သာမဏေရာနံ ဝတ္ထု
၂၃။ သာမဏေလေးပါးတို့ ဝတ္ထု
အဝိရုဒ္ဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာမဏေလေးပါးတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပုဂ္ဂိုလ်ငယ်လှသဖြင့် ဆွမ်းကျွေးရန် မသဒ္ဓါခြင်း
ပုဏ္ဏေးမတစ်ယောက်သည် လေးပါးသော ရဟန်းတို့အား ရည်ညွှန်း၍ လှူအပ်သောဆွမ်းကို စီရင်ပြီးလျှင် ပုဏ္ဏားကြီးကို “ကျောင်းသို့သွား၍ ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်ကြီးလေးဦးတို့ကို ညွှန်းစေ၍ ပင့်ဆောင်ခဲ့ချေလော့”ဟု ဆိုလေ၏။ ထိုပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ “ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်လေးဦးတို့ကိုညွှန်း၍ တပည့်တော်အား ပေးတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုပုဏ္ဏားကြီးအား သံကိစ္စသာမဏေ, ပဏ္ဍိတသာမဏေ, သောပါကသာမဏေ, ရေဝတသာမဏေဟူသော ခုနစ်နှစ်သား ရဟန္တာသာမဏေ လေးပါးတို့သည် ရောက်လေကုန်၏။ ပုဏ္ဏေးမသည် မြတ်သောသူတို့အားသာလျှင် ထိုက်တန်ကုန်သော နေရာတို့ကို ခင်း၍နေစဉ် သာမဏေငယ်တို့ကိုမြင်ရလျှင် အမျက်ထွက်လှသဖြင့် ဖိုခုံလောက်၌ ထည့်အပ်သော ဆားကဲ့သို့ တစ်တောက်တောက်မြည်လျက် “ကျောင်းသို့သွားပြီးလျှင် မိမိမြေးမျှလောက်မက ငယ်လှသော သူငယ်ကလေး လေးဦးတို့ကိုခေါ်၍ လာဘိ၏”ဟု ဆို၍ ထိုသာမဏေငယ်တို့အား ထိုနေရာတို့၌ နေစေခြင်းငှာ မပေးဘဲ နိမ့်သော အင်းပျဉ်တို့ကိုခင်းသဖြင့် “ဤနေရာတို့၌ နေကြကုန်လော့”ဟု ဆိုပြီးလျှင် “ပုဏ္ဏားကြီး- သွားတဲ့ချေဦး၊ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးတို့ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေလော့”ဟု ဆိုပြန်၏။
အဂ္ဂသာဝကကြီးများ ပင့်သွားရာ ပြန်ကြွခြင်း
ပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် “ကြွတော်မူကြပါဘုရား၊ တပည့်တော်တို့၏ နေအိမ်သို့ သွားကြကုန်အံ့”ဟု ပင့်ဆောင်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် ကြွလာ၍ သာမဏေတို့ကိုမြင်လျှင် “ဤဗြာဟ္မဏကြီးတို့သည် ဆွမ်းကိုရအပ်ပြီလော”ဟု မေးလတ်သဖြင့် “မရသေးပါဘုရား”ဟု နားတော်လျှောက်လျှင် လေးယောက်သောသူတို့ အလို့ငှာသာလျှင် ဆွမ်းစီရင်သည့်အဖြစ်ကို သိတော်မူသဖြင့် “ငါ၏သပိတ်ကို ဆောင်ခဲ့လော့”ဟု ဆို၍ သပိတ်ကို လွယ်ယူလျက် ဖဲကြွသွားတော်မူလေ၏။ ပုဏ္ဏေးမသည်လည်း “ဤပုဂ္ဂိုလ်သည် အဘယ်စကားကို ဆိုသနည်း”ဟု မေးလတ်သော် “နေထိုင်နှင့်ကုန်သော ဤဗြာဟ္မဏကြီးတို့အား ရခြင်းငှာသင့်၏ဟု ဆို၍ ငါ၏သပိတ်ကို ဆောင်ခဲ့လော့ဟုဆိုပြီးလျှင် မိမိ၏သပိတ်ကို ယူ၍သွား၏”ဟု ပြန်ကြားပြောဆိုလတ်သည်ရှိသော် “ဘုဉ်းပေးခြင်းငှာ အလိုမရှိသည် ဖြစ်လတ္တံ့”ဟု “လျင်မြန်စွာသွားပြီးလျှင် တစ်ပါးသောပုဂ္ဂိုလ်ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေဦး”ဟု စေလွှတ်ပြန်သဖြင့် ပုဏ္ဏားကြီးသည် သွား၍ ရှင်မောဂ္ဂလာန်မထေရ်ကိုမြင်လျှင် ထို့အတူသာလျှင် လျှောက်ကြား၍ ပင့်ဆောင်ပြန်လေ၏။ ထိုရှင်မောဂ္ဂလာန်မထေရ်သည်လည်း သာမဏေတို့ကိုမြင်လျှင် ထို့အတူသာလျှင်ဆို၍ သပိတ်ကိုယူလျက် ဖဲကြွသွားပြန်လေ၏။ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် “ပုဏ္ဏားကြီး- ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှာ အလိုမရှိကြကုန်၊ ကျောင်းသို့သွား၍ ဗြာဟ္မဏပုဂ္ဂိုလ်ကြီး တစ်ပါးကို ပင့်ဆောင်ချေဦးလော့”ဟု စေလွှတ်ပြန်လေ၏။ သာမဏေတို့သည်လည်း နံနက်စောစောအခါမှစ၍ တစ်စုံတစ်ခုကို မရကြကုန်သဖြင့် မွတ်သိပ် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်ကုန်လျက် နေတော်မူကြရကုန်၏။
ပုဏ္ဏားအိုကြီးကိုတွေ့၍ ဝမ်းမြောက်ခြင်း
ထိုအခါ လေးဦးသော သာမဏေတို့၏ ဂုဏ်ကျေးဇူး အာနုဘော်တော်ကြောင့် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူပြင်းသောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုသာမဏေလေးပါးတို့၏ နံနက်စောစောအခါမှစ၍ နေထိုင်ကြသဖြင့် ပင်ပန်းသည့်အဖြစ်ကို သိရလျှင် “ငါသည် ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု အလွန်အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားအိုကြီးအသွင်ကို ဖန်ဆင်းလျက် ထိုပုဏ္ဏားတို့ ရွတ်ဖတ်ရာအရပ်၌ ပုဏ္ဏားတို့အလို့ငှာ ခင်းထားအပ်သော မြတ်သောနေရာ၌ ထိုင်လျက်နေလေ၏။ ပုဏ္ဏားကြီးသည် ထိုပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် “ယခုအခါ ငါ၏ပုဏ္ဏေးမကား ဝမ်းမြောက်ဝမ်းသာရှိသည် ဖြစ်ပေတော့လတ္တံ့”ဟု အောက်မေ့သဖြင့် “လာလှည့်ပါလော့၊ အိမ်သို့သွားကြကုန်အံ့”ဟု သိကြားမင်းပုဏ္ဏားအိုကြီးကို ပင့်ဆောင်ပြီးလျှင် အိမ်သို့ သွားလေ၏။ ပုဏ္ဏေးမသည် ထိုပုဏ္ဏားအိုကြီးကို မြင်လျှင်မြင်ချင်း ကြည်ရွှင်နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ နှစ်ခုသော နေရာတို့၌ခင်းသော ခင်းနှီးကို တစ်ခုတည်းသောနေရာ အရပ်၌သာလျှင် ခင်းပြီးလျှင် “အရှင်သည် ဤနေရာ၌ နေတော်မူပါလော့”ဟု လျှောက်ဆိုလေ၏။
ပုဏ္ဏားအိုသိကြားမင်းကို ဆွဲထုတ်ပြန်ခြင်း
သိကြားမင်းသည်လည်း အိမ်တွင်းသို့ဝင်၍ လေးပါးသော သာမဏေငယ်တို့ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထိုသာမဏေငယ်တို့၏ နေရာအစွန်ဖြစ်သော မြေ၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေလေ၏။ ထိုအခါ ထိုသို့နေသော ပုဏ္ဏားအိုကြီးကို မြင်ရလျှင် ပုဏ္ဏေးမသည် ပုဏ္ဏားကြီးကို “သင်ပင့်ဆောင်ခဲ့သော ပုဏ္ဏားအိုကြီးက အံ့ဖွယ်ရှိစွ၊ အဘအရွယ်မျှလောက်သော ဤပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်၍လာသည် ဖြစ်ဘိ၏။ ဤသို့ဖြစ်လျက် မိမိ၏ မြေးအရွယ်မျှလောက်ရှိသော သူငယ်တို့ကို ရှိခိုး၍ လှည့်လည်နေဘိ၏၊ ဤပုဏ္ဏားအိုကြီးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုပုဏ္ဏားအိုကြီးကို နှင်ထုတ်ကြကုန်လော့”ဟု ဆိုလေ၏။ ထိုသိကြားမင်း ပုဏ္ဏားအိုကြီးသည် ပခုံး၌လည်းကောင်း, လက်၌လည်းကောင်း, လက်မောင်းအကြား၌ လည်းကောင်း ကိုင်ဆွဲ၍ နှင်ထုတ်သော်လည်း ထခြင်းငှာမျှလည်း အလိုမရှိ၊ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် “ပုဏ္ဏားကြီး- လာလော့၊ သင်ကား လက်တစ်ဖက်၌ဆွဲကိုင်, ငါကား လက်တစ်ဖက်၌ ဆွဲကိုင်အံ့”ဟု ဆို၍ နှစ်ယောက်စလုံးတို့သည်လည်း လက်နှစ်ဖက်တို့၌ ဆွဲကိုင်၍ ကျောက်ကုန်း၌ ရိုက်ပုတ်ထောင်းထုလျက် အိမ်တံခါးမှ အပသို့ ငင်ထုတ်ခြင်းကို ပြုကြလေကုန်၏။ သိကြားမင်းသည်လည်း နေမြဲတိုင်းသော အရပ်၌သာလျှင် နေလျက် လက်ကိုဖြေစေလေ၏။ ပုဏ္ဏားလင်မယားတို့သည် ပြန်နစ်၍ ထိုပုဏ္ဏားအိုကြီး ထိုင်နေသည်ကိုသာလျှင် မြင်ရလျှင် ကြောက်လန့်တကြား မြည်တမ်းသောအသံကို မြည်တမ်းကုန်လျက် လွှတ်လိုက်ကြရလေကုန်၏။ ထိုခဏ၌ သိကြားမင်းသည် မိမိ၏ သိကြားအဖြစ်ကို သိစေလေ၏။ ထိုအခါမှ ထိုသူတို့အား အစာအာဟာရကို ပေးလှူကြလေကုန်၏။
ပုဏ္ဏားကြီးအိမ် အပေါက်ငါးခုဖြစ်ခြင်း
ငါးယောက်သောသူတို့သည်လည်း အစာအာဟာရကိုယူ၍ တစ်ဦးက အမွှန်းအချက်အဝန်းကို ထုတ်ချင်းဖောက်၍၊ တစ်ဦးက အမိုး၏ ရှေ့အဖို့ကို၊ တစ်ဦးက နောက်အဖို့ကို၊ တစ်ဦးက မြေ၌ငုပ်လျှိုး၍ သိကြားမင်းသည်လည်း တစ်ခုသောအရပ်ဖြင့် ထွက်၍ ဤသို့ ငါးဦးသောသူတို့သည် ငါးပါးသောအရပ်တို့သို့ သွားကြလေကုန်၏။ ထိုအခါမှစ၍ကား ထိုအိမ်သည် ငါးခုသော အပေါက်ရှိသောအိမ်မည်သည် ဖြစ်ရသတတ်၊ သာမဏေတို့သည်လည်း ကျောင်းသို့ရောက်သောအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- အဘယ်သို့ သဘောရှိသနည်း”ဟု မေးကြလေကုန်၏။ “တပည့်တော်တို့အား မေးတော်မမူကြပါကုန်လင့်ဘုရား၊ တပည့်တော်တို့ကို မြင်ရသောအခါမှစ၍ ပုဏ္ဏေးမသည် အမျက်ဒေါသထွက်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ခင်းထားအပ်သောနေရာတို့၌ တပည့်တော်တို့အား နေစေခြင်းငှာလည်း မပေးဘဲ လျင်မြန်စွာ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ရမည်ဟု ပြောဆိုပါသည်ဘုရား၊ တပည့်တော်တို့၏ ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတ္တရာသည် ကြွလာ၍ တပည့်တော်တို့ကိုမြင်လျှင် နေထိုင်နှင့်ကြကုန်သော ဤဗြာဟ္မဏကြီးတို့အား ဆွမ်းရခြင်းငှာ သင့်၏ဟု ဆို၍ သပိတ်ကို ဆောင်ယူစေပြီးလျှင် ထွက်ကြွသွားပါသည်ဘုရား၊ တစ်ပါးသော ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ချေဦးဟု ဆိုပြန်သည်ရှိသော် ပုဏ္ဏားကြီးသည် ရှင်မောဂ္ဂလာန်မထေရ်ကို ပင့်ဆောင်လာပါသည်။ ထိုရှင်မောဂ္ဂလာန် မထေရ်သည်လည်း တပည့်တော်တို့ကိုမြင်လျှင် ရှင်သာရိပုတ္တရာအတူသာလျှင် ဆို၍ ဖဲကြွသွားပါသည်ဘုရား၊ ထိုအခါ ပုဏ္ဏေးမသည် ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှာ အလိုမရှိကြကုန်၊ ပုဏ္ဏားကြီး- သွားချေဦး၊ ပုဏ္ဏားတို့ရွတ်ဖတ်ရာအရပ်မှ အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားကြီးတစ်ဦးကို ပင့်ဆောင်ချေဦးဟု ပုဏ္ဏားကြီးကို စေခိုင်းပါသည်။ ထိုပုဏ္ဏားကြီးသည် ထိုအရပ်သို့သွား၍ ပုဏ္ဏားအသွင်ဖြင့်လာသော သိကြားမင်းကို ပင့်ဆောင်လာခဲ့ပါသည်ဘုရား၊ ထိုသိကြားမင်း လာသောအခါမှ တပည့်တော်တို့အား အစာအာဟာရကို လှူဒါန်းကြပါသည်ဘုရား”ဟု လျှောက်ထားကြလေကုန်၏။ “ဤသို့ ပြုကြကုန်သော ထိုပုဏ္ဏားလင်မယားတို့အား သင်တို့ အမျက်ဒေါသ မထွက်ကြကုန်ပြီလော”ဟု မေးကြပြန်သဖြင့် “အမျက်ဒေါသ မထွက်ကြပါဘုရား”ဟု လျှောက်ကြကုန်လျှင် ရဟန်းတို့သည် ထိုစကားကိုကြား၍ မြတ်စွာဘုရားအား “မြတ်စွာဘုရား- ဤသာမဏေငယ်တို့သည် အမျက်ဒေါသမထွက်ကြပါဟု မဟုတ်မမှန်သောစကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားကြပါသည်ဘုရား”ဟု နားတော်လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား ဆန့်ကျင်သော သူတို့နှင့်သော်လည်း ဆန့်ကျင်ခြင်း မရှိကြကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဝိရုဒ္ဓေသု၊ ရန်ငြိုးဖွဲ့သောအားဖြင့် ဆန့်ကျင်ကြကုန်သော လောကီဘုံသား လူအများတို့၌။ အဝိရုဒ္ဓံ၊ ရန်ငြိုးထားသောအားဖြင့် မဆန့်ကျင်ကြကုန်သော။ အတ္တဒဏ္ဍေသု၊ မိမိ၌ လှံတံလက်နက် ဒဏ်ရှိကြကုန်သော သူတို့၌။ နိဗ္ဗုတံ၊ ချအပ်ပြီးသော ဒဏ်ရှိသည်ဖြစ်၍ ငြိမ်းအေးပြီးကုန်ထသော။ သာဒါနေသု၊ ခန္ဓာငါးပါးတို့ကို ငါ- ငါ့ဥစ္စာဟု စွဲယူခြင်း ရှိကြကုန်သောသူတို့၌။ အနာဒါနံ၊ စွဲယူခြင်း မရှိထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။