3637ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ သမ္ဗဟုလဘိက္ခုဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဓမ္မဋ္ဌဝဂ်

၅။ များစွာသော ရဟန်းတို့ဝတ္ထု

န ဝါက္ကရဏမတ္တေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပူဇော်သက္ကာရ များလိုသော ရဟန်းများ

အခါတစ်ပါး၌ ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း၊ မိမိ၏ စာချဆရာတို့၏သာလျှင် သင်္ကန်းဆိုးရည် ဆိုးခြင်း အစရှိကုန်သော အမှုကြီးငယ်တို့ကို ပြုလုပ်ကြသည်တို့ကို မြင်ရ၍ အချို့သော မထေရ်တို့သည် “ငါတို့လည်း သဒ္ဒါအရာ၌ လိမ္မာကြကုန်၏။ ငါတို့အားသာလျှင် တစ်စုံတစ်ခုသော အမှုကိစ္စသည် မရှိလေ။ ငါတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်တို့သည် သဒ္ဒါအရာ၌ လိမ္မာကြပါကုန်၏။ တစ်ပါးသောသူတို့၏အထံ၌ တရားကို သင်ယူပြီးကုန်သော်လည်း ဤသူတို့၏အထံ၌ မသုတ်သင်ဘဲ မသရဇ္ဈာယ်ကြကုန်လင့်ဟု ရဟန်းငယ်သာမဏေတို့ကို အမိန့်ပေးတော်မူကြပါဘုရား”ဟု ဤသို့ လျှောက်ထားကြရမူကား ကောင်းလေစွ၊ ဤသို့ပြုသည်ရှိသော် ငါတို့အား လာဘ်ပူဇော်သက္ကာရသည် ကြီးပွားပေလတ္တံ့”ဟု ကြံစည်ကြလေကုန်၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုသို့ ကြံစည်သောအတိုင်း လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ဤငါဘုရား၏ သာသနာတော်၌ အစဉ်အဆက်ကို စောင့်ရှောက်လိုသည်၏ အစွမ်းဖြင့်သာလျှင် ဤသို့ပြောဆိုခြင်းငှာ ရထိုက်ပေ၏။ ဤရဟန်းတို့သည်ကား လာဘ်ပူဇော်သက္ကာရ၌ မှီသောစိတ် ရှိကြကုန်၏”ဟု သိတော်မူ၍ “ငါဘုရားသည် သင်တို့ကို “စကားပြောတတ်ကာမျှဖြင့် ကောင်းသော သဘောရှိသောသူတို့ ဖြစ်ကုန်၏”ဟု ဟောတော်မမူ။ အကြင်ပုဂ္ဂိုလ်သည် ငြူစူခြင်း အစရှိကုန်သော ထိုအကုသိုလ်တရားတို့ကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ်အပ်ကုန်၏။ ထိုပုဂ္ဂိုလ်သည်သာလျှင် ကောင်းသော သဘောရှိသောသူ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၆၂] န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။

[၂၆၃] ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ဝုစ္စတိ။

ဝါက္ကရဏမတ္တေန ဝါ၊ စကားကို ပြောဆိုတတ်ကာမျှကြောင့်လည်းကောင်း။ ဝဏ္ဏပေါက္ခရတာယ ဝါ၊ ကိုယ်အဆင်း၏ နှစ်သက်ဖွယ်ရှိသော အဖြစ်ကြောင့်လည်းကောင်း။ ဣဿုကီ၊ ငြူစူခြင်းရှိသော။ မစ္ဆရီ၊ ဝန်တိုခြင်း ငါးပါးရှိသော။ သဌော၊ ကောက်ကျစ်စဉ်းလဲသော။ နရော၊ လူသည်။ သာဓုရူပေါ၊ ကောင်းမြတ်သော သဘောရှိသောသူသည်။ န ဟောတိ၊ မဖြစ်။

ယဿ စ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ ဧတံ၊ ဤငြူစူခြင်းစသော အကုသိုလ်တရားအပေါင်းကို။ သမုစ္ဆိန္နံ၊ အရဟတ္တမဂ်ဖြင့် ဖြတ်အပ်ပြီ။ မူလဃစ္စံ၊ အမြစ်ပြတ်အောင် ပြု၍။ သမူဟတံ၊ ကောင်းစွာ နုတ်အပ်ပြီ။ ဝန္တဒေါသော၊ ထွေးအန်အပ်ပြီးသော အပြစ်ဒေါသရှိသော။ မေဓာဝီ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။ သ-သော၊ ထိုပုဂ္ဂိုလ်ကို။ သာဓုရူပေါတိ၊ ကောင်းမြတ်သော သဘောရှိသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

(ဝန်တိုခြင်း- မစ္ဆရိယငါးပါး-
၁။ အာဝါသမစ္ဆရိယ၊ ကျောင်း,ဇရပ်,အိမ်,အိပ်ရာနေရာတို့နှင့်စပ်၍ ဝန်တိုခြင်း။
၂။ ကုလမစ္ဆရိယ၊ ဆွေမျိုးအလုပ်အကျွေးတို့နှင့်စပ်၍ ဝန်တိုခြင်း။
၃။ လာဘမစ္ဆရိယ၊ ပစ္စည်းလာဘ်လာဘနှင့်စပ်၍ ဝန်တိုခြင်း။
၄။ ဝဏ္ဏမစ္ဆရိယ၊ ကိုယ်အဆင်း လှပခြင်း, ဂုဏ်သတင်းကြီးခြင်းတို့နှင့်စပ်၍ ဝန်တိုခြင်း။
၅။ ဓမ္မမစ္ဆရိယ၊ ပရိယတ္တိဓမ္မနှင့်စပ်၍ ဝန်တိုခြင်း။ (အဋ္ဌသာလိနီ)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

များစွာသော ရဟန်းတို့ဝတ္ထု ပြီး၏။