သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း
သင်ခန်းစာ (၂) သာသနာပြုလုပ်ငန်းစတင်တော်မူခြင်း
ပြင်ဆင်ရန်ဘုရားဖြစ်တော်မူပြီး ၄၉ ရက် ကြာသောအခါ ဘုရားရှင်သည် တရားဦးဒေသနာတော်ကို ဟောတော်မူရန် ဆုံးဖြတ်တော်မူသည်။ ထိုအခါ တရားကို လျင်မြန်စွာ သိနိုင်မည့် အာဠာရနှင့်ဥဒက ဆရာ ဟောင်းကြီးနှစ်ဦးကို ရှေးဦးစွာ သတိရတော်မူသည်။ သို့သော် ဆရာကြီး အာဠာရသည် လွန်ခဲ့သော ခုနစ် ရက်က၊ ဆရာကြီးဥဒကသည် လွန်ခဲ့သောညက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းကို ဉာဏ်တော်ဖြင့် သိတော် မူသည်။ ထို့ကြောင့် ဒုက္ကရစရိယာကျင့်စဉ်အခါက မိမိအား လုပ်ကျွေးပြုစုခဲ့ကြသည့် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဟူသော ပဉ္စဝဂ္ဂီငါးဦးကို တရားဦး ဟောတော်မူရန် မိဂဒါဝုန်တောသို့ ကြွတော်မူ၏။
မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ကို ဟော တော်မူသည်။ အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူအပြီးတွင် ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက် ယသသူဌေးသားနှင့် သူငယ်ချင်း ၅၄ ယောက်တို့အား တရားဟော ချေ ချွတ်တော်မူသည်။ ဝါကျွတ်သောအခါ ရဟန္တာ အပါး ၆ဝ ကို “ရဟန်းတို့ ... အရပ်ဒေသအသီးသီးသို့ လှည့်လည်၍ အစ အလယ် အဆုံး သုံးပါးလုံး ကောင်းမြတ်သည့် အနက်အဓိပ္ပာယ်ပြည့်စုံသော တရား တော်များကို ဟောကြချေ၊ တစ်ကြောင်းတည်းသောခရီးကို နှစ်ပါးမသွားကြနှင့်”စသည်ဖြင့် မိန့်ကြားကာ အနယ်နယ်အရပ်ရပ်သို့ သာသနာပြု စေလွှတ်တော်မူခဲ့၏။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ရသေ့ညီနောင်သုံးပါးနှင့် နောက်ပါ တပည့်ရသေ့တစ်ထောင်တို့ကို ချေချွတ်တော်မူရန် ဥရုဝေလတောသို့ ကြွတော်မူသည်။
မြတ်စွာဘုရားရှင်သည် လမ်းခရီးအကြား၌ ကပ္ပါသိကတောအုပ်ရှိ သစ်ပင်ရင်းတွင် ခေတ္တခဏ သီတင်းသုံးနားနေတော်မူသည်။ ထိုအခါ ဘဒ္ဒဝဂ္ဂီမင်းသားညီနောင် ၃ဝ တို့သည် ဇနီးမယားကိုယ်စီဖြင့် တောအုပ်ထဲတွင် ပျော်မြူးနေကြ၏။ သူတို့ထဲတွင် မင်းသားတစ်ယောက်သည် ဇနီးမယား မရှိသော ကြောင့် ပြည့်တန်ဆာမတစ်ယောက်ကို ငွေပေး၍ ခေါ်လာခဲ့သည်။ မင်းသားတို့သည် အစားကောင်း အသောက်ကောင်းများနှင့် အရက်တို့ကို အလွန်အကျွံ သောက်စားကာ မူးယစ်ပြီး အိပ်ပျော်နေစဉ် ပြည့်တန်ဆာမသည် ရွှေငွေပစ္စည်းများကို ခိုးယူ၍ ထွက်ပြေးသွားလေသည်။
မင်းသားတို့သည် ပြည့်တန်ဆာမ ထွက်ပြေးသွားကြောင်း သိသောအခါ တောအုပ်အနှံ့ လိုက်လံ ရှာဖွေကြ၏။ ဤသို့ ရှာဖွေရင်း မင်းသားတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးနေတော်မူသော သစ်ပင် အနီးသို့ ရောက်လာခဲ့ကြပြီး “မိန်းမတစ်ယောက်ကို တွေ့လိုက်ပါသလား”ဟု ဘုရားရှင်အား မေးမြန်း လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “မင်းသားတို့ ... မိန်းမပျောက်ကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်း၊ ဒီနှစ်မျိုးမှာ ဘယ်ရှာခြင်းက မြတ်တယ်လို့ ထင်သလဲ”ဟု မေးတော်မူလိုက်ရာ “မြတ်စွာဘုရား... မိမိကိုယ်ကို ရှာခြင်းကသာ မြတ်ပါတယ် ဘုရား”ဟု ပြန်လည်လျှောက်ထားကြသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် တရားတော်ကို ဆက်လက်ဟောတော်မူရာ ညီနောင် ၃၀ တို့သည် အရိယာအဖြစ်သို့ ရောက်ရှိသွားကြပြီး မြတ်စွာဘုရားထံတော်၌ ရဟန်းအဖြစ်ကို ခံယူခဲ့ကြလေ၏။