သိမ်မျိုးစုံမဟာဋီကာ/အနုဝါဒါဓိကရုဏ်းနှင့် သမထ ၄-ပါးသာ ဆိုင်ကြောင်း
အနုဝါဒါဓိကရုဏ်းကို သမ္မုခါ၊ သတိ၊ အမူဠှ၊ တဿပါပိယသိကာ၊ သမထ (၄)ပါးဖြင့် ငြိမ်းစေပုံကား -
၁။ စောဒက စုဒိတကတို့၏ စကားကို ကြားနာပြီးလျှင် အာပတ် တစ်စုံတစ်ခု မထင်အံ့ အချင်းချင်း ကန်တော့စေပြီးလျှင် ငြိမ်းစေအပ်၏။ အာပတ်သင့်သည်ထင်အံ့ မည်သည့်အာပတ်သင့်သည်၊ ဒေသနာ ကြားစေ၊ ဝုဋ္ဌာနကံပြုစေ၊ ဆုံးဖြတ်၍ ငြိမ်းစေရာ၏။ သမ္မုခါဝိနယသမထပင်တည်း။ ။
၂။ ရဟန္တာအား အမူလကသီလဝိပတ္တိဖြင့် စောဒနာခဲ့သော် ထို ရဟန္တာက သတိဝိနည်းကို တောင်းပန်ခဲ့သော် စူဠဝါ သမထက္ခန္ဓက (၂၂၉ ) သတိဝိနယ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ထိုရဟန္တာ အားပေး၍ ထိုအနုဝါဒါဓိကရုဏ်း ငြိမ်း၏။ သတိဝိနည်းကိုပေးပြီးက ထိုစုဒိတက ရဟန္တာ၌ နောင် မည်သည်ပုဂ္ဂိုလ်မှ မစောဒနာနိုင်ပြီ။ (ဤကား သတိဝိနယသမထ၊ သမ္မုခါဝိနယသမထဖြင့် ငြိမ်းစေပုံတည်း။)
၃။ ရူးသောကြောင့် ရဟန်းတို့ အမူအရာမဟုတ်သော လွန်ကျူးမှုကို ပြုသဖြင့် စောဒနာရာ ရူးသောကြောင့် လွန်ကျူးမှုကို ပြုမိပါသည်ဟု ဆိုပါလျက် နောက်ထပ်စောဒနာငြားအံ့ နောင်တစ်စုံတစ်ယောက် မစောဒနာနိုင်ရန် အမူဠှဝိနည်းကို ရူးသောရဟန်းက တောင်းသဖြင့် သံဃာက အမူဠှဝိနယ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် စူဠဝါသမထက္ခန္ဓက(၂၃၁) လာတိုင်း ပေးသဖြင့် ယင်းအနုဝါဒါဓိကရုဏ်းသည် သမ္မုခါဝိနယသမထ၊ အမူဠှဝိနယသမထဖြင့် ငြိမ်းသည်မည်၏။ (ယင်းအမူဠှဝိနည်းပေးပြီးနောက် တစ်စုံတစ်ယောက် မစောဒနာနိုင်။)
၄။ ပါရာဇိကဖြင့်လည်းကောင်း၊ ယင်း၏ အနီး ဒုက္ကဋ် ထုလ္လစ္စဉ်း ဖြင့်လည်းကောင်း စောဒနာရာ ဝိနယဓရက မေးသည်ကို မဖြေပဲ တစ်ပါးသောအကြောင်းစကားဖြင့် တစ်ပါးသောအကြောင်းစကားကို ပြောဆိုဖုံးလွှမ်း စကားမပြော တုဏှိဘောနေ၍ သံဃာညှဉ်းဆဲလေရာ ယုတ်မာသော အကျင့်များလေရကား ပါရာဇိက မကျသေးအံ့ သံဃာ့ ဘောင်သို့ သွင်းရဦးမည်။ ပါရာဇိကကျအံ့ အသွင်ကိုဖျက် လူထွက်လိမ့်မည် သံဃာက မှတ်ထင်သဖြင့် စူဠဝါ သမထက္ခန္ဓက (၂၃၃) လာတိုင်း၊ တဿပါပိယသိကာ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ယင်းကံပြု သဖြင့် ငြိမ်း၏။ (သမ္မုခါဝိနယသမထ၊ တဿပါပိယသိကာသမထဖြင့် အနုဝါဒါဓိကရုဏ်းငြိမ်း၏။)