ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၇
ဤသို့ ပုဏ္ဏားဇာတ်ပျက် အသက်ကြီးစွာ ဘာရဒွါဇအနွယ်ဖြစ်သော ဇူဇကာပုဏ္ဏားသည် ထိုခရီးဖြင့်သွားလေသော်၊ အစ္စုတရှင်ရသေ့နေရာ သင်္ခမ်းသို့ရောက်၍ အစ္စုတရှင်ရသေ့နှင့် အညီအညွတ် ဤသို့ စကားပြောဟော၏။
“ရှင်ရသေ့။ ကိုယ်တော် အဘယ်သို့ ရှိပါသနည်း။ အနာဆင်းရဲ ကင်းပါ၏လော။ တောသစ်မြစ်သစ်သီး ရှာမှီးခြင်းဖြင့် မျှလောက်ပါ၏လော။ သစ်သီးသစ်မြစ် ရလွယ်ပါ၏လော။ မှက်,ခြင်,မြွေကင်း,သန်း နည်းပါ၏လော။ သားရဲတို့ဖြင့်ပြည့်သော ဤတော၌ ဘေးအန္တရာယ်မရှိ ငြိမ်းချမ်းပါ၏လော”ဟု မေး၏။
အစ္စုတရှင်ရသေ့သည် ပုဏ္ဏားစကားကို ကြားလျှင် “ပုဏ္ဏားကြီး။ ငါကား အနာဆင်းရဲမရှိ ချမ်းသာ၏။ သစ်မြစ်သစ်သီးတို့ဖြင့် မျှလောက်၏။ သစ်သီးသစ်မြစ်တို့ကိုလည်း ရလွယ်၏။ မှက်, ခြင်, မြွေကင်း,သန်းတို့လည်း နည်းကုန်၏။ သားရဲတို့ဖြင့်ပြည့်သော ဤတော၌ အန္တရာယ်မရှိ ငြိမ်းချမ်း၏။ ငါ ဤကျောင်းသင်္ခမ်း၌ နေသည်ကား နှစ်ပေါင်းများစွာ ရှိပြီ။ နှလုံးမမွေ့လျော်နိုင်အောင် နှိပ်စက်သောအနာကို ငါ မမှတ်မိ။ ပုဏ္ဏားမြတ်။ သင့်အား ကောင်းသောလာခြင်းဖြစ်၍ သင်သည် ငါ၏ကျောင်းတွင်းသို့ဝင်၍ ခြေဆေးလော့။ တည်သီး,လွန်သီး, သစ်မည်စည်သီး, သရက်ဖြူသီး၊ ဤသစ်သီးတို့သည် ပျားမွဲအရသာနှင့် တူသောအရသာ ရှိကုန်၏။ သင် နှစ်သက်မြတ်နိုးရာ သုံးဆောင်လော့။ တောင်, မြောင်, ချောက်ကြားတို့မှစီးသော မြစ်ရေကိုဆောင်၍ ဤရေအိုး၌ ပြည့်စေ၏။ ထို ကြည်အေးလှစွာသောရေကို သင်သောက်လိုလျှင် သောက်ပါလော့”ဟုဆို၏။
ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “ရှင်ရသေ့။ အရှင်သည် အကျွန်ုပ်အား သစ်သီးတို့ကို ပေး၏။ ထိုသစ်သီးဖြင့်ပင် ရှင်ရသေ့ကို ပူဇော်ပြန်ပါ၏။ အကျွန်ုပ် ဤအရပ်သို့ ယခုလာသည်ကား စေတုတ္တရာပြည်ကြီးသခင် သိဉ္စည်းမင်းကြီးသားတော် သိဝိတိုင်းသူတို့ နှင်ထုတ်လိုက်၍သွားရသော ဝေဿန္တရာမင်းကြီးကို ဖူးမြင်လိုသောကြောင့် အကျွန်ုပ်လာ၏။ ဝေဿန္တရာမင်းကြီးနေရာကို ရှင်ရသေ့သိလျှင် ညွှန်ပြတော်မူပါ”ဟုဆို၏။
ထိုစကားကိုကြားလျှင် အစ္စုတရှင်ရသေ့သည် “ပုဏ္ဏားကြီး။ သင်သည် ကောင်းမှုကိုအလိုရှိ၍ သိဝိတိုင်းကြီးသခင် ဘုရင်ဝေဿန္တရာ မင်းကြီးကို ဖူးမြင်လာသည် မဟုတ်။ ကိုယ်,နှုတ်၏ရိုသေခြင်းဖြင့် လင်ကို ကောင်းစွာလုပ်ကျွေးသော မင်းကြီး၏မိဖုရား မဒ္ဒီကိုတောင်း၍၊ ကဏှာဇိန်, ဇာလီတို့ကို ကျွန်သမီး, ကျွန်ယောက်ျားပြုလျက် သားအမိ ၃-ယောက်တို့ကို တောမှ ဆောင်သွားမည်အကြံနှင့် လာသည်ဟု ငါထင်၏။ ဤတောအရပ်၌ မင်းကြီးဝေဿန္တရာသည် ဆန်စပါး, ဥစ္စာစည်းစိမ် မရှိ။ ဆင်းရဲငြိုငြင်စွာ မယား၏အမွေးအကျွေးဖြင့် သားငယ် ၂-ယောက်တို့နှင့်သာ ပျော်မွေ့ရရှာ၏။ မင်းကြီးဆီသို့ သင်သွား၍ အဘယ်အကျိုး ရှိအံ့နည်း”ဟု ဆို၏။
ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “ငါသည် ဤရှင်ရသေ့အား စေတမုဆိုးမှာ လှည့်စားသကဲ့သို့ “သိဉ္စည်းမင်းကြီးက စေလိုက်သည့်တမန် ဖြစ်သည်”ဟု ပြောလျှင် ငါအရွယ်အသက် အသွင်အပြင်ကိုထောက်သဖြင့် ရှင်ရသေ့ မယုံတန်ချေ။ ရှင်ရသေ့ယုံကြည်လောက်အောင် တခြားကြံ၍ ပြောရချေသော် ကောင်းသေး၏”ဟု ကြံပြီးလျှင်၊
“ရှင်ရသေ့။ အကျွန်ုပ်သည် ခပ်သိမ်းသောသူတို့၌ ဖျက်ဆီးတတ်သောအလေ့ မရှိ၊ ယခုလာသည်မှာလည်း တောင်းလိုခံလို၍ လာသည်မဟုတ်။ အကျွန်ုပ်ကား ဝေဿန္တရာမင်းကြီး၏ ဆရာပုရောဟိတ်တည်း။”
“ရှင်ရသေ့။ ဖြူစင်သောအကျင့်ရှိသောကြောင့် “အရိယာ”ဟု သမုတ်အပ်သော သူတော်ကောင်းတို့ကို တစ်ကြိမ်မျှသော်လည်း ဖူးမြင်ရခဲ၏။ အတူတကွ ပေါင်းဖော်ရခြင်းကိုကား ဆိုဖွယ်မရှိ။ သူတော်ကောင်းကို ဖူးမြင်ရခြင်း, အတူတကွနေရခြင်းသည် အလွန် ကိုယ်,စိတ်ချမ်းသာခြင် အကြောင်းဖြစ်၏။”
“ရှင်ရသေ့။ အကျင့်မြတ်သော မင်းကြီးဝေဿန္တရာကို သိဝိရာဇ်ပြည်သူတို့ နှင်ထုတ်လေသည်မှ ယခုတိုင် မမြင်မတွေ့ ရသည်ကြာသောကြောင့် ဖူးမြင်လို၍ အကျွန်ုပ် လာခဲ့သတည်း။ မင်းကြီးနေရာကိုသိလျှင် ရှင်ရသေ့ ညွှန်ကြားတော်မူပါလော့”ဟု ဆို၏။
ထိုစကားကိုကြားလျှင် အစ္စုတရှင်ရသေ့သည် ပုဏ္ဏားစကားကိုယုံကြည်၍ “ပုဏ္ဏားကြီး၊ ထိုသို့ မင်းကြီးကို ဖူးမြင်လိုသည်ဖြစ်စေ၊ ယခု အချိန်မဟုတ်ပြီ။ ဤကျောင်းတွင်ပင် အိပ်နေဦးလော့။ နက်ဖြန်မိုးသောက်မှ ငါ ညွှန်ကြားလိုက်အံ့”ဟုဆို၍ ဇူဇကာပုဏ္ဏားအား သစ်သီးကြီးငယ်တို့ဖြင့် ရောင့်ရဲစေ၏။
နံနက်မိုးသောက်လျှင် အစ္စုတရှင်ရသေ့သည် ဇူဇကာပုဏ္ဏားအား ခရီးညွှန်ကြားလို၍ လက်တစ်ဘက်ကို ဆန့်တန်းလျက် ဤသို့ ဆို၏။
“ဇူဇကာပုဏ္ဏားကြီး။ သင် ရှုလော့။ ကျောက်အတိပြီးသော ဤတောင်ကား ဂန္ဓမာဒန အမည်ရှိ၏။ ထိုတောင်ခြေရင်းသို့ သွားသောခရီးဖြင့် မင်းကြီးဝေဿန္တရာ နေရာသင်္ခမ်းသို့ ဖြောင့်ဖြောင့်ရောက်လတ္တံ့။ အကြင်အရပ်၌ မင်းကြီးဝေဿန္တရာသည် သားမယားနှင့်တကွ ရသေ့အသွင်ဖြင့် ဆံကျစ်ဦးစွန်း သစ်နက်ရေသင်္ကန်း, တံချူမီးပွတ်တို့ကိုဆောင်လျက် မြေ၌ပင်လျှင် အိပ်ခြင်းနေခြင်းကိုပြု၍ အဖြစ်မြတ်သောသူကို ပူဇော်ရှိခိုး ကိုးကွယ်လျက် ကျောင်းသင်္ခမ်း၌နေ၏။”
“ထိုမင်းကြီး နေသောအရပ်၌ အထူးထူးသောအသီးကိုဆောင်လျက် သစ်ပင်တို့သည် စိမ်းညိုသောအရောင်ဖြင့် တိမ်တောင်တိမ်လိပ်ကဲ့သို့ ချမ်းရိပ်ဝေဝေ ပင်ခြေဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့ ထင်ကုန်၏။ တစ်ကြိမ်သောက်၍ ယစ်သောလုလင်ပျိုတို့သည် ထိုမှဤမှ တိမ်းဘီတိမ်းပါးသွားဘိသကဲ့သို့ ခက်ကျိုင်းစိမ်းညို နှစ်လိုဖွယ်သောသစ်ပင်ပျိုတို့သည် ဥဒဟိုလေသိမ်းခတ်၍ တိမ်းညွတ်ပျောင်းအိလျက် အကိုင်းချင်း ကြိတ်မိသောအသံသည်လည်း နတ်စည်, စောင်း, ငြင်း, နှဲ, ခရာသံကဲ့သို့ သာယာစွာမြည်ကုန်၏။”
“ထိုသစ်ပင်တို့၏အဖျား၌ များစွာသောကျေးငှက်တို့သည် တစ်ပင်ပျံကူး တစ်ပင်မြူး၍ ကျူးအေးသံညှင်း နတ်သီချင်းကဲ့သို့ သန့်ရှင်းချိုသာ သံစာစာနှင့် လာကုန်သွားကုန် နေကုန်သောသူတို့၏ နှလုံးကို ရွှင်ပြုံးပျော်မွေ့စေလျက် မခွာရက်အောင် ရင့်ရူတွန်မြူးကြကုန်၏။”
“ထိုတောအရပ်၌ နှလုံးမွေ့လျော်ဖွယ်ရှိသော မြေအပြင်သည် ဆင်နှာမောင်းပင်, မြေဇာပင်တို့ဖြင့် ပြည့်ကုန်သည်ဖြစ်၍ မြရည်လိမ်းသကဲ့သို့ စိမ်းစိမ်းဖန့်ဖန့်ရှိကုန်၏။”
“အစိမ်းအရွှေ ၂-ထွေရောပေါင်း၍ ဥဒေါင်းရင်မွေးအဆင်းရှိလျက် လဲစုမက နုညက်လှသော မြက်ပင်တို့သည်လည်း မြေမှ လက်၄-သစ်ထက် မလွန်မူ၍ တညီတညွတ် ထက်ဝန်းကျင်ရှိကုန်၏။ ထိုမြက်ပင်ပေါ်၌ မြူတစ်လွှာမျှ မကျမလွင့် မြပွင့်နီလာကဲ့သို့ စိမ်းညိုလန်းလန်း ရှုမခန်းဖြစ်ကုန်၏။”
“လူတို့သုံးဆောင်ဖွယ် တင့်တယ်စွာ အသီးအပွင့်ကိုဆောင်ကုန်သော သစ်ပင်တို့ဖြင့် နှစ်လိုခြင်းကို ပွားစေကုန်၏။”
“ကြောင်မျက်ရွဲအဆင်းကဲ့သို့ အဆင်းရှိလျက် သင်းပျံ့အေးကြည်စွာ ငါးလိပ်တို့၏မှီခိုရာဖြစ်သော မြစ်တို့သည်လည်း သင်္ခမ်းအနီး၌ ရစ်ခွေယှက်ကာ စီးကုန်၏။”
“ထိုကျောင်းသင်္ခမ်း၏ မနီးမဝေး နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသောမြေအရပ်၌ ကြာမျိုး၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်သည် နန္ဒဝန်ဥယျာဉ်၌ နတ်တို့၏ပျော်မြူးရာ ရေကန်နှင့်လည်း တူ၏။ ထိုရေကန်၌ ကြာမျိုး ၅-ပါးတို့သည် အဆင်းအားဖြင့် ကြာညို, ကြာဖြူ, ကြာနီဟု ၃-ထွေ ၃-သွယ် ဆန်းကြယ်စွာပွင့်ကုန်၏။”
“ပုဏ္ဏားကြီး။ ထိုရေကန်ကိုမရောက်မီ မုစလိန္ဒာမည်သောအိုင်သည်လည်း ရှိ၏။ ထိုမုစလိန္ဒာအိုင်၌ ကြာပဒုမ္မာပွင့်တို့သည် ခေါမတိုင်းဖြစ် ပိတ်ဖြူသစ်ကို ဖြန့်လှစ်၍လွှမ်းသည်နှင့်အတူ ဖြူသောအရောင်ဖြင့် ဖုံးလွှမ်းကုန်၏။ ကြာဖြူ, ကြာညို, လယ်ကန်စွန်းတို့သည်လည်း ပြွမ်းယှက်၍ တစ်ချက်တည်း ဖုံးလွှမ်းကုန်၏။ နွေလ, ဆောင်းလတို့၌ ပွင့်ကုန်သော ပဒုမ္မာကြာတို့သည်လည်း အဆုံးမရှိ။ ပုဆစ်ဒူးလောက်မျှသော ရေအပြင်၌ အထပ်ထပ်ဖြန့်၍ လှန်းသကဲ့သို့ ထက်ဝန်းကျင်ရှိကုန်၏။ ကြာဝတ်ဆံပွင့်တို့၌လည်း ပန်းရက်သောက်ယူကုန်သော ပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။”
“ထိုမုစလိန္ဒာအိုင်နား ထက်ဝန်းကျင်၌ ကဒမ္ဗ-ထိန်ပင်, ပါဋလိ-သခွတ်ပင်, ကောဝိဠာရ-ပင်လယ်ကသစ်ပင်, အင်္ကောလ-အင်ပင်, ကစ္ဆိကာရ-ကန်စွန်းပင်, ပါရိဇည-သစ်ပန်းပင်, ဝါရဏ-ရေဥနှဲပင်, ယဝန-ယင်းရည်းပင်, သိရီသ-ကုက္ကိုပင်, သေတပါရိတ- ပုန်းရည်စာပင် (ဆင်နားပင် ဟူ၏), မဒ္ဒက-ကြက်မောက်ပင်, နိဂ္ဂုဏ္ဍီ-ကြောင်ပန်းဖြူပင်, သရနိဂ္ဂုဏ္ဍီ-ကြောင်ပန်းနက်ပင်, အသန-ပိတောက်ပင်, ပင်္ဂုလ-ပျဉ်းပင်, ဗကုလ-ခရားပင်, သေလ-ပြည့်စင်ပင်, သောဘဉ္စနက-ဒန့်သလွန်ပင်, ကေတက-ဆတ်သွားပင်, ကဏိကာရ-မဟာလှေကားပင်, ကဏဝေရ-ခေါင်ရန်းပင်, အဇ္ဇုန-ထောက်ကြံ့ပင်, အဇ္ဈကဏ္ဏ-မုတ်ဆိတ်နားပင်, မဟာနာမ-သစ်ကြံပိုးပင်, ကိံသုက-ပေါက်ပင်, သေတမဏ္ဏီ-သစ်အယ်ပင်, သတ္တပဏ္ဏိ-စရည်းပင်, ကဒလီ-ငှက်ပျောပင်, ကုသုမ္ဘရ-ဆူးပန်းပင်, ဓနု-ဆူးချဉ်ပင်, တက္ကာရီ-ရေသကျည်းပင်, သီသပ-ထန်းဆင်ပင်, အစ္ဆိဝ-ရင်ခတ်ပင်, သိဒဝ-သနပ်ခါးပင်, သလ္လကီ-နပဲပင်, သေတဂ္ဂေရု-မုရားသိမ်ပင်, တဂရ-တောင်ဇလပ်ပင်, မံသိ-မဲသီးမြတ်ပင်, ကုဋ္ဌ-ပန်းနုပင်, ဂစ္ဆ-ပန်းမပင်, ကုလာဝရ-ကန့်ပလူပင်၊ ဤသစ်ပင်တို့သည် အချို့ကြီး, အချို့ငယ်, အချို့ပျောင်း, အချို့ညွတ် ထက်ဝန်းကျင်အရပ်တို့၌ ပင်လုံးကျွတ်ပွင့်လျက် တည်ရှိကုန်၏။”
“ပုဏ္ဏားကြီး။ ထိုမှတစ်ပါးတုံ ထိုမုစလိန္ဒာအိုင်နား ထက်ဝန်းကျင်၌ ဖဏိဇ္ဇက-ရုံးပင်, မုဂ္ဂတိယ-ပဲနောက်ပင်, ကရတိယ-ပဲလွန်းပင်, သေဝါလ-ပဲပုစွန်ပင်, သိံသ-ပဲရှောက်ပင် (စန္ဒကူးနီလည်း ဟူ၏)၊ ဤသစ်ပင်တို့သည်လည်း များစွာရှိကုန်၏။ နက်စွာသောရေတို့သည်လည်း လေခတ်သဖြင့် လှိုင်းတအိအိ ထကုန်၏။ ယင်ပျားတို့သည်လည်း ပန်းထိမ်ငိုပင်တို့၌ စွဲကုန်၏။ ထိုအိုင်နား၌ ဒါသိမ-သျှိသျှားပင်, ကောဉ္စက-ကွန်းလင်ပင်, ကလမ္ဗက-ကန်စွန်းပင်တို့သည်လည်း များစွာရှိကုန်၏။”
“ပုဏ္ဏားကြီး။ ထိုအိုင်နား၌ ဧရမ္ဗုက-သစ်ခွပန်းပင်, သဇင်ဂေါ်ပန်းတို့သည် သစ်ပင်တို့ကိုလွှမ်းလျက် တည်ကုန်၏။ ထိုသစ်ခွ, သဇင်ပန်းတို့သည် ၇-ရက်ပတ်လုံး ပန်ဆင်အပ်သော်လည်း မွှေးကြိုင်ပျံ့သင်းသော အနံ့သည် မပြယ်နိုင်ကုန်၊ ဤအိုင်နား၌ ဣန္ဒီဝရဟု ဆိုအပ်သော ရွှေကတောက်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ တောအလုံးသည် အလွန်တင့်တယ်၏။ ထိုရွှေကတောက်ပန်းသည် လခွဲပတ်လုံး ပန်ဆင်အပ်သော်လည်း အနံ့မပြယ်နိုင်။”
“နီလပုပ္ဖိ-အောင်မဲညို (ခွာညိုပင်သော်လည်း ဟူ၏), သေတပါရီ-အောင်မဲဖြူ ဂိရိကဏ္ဏက-ကြံဟင်းပင်, ဤနွယ်ပင်တို့သည်လည်း နွယ်ချင်းယှက်၍ ပွင့်ကုန်၏။ ကလေရုက္ခ-ဒန့်ကျွဲပင်, တုလသီဟိ-ကျွဲနှာခေါင်းပင် ဤသစ်ပင်တို့ဖြင့်လည်း ဖုံးလွှမ်းအပ်ကုန်၏။ ထိုအိုင်နားပတ်လည်၌ ပန်းပင်, နွယ်ပင် စသည်ရောက်ရာ မြေအဖို့သည်လည်း ငွေပြားခင်းဘိသကဲ့သို့ သဲတို့ဖြင့် ပြည့်ကုန်၏။ ထိုမုစလိန္ဒာအိုင်များထက်ဝန်းကျင်၌ တက္ကာရုဇာတ ဟုဆိုအပ်သော ဖရုံနွယ်အသီးတို့သည် အကြီး, အလယ်, အငယ် ၃-ထွေ ရှိကုန်၏။ အကြီးဖြစ်သော ဖရုံသီးကား အိုးစရည်းကြီးပမာဏ ရှိကုန်၏။ ထိုမှတစ်ပါးသော ဖရုံသီး ၂-မျိုးတို့သည်ကား မုရိုးစည်ပမာဏ ရှိကုန်၏။”
“ပုဏ္ဏားကြီး။ ဤမှတစ်ပါးတုံ ထိုမုစလိန္ဒာအိုင် ထက်ဝန်းကျင်၌ သာသပ-မုန်ညင်းပင်, ဟရိတ-ကြက်သွန်နီပင်, နာရိ-ကြက်သွန်ဖြူပင် ဤသစ်ပင်တို့သည်လည်း များစွာရှိကုန်၏။ အသိ-ဟု ဆိုအပ်သော ကုတ်ဟဲပင်တို့သည်လည်း ထန်းပင်ကဲ့သို့ တည်ကုန်၏။ လက်ဆုပ်ဖြင့်ဖြတ်အပ်ကုန်သော ရွှေကတောက်ပင်တို့သည်လည်း များစွာရှိကုန်၏။ အပ္ဖေါတ-ဖောက်လောက်ပင်, သူရိယဝလ္လိ-ဆူးလေပင်, ကောလိယ-ထန်းကျစ်နွယ်ပင်, မဓုဂန္တိလ-သင်းခွေပင်, အသောက-ပန်းသုန်းပင်, မုဒ္ဒယန္တိ-ဒန်းပင်, ဝလ္လိတ-ဆင်သမနွယ်ပင်, ခုဒ္ဒပုပ္ဖိယ-ရဲယိုသိမ်ပင်, ကောရဏ္ဍက-လိပ်ဆူးညိုပင်, အနောဇ-လိပ်ဆူးရွှေပင်, နာဟ-ကံ့ကော်ပင်, မလ္လိကာ-ကြက်ရုံးပင် ဤသစ်ပင်တို့သည်လည်း များစွာပွင့်လျက် တည်ကုန်၏။”
“ကိသုကဝလ္လိ ဟုဆိုအပ်သော ပေါက်နွယ်ပင်တို့သည်လည်း များစွာပွင့်လျက် တည်ကုန်၏။ ထိုကိံသုကဝလ္လိ-ဟု ဆိုအပ်ကုန်သော ပေါက်နွယ်ပင်တို့သည်လည်း သစ်ပင်ထက်၌ တက်၍ပွင့်ကုန်၏။ ကုဋေရုဟ-ဂမုန်းပင်, ဝါသန္တိ-ပန်း ၃-ဆင့်ပင်, ယောဓိယ-ပင်လယ်ကြက်တက်ပင်, မဓုဂန္ဓိယ-တောစံပယ်ပင်, နီလိယ-မုရိုးပင်, သုမန-မြတ်လေးပင်, ဘဏ္ဍီ-ဘိန်းနွယ်ပင်, စိသဝ-ဘင်းပင်, ပဒုမုတ္တရ-ဒဟဿကိုင်းပင် ဤသစ်ပင်တို့သည်လည်း တင့်တယ်စွာပွင့်လျက် တည်ကုန်၏။ ပါဋလိ-သခွတ်ပင်, သမုဒ္ဒကပ္ပါသီ-ဘီလူးဝါပင်, ကဏိကာရ-မဟာလှေကားပင် ဤသစ်ပင်တို့သည် ပွင့်ကုန်လျက် ရွှေကွန်ရက်ကဲ့သို့ တင့်တယ်ကုန်၏။ ဤသို့ ကြည်းပန်း ရေပန်း အလုံးစုံသောပန်းပင်မျိုးတို့သည် ဤမုစလိန္ဒာအိုင်၌ ရောက်ကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏။”
“ပုဏ္ဏားကြီး။ ဤမှတစ်ပါး ထိုမုစလိန္ဒာအိုင်ထဲ၌ ကျက်စားကုန်သောသတ္တဝါတို့အား ရောဟိတ-ငါးကြင်း, မုဉ္စ -ငါးရံ. မဂ္ဂုရ-ငါးခူ, ကုမ္ဘိလ-လပိုင်, မကရ-မကရ်း, သံသုမာရ-မိကျောင်း၊ ဤသတ္တဝါတို့သည်လည်း ရှိကုန်၏။"
“မဓုလဋ္ဌိ-နွယ်ချိုပင်, ကုဋဏ္ဍဇ-နွားမြေရင်းသိမ်ပင်, သေတုပုပ္ဖ-စမုန်နက်ပင်, လောလုပ-ဖာလာပင်၊ ဤသစ်ပင်တို့သည်လည်း များကုန်၏။ အဂရု-အကျော်ပင်, တုင်္ဂ-စမုန်ဖြူ စမုန်နီပင်, မလ္လိက-မလ္လာပင်, နာရစ-ထင်းရှူးပင်, ကုဋ္ဌ-ပန်းဥပင်, ဈာမက-ပန်းမပင်, ဟရေဏုက-နနွင်းနက်ပင်, ဟလိဒ္ဒက-နနွင်းပင်, ဂန္ဓသိလာ-ဆေးဒန်းမြင်းသီလာပင်, ဟိရိဝေရ-ကန့်ချုပ်ပင်, ဂုဂ္ဂုလ-ကြစုပင်, ဝိဘေဒိကာ-သစ်ဆိမ့်ပင်, စောရက-ဆိတ်ဖလူးပင်, ကုဋ္ဌ-ပန်းရင်းပင်, ကပ္ပုရ-ပရုတ်ပင်, ကလိင်္ဂုက-ဖုံးမသိမ်ပင်၊ ဤသစ်ပင်တို့သည်လည်း များစွာတင့်တယ်သဖြင့် ပေါက်ရောက်ကုန်၏။”
“ထိုမှတစ်ပါးတုံ ထိုမုစလိန္ဒာအိုင်ကို မှီကုန်သောသတ္တဝါတို့သည်ကား သီဟ-ခြင်္သေ့, ဗျဂ္ဃ-ကျား, ပုရိသာလု-အောင်း, ဟတ္ထိ-ဆင်, ဧဏေယျ-ဧဏီမည်သောသား, ပသဒ-ချေ, ရောဟိစ္စ-သမင်ဖား, သရဘ-သရာမည်သောသား, မိဂ-သမင်, ကောတ္ထုသုန-တောခွေး, သုနောပိဏ-ဝံရွှေ၊ တုလိယ-ရှူးပျံ, နလသန္နိဘ- သစ်တက်ခွေး, စာမရီ-စာမရီမည်သောသား, စလနီ-စလနီမည်သောသား, လင်္ဃီ-သမင်ပျံ, စာပိတ-မျောက်လှောင်, မက္ကဋ-မျောက်ငို, ပိစု-မျောက်စပ်, ကက္ကုဋ-သမင်ဆီးဆောက်, ကဋမာယ-သမင်ဘီလူး, ဣက္က-ဝံ, ဂေါဏသိရ-တောနွား(စိုင်လည်းဟူ၏)၊ ဤသတ္တဝါတို့သည်လည်း များစွာကုန်၏။ ခဂ္ဂ-ကြံ့ဆင်, ဝရာဟ-ဝက်ထီး, နကုလ-မြွေပါ, ကာဠက-ဝံနက်, တသ-ပတတ်, မဟိံသ-ကျွဲ၊ သိင်္ဂါလ-မြေခွေး, ပမ္ပက-ကျောင်းသင်္ခမ်း ထက်ဝန်းကျင်၌နေသော ဝါးလုံးပမာဏရှိသော ပုတ်သင်ပျံ, အကုစ္ဆ-ဖွတ်, ပစာလက-သင်းခွေချပ် (ဆင်ဦးကင်းကဲ့သို့ ဦးကင်းရှိသော သားလည်း ဟူ၏), စိတြက-သမင်ပြောက်, ဒီပိ-သစ်, ပေလက-ယုန်၊ ဤသတ္တဝါတို့သည်လည်း များစွာ ရှိကုန်၏။”
“မောရ-ဥဒေါင်း, ဘဿလ-ဝမ်းဘဲဖြူ, ကုကုဋ္ဌက-ဖုတ်လူးငှက်, စင်္ကောရ-စင်ရော်, ကုက္ကုဋ-တောကြက်, နာဂ-ငှက်ဆင်, ဗက-ဗျိုင်း, ဗလာက-ဗျိုင်းနှမ်း, နဇ္ဇုဟ-နွယ်ပေါက်ငှက်, ဒိန္ဒိဘ-ဘုမ္မတီးငှက်, ကောဉ္စ-ကြိုးကြာ, ဝါဇိက-ငှက်ခါး ဤငှက်တို့သည် အချင်းချင်းလည်ယှဉ်လျက် တွန်မြည်ရင့်ရူကြကုန်၏။ ဗျဂ္ဃိနသ-စွန်ရဲ, ဇီဝဇီဝက-ဇီဝဇိုး, ကပိဉ္စရ-ရစ်, တိတ္တိရ-ခါ, ကုလ-ဖွတ်, ပတိကုတ္တက-တင်ဆတ်, မန္ဒလက-ယင်ဘောင်, စေလကေတု-ငှက်ငမည်း, ဘဏ္ဍု-တီတီတွတ်, နာမက-ငဟစ်, စေလာပက- ရေစငှက်, ပိင်္ဂလာယ-အောက်ချင်း, ဂေါဋက-ကျွဲဆက်ရက်, အင်္ဂဟေတုက-နွားသွေးသောက်, ကရဝိက-ကရဝိက်, သဂ္ဂ-ငှက်ဆီးဆောက်, ဥဟုက္ကာရ-ခင်ပုပ်, ကုက္ကုဟ-ငှက်ဒီးဒုတ် ဤငှက်အပေါင်းတို့ဖြင့် ပြည့်သည်ဖြစ်၍ တွန်မြူးကျူးရင့်သောအသံဖြင့် ပြွမ်းကုန်၏။”
“ပုဏ္ဏားကြီး။ ထိုမှတစ်ပါးတုံ သေတက္ခိ ကူဋအဏ္ဍဇ-ငှက်တော်ဟု ဆိုအပ်သော မျက်ကွင်းဖြူလျက် မျက်စိလှသောငှက်, အဥမှပေါက်၍ ပြောက်ကြားသော အတောင်ရှိသောငှက်, ဤငှက်တို့သည်လည်း တွန်မြူးကျူးရင့်ကြကုန်၏။ ဥဒေါင်းဖိုတို့သည်လည်း ညိုသောလည်ရှိသော ဥဒေါင်းမတို့နှင့် အချင်းချင်း တွန်မြည်ရင့်ကျူးကြကုန်၏။ ကုက္ကုဋ္ဌက-ငှက်ကုလား (ငှက်မိန်လည်း ဟူ၏), ကုဠီရက-ငှက်ကူး, ပေါက္ခရသာဋက-သင်္ကန်းဖွပ်ငှက်, ကာလမေယျ-စွန်နက်, ဗလိ-စွန်ပြောက်, ယက္ခ-ငှက်ဘီလူး, ကဒမ္ဗ-ကျေးကြက်တော, သုဝသာလိကာ-ကျေးကုလား, ဟလိဒ္ဒ-စာသင်္ကန်း, လောဟိတ-စာနီ, သေတ-စာဖြူ, နလက-စာပေါင်းသောင်း, ဝါရဏ-ငှက်ဆင်, ဘိင်္ဂ-ဇရက်ငှက်, ကဒ္ဒမ-ကျေးတမာ, သုဝကောကိလ-ကျေးဖောင်းကား, ဥက္ကုသ-ဝံလိုနက်, ကုရရ-ဝံလိုဖြူ, ဟံသ-ဟင်္သာ, အာဋ-ငှက်ပျင်း, ပါရေဝတ-ခို, ရဝိဟံသ-ရွှေဝမ်းဘဲ, စက္ကဝါက-စက္ကဝါက်, နဒီစရ-တင်ကျီး, ဝါရဏ-ငှက်ကြီး ထီးလှိုင်ကာ, ဤသို့ အထူးထူးအပြားပြား များစွာကုန်သော ရေငှက်,ကြည်းငှက်တို့သည် မောင်နှံမကွာ လည်ယှက်ကာလျှင် သာယာရင့်ကျူး မြူးထူးတွန်မြည်ကြကုန်၏။”
“ပုဏ္ဏားကြီး။ ထိုမုစလိန္ဒာအိုင် ရေကန်၏ထက်ဝန်းကျင်၌ နတ်ကောက်လူးဆပ်, ပြောင်း, သလေးစပါးတို့သည် မပျိုးမစိုက်ဘဲ မှည့်သောအသီးကိုဆောင်လျက် တည်ကုန်၏။ ချိုသောအရသာရှိကုန်သော ကြံပင်တို့သည်လည်း များစွာရှိကုန်၏။ တစ်ယောက်သွားလောက်ရုံမျှ ရှိသောခရီးကို လိုက်၍သွားသည်ရှိသော် မင်းကြီးဝေဿန္တရာ၏ နေတော်မူရာ သင်္ခမ်းကျောင်းသို့ ရောက်လတ္တံ့။ ထိုအရပ်သို့ ရောက်သောသူတို့သည် ငတ်မွတ်ခြင်း, ရေသိပ်ခြင်း, နှလုံးမမွေ့မလျော် မပျော်မပါးခြင်း မရှိကုန်။ အလွန်ပျော်မွေ့သည်သာ ဖြစ်ကုန်၏။ ဤမည်သောခရီးကိုသာ သွားလေလော့”ဟု ဆို၏။
ထိုအစ္စုတရှင်ရသေ့၏စကားကို ကြားလျှင် ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ အစ္စုတ ရှင်ရသေ့ကို လက်ယာရစ်လှည့်လျက် ရှင်ရသေ့ညွှန်ပြသော ခရီးဖြင့်သွားလေ၏။