့သည် ခမည်းတော်ထံ စည်းဝေးကြကုန်၍ “အရှင့်သားတော် မင်းကြီးကို အကျွန်ုပ်တို့ အလိုမရှိ။ ယခု ပြည်မှ နှင်ထုတ်တော်မူပါ။ အရှင်မင်းကြီး ပြည်သူတို့စကားကို မနာမယူ အလိုမတူလျှင် အရှင်လည်း သားနှင့်အတူပင် ပြည်မှ ထွက်သွားရမည်”ဟု အတင်းအမာ ပြင်းပြစွာအမျက်ဝင်ကြ၍၊ ပြည်မသခင်ကိုစင် အရှင်မမှတ် မထီမဲ့မြင် ကြွေးကြော်ဆိုမြည် ကြိမ်းမောင်းကြလျှင် ခမည်းတော်သည် ငါ့ကြောင့်ပင် ကိုယ်တော်၏ပင်ပန်းခြင်း, စိတ်တော်၏ပင်ပန်းခြင်းဖြစ်၍ ချစ်လျက်နှင့် မမြစ်နိုင်သောကြောင့်သာ အလိုတူပြုရပေသည်။ သင်တို့က ငါ့ခမည်းတော်ကိုပင် လျှောက်ထားသော်လည်း ပြည်သူတို့စကားကို မလွန်နိုင်ချေသောကြောင့် အခွင့် မရရာ။ ထိုသို့ဖြစ်၍ သင်တို့ ပင်ပန်းရုံမျှသာ ဖြစ်မည်။ အလျှောက်အထား မသွားကြနှင့်တော့။ ယနေ့ညဉ့်သာ ဤပြည်တွင်တည်းနေ၍ နက်ဖြန်မိုးသောက်လျှင် ခမည်းတော်အမိန့်တော်အတိုင်းညီအောင် ဝင်္ကပါတောင်သို့ သွား၍ နေလေအံ့။ ငါသွားရမည့် ခရီးစဉ်ကိုသာ သင်တို့သိတိုင်း ညွှန်ကြားလိုက်လော့”ဟု ဆို၏။
ထိုစကားကို ကြားလျှင် စေတမင်းသားအပေါင်းတို့သည်- “အရှင်မင်းကြီး။ ထိုသို့တပြီးကား ဝင်္ကပါတောင်သို့ ကြွတော်မူ၍ အဘယ်အကျိုး ရှိတော်မူမည်နည်း။ ဤပြည်၌ အကျွန်ုပ်တို့ ဆွေတော်မျိုးတော်အပေါင်း မင်း ၆-သောင်း ခြံရံလျက် ရွှေနန်း စိုးစံတော်မူပါလော့။ ဤစေတတိုင်းသည် အလွန် ဝပြောစည်ပင်၏။ မြို့၏အင်္ဂါ များစွာသောအသုံးအဆောင်နှင့်လည်း ပြည့်စုံ၏။ ကိုယ်တော်၏နှလုံးကို ရွှင်ပြုံးမွေ့လျော်စေခြင်းငှာ ထိုက်လျောက်ပါ၏။ မင်းပြုတော်မူပါ”ဟု တောင်းပန် လျှောက်ထားကြကုန်၏။
ဘုရားလောင်းသည် စေတမင်းသားတို့စကားကို ကြားလျှင်- “စေတမင်းအပေါင်းတို့ ယခု သင်တို့ ငါ့ကို မြတ်နိုးကြသည်နှင့်အညီ တစ်ပြည်လုံး အပ်နှင်းကြပေသည်မှာ ငါလည်း မပယ်မလှန် သိမ်းခံထိုက်လှပေသည်။ ထိုသို့တစ်မူကား မိမိကိုယ်ကိုသာ ကောင်းအောင်မပြုဘဲ သူ့ချမ်းသာကိုသာ ရှာလေ့ရှိသော ပညာရှိတို့အင်သည် ဆင်ခြင်တွေးတောခြင်းဖြင့် ဆင်းရဲရောက်လည်း ကြောက်လန့်ခြင်း မဖြစ်ရာ။ ချမ်းသာမြင်လည်း အလျင်တဆော ဝမ်းမမြောက်သင့်။ ယခုထက်လည်း နောင်အခွင့် တော်, မတော်ကို မြော်ခေါ်စဉ်းစားမြဲ ဖြစ်သည်။ တစ်ယောက်ကောင်းလို၍ အပေါင်းဆင်းရဲ မဖြစ်သာ။ နောင်လာလတ္တံ့သောဘေးကို အဝေးက ရှောင်ရာချေသည်။ စင်စစ် သင်တို့လျှောက်တိုင်း ဤပြည်၌ မင်းပြုချေအံ့။ ငါ့ခမည်းတော်မင်းကြီး ကြားသိတော်မူလျှင် “ငါ့သား ဝေဿန္တရာသည် ငါ၌ရန်ငြိုးဖွဲ့လျက် မိမိယောက္ခမပြည် စေတတိုင်းကို လက်နက်ပြုသဖြင့် ယခုထောင်ထားမည် ကြံသတတ်”ဟု မှူးမတ်တို့ နှောင့်ယှက်သောစကားဖြင့် ယူမှားတော်မူချေသော် ငါ့ခမည်းတော်လည်း စိတ်ပင်ပန်းခြင်း ငါ့ကြောင့် ရောက်ပြန်တော့မည်။ ငါလည်း မကောင်း၊ ပြည်သူအပေါင်းလည်း မငြိမ်မဝပ်၊ ငါ့ကြောင့် နှောင့်ယှက်ပူပန် ရှိပြန်တော့မည်။ ထိုသို့ ငါ့ခမည်းတော်ပင် အယူတော်မရှိစေကာမူ သိဝိရာဇ်ပြည်သူပြည်သား အပေါင်းတို့သည် “ငါတို့အလိုမရှိ၍ ဤပြည်မှ ဝင်္ကပါတောင်သို့ နှင်ထုတ်လိုက်သည့် မင်းဝေဿန္တရာကို စေတတိုင်းသူတို့ ချီးပင့်ရမည် မဟုတ်”ဟု သင်တို့အား ရန်ငြိုးထားလျက် သိဝိတိုင်းသားတို့သည် များစွာသော ဗိုလ်ထုဗိုလ်ပါနှင့် တပ်တာခင်းကျင်းလျက် စစ်မက်ပြိုင်ချေသော် သင်တို့လည်း အကျိုးမဲ့မခံ ရန်တုံ့မူရာသည်နှင့် ၂-ပြည်စလုံး လက်ရုံးရည်ကိုး၍ စစ်ထိုးကြချေသော် ငါတစ်ယောက်ကြောင့် ပြည်သူပြည်သား ၂-ပါးစလုံးပင် ဆင်းရဲပူပန် နိုင်ငံဆူလောင်၍ “တောင်လဲရာ မြက်ပြတ်” ရှိပြန်ကြတော့မည်။”
“စေတတိုင်း, သိဝိတိုင်း ဤတိုင်းကြီး ၂-တိုင်းသည် ၂-ပြားသောရွှေကို ဂဟေထပ်၍ စပ်ဘိသကဲ့သို့ ထီးနန်းအဆက်ဆက် ကာလအရှည် တညီတညွတ်တည်း ရှိကြသည်ကို ငါတစ်ယောက်ကြောင့် ၂-တိုင်းစလုံး ချစ်ထုံးပြတ်၍ တစ်ရပ်တစ်သီး စစ်ကြီးမက်ကြီး ရန်မီးအစဉ် ဖြစ်ကြတော့မည်။ ထိုသို့ဖြစ်၍ သင်တို့ပြည်ကို ငါ မင်းမပြုလို။ ဝင်္ကပါတောင်သို့သာ သွား၍နေလိမ့်အံ့” ဟု ဆို၍ ပြည်ကိုလက်မခံ ပယ်တော်မူ၏။
ထိုစကားကိုကြားလျှင် စေတမင်းသားအပေါင်းတို့သည်- “အရှင်မင်းကြီး။ ထိုသို့ နောင်လာလတ္တံ့သောဘေး အရေးအခွင့်ကို မြော်ချင့်တော်မူ၍ မင်းမပြုလိုလျှင် အကျွန်ုပ်တို့ တတ်နိုင်တော့မည် မဟုတ်ပြီ။ မင်းပင် မပြုလိုသော်လည်း ဤပြည်တွင် မွေ့လျော်သမျှအခိုက် မြို့တွင်းသို့ဝင်၍ တည်းနေတော်မူပါ”ဟု လျှောက်ထားကြကုန်၏။
ဘုရားလောင်းလည်း “အသင်တို့။ ငါ ဤပြည်တွင် နေ့ရက်အရှည် မနေပြီ။ ယနေ့တစ်ညဉ့်မျှ တည်းနေ၍ နက်ဖြန် မိုးသောက်လျှင် ဝင်္ကပါတောင်သို့ သွားအံ့သည်ဖြစ်သောကြောင့် ဤဇရပ်တွင်ပင် နေတော့အံ့။ မြို့တွင်းသို့မဝင်ပြီ” ဟု ဆို၏။
ထိုအခါ စေတမင်းသားအပေါင်းတို့သည် ကောင်းမြတ်သော ပဏ္ဏာ ပူဇော်သက္ကာတို့ဖြင့် များစွာဆက်သ ပူဇော်ကုန်လျက် ပြည်ထဲသခင်မင်းတို့စံရာ နန်းပြာသာဒ်ကဲ့သို့ ဇရပ်ကို တန်ဆာဆင်ယင် သုတ်သင်ခင်းကျင်း ဝင်းသင်းအိပ်ဖန် ကိုယ်ရံအစောင့်အရှောက်နှင့် လဲပေါက်ဝါဂွမ်းစုမက နူးညံ့လှသော စက်မွေ့ရာတော်ကို ရွှေသလွန်ပေါ်၌ခင်း၍ ရွှေတင်းတိမ်ဝန်းလည်ရံကာလျက် ရွှေဗိတာန် မျက်နှာကြက်စသော မင်းဆောင်စိုးသုံး အလုံးစုံကိစ္စကို မကြွင်းရအောင် စီရင်ကြကုန်၏။
ဝေဿန္တရာမင်းကြီးသည် စေတတိုင်းသား ဆွေတော်မျိုးတော်အပေါင်း မင်း ၆-သောင်းတို့နှင့် အကြောင်းအကျိုးနှင့် စပ်ယှဉ်သောစကားကို ဟောပြောလျက် ထိုညဉ့်ပတ်လုံး တည်းနေတော်မူ၍ နံနက်မိုးသောက်လျှင် ရေချိုးပြီး၍ မြိန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို သုံးဆောင်ပြီးသော် စေတမင်းသားအပေါင်း ၆-သောင်းခြံရံလျက် တည်းနေရာဇရပ်မှ ဝင်္ကပါတောင်သို့ ထွက်သွားတော်မူလေ၏။
စေတမင်းသား ဆွေတော်မျိုးတော်အပေါင်း မင်း ၆-သောင်းတို့လည်း ထိုမဒ္ဒရာဇ်ပြည်မှ ၁၅-ယူဇနာ တိုင်အောင် ပို့လိုက်၍ ဟိမဝန္တာသို့ဝင်လုနီး တောကြီးဝ၌ ဘုရားလောင်းလည်း “မင်းသားတို့။ ငါသွားရမည့် ခရီးဆစ်ကိုသာကြား၍ ပြန်ကြလေတော့”ဟု ဆိုသောကြောင့် ထိုတောမှ ၁၅-ယူဇနာကွာသော ဝင်္ကပါတောင်သို့ သွားရမည့်ခရီးစဉ်ကို ညွှန်ကြားလို၍ ငိုသောမျက်ရည်ကိုသုတ်လျက် ဤသို့ လက်ယာလက်ဖြင့် ညွှန်ပြ လျှောက်ထားကြကုန်၏။
“ပြည်ထဲသခင် အရှင်မင်းကြီး၊ နံ့သာပင်ပျို ညိုသောအရောင်ဖြင့် ဤကမြင်သော ထိုတောင်သည် လူ့ဘောင်၌တွင်သည်ကား ပန်းမန်ရှိသောကြောင့် ဂန္ဓမာဒနအမည်ရှိ၏။ ဤမှ မြောက်အရပ်သို့ ထိုတောင်ကိုဦးတည်လျက် ကြွတော်မူလော့။ ထိုဂန္ဓမာဒနတောင်သို့ရောက်လျှင် မြောက်အရပ်၌ ထူးမြတ်သော သစ်ပင်ရိပ်ဖြင့် စိတ်နှလုံးပြန့်ပြောဖွယ်ရှိသောကြောင့် ဝေပုလ္လအမည်ရှိသောတောင်ကို ညိုရောင်မှိုင်းမှိုင်း မြင်တော်မူလတ္တံ့။ ထိုဝေပုလ္လတောင်သို့ကြွ၍ ရောက်တော်မူလျှင် မြောက်အရပ်၌ ပတ်ရစ်ခွေလျက် တောင်ခြေရင်းသို့စီးသော မြစ်ကြီးရေဝှမ်း ဆိပ်ကမ်းသာယာစွာကို မြင်တော်မူလတ္တံ့။ ထိုမြစ်ကို ကေတုမတီမြစ်ကြီးဟု ခေါ်ဝေါ်ကုန်၏။”
“ထိုကေတုမတီမြစ်သို့ရောက်လျှင် မြောက်သားတော်နှင့်တကွ မင်း၄-ပါးတို့ အမောအပန်းဖြေ၍ ရေမိုးချိုးတော်မူပြီးမှ ထိုက မြောက်သို့မျှော်လျှင် မွေ့လျော်ဖွယ်အရိပ်ကြီးနှင့် အသီးချိုမြစွာ တောင်ထွတ်၌ရောက်သော ပညောင်ပင်ကြီးကို မနီးမဝေးက မြင်တော်မူလတ္တံ့။ ထိုပညောင်ပင်ကြီး၌ ဝင်နားပြီး၍ ခရီးချင့်ထောက်မျှော် မြောက်ကိုရှုမျှော်ပြန်လျှင် မြူးထူးရင့်ကျူး အထူးထူးသော ငှက်ကိန္နရာတို့ဖြင့်ပြည့်လျက် နာလိကအမည်ရှိသော ကျောက်တောင်ကို မြင်လတ္တံ့။ ထိုတောင်သို့ရောက်လျှင် အရှေ့မြောက်ထောင့်၌ ကြာမျိုး ၅-ပါးဖြင့် ဖုံးလွှမ်းအပ်သော မုစလိန္ဒာအိုင်ကို မြင်လတ္တံ့။ ထိုမုစလိန္ဒာအိုင်သို့ ရောက်သောအခါ အရှေ့မြောက်သို့မျှော်လျှင် ကောင်းကင်အလုံးကြိုး၍ မိုးဦးအချိန်၌ တိမ်လိပ်တိမ်တောင် ညိုရောင်ထပ်ထပ်ယှက်သကဲ့သို့ ရွက်ညိုဆိုင်းဆိုင်း ခက်တိုင်းဖြီးဖြီး အသီးအပွင့်ကိုဆောင်လျက် လမ်းမြောင်၂-ဘက်တို့၌ ယှက်ကူးမိုးကာ၍ နေဇာမြက်စိမ်းစိမ်း မြရည်လိမ်းသကဲ့သို့ ခပ်သိမ်းစုံခြေ မြေပြင်အလုံးဖုံးလွှမ်းသဖြင့် စိတ်ဝမ်းမဆည်နိုင်အောင် မြိုင်တောစိမ့်တောကြီးကို မြင်တော်မူလတ္တံ့။ ထိုတော၌ ရာသီအလိုက်သီးပွင့်သော သစ်ပင်ထက် တွန်မြူးရင့်ကျူး အထူးထူးသောငှက်သံများကိုလည်း ကြားတော်မူလတ္တံ့။ ထိုကြောက်မက်ဖွယ် နက်စွာသောတောကြီးသို့ သားဟင်းမျိုးကိုအလိုရှိသော ကေသရာဇာ ခြင်္သေ့မင်းသည် ရဲရင့်စွာဝင်ဘိသကဲ့သို့ အရှင်မင်းကြီးသည်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့်တော်မူလျက် လူတစ်ယောက်သွားလောက်ရုံ မြက်,ချုံနွယ်ဆီးသော ခရီးမြောင် ခရီးကွေ့ အရှေ့မြောက်သို့ ကြွဝင်တော်မူလေလော့။ ထိုတောတောင်သည် မြောင်ကြားချောက်ကြား ကမ်းပါးတောင်ယံသို့ ကွေ့လည်၍သွားရသောကြောင့် “ဝင်္ကပါ”ဟု အမည်တွင်၏။”
“ထိုဝင်္ကပါတောင်၌ တောင်မြောင်ချောက်ကြားတို့မှ စီးလာသော မြစ်ငယ်ချောင်းငယ်တို့၏ အထက်အညာသို့ရောက်လျှင် ရေခံတက်, ကြည်းခံတက်ပင်တို့ဖြင့် ဝန်းရံကာလျက် ဈာန်သမာပတ်ရသော ရသေ့, ရဟန်းတို့၏ သောက်ချိုးရာ ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ၄-ထောင့်ကျယ်စွာ ဆိပ်ကမ်းသာသော ရေကန်ကြီးကို တွေ့တော်မူလတ္တံ့။ ထိုရေကန်သည် အလွန် ပျံ့မွှေးအေးကြည်လျက် နက်စွာသောရေသည် ရှိ၏။ ငါးကြီးတို့ပျော်မြူးရာလည်း ဖြစ်၏။ ထိုရေကန်ကြီးကိုအမှီပြု၍ အရှေ့မြောက်မနီးမဝေးတွင် မြေပြင်အခင်းအကျင်း သန့်ရှင်းတော်သင့်ရာ၌ နေရာသင်္ခမ်းဆောက်၍ ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ သတိထက်ကြပ် မပြတ်နေ့ည လုံ့လပြုလျက် တောသစ်သီးတောသစ်ဖုတို့ဖြင့် အသက်မွေး၍ နေတော်မူလော့”
ဤသို့ စေတမင်းသား ၆-သောင်းတို့သည် ဘုရားလောင်းအား ၁၅-ယူဇနာရှိသော ခရီးစဉ်ခရီးဆစ်ကို ဖွင့်လှစ်ညွှန်ကြားပြီးလျှင် “ယခု မင်းကြီးသွားရမည့်ခရီးသည် ဥပဒ်အန္တ ရာယ် ထူထပ်လှ၏။ မင်းကြီးလည်း မသွားစဘူး, မရောက်စဘူးဖြစ်သည်။ ထိုသို့ဖြစ်၍ အန္တရာယ်ကို တားမြစ်စေခြင်းငှာ ခရီးလမ်းညွှန်ရန် တောရေးတောင်ခွင်၌လိမ္မာသော လူတစ်ယောက်ကိုထားခဲ့မှ သင့်မည်”ဟု ကြံစည်တိုင်ပင်ကြပြီးသော် စေတတိုင်းသား မုဆိုးတစ်ယောက်ကို “သင်သည် လူသွားလူလာကို စူးစမ်းမေးမြန်း၍ အန္တရာယ်မရှိရအောင် မင်းကြီးအားစောင့်ရှောက်လျက် လိုက်၍ ခရီးလမ်းညွှန်ကြားလေ”ဟု ထိုတောဝ၌ မုဆိုးသားကို အစောင့်ထားခဲ့ပြီးသော် မိမိတို့တိုင်းပြည်သို့ ပြန်ကြလေကုန်၏။
ဘုရားလောင်း ဝေဿန္တရာမင်းကြီးသည် လက်စွဲတော် သန်လျက်, ဓား, လေး, မြားစွဲလျက် သားတော် သမီးတော်နှင့်တကွ မြောက်သားတော်ကိုခေါ်၍ မုဆိုးသာလျှင် လမ်းညွှန်ရှိသဖြင့် တောကြီးထဲသို့ သက်ဝင်ကြွသွားလေသော် ထိုနေ့ညဉ့် ဂန္ဓမာဒနတောင်သို့ ရောက်လေ၏။ ဂန္ဓမာဒနတောင်၌အိပ်၍ နံနက် မိုးသောက်ပြန်လျှင် တစ်ဖန် မြောက်သို့ရှေးရှု ဝေပုလ္လတောင်ခြေရင်းဖြင့်သွား၍ ကေတုမတီမြစ်သို့ ရောက်လေ၏။ ထိုကေတုမတီမြစ်၌ မုဆိုးသားသည် ပေးဆက်အပ်သော ကောင်းမြတ်စွာသော သားအမဲဟင်းမျိုးတို့ကိုစားပြီးလျှင် ထိုမုဆိုးသားအားလည်း ဘုရားအလောင်းသည် ရွှေဦးသျှောင်ကျင်ကို ချွတ်၍ပေးတော်မူ၏။ ထိုမြစ်နား၌ အပင်အပန်းဖြေလျက် ရေမိုးသောက်ချိုးပြီးသော် မုဆိုးသားလည်းပြန်၍ တောဝ၌စောင့်နေလေ၏။
ဘုရားလောင်းသည်လည်း မြစ်ကိုကူးလျက် မြောက်စူးစူးသို့သွားကြလေသော် သာနုအမည်ရှိသော တောင်ထိပ်၌ ချမ်းရိပ်အေးမြသော ပညောင်ပင်ကြီးသို့ ရောက်လေ၏။ ထိုပညောင်ပင်ရိပ်၌ ခံ့ရုံမျှနားနေပြီးသော် ပညောင်သီးကိုစားကြလျက် ထ၍သွားကြပြန်သဖြင့် နာလိကတောင်သို့ ရောက်လေ၏။ ထိုနာလိကတောင်မှ အရှေ့မြောက်သို့သွားပြန်တော် မုစလိန္ဒာအိုင်သို့ ရောက်လေ၏။ ထိုအိုင်၌ တောသစ်သီး ကြာစွယ်ကြာဖုတို့ကိုစား၍ ရေမိုးသောက်ချိုးပြီးသော် အရှေ့မြောက်အရပ်၌ တစ်ယောက်သာ သွားလောက်ရုံမျှသော ခရီးကွေ့ဖြင့် တောနက်ကြီးထဲသို့ ဝင်တော်မူလေ၏။ ထိုစိမ့်တောမြိုင်တောမှ ထွက်ပြန်လျှင် တောင်မြောင်ချောက်ကြားတို့မှ စီးကုန်သော မြစ်တို့၏အညာသို့သွား၍ ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ၄-ထောင့်ကန်သို့ ရောက်လေ၏။
ထိုအခါ သိကြားမင်းသည် လူ့ပြည်သို့ ရှုကြည့်ဆင်ခြင်လတ်သော် “ယခုယောက်ျားမြတ်သည် ဟိမဝန္တာသို့ ဝင်၏။ ထိုယောက်ျားမြတ်အား နေရာသင်္ခမ်းကို ဖန်ဆင်း၍ ပေးအံ့သောငှာ လျောက်ပတ်၏”ဟု ဝိသုကြုံနတ်သားကို ခေါ်ပြီးလျှင် “သင်သည် ယခု လူ့ပြည်သို့သွားချေ။ ဝင်္ကပါတောင်ဝှမ်း၌ နှလုံးမွေ့လျော်ဖွယ်ရှိရာ အရပ်တွင် ယောက်ျားမြတ်တို့ နေရာသင်္ခမ်းကို ဖန်ဆင်းချေ”ဟု စေလိုက်၏။
ဝိသုကြုံနတ်သားသည်လည်း “အရှင်သိကြားမင်း၊ ကောင်းပါပြီ”ဟု ဝန်ခံ၍ နတ်ပြည်မှ ထိုဝင်္ကပါတောင်သို့ ဆင်းသက်ပြီးသော် နှလုံးမွေ့လျော်ဖွယ်ရှိသောအရပ်၌ နေရာသင်္ခမ်း ၂-ဆောင်, စင်္ကြံ ၂-ဆောင်, ညဉ့်အိပ်ရာနေရာ အလုံးစုံတို့ကိုဖန်ဆင်းပြီးလျှင် စကြံဦး၌ အထူးထူးသော ပန်းပင် ငှက်ပျောပင်တို့ကိုလည်း ထင်စေလျက် ရဟန်းတို့ ၏ ပရိက္ခရာအသုံးအဆောင်တို့ကိုလည်း စီရင်၍ “ခပ်သိမ်းကုန်သောသူတို့သည် ရဟန်းပြုလိုလျှင် ဤပရိက္ခရာအသုံးအဆောင်တို့ဖြင့် ရဟန်းပြုပါကုန်”ဟု ကမ္ပည်းအက္ခရာရေးလျက် ကျောက်သင်္ခမ်းအတွင်း၌ ထား၏။ ဘီလူး, မြေဖုတ်, တစ္ဆေ ကြောက်မက်ဖွယ်သော အသံကိုပြုတတ်သော ငှက်ဆိုး, သားရဲတို့ကိုလည်း ဝေးရာဖဲကြဉ်စေပြီးသော် နတ်ပြည်သို့ ပြန်သွားလေ၏။
ဘုရားလောင်းသည် ရေကန်၏အရှေ့မြောက် တစ်ယောက်မျှသာ သွားလောက်ရုံသောခရီးကွေ့ဖြင့် ကျောင်းသင်္ခမ်းကိုမြင်လျှင် “ဤနေရာကား ရဟန်းတို့နေရာ ဖြစ်မည်”ဟု ကြံ၍၊ မဒီဒေဝီနှင့် သားတော်, သမီးတော်တို့ကို သင်္ခမ်းတံခါးဝ၌ထားခဲ့ပြီးမှ တံခါးကိုဖွင့်ပြီးသော် ကျောင်းသင်္ခမ်းတွင်းသို့ဝင်လျက် ကမ္ပည်းအက္ခရာကိုဖတ်လျှင် “ငါ့အား သိကြားပေးအပ်သော နေရာတည်း”ဟု သိ၍၊ လက်စွဲတော်, သန်လျက်, လေးမြားတို့ကို တော်သင့်ရာစွန့်ထားလျက် ဖန်ရည်စွန်းသော လျှော်တေသင်္ကန်းဖြင့် ဝတ်လဲတော်ပုဆိုးကို လဲချွတ်တော်မူ၍၊ နီမြန်းသောလျှော်တေသင်္ကန်းကို ဝတ်တော်မူ၍ သစ်နက်ရေသင်္ကန်းကို ပခုံးတစ်ဘက်ဖြင့် လက်ကန်တော့စံပယ်တင်ရုံလျက် ဆံကျစ်ဦးစွန်းထူးသဖြင့် ရသေ့ရဟန်းပြုပြီးသော် ဝါးရင်းတောင်ဝှေးကို လက်စွဲလျက် ကျောင်းသင်္ခမ်းတွင်းမှ ပြင်သို့ ထွက်ခဲ့၍ ရဟန်း၏ဣန္ဒြေ အသရေကိုဖြစ်စေသဖြင့်-“အဟော သုခံ အဟော သုခံ၊ ပဗ္ဗဇ္ဇာ မေ အဓိဂတာ” ဟု နှစ်သက်ရွှင်လန်းစွာသောစကားဖြင့် ဥဒါန်းကျူးတော်မူ၏။
(မေ မယာ၊ ငါသည်။ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်ကို။ အဓိဂတာ၊ ရအပ်ပြီ။ အဟော သုခံ, အဟော သုခံ၊ ဪ ချမ်းသာစွာ့, ဪ ချမ်းသာစွာ့။)
ဤသို့ ဥဒါန်းမြွက်ကျူးတော်မူလျက် စင်္ကြံသို့တက်၍ ရှေ့နောက်လူးလာ စင်္ကြံကြွသွားတော်မူပြီးမှ အရှင်ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ငြိမ်သက်ခြင်းဣန္ဒြေဖြင့် သားတော် သမီးတော်, မြောက်သားတော်တို့၏အထံသို့ ကြွသွားတော်မူ၏။
ထိုအခါ မဒ္ဒီဒေဝီသည် အသွင်အပြင်ခြားသော ဘုရားလောင်းကိုမြင်လျှင် ထင်ယောင်ထင်မှား ဘုရားလောင်းမှန်းကို နောက်မှအတပ်သိ၍ မိမိကိုယ်အဖြစ်ဖြင့် မရပ်မတည်နိုင်ခြင်းဖြင့် ခြေတော်ရင်း၌ဝပ်လျက် ငိုကြွေးပြီးလျှင် ဘုရားလောင်းနှင့်အတူ ကျောင်းတွင်းသို့ဝင်၍ မိမိတိုက်ခန်း ကျောင်းသင်္ခမ်းသို့သွားပြီးလျှင် ရသေ့မ၏အသွင်ကို ယူလေ၏။ ထို့နောက် သားတော် သမီးတော်တို့ကိုလည်း ရသေ့ငယ် ပြုစေကုန်၏။ ဤသို့ မင်း ၄-ပါးတို့သည် ဝင်္ကပါတောင်ဝှမ်းတွင် ကျောင်းသင်္ခမ်း၌ ရသေ့၏အသွင်ကို ယူလျက်နေကြကုန်၏။
ထိုအခါ မန္ဒီဒေဝီသည် ဘုရားလောင်းအား ဤသို့ တောင်းပန်၏။
“အရှင်မင်းကြီး အရှင်သည် သစ်သီးကြီးငယ်အလို့ငှာ တောသို့ အရှာအဖွေ ကြွတော်မမူပါနှင့်။ ဤကျောင်းသင်္ခမ်း၌ သားငယ် ၂-ယောက်နှင့်သာ မွေ့လျော်တော်မူပါလော့။ အကျွန်ုပ်သည် တောသို့သွား၍ သစ်သီးကြီးငယ်တို့ကို ဆောင်ယူပါအံ့”ဟုတောင်းပန်၏။
ထိုနေ့မှစ၍ မဒ္ဒီဒေဝီသည် တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်ယူခဲ့၍ မင်း၃-ပါးတို့အား လုပ်ကျွေးမွေးမြူ၏။
ဘုရားလောင်းသည်လည်း မန္ဒီဒေဝီအား “အဘယ်မဒ္ဒီ။ ငါတို့သည် ဤနေ့မှစ၍ ရဟန်းဖြစ်ကြကုန်ပြီ။ မိန်းမတို့မည်သည်ကား ဗြဟ္မစရိယ သိက္ခာပုဒ်၏ အညစ်အကြေး ဖြစ်ချေသည်။ ဤနေ့မှစ၍ အခါမဟုတ်သည်၌ သင် ငါ့ထံသို့ မလာပါနှင့်”ဟု တောင်းပန်၏။ မဒ္ဒီဒေဝီလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၏။
ထိုအခါ ဘုရားလောင်း၏ပါရမီတော် အာနုဘော်ကြောင့် ထက်ဝန်းကျင် ၃-ယူဇနာအရပ်၌ နေကြကုန်သော တိရစ္ဆာန်အပေါင်းတို့သည် အချင်းချင်း နှိပ်စက်ညှဉ်းဆဲခြင်းမပြု ချစ်ခင်မြတ်နိုးလျက် မေတ္တာစိတ်ကို ရကြကုန်၏။
မဒ္ဒီဒေဝီသည် နံနက်စောစောထ၍ သောက်ရေသုံးရေကိုဆောင်ယူပြီးသော် ဘုရားလောင်းအား ဒန်ပူ,မျက်နှာသစ်ရေကပ်၍၊ ကျောင်းကို တံမြက်လှည်းပြီးမှ သားငယ်သမီးငယ်ကို ခမည်းတော်ထံ၌ထားခဲ့၍ တံချူ, ခြင်းတောင်း, တူရွင်းလက်စွဲလျက် တောသို့ဝင်ပြီးသော်၊ တောသစ်မြစ်, သစ်ဖု, သစ်ဥ, သစ်သီးကြီးငယ်တို့ဖြင့် ခြင်းတောင်း၌ပြည့်စေသဖြင့် ညချမ်းသောအခါ ကျောင်းသင်္ခမ်းသို့ပြန်၍ ခြင်းတောင်းကို ချထားပြီးလျှင် သားငယ်, သမီးငယ်တို့ကို ရေချိုးစေ၏။ ထို့နောက်မှ မင်း ၄-ပါးတို့သည် ကျောင်းတံခါးဝ၌နေ၍ သစ်သီးသစ်ဖုတို့ကို သုံးဆောင်ကြကုန်၏။ သုံးဆောင်ပြီးသော် မဒ္ဒီဒေဝီသည် သားငယ် ၂-ယောက်တို့ကိုယူ၍ မိမိအိပ်ရာသင်္ခမ်းသို့ သွား၏။
ဤသို့သောနည်းဖြင့် မင်း၄-ပါးတို့သည် ဝင်္ကပါတောင်ဝှမ်း၌ ချမ်းသာအေးငြိမ်းသော ရသေ့အသွင်ဖြင့်၇-လပတ်လုံး နေကြကုန်၏။