သိမ်မျိုးစုံမဟာဋီကာ/သိမ်နုတ်သိမ်သမုတ် ဉတ်ကမ္မဝါစာ သုတ်သင်ခန်း
သုဏာတူတိ ဣဒံ သဝနာဏတ္တိဝစနံ။ မေတိ ယော သာဝေတိ, တဿ အတ္တနိဒ္ဒေသဝစနံ။ ဘန္တေတိ သဂါရဝသပ္ပတိဿဝစနံ။ သံဃောတိ ပုဂ္ဂလသမူဟဝစနံ။ (ကင်္ခါအဋ္ဌကထာ၊ ၈၅။)
သုဏာတု- သဒ္ဒါကား သိမ်နုတ်ကမ္မဝါစာကို ကြားခြင်း၌ မြတ်စွာဘုရား၏ တိုက်တွန်းခြင်းတည်းဟူသော အာဏတ္တိကို ဟောသောသဒ္ဒါတည်း။ မေ- သဒ္ဓါကား အကြင်ပုဂ္ဂိုလ်သည် သိမ်နုတ် ကမ္မဝါစာကို ကြားနာစေ၏၊ ရွတ်ဆို၏။ ယင်းသိမ်နုတ် ကမ္မဝါစာကို ကြားသောပုဂ္ဂိုလ် နာစေသောပုဂ္ဂိုလ်က မိမိကိုယ်ကို ညွှန်းကြောင်းဖြစ်သော သဒ္ဒါတည်း။ ဘန္တေ- သဒ္ဒါကား သုပ္ပဋိပန္နတာ စသောဂုဏ်အထူးနှင့် ယှဉ်ခြင်း ကြောင့် ဂါရဝဋ္ဌာန ပတိဿဋ္ဌာနဖြစ်သော သံဃာတော် အပေါင်းအား ရိုသေခြင်းနှင့်တကွ တုပ်ဝပ်ခြင်းနှင့်တကွ သိမ်နုတ်ကမ္မဝါစာကို ရွတ်ဆိုသောရဟန်း၏ ပြောဆိုကြောင်းဖြစ်သော သဒ္ဒါတည်း သံဃော- သဒ္ဒါကား ပုဂ္ဂိုလ်အပေါင်းကို ဟောသော သဒ္ဒါတည်း။
သုဏာတုကို ရွတ်ဆိုသောအခါ သု-၏ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားကို သိရမည်။ သု- ၏ဌာန်ကား အထက်သွားစဉ် အတွင်းအရပ်ဟု ဆိုအပ်သော ဒန္တဌာန်တည်း။ သု- ၏ ကရိုဏ်းကား လျှာဖျား အရပ်ဟု ဆိုအပ်သော ဇိဝှဂ္ဂ ကရိုဏ်းတည်း။ သု- ၏ ပယတ်ကား သု-အက္ခရာ၏ ဌာန်ကရိုဏ်းကို ဖွင့်ခြင်းဟု ဆိုအပ်သော ဝိဝဋ ပယတ်တည်း။
ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးကား သိထိလ, ဓနိတ, နိဂ္ဂဟိတ, ဝိမုတ္တ, ဒီဃ, ရဿ, ဂရု, လဟု, သမ္ဗန္ဓ, ဝဝတ္ထိတတည်း။ အလျှော်အားဖြင့် သိထိလ, ဝိမုတ္တ, ရဿ , လဟု, ဝဝတ္ထိတတွင် ပါဝင်၏။ ဏာ-အက္ခရာကား လျှာထိပ် အာခေါင်အရပ်ဟု ဆိုအပ်သော မုဒ္ဓဌာန်။ လျှာဖျား၏ အနီးအပါးဖြစ်သော လျှာအရပ်ဟု ဆိုအပ်သော ဇိဝှေါပဂ္ဂကရိုဏ်းတည်း။ ထိ၍ ရွတ်ခြင်း ဖုဋ္ဌ ပယတ်တည်း။ သိထိလ, ဓနိတ, ဝိမုတ်ဖြစ်၍ ပြင်းပြင်းရွတ်မိသည် ဖြစ်စေ လျော့လျော့ရွတ်မိသည် ဖြစ်စေ ကံမပျက်။ (ငါတို့အလို။)
သိထိလံ နာမ ပဉ္စသု၊ ဝဂ္ဂေသု ပထမ တတိယံ။
ဓနိတံ နာမ တေသွေဝ ဒုတိယစတုတ္တံ။
(ပရိဝါအဋ္ဌကထာ၊ ၂၄၇။ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၃၉၇။) သဒ္ဒနီတိသုတ္တမာလာ (၇)။ ရူပသိဒ္ဓိ၊ နိရုတ္တိဒီပနီတို့၌ကား ၎င်း ပဉ္စမက္ခရာငါးလုံးနှင့် အဝဂ် (ဂ ) လုံးကို သိထိလတွင် ဖွင့်၏။ ဣတရေ သိထိလာနာမ ရူပသိဒ္ဓိ (၆) နိရုတ္တိဒီပနီ(၆)။ ၎င်းပဉ္စမက္ခရာ(၅ )လုံး စသည်ကို သိထိလဆိုသောကြောင့် ဓနိတ ပြင်းပြင်း ရွတ်မိလျှင် ကံ ပျက်လိမ့်မည်ဟု အဓိပ္ပာယ်ရောက်နေသည်။
သိထိလေ ကတ္တဗ္ဗေ ဓနိတံ, ဓနိတေ ကတ္တဗ္ဗေ သိထိလံ, ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ, နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယ ကမ္မံ ဒူသေန္တိ။
ပရိဝါကမ္မဝဂ် အဋ္ဌကထာ (၂၄၈။) ၌ ကံပျက်ကြောင်း လက္ခဏာ (၄)ပါးသာဆိုသောကြောင့် လည်းကောင်း။ တစ်စုံတစ်ခု ခိုင်မာယုံကြည် လောက်သော ပါဠိအဋ္ဌကထာစသည် သာဓက မရှိသောကြောင့် လည်းကောင်း မသင့်ဟု မှတ်ရာသတည်း။
ထိုဏာ-အက္ခရာကား ဝိမုတ္တ, ဒီဃ, ဂရု, ဝဝတ္ထိတတွင် ပါဝင် သတည်း။ ဤအက္ခရာများ ရွတ်ဆိုသောအခါ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားကို အတတ်သိ၍ ရွတ်ဆိုရမည်။ သိုမဟုတ်က ဒန္တဌာန် စသည်၌ဖြစ်၍ သဘာဝနိရုတ္တိလက္ခဏာ ပျက်သောကြောင့် ကံပျက်မည်ဟု ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့ ဆိုတိုင်း ယုံကြည်သင့်၏။
တု-ကို ရွတ်သောအခါ ဒန္တဌာန်, ဇိဝှါဂ္ဂကရိုဏ်း, ဖုဋ္ဌပယက်, သိထိလ, ဝိမုတ္တ , ရသ, လဟု, ဝဝတ္ထိတတွင် ပါဝင်၏။ ထို့ကြောင့် ထို သုဏာတု-ကို ရွတ်သောအခါ ဏာ-၌ လျှာလိပ်ပြီးလျှင် ရကောက်တို့ ဌဝမ်းဘဲတို့ ရွတ်သကဲ့သို့ ရွတ်အပ်၏။ တု-ကို ရွတ်သောအခါ လျှာဖျားကို အထက်သွားစဉ် အတွင်းအရပ်ကို ထိခိုက်စေ၍ ဒန္တဌာန်သံပါအောင် ရွတ်အပ်၏။ မုဒ္ဓဌာန်သံပါသော် ဋသံလျင်းချိတ် ဋသံဖြစ်၍ ကံပျက်မည်။ ။