ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၀၃။ သတ္တိဂုမ္ဗဇာတ် (၇)
3592ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၀၃။ သတ္တိဂုမ္ဗဇာတ် (၇)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဝီသတိနိပါတ်

၇။ သတ္တိဂုမ္ဗဇာတ်

ပတ်ဝန်းကျင်ခြားနားမှုကြောင့် ကျေးညီနောင် ခြားနားပုံ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သားတို့ကိုဘေးမဲ့ပေးရာဖြစ်သော မဒ္ဒကုစ္ဆိမည်သော လိုဏ်၌ သီတင်းသုံးနေတော်မူလျက် ဒေဝဒတ်ကို အကြောင်းပြု၍ မိဂလုဒ္ဒေါ မဟာရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတ္တိဂုမ္ဗဇာတ်ကို ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့၊ ဒေဝဒတ်သည် ကျောက်ကို ချသည်ရှိသော် ဘုရားသခင်၏ ခြေတော်၌ ကျောက်ဆက်သည် ကျလတ်သော် ပြင်းစွာ ဒုက္ခဝေဒနာသည် ဖြစ်၏။ ဘုရားသခင်ကို ဖူးမြင်အံ့သောငှါ များစွာကုန်သော ရဟန်းတို့သည် စုဝေးကုန်၏။ ထိုအခါ ဘုရားသခင်သည် ပရိသတ်စုဝေးသည်ကို မြင်တော်မူ၍ ရဟန်းတို့- ဤကျောင်းသည် အလွန် ကျဉ်းမြောင်း၏။ အစုအဝေးသည် များလတ္တံ့၊ ငါဘုရားကို ညောင်စောင်းထမ်းစင်ဖြင့် မဒ္ဒကုစ္ဆိ အမည်ရှိသော လိုဏ်သို့ ဆောင်ကြကုန်ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် ဘုရားမိန့်တော်မူတိုင်း ပြုကုန်၏။ ဇီဝကဆေးသမားသည် ဘုရားသခင်၏ ခြေတော်ကို ချမ်းသာတော်မူအောင် ဆေးကု၏။ ရဟန်းတို့သည် ဘုရားသခင်၏ အထံတော်၌ နေကုန်လျက်လျှင် စကားကို ဖြစ်စေကုန်၏။

ငါ့သျှင်တို့- ဒေဝဒတ်သည် မိမိလည်း အလွန်ယုတ်မာ၏။ ထိုဒေဝဒတ်၏ ပရိသတ်တို့သည်လည်း အလွန်ယုတ်မာကုန်၏။ ထိုဒေဝဒတ်သည် ယုတ်မာသည်ဖြစ်၍ ယုတ်မာသော အခြံအရံရှိသည်ကို ဖြစ်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားသခင်သည် ရဟန်းတို့- အဘယ်သို့ ဆိုကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားကို ပြောဆိုပါကုန်၏ဟု ရွှေနားတော်လျှောက် လတ်သော် ရဟန်းတို့- ယခုအခါ၌သာလျှင် မဟုတ်၊ ရှေး၌လည်း ဒေဝဒတ်သည် မိမိလည်း ယုတ်မာသည်ဖြစ်၍ ယုတ်မာသော အခြံအရံ ရှိဘူးသည်သာတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဥတ္တရာပဉ္စာလမြို့၌ ပဉ္စာလမည်သော မင်းသည် ပြည်ကို မင်းပြု၏။ ဘုရားလောင်းသည် တောကြီး၌ တခုသော တောင်လျဉ်တောင်ဝှမ်း လက်ပံတောဝယ် တခုသောကျေးမင်း၏ သားဖြစ်၏။ ကျေးညီနောင် နှစ်ခုတို့သည် ဖြစ်ကုန်၏။ ထိုတောင်၏ လေညာ၌ ခိုးသူတို့၏ရွာသည် ရှိ၏။ ခိုးသူငါငါးရာတို့၏ နေရာဖြစ်၏။ လေကြေ၌ ရသေ့ငါးရာတို့၏ နေရာဖြစ်သော ကျောင်းသင်္ခမ်းသည်ဖြစ်၏။ ထိုကျေးငယ်တို့၏ အတောင်ပေါက်စ အခါ၌ လေဗွေသည် ဖြစ်၏။ ထိုလေဗွေသည် ပြင်းစွာလာလတ်သည်ဖြစ်၍ ကျေးငယ်တခုသည် ခိုးသူတို့ရွာ၌ ခိုးသူတို့၏ လက်နက်အလယ်ဝယ် ကျ၏။ ထိုလက်နက် အလယ်၌ ကျသည်၏ အဖြစ်ကြောင့် ထိုကျေးသားအား သတ္တိဂုမ္ဗ ဟူသော အမည်ကို မှည့်ကုန်၏။ ကျေးငယ်တခုသည် ရသေ့တို့၏ ကျောင်းသဲပြင်၌ ပန်းအလယ်ဝယ် ကျ၏။ ထိုကျေးငယ်အား ထိုပန်းအလယ်၌ ကျသည်၏အဖြစ်ကြောင့် ပုပ္ဖက ဟူသောအမည်ကိုသာလျှင် မှည့်ကုန်၏။ သတ္တိဂုမ္ဗ ကျေးသားသည် ခိုးသူတို့၏အလယ်၌ကြီး၏။ ပုပ္ဖကကျေးသားသည် ရသေ့တို့၏အလယ်၌ကြီး၏။

ထိုအခါ တနေ့သ၌ မင်းသည် အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ မြတ်သောရထားကို တက်စီး၍ များသော အခြံအရံဖြင့် သမင်သတ်ခြင်းငှါ မြို့မှ မနီးမဝေးသော အရပ်၌ ကောင်းသော အပွင့်အသီးရှိသည်ဖြစ်၍ နှလုံးမွေ့လျော်ဘွယ်ရှိသော အကွေ့ဖြစ်သော တောသို့သွား၍ အကြင်သူ၏ နံပါးဖြင့် သမင်သည်ပြေးအံ့၊ ထိုသူ၏သာ ဘဏ္ဍာစားတည်းဟု ဆို၍ ရထားမှသက်ဆင်း၍ ဖုံးလွှမ်း၍ နေအပ်သော အအုံ၌ လေးကိုယူ၍ တည်၏။ မင်းချင်းယောက်ျားတို့သည် သမင်တို့ကို ထစိမ့်သောငှာ ချုံတောအုပ်တို့ကို ပုတ်ခတ်ကုန်သည်ရှိသော် တခုသော ဧဏီမည်သော သားသည်ထလတ်၍ သွားရာခရီးကို ကြည့်လတ်သော် မင်း၏ တည်ရာအရပ်၌သာလျှင် ဆိတ်ငြိမ်သည်ကို မြင်၍ ထိုမင်းနေရာသို့ ရှေးရှုပြေးသွား၏။ အမှူးအမတ်တို့သည် အဘယ်သူ၏ နံပါးဖြင့် ဧဏီသားသည် ပြေးသနည်းဟု မေးကုန်သည်ရှိသော် မင်း၏နံပါးဖြင့် ပြေး၏ဟုသိ၍ စစ်သည် ဗိုလ်ပါတို့နှင့်တကွ အမှူးအမတ်တို့သည် ပြက်ရယ်ပြုကုန်၏။

မင်းသည် ငါဟူသောမာနဖြင့် ထိုအမှူးအမတ်၏ ပြက်ရယ်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ ယခုအခါ၌ ထိုဧဏီမည်သောသားကို ငါးဖမ်းအံ့ဟု ဆို၍ ရထားကိုစီး၍ လျင်မြန်စွာ နှင်လော့ဟု ရထားထိန်းကိုစေ၍ ဧဏီမည်သော သားသည် သွားသောခရီးကို လိုက်၏။ လျင်မြန်စွာသွားသော ရထားကို ဗိုလ်ပါပရိသတ်တို့သည် လိုက်ခြင်းငှါ မတတ်နိုင်ကုန်၊ မင်းသည် ရထားထိန်းသာ အဖော်ရှိသည်ဖြစ်၍ မွန်းတည့်သည်တိုင်အောင် လိုက်၍ ဧဏီသားကို မမြင်၍ ပြန်လတ်သော် ခိုးသူရွာအနီး၌ မွေ့လျော်ဘွယ်ရှိသော တောင် မြောင် ချောက်ကြားကို မြင်၍ ရထားမှ ဆင်းသက်၍ ရေချိုး၍၎င်း ရေသောက်၍၎င်း တက်၏။ ထိုအခါ မင်း၏ ရထားထိန်းသည် ရထားထက် ညောင်စောင်း၌ ခင်းသော အခင်းကိုချ၍ သစ်ပင်ရင်း၌ ခင်း၏။ ထိုမင်းသည် ထိုအခင်း၌ အိပ်၏။ ရထားထိန်းသည်လည်း ထိုမင်း၏ခြေကို ဆုပ်နယ်လျက် နေ၏။ အကြားအကြား၌လည်း ပျော်၏။ နိုးလည်း နိုး၏။ ခိုးသူရွာ၌ နေကုန်သော ခိုးသူတို့သည်လည်း မင်းကိုစောင့်အံ့သောငှါ တောသို့လျှင် ဝင်ကုန်၏။ ခိုးသူရွာ၌ သတ္တိဂုမ္ဗ ကျေးသားနှင့် ထမင်းချက်သော ပဋိကောဠုမ္ဗ အမည်ရှိသော လူတယောက်, ဤသူနှစ်ယောက်တို့သည်သာလျှင် ကျန်ရစ်ကုန်၏။ ထိုခဏ၌ သတ္တိဂုမ္ဗ ကျေးသားသည် ရွာမှထွက်၍ မင်းကိုမြင်၍ ဤမင်းကို အိပ်ပျော်စဉ်လျှင် သတ်၍ ဆင်ယင်သော တန်ဆာကို ယူအံ့ဟုကြံ၍ ပဋိကောဠုမ္ဗ၏ အထံသို့သွား၍ အကြောင်းကိုကြား၏။ ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော ဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး၍-

၁၅၉။ မိဂလုဒ္ဒေါ မဟာရာဇာ၊ ပဉ္စာလာနံ ရထေသဘော။
နိက္ခန္တော သဟသေနာယ၊ ဩဂဏော ဝနမာဂမော။
၁၆၀။ တတ္ထ ဒ္ဒသ အရညသ္မိံ၊ တက္ကရာနံ ကုဋီကတံ။
တသ္မာ ကုဋိယာ နိက္ခမ္မ၊ သုဝေါ လုဒ္ဒါနိ ဘာသတိ။
၁၆၁။ သမ္ပန္န ဝါဟနော ပေါသော၊
ယုဝါ သမ္မဋ္ဌကုဏ္ဍလီ။
သောဘတိ လောဟိတုဏှီသော၊
ဒိဝါ သူရိယောဝ ဘာသတိ။
၁၆၂။ မဇ္ဈနှိကေ သမ္ပတိကေ၊ သုတ္တော ရာဇာ သသာရထိ။
ဟန္ဒဿာဘရဏံ သဗ္ဗံ၊ ဂဏှာမှ သာဟသာ မယံ။
၁၆၃။ နိသီထေ ပိ ရဟော ဒါနိ၊
သုတ္တော ရာဇာ သသာရထိ။
အာဒါယ ဝတ္ထံ မဏိကုဏ္ဍလဉ္စ၊
ဟန္တွာန သာခါဟိ အဝတ္ထရာမ။

ဟူကုန်သော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

၁၅၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မိဂလုဒ္ဒေါ၊ သားမုဆိုးနှင့်တူသော။ ရထေသဘော၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ ပဉ္စာလာနံ၊ ပဉ္စာလတိုင်းသူတို့၏။ မဟာရာဇာ၊ မင်းကြီးသည်။ သေနာယ၊ စစ်သည်နှင့်။ သဟ၊ တကွ။ နိက္ခန္တော၊ ထွက်သည်ရှိသော်။ ဩဂဏော၊ အပေါင်းအဘော်မှ ကျန်ရစ်သည်ဖြစ်၍။ ဝနံ၊ တောသို့။ အာဂမာ၊ ရောက်လေ၏။

၁၆၀။ တတ္ထ၊ ထိုတော၌။ တက္ကရာနံ၊ ထိုခိုးမှုကို ပြုသောသူတို့၏။ ကုဋီကတံ၊ အိမ်ရှိသော ရွာကို။ အဒ္ဒသ၊ မြင်လေ၏။ သုဝေါ၊ လူကဲ့သို့ လိမ်မာသော ကျေးသားသည်။ တသ္မာ၊ ထိုရွာမှ။ ကုဋိယာ၊ ကုဋိမှ။ နိက္ခမ္မ၊ ထွက်၍။ လုဒ္ဒါနိ၊ ကြမ်းကြုတ်သော စကားတို့ကို။ ဘာသတိ၊ ဆို၏။

၁၆၁။ သမ္ပန္နဝါဟနော၊ ပြည့်စုံသော မြင်းရထားရှိသော။ ယုဝါ၊ နုပျိုသော။ သမ္မဋ္ဌကုဏ္ဍလီ၊ အလွန်ပြေပြစ်သော နားဍောင်းဝတ်သော။ လောဟိတုဏှီသော၊ နီသော နဖူးသင်းကျပ်ရှိသော။ ပေါသော၊ လူမင်းသည်။ ဒိဝါ၊ နေ့၌။ သူရိယော၊ နေသည်။ ဘာသတိ ဣဝ၊ ထွန်းပသကဲ့သို့။ သောဘတိ၊ တင့်တယ်၏။

၁၆၂။ သမ္ပတိကေ၊ ရောက်သော။ မဇ္ဈနှိကေ၊ မွန်းတည့်အခါ၌။ သသာရထိ၊ ရထားထိန်းနှင့် တကွသော။ ရာဇာ၊ မင်းသည်။ သုတ္တော၊ အိပ်ပျော်၏။ ဟန္ဒ၊ ယခုအခါ၌။ မယံ၊ ငါတို့သည်။ အဿ၊ ထိုမင်း၏။ သဗ္ဗံ၊ အလုံးစုံသော။ အာဘရဏံ၊ တန်ဆာကို။ သာဟသာ၊ အဆောတလျင် အနိုင်အထက်။ ဂဏှာမ၊ ယူကြကုန်အံ့။ ဝါ၊ လုကြကုန်အံ့။

၁၆၃။ ဒါနိ-ဣဒါနိပိ၊ ယခုအခါ၌လည်း။ နိသီထေ၊ ညဉ့်သန်းခေါင် အခါကဲ့သို့။ ရဟော၊ ဆိတ်ငြိမ်၏။ သသာရထိ၊ ရထားနှင့်တကွသော။ ရာဇာ၊ မင်းသည်။ သုတ္တော၊ အိပ်ပျော်ပြီ။ ဝတ္ထံ၊ ဝတ်သော အဝတ်ကို၎င်း။ မဏိကုဏ္ဍလဉ္စ၊ ပတ္တမြားနားဍောင်းကို၎င်း။ အာဒါယ၊ ယူ၍။ ဟန္တွာန၊ မင်းနှင့် တကွသော ရထားထိန်းကို သတ်၍။ သာခါဟိ၊ သစ်ခက်တို့ဖြင့်။ အဝတ္ထရာမ၊ ဖုံးဘိကုန်အံ့။

ဤသို့ ထိုသတ္တိဂုမ္ဗကျေးသားသည် တကြိမ် လျင်စွာ ထွက်၏။ တကြိမ် ပဋိကောဠုမ္ဗ၏ အနီးသို့ သွား၏။ ထို ကောဠုမ္ဗသည် ထိုသတ္တိဂုမ္ဗကျေးသား၏ စကားကို ကြား၍ ထွက်၍ ကြည့်လတ်သော် မင်းအဖြစ်ကိုသိ၍ ကြောက်ရွံ့သော စကားကို ဆိုလိုရကား-

၁၆၄။ ကိံ နု ဥမ္မတ္တရူပေါဝ၊ သတ္တိဂုမ္ဗ ပဘာသသိ။
ဒုရာသဒါ ဟိ ရာဇာနော၊ အဂ္ဂိ ပဇ္ဇလိတော ယထာ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၄။ သတ္တိဂုမ္ဗ၊ သတ္တိဂုမ္ဗ။ တွံ၊ သင်သည်။ ဥမ္မတ္တရူပေါဣဝ၊ ရူးသော သဘောရှိသော သူကဲ့သို့။ ကိံနု ပဘာသသိ၊ အဘယ်ကြောင့် ဆိုဘိသနည်း။ ဟိ-သစ္စံ၊ မှန်၏။ ရာဇာနော၊ မင်းတို့ကို။ ဒုရာသဒါ၊ ချဉ်းကပ်ခြင်းငှါ ခဲယဉ်းကုန်၏။ အဂ္ဂိယထာ၊ ပြောင်ပြောင်တောက်သော မီးကဲ့သို့။ ပဇ္ဇလိတော၊ မင်း၏တန်ခိုးဖြင့် တောက်ပ၏။

ထိုအခါ၌ ပဋိကောဠုမ္ဗကို သတ္တိဂုမ္ဗ ကျေးသားသည် ဆိုလိုရကား-

၁၆၅။ အထ တွံ ပဋိကာဠုမ္ဗ၊ မတ္တော ထူလာနိ ဂဇ္ဇသိ။
မာတရိ မယှံ နဂ္ဂါယ၊ ကိံနု တွံ ဝိဇိဂုစ္ဆသေ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၅။ ပဋိကောဠုမ္ဗ၊ ပဋိကောဠုမ္ဗ။ တွံ၊ သင်သည်။ မတ္တော၊ သေယစ်သည်ဖြစ်၍။ ထူလာနိ၊ ကြီးသော ကြုံးဝါးခြင်းတို့ကို။ နဂ္ဂါယ၊ အဝတ်မရှိ အချည်းစည်းသော။ မယှံ၊ ငါ၏။ မာတရိ၊ အမိ၌။ ဂဇ္ဇသိအထ၊ ကြုံးဝါးသည် မဟုတ်လော။ ကိံ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ဝိဇိဂုစ္ဆသေ နု၊ ခိုးမှုကို စက်ဆုပ်ဘိသနည်း။ ဝါ၊ ကြောက်တုံဘိသနည်း။

မင်းသည် နိုး၍ ပဋိကောဠုမ္ဗနှင့် တကွ လူ့ဘာသာဖြင့် စကားပြောဟောသော ထိုသတ္တိဂုမ္ဗကျေးသား၏ စကားကို ကြား၍ ဤအရပ်သည် ဘေးဘျမ်းနှင့်တကွ ဖြစ်အံ့ဟု ကြံ၍ ရထားထိန်းကို ထစေလိုရကား-

၁၆၆။ ဥဋ္ဌေဟိ သမ္မ တရမာနော၊ ရထံ ယောဇေဟိ သာရထိ။
သကုဏော မေ န ရုစ္စတိ၊ အညံ ဂစ္ဆာမ အဿမံ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၆။ သမ္မ သာရထိ၊ အချင်းရထားထိန်း။ တရမာနော၊ အဆောတလျင်။ ဥဋ္ဌေဟိ၊ ထလော့။ ရထံ၊ ရထားကို။ ယောဇေဟိ၊ ကလော့။ သကုဏော၊ ကျေးငှက်ကို။ မေ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်အပ်။ အညံ၊ တပါးသော။ အဿမံ၊ ရသေ့ကျောင်းသို့။ ဂစ္ဆာမ၊ သွားကုန်အံ့။

ထိုရထားထိန်းသည်လည်း လျင်စွာထ၍ ရထားကိုက၍ မင်းကြီးကို ဆိုလိုရကား-

၁၆၇။ ယုတ္တော ရထော မဟာရာဇ၊ ယုတ္တော စ ဗလဝါဟနော။
အဓိတိဋ္ဌ မဟာရာဇ၊ အညံ ဂစ္ဆာမ အဿမံ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရထော၊ ရထားကို။ ယုတ္တော၊ က အပ်ပြီ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗလဝါဟနော၊ အားနှင့် ပြည့်စုံသော မြင်းကိုလည်း။ ယုတ္တော၊ က, အပ်ပြီ။ အဓိတိဋ္ဌ၊ တက်စီးတော်မူလော့။ အညံ၊ တပါးသော။ အဿမံ၊ ရသေ့ကျောင်းသို့။ ဂစ္ဆာမ၊ သွားကုန်အံ့။

သတ္တိဂုမ္ဗ ကျေးသားသည် လျင်မြန်စွာသွားသော ရထားကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ဆိုလိုရကား-

၁၆၈။ ကောနု မေဝ ဂတာ သဗ္ဗေ၊ ယေ အသ္မိံ ပရိစာရကာ။
ဧသ ဂစ္ဆတိ ပဉ္စာလော၊ မုတ္တော နေသံ အဒဿနာ။
၁၆၉။ ကောဒဏ္ဍကာနိ ဂဏှထ၊ သတ္တိယော တောမရာနိ စ။
ဧသ ဂစ္ဆတိ ပဉ္စာလော၊ မာဝေါ မုဉ္စိတ္ထ ဇီဝိတံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၆၈။ အသ္မိံ၊ ဤရသေ့ကျောင်း၌။ ပရိစာရကာ၊ လုပ်ကျွေးကုန်သော။ ယေ၊ အကြင် သူခိုးတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဣမေ၊ ဤသူခိုးတို့သည်။ ကော၊ အဘယ်အရပ်သို့။ ဂတာ နု၊ သွားလေကုန်သနည်း။ ဧသ ပဉ္စာလော၊ ဤပဉ္စာလမင်းသည်။ ဂစ္ဆတိ၊ သွားလေ၏။ နေသံ၊ ထိုခိုးသူတို့၏။ အဒဿနာ၊ မမြင်ခြင်းကြောင့်။ မုတ္တော၊ လွတ်ရလေ၏တကား။

၁၆၉။ ဘောန္တော စောရာ၊ အို သူခိုးတို့။ ဧသ ပဉ္စာလော၊ ထိုပဉ္စာလမင်းသည်။ ဂစ္ဆတိ၊ သွားလေ၏။ ဝေါ၊ သင်တို့သည်။ ဇီဝိတံ၊ အသက်ရှည်စဉ်။ နံ၊ ထိုမင်းကို။ မာ မုဉ္စိတ္ထ၊ မလွှတ်ကြကုန်လင့်။ ကောဒဏ္ဍကာနိ စ၊ လေးတို့ကို၎င်း။ သတ္တိယော စ၊ လှံတို့ကို၎င်း။ တောမရာနိ စ၊ ခက်ရင်းတို့ကို၎င်း။ ဂဟေတွာ၊ ကိုင်၍။ နံ၊ ထိုမင်းကို။ ဂဏှထ၊ ဖမ်းကြကုန်။

ဤသို့ ထိုသတ္တိဂုမ္ဗ ကျေးသားသည် ထိုမှဤမှ ပြေးစဉ်ပင်လျှင် မင်းသည် ရသေ့တို့၏ကျောင်းသို့ ရောက်၏။ ထိုခဏ၌ ရသေ့တို့သည် သစ်သီးကြီးငယ် အလို့ငှါ သွားကုန်၏။ တယောက်သော ပုပ္ဖကအမည်ရှိသော ကျေးသားသည် အဿမပိုဒ်ကျောင်း၌ တည်သည်ဖြစ်၏။ ထိုပုပ္ဖက ကျေးသားသည် မင်းကိုမြင်၍ ခရီးဦး ကြိုဆို၍ စကားစေ့စပ် ပဋိသန္ထာရကို ပြု၏။ ထိုအကြောင်းကို ထင်စွာပြလိုသော ဘုရားသခင်သည်-

၁၇၀။ အထာပရော ပဋိနန္ဒိတ္ထ၊ သုဝေါ လောဟိတတုဏ္ဍိတော။
သွာဂတန္တေ မဟာရာဇ၊ အထော တေ အဒုရာဂတံ။
ဣဿရောသိ အနုပ္ပတ္တော၊ ယံ ဣဓတ္ထိ ပဝေဒယ။
၁၇၁။ တိန္ဒုကာနိ ပိယာလာနိ၊ မဓုကေ ကာသုမာရိယော။
ဖလာနိ ခုဒ္ဒကပ္ပါနိ၊ ဘုဉ္ဇ ရာဇ ဝရံဝရံ။
၁၇၂။ ဣဒမ္ပိ ပါနီယံ သီတံ၊ အာဘတံ ဂိရိဂဗ္ဘရာ။
တတော ပိဝ မဟာရာဇ၊ သစေ တွံ အဘိကင်္ခသိ။
၁၇၃။ အရညံ ဥဉ္ဆာယ ဂတာ၊ ယေ အသ္မိံ ပရိစာရကာ။
သယံ ဥဋ္ဌာယ ဂဏဝှေါ၊ ဟတ္ထာ မေ နတ္ထိ ဒါတဝေ။

ဟူကုန်သော ဤလေးဂါထာတို့ကို ဆို၏။

၁၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုမင်းကြီး ကျောင်းသို့ ရောက်သောအခါ၌။ လောဟိတတုဏ္ဍိကော၊ နီသော နှုတ်သီးရှိသော။ အပရော သုဝေါ၊ ပုပ္ဖက ကျေးသားသည်။ ပဋိနန္ဒိတ္ထ၊ နှစ်သက်လေ၏။ မဟာရာဇ၊ မြတ်သော မင်းကြီး။ တေ၊ ရှင်မင်းကြီး၏။ အာဂတံ၊ လာခြင်းကား။ သွာဂတံ-သုအာဂတံ၊ ကောင်းသောလာခြင်းတည်း။ အထော၊ ထိုမှတပါး။ တေ၊ ရှင်မင်းကြီးအား။ အဒုရာဂတံ၊ အပြစ်ကင်းသော လာခြင်းတည်း။ ဣဿရော၊ ရှင်မင်းကြီးသည်။ အနုပ္ပတ္တော၊ ရောက်လာပေသည်။ အသိ၊ ဖြစ်၏။ ဣဓ၊ ဤအရပ်၌။ ယံ၊ အကြင် အလိုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအလိုကို။ ပဝေဒယ၊ ကြားတော်မူလော့။

၁၇၁။ တိန္ဒုကာနိ၊ တည်သီးတို့သည်၎င်း။ ပိယာလာနိ၊ လွန်သီးတို့သည်၎င်း။ မဓုကေ-မဓုကဖလာနိ၊ သစ်မည်စည်သီးတို့သည်၎င်း။ ကာသုမာရိယော၊ သရက်ဖြူသီးတို့သည်၎င်း။ ဝါ-၊ သခွါးသီးတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုသစ်သီးတို့သည်။ ခုဒ်ဒကပ္ပါနီ၊ ပျားမွဲအရသာနှင့် တူကုန်၏။ ဝါ-၊ ယင်ပျားအရသာနှင့် တူကုန်၏။ ရာဇ၊ မင်းမြတ်။ ဝရံဝရံ၊ ချိုနိုးရာရာကို။ ဘုဉ္ဇ၊ စားတော်ခေါ်ပါလော့။

၁၇၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဂိရိဂဗ္ဘရာ၊ တောင်မြောင် ချောက်ကြားမှ။ အာဘတံ၊ ဆောင်ယူအပ်သော။ ဣဒမ္ပိ ပါနီယံ၊ ဤရေသည်လည်း။ သီတံ၊ အေးလှစွာ၏။ တွံ၊ ရှင်မင်းကြီးသည်။ သစေ အဘိကင်္ခသိ၊ အကယ်၍ အလိုတော်ရှိအံ့။ တတော၊ ထိုရေအိုးစင်မှ သောက်ရေကို။ ပိဝ၊ သောက်တော်မူပါလော့။

၁၇၃။ အသ္မိံ၊ ဤကျောင်းသင်္ခမ်း၌။ ယေ ပရိစာရကာ၊ အကြင် ရသေ့တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရသေ့တို့သည်။ အရညံ၊ တောသို့။ ဥဉ္ဆာယ၊ သစ်သီးကြီးငယ် ရှာမှီးအံ့သောငှါ။ ဂတာ၊ သွားကုန်၏။ မေ၊ အကျွန်ုပ်အား။ ဒါတဝေ၊ ပေးခြင်းငှာ။ ဟတ္ထာ၊ လက်တို့သည်။ နတ္ထိ- န သန္တိ၊ မရှိကုန်။ သယံ၊ ကိုယ်တော်အလိုလို။ ဥဋ္ဌာယ၊ ထ၍။ ဂဏှဝေါ၊ ယူတော်မူကုန်လော့။

မင်းကြီးသည် ပုပ္ဖကကျေးသား၏ စကားစေ့စပ် ပြောဟောခြင်းကို ကြည်ညို၍ ယခင်တွေ့သော သတ္တိဂုမ္ဗကျေးသား၏ ကြမ်းကြုတ်ခြင်းကို ပြောဆိုလိုရကား-

၁၇၄။ ဘဒ္ဒကော ဝတာယံ ပက္ခီ၊ ဒိဇော ပရမဓမ္မိကော။
အထေကော ဣတရော ပက္ခီ၊ သုဝေါ လုဒ္ဒါနိ ဘာသတိ။
၁၇၅။ ဧတံ ဟနထ ဗန္ဓထ။ မာ ဝေါ မုဉ္စထ ဇီဝတံ။
ဣစ္စေဝံ ဝိလပန္တဿ၊ သောတ္ထိံ ပတ္တောသ္မိ အဿမံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၇၄။ ပက္ခီ၊ အတောင်ရှိသော။ အယံ ဒိဇော၊ ဤ ကျေးသားသည်။ ဘဒ္ဒကော ဝတ၊ လောကဝတ် ကောင်းပေစွတကား။ ပရမဓမ္မိကော၊ အလွန်တရားစောင့်ပေစွတကား။ အထ၊ ထိုမှတပါး။ ဧကော၊ တခုသော။ ဣတရော၊ ဤ ကျေးသားမှတပါးသော။ ပက္ခီ၊ အတောင်ရှိသော။ သုဝေါ၊ ကျေးသားသည်။ လုဒ္ဒါနိ၊ ကြမ်းကြုတ်သောစကားတို့ကို။ ဘာသတိ၊ ဆို၏။

၁၇၅။ ဧတံ၊ ဤမင်းကို။ ဟနထ၊ သတ်ကြကုန်။ ဗန္ဓထ၊ နှောင်ဖွဲ့ကြကုန်။ ဝေါ၊ သင်တို့သည်။ ဇီဝတံ-ဇီဝန္တာနံ၊ အသက်ရှည်ကုန်စဉ်။ ဧတံ၊ ထိုမင်းကို။ မာ မုဉ္စထ၊ မလွှတ်ကြကုန်လင့်။ ဣစ္စေဝံ၊ ဤသို့လျှင်။ ဝိလပန္တဿ၊ မြည်တမ်းစဉ်ပင်။ သောတ္ထိံ၊ ချမ်းသာစွာ။ အဟံ၊ ငါသည်။ အဿမံ၊ ကျောင်းသို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။

မင်း၏ စကားကို ကြား၍ ပုပ္ဖက ကျေးသားသည် မင်းကြီးအား ဆိုလိုရကား-

၁၇၆။ ဘာတရောသ္မ မဟာရာဇ၊ သောဒရိယာ ဧကမာတုကာ။
ဧကရုက္ခသ္မိံ သံဝဍ္ဎာ၊ နာနာခေတ္တေ ဂတာ ဥဘော။
၁၇၇။ သတ္တိဂုမ္ဗော စ စောရာနံ၊ အဟဉ္စ ဣသိနံ ဣဓ။
အသတံ သော သတံ အဟံ၊ တေန ဓမ္မေန နော ဝိနာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၇၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မယံ၊ ထိုသတ္တိဂုမ္ဗနှင့် အကျွန်ုပ် နှစ်ယောက်တို့သည်။ ဘာတရော၊ ညီအစ်ကိုတို့သည်။ အသ္မ၊ ဖြစ်ကုန်၏။ သောဒရိယာ၊ တမိဝမ်း၌ အတူအောင်းကုန်၏။ ဧကမာတုကာ၊ တူသောအမိ ရှိကုန်၏။ ဧကရုက္ခသ္မိံ၊ သစ်တပင်တည်း၌။ သံဝဍ္ဎာ၊ ကြီးကုန်၏။ ပစ္ဆာ၊ နောက်မှ။ ဥဘော၊ နှစ်ယောက်သော ငါတို့သည်။ နာနာခေတ္တေ၊ အထူးထူး အခြားခြားသော အရပ်တို့သို့။ ဂတာ၊ ရောက်ကုန်၏။

၁၇၇။ သတ္တိဂုမ္ဗော စ၊ သတ္တိဂုမ္မသည်ကား။ စောရာနံ၊ ခိုးသူတို့၏။ သန္တိကေ၊ အထံ၌။ သံဝဍ္ဎော၊ ကြီးပွား၏။ အဟဉ္စ၊ အကျွန်ုပ်သည်ကား။ ဣဓ၊ ဤအရပ်၌။ ဣသီနံ၊ ရသေ့တို့၏။ သန္တိကေ၊ အထံ၌။ သံဝဍ္ဎော၊ ကြီး၏။ သော၊ ထိုသတ္တိဂုမ္ဗကျေးသားသည်။ အသတံ၊ ခိုးသူတို့၏။ သန္တိကံ၊ အထံသို့။ ဥပဂတော၊ ကပ်၏။ အဟံ၊ ငါသည်။ သတံ၊ သူတော်ကောင်းဖြစ်သော ရသေ့တို့၏။ သန္တိကံ၊ အထံသို့။ ဥပဂတော၊ ကပ်၏။ တေန၊ ထို့ကြောင့်။ နော၊ ငါတို့အား။ ဓမ္မေန၊ အကျင့်ဖြင့်။ ဝိနာ၊ ကွဲပြားထူးခြားကုန်၏။

ယခုအခါ၌ ပုပ္ဖကကျေးသားသည် တရားကို ဝေဘန်လိုရကား-

၁၇၈။ တတ္ထ ဝဓော စ ဗန္ဓော စ၊ နိကတီ ဝဉ္စနာနိ စ။
အာလောပါ သာဟသာကာရာ၊ တာနိ သော တတ္ထ သိက္ခတိ။
၁၇၉။ ဣဓ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
အာသနူဒကဒါယီနံ၊ အင်္ကေ ဝုဍ္ဎောသ္မိ ဘာရဓ။

ဟူသော ဤဂါထာ နှစ်ခုတို့၏အပေါင်းကို ဆို၏။

၁၇၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတ္ထ၊ ထိုခိုးသူရွာ၌။ ဝဓော စ၊ သတ်ခြင်း ဖြတ်ခြင်းသည်၎င်း။ ဗန္ဓော စ၊ နှောင်ဖွဲ့ခြင်းသည်၎င်း။ နိကတီ၊ အတုပြု၍ လှည့်ပတ်ခြင်းသည်၎င်း။ ဝဉ္စနာနိ စ၊ အဖြောင့်ပြု၍ လှည့်ပတ်ခြင်းသည်၎င်း။ အာလောပါ စ၊ နေ့အခါ၌ ရွာကိုဖျက်၍ လုယက်ခြင်းတို့သည်၎င်း။ သာဟသာကာရာ စ၊ အိမ်ကိုဝင်၍ သေဘေးဖြင့် ခြိမ်းချောက်လျက် အနိုင်အထက် လုယက်ခြင်းတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသတ္တိဂုမ္ဗ ကျေးသားသည်။ တတ္ထ၊ ထိုခိုးသူနေရာရွာ၌။ တာနိ၊ ထိုမကောင်းသော အမူအကျင့်တို့ကို။ သိက္ခတိ၊ သင်၏။

၁၇၉။ ဣဓ၊ ဤကျောင်း၌။ သစ္စဉ္စ၊ သစ္စာသည်၎င်း။ ဓမ္မော စ၊ သုစရိုက်တရားသည်၎င်း။ အဟိံသာ၊ မညှဉ်းဆဲခြင်းသည်၎င်း။ သံယမော၊ စောင့်စည်းခြင်းသည်၎င်း။ ဒမော၊ ဣန္ဒြေကို ဆုံးမခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်သော မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အာသနူဒကဒါယီနံ၊ နေရာ, ရေ, ပေးလေ့ ရှိကုန်သော ရသေ့တို့၏။ အင်္ကေ၊ ရင်ခွင်၌။ ဝုဍ္ဎော၊ ကြီးသည်။ အသ္မိ၊ ဖြစ်၏။

ယခုအခါ၌ မင်းကြီးအား ပုပ္ဖက ကျေးသားသည် တရားဟောလိုရကား-

၁၈၀။ ယံ ယံ ဟိ ရာဇ ဘဇတိ၊ သန္တံ ဝါ ယဒိ ဝါ အသံ။
သီလဝန္တံ ဝိသီလံ ဝါ၊ ဝသံ တဿေဝ ဂစ္ဆတိ။
၁၈၁။ ယဒိသံ ကုရုတေ မိတ္တံ၊ ယာဒိသဉ္စူပသေဝတိ။
သောပိ တာဒိသကော ဟောတိ၊
သဟဝါသောပိ တာဒိသော။
၁၈၂။ သေဝမာနာ သေဝမာနံ၊ သံဖုဋ္ဌော သံဖုဋ္ဌံ ပရံ။
သရော ဒိဒ္ဓေါ ကလာပံဝ၊ အလိတ္တံ ဥပလိမ္ပတိ။
ဥပလိမ္ပဘယာ ဓီရော၊ နေဝ ပါပသခေါ သိယာ။
၁၈၃။ ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယော နရော ဥပနယှတိ။
ကုသာပိ ပူတိံ ဝါယန္တိ၊ ဧဝံ ဗာလူပသေဝနာ။
၁၈၄။ တဂ္ဂရဉ္စ ပလာသေန၊ ယော နရော ဥပနယှတိ။
ပတ္တာပိ သုရဘိ ဝါယန္တိ၊ ဧဝံ ဓီရူပသေဝနာ။
၁၈၅။ တသ္မာ ပလပုဋဿေဝ၊ ဉတွာ သမ္ပာကမတ္တနော။
အသန္တေ နုပသေဝေယျ၊ သန္တေ သေဝေယျ ပဏ္ဍိတော။
အသန္တော နိရယံ ယန္တိ၊ သန္တော ပါပေန္တိ သုဂ္ဂတိံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၈၀။ ရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ယံ သန္တံ ဝါ၊ အကြင်သူတော်ကောင်းကို၎င်း။ ယဒိ၊ ထိုမှတပါး။ ယံ အသန္တံ ဝါ၊ အကြင်သူတော်မဟုတ် သူယုတ်မာကို၎င်း။ ယံ သီလဝန္တံ ဝါ၊ အကြင် သီလရှိသော သူကို၎င်း။ ယံ ဝိသီလံ ဝါ၊ အကြင် သီလမရှိသော သူကို၎င်း။ ဘဇတိ၊ မှီဝဲဆည်းကပ်၏။ သော၊ ထိုသူသည်။ တဿ၊ ထိုမှီဝဲဆည်းကပ်အပ်သော သူ၏။ ဝသံ ဧဝ၊ အလိုသို့သာလျှင်။ ဂစ္ဆတိ၊ လိုက်တတ်၏။

၁၈၁။ ယာဒိသံ၊ အကြင်သို့ သဘောရှိသော။ မိတ္တံ၊ အဆွေခင်ပွန်းကို။ ကုရုတေ၊ ဖွဲ့မိ၏။ ယာဒိသဉ္စ၊ အကြင်သို့ သဘောရှိသော သူကိုလည်း။ ဥပသေဝတိ၊ မှီဝဲဆည်းကပ်မိ၏။ သောပိ၊ ထိုမှီဝဲဆည်းကပ်တတ်သော သူသည်လည်း။ တာဒိသကော၊ ထိုဆည်းကပ်အပ်သော သူနှင့်တူသည်။ ဟောတိ၊ ဖြစ်၏။ သဟဝါသောပိ၊ တကွနေသော သူသည်လည်း။ တာဒိသော၊ ထိုသူနှင့်တူ၏။

၁၈၂။ သေဝမာနော၊ မှီဝဲ ဆည်းကပ်အပ်သော ဆရာသည်။ အလိတ္တံ၊ မကောင်းမှုဖြင့် မလိမ်းကျံသော။ သေဝမာနံ၊ မှီဝဲဆည်းကပ်တတ်သော တပည့်ကို။ ဥပလိမ္ပတိ၊ မကောင်းမှုဖြင့် လိမ်းကျံစေ၏။ သံဖုဋ္ဌော၊ တပည့်သည် တွေထိအပ်သော ဆရာသည်။ ပရံ၊ တပါးသော။ အလိတ္တံ၊ မကောင်းမှုဖြင့် မလိမ်းကျံသော။ သံဖုဋ္ဌံ၊ တွေ့ထိတတ်သော တပည့်ကို။ ဥပလိမ္ပတိ၊ မကောင်းမှုဖြင့် လိမ်းကျံစေ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဒိဒ္ဓေါ၊ အဆိပ်လိမ်းကျံအပ်သော။ သရော၊ မြားသည်။ ကလာပံ၊ မြားထည့်သော တောင့်ကို။ ဥပလိမ္ပတိ ဣဝ၊ အဆိပ်ဖြင့် လိမ်းကျံစေသကဲ့သို့တည်း။ ဥပလိမ္ပဘယာ၊ မကောင်းမှုဖြင့် လိမ်းကျံခြင်းဘေးမှ။ ဘီတော၊ ကြောက်သော။ နရော၊ ပညာရှိသည်။ ပါပသခါ၊ ယုတ်မာသော မကောင်းသော အဆွေခင်ပွန်းရှိသည်။ နေဝ သိယာ၊ မဖြစ်ရာ။

၁၈၃။ ယော နရော၊ အကြင်သူသည်။ ပူတိမစ္ဆံ၊ ငါးပုပ်ကို။ ကုသဂ္ဂေန၊ သမန်းမြက်ဖြင့်။ ဥပနယှတိ၊ ထုပ်ဖွဲ့၏။ ကုသာပိ၊ သမန်းမြက်တို့သည်လည်း။ ပူတိံ၊ အပုပ်နံ့ကို။ ဝါယန္တိ၊ လှိုင်စေကုန်၏။ ဗာလူပသေဝနာ၊ သူမိုက်ကို မှီဝဲဆည်းကပ်ကုန်သော။ တေ နရာ၊ ထိုသူတို့သည်။ ဧဝံ၊ ဤ ငါးပုပ်ထုပ်သော သမန်းမြက်နှင့် တူကုန်၏။

၁၈၄။ ယော နရော စ၊ အကြင်သူသည်ကား။ တဂ္ဂရံ၊ တောင်ဇလပ်ကို။ ပလာသေန၊ ပေါက်ဖက်ဖြင့်။ ဥပနယှတိ၊ ထုပ်ဖွဲ့အံ့။ ပတ္တာပိ၊ ပေါက်ဖက်တို့သည်လည်း။ သုရဘိံ၊ ကောင်းသောအနံ့ကို။ ဝါယန္တိ၊ လှိုင်စေကုန်၏။ ဓီရူပသေဝနာ၊ ပညာရှိကို မှီဝဲဆည်းကပ်ကုန်သော။ တေ နရာ၊ ထိုသူတို့သည်။ ဧဝံ၊ ဤတောင်ဇလပ်ကို ထုပ်သော ဖက်နှင့်တူကုန်၏။

၁၈၅။ တသ္မာ၊ ထို့ကြောင့်။ ပလပုဋဿ ဣဝ၊ နံ့သာထုပ်သော ပေါက်ဖက်ကဲ့သို့။ အတ္တနော၊ မိမိ၏။ သမ္ပာကံ၊ ပါရမီရင့်သော အဖြစ်ကို။ ဉတွာ၊ သိ၍။ အသန္တေ၊ သူယုတ်တို့ကို။ န ဥပသေဝေယျ၊ မမှီဝဲ မဆည်းကပ်ရာ။ ပဏ္ဍိတော၊ ပညာရှိသည်။ သန္တေ၊ သူတော်ကောင်းတို့ကိုသာလျှင်။ သေဝေယျ၊ မှီဝဲ ဆည်းကပ်ရာ၏။ အသန္တော၊ သူယုတ်တို့သည်။ နိရယံ၊ ငရဲသို့။ ယန္တိ၊ ရောက်စေကုန်၏။ သန္တော၊ သူတော်ကောင်းတို့သည်။ သုဂတိံ၊ ကောင်းသော အလားသို့။ ပါပေန္တိ၊ ရောက်စေကုန်၏။

ပဉ္စာလရာဇ်မင်းသည် ထိုပုပ္ဖက ကျေးသား၏ တရားစကားကို ကြည်ညို၏။ ရသေ့ အပေါင်းတို့သည်လည်း လာ၏။ ပဉ္စာလရာဇ်မင်းသည် ရသေ့တို့ကို ရှိခိုး၍ အရှင်ဘုရားတို့ အကျွန်ုပ်ကို သနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၏ နေရာအရပ်၌ နေတော်မူပါကုန်ဟု လျှောက်၍ ထိုရသေ့တို့၏ ဝန်ခံခြင်းကိုယူ၍ မြို့သို့သွား၍ ကျေးသားတို့အား ဘေးမဲ့ကို ပေး၏။ ရသေ့တို့သည်လည်း ထိုပဉ္စာလရာဇ်မြို့သို့ ကြွတော်မူကုန်၏။ ပဉ္စာလရာဇ်မင်းသည် ရသေ့အပေါင်းတို့ကို ဥယျာဉ်၌နေစေလျက် အသက်ထက်ဆုံး လုပ်ကျွေး၍ နတ်ပြည်ကို ပြည့်စေ၏။ ထိုအခါ မင်းကြီး၏ သားသည်လည်း ထီးဖြူကို ဆောက်စေ၍ ရသေ့အပေါင်းကို လုပ်ကျွေး၏။ ထိုအမျိုးအနွယ် အစဉ်၌ ခုနစ်ဆက်သောမင်းတို့သည် ရသေ့အပေါင်းအား အလှူကို ဖြစ်စေကုန်၏။ ဘုရားလောင်းသည် တော၌နေသည်ဖြစ်၍သာလျှင် ကံအားလျော်စွာ လားတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ ဘုရားသခင်သည် ဤသို့သော တရားဟောတော်မူခြင်းကို ဆောင်တော်မူ၍ ဤသို့ ရှေး၌လည်း ဒေဝဒတ်သည် မိမိယုတ်မာသော အကျင့်ရှိသည်ဖြစ်၍။ ယုတ်မာသော အကျင့်ရှိသော အခြံအရံ ရှိသည်သာတည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ သတ္တိဂုမ္ဗကျေးသားသည် ဒေဝဒတ် ဖြစ်လာ၏။ ခိုးသူတို့သည် ဒေဝဒတ်၏ ပရိသတ်တို့ ဖြစ်လာကုန်၏။ ပဉ္စာလရာဇ်မင်းသည် အာနန္ဒာ ဖြစ်လာ၏။ ရသေ့အပေါင်းတို့သည် ဘုရားပရိသတ်တို့ ဖြစ်လာကုန်၏။ ပုပ္ဖကကျေးသားသည် ငါဘုရား ဖြစ်တော်မူ၏ဟု ဇာတ်ကို ပေါင်းတော်မူ၏။ ။

လူမိုက်ကိုကြဉ်၊ သူတော်သူစင်၊ ပေါင်းလျှင် မင်္ဂလာ

ခုနစ်ခုမြောက်သော သတ္တိဂုမ္ဗဇာတ်သည် ပြီး၏။

*****