သစ္စံကိရဇာတ်
ဧကကနိပါတ်-ဝရုဏဝဂ်
၃။ သစ္စံကိရဇာတ်
ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအားသတ်ခြင်းငှာ လုံ့လပြုကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစ္စံ ကိရေဝ မာဟံသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသစ္စံကိရ ဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ဘုရားကို သတ်ခြင်းငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ရဟန်း သံဃာသည် တရားသဘင်၌နေ၍ ငါ့သျှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကို မသိ၊ မြတ်စွာဘုရားကို သတ်ခြင်းငှသာလျှင် လုံ့လပြုပြီဟု ဒေဝဒတ်၏ကျေးဇူးမဲ့ကို ပြောဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းယု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားအားသတ်ခြင်းငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဒုဋ္ဌကုမာရမည်သော သားသည်ဖြစ်၏။ ရုန့်ရင်း၏။ ကြမ်းကြုတ်၏။ လှံကန်ဖြင့်ခတ်အပ်သော မြွေဟောက်နှင့်တူ၏။ မဆဲရေးဘဲ၎င်း မပုတ်ခတ်ဘဲ၎င်း တစုံတယောက်သောသူနှင့်တကွ စကားမဆို၊ ထိုဒုဋ္ဌကုမာရမင်းသားကို အတွင်းအပ၌နေသော သူအပေါင်းသည် မျက်စိ၌ကျသော မြူကဲ့သို့၎င်း စားအံ့သောငှါ လာသော ဘီလူးကဲ့သို့၎င်း မနှစ်သက်သည်ဖြစ်၏။ ထိတ်လန့်ခြင်းကို ဖြစ်စေ၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် တနေ့သောအခါ၌ မြစ်၌ကစားခြင်းကို ကစားလိုသည်ဖြစ်၍ များစွာသောအခြံအရံဖြင့် မြစ်နားသို့သွား၏။ ထိုခဏ၌ မိုဃ်းကြီးသည်တက်လတ်၍ အရပ်မျက်နှာတို့သည် အမိုက်အတိသာဖြစ်ကုန်၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် ကျွန်အစေအပါးတို့ကို ဟယ် အချင်းတို့ လာကြကုန်၊ ငါ့ကိုယူ၍ မြစ်လယ်သို့ဆောင်ပြီးလျှင် ရေချိုး၍ ဆောင်ကြကုန်လော ဟုဆို၏။ ထိုကျွန်အစေအပါးတို့သည် မင်းသားကို မြစ်လယ်သို့ဆောင်၍ ငါတို့အား မင်းကြီးသည် အသို့ပြုလတ္တံ့နည်း၊ ဤယောက်ျားယုတ်ကို မြစ်လယ်၌သာလျှင် သေစေအံ့ဟု တိုင်ပင်ကုန်၍ သူယုတ် ဤအရပ်သို့သွားလောဟု ရေဖြင့်မျောစေ၍ မိမိတို့သည် ရေမှတက်ကုန်၍ ကမ်းနား၌တည်ကုန်၏။
မင်းသားသည် အဘယ်မှာနည်းဟု မေးကုန်သည်ရှိသော် ငါတို့သည် မင်းသားကို မမြင်ကုန်၊ မိုဃ်းတက်လာလတ်သည်ကိုမြင်၍ ရေ၌ငုပ်သဖြင့် ကမ်းသို့သွား၍ ရှေ့မှလာသည်ဖြစ်လတ္တံ့၊ ဤသို့ပြောဆိုကြအံ့ဟု တိုင်ပင်၍ အမတ်တို့သည် မင်းကြီးအထံသို့ သွားကုန်၏။ မင်းကြီးသည် သားအဘယ်မှာနည်းဟု မေးသည်ရှိသော် ရှေ့မှလာသည် ဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့်လာကုန်၏ ဟုလျှောက်ကုန်၏။ မင်းကြီးသည် တံခါးကိုဖွင့်စေ၍ မြစ်နားသို့ သွားပြီးလျှင် စုံစမ်းကြည့်ရှုကုန်လောဟု ထိုထိုအရပ်၌ စုံစမ်း ကြည့်ရှုစေ၏။ တစုံတယောက်သောသူသည် မင်းသားကိုမမြင်၊ တိမ်အမိုက်ဖြင့် လွှမ်းလျက် မိုဃ်းရွာလတ်သည်ရှိသော် မြစ်၌မျောသော ဒုဋ္ဌကုမာရမင်းသားသည် တခုသောထင်းတုံးကိုမြင်၍ ထင်းတုံး၌စီး၍ သေဘေးမှကြောက်သည်ဖြစ်၍ ငိုကြွေးလျက် သွား၏။ ထိုကာလ၌ကား ဗာရာဏသီပြည်၌နေသော တယောက်သောသူဌေးသည် မြစ်နား၌ ကုဋေလေးဆယ်သော ဥစ္စာကိုမြှုပ်၍ သေသည်ရှိသော် တပ်စွန်းခြင်းကြောင့် ဥစ္စာအပြင်၌ မြွေ၏အဖြစ်ဖြင့် ဖြစ်၏။ တယောက်သော သူဌေးသည်လည်း ထိုအရပ်၌သာလျှင် ကုဋေသုံးဆယ်သော ဥစ္စာကိုမြှုပ်၍ ဥစ္စာ၌ တပ်စွန်းခြင်းကြောင့် ထိုအရပ်၌သာလျှင် ကြွက်၏ အဖြစ်ဖြင့် ဖြစ်၏။
ထိုမြွေ, ကြွက်တို့၏နေရာအရပ်ကို ရေသည်ဝင်၏။ ထိုမြွေ, ကြွက်တို့သည် ရေဝင်သောခရီးဖြင့်သာလျှင် ထွက်ခဲ့ကုန်၍ ရေအယဉ်ကိုဖြတ်လျက် သွားကုန်၏။ မင်းသားစီးသောထင်းတုံးသို့ရောက်၍ မြွေသည် တခုသောအစွန်းသို့ ကြွက်သည် တခုသော အစွန်းသို့ တက်၍ ထိုထင်းတုံးအပြင်၌သာလျှင် နေကုန်၏။ ထိုမြစ်၏သာလျှင် ကမ်းနား၌ တခုသောလက်ပံပင်သည် ရှိ၏။ ထိုလက်ပံပင်၌ တခုသော ကျေးသားငယ်သည်နေ၏။ ထိုလက်ပံပင်သည်လည်း ရေတိုက်အပ်သောအမြစ်ရှိသည်ဖြစ်၍ မြစ်၏အပြင်သို့ လဲ၏။ ကျေးသားငယ်သည် မိုဃ်းကြီးရွာလတ်သည်ရှိသော် ပျံသွားခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပျံ၍ထိုထင်းတုံး၏ တခုသော နံပါး၌ နား၏။ ဤသို့လျှင် ထိုလေးယောက်ကုန်သောသူတို့သည် တပေါင်းတည်း မျောလျက် သွားကုန်၏။
ဘုရားလောင်းသည်လည်း ထိုကာလ၌ ကာသိတိုင်းဝယ် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ ကြီးခြင်းသို့ရောက်သည်ရှိသော် ရသေ့ရဟန်းပြု၍ တခုသော မြစ်ကွေ့၌ သစ်ရွက်မိုးသောကျောင်းကို ဖန်ဆင်း၍နေ၏။ ထိုဘုရားလောင်းရသေ့သည် သန်းခေါင်အခါ၌ စင်္ကြံသွားသည်ရှိသော် ထိုဒုဋ္ဌကုမာရမင်းသား၏ သည်းစွာသော ငိုကြွေးသံကိုကြား၍ ငါကဲ့သိုသော မေတ္တာကရုဏာနှင့်ပြည့်စုံသောရသေ့သည် မြင်ပါလျက် ဤယောက်ျား၏သေခြင်းသည် မသင့်၊ ရေမှထုတ်ဆယ်၍ ထိုယောက်ျားအား အသက်အလှူကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းရသေ့သည် ထိုယောက်ျားကို သင်သည် မကြောက်လင့်ဟု နှစ်သိမ့်စေ၍ ရေအယဉ်ကိုဖြတ်၍သွားပြီးလျှင် ထိုထင်းတုံးကို တခုသောအစွန်း၌ကိုင်၍ ငင်သည်ရှိသော် ဆင်ပြောင်အားနှင့်တူသော အားရှိသော အစွမ်းနှင့်ပြည့်စုံသောဘုရားလောင်းသည် တဟုန်တည်းဖြင့် ကမ်းနားသို့ရောက်၍ မင်းသားကိုချီပြီးလျှင် ကမ်းနား၌ နေစေ၏။ မြွေ အစရှိသည်တို့ကိုလည်းမြင်၍ ချီပြီးလျှင် ကျောင်းသို့ဝင်၍ မီးကိုညှိ၍ ထိုသူတို့တွင်လည်း အလွန်အားနည်းကုန်သော မြွေအစရှိသည်တို့ကိုယ်ကို ရှေးဦးစွာမီးလှုံစေ၍ နောက်မှ မင်းသားကို မီးလှုံစေ၏။ ထိုမင်းသားကိုလည်း အနာမရှိခြင်းကိုပြု၍ အာဟာရကိုပေးလျှင်လည်း မြွေအစရှိသည်တို့အားသာလျှင် ပေးပြီး၍နောက်မှ မင်းသားအား သစ်သီးကြီးငယ်ကိုပေး၏။
မင်းသားသည် ဤရသေ့ကောက်သည် ငါ၏မင်းသားအဖြစ်ကို မရေမတွက်မူ၍ တိရစ္ဆာန်တို့အားသာလျှင် မြတ်နိုးခြင်းကိုပြု၏ဟု ဘုရားလောင်း၌ ရန်ငြိုးဖွဲ့၏။ ထိုနေ့မှ နှစ်ရက်သုံးရက်လွန်သဖြင့် အလုံးစုံသောသူတို့သည်လည်း အစွမ်းကိုရကုန်၏။ မြစ်၌ ရေအယဉ်ပြတ်သည်ရှိသော် မြွေသည် ရှင်ရသေ့ကိုရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်အား ကျေးဇူးပြုပေ၏။ အကျွန်ုပ်သည် မဆင်းရဲ၊ ဤမည်သောအရပ်၌ ကုဋေလေးဆယ်သော ရွှေအိုးတို့ကိုမြှုပ်၍ထားအပ်ကုန်၏။ အရှင်ဘုရားတို့အား ဥစ္စာဖြင့်ကိစ္စရှိသော် အလုံးစုံသောဤဥစ္စာကို အရှင်ဘုရားတို့အား ပေးခြင်းငှါစွမ်းနိုင်ပါ၏။ ထိုအရပ်သို့လာလတ်၍ မြွေဟု ခေါ်တော်မူကုန်လောဟု ဆိုပြီး၍ ဖဲခဲ့၏။ ကြွက်သည်လည်း ထို့အတူသာလျင်ပင်ပင့်ဘိတ်၍ ဤမည်သောအရပ်၌ ရပ်ပြီးလျှင် ကြွက်ဟု ခေါ်တော်မူကုန်လောဟုဆို၍ ဖဲခဲ့၏။ ကျေးသည်လည်း ရသေ့ကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်အား ဥစ္စာမရှိပါ၊ နီသောသလေးတို့ဖြင့် အရှင်ဘုရားအား အလိုရှိသည်ရှိသော် အကျွန်ုပ်၏ ဤအမည်ရှိသော နေရာအရပ်သို့လာလတ်၍ ကျေးသားဟု ခေါ်တော်မူပါကုန်လော၊ အကျွန်ုပ်သည် အဆွေအမျိုးတို့အားကြား၍ အရာမကသောလှည်းကို ပြည့်စေနိုင်သောပမာဏရှိသော နီသောသလေးကို ပေးခြင်းငှါစွမ်းနိုင်ပါ၏ဟု ဆိုပြီးလျှင် ဖဲခဲ့၏။
အဆွေခင်ပွန်း ပြစ်မှားတတ်သော မင်းသားသည် ကျင့်ဝတ်တို့၌ ဓမ္မတာအားဖြင့် တစုံတခုသောစကားကိုမဆိုမူ၍ သွားခြင်းသည်မသင့်၊ ဤသို့ပင့်ဘိတ်သဖြင့် မိမိအထံသို့ လာသောရသေ့ကို သတ်အံ့ဟု ကြံပြီးလျှင် အရှင်ဘုရား အကျွန်ုပ်မင်းဖြစ်သည်ရှိသော် လာတော်မူလော၊ ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါအံ့ဟု ဆို၍ ဖဲခဲ့၏။ ထိုမင်းသားသည်သွား၍ မကြာမြင့်မီလျှင် မင်းဖြစ်၏။ ဘုရားလောင်းသည် ရှေးဦးစွာ ထိုသူတို့ကိုစုံစမ်းအံ့ဟု ရှေးဦးစွာ မြွေ၏အထံသို့သွား၍ အနီး၌ရပ်လျက် မြွေဟူ၍ ခေါ်၏။ ထိုမြွေသည် တခွန်းတည်းသောစကားဖြင့်သာ ထွက်၍ ဘုရားလောင်းကိုရှိခိုး၍ အရှင်ဘုရား ဤအရပ်၌ ကုဋေလေးဆယ်ကုန်သော ရွှေတို့သည် ရှိကုန်၏။ အလုံးစုံသော ထိုရွှေတို့ကိုဘော်၍ ယူကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီ၊ ငါ့အား အလိုရှိသောကိစ္စဖြစ်လတ်သော် သိအံ့ဟုဆို၍ ထိုမြွေကိုပြန်စေပြီးလျှင် ကြွက်အထံသို့သွား၍ အသံကိုပြု၏။ ထိုကြွက်သည်လည်း ထိုမြွေအတူသာလျှင် ကျင့်၏။ ဘုရားလောင်းသည် ထိုကြွက်ကိုလည်း ပြန်စေပြီးလျှင် ကျေးသားအထံသို့သွား၍ ကျေးသားဟု ခေါ်၏။ ထိုကျေးသားသည်လည်း တခွန်းတည်းသောစကားဖြင့်သာလျှင် သစ်ပင်မှသက်လတ်၍ ဘုရားလောင်းကိုရှိခိုးလျက် အရှင်ဘုရား အကျွန်ုပ်၏ အဆွေအမျိုးတို့၏အထံသို့သွား၍ ဟိမဝန္တာအရပ်မှ အရှင်ဘုရားတို့၏အကျိုးငှာ အလိုလိုသာလျှင်ဖြစ်သောသလေးကို ဆောင်ရအံ့လောဟုမေး၏။ ဘုရားလောင်းသည် အလိုရှိသည်ရှိသော် သိရအံ့ဟုဆို၍ ထိုကျေးသားကိုလည်း ပြန်စေပြီးလျှင် ယခုအခါ မင်းကိုစုံစမ်းအံ့ဟုသွား၍ မင်း၏ဥယျာဉ်၌နေပြီးလျှင် နက်ဖြန်နေ့၌ ရသေ့တို့အသွင်အပြင်နှင့် ပြည့်စုံခြင်းကိုပြု၍ ဆွမ်းခံဝတ်ဖြင့် ဗာရာဏသီမြို့သို့ဝင်၏။ ထိုခဏ၌ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်သောထိုမင်းသည် တန်ဆာဆင်အပ်သော မြတ်သော ဆင်ကျောက်ကုန်းထက်၌စီးလျက် များပြားစွာသော အခြံအရံဖြင့် မြို့ကိုလကျ်ာရစ်လှည့်၏။
ထိုမင်းသည် ဘုရားလောင်းကို အဝေးမှလျှင်မြင်၍ ရသေ့ကောက် ငါ၏အထံ၌ စား၍နေလိုသည်ဖြစ်၍ လာ၏။ အကြင် မျှလောက် ပရိသတ်အလယ်၌ မိမိသည် ငါ့အားပြုဘူးသော ကျေးဇူးကိုမပြသေး၊ ထိုသို့မပြမီလျှင် ထိုရသေ့၏ ဦးခေါင်းကို ပြတ်စေအံ့ဟု မင်းချင်းယောက်ျားတို့ကို ကြည့်၏။ အရှင်မင်းကြီး အဘယ်ကိုပြုရအံ့နည်းဟု လျှောက်သည်ရှိသော် ဤရသေ့ကောက်သည် ငါ့ကိုတစုံတခုကို တောင်းလိုသည်ဖြစ်၍ လာယောင်တကား၊ ဤရသေ့ယုတ်အား ငါ့ကိုမြင်ခြင်းငှါမပေးမူ၍သာလျှင် ယခုရသေ့ယုတ်ကိုဖမ်း၍ လက်ပြန်ဖွဲ့ပြီးလျှင် ခရီးလေးဆုံ ခရီးလေးဆုံတိုင်း ပုတ်ခတ်ကုန်လျက် မြို့မှထွက်ကုန်၍ သုသာန်၌ ရသေ့၏ဦးခေါင်းကို ဖြတ်ပြီးလျှင် ကိုယ်ကိုတံကျင်လျှိုလေကုန်လောဟု ဆို၏။ ထိုမင်းချင်းယောက်ျားတို့သည် ကောင်းပြီဟု ဝန်ခံပြီးလျှင် သွားကုန်၍ အပြစ်မရှိသောဘုရားလောင်းကို နှောင်ဖွဲ့၍ ခရီးလေးဆုံတိုင်းပုတ်ခတ်ကုန်လျက် သုသာန်သို့ ဆောင်အံ့သောငှါ အားထုတ်ကုန်၏။ ဘုရားလောင်းသည် ပုတ်ခတ်တိုင်း ပုခတ်တိုင်းသောအရပ်၌ အိုမိခင်ဘခင်တို့ဟု မငိုမမြည်တမ်းမူ၍ ဖောက်ပြန်ခြင်းမရှိသည်ဖြစ်၍-
ကဋ္ဌံ နိပ္လဝိတံ သေယျော၊ နတွေဝေကစ္စိယော နရော။
ဟူသော ဤဂါထာကို ဆို၏။
၇၃။ ကဋ္ဌံ၊ မြစ်၌ထင်းတုံးကို။ နိပ္လဝိတံ၊ ဆယ်တင်ခြင်းသည်။ သေယျာ၊ မြတ်၏။ ဧကစ္စိယော၊ အချို့သော၊ နရော၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်သော ယောက်ျားယုတ်ကို။ ဥတ္တရိယာ၊ ဆယ်တင်ခြင်းသည်။ နတွေဝ သေယျာ၊ မမြတ်သည်သာလျှင်တည်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤလောက၌။ ဝဒမာနာ၊ ဆိုကုန်သော။ ဧကစ္စိယာ၊ အချို့ကုန်သော။ နရာ၊ ပညာရှိတို့သည်။ သစ္စံ၊ မှန်သောစကားကို။ အဟံသု ကိရ၊ ဆိုကုန်သတတ်။
ဤသို့လျှင် ပုတ်ခတ်တိုင်း ပုတ်ခတ်တိုင်းသောအရပ်၌ ဤဂါထာကိုသာလျှင်ဆို၏။ ထိုသို့သောစကားကိုကြား၍ ထိုသူအပေါင်းတို့တွင် အကြင်ပညာရှိသောယောက်ျားတို့သည် ရှိကုန်၏။ ထိုပညာရှိသောယောကျ်ားတို့သည် အိုရဟန်း သင်သည် ငါတို့မင်းကြီးအားပြုအပ်သော တစုံတခုသောကျေးဇူးသည် ရှိသလောဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ ဤသို့လည်း ဤမင်းကို ကြီးစွာသောမြစ်ရေအယဉ်မှ ဆယ်တင်သောငါသည်လျှင် မိမိဆင်းရဲကို ပြု၏။ စင်စစ်သော်ကား ငါသည် ရှေးပညာရှိတို့၏စကားကို မကျင့်မိဟု အောက်မေ့၍ ဤသို့ ဆို၏ဟု ဆို၏။ ထိုစကားကိုကြားကုန်၍ မင်းပုဏ္ဏားအစရှိကုန်သော မြို့၌နေကုန်သောသူတို့သည် အဆွေခင်ပွန်းကို ပြစ်မှားတတ်သောထိုမင်းသည် ဤသို့သော ကျေးဇူးနှင့်ပြည့်စုံသော မိမိ၏အသက်ကို ပေးတတ်သောသူ၏ ကျေးဇူးကိုမျှလည်း မသိ၊ ထိုမင်းယုတ်ကိုမှီ၍ အဘယ်မှာလျှင် ငါတို့အား စီးပွားချမ်းသာဖြစ်နိုင်အံ့နည်း၊ ထိုမင်းယုတ်ကို ဖမ်းကုန်လောဟု အမျက်ထွက်ကုန်သည်သာလျှင်ဖြစ်၍ ထက်ဝန်းကျင်မှထကုန်လတ်၍ မြား လှံကျောက် ဆောက်ဖုတ်အစရှိကုန်သော လက်နက်တို့ဖြင့်
ဆင်ကျောက်ကုန်းထက်၌စီးသော ထိုမင်းယုတ်ကိုသတ်ကုန်၍ ခြေ၌ကိုင်ပြီးလျှင် ကျုံးအပြင်၌စွန့်ပစ်၍ ဘုရားလောင်းကို အဘိသိက်သွန်း၍ မင်းပြုစေကုန်၏။
ထိုမင်းသည် တရားသဖြင့်မင်းပြုလျက် တဖန်တနေ့သ၌ မြွေ အစရှိသည်တို့ကို စုံစမ်းလိုသည်ဖြစ်၍ များစွာသောအခြံအရံဖြင့် မြွေနေရာအရပ်သို့သွား၍ မြွေဟု ခေါ်၏။ မြွေသည်လာလတ်၍ ရှိခိုးပြီးလျှင် အရှင်ဤဥစ္စာသည် သင့်ဘို့တည်း၊ ယူဟု ဆို၏။ မင်းသည် ကုဋေလေးဆယ်သောရွှေဥစ္စာကို အမတ်တို့အားအပ်နှံပြီးလျှင် ကြွက်အထံသို့သွား၍ ကြွက်ဟု ခေါ်၏။ ထိုကြွက်သည်လည်း လာလတ်၍ ရှိခိုးပြီးလျှင် ကုဋေသုံးဆယ်သောဥစ္စာကို ဆောင်နှင်း၏။ မင်းသည် ထိုကုဋေသုံးဆယ်သောဥစ္စာကိုလည်း အမတ်တို့အားအပ်နှံပြီးလျှင် ကျေးသားနေရာအရပ်သို့သွား၍ ကျေးသားဟု ခေါ်၏။ ထိုကျေးသားသည်လည်း ခြေ၌ရှိခိုးပြီးလျှင် အရှင်သလေးကို ဆောင်ရအံ့လောဟု ဆို၏။ မင်းသည် အလိုရှိသည်ရှိသော် ဆောင်ရလတ္တံ့၊ လာလှည့် သွားကြကုန်အံ့ဟု ဆို၍ ကုဋေခုနစ်ဆယ်ကုန်သော ရွှေ ငွေတို့နှင့်တကွ သုံးယောက်ကုန်သောသူတို့ကိုယူစေ၍ မြို့သို့သွားပြီးလျှင် မြတ်သောပြာသာဒ်အပြင်သို့တက်၍ ဥစ္စာတို့ကို ကောင်းစွာလုံခြုံစေပြီးလျှင် မြွေ၏ နေရာအကျိုးငှာ ရွှေကျည်ကို။ ကြွက်၏ နေရာအကျိုးငှာ ဖလ်လိုဏ်ကို။ ကျေး၏ နေရာအကျိုးငှါ ရွှေချိုင့်ကို ပြုစေ၍ မြွေအား၎င်း ကျေးသားအား၎င်း အစာအကျိုးငှါ နေ့တိုင်းနေ့တိုင်း ရွှေခွက်ငယ်၌ ပျားရေ ပေါက်ပေါက်တို့ကို ပေး၏။ ကြွက်အား မွှေးလှစွာသော သလေးဆန်ကိုပေး၏။ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၏။ ဤသို့လျှင် ထိုလေးယောက်ကုန်သောသူတို့သည် အသက်ထက်ဆုံး ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ကုန်သည် ဖြစ်၍နေကုန်လျက် အသက်ကုန်သဖြင့် ကံအားလျော်စွာ လားကြရကုန်၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်မိုက်သည် ငါ့အားသတ်ခြင်းငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် အနု သန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သော မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါမြွေဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ကြွက်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နောက်မှမင်းအဖြစ်သို့ရောက်သော တရားမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။
ဗောဓိလောင်းလျာ၊ သေစိမ့်ငှာ၊ ဖြာဖြာလုံ့လ ကျိုးမရ
သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သစ္စံကိရဇာတ်သည် ပြီး၏။
*****