သာရိပုတ္တတ္ထေရဝတ္ထု -၄
၇။ သာရိပုတ္တရာမထေရ် ဝတ္ထု
န ဗြာဟ္မဏဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်သာရိပုတ္တရာကို ရိုက်နှက်သောပုဏ္ဏား
တစ်ခုသောအရပ်၌ များစွာသောလူတို့သည် “ငါတို့အရှင်မြတ်သည် သည်းခံခြင်းတည်းဟူသော အားနှင့် အလွန်တရာပြည့်စုံ၏။ တစ်ပါးသောလူတို့သည် ဆဲရေးကြကုန်သော်လည်းကောင်း၊ ပုတ်ခတ်ကြကုန်သော်လည်းကောင်း အမျက်ဒေါသ အနည်းငယ်မျှလည်း မရှိ”ဟု ရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုကြလေကုန်သတတ်။ ထိုအခါ မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်သည် “အမျက်မထွက်တတ်သော ဤသူကား အဘယ်သူနည်း”ဟု မေးလေ၏။ “ငါတို့၏ မထေရ်မြတ်တည်း”ဟု ဆိုလတ်သော် “ထိုမထေရ်ကို အမျက်ထွက်အောင် ပြုသောသူသည် မရှိသေးသည်ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ “ပုဏ္ဏား- ထိုသို့သောသူကား မရှိသေး”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ငါသည် ထိုရှင်သာရိပုတ္တရာကို အမျက်ထွက်အောင် ပြုလုပ်ပေအံ့”ဟု ဆိုလေ၏။ “အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ အမျက်ထွက်အောင် ပြုပါချေလော့”ဟု ဆိုလတ်သော် ထိုပုဏ္ဏားသည် “ထိုသို့ဖြစ်ပါစေ၊ ထိုရှင်သာရိပုတ္တရာအား ပြုအပ်သည့်အမှုကို သိရပေတော့အံ့”ဟု ဆိုပြီးလျှင် ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာသော ရှင်သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် နောက်အဖို့ဖြင့်သွားတဲ့၍ ကျောက်ကုန်းလယ်၌ သည်းထန်ပြင်းပြစွာ လက်ဖြင့် ပုတ်ခတ်ခြင်းကို ပေးလေ၏။
ရှင်သာရိပုတ္တရာမထေရ်သည် “ဤသို့ပြုခြင်းကား အဘယ်နည်း”ဟု မကြည့်ရှုမူ၍သာလျှင် ကြွသွားတော်မူလေ၏။ ပုဏ္ဏား၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုပုဏ္ဏားသည် “အရှင်မြတ်ကား အလွန်တရာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူပါပေစွတကား”ဟု ဆို၍ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ ခြေတော်ရင်း၌ ဝပ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “ဤသို့တောင်းပန်ခြင်း အကြောင်းကား အဘယ်နည်း”ဟု မိန့်တော်မူသည်ရှိသော် “တပည့်တော်သည် စူးစမ်းခြင်းငှာ အရှင်ဘုရားတို့ကို ပုတ်ခတ်မိပါပြီဘုရား”ဟု လျှောက်လေ၏။ “ထိုသို့ပုတ်ခတ်မိသည်ပင်ဖြစ်စေ, သင့်အား ငါသည်းခံပါ၏”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- တပည့်တော်အား အကယ်၍ သည်းခံတော်မူကြသည်ဖြစ်ပါအံ့၊ တပည့်တော်၏ နေအိမ်၌သာလျှင်ထိုင်၍ ဆွမ်းကို ခံတော်မူပါဦးဘုရား”ဟု လျှောက်ဆို၍ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ သပိတ်တော်ကို ယူလေ၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း သပိတ်ကို ပေးတော်မူ၏။ ပုဏ္ဏားသည် ရှင်သာရိပုတ္တရာမထေရ်ကို အိမ်သို့ပင့်ဆောင်ပြီးလျှင် ဆွမ်းလုပ်ကျွေးလေ၏။
တစ်ပါးသောလူ,ရဟန်းတို့ မခံနိုင်ကြပုံ
လူတို့သည် အမျက်ထွက်လှသဖြင့် “ဤပုဏ္ဏားကား အပြစ်မရှိသော ငါတို့၏ဆရာအရှင်မြတ် သာရိပုတ္တရာကို ပုတ်ခတ်ဘိ၏။ ထိုပုဏ္ဏားအား ဒဏ်အမှုဖြင့်လည်း လွတ်ခြင်းသည် မရှိသင့်၊ ဤအရပ်၌ပင်လျှင် ထိုပုဏ္ဏားကို သတ်ကြကုန်စို့အံ့”ဟု အုတ်ခဲ၊လှံတံ စသည်တို့ကို လက်စွဲကုန်လျက် ပုဏ္ဏား၏အိမ်တံခါး၌ ရပ်တည်ကြလေကုန်၏။ ရှင်သာရိပုတ္တရာသည် နေရာမှထ၍ ကြွသွားတော်မူသည်ရှိသော် ပုဏ္ဏား၏လက်၌ သပိတ်ကိုပေးလေ၏။ လူတို့သည် ထိုပုဏ္ဏားကို ရှင်သာရိပုတ္တရာမထေရ်နှင့် အတူတကွ သွားသည်ကိုမြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ သပိတ်တော်ကို ယူတော်မူ၍ ပုဏ္ဏားကို ပြန်လည်စေတော်မူကြပါဘုရား”ဟု လျှောက်ကြလေကုန်၏။ “ဒါယကာတို့- ဤအကြောင်းကား အဘယ်နည်း”ဟု မိန့်တော်မူလတ်သော် “ပုဏ္ဏားသည် အရှင်ဘုရားတို့ကို ပုတ်ခတ်ဘိ၏။ တပည့်တော်တို့သည် ထိုပုဏ္ဏားအား ပြုအပ်သောအမှုကို သိလိုကြပါကုန်၏ဘုရား”ဟု လျှောက်ကြလေကုန်၏။ “ဒါယကာတို့- အသို့နည်း၊ ဤပုဏ္ဏားသည် သင်တို့ကို ပုတ်ခတ်ဘိသလော, ငါ့ကို ပုတ်ခတ်သလော”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အရှင်ဘုရားကို ပုတ်ခတ်ပါသည်ဘုရား”ဟု လျှောက်ဆိုကြကုန်၏။ “ဤပုဏ္ဏားသည် ငါ့ကို ပုတ်ခတ်မိခြင်းကြောင့် တောင်းပန်ကန်တော့လေပြီ။ သင်တို့သည် သွားကြလေကုန်”ဟု လူတို့ကိုလွှတ်လိုက်ပြီးမှ ပုဏ္ဏားကို ပြန်လည်စေပြီးလျှင် ရှင်သာရိပုတ္တရာမထေရ်သည် ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူလေ၏။
ရဟန်းတို့သည် “အရှင်သာရိပုတ္တရာ အကြင်ရဟန်းကို အကြင်ပုဏ္ဏားသည် ပုတ်ခတ်အပ်၏။ ထိုရဟန်းသည် ထိုပုဏ္ဏား၏အိမ်၌သာလျှင် ထိုင်၍ ဆွမ်းကိုခံယူပြီးလျှင် ကြွလာခဲ့၏။ ဤသို့ပြုလုပ်ခြင်းကား အဘယ်မည်သောပြုလုပ်ခြင်း ဖြစ်ပါသနည်း။ ရှင်သာရိပုတ္တရာမထေရ်အား ပုတ်ခတ်သောအခါမှစ၍ ယခုအခါ ထိုပုဏ္ဏားသည် အဘယ်သူအား ရှက်လတ္တံ့နည်း၊ ကြွင်းသောရဟန်းတို့ကို ပုတ်ခတ်လျက် လှည့်လည်သွားလာပေတော့လတ္တံ့”ဟု ကဲ့ရဲ့ကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဗြာဟ္မဏစစ်မည်သောသူသည် ဗြာဟ္မဏစစ်မည်သောသူကို ပုတ်ခတ်ခြင်းမည်သည် မရှိ၊ လူဖြစ်သော ပုဏ္ဏားဗြာဟ္မဏမည်သည်ကား ရဟန်းဖြစ်သော ရဟန္တာဗြာဟ္မဏစစ်ကို ပုတ်ခတ်သည်ဖြစ်လတ္တံ့၊ ဤအမျက်ဒေါသမည်သည်ကား အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ သတ်အပ်သည့်အဖြစ်သို့ ရောက်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဓီ ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။
[၃၉၀] န ဗြာဟ္မဏဿ တဒကိဉ္စိ သေယျော။
ယဒါ နိသေဓော မနသော ပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊
တတော တတော သမ္မတိမေ၀ ဒုက္ခံ။
ဗြာဟ္မဏော၊ ရဟန္တာဖြစ်သော ဗြာဟ္မဏသည်။ ဗြာဟ္မဏဿ၊ ရဟန္တာဗြာဟ္မဏ တစ်ပါးသော လူပုဏ္ဏားဗြာဟ္မဏအား။ န ပဟရေယျ၊ မပုတ်ခတ်ရာ။ ဗြာဟ္မဏော၊ ပုတ်ခတ်ခံရသော ရဟန္တာဗြာဟ္မဏသည်။ အဿ၊ ထိုပုတ်ခတ်သောသူအား။ ဝါ၊ သူ၏အပေါ်၌။ န မုဉ္စေထ၊ အမျက်မထွက်ရာ။ ဗြာဟ္မဏဿ၊ ရဟန္တာဗြာဟ္မဏအား။ ဟန္တာရံ၊ ပုတ်ခတ်တတ်သောသူကို။ ဓီ၊ စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရား ကဲ့ရဲ့တော်မူ၏။ ယော၊ အကြင်သူသည်။ အဿ၊ ထိုမိမိကို ပုတ်ခတ်သောသူအား။ ဝါ၊ သူ၏အပေါ်၌။ မုဉ္စတိ၊ အမျက်ထွက်၏။ တံ၊ ထိုပုတ်ခတ်ခံရ၍ အမျက်ထွက်သောသူကို။ တတော၊ ထိုပုတ်ခတ်တတ်သောသူထက်။ ဓီ၊ လွန်စွာ စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရား ကဲ့ရဲ့တော်မူသည်သာတည်း။
ဗြာဟ္မဏဿ၊ ခီဏာသဝဗြာဟ္မဏ၏။ ဧတံ၊ ဤသို့ဆဲရေးသောသူကို အတုံ့မဆဲရေးခြင်း, ပုတ်ခတ်သောသူကို အတုံ့မပုတ်ခတ်ခြင်းသည်။ ကိဉ္စိသေယျော၊ အနည်းငယ်သာ မြတ်သည်။ န၊ မဟုတ်။ မနသော ပိယေဟိ၊ ဒေါသစိတ်၏အကြိုက် အမျက်ထွက်ခြင်းတို့မှ။ ယဒါနိသေဓော-ယော အနိသေဓော၊ အကြင် မတားမြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤသို့ ဒေါသအကြိုက် အမျက်ထွက်ခြင်းသည်။ န ကိဉ္စိသေယျော၊ အနည်းငယ်မျှ မြတ်သည်မဟုတ်။ ဟိံသမနော၊ အမျက်ထွက်သော စိတ်သည်။ ယတော-ယတော၊ အကြင် အကြင်သို့သော ဝတ္ထုမှ။ နိဝတ္တတိ၊ အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ နုတ်ဖြတ်သဖြင့် နစ်မြုပ်၏။ တတော တတော၊ ထိုထိုသို့သော ဝတ္ထုမှ။ ဒုက္ခံ၊ သံသရာဝဋ်ဆင်းရဲသည်။ သမ္မတိမေဝ၊ ငြိမ်းသည်သာလျှင်တည်း။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။