ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၆၂။ သန္ထဝဇာတ် (၂-၂-၂)
3611ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၁၆၂။ သန္ထဝဇာတ် (၂-၂-၂)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒုကနိပါတ်-သန္ထဝဝဂ်

၂။ သန္ထဝဇာတ်

ရသေ့နှင့် မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသန္ထဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် မီးပူဇော်ခြင်းကို အကြောင်း ပြု၍ဟောတော်မူ၏။ ဤဝတ္ထုသည် အောက် ဧကကနိပါတ် နင်္ဂုဋ္ဌဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသည်သာလျှင်ကတည်း၊ ရဟန်းတို့သည် ထိုမိစ္ဆာအယူရှိကုန်သော ရသေ့တို့၏ မီးပူဇော်သည်တို့ကို မြင်ကုန်၍ အရှင်ဘုရား ရသေ့တို့သည် အထူးထူး အပြားပြားရှိကုန်သော မိစ္ဆာအကျင့်ကို ပြုကုန်၏။ ထိုမိစ္ဆာအကျင့်၌ အစီးအပွားသည် ရှိသလောဟု မြတ်စွာဘုရားကို မေးလျှောက်ကုန်၏။ ရဟန်းတို့ မိစ္ဆာအကျင့်၌ တစုံတခုသော အစီးအပွားမည်သည် မရှိ၊ ရှေးပညာရှိတို့သည်လည်း မီးပူဇော်ခြင်း၌ အစီးအပွားသည် ရှိ၏ဟူသော အမှတ်ဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မီးကိုပူဇော်ကုန်၍ ထိုမီးပူဇော်ခြင်းအမှု၌ အစီးအပွားမဲ့ကိုသာလျှင် မြင်ကုန်၍ မီးကိုရေဖြင့်ငြိမ်းစေကုန်၍ သစ်ခက်အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ တဖန် ပြန်၍မျှလည်း မကြည့်ကြကုန်ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ မိဘတို့သည် ထိုဘုရားလောင်း၏ ဖွားသောနေ့၌ မီးကိုယူကုန်၍ တဆယ့်ခြောက်နှစ်အရွယ်၌တည်သော ထိုဘုရားလောင်းကိုဆိုကုန်၏။ အဘယ်သို့ ဆိုကုန်သနည်းဟူမူကား ချစ်သား ဖွားသောနေ့၌ မီးကို ယူ၍ တော၌ မီးကိုလုပ်ကျွေးလတ္တံ့ လော၊ ထိုသို့မဟုတ်မူကား ဗေဒင်သုံးပုံတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ အိမ်ရာထောင်သော လူတို့ဘောင်၌ နေခြင်းကို ပြုလတ္တံ့လောဟု ဆိုကုန်၏။ ထိုဘုရားလောင်းသည် ငါ့အား အိမ်ရာထောင်သော လူတို့ဘောင်၌နေခြင်းဖြင့် အလိုမရှိ၊ ဖွားသောနေ့၌ မီးကိုယူ၍ တော၌ မီးကိုလုပ်ကျွေး၍ ဗြဟ္မာ့ပြည်သို့ လားသည်ဖြစ်အံ့ဟု ဆို၍ ဖွားသောနေ့၌ မီးကိုယူ၍ မိဘတို့ကိုရှိခိုး၍ တောသို့ဝင်၍ သစ်ရွက်မိုးသောကျောင်း၌နေ၍ မီးကို လုပ်ကျွေး၏။ ထိုဘုရားလောင်းသည် တနေ့သ၌ ဆွမ်းဘိတ်ရာအရပ်သို့သွား၍ ထောပတ်နှင့်ရောနှောအပ်သော ဃနာကိုရခဲ့၍ ဤထောပတ်နှင့်ရောအပ်သော ဃနာကို ဗြဟ္မာကြီးအား လှူအံ့ဟု ထိုအနားကိုဆောင်၍ မီးကိုညှိ၍ အရှင်မီးမင်း ရှေးဦးစွာ အရှင့်ကို ထောပတ်နှင့်ယှဉ်သောဃနာကို သောက်စေအံ့ဟု ဆို၍ ဃနာကို မီး၌ထည့်၏။ များသော ထောပတ်စေးရှိသော ဃနာကို မီး၌ထည့်ကာမျှ၌သာလျှင် မီးသည်တောက်၍ အလွန်လျှင် အထက်သို့ တက်၏။ ထို့ကြောင့် သစ်ရွက်တို့ဖြင့်မိုးအပ်သောကျောင်းကို လောင်၏။ ရသေ့သည် အလွန်ထိတ်လန့်ရကား ပြေး၍ အပ၌ရပ်၍ စက်ဆုပ်ဘွယ်ရှိကုန်သော ယောက်ျားတို့နှင့် ပေါင်းဘော်ခြင်းမည်သည်ကိုမပြုအပ်၊ ယခုအခါ ငါသည် ငြိုငြင်သဖြင့်ဆောက်လုပ်အပ်သော သစ်ရွက်မိုးသောကျောင်းကို ဤမီးသည် လောင်ခဲ့ပြီဟုဆို၍-

၂၃။ န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော။
ယော သန္ထဝေါ ကာပုရိသေန ဟောတိ။
သန္တပ္ပိတော သပ္ပိနာ ပါယာသေန၊
ကိစ္ဆာကတံ ပဏ္ဏကုဋိံ အဒယှိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၃။ ကာပုရိသေန၊ စက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့်။ ယော သန္ထဝေါ၊ အကြင် ပေါင်းဘော်ရခြင်းသည်။ ပါပိယော၊ အလွန်ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္ထဝါ၊ ထိုစက်ဆုပ်ဘွယ်ရှိသော ယောက်ျားနှင့် ပေါင်းဘော်ခြင်းအောက်။ ပရံ၊ အလွန် ယုတ်မာခြင်းမည်သည်။ နတ္ထိ၊ မရှိ။ သပ္ပိနာ စ၊ ထောပတ်ဖြင့်၎င်း။ ပါယာသေန စ၊ ဃနာဖြင့်၎င်း။ သန္တပ္ပိတော အပိ၊ ရောင့်ရဲစေပါလျှက်လည်း။ အယံ အဂ္ဂိ၊ ဤမီးသည်။ မယာ၊ ငါသည်။ ကိစ္ဆာကတံ၊ ငြိုငြင်သဖြင့် ပြုအပ်သော။ ပဏ္ဏကုဋိံ၊ သစ်ရွက်ဖြင့် မိုးအပ်သော ကျောင်းကို။ အဒယှိ၊ လောင်ခဲ့ပြီ။

ထိုဘုရားလောင်းသည် ဤသို့ဆို၍ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောသင်ဖြင့် ငါ့အားအလိုမရှိဟု ထိုမီးကိုငြိမ်းစေ၍ သစ်ခက်ဖြင့်ပုတ်ခတ်၍ ဟိမဝန္တာ၏အတွင်းသို့ဝင်သည်ရှိသော် တခုသော ရွှေနှင့်တူသော အဆင်းရှိသည်အဖြစ်ကြောင့် သာမာအမည်ရှိသောသမင်မကို ခြင်္သေ့၏၎င်း ကျား၏၎င်း သစ်၏၎င်း မျက်နှာကိုလျှက်သည်ကိုမြင်၍ သူတော်ကောင်းတို့နှင့် ပေါင်းဘော်ခြင်းထက် မြတ်ခြင်းမည်သည် မရှိဟု ကြံ၍-

၂၄။ န သန္တဝသ္မာ ပရမတ္ထိ သေယျော၊
ယော သန္ထဝေါ သပ္ပုရိသေန ဟောတိ။
သီဟဿ ဗျဂ္ဃဿ စ ဒီပိနော စ၊
သာမာ မုခံ လေဟတိ သန္ထဝေန။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၄။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ ယော သန္ထဝေါ၊ အကြင်ပေါင်းဘော်ရခြင်းသည်။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အသ္မာ သန္တဝါ၊ ထိုသူတော်ကောင်းတို့နှင့် ပေါင်းဘော်ရခြင်းထက် ပရံ၊ လွန်မြတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ သာမာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော သမင်မသည်။ သန္ထဝေန၊ ချစ်ခြင်းကြောင့်။ သီဟဿ စ၊ ခြင်္သေ့၏၎င်း။ ဗျဂ္ဃဿ စ၊ ကျား၏၎င်း။ ဒီပိနော စ၊ သစ်၏၎င်း။ မုခံ၊ မျက်နှာကို။ လေဟတိ၊ လျှက်၏။

ဤသို့ဆို၍ ဘုရားလောင်းသည် ဟိမဝန္တာ၏အတွင်းသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို၎င်း သမာပတ်ရှစ်ပါးတို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငါဘုရားသည် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်တရား၊ မလျော်ငြားဘဲ၊ အမှားကျင့်တွက်၊ အကျိုးပျက်၊ ဆိုးချက်နာလှပေ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သန္ထဝဇာတ်သည် ပြီး၏။

*****