သိမ်မျိုးစုံမဟာဋီကာ/သိမ်နုတ်ခန်း၌ ဝဂ္ဂကမ္မဖြစ် မဖြစ်

3834သိမ်မျိုးစုံမဟာဋီကာကျမ်း — ၈၄။ သိမ်နုတ်ခန်း၌ ဝဂ္ဂကမ္မဖြစ် မဖြစ်ကျွန်းရွာတောရဆရာတော်

     ယင်းသို့ အကြိမ်ကြိမ် အထပ်ထပ် သိမ်ကိုနုတ်ရာ သိမ်တွင်း၌ တစ်ပါးနှင့်တစ်ပါး ဟတ္ထပါသ်ကိုလည်း မစွန့်ရ။ ညောင်စောင်းကွက်ကို ချည်မျှင်ဖြင့်လည်း မတန်းရ။ အထက်က မဏ္ဍပ်စသည်ဆောက်၍ မမိုးရ။ အောက်က ဖျာ သင်ဖြူးစသည်လည်း မခင်းရ။ မိုးလိုလျှင် တစ်ပင်တိုင် ထီးဖြူရုံဆောက်၍ မိုးရသတည်း။ ခင်းလိုလျှင်လည်း တစ်ပါးထိုင်လောက်စာသာ ခင်းရသတည်း။ ဤသို့ပြုလျှင် နှစ်လုံး,သုံးလုံး,လေးလုံး ကုန်သော သိမ်တို့၏ သမ္ဘေဒအဇ္ဈောတ္ထဏသင်္ကရဒေါသများကို ပယ်နိုင်သတည်း။

     နုတ်သောအခါလည်း သံဃာသိမ်းရသည်။ ဤကား ငါတို့ ကျေးဇူးရှင် မိုင်းခိုင်းဆရာတော်ဘုရားကြီး စီမံပုံတည်း။

     ဝိနယာလင်္ကာရဋီကာ၌လည်း နုတ်သောအခါ သံဃာသိမ်းရမည်ဟုမိန့်၏။ အဋ္ဌကထာ၌ကား သမုတ်သောအခါသာ သံဃာသိမ်းရပုံလာသည်။ နုတ်သောအခါ သံဃာသိမ်းရပုံမလာ။ သို့သော် စဉ်းစားဖွယ်ရှိ၏။ သိမ်သမုတ်လိုသော နေရာနှင့် ထိုရဟန်းတို့ နေသောနေရာသည် ခဏ္ဍသိမ်အသီးသီး ဖြစ်သော်လည်းကောင်း၊ သိမ်သမုတ်သော နေရာက ဝိသုံဂါမဖြစ်၍ ထိုရဟန်းတို့ နေရာက ပကတိဂါမ ဖြစ်သော် လည်းကောင်း မသိမ်းသော်လည်း အပြစ်မရှိ။ ထိုသိမ်သမုတ်ရာ နေရာနှင့် ထိုရဟန်းတို့ နေရာသည် ရှေးကသမုတ်အပ်ပြီး မဟာသိမ်ဟောင်းကြီး ဖြစ်ခဲ့ပါသော် တစ်ခုသောနေရာ၌ ရဟန်းတို့စုဝေး၍ အကြိမ်ပေါင်း ရာထောင်မက နုတ်ပါငြားသော်လည်း ထိုမဟာသိမ်တစ်စိတ်၌ ဟတ္ထပါသ်တွင် မပါပဲနေသော ရဟန်းတွေအတွက် ဝဂ္ဂကမ္မဖြစ်နေသောကြောင့် ထိုသိမ်မကျွတ်၊ ပင်ပန်းရုံသာ ရှိရာသတည်း။ သာသနာလည်း အဓွန့်ရှည်ကြာရလှပြီး ဖြစ်၍ ဤနေရာမှာ သိမ်ဟောင်းရှိ၏ မရှိဟု အတတ်မသိနိုင်ရှိ၏။ ထို့ကြောင့် သိမ်းခြင်း၊ ဆန္ဒတောင်းခြင်း၊ ဟတ္ထပါသ်ပင့်ဆောင်ခြင်း၊ သိမ်မှထွက်စေခြင်း၊ ဗဒ္ဓသိမ်သို့သွင်းခြင်း နေစေခြင်းများသာ သင့်မြတ်ရာသတည်း။ ( မိုင်းခိုင်းဆရာတော်။)

        သီမာသမ္မုတိယံယေဝ၊ ဝဂ္ဂကမ္မံ ၀ဒန္တိ တေ။
        သမူဟနေပိ ဂဏှေယျ၊ ယုတ္တဝါဒီတိ နော မတိ။
        သိမ်နုတ်ခန်း ဋီကာ သမတ္တာ။