သိမ်မျိုးစုံမဟာဋီကာ/ဝတ္ထုကံမြေ ဝိသုံဂါမဖြစ်မဖြစ်

3799သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၀၇။ ဝတ္ထုကံမြေ ဝိသုံဂါမဖြစ်မဖြစ်ကျွန်းရွာတောရဆရာတော်

     ဆရာတော် ဦးဗုဓ်သည် ဘုရားတည်ရန်၊ ကျောင်းတည်ရန်၊ စရပ်တည်ရန် စသည်ဖြင့် ဘုရင်မင်းက ပေးအပ်သော ဝတ္ထုကံမြေများ ဥပစာရမြေများလည်း ဝိသုံဂါမ,ဖြစ်ကြောင်း မိန့်သဖြင့် မြင်းခြံမြို့ မင်းကျောင်းဆရာတော် ဦးဘဲက သဲအင်းသာသနာပိုင်ထံ အပ်မအပ်လျှောက်ထားရာ လာဘသိမ် ဝတ္ထု ကံမြေဖြစ်၍ မကောင်းဟု သဲအင်း သာသနာပိုင်ဆရာတော် အမိန့်ရှိကြောင်း၊ ကျီဝန်ဆရာတော်ထံ ငါတို့ ကင်္ခါသင်ကြားစဉ် ၁၂၆၃-ခု တော်သလင်းလဆန်း (၅) ရက်နေ့ မိန့်တော်မူ၏။ အောင်မြေရွှေဘုံဆရာတော်က သာဓုခေါ် ကြောင်းလည်း မိန့်၏။ ကျီဝန်ဆရာတော်၊ နန်းဦးဆရာတော်၊ သံယုတ်ဆရာတော်တို့လည်း မအပ်ကြောင်းယူ၏။

     ဝိသုံဂါမ ပေးရာမှာလည်း ပထမသူကြီးအားပင် ထပ်၍ပေးသောအရာ မအပ်ကြောင်း ကျီဝန်ဆရာတော်၊ အောင်မြေရွှေဘုံဆရာတော်၊ မင်းကျောင်းဆရာတော် ဦးဘဲတို့ အမိန့်တော်ရှိကြ၏။

     ရွာကိုအတွင်းပြု၍ သမာနသံဝါသကသိမ် သမုတ်ခဲ့လျှင် သက်၏၊ အပ်၏။ ယင်း သက်ပြီး သမာနသံဝါသကသိမ်၌ ထပ်၍ အဝိပ္ပဝါသသိမ်သမုတ်ခဲ့လျှင် အဝိပ္ပဝါသလည်း သက်၏။ အပ်၏။ သမာနသံဝါသက မသမုတ်ပဲ ရွာတွင်း အဝိပ္ပဝါသ ပထမသမုတ်လျှင် မသက် မအပ်။ ရွာတွင်းဖြစ်လျှင် ဝိသုံဂါမမြေစားခံရာမှာ ရွာသီးဖြစ်သောကြောင့် တပါးသံဃာမသိမ်းပဲအပ်၏။ ဝိသုံဂါမ မခံခဲ့လျှင် ကြံရန်ရှိ၏။ ၄င်းမှာ ဓမ္မာရုံစံကျောင်းတိုက်သိမ်ဟု ကျီဝန်ဆရာတော်မိန့်၏။

     ဂါမခေတ်နှစ်ခုအကြား ဂါမခေတ်နှစ်ခု တစ်စိတ်စီသိမ်း၍ သမုတ်လိုရာ သမာနသံဝါသကသိမ် သမုတ်စဉ် ဂါမခေတ်တစ်ခု၌ ရဟန်းအလုံးစုံနေ၍ ဂါမခေတ်တစ်ခု၌ နိမိတ်သာထား၍ သမုတ်လျှင် နိမိတ်သာထားသည်ဘက် သံဃာမသိမ်းရ။ ထိုင်၍သမုတ်သည်ဘက် ဂါမခေတ်ရှိ သံဃာသာသိမ်းရသည်။ အဝိပ္ပါဝါသသမုတ်လျှင် ဟိုဘက်သည်ဘက် နိမိတ်တွင်းရှိ သံဃာသိမ်းမှ အပ်သည်။ သတိရှိခဲ၏။