3507ဝေဿန္တရာဇာတ်တော်ကြီး — ၁၀။ သက္က ပဗ္ဗခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ မင်း၂-ပါးတို့သည် အချင်းချင်း သမ္မောဒနီယကထာကို ပြောဆိုလျက် နေကြကုန်လတ်သော် သိကြားမင်းသည် ဤသို့ ကြံ၏။

“မင်းကြီးဝေဿန္တရာသည် ယမန်နေ့က ဇူဇကာပုဏ္ဏားအား မြေကြီးကို ပဲ့တင်ထပ်စေလျက် သားသမီးတို့ကို လှူလိုက်၏။ ယခုတစ်ဖန် အမျိုးယုတ်သောယောက်ျားတစ်ပါးတို့သည် မင်းကြီးသို့ကပ်၍ မိန်းမကောင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံသော မဒ္ဒီမိဖုရားကိုတောင်းလာလျှင်မူ ပေးပြန်ရာ၏။ မဒ္ဒီမိဖုရားကို ပေးလှူသဖြင့်လည်း မင်းကြီးအား လုပ်ကျွေးပြုစုမည့်သူ မရှိ၊ တစ်ယောက်ထီးတည်း တောကြီးထဲ၌ ကိုးကွယ်ရာမရ ဆင်းရဲပင်ပန်းခြင်း ဖြစ်လေအံ့။ ထို့ကြောင့် ငါသည် ပုဏ္ဏား၏အသွင်ဖြင့် မင်းကြီးသို့ ကပ်ပြီးလျှင် မဒ္ဒီမိဖုရားကိုတောင်း၍ မင်းကြီးအား သဗ္ဗညုတပါရမီအထွတ်သို့ ရောက်စေပြီးမှ တစ်စုံတစ်ယောက်သောသူအား မပေးမစွန့်စေရအောင်ပြု၍၊ တစ်ဖန် မဒ္ဒီမိဖုရားကို မင်းကြီးအား ပေးခဲ့အံ့”ဟု ကြံပြီးသော်၊ ထိုနေ့နံနက် အရုဏ်တက်သောအခါ သိကြားမင်းသည် ပုဏ္ဏား၏အသွင်ဖြင့် မင်း၂-ပါးတို့ထံ ရှေးရှုလာလတ်၍ ရှေ့၌ရပ်လျက် ဤသို့ ပဋိသန္ဓာရ သာရဏီယစကားဖြင့် ပြောဟောလေ၏။

“သိဝိရာဇ်မင်းကြီး။ အသို့နည်း။ မင်းကြီးအား အနာဆင်းရဲ ကင်းပါ၏လော။ သစ်သီးသစ်မြစ် မျှလောက်ပါ၏လော။ သစ်သီးသစ်မြစ်တို့ကို ရလွယ်ပါ၏လော။ မှက်, ခြင်, ကင်း, သန်း နည်းပါးပါ၏လော။ သားရဲတို့ဖြင့်ပြွမ်းသော ဤတောအရပ်၌ ဘေးအန္တရာယ်မရှိ ငြိမ်းချမ်းပါ၏လော”ဟုဆို၏။

ဘုရားလောင်းသည် “ပုဏ္ဏားမြတ်။ ငါ့အား ဆင်းရဲမရှိ၊ သစ်သီးသစ်မြစ်တို့ဖြင့် မျှလောက်၏။ သစ်သီးသစ်မြစ်တို့ကိုလည်း ရလွယ်၏။ မှက်,ခြင်,ကင်း, သန်းတို့သည်လည်း နည်းပါး၏။ သားရဲတို့ဖြင့်ပြွမ်းသော ဤတောအရပ်၌ ဘေးအန္တရာယ်မရှိ။ ပုဏ္ဏားမြတ်။ ဤတောအရပ်၌ မပြတ်စိုးရိမ်ကြောင့်ကြခြင်းနှင့် ၇-လပတ်လုံးနေရသော ငါတို့အား နတ်၏အဆင်းနှင့်တူသော အဆင်းရှိသဖြင့် ဝါးရင်းတောင်ဝှေးကိုကိုင်လျက် ခွာနှင့်တကွသော သစ်နက်ရေကိုခြုံ၍ ၂-ယောက်မြောက်ဖြစ်သော သင်ပုဏ္ဏားကို ငါ မြင်ရပြန်၏။ သင်ပုဏ္ဏားမြတ်အား ကောင်းသောလာခြင်း ဖြစ်စေသတည်း။ သင့်အား အပြစ်မရှိသောလာခြင်းသည် ဖြစ်စေသတည်း။”

“ပုဏ္ဏားမြတ်။ သင်သည် ကျောင်းတွင်းသို့ဝင်၍ ခြေဆေးလော့။ တည်သီး, လွန်သီး, သစ်မည်စည်သီး, သရက်ဖြူသီးတို့သည်လည်း ပျားမွဲအရသာနှင့်တူသော အရသာရှိကုန်၏။ မြန်နိုးရာရာကိုသာ သုံးဆောင်လော့။ တောင်, မြောင်, ချောက်ကြားတို့မှ ဆောင်ယူခဲ့သော ဤရေသည်လည်း အလွန်ချမ်းအေးကြည်၏။ သင် သောက်, ချိုးသုံးဆောင်လိုတိုင်း သုံးဆောင်လော့”ဟု ပဋိသန္ဓာရစကားဖြင့် ပြောဟောပြီးလျှင် ဤသို့မေးမြန်း၏။

“ပုဏ္ဏားမြတ်။ သင်သည် ဤတောအရပ်သို့ အဘယ်အကြောင်းကြောင့် လာသနည်း။ ငါ့အား အကြောင်းကြားလော့”ဟု ဆိုတော်မူ၏။

ထိုအခါ သိကြားမင်းပုဏ္ဏားသည် “အရှင်မင်းကြီး။ ရေဖြင့်ပြည့်သောမြစ်သည် အခါခပ်သိမ်း မခန်းကုန်သကဲ့သို့ အရှင်မင်းကြီးသည်လည်း အလှူပေးခြင်း၌ မွေ့လျော်သည်ဖြစ်၏။ ထို့ကြောင့် အလှူခံအံ့သောငှာ ရောက်လာ၏။ အလှူခံအံ့သောငှာ ရောက်လာသော အကျွန်ုပ်အား သင်၏မယားဖြစ်သော မဒ္ဒီဒေဝီကို လှူတော်မူပါလော့”ဟုဆို၏။ ဤသို့ အလှူခံအပ်သည်ရှိသော် ဘုရားအလောင်းသည် “ယမန်နေ့၌ ငါသည် တစ်ယောက်သော ပုဏ္ဏားအား သားသမီး၂-ယောက်တို့ကို လှူအပ်ပြီ။ ယခုလည်း မဒ္ဒီမိဖုရားကို လှူအံ့”ဟု ကြံလျက်၊ “တောကြီးထဲ၌ ငါတစ်ယောက်တည်းသာ ဖြစ်၍၊ အသို့လျှင် မဒ္ဒီမိဖုရားကို လှူအံ့နည်း”ဟု မဆိုဘဲလျက်လျှင် လက်ဝါးပြင်၌ အသပြာ ၁၀၀၀-ထုပ်ကို ထားဘိသကဲ့သို့ ငြိတွယ်ခြင်း, တပ်ခြင်း, တွန့်တိုခြင်းမရှိ၊ ကြည်လင်ရွှင်လန်းသောစိတ်ဖြင့် တောတောင်အလုံးကို ပဲ့တင်ထပ်စေလျက် မဒ္ဒီမိဖုရား၏လက်ကိုကိုင်၍၊ “ငါသည် ယမန်နေ့၌ သားသမီးကို လှူပြီ။ ယခုလည်း ဤမဒ္ဒီမိဖုရားကို လှူ၏။ ထိုသို့လှူခြင်းသည် သားမယားတို့၌ မချစ်မခင်သောကြောင့် လှူသည် မဟုတ်။ သားမယားကို ချစ်ခင်သည်ထက် အဆအရာ, အဆအထောင်သာ၍ သဗ္ဗညုတဉာဏ်ကို ချစ်ခင်သောကြောင့် လှူသတည်း”ဟု ကြံ၍-“ဣဒံ မေ ပုညံ သဗ္ဗညုတဉာဏပ္ပဋိဝေဓဿ ပစ္စယော ဟောတု”ဟူ၍ ပတ္ထနာပြုလျက် ဆုတောင်း၏။

ရေကရားဖြင့် ရေစက်သွန်းချသော ခဏ၌ပင်လျှင် အောက်၌ဆိုခဲ့ပြီးသောနည်းဖြင့် မြေတုန်လှုပ်ခြင်း အစရှိသော အံ့ဖွယ်သရဲတို့သည် ဖြစ်ကုန်၏။ (ဤကား ၆-ကြိမ်မြောက်သော မြေလှုပ်ခြင်းတည်း။)

မဒ္ဒီမိဖုရားသည်လည်း “ငါ့ကို မင်းကြီး လှူလေသည်”ဟု နှလုံးမသာခြင်း မရှိ။ မျက်ရည်မျှမထွက်။ မျက်မှောင်ကြုတ်ခြင်း, မျက်နှာသမ်းညှိုးခြင်းမျှ မရှိ။

“ကြန်အင်လက္ခဏာ အဆင်းအရွယ်တို့ဖြင့် တင့်တယ်စွာ လင်၏အလိုသို့ လိုက်တတ်သော ငါသို့သောမိန်းမကိုလျက် မင်းကြီး မုန်းတော်မူသည် မဟုတ်ရာ။ ငါ့ကို ချစ်ခင်သောထက်လွန်၍ ချစ်မြတ်နိုးအပ်သော ဘုရားဆုကို လိုသောကြောင့်သာ မင်းကြီး လှူတော်မူသည်ဖြစ်ရာ၏။ ထိုမင်းကြီး လိုအပ်သောဆုသည် ပြည့်စုံစေသတည်း”ဟု ဆိတ်ဆိတ်နေလျက်သာလျှင် ကြာပဒုမ္မာပွင့်နှင့်တူသော မင်းကြီး၏ ရွှေမျက်နှာတော်ကို ရှုကြည့်၍နေ၏။ ထိုအခါ ဘုရားလောင်းသည် “မဒ္ဒီဒေဝီ အသို့ရှိလေသနည်း”ဟု မိဖုရား၏မျက်နှာကို ကြည့်၏။ မဒ္ဒီမိဖုရားသည် မင်းကြီးကြည့်လတ်သော် “အရှင်မင်းကြီး။ အကျွန်ုပ်ကို အဘယ့်ကြောင့် ကြည့်တော်မူသနည်း”ဟု ဆိုပြီးလျှင်-

“ကောမာရိကာဟံ ဘရိယာ၊ သာမိကော မမ ဣဿရော။

ယဿိစ္ဆေ တဿ မံ ဒဇ္ဇာ၊ ဝိက္ကိဏေယျ ဟနေယျ ဝါ။”

ဟူသောဂါထာဖြင့်

မိန်းမသာမညတို့ မဆိုဝံ့သော ခြင်္သေ့ကဲ့သို့ ရွံရှာတွန့်တိုခြင်းကင်းသော စကားကို ဆို၏။

အနက်ကား-

မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ကောမာရိကာ၊ ငယ်သောအခါမှဖြစ်သော။ ဘရိယာ၊ သင်မင်းကြီး၏ မယားတည်း။ တွံ၊ သင်မင်းကြီးသည်။ မမ၊ အကျွန်ုပ်ကို။ ဣဿရော၊ အစိုးရသော။ သာမိကော၊ လင်တည်း။ ယဿ၊ အကြင်သူအား။ ဣစ္ဆေ၊ ပေးလိုငြားအံ့။ တဿ၊ ထိုသူအား။ မံ၊ အကျွန်ုပ်ကို။ ဒဇ္ဇာ၊ ပေးပိုင်ရာ၏။ ဝိက္ကိဏေယျ ဝါ၊ ရောင်းမူလည်း ရောင်းပိုင်၏။ ဟနေယျ ဝါ၊ သတ်မူလည်း သတ်ပိုင်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်သည် ၁၆-နှစ်အရွယ်ကပင်လျှင် မိဘတို့ဆောင်နှင်းအပ်သော အရှင်မင်းကြီး၏ ငယ်မယားတည်း။ အရှင်မင်းကြီးသည် အကျွန်ုပ်၏ ငယ်လင်တည်း။ ထိုသို့ ငယ်လင်, ငယ်မယားဖြစ်သောကြောင့် အကျွန်ုပ်ကို အရှင်မင်းကြီး အစိုးရတော်မူပေ၏။ အစိုးရသောသူမည်သည်လည်း တစ်စုံတစ်ယောက်သောသူအား ပေးလိုလည်း ပေးရာ၏။ ဥစ္စာကိုအလိုရှိမူကား ရောင်းမူလည်း ရောင်းစားရာ၏။ အသား, အသွေး, ခြေလက်, မျက်စိကို အလိုရှိသည် ဟူတုံအံ့။ သတ်မူလည်း သတ်တော်မူရာ၏။ အရှင်မင်းကြီးအလိုရှိတိုင်း အကျွန်ုပ်ကိုပြုလော့။ အကျွန်ုပ်သည် တစိုးတစိမျှ အရှင်မင်းကြီးအား အမျက်ထွက်ခြင်း မရှိပါ”ဟု ဆို၏။

သိကြားမင်းသည် မဒ္ဒီမိဖုရား၏ မြတ်သောအလိုကိုသိ၍ မင်းကြီးဝေဿန္တရာအား-

“တသ္မာ သတဉ္စ အသတံ၊ နာနာ ဟောတိ ဣတော ဂတိ။

အသန္တော နိရယံ ယန္တိ၊ သန္တော သဂ္ဂပရာယနာ။”

ဟူသောဂါထာဖြင့်ဆို၏။

အနက်ကား-

တသ္မာ၊ ထို့ကြောင့်။ သတဉ္စ၊ သူတော်ကောင်းတို့၏ လည်းကောင်း။ အသတဉ္စ၊ မသူတော်တို့၏လည်းကောင်း။ ဣတော၊ ဤလူ့ပြည်မှ။ ဂတိ၊ လားရာသည်။ နာနာ၊ ထူးသည်။ ဟောတိ၊ ဖြစ်၏။ အသန္တော၊ မသူတော်တို့သည်။ နိရယံ၊ ငရဲသို့။ ယန္တိ၊ လားရကုန်၏။ သန္တော၊ သူတော်ကောင်းတို့သည်။ သဂ္ဂပရာယနာ၊ နတ်ပြည်သို့ လားရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ သင်သည် နတ်ပြည်၌ စည်းစိမ်ကိုမှီ၍ ဝန်တိုပိတ်ပင် စဉ်းလဲခြင်း တည်းဟူသော ရန်သူ, ဤသို့ပြည်၌ဖြစ်သော စည်းစိမ်ဥစ္စာကိုမှီ၍ဖြစ်လေသော ဝန်တိုပိတ်ပင် စဉ်းလဲခြင်းတည်းဟူသော ရန်သူ, ဤအလုံးစုံသော မစ္ဆရိယရန်သူကြီးတို့ကို အောင်မြင်အပ်ပြီ။ သင်မင်းကြီးသည် သား,မယားတို့ကို လှူသောခဏ၌ ရေလျဉ်အဆုံးရှိသော ဤမြေကြီးကို ပဲ့တင်ထပ်မျှ တုန်လှုပ်စေပြီ။ သင်၏ ကျေးဇူးသတင်း ကျော်စောခြင်းသည် နတ်ပြည်အလုံး နှံ့၍တက်ပြီ။ အရပ်ထက်ဝန်းကျင်မှ လျှပ်စစ်နွယ်တို့သည် အခါမဲ့ ပြိုးပြိုးပြက် ထွက်လတ်ကုန်ပြီ။ တောင်ကမ်းပါး ပြိုကွဲသောအသံကဲ့သို့လည်း ထင်ကုန်ပြီ။ နာရဒနတ်, ပဗ္ဗတနတ်, ဣန္ဒနတ်, သောမနတ်, ယာမနတ်, ဝေဿဝဏ်နတ်, သိကြား, ဗြဟ္မာတို့သည်လည်း မိမိတို့ဗိမာန်ဝ၌ နေကုန်သဖြင့် “မင်းကြီးဝေဿန္တရာသည် တော၌ တစ်ယောက်တည်းမျှဖြစ်လျက်လျှင် အလုပ်အကျွေးမယားကို ပုဏ္ဏားအားပေး၍ သူတစ်ပါးတို့ ပြုနိုင်ခဲသောအမှုကို ပြု၏”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုကြကုန်ပြီ။ ဝန်တိုပိတ်ပင် စဉ်းလဲခြင်းဖြင့်နှိပ်စက်အပ်သော မသူတော်တို့သည် အလှူပေးခြင်း အစရှိသော သူတော်ကောင်းတို့ ထုံးတမ်းအစဉ်ကို သိတုံသော်လည်း မစွန့်ရက်နိုင်ကုန်။ အကြင်ကြောင့် သူတော်ကောင်းတို့၏ အလှူပေးခြင်း အစရှိသောတရားကို မသူတော်တို့သည် သိနိုင်,ယူနိုင် ခဲကုန်၏။”

“ထိုသို့ တရားကိုမယူနိုင်သော မသူတော်တို့သည်လည်း ရှိသောကြောင့် ဤလောက၌ သတ္တဝါတို့၏ လားရာဂတိသည် နိရယဂတိ, သဂ္ဂဂတိဟူ၍ ၂-သွယ် ၂-ကြောင်း ဖြစ်ကုန်၏။ ထိုဂတိ ၂-ပါးတို့တွင် ဝန်တိုပိတ်ပင် စဉ်းလဲခြင်းအစရှိသော အကုသိုလ်ဒုစရိုက်နှင့်ပြည့်စုံသော မသူတော်တို့သည် နိရယဂတိဟု ဆိုအပ်သောငရဲသို့ လားရကုန်၏။ အလှူပေးခြင်းအစရှိသော ကုသိုလ်သုစရိုက်နှင့်ပြည့်စုံသော သူတော်ကောင်းတို့သည် သဂ္ဂဂတိဟုဆိုအပ်သော နတ်ပြည်သို့ လားရကုန်၏။”

“ဤအရပ်၌နေသော မင်းကြီးသည် သဗ္ဗညုတဉာဏ်ကို ရလိုသောကြောင့် သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်း လှူ၏။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ဟု ဆိုအပ်သော ဒါနကုသိုလ်၌ ဒွါရအားဖြင့် ၃-ပါးသောကျင့်ဝတ်တို့သည် မြတ်သောအရိယာမဂ်၏ အကြောင်း မြတ်ဖြစ်သောယာဉ် မည်၏။ သင်မင်းကြီးအား ဤဒါနသုစရိုက် ဟုဆိုအပ်သော ယာဉ်မြတ်သည် ယခု အပြီးသို့ရောက်ပြီ။ ထိုဒါနသုစရိုက် တည်းဟူသော ယာဉ်ထက်၌ တက်စီးလျက် အပါယ် ၄-ပါးသို့ မသက်ရပြီ။ တုသိတာနတ်ပြည်သို့ ယာဉ်ဖြင့်တက်၍ တုသိတာနတ်တို့၏ စည်းစိမ်ချမ်းသာကို လူတို့၏အရေအတွက်အားဖြင့် အနှစ် ၅၇-ကုဋေ ၆-သန်း ကာလပတ်လုံး စံစားပြီးသော် လူ့ပြည်၌ဖြစ်လာ၍ သဗ္ဗညုတဉာဏ်ကို ဤဒါနကုသိုလ်သည် သင့်အား ပေးစေသတည်း”ဟု သိကြားမင်းပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးအား အနုမောဒနာပြု၏။

ထိုသို့ အလှူကို အနုမောဒနာပြုပြီးသော်၊ သိကြားမင်းသည် “ယခု ငါသည် ဤအရပ်၌ ကြာမြင့်စွာမနေမူ၍ မင်းကြီးအား မဒ္ဒီဒေဝီကိုပေးအပ်ခဲ့ပြီးလျှင် နတ်ပြည်သို့ သွားအံ့”ဟု ကြံလျက်-

“ဒဒါမိ ဘောတော ဘရိယံ၊ မဒ္ဒိံ သဗ္ဗင်္ဂသောဘနံ။

တွဉ္စေဝ မဒ္ဒိယာ ဆန္နော၊ မဒ္ဒီ စ ပတိနာ သဟ။”

အစရှိသောဂါထာဖြင့် ဘုရားလောင်းအား ပေး၏။

အနက်ကား-

မဟာရာဇ၊ မင်းကြီး။ ဘောတော၊ သင်မင်းကြီးအား။ သဗ္ဗင်္ဂသောဘနံ၊ ခပ်သိမ်းသော အင်္ဂါတို့ဖြင့် တင့်တယ်သော။ ဘရိယံ၊ မယားဖြစ်သော။ မဒ္ဒိ၊ မဒ္ဒီမိဖုရားကို။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပြန်ပေး၏။ တွဉ္စေဝ၊ သင်မင်းကြီးသည်လည်း။ မဒ္ဒိယာ၊ မဒ္ဒီဒေဝီနှင့်။ သဟ၊ တကွ။ ဆန္နော၊ ထိုက်၏။ မဒ္ဒီ စ၊ မဒ္ဒီဒေဝီသည်လည်း။ ပတိနာ၊ လင်ဖြစ်သော သင်မင်းကြီးနှင့်။ သဟ၊ တကွ။ ဆန္နော၊ ထိုက်၏။

အဓိပ္ပာယ်ကား-

“မင်းကြီး ငါသည် လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာနှင့်ပြည့်စုံစွာသော သင်၏ မယားဖြစ်သော ဤမဒ္ဒီဒေဝီကို သင့်အား ပြန်၍ ငါပေး၏။ ဤမဒ္ဒီဒေဝီသည် အမျိုးအားဖြင့်လည်းကောင်း၊ အဆင်းအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း မြတ်၏။ သင်တုံသည်လည်း အမျိုးအားဖြင့်လည်းကောင်း၊ အဆင်းအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း မြတ်၏။ အမျိုးသာ မြတ်တုံသော်လည်း အဆင်းမလှ စာရိတ္တမရှိသော ယောက်ျား, အဆင်းအရွယ်ရှိတုံသော်လည်း အမျိုးညံ့ယုတ် စက်ဆုပ်ဖွယ်အဆင်းရှိသော ယောကျာ်း, အမျိုးအရွယ်ရှိတုံသော်လည်း အမျိုးအကျင့်မရှိသော ယောက်ျား, အကျင့်ရှိတုံသော်လည်း အကျင့်မရှိသော ယောက်ျား၊ ထို၃-ပါးသောအင်္ဂါနှင့် မစုံညီသောယောက်ျားတို့သည် ဤမဒ္ဒီဒေဝီ၏အပါး၌ ယဉ်ပါးခြင်းငှာ မထိုက်ကုန်။ သင်မင်းကြီးကိုလည်း အမျိုး, အဆင်း, အရွယ်, အကျင့်မရှိ တစ်စုံတစ်ခု အင်္ဂါချို့တဲ့သောမိန်းမတို့သည် အနီး၌လုပ်ကျွေးခြင်းငှာ မထိုက်ကုန်။ နွားနို့နှင့် ခရုသင်းပွတ်သစ်သည် တူမျှသောအဆင်း ရှိသကဲ့သို့ သင်မင်းကြီးနှင့် မဒ္ဒီဒေဝီသည် တူမျှသောစိတ် ရှိကြကုန်၏။”

“အလုံးစုံသောအရာတို့၌ နှမသည် မောင်အား, မောင်သည် နှမအား ရှက်ကြောက်ခြင်းဖြစ်သကဲ့သို့လည်းကောင်း၊ ဝတ်နှင့်ပြည့်စုံသော တပည့်သည် ဆရာအား, ဝတ်နှင့်ပြည့်စုံသော ဆရာသည် တပည့်အား ရိုသေခြင်းရှိသော အရာကဲ့သို့လည်းကောင်း၊ ဝတ်နှင့်ပြည့်စုံသော သားသမီးတို့သည် မိဘအား, ဝတ်နှင့်ပြည့်စုံသော မိဘတို့သည် သားသမီးအား ချစ်ခင်မြတ်နိုးသကဲ့သို့လည်းကောင်း ရှက်ကြောက်, ရိုသေ, ချစ်ခင်မြတ်နိုးခြင်း တူမျှလျက် ဖြူစင်သောသဘော ရှိကြကုန်သည်ဖြစ်၍၊ ၂-ကိုယ် ၂-စိတ် ဖြစ်ကုန်သော်လည်း ဂင်္ဂါမြစ်ရေနှင့် ယမုန်နာမြစ်ရေသည် တစ်ပေါင်းတည်း ရောယှက်၍စီးသကဲ့သို့ တစ်ယောက်အလိုကို တစ်ယောက်လိုက်လျက် တူမျှသောစိတ် ရှိကြကုန်သဖြင့် မိမျိုးဘမျိုးမှမကွဲမပြား ငယ်မယား, ငယ်လင်ဖြစ်သဖြင့် စေတုတ္တရာပြည်၌လည်း အကြိမ်ကြိမ်အထပ်ထပ် အတူတကွ အလှူကြီးပေးကြကုန်ပြီ။ ပြည်မှနှင်ထုတ်၍ ဤတောအရပ်၌ နေရတုံသော်လည်း သားမယားကိုလှူခြင်းစသော အလှူကြီးကို ပေးကြရကုန်ပြီ။ နောက်ကိုလည်း သင်တို့ မင်း၂-ပါး အတူမကွာ အသက်ထက်ဆုံး ရှေးထက်အလွန် အလှူကြီးကို အကြိမ်ကြိမ်အထပ်ထပ် ပေးကြလျက် သဗ္ဗညုတဉာဏ်၏ အဆောက်အဦဖြစ်သော ကုသိုလ်တို့ကို ပြုရစ်လော့”ဟုဆို၏။

ဤသို့ ဘုရားလောင်းအား မဒ္ဒီဒေဝီမိဖုရားကို အပ်နှင်းပြီး၍ သိကြားမင်းသည် မိမိသိကြားအဖြစ်ကိုပြလျက် ဘုရားလောင်းအား ဆုပေးအံ့သောငှာ-

“သက္ကောဟမသ္မိ ဒေဝိန္ဒော၊ အာဂတောသ္မိ တဝန္တိကေ။

ဝရံ ဝရဿု ရာဇီသိ၊ ဝရေ အဋ္ဌ ဒဒါမိ တေ။”

ဟူသောဂါထာကို ဆိုစဉ်ပင်လျှင်

နတ်၏ကိုယ်အဖြစ်ဖြင့် ထွန်းတောက်ပသော နေလုလင်ကဲ့သို့ ကောင်းကင်ပြင်၌ တင့်တယ်စွာတည်၏။

အနက်ကား-

ရာဇီသိ၊ ရသေ့မင်းမြတ်။ အဟံ၊ ငါကား။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော။ သက္ကော၊ သိကြားသည်။ အသ္မိ၊ ဖြစ်၏။ တဝန္တိကေ၊ သင်မင်းကြီးအထံသို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ သင်မင်းကြီးသည်။ ဝရံ၊ ဆုကို။ ဝရဿု၊ ယူတော်မူလော့။ အဋ္ဌဝရေ၊ ၈-ပါးသောဆုတို့ကို။ တေ၊ သင်မင်းကြီးအား။ ဒဒါမိ၊ ငါပေး၏။

ထိုဂါထာ၏အဓိပ္ပာယ်သော်ကား-

“မင်းမြတ်။ ငါကား နတ်တကာတို့ကိုအစိုးရသော သိကြားမင်း ဖြစ်၏။ မင်းကြီးအား ၈-ပါးသောဆုကို ငါပေး၏။ ယူတော်မူလော့”ဟု ကောင်းကင်ပြင်၌တည်လျက် ဆို၏။

ထိုသို့ ကောင်းကင်ပြင်၌ တင့်တယ်စွာသော အသရေဖြင့်နေလျက် ဆုပေးသော သိကြားမင်းစကားကိုကြားလျှင် ဘုရားလောင်းသည် ဤသို့ ဆု၈-ပါးကို တောင်း၏။

“နတ်တကာတို့ကိုအစိုးရသော သိကြားမင်း၊ သင်သည် ဆု ၈-ပါးကို ငါ့အား အကယ်၍ပေးတုံအံ့။ ငါတောင်းအံ့။”

“ငါ၏ ခမည်းတော်သည် ငါ့အား အမျက်ပြေသဖြင့် ပြည်သို့ခေါ်တော်မူ၍ ရှေးကကဲ့သို့လျှင် မင်းအဖြစ်ကို ဆောင်နှင်းပေးအပ်တော်မူစေသတည်း။ ဤကား ရှေးဦးစွာသော ဆုတည်း။”

“မင်းအဖြစ်သို့ရောက်ပြီးသော ငါသည် မကောင်းသောအမူအကျင့်ရှိ၍ မင်းပြစ်မင်းဒဏ်သင့်လျက် အခွင့်နှင့်လျော်စွာ သတ်အပ်သောသူကိုပင်သော်လည်း သတ်ဖြတ်ချင်သောစိတ် မရှိသည် ဖြစ်စေသတည်း။ ဤကား ၂-ကြိမ်မြောက်သော ဆုတည်း။”

“ကြီးကြီးငယ်ငယ် ခပ်သိမ်းကုန်သောသူတို့သည် ငါ့ကိုသာလျှင်မှီ၍ အသက်မွေးကြသည် ဖြစ်စေသတည်း။ ဤကား ၃-ကြိမ်မြောက်သော ဆုတည်း။”

“သူတစ်ပါးတို့၏မယားကို တပ်သောစိတ်ဖြင့်မျှ မကြည့်လို။ ကိုယ်ပိုင်သော မယား၌သာလျှင် ရောင့်ရဲခြင်း၊ မိန်းမတို့၏အလိုသို့ မလိုက်ခြင်းသည် ဖြစ်စေသတည်း။ ဤကား ၄-ကြိမ်မြောက်သော ဆုတည်း။”

“ငါနှင့်စပ်၍ဖြစ်ကုန်သော သား,သမီး, မယား, ဆွေမျိုးတို့သည် အနာမရှိ အသက်ရှည်ကြကုန်လျက် တရားသဖြင့် ရန်သူတို့ကိုအောင်၍ မင်းစည်းစိမ်၌ စံပျော်ရစေသတည်း၊ ဤကား ၅-ကြိမ်မြောက်သော ဆုတည်း။”

“နေ့တိုင်းနေ့တိုင်း ညဉ့်မိုးသောက်၍ နေအရုဏ်တက်လတ်သော် ထမင်း, အဖျော် အစရှိကုန်သော ခပ်သိမ်းသောအသုံးအဆောင်တို့သည် ရှေ့သို့ ရောက်လာစေသတည်း။ ဤကား ၆-ကြိမ်မြောက်သော ဆုတည်း။”

“ဥစ္စာစည်းစိမ်တို့သည် အလှူပေးကုန်သော်လည်း မကုန်နိုင်ဘဲ တလဲလဲလျှင်ဖြစ်လာ၍ သဒ္ဓါကြည်ညိုစွာ စေတနာ ၃-တန်ပြတ်လျက် လွတ်လွတ်ပေးကမ်း စွန့်ကြဲလှူဒါန်းပြီး၍၊ ထိုအလှူကိုသာလျှင် ဝမ်းမြောက်ဝမ်းသာ အောက်မေ့မိစေသတည်း။ ဤကား ၇-ကြိမ်မြောက်သော ဆုတည်း။”

“ဤကိုယ်အဖြစ်မှ စုတေခဲ့သည်ရှိသော် တုသိတာနတ်ပြည်၌ဖြစ်၍ ထိုနတ်ပြည်မှ လူ့ပြည်၌ တစ်ကြိမ်သာလျှင် ပဋိသန္ဓေနေရပြီးသော် သဗ္ဗညုတဉာဏ်ကိုရပါစေသတည်း။ ဤကား ၈-ကြိမ်မြောက်သော ဆုတည်း။”

ဤသို့သော ဆု ၈-ပါးကို ဘုရားလောင်းသည် တောင်း၏။ ထိုစကားကို ကြားလျှင် သိကြားမင်းသည် “ဝေဿန္တရာမင်းကြီး။ သင်၏ ခမည်းတော်မင်းကြီးသည် မကြာမြင့်မီပင်လျှင် သင့်ကို ဖူးမြင်လိုပါသည်ဟု ဤအရပ်သို့လာ၍ သင့်အား ထီးနန်းကိုအပ်နှင်းပြီးလျှင် စေတုတ္တရာပြည်သို့ ဆောင်လတ္တံ့။ ခပ်သိမ်းသော သင်၏နှလုံးအလိုသည် အပြီးသို့ရောက်လတ္တံ့။ မစိုးရိမ်လင့်။ မမေ့မလျော့ လုံ့လပြုလော့”ဟုဆို၍ သိကြားမင်းသည် မိမိနေရာ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။

ဘုရားလောင်းနှင့် မဒ္ဒီဒေဝီ၊ ဤမင်း ၂-ပါးတို့သည် အညီအညွတ် နှစ်လို့ဝမ်းမြောက်စွာ သိကြားပေးသောကျောင်း၌ နေကြကုန်၏။