သိမ်မျိုးစုံမဟာဋီကာ/ဥဒကုက္ခေပ၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်း ပြခန်း
ဝိမတိ ဝိနယာလင်္ကာရတို့၌ ဥဒကုက္ခေပသိမ်မှတပါး နဒီသိမ်၊ သမုဒ္ဒသိမ်၊ ဇာတဿရသိမ်၊ အသီးအခြား ရှိကြောင်းကို ဆိုကြသေး၏။ သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ -စသည်ဖြင့် ယင်း၏ ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်* အဖြစ်ကို နီတတ္ထ နေယျတ္ထအားဖြင့် ပယ်ပြီးဖြစ်ရကား အထူးရေးသားဖွယ်မရှိ။ သီမာပေက္ခစိတ်ရှိမှ ဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ် ဖြစ်ကြောင်းကိုလည်း ဆိုသေး၏။ ပါဠိ အဋ္ဌကထာ ဋီကာကြီးတို့၌ အရိပ်အမြွက်မျှမရှိ ငဲ့ကွက်မှုမရှိပဲ ကံပြုကလည်း ကံမြောက်ရကား မသင့်။
ဤဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ်တို့၌ ဧရာမပညာရှိ ကျမ်းဂန်တတ် အကျော်ဆရာကော်ဘုရားများပင် ပမာဒလေခ များကြသတည်း။ ငါတို့ကား ဆရာတော်တို့ မျက်နှာကို မငဲ့။မြတ်စွာဘုရားသခင် မျက်နှာတော်ကိုသာ ငဲ့မျှော်၍လည်းကောင်း၊ မိမိပါရမီသမ္ဘာရ အလိုက် ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရများကို ကြည့်နိုင်သော ပညာရှိလက္ခဏာနှင့် အတော်အသင့် ပြည့်စုံ၍လည်းကောင်း၊ မှန်ကန်သောနည်းလမ်းကို လက်ဆုပ်လက်ကိုင်ရသဖြင့် လည်းကောင်း အမှန်ဆုံး နည်းလမ်းများကိုသာ ရေးသားလိုက်ရသတည်း။
ဣမိနာ ပုညကမ္မေန၊ ပညာဝါဝ ဘဝါဘဝေ။
ဟုတွာပိ ဒုက္ခက္ခန္ဓဿ၊ ခယံ ကရောမျနာဂတေ။
ဥဒကုက္ခေပသီမဋီကာ သမတ္တာ။
ဤမျှလောက်သော စကားစဉ်ဖြင့် ပါဠိ အဋ္ဌကထာ ဋီကာစုံ ရောစပ်၍ အဓိပ္ပာယ်အကျဉ်း လိုရင်းအချုပ်ဖြစ်သော အဗဒ္ဓသိမ် (၃)လုံးအဓိပ္ပာယ်မှာ လိုသေးသည်ဟူ၍ မရှိ၊ လိုရင်း သိသင့်သမျှ အကုန်ညှစ်ထုတ်၍ ရေးသားအပ်သတည်း။
အဗဒ္ဓသီမဋီကာ သမတ္တာ။
* ဗဒ္ဓသိမ်အဖြစ်ကိုသာ ပယ်သောကြောင့် ဤ၌ “အဗဒ္ဓသိမ်”စကားပိုသည်ဟု ယူဆ၏။ ဆရာတော်ကြီး ရေးခဲ့စဉ်က ပါဟန်မတူ။ (ဥဒကုက္ခေပကို သာဓက နှင့် ပြဆိုခန်း)-အဆုံးအဖြတ် နှင့် တိုက်ဆိုင်ကြည့်ပါ။