သိမ်မျိုးစုံမဟာဋီကာ/ကေစိဝါဒသင့်ကြောင်း အတိဂမ္ဘီရတ္ထဋီကာ။

သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၁၃၁။ ကေစိဝါဒသင့်ကြောင်း အတိဂမ္ဘီရတ္ထဋီကာ။
3735သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၃၁။ ကေစိဝါဒသင့်ကြောင်း အတိဂမ္ဘီရတ္ထဋီကာ။ကျွန်းရွာတောရဆရာတော်

ထိုဆရာတို့၏ စကားသည် -
     ဗဇ္ဈမာနာ ဧဝ ဟိ သီမာ ပမာဏရဟိတံ ပဒေသံ န ဩတရတိ။ ဗဒ္ဓသီမာယ ဇာတံ ယံကိဉ္စိ ယတ္ထ ကတ္ထစိ ဧကသမ္ဗဒ္ဓေန ဂတံ သီမာသင်္ချမေဝ ဂစ္ဆတီတိ။

     ဟူသော မဟာဝါ ဥပေါသထက္ခန္ဓက ဖွင့် အဋ္ဌကထာ (၃၂၇) နှင့် ညီ၏။ ထိုစကား မှန်၏။ သစ်ပင်သစ်ကိုင်းသို့ လျှောက်၍ သက်သော်သာ သိမ်ချင်းစပ်မည်။ တစ်သိမ်တည်း တည်သည် မည်သည်ဖြစ်၍ ယင်းသိမ်အပြင်၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ရန်ရှိသည်။ မစပ်က ဆောင်ဖွယ်ရှိ။ သိမဋ္ဌကဖြစ်သော သစ်ပင်သစ်ကိုင်းတို့၌ ကိုင်တွယ်သော ရဟန်းတို့ကိုသာ တစ်ပါးသောသိမ်၌ တည်သည်မည်သောကြောင့် ဟတ္ထပါသ်သို့ ဆောင်ဖွယ်ရှိသည်။ ဝိမတိဝိနောဒနီ ဝိနယာလင်္ကာရတို့၌ကား ဆိုအပ်ပြီး အဋ္ဌကထာနှင့် မညီသောကြောင့် မအပ်ဟု ပယ်၏။ ယင်းသို့ပယ်သော်လည်း ဆိုအပ်ပြီးသောနည်းဖြင့် အဋ္ဌကထာနှင့် ညီရကား ထိုကေစိဝါဒ ဂဏ္ဌိပုဒ်တို့၏ဝါဒသည် အသင့်ပင်တည်း။

     လိုရင်းပိဏ္ဍတ္ထအဓိပ္ပာယ်ကား ဂါမ၌ပေါက်သော သစ်ပင်သည် ဗဒ္ဓသိမ်၌တည်ခဲ့သော် ယင်း သစ်ပင်သည် ဗဒ္ဓမထောက်မီ ဂါမဋ္ဌ၊ ဗဒ္ဓထောက်သော် ဗဒ္ဓသီမဋ္ဌဖြစ်၍ သစ်ပင်သို့ လျှောက်၍ သစ်ပင်ရင်း တိုင်အောင် ဗဒ္ဓသိမ်ဖြစ်၏။ ဂါမသီမဋ္ဌမဟုတ်ပြီ။ ဗဒ္ဓသိမ်နှစ်လုံးတို့၏ အကြား ဂါမ၌ပေါက်သော သစ်ပင်သည် ဗဒ္ဓသိမ်နှစ်လုံးစလုံး ထောက်တည်အံ့၊ ယင်းသစ်ပင်သည် ဗဒ္ဓမထောက်မီ ဂါမသီမဋ္ဌ၊ ဗဒ္ဓထောက်လျှင် ဗဒ္ဓသိမဋ္ဌ၊ထို့ကြောင့် သစ်ပင်ရင်းမြေတိုင်အောင် ဗဒ္ဓသိမ်ဖြစ်၏။ ဂါမသီမဋ္ဌ မဟုက်ပြီ။ ဗဒ္ဓသိမ်၌ ပေါက်သော သစ်ပင်သည် ဂါမသိမ်၌ တည်ရာ၊ ဗဒ္ဓသိမ်ဂါမသိမ်တို့၌ ကြိုးနွယ် သစ်တုံးစသည် ကူးယှက်ရာတို့၌ ဤနည်းကိုမှီ၍ သိအပ်၏။

     ဤသို့သော အကျိုးအကြောင်း အာဂုံယုတ္တိကို သိမ်သမုတ်ခန်း သိမ်မသမုတ်မီ ဂါမခန်းတို့ကို ထောက်၍ သိနိုင်၏။ ဗဒ္ဓသိမ်၌ ဖီလာဖြတ်၍ သွားသော ကြေးနန်းကြိုး ကြေးနန်းတိုင် စသည်တို့သည် ဗဒ္ဓသီမဋ္ဌဖြစ်၍ မြေသို့ရောက်အောင် ဗဒ္ဓသိမဋ္ဌဖြစ်ကုန်၏။ ဗဒ္ဓသိမ် ဖြတ်၍မသွား၊ ဂါမချင်းသာ ဖြတ်၍သွားအံ့၊ ဂါမချင်းချင်း သင်္ကရ ဒေါသမရှိဖြစ်၍၊ ထိုကြေးနန်းတိုင် ကြေးနန်းကြိုးများသည် မိမိတို့ ဂါမခေတ်၌သာ မိမိတို့ ဂါမသိမ်ဖြစ်နိုင်၏။ တစ်ဂါမနှင့် တစ်ဂါမကူးယှက်ခြင်းအတွက် သင်္ကရဒေါသ မရှိနိုင်၊ ထိုကြောင့် ကြေးနန်းကြိုး ကြေးနန်းတိုင်ဖြတ်၍သွားသော ဂါမသိမ်တို့၌ သိမ်သမုတ်လိုသော ရဟန်းတို့သည် အသီးအခြား ဝိသုံဂါမ ခံနေဖွယ်မရှိ။ ဂါမခေတ် စသည်ကို စောင့်ရှောက်၍သာ သမုတ်နိုင်သည် ဆိုဖွယ်ရှိ၏။

     ထိုကြေးနန်းကြိုး ကြေးနန်းတိုင်တို့သည် အဝေးကလာရသည် ဖြစ်၍ ဗဒ္ဓသိမ်မထောက်ဘဲ လာမည်ခဲယဥ်း၏။ သံသယကင်းဖို့ ခဲယဉ်း၏ ဆိုငြားအံ့၊ ယင်းသို့လည်း မခဲယဉ်းကြလေ။ ထိုကြေးနန်းကြိုး ကြေးနန်းတိုင်စသည်တို့ကို ရဟန်းတို့ မကိုင်တွယ် မသုံးသပ်လျင် ကိစ္စပြီးစီးရာ၏။ သိမ်သမုတ်ရာဌန၌ မကိုင်တွယ် မသုံးသပ်ပဲ နေနိုင်ပါ၏ ဟု ဖြေဖွယ်ရှိ၏။ အခြားတပါးအရပ်က များစွာသော အရပ်ခပ်သိမ်း သွားသည်ဖြစ်၍ ထိုထိုအရပ်က ရဟန်းသံဃာတော်များ ထိုကြေးနန်းတိုင် ကြေးနန်းကြိုးများ ကိုင်တွယ်ဆဲရဟန်းသည် ထိုသိမ်သမုတ်ဆဲ အခါ မရှိဟု ဆိုနိုင်မည်လောဟု မေးဖွယ်ရှိ၏။ ဂါမတွင်ထောက်၍တည်သော ကြေးနန်းကြိုး ကြေးနန်းတိုင်တို့မှာ မိမိတို့ဂါမဘက်၌သာ မိမိတို့ ဂါမသိမ်ဖြစ်၍ မိမိတို့ဂါမဘက်၌ ရဟန်းတစ်ရာ ကိုင်တွယ်သော်လည်း တပါးဂါမတွင်းရှိ သိမ်ကို မဖျက်ဆီးနိုင်၊ တပါးသော ဂါမဘက်က ဗဒ္ဓသီမဋ္ဌ၊ မိမိတို့ဂါမဘက်က ဂါမဖြစ်ရာမှာ သံသယရှိဖွယ်မဖြစ်၊ မကိုင်တွယ်လျင် ကိစ္စချောနိုင်၏။ တပါးသော ဂါမဘက်က ဂါမ၊ မိမိတို့ ဂါမဘက်က ဗဒ္ဓသီမဋ္ဌ ဖြစ်ရာမှာလည်း မကိုင်တွယ်လျှင် ကံမပျက်နိုင်။

     တပါးသော ဂါမဘက်ကလည်း ဗဒ္ဓသိမဋ္ဌ၊ မိမိတို့ သိမ်နုတ်မည် သမုတ်မည်နေရာကလည်း ဗဒ္ဓသိမဋ္ဌဖြစ်ပါမူကား ကိုင်တွယ်မှုလည်း တဘက်က ရှိပါမူကား သံသယကင်းနိုင်ဖို့ မမြင်။

     ထိုကြောင့် ဤသို့ ကြေးနန်းကြိုးကြေးနန်းတိုင် ဖြတ်သွားရာ အရပ်၌ သမုတ်လိုပါမူကား ဝိသုံဂါမခံ၍ သမုတ်ခြင်းသာ သင့်မြတ်ရာ သတည်း။