ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၉။ သိဝိဇာတ် (၃)
3878ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၉၉။ သိဝိဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဝီသတိနိပါတ်

၃။ သိဝိဇာတ်

ဗာဟိရအလှူကို အားမရ တင်းမတိမ်သဖြင့် အဇ္ဈတ္တိကအလှူကို လှူခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အသဒိသဒါနကို အကြောင်းပြု၍ ဒူရေ အပဿံ ထေရောဝ ဤသို့ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိဝိဇာတ်ကို ဟောတော်မူ၏။ ထိုအသဒိသဒါနကို အဋ္ဌကနိပါတ် သိဝိရာဇဇာတ်၌ ချဲ့ဆိုအပ်ပြီးသည်သာလျှင်တည်း၊ အထူးကား ထိုအခါ ပသေနဒီ ကောသလမင်းသည် ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာတို့ကိုလှူ၍ တရားအနုမောဒနာကို တောင်းပန်၏။ ဘုရားသခင်သည် မဟောမူ၍သာလျှင် ကြွတော်မူ၏။ ဓမ္မပဒ အဋ္ဌကထာ၌ကား အနည်းငယ်သော တဂါထာမျှကိုဟော၍ ကြွတော်မူသည်။ အလှူကား အားကြီးစွာသော အသဒိသဒါန ဖြစ်ပါသည်။ တရားတော်ကို အနည်းငယ် ဟောတော်မူသည်။ အကြောင်းရှိမည်ဟု ကျောင်းတော်သို့လိုက်၍ လျှောက်ရာတွင်မှ ပရိသတ် မစင်ကြယ်ကြောင်းကို မိန့်တော်မူ၍ နောက်မှ အကျယ်ချဲ့၍ ဟောတော်မူသည်ဟု လာသည်။ ထိုအခါ မင်းကြီးသည် နံနက်စာ ထမင်းစားပြီးသည်ရှိသော် ကျောင်းတော်သို့သွား၍ အရှင်ဘုရား- အဘယ့်ကြောင့် တရားအနုမောဒနာကို ပြုတော်မမူသနည်းဟု ရွှေနားတော် လျှောက်သည်ရှိသော် ဘုရားသခင်သည် မင်းကြီး- ပရိသတ်တို့သည် မစင်ကြယ်ဟု မိန့်တော်မူ၍-

န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊
ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊
တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

မဟာရာဇ၊ မြတ်သော ပသေနဒီကောသလမင်းကြီး။ ကဒရိယာ၊ ဝန်တိုစဉ်းလဲ ပိတ်ပင်တတ်သောသူတို့သည်။ ဝေ၊ စင်စစ်။ ဒေဝလောကံ၊ နတ်ရွာသို့။ န ဝဇန္တိ၊ မသွားရကုန်။ ဗာလာ၊ သူမိုက်တို့သည်။ ဟဝေ-ဧကန္တန၊ စင်စစ်သဖြင့်။ ဒါနံ၊ အလှူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ ဓီရော စ၊ ပညာရှိသည်ကား။ ဒါနံ၊ အလှူကို။ အနုမောဒမာနော၊ ဝမ်းမြောက်၏။ သော၊ ထိုပညာရှိသည်။ တေနေဝ၊ ထိုသို့ အလှူဒါနကို ဝမ်းမြောက်သောကြောင့်သာလျှင်။ ဣဓ၊ ဤပစ္စုပ္ပန်လောက၌၎င်း။ ပရတ္ထ၊ တမလွန် လောက၌၎င်း။ သုခီ၊ ချမ်းသာခြင်းနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

ပသေနဒီ ကောသလမင်းသည် ကြည်ညို၍ အသပြာတထောင်ထိုက်သော သိဝိရာဇ်တိုင်းမှဖြစ်သော ကိုယ်ဝတ်စုလျားတဘက်ဖြင့် ဘုရားသခင်ကို ပူဇော်၍ မြို့တွင်းသို့ဝင်၏။ မိုးသောက်သောနေ့၌ တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့- ကောသလမင်းသည် ပြည်သူတို့မတုနိုင်သော အသဒိသဒါနကိုလှူ၍ ထိုအသဒိသဒါနဖြင့်လည်း မရောင့်ရဲသည်ဖြစ်၍ ဘုရားသခင်သည် တရားကို ဟောတော်မူသည်ရှိသော် တဖန် အသပြာတထောင်ထိုက်သော သိဝိရာဇ်တိုင်းဖြစ် ပုဆိုးကို လှူ၏။ ငါ့သျှင်တို့ အလွန်လျှင် မင်းသည် မရောင့်ရဲသည်သာတည်းဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့- ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စုဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စုဝေးကြပါကုန်သည်ဟု ရွှေနားတော် လျှောက်လေသော် ရဟန်းတို့- အပဥစ္စာ အလှူမည်သည်ကား ကောင်းမြတ်သောအလှူ မမည်၊ ရှေးပညာရှိတို့သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို ထွန်မရှိသည်ကိုပြု၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်း ခြောက်သိန်းသော ဥစ္စာတို့ကို စွန့်သဖြင့် အလှူကို ပေးကုန်သော်လည်း ဗာဟိရ= အပအလှူဖြင့် မရောင့်ရဲကုန်သည်ဖြစ်၍ ချစ်နှစ်သက်သော ပစ္စည်းဝတ္ထုကို ပေးလှူသောသူသည် ချစ်နှစ်သက်သော ပစ္စည်းဝတ္ထုကို ရ၏ဟု ကြံ၍ ရောက်လာသော အလှူခံတို့အား မျက်စိတို့ကို ထုတ်နုတ်၍ လှူဘူးကုန်ပြီဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ သိဝိတိုင်း အရိဋ္ဌပုရပြည်၌ သိဝိမင်းကြီးသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုသိဝိမင်းကြီး၏ သားဖြစ်၏။ ဘုရားလောင်းအား သိဝိမင်းသား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်သို့သွား၍ အတတ်သင်ပြီးသော် ပြန်ခဲ့၍ အဂတိသို့ မလိုက်မူ၍ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ တရားနှင့်အညီ မင်းပြုသည်ရှိသော် မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော်တံခါး၌၎င်း, ဤသို့ အလှူမဏ္ဍပ် တင်းကုပ်စရပ် ခြောက်ဆောင်တို့ကို ဆောက်လုပ်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်း ခြောက်သိန်း စွန့်လှူသဖြင့် အလှူကြီးကို ဖြစ်စေတော်မူ၏။ ရှစ်ရက်နေ့ တဆယ့်လေးရက်နေ့မှ တဆယ့်ငါးရက်နေ့တို့၌လည်း အမြဲ အလှူစရပ်သို့ ကြွတော်မူ၍ အလှူစရပ်ကို ကြည့်ရှု၏။

ထိုဘုရားလောင်းသည် တရံရောအခါ မိုးသောက်သောနေ့၌ နံနက်စောစောကလျှင် ဆောင်းအပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေလျက် ကိုယ်တော်၏အလှူကို ဆင်ခြင်တော်မူသည်ရှိသော် ဗာဟိရ အပဝတ္ထုကို ကိုယ်

တော်သည် မလှူမိသောမည်သည်ကို မမြင်၍ ငါသည် အပဝတ္ထုကို မလှူမိသော မည်သည်မရှိ၊ ငါ့ကို အပအလှူသည် မနှစ်သက်စေ၊ ငါသည် အဇ္ဈတို့က= အတွင်းအလှူကို လှူလို၏။ ယနေ့ ငါသည် အလှူစရပ်သို့ သွားသောအခါ၌ တစုံ

တယောက်သာလျှင်ဖြစ်သော အလှူခံပုဂ္ဂိုလ်သည် အပဝတ္ထုကို မတောင်းမူ၍ အတွင်းဝတ္ထု၏ အမည်ဖြစ်သော နှလုံးသားကို တောင်းအံ့၊ ကတ်ကျေးဖြင့် ရင်ကိုခွဲ၍ ကြည်စွာသောရေမှ ကြာရိုးနှင့်တကွသော ပဒုမာကြာငုံကို ဆယ်တင်သကဲ့သို့ သွေးပေါက် တဖျင်းဖျင်းယိုစီးသော နှလုံးသည်းပွတ်ကို ထုတ်နုတ်၍ ပေးလှူအံ့၊ အကယ်၍ ကိုယ်၏အမည်ဖြစ်သော အသားကို အလှူခံငြားအံ့၊ သားလှီးဓားငယ်ဖြင့် ဆီကျည်သားချိုကို လှီးဖြတ်သကဲ့သို့ ကိုယ်သားကိုလှီးဖြတ်၍ လှူအံ့၊ အကယ်၍ သွေးကို ခံငြားအံ့၊ ယန္တရားအဝသို့ သွား၍ ဆောင်သကဲ့သို့ အိုးခွက်ကို ပြည့်စေလျက် သွေးကို ငါလှူအံ့၊ အကယ်၍ တစုံတယောက်သောသူသည် ငါ၏အိမ်၌ ကျွန်အမှုလုပ်သည် မရှိ၍ ငါ၏ကျွန်ဖြစ်ပါလောဟု ဆိုငြားအံ့၊ မင်း၏အသွင်ကိုပယ်၍ မိမိကိုယ်တိုင်သွား၍ ကျွန်အမှုကို ပြုအံ့၊ အကယ်၍ တစုံတယောက်သောသူသည် မျက်စိတို့ကို ခံငြားအံ့၊ ထန်းသီးဆန်ကို ထုတ်သကဲ့သို့ မျက်စိတို့ကို ထုတ်နုတ်၍ လှူအံ့ဟု ကြံတော်မူခြင်းကို ပြလိုရကား-

ယံကိဉ္စိ မာနုသံ ဒါနံ၊ အဒိန္နံ မေ န ဝိဇ္ဇတိ။
ယော ယာစေယျ မံ စက္ခုံ၊ ဒဒေယျံ အဝိကမ္ပိတော။

ဟူသော ဤဂါထာကို ဆို၏။

ယံကိဉ္စိ၊ အလုံးစုံသော။ မာနုသံ၊ လူတို့သည် လှူအပ်သည်နှင့် ယှဉ်သော။ ဒါနံ၊ အလှူကို။ ဒိန္နံ၊ ငါလှူအပ်ပြီ။ မေ၊ ငါ့အား။ အဒိန္နံ၊ မလှူမိသေးသော ဝတ္ထုမည်သည်။ န ဝိဇ္ဇတိ၊ မရှိ။ ယောပိ၊ အကြင်သူသည်လည်း။ မံ၊ ငါ့ကို။ စက္ခုံ၊ မျက်စိကို။ ယာစေယျ၊ တောင်းငြားအံ့။ အဝိကမ္ပိတော၊ မတုန်မလှုပ်သည်ဖြစ်၍။ တဿ၊ ထိုတောင်းသောသူအား။ စက္ခုံ၊ မျက်စိကို။ ဒဒေယျံ၊ ငါလှူအံ့။

ဤသို့ ကြံပြီး၍ နံ့သာရည်အိုး တဆယ့်ခြောက်လုံးတို့ဖြင့် ရေချိုး၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အထူးထူးသော ကောင်းမြတ်သော အရသာရှိသော ခဲဘွယ်ဘောဇဉ်တို့ကို သုံးဆောင် စားသောက်၍ တန်ဆာဆင်အပ်သော မြတ်သော ဆင်ကျောက်ကုန်းထက်၌ တက်စီး၍ အလှူတင်းကုပ်စရပ်သို့ ကြွတော်မူ၏။ သိကြားမင်းသည် ထိုဘုရားလောင်း၏ အလိုတော်ကို သိ၍ သိဝိမင်းကြီးသည် ယနေ့ ရောက်လာသော အလှူခံတို့အား မျက်စိတို့ကို ထုတ်နုတ်၍ လှူအံ့ဟု ကြံ၏။ လှူခြင်းငှါ တတ်နိုင်အံ့လောဟု ထိုဘုရားလောင်းအား စုံစမ်းအံ့သောငှါ မျက်စိကန်းသော ပုဏ္ဏားအိုဟန် ဖန်ဆင်း၍ မင်း၏ အလှူမဏ္ဍပ်သို့ သွားသောအခါ၌ တခုသော မြင့်ရာအရပ်ဝယ် လက်ကိုဖြန့်၍ မင်းကို အောင်စေသတည်းဟု အောင်ဆုကြွေးကြော်၍ တည်၏။ မင်းသည် ထိုပုဏ္ဏားသို့ရှေးရှု ဆင်ကိုနှင်၍ ပုဏ္ဏား- အသို့ သင်ဆိုသနည်းဟု မေး၏။ ထိုအခါ မင်းကို သိကြားမင်းသည် အရှင်မင်းကြီး- အရှင်မင်းကြီး၏အလှူ၌ အလိုဆန္ဒရှိသော အဖြစ်ကိုမှီ၍ ကောင်းစွာတက်သော ကျော်စောသံဖြင့် အလုံးစုံသော လူ့ပြည်၌နေသော လူအပေါင်းသည် မပြတ်ပြန့်နှံ၏။ ကျွန်ုပ်သည်လည်း မျက်စိကန်း၏။ အရှင်မင်းကြီး၌လည်း မျက်စိနှစ်လုံး ရှိ၏ဟု ဆို၍ မျက်စိကို တောင်းလိုရကား-

၅၂။ ဒုရေ အပဿံ ထေရောဝ၊ စက္ခုံ ယာစိတုမာဂတော။
ဧကနေတ္တော ဘဝိဿာမ၊ စက္ခုံ မေ ဒေဟိ ယာစိတော။

ဟူသော ဤဂါထာကို ဆို၏။

၅၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ထေရောဝ၊ အလွန်အိုသော မထေရ်ကြီးကဲ့သို့။ ဒူရေ၊ အဝေး၌။ အပဿံ၊ မမြင်သည်ဖြစ်၍။ စက္ခုံ၊ မျက်စိကို။ ယာစိတုံ၊ တောင်းခြင်းငှါ။ အာဂတော၊ လာခဲ့၏။ ယာစိတော၊ တောင်းအပ်သော မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား။ စက္ခုံ၊ မျက်စိကို။ ဒေဟိ၊ ပေးလှူပါလော့။ မယံ၊ ငါတို့နှစ်ယောက်တို့သည်။ ဧကနေတ္တော၊ မျက်စိတဖက်စီသာ ရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ယခုအခါ၌သာလျှင် ငါသည် ပြာသာဒ်၌နေလျက် ဤသို့ကြံ၍ လာ၏။ ငါ၏လာခြင်းသည်ကား ကောင်းမြတ်သော လာခြင်းတည်း၊ ယနေ့ ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပေတော့မည်၊ မလှူဘူးသေးသောအလှူကို ငါ ယခု လှူရပေတော့မည်ဟု ကြံ၍ နှစ်သက်ဝမ်းမြောက်သော အဖြစ်ကို ဆိုလိုရကား-

၅၃။ ကေနာ နုသိဋ္ဌော ဣဓ မာဂတောသိ၊
ဝနိဗ္ဗက စက္ခုပထာနိ စိတုံ။
သုဒုစ္စဇံ ယာစသိ ဥတ္တမင်္ဂံ၊
ယ မာဟု နေတ္တံ ပုရိသေန ဒုစ္စဇံ။

ဟူသော နှစ်ခုမြောက်သော် ဤဂါထာကို ဆို၏။

၅၃။ ဝနိဗ္ဗက၊ အလှူခံပုဏ္ဏားအို။ တံ၊ သင့်ကို။ ကေန၊ အဘယ်သူသည်။ အနုသိဋ္ဌော၊ ဆုံးမသည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ စက္ခုပထာနိ၊ မြင်ခြင်း၏ အကြောင်းဖြစ်သော မျက်စိတို့ကို။ ယာစိတုံ၊ တောင်းခြင်းငှါ။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ ယံ နေတ္တံ၊ အကြင်မျက်စိကို။ ပုရိသေန၊ လူသာမန်သည်။ သုဒုစ္စဇံ၊ အလွန်စွန့်လှူနိုင်ခဲ၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ တွံ၊ သင်ပုဏ္ဏားသည်။ ဒုစ္စဇံ၊ အလွန်စွန့်လှူနိုင်ခဲသော။ ဥတ္တမင်္ဂံ၊ မြတ်သောအင်္ဂါဖြစ်သော။ တံ နေတ္တံ၊ ထိုမျက်စိကို။ ယာစသိ၊ တောင်းဘိ၏တကား။

ပုဏ္ဏားအိုဟန် ဖန်ဆင်းသော သိကြားမင်းသည် လာခြင်း၏အကြောင်းကို ဆိုလိုရကား-

၅၄။ ယ မာဟု ဒေဝေသု သုဇမ္ပတီတိ၊
မဃဝါတိ နံ အာဟု မနုဿလောကေ။
တေနာ နုသိဋ္ဌော ဣဓ မာဂတောသ္မိ၊
ဝနိဗ္ဗကော စက္ခုပထာနိ ယာစိတုံ။
၅၅။ ဝနိဗ္ဗကော မယှ ဝဏံ အနုတ္တရံ၊
ဒဒါဟိ မေ စက္ခုပထာနိ ယာစိတော။
ဒဒါဟိ မေ စက္ခုပထံ အနုတ္တရံ။
ယ မာဟု နေတ္တံ ပုရိသေန ဒုစ္စဇံ။

ဟူသော သုံးခုမြောက်သော ဤဂါထာတို့ကို ဆို၏။

၅၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင် သိကြားမင်းကို။ ဒေဝေသု၊ နတ်ပြည်တို့၌၎င်း။ မနုဿလောကေ၊ လူ့ပြည်၌၎င်း။ သုဇမ္ပတီတိ၊ သုဇမ္မတိဟူ၍။ ဝါ-၊ သုဇာမိဖုယားလင်ဟူ၍၎င်း။ မဃဝတိ၊ မဃဝဟူ၍၎င်း။ နံ၊ ထိုသိကြားမင်းကို။ အာဟု၊ ဆိုကုန်၏။ တေန၊ ထိုသိကြားမင်းသည်။ အနုသိဋ္ဌော၊ ဆုံးမသည်ဖြစ်၍။ ဝါ-၊ နှိုးဆော်ချီးပင့်သည် ဖြစ်၍။ ဝနိဗ္ဗကော၊ အလှူခံဖြစ်သော ငါသည်။ စက္ခုပထာနိ၊ မြင်ခြင်း၏ အကြောင်းဖြစ်သော မျက်စိတို့ကို။ ယာစိတုံ၊ တောင်းခြင်းငှါ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။

၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝနိဗ္ဗကော၊ အလှူခံဖြစ်သော။ မယှံ၊ ငါ့အား။ ဝဏံ၊ တောင်းအပ်သော။ အနုတ္တရံ၊ မြတ်သောမျက်စိကို။ ဒဒါဟိ၊ လှူလော့။ ယာစိတော၊ တောင်းအပ်သော မင်းကြီးသည်။ စက္ခုပထာနိ၊ မြင်ခြင်း၏ အကြောင်းဖြစ်သော မျက်စိတို့ကို။ မေ၊ အကျွန်ုပ်အား။ ဒဒါဟိ၊ လှူလော့။ ယံ နေတ္တံ၊ အကြင်မျက်စိကို။ ပုရိသေန၊ သတ္တဝါသာမန်သည်။ ဒုစ္စဇံ၊ အလွန်စွန့်လှူနိုင်ခဲ၏။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။ စက္ခုပထံ၊ မြင်ခြင်း၏ အကြောင်းဖြစ်သော။ အနုတ္တရံ၊ မြတ်သော။ တံ နေတ္တံ၊ ထိုမျက်စိကို။ မေ၊ ငါ့အား။ ဒဒါဟိ၊ လှူလော့။

ထို့နောင်မှ မင်းသည် မျက်စိတို့ကို လှူလိုရကား-

၅၆။ ယေန အတ္ထေန အာဂစ္ဆိ၊ ယမတ္ထ မဘိပတ္ထယံ။
တေ တေ ဣဇ္ဈန္တု သင််ကပ္ပါ၊ လဘ စက္ခုနိ ဗြာဟ္မဏ။
၅၇။ ဧကံ တေ ယာစမာနဿ၊ ဥဘယာနိ ဒဒါမဟံ။
သစက္ခုမာ ဂစ္ဆ ဇနဿ ပေက္ခတော၊
ယဒိစ္ဆသေ တွံ တဒတေ သမိဇ္ဈတု။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅၆။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန အတ္ထေန၊ အကြင်အလိုဖြင့်။ ယံ အတ္ထံ၊ အကြင် အလိုကို။ အဘိပတ္ထယံ၊ တောင့်တ သည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂစ္ဆိ၊ လာ၏။ တေ၊ သင်၏။ တေ သင််ကပ္ပါ၊ ထိုအလိုတို့သည်။ ဣဇ္ဈန္တု၊ ပြည့်စေကုန်သတည်း။ စက္ခုနိ၊ မျက်စိတို့ကို။ လဘ၊ ရလေလော့။

၅၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧကံ၊ မျက်စိတလုံးကို။ ယာစမာနဿ၊ တောင်းသော။ တေ၊ သင့်အား။ ဥဘယာနိ၊ နှစ်လုံးသောမျက်စိတို့ကို။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပေးလှူအံ့။ သော တွံ၊ ထိုသင်သည်။ သစက္ခုမာ၊ မျက်စိနှင့် ပြည့်စုံသည်ဖြစ်၍။ ဇနဿ၊ လူအပေါင်းသည်။ ပေက္ခတော၊ ကြည့်ရှုစဉ်။ ဂစ္ဆ၊ မျက်စိကို ရပြန်ပြီဟု မျက်စိကို ပြစားလျက် သွားလေလော့။ ယံ၊ အကြင်မျက်စိကို။ တွံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထိုမျက်စိသည်။ တေ၊ သင့်အား။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။

မင်းကြီးသည် ဤမျှသော စကားကို မိန့်ဆို၍ ဤအရပ်၌သာလျှင် မျက်စိတို့ကို ထုတ်နုတ်၍ ပေးခြင်းငှါ မလျောက်ပတ်ဟု ကြံ၍ ပုဏ္ဏားကိုခေါ်၍ နန်းတွင်းသို့သွား၍ နန်းတော်၌နေလျက် သိဝိကမည်သော ဆေးသမားကို ခေါ်စေ၍ ငါ၏မျက်စိကို သုတ်သင်လော့ဟု ဆို၏။ ငါတို့၏ မင်းသည် မျက်စိတို့ကို ထုတ်နုတ်၍ ပုဏ္ဏားအား လှူလိုသတတ်ဟု အလုံးစုံသောမြို့၌ တပြိုင်နက် အုတ်အုတ် ကျက်ကျက်သည် ဖြစ်၏။ ထိုအခါ စစ်သူကြီး အစရှိသော မင်းကျွမ်းဝင်သော သူတို့သည်၎င်း, မောင်းမတို့သည်၎င်း, အလုံးစုံသော သူတို့သည် စုဝေးကုန်၍ မင်းကို တားမြစ်လိုရကား-

၅၈။ မာ ဝေါ ဒေဝ အဒါ စက္ခုံ၊ မာ နော သဗ္ဗေ ပရာကရိ။
ဓနံ ဒေဟိ မဟာရာဇ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
၅၉။ ယုတ္တေ ဒေဝ ရထေ ဒေဟိ၊ အာဇာနီယေ စလင်္ကတေ။
နာဂေ ဒေဟိ မဟာရာဇ၊ ဟေမကပ္ပနဝါသယေ။
၆၀။ ယထာ တံ သိဝယော သဗ္ဗေ၊ သယောဂ္ဂါ သရထာ သဒါ။
သမန္တာ ပရိကိရေယျုံ၊ ဧဝံ ဒေဟိ ရထေသဘ။

ဟူသော ဤသုံးဂါထာတို့ကို ဆိုကုန်၏။

၅၈။ ဒေဝ၊ အရှင်မင်းကြီး။ ဝေါ၊ အရှင်မင်းကြီးတို့၏။ စက္ခုံ၊ မျက်စိကို။ မာ အဒါ၊ မလှူပါလင့်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ နော၊ ငါတို့ကို။ မာ ပရာကရိ၊ စွန့်တော်မမူပါလင့်။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မုတ္တာ၊ ပုလဲတို့သည်၎င်း။ ဝေဠုရိယာ၊ ကျောက်မျက်ရွဲတို့သည်၎င်း။ ဗဟူ၊ များစွာကုန်၏။ တံ ဓနံ၊ ထိုပုလဲကျောက်မျက်ရွဲ အစရှိသော ဥစ္စာကို။ ဒေဟိ၊ လှူတော်မူပါလော့။

၅၉။ ဒေဝ၊ အရှင်မင်းကြီး။ ယုတ္တေ၊ က အပ်ကုန်သော။ ရထေ၊ ရထားတို့ကို၎င်း။ အလင်္ကတေ၊ တန်ဆာဆင်အပ်ကုန်သော။ အာဇာနီယေ၊ အာဇာနည်မြင်းတို့ကို၎င်း။ ဒေဟိ၊ လှူတော်မူလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟေမကပ္ပနဝါသယေ၊ ရွှေကြိုး ရွှေကွန်ယက်တင်ကုန်သော။ နာဂေ၊ ဆင်တို့ကို။ ဒေဟိ၊ လှူတော်မူလော့။

၆၀။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သောမင်းကြီး။ ယထာ၊ အကြင်အခြင်းဖြင့် လှူသည်ရှိသော်။ သ ယောဂ္ဂါ၊ ဆင်ယာဉ်မြင်းယာဉ်နှင့် တကွကုန်သော။ သရထာ၊ ရထားနှင့်တကွကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သိဝယော၊ သိဝိပြည်သူတို့သည်။ တံ၊ အရှင်မင်းကြီးကို။ သဒါ၊ အခါခပ်သိမ်း။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကိရေယျုံ၊ ခြံရံကုန်ရာ၏။ ဧဝံ-တထာ၊ ထိုအခြင်းဖြင့်။ ဒေဟိ၊ လှူတော်မူလော့။

ထိုအခါ မင်းသည် အလုံးစုံသော ပရိသတ်တို့အား လှူအံ့သောအကြောင်းကိုသာ ဆိုလိုရကား -

၆၁။ ယော ဝေ ဒဿန္တိ ဝတွာန၊ အဒါနေ ကုရုတေ မနော။
ဘုမျံ သော ပတိတံ ပါသံ၊ ဂီဝါယံ ပဋိမုဉ္စတိ။
၆၂။ ယော ဝေ ဒဿန္တိ ဝတွာန၊ အဒါနေ ကုရုတေ မနော။
ပါပါ ပါပတရော ဟောတိ၊ သမ္ပတ္တော ယမသာဓနံ။
၆၃။ ယဉှိ ယာစေ တဉှိ ဒဒေ၊ ယံ န ယာစေ န တံ ဒဒေ။
သွာဟံ တမေဝ ဒဿာမိ၊ ယံ မံ ယာစတိ ဗြာဟ္မဏော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၆၁။ ဘောန္တော ပရိသာ၊ အို ပရိသတ်တို့။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ဒဿံ၊ ငါပေးအံ့။ ဣတိ၊ ဤသို့။ ဝတွာန၊ ဆိုပြီး၍။ အဒါနေ၊ မပေးခြင်း၌။ မနော၊ စိတ်နှလုံးကို။ ကုရုတေ၊ ပြုအံ့။ သော၊ ထိုသူသည်။ ဘုမျံ၊ မြေ၌။ ပတိတံ၊ ထောင်သော။ ပါသံ၊ ကျော့ကွင်းကို။ ဂီဝါယံ၊ လည်၌။ ပဋိမုဉ္ဇတိ၊ စွပ်သည်မည်၏။

၆၂။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ဒဿံ၊ ငါပေးအံ့။ ဣတိ၊ ဤသို့။ ဝတွာန၊ ဆိုပြီးလျက်။ အဒါနေ၊ မပေးခြင်း၌။ မနော၊ စိတ်နှလုံးကို။ ကုရုတေ၊ ပြုအံ့။ သော၊ ထိုသူသည်။ ပါပါ၊ ယုတ်မာသောသူအောက်။ ပါပတရော၊ အထူးသဖြင့် ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ ယမသာဓနံ၊ ယမမင်းနိုင်ငံသို့။ သမ္ပတ္တော၊ ရောက်ရ၏။

၆၃။ ယဉှိ-ယံ ဧဝ ဝတ္ထုံ၊ အကြင် ဝတ္ထုသည်သာလျှင်။ ယာစေ၊ တောင်း၏။ တဉှိ-တံ ဧဝ ဝတ္ထုံ၊ ထိုတောင်းသော ဝတ္ထုကိုသာလျှင်။ ဒဒေ၊ ပေးအံ့။ ယံ၊ အကြင်ဝတ္ထုကို။ န ယာစေ၊ မတောင်း။ တံ၊ ထိုမတောင်းသောဝတ္ထုကို။ န ဒဒေ၊ ငါမပေးအံ့။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ မံ၊ ငါ့ကို။ ယံ၊ အကြင်မျက်စိကို။ ယာစတိ၊ တောင်း၏။ တမေဝ၊ တောင်းသော မျက်စိကိုပင်လျှင်။ သွာဟံ-သော အဟံ၊ ထိုငါသည်။ ဒဿာမိ၊ ပေးအံ့။

ထိုအခါ၌ ဘုရားလောင်းကို အမတ်တို့သည် အရှင်မင်းကြီး- အဘယ်ဝတ္ထုကို လိုချင်တောင့်တ၍ မျက်စိတို့ကို လှူတော်မူသနည်းဟု မေးလိုကုန်ရကား-

၆၄။ အာယုံ နု ဝဏ္ဏံ နု သုခံ ဗလံ နု၊
ကိံ ပတ္ထယာနော နု ဇနိန္ဒ ဒေသိ။
ကထဉှိ ရာဇာ သိဝီနံ အနုတ္တရော၊
စက္ခူနိ ဒဇ္ဇာ ပရလောကဟေတု။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၆၄။ ဇနိန္ဒ၊ မင်းမြတ်။ အာယုံ၊ အသက်ရှည်ခြင်းကို။ ပတ္တယာနော၊ တောင့်တ၍။ ဒေသိ နု၊ လှူတော်မူသလော။ ဝဏ္ဏံ၊ အဆင်းကို။ ပတ္ထယာနော၊ တောင့်တ၍။ ဒေသိ နု၊ လှူတော်မူသလော။ သုခံ၊ ချမ်းသာကို၎င်း။ ဗလံ၊ ခွန်အားကို၎င်း။ ပတ္ထယာနော၊ တောင့်တတော်မူ၍။ ဒေသိ နု၊ လှူတော်မူသလော။ ကိံ၊ အဘယ်ဝတ္ထုကို။ ပတ္ထယာနော၊ တောင့်တ၍။ ဒေသိ နု၊ လှူတော်မူသနည်း။ သိဝီနံ၊ သိဝိပြည်သူတို့ထက်။ အနုတ္တရော၊ မြတ်သော။ ရာဇာ၊ အရှင်မင်းကြီးသည်။ ကထံဟိ၊ အဘယ့်ကြောင့်လျှင်။ ပရလောကဟေတု၊ တမလွန်လောကဟူသော အကြောင်းကြောင့်။ စက္ကူနိ၊ မျက်စိတို့ကို။ ဒဇ္ဇာ၊ လှူတော်မူသနည်း။

ထိုအခါ၌ မင်းကြီးသည် ထိုပြည်သူတို့အား တရားဟောတော် မူလိုရကား-

၆၅။ နဝါဟမေတံ ယသသာ ဒဒါမိ၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
သတဉ္စ ဓမ္မော စရိတော ပုရာဏော၊ ဣစ္စေဝ ဒါနေ ရမတေ မနော မမ။

ဟူသော ဤဂါထာကို ဆို၏။

၆၅။ ဘောန္တော ပရိသာ၊ အို ပရိသတ်တို့။ ဝေ၊ စင်စစ်။ အဟံ၊ ငါသည်။ ဧတံ၊ ဤမျက်စိကို။ ယသသာ၊ စည်းစိမ် အခြံအရံကြောင့်။ န ဒဒါမိ၊ မလှူ။ ပုတ္တံ၊ သားသ္မီးကို။ န ဣစ္ဆေ၊ အလိုမရှိ။ ဓနံ၊ ရွှေငွေအစရှိသော ဥစ္စာကို။ န ဣစ္ဆေ၊ အလိုမရှိ။ ရဋ္ဌံ၊ ပြည်ရွာတိုင်းကားကို။ န ဣစ္ဆေ၊ ငါအလိုမရှိ။ ပုရာဏော၊ ရှေး၌ဖြစ်သော။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ တရားကိုမူကား။ စရိတော၊ ကျင့်လို၏။ မမ၊ ငါ၏။ မနော၊ စိတ်နှလုံးသည်။ ဒါနေဝ၊ အလှူ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ဆို၏။

သဗ္ဗညူ မြတ်စွာဘုရားသည်လည်း တရားစစ်သူကြီး ဖြစ်သော အရှင်သာရိပုတ္တရာအား စရိယာပိဋက ကျမ်းကို ဟောတော်မူသည်ရှိသော် ငါသည် မျက်စိနှစ်ဘက်တို့ထက်လည်း သဗ္ဗညုတ ဉာဏ်တော်ကိုသာလျှင် အလွန်ချစ်နှစ်သက်သည်ဟု ပြအံ့သောငှါ-

န မေ ဒေဿာ ဥဘော စက္ခူ၊ အတ္တာနံ မေ န ဒေဿိယံ။
သဗ္ဗညုတံ ပိယံ မယှံ၊ တသ္မာ စက္ခုံ အဒါသ ဟံ။

ဟူ၍ ဟောတော်မူ၏။

သာရိပုတ္တ၊ ချစ်သား သာရိပုတ္တရာ။ မေ၊ ငါသည်။ ဥဘော စက္ခူ၊ မျက်စိနှစ်ဘက်တို့ကို။ န ဒေဿာ၊ မမုန်းကုန်။ ဝါ- ချစ်ကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ မေ မယာ၊ ငါဘုရားသည်။ န ဒေဿိယံ၊ မမုန်းကုန်။ ဝါ- ချစ်တော်မူ၏။ တတော၊ ထို့ထက်။ သဗ္ဗညုတံ၊ သဗ္ဗညုတဉာဏ်တော်ကို။ မယှံ၊ ငါဘုရားသည်။ ပိယံ၊ အလွန် ချစ်တော်မူ၏။ တသ္မာ၊ ထိုသို့ ချစ်တော်မူသောကြောင့်။ အဟံ၊ ငါဘုရားသည်။ စက္ခုံ၊ မျက်စိကို။ အဒါသိ၊ လှူတော်မူ၏။ (စကားချပ်။ )

ဘုရားလောင်း၏ စကားကို ကြား၍ အမတ်တို့သည် စကားဆိုရာ မရှိကုန်သည်ဖြစ်၍ တည်ကုန်သည်ရှိသော် ဘုရားလောင်းသည် သိဝိက အမည်ရှိသော ဆေးသမားကို ဆိုလိုရကား-

၆၆။ သခါ စ မိတ္တော စ မမာသိ သီဝိက၊
သုသိက္ခိတော သာဓု ကရောဟိ မေ ဝစော။
ဥဒ္ဓရိတွာ စက္ခုနိ မမ ဇိဂီသတော။
ဟတ္ထေသု ထပေဟိ ဝနိဗ္ဗကဿ။

ဟူသော ဤဂါထာကို ဆို၏။

၆၆။ သိဝိက၊ သိဝိကဆေးဆရာ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ သခါ စ၊ အဆွေခင်ပွန်းသည်၎င်း။ မိတ္တော စ၊ ချစ်သောသူသည်၎င်း။ အသိ၊ ဖြစ်၏။ သုသိက္ခိတော၊ ဆေးအတတ်၌ ကောင်းစွာ သင်အပ်ပြီးသော ဆရာသည်။ မေ၊ ၏။ ဝစော၊ စကားကို။ သာဓု၊ ကောင်းစွာ။ ကရောဟိ၊ လိုက်နာ နားထောင်လော့။ ဇိဂီသတော၊ ထုတ်ဆောင်ခြင်းငှါ အလိုရှိသော။ မမ၊ ငါ၏။ စက္ခုနိ၊ မျက်စိတို့ကို။ ဥဒ္ဓရိတွာ၊ ထုတ်နုတ်၍။ ဝနိဗ္ဗကဿ၊ အလှူခံ၏။ ဟတ္တေသု၊ လက်တို့၌။ ထပေဟိ၊ ထားလော့။

ထိုအခါ၌ မင်းကြီးကို သိဝိကဆေးသမားသည် အရှင်မင်းကြီး - မျက်စိကိုလှူခြင်း မည်သည်ကား ခဲစွာ၏။ စုံစမ်း ဆင်ခြင်တော် မူဦးလော့ဟု ဆို၏။ သိဝိက- ငါသည် စုံစမ်းဆင်ခြင်ပြီ၊ သင်သည် ကာလကို မြင့်ရှည်စွာ မပြုလင့်၊ ငါနှင့်တကွ စကားများစွာ မပြောလင့်ဟု မိန့်ဆိုသည်ရှိသော် ထိုသိဝိက ဆေးသမားသည် ငါကဲ့သို့သော ကောင်းစွာသင်အပ်ပြီးသော အတတ်ရှိသော ဆေးသမားအား မင်းမျက်စိတို့၌ ဓားဖြင့်ချခြင်းသည် မသင့်ဟု ကြံ၍ ထိုဆေးသမားသည် အထူးထူးသော ဆေးတို့ကို သွေး၍ ဆေးမှုန့်ဖြင့် ကြာညိုလက်ကို ထုံစေ၍ လကျ်ာမျက်စိကို သွတ်သွင်းစေ၏။ မျက်စိသည် လှည့်လည်၍ ဒုက္ခဝေဒနာ ဖြစ်၏။

မြတ်သောမင်းကြီး- ဆင်ခြင်တော်မူဦးလော့၊ တဖန် ပကတိပြုခြင်းသည် အကျွန်ုပ်၏ ဝန်တည်းဟု ဆို၏။ အမောင်- ထုတ်သာထုတ်လော့၊ ကြာမြင့်စွာ မပြုလင့်ဟု မိန့်တော်မူလျှင် ထိုဆေးသမားသည် ဆေးကိုဖျော်၍ တဖန် မျက်စဉ်းခတ်၏။ မျက်စိသည် မျက်ကွင်းမှ လွတ်၏။ ပြင်းစွာသော ဒုက္ခဝေဒနာ ဖြစ်၏။ မြတ်သောမင်းကြီး- ဆင်ခြင်တော်မူဦးလော့၊ အကျွန်ုပ်သည် တဖန် ပြကတေ့ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု ဆို၏။ ကြာမြင့်စွာ သင်မပြုလင့်ဟု မိန့်တော်မူသည်ရှိသော် ထိုဆေးသမားသည် သုံးကြိမ်မြောက်၌ အလွန်ထက်သော မျက်စဉ်းကိုဖျော်၍ ခတ်၏။ မျက်စိသည် ဆေးအာနုဘော်ဖြင့် ပတ်ပတ်လှည့်လည်၍ မျက်ကွင်းမှ ထွက်၏။ အကြောအမျှင်ဖြင့် တွဲလွဲဆွဲ၍ တည်၏။ မင်းမြတ်- ဆင်ခြင်တော်မူဦးလော့၊ တဖန် ပြကတေ့ပြုခြင်းသည် အကျွန်ုပ်၏ အစွမ်းတည်းဟု ဆို၏။ ဆေးဆရာ- သင်ကြာမြင့်စွာ မပြုလင့်ဟု ဆို၍ အလွန်ပြင်းစွာ ဒုက္ခဝေဒနာသည် ဖြစ်၏။ သွေးသည် ယိုစီး၏။ ဝတ်သော ပုဆိုးတို့သည် သွေးဖြင့် စွတ်ကုန်၏။

မောင်းမတို့သည်၎င်း, အမှူးအမတ်တို့သည်၎င်း မင်း၏ခြေရင်း၌ ဝပ်ကုန်၍ အရှင်မင်းကြီး- မျက်စိတို့ကို လှူတော်မမူပါလင့်ဟု များစွာသော ငိုကြွေးခြင်းကို ပြုကုန်၏။ မင်းသည် ဒုက္ခဝေဒနာကို သည်းခံတော်မူ၍ အမောင် ဆေးဆရာ- ကြာမြင့်စွာ သင်မပြုလင့်ဟု မိန့်တော်မူ၏။ ထိုဆေးသမားသည် အရှင်မင်းကြီး ကောင်းပြီဟု လျှောက်ဆို၍ လက်ဝဲလက်ဖြင့် မျက်စိကို ကိုင်၍ လက်ျာလက်ဖြင့် ဓားငယ်ကိုယူ၍ မျက်ကြောကိုဖြတ်ပြီး၍ မျက်စိကိုယူ၍ ဘုရားလောင်း၏လက်၌ထား၏။ ထိုဘုရားလောင်းသည် လက်ဝဲမျက်စိဖြင့် လကျ်ာမျက်စိကို ကြည့်၍ ဒုက္ခဝေဒနာကို သည်းခံတော်မူ၍ ပုဏ္ဏား- လာလှည့်ဟု ခေါ်၍ ငါ၏မျက်စိထက် အဆအရာ အဆအထောင် အဆအသိန်းဖြင့် သဗ္ဗညုတဉာဏ်တော်တည်းဟူသော မျက်စိကိုသာလျှင် အလွန် ချစ်ခင်နှစ်သက်တော်မူ၏ဟု မိန့်တော်မူ၍ ဤမျက်စိအလှူသည် ငါ့အား ထိုသဗ္ဗညုတဉာဏ်၏ အထောက်အပံ့ အကြောင်း ဖြစ်စေသတည်းဟု မိန့်တော်မူ၍ ပုဏ္ဏားအား မျက်စိကို ပေးလှူတော်မူ၏။ ထိုပုဏ္ဏားသည် မျက်စိကိုချီ၍ မိမိ၏မျက်ကွင်း၌ထား၏။ ထိုမျက်စိသည် သိကြားမင်း၏ အာနုဘော်ဖြင့် ကြာညိုပွင့်ကဲ့သို့ဖြစ်၍ ထင်၏။ ထိုဘုရားလောင်းသည် လက်ဝဲဘက် မျက်လုံးဖြင့် ထိုပုဏ္ဏား၏ မျက်စိကိုမြင်၍ ငါသည် မျက်စိအလှူကို လှူရ ပေပြီဟု ကိုယ်တွင်း၌ဖြစ်သော ပီတိဖြင့် မပြတ်နှံ့သည်ဖြစ်၍ မျက်စိတလုံးကိုလည်း ထုတ်နုတ်၍ လှူပြန်၏။ သိကြားမင်းသည် ထိုမျက်စိကိုလည်း မိမိ၏ မျက်ကွင်း၌ထား၍ မင်းအိမ်မှထွက်၍ လူများသည် ကြည့်စဉ်ပင်လျှင် မြို့မှထွက်ခဲ့၍ နတ်ရွာသို့သာလျှင် သွားလေ၏။ ထိုအကြောင်းကို ထင်စွာ ပြတော်မူလိုသော မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၆၇။ စောဒိတော သိဝိရာဇေန၊ သိဝိကော ဝစနံကရော။
ရညော စက္ခူနုဒ္ဓရိတွာ၊ ဗြာဟ္မဏဿူပနာမယိ။
သစက္ခု ဗြာဟ္မဏော အာသိ၊ အန္ဓော ရာဇာ ဥပါဝိသိ။

ဟူကုန်သော အခွဲနှင့်တကွသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၆၇။ ဘိက္ခဝေ၊ ရဟန်းတို့။ သိဝိရာဇေန၊ သိဝိမင်းသည်။ စောဒိတော၊ တိုက်တွန်းအပ်သော။ ဝစနံကရော၊ မင်း၏စကားကို လိုက်နာတတ်သော။ သိဝိကော၊ သိဝိကဆေးသမားသည်။ ရညော၊ မင်း၏။ စက္ခူနိ၊ မျက်စိတို့ကို။ ဥဒ္ဓရိတွာ၊ ထုတ်နုတ်၍။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား။ ဥပနာမယိ၊ ကပ်၏။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ သစက္ခု၊ မျက်စိရှိသည်။ အာသိ၊ ဖြစ်၏။ ရာဇာ၊ မင်းသည်။ အန္ဓော၊ မျက်စိကန်းသည်ဖြစ်၍။ ဥပါဝိသိ၊ နေရ၏။

မကြာမြင့်မီသာလျှင် မျက်စိ၏ မျက်သားတို့သည် အသားနု တက်ကုန်၏။ ထိုသို့ အသားနု တက်ကုန်သော်လည်း ထင်မြင်သောအဖြစ်သို့ မရောက်မူ၍ ကမ္ဗလာအိမ်ကျင် ဘောလုံးကဲ့သို့ တက်သော အသားစိုင်သည် ပြည့်၏။ ပန်းချီဆေးရေးသော အရုပ်ကဲ့သို့ မျက်စိတို့သည် ဖြစ်ကုန်၏။ ပြင်းစွာသော ဒုက္ခဝေဒနာသည် ပြတ်၏။ ထိုအခါ၌ ဘုရားလောင်းသည် နှစ်ရက် သုံးရက် ပြာသာဒ်၌နေ၍ သူကန်းအား မင်းပြုသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၍ အမတ်တို့အား တိုင်းပြည်ကို ဆောင်နှင်း၍ ဥယျာဉ်သို့သွား၍ ရဟန်းပြု၍ ရဟန်းတရားကို အားထုတ်အံ့ဟု ကြံ၍ အမှူးအမတ်တို့ကို ခေါ်၍ အကြောင်းကိုကြား၍ မျက်သစ်ရေ အစရှိသည်တို့ကို ပေးတတ်သော တယောက်သော အမှုကြီးငယ်ကို ပြုတတ်သောသူကား ငါ၏အထံ၌ ဖြစ်လတ္တံ့၊ ကိုယ်လက်သုတ်သင်ရာ အရပ်တို့၌လည်း ငါ့အား ကြိုးငယ်တို့ ဖွဲကုံန်လော့ဟု မိန့်တော်မူ၍ ရထားထိန်းကိုခေါ်၍ ရထားကို ကလော့ဟု ဆို၏။

ထိုမင်း၏ အမတ်တို့သည်ကား ရထားဖြင့် သွားစိမ့်သောငှာ မပေးမူ၍ ရွှေထမ်းစင်ဖြင့် ထိုမင်းကို ဆောင်ယူ၍ ရေကန်နား၌ နေစေ၍ အစောင့်အရှောက်ကိုပေး၍ သွားကုန်၏။ မင်းသည် ထက်ဝယ်ဖွဲ့သဖြင့် နေလျှက် မိမိ၏ အလှူကိုသာလျှင် ဆင်ခြင်၏။ ထိုခဏ၌ သိကြား၏ နေရာသည် ပူသည်ဖြစ်၏။ ထိုသိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ မင်းမြတ်အား ဆုကိုပေး၍ မျက်စိကို ပြကတေ့ ငါပြုအံ့ဟု ကြံ၍ ထိုဥယျာဉ်သို့လာ၍ ဘုရားလောင်း၏ မနီးမဝေး၌ ထိုမှဤမှ စင်္ကြံသွား၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၈။ တတော သော ကတိပါဟဿ၊ ဥပရူဠှေသု စက္ခူသု။
သုတံ အာမန္တယိ ရာဇာ၊ သိဝီနံ ရဋ္ဌဝဍ္ဎနော။
၆၉။ ယောဇေဟိ သာရထိ ယာနံ၊ ယုတ္တဉ္စ ပဋိဝေဒယ။
ဥယျာနဘူမိံ ဂစ္ဆာမိ၊ ပေါက္ခရဉ္စ ဝနာနိ စ။
၇၀။ သော စ ပေါက္ခရဏီ တီရေ၊ ပလ္လင်္ကေန ဥပါဝိသိ။
တဿ သက္ကော ပါတုရဟု၊ ဒေဝရာဇာ သုဇမ္ပတိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါ ကာလေ၊ ထိုအခါ၌။ သိဝီနံ၊ သိဝိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ တိုင်းသူတို့၏စီးပွားကို ဆောင်တတ်သော။ သော ရာဇာ၊ ထိုမင်းသည်။ စက္ခူသု၊ မျက်စိတို့သည်။ ဥပရူဠှေသု၊ အသားနု တက်ကုန်သည်ရှိသော်။ ကတိပါဟဿ၊ နှစ်ရက် သုံးရက်၏။ အစ္စယေန၊ လွန်သဖြင့်။ သုတံ၊ ရထားထိန်းကို။ အာမန္တယိ၊ ခေါ်၏။

၆၉။ သာရထိ၊ ရထားထိန်း။ ယာနံ၊ ရထားကို။ ယောဇေဟိ၊ ကလော့။ ယုတ္တဉ္စ၊ ကပြီးသော်လျှင်။ ပဋိဝေဒယ၊ ကြားလော့။ ဥယျာနဘူမိဉ္စ၊ ဥယျာဉ်မြေသို့၎င်း။ ပေါက္ခရဉ္စ၊ ရေကန်သို့၎င်း။ ဝနာနိ စ၊ တောတို့သို့၎င်း။ ဂစ္ဆာမိ၊ သွားအံ့။

၇၀။ သော ရာဇာ၊ ထိုမင်းသည်။ ပေါက္ခရဏီ တီရေ၊ ရေကန်နား၌။ ပလ္လင်္ကန၊ ထက်ဝယ်ဖြင့်။ ဥပါဝိသိ၊ စံနေတော်မူ၏။ တဿ ရညော၊ ထိုမင်းအား။ ဒေဝရာဇာ၊ နတ်တို့၏ မင်းဖြစ်သော။ သုဇမ္ပတိ၊ သူဇာနတ်သီး၏ လင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ ပါတုရဟု၊ ထင်ရှားဖြစ်၏။

ထိုမင်းသည် ရေကန်နား၌ ထက်ဝယ်ဖွဲ့ခွေ၍ နေ၏။ နတ်တို့၏မင်း သူဇာ၏လင်ဖြစ်သော သိကြားမင်းသည် ထိုမင်း၏အနီး၌ ထင်ရှားဖြစ်၏။ ဘုရားလောင်းသည် သိကြားမင်း၏ ခြေသံကို ကြား၍ ဤခြေသံကား အဘယ်သူနည်းဟု မေးတော်မူသည်ရှိသော်-

၇၁။ သက္ကော ဟမသ္မိ ဒေဝိန္ဒော၊ အာဂတောသ္မိ တဝန္တိကေ။
ဝရံ ဝရဿု ရာဇီသိ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။

ဟူသော ဤဂါထာကို ဆို၏။

၇၁။ ရာဇီသိ၊ မင်းမြတ်။ အဟံ၊ ငါသည်။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တဝန္တိကေ၊ သင် မင်းမြတ်၏ အထံသို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ သင်မင်းမြတ်သည်။ ကိဉ္စိ၊ တစုံတခုသော။ ယံ ဝရံ၊ အကြင်ဆုကို။ မနသိ၊ စိတ်၌။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ ဝရံ၊ ထိုဆုကို။ ဝရဿု၊ ယူတော်မူလော့။

ဤသို့ သိကြားမင်း ဆိုသည်ရှိသော် မင်းကြီးသည်-

၇၂။ ပဟူတံ မေ ဓနံ သက္က၊ ဗလံ ကောသော အနပ္ပကော။
အန္ဓဿ မေ သတော ဒါနိ၊ မရဏညေဝ ရုစ္စတိ။

ဟူသော ဤဂါထာကို ဆို၏။

၇၂။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ ဓနံ၊ ဥစ္စာသည်။ ပဟူတံ၊ များ၏။ ဗလံ၊ ဗိုလ်ပါသည်။ ပဟူတံ၊ များ၏။ ကောသော၊ ကျီကြသည်။ အနပ္ပကော၊ အတိုင်းမသိ များ၏။ ဒါနိ၊ ယခုအခါ၌။ မေ၊ ငါသည်။ အဣ္ဓဿ သတော၊ မျက်စိကန်းသည်ဖြစ်၍။ မရဏညေဝ၊ သေခြင်းကိုသာလျှင်။ ရုစ္စတိ၊ နှစ်သက်၏။

ထိုအခါ၌ သိကြားမင်းသည် ထိုဘုရားလောင်းအား ဤသို့ဆို၏။ အရှင်မင်းကြီး- အသို့ဆိုသနည်း၊ အရှင်မင်းကြီးသည် သေလို၍ သေခြင်းကို နှစ်သက် တောင့်တသလော၊ ထိုသို့မဟုတ် မျက်စိကန်းခြင်းကြောင့် သေခြင်းကို နှစ်သက် တောင့်တသလောဟု ဆိုသော် ကန်းခြင်းကြောင့် တောင့်တ၏ဟု ဆို၏။ ရှင်မင်းကြီး- အလှူမည်သည်ကို တမလွန်အကျိုးငှာသာလျှင် ပေးလှူအပ်၏။ ထိုသို့ တမလွန်အကျိုးငှါ ပေးလှူငြားသော်လည်း ပစ္စုပ္ပန် မျက်မှောက်အကျိုးငှာလည်း အကြောင်းအထောက်အပံ့ ဖြစ်၏။ ရှင်မင်းကြီးသည်လည်း မျက်စိတလုံးကို တောင်းသည်ရှိသော် နှစ်လုံးသော မျက်စိတို့ကိုပင် လှူပေသည်။ ထိုသို့ မျက်စိတလုံးကိုတောင်းလျှက် မျက်စိနှစ်လုံးကို လှူသောကြောင့် သစ္စာပြုလော့ဟူသော စကားကို ဆိုလိုရကား-

၇၃။ ယာနိ သစ္စာနိ ဒွိပဒိန္ဒ၊ တာနိ ဘာသဿု ခတ္တိယ။
သစ္စံ တေ ဘဏမာနဿ၊ ပုန စက္ခု ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၇၃။ ဒွိပဒိန္ဒ၊ အခြေနှစ်ချောင်းရှိသော လူအပေါင်းကို ကောင်းစွာ အစိုးရသော။ ခတ္တိယ၊ ရေမြေ့သခင် ဘုရင်မင်းမြတ်။ ယာနိ သစ္စာနိ၊ အကြင် မဖောက်မပြန် မှန်သော သစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ သစ္စာနိ၊ ထိုသစ္စာတို့ကို။ ဘာသဿု၊ ဆိုတော်မူလော့။ သစ္စံ၊ မှန်သော သစ္စာကို။ ဘဏမာနဿ၊ ဆိုသော။ တေ၊ လူများသခင် ရှင်မင်းကြီးအား။ ပုန၊ တဖန်။ စက္ခု၊ မျက်စိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် သိကြားမင်း အကယ်၍တည်း ငါ့အား မျက်စိကို ပေးလိုအံ့၊ တပါးသော ဥပါယ်တမျဉ်ကို မပြုလင့်၊ ငါ့အလှူ အကျိုးဆက်ဖြင့်သာလျှင် မျက်စိရှိသည် ဖြစ်စေလော့ဟု မိန့်ဆိုသည်ရှိသော် သိကြားမင်းသည် ရှင်မင်းကြီး- ငါသည် နတ်ဘုံတရိုး အစိုးရသော မိုးသိကြားမင်းပင် ဖြစ်ငြားသော်လည်း သူတပါးတို့အား မျက်စိကို ပေးခြင်းငှါ မစွမ်းနိုင်၊ ထို့ကြောင့် ရှင်မင်းကြီးသည် ပေးလှူအပ်သော ဒါနအစွမ်းဖြင့်သာလျှင် ရှင်မင်းကြီးအား မျက်စိသည် ဖြစ်စေလတ္တံ့ဟု ဆိုလတ်သော် ထိုသို့ ပြီးကား ငါသည် အလှူကို ကောင်းစွာလှူအပ်၏ဟု မိန့်တော်မူ၍ သစ္စာအမှုကို ပြုလိုရကား-

၇၄။ ယေ မံ ယာစိတု မာယန္တိ၊ နာနာဂေါတ္တာ ဝနိဗ္ဗကာ။
ယောပိ မံ ယာစတေ တတ္ထ၊ သောပိ မေ မနသာ ပိယော။
ဧတေန သစ္စဝဇ္ဇေန၊ စက္ခုမေ ဥပပဇ္ဇထ။

ဟူသော ဤဂါထာကို ဆို၏။

၇၄။ နာနာဂေါတ္တာ၊ အထူးထူးသော အမျိုးအနွယ်ရှိကုန်သော။ ယေ ဝနိဗ္ဗကာ၊ အကြင် အလှူခံတို့သည်။ မံ၊ ငါ့ကို။ ယာစိတုံ၊ တောင်းခြင်းငှါ။ အာယန္တိ၊ လာကုန်၏။ တတ္ထ၊ ထိုအလှူခံတို့၌။ ယောပိ၊ အကြင်သူသည်လည်း။ မံ၊ ငါ့ကို။ ယာစတေ၊ တောင်း၏။ သောပိ၊ ထိုသူသည်လည်း။ မေ၊ ငါ့အား။ မနသာ၊ စိတ်ဖြင့်။ ပိယော၊ ချစ်၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့်။ မေ၊ ငါ၏။ စက္ခု၊ မျက်စိသည်။ ဥပပဇ္ဇထ၊ ဖြစ်မြဲ ဖြစ်စေသတည်း။

ထိုအခါ၌ ဘုရားလောင်းမင်းကြီးအား သစ္စာစကား၏ အခြားမဲ့၌သာလျှင် ရှေးဦးစွာ မျက်စိတလုံးသည် ဖြစ်၏။ ထို့နောင် နှစ်ခုမြောက် မျက်စိကို ဖြစ်စိမ့်သောငှာ သစ္စာပြုလိုရကား-

၇၅။ ယံ မံ သော ယာစိတုံ အာဂါ၊ ဒေဟိ စက္ခုန္တိ ဗြာဟ္မဏော။
တဿ စက္ခူနိ ပါဒါသိံ၊ ဗြာဟ္မဏဿ ဝနိဗ္ဗကော။
၇၆။ ဘိယျော မံ အာဝိသိ ပီတိ၊ သောမနဿဉ္စ နပ္ပကံ။
ဧတေန သစ္စဝဇ္ဇေန၊ ဒုတိယံ မေ ဥပပဇ္ဇထ။

ဟူသော ဤနှစ်ခုသော ဂါထာတို့ကို ဆို၏။

၇၅။ ယံ၊ အကြင်သူသည်။ မံ၊ ငါ့ကို။ ယာစတိ၊ တောင်း၏။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ စက္ခုံ၊ မျက်စိကို။ ဒေဟိ၊ လှူပါလော့။ ဣတိ၊ ဤသို့။ ယာစိတုံ၊ တောင်းခြင်းငှါ။ အာဂါ၊ လာ၏။ ဝနိဗ္ဗကော၊ အလှူခံဖြစ်သော။ တဿ ဗြာဟ္မဏဿ၊ ထိုပုဏ္ဏားအား။ စက္ကူနိ၊ မျက်စိတို့ကို။ ပါဒါသိံ၊ ငါလှူတော်မူပြီ။

၇၆။ ပီတိ၊ နှစ်သက်ခြင်းပီတိသည်။ ဘိယျော၊ လွန်စွာ။ မံ၊ ငါ့သို့။ အာဝိသိ၊ ဝင်၏။ သောမနဿဉ္စ၊ ဝမ်းမြောက်ခြင်းသည်လည်း။ အနပ္ပကံ၊ များ၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သော သစ္စာစကားကြောင့်။ မေ၊ ငါ့အား။ ဒုတိယံ၊ နှစ်ခုမြောက်သော မျက်စိသည်။ ဥပပဇ္ဇထ၊ ဖြစ်စေသတည်း။

ထိုသစ္စာပြုသော ခဏ၌ပင်လျှင် နှစ်ခုမြောက်သော မျက်စိသည် ထင်ရှားဖြစ်လာ၏။ ထိုဘုရားလောင်း မင်းကြီးအား လှူအပ်သော မျက်စိသည် ပကတိ တဖန် ဖြစ်ပြန်စေခြင်းငှါ မတတ်ကောင်း၊ မျက်စိကို ထုတ်ပြီးသော သူအားလည်း နတ်မျက်စိမည်သည် မဖြစ်၊ ထိုဘုရားလောင်း မင်းကြီးအား မျက်စိတို့သည်ကား သစ္စာပါရမီတော်ကြောင့် ဖြစ်သော မျက်စိတို့ မည်ကုန်၏။ သစ္စာကို ပြုခြင်း, ထိုမျက်စိတို့၏ ဖြစ်ခြင်းနှင့် မျှသောကာလ၌သာလျှင် သိကြားမင်း၏ အာနုဘော်ကြောင့် အလုံးစုံသော မင်းပရိသတ်တို့သည် စုဝေးကုန်၏။ ထိုအခါ၌ သိကြားမင်းသည် ထိုလူများအလယ်၌သာလျှင် ထိုဘုရားလောင်း မင်းကြီးအား ကောင်းချီးပေး၍ ချီးမွမ်းလိုရကား-

၇၇။ ဓမ္မေန ဘာသိတာ ဂါထာ၊ သိဝီနံ ရဋ္ဌဝဍ္ဎန။
ဧတာနိ တဝ နေတ္တာနိ၊ ဒိဗ္ဗာနိ ပဋိဒိဿရေ။
၇၈။ တိရောကုဋ္ဋံ တိရောသေလံ၊ သမတိဂ္ဂယှ ပဗ္ဗတံ။
သမန္တာ ယောဇနသတံ၊ ဒဿနံ အနုဘောန္တု တေ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၇၇။ သိဝီနံ၊ သိဝိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎန၊ တိုင်းပြည်နေသူ ရှင်လူတို့၏ စီးပွားချမ်းသာ မင်္ဂလာကို ပြုတတ်သော အရှင်မင်းကြီး။ တယာ၊ ရှင်မင်းကြီးသည်။ ဓမ္မေန၊ တရားသဘောနှင့် လျော်စွာ။ ဂါထာ၊ ဂါထာတို့ကို။ ဘာသိတာ၊ ဆိုအပ်ကုန်၏။ တဝ၊ ရှင်မင်းကြီး၏။ ဧတာနိ နေတ္တာနိ၊ ဤမျက်စိတို့သည်။ ဒိဗ္ဗာနိ၊ နတ်တို့၏ အာနုဘော်နှင့် ယှဉ်ကုန်သည်ဖြစ်၍။ ပဋိဒိဿရေ၊ ထင်ကုန်၏။

၇၈။ တိရောကုဋ္ဋံ၊ နံရံ တဘက်ကို၎င်း။ တိရောသေလံ၊ ကျောက်တောင် တဘက်ကို၎င်း။ ပဗ္ဗတံ၊ မြေတောင်ကို၎င်း။ သမတဂ္ဂယှ၊ ဖောက်ထွင်း၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ယောဇနသတံ၊ ယူဇနာ တရာတိုင်တိုင်။ တေ၊ ရှင်မင်းကြီးအား။ ဒဿနံ၊ မြင်ခြင်းကို။ အနုဘောန္တု၊ ပြီးစေကုန်လော့။

ဤသို့ သိကြားမင်းသည် ကောင်းကင်၌ရပ်၍ လူများအလယ်၌ ဂါထာတို့ကို ဟော၍ မမေ့မလျော့ဖြစ်လော့ဟု ဘုရားလောင်းကို ဆုံးမ၍ နတ်ရွာသို့သာလျှင် သွားလေ၏။ ဘုရားလောင်းသည်လည်း လူများအပေါင်း ခြံရံလျက် များစွာသော ပူဇော်သက္ကာရဖြင့် မြို့တွင်းသို့ဝင်၍ စန္ဒကအမည်ရှိသော ပြာသာဒ်သို့ တက်လေ၏။ ထိုဘုရားလောင်းသည် မျက်စိတို့၏ ရပြန်သောအဖြစ်ဖြင့် အလုံးစုံသော သိဝိတိုင်း၌ နေကုန်သော သူတို့သည် များစွာသော ပဏ္ဏာ လက်ဆောင်တို့ကို ယူ၍ လာကုန်၏။ ဘုရားလောင်းသည် ဤလူများအပေါင်း၌ ငါ၏အလှူကို ချီးမွမ်းအံ့ဟု ကြံတော်မူ၍ မင်းအိမ်တံခါး၌ မဟာမဏ္ဍပ်ကြီးကို ဆောက်လုပ်စေ၍ ဆောင်းအပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေလျက် မြို့၌ စည်လည်စေ၍ အလုံးစုံသော စစ်သည်တို့ကို စုဝေး၍ အို သိဝိတိုင်းနေ အပေါင်းတို့- ငါ၏ နတ်မျက်စိနှင့် တူကုန်သော မျက်စိတို့ကိုရှု၍ ဤနေ့မှစ၍ အလှူကို မလှူဘဲ မသုံးစားကုန်လင့်၊ ပေးလှူ၍ သာလျှင် သုံးစားကုန်ဟု တရားကို ဟောတော်မူလိုရကား-

၇၉။ ကောနီဓ ဝိတ္တံ န ဒဒေယျ ယာစိတော၊
အပိ ဝိသိဋ္ဌံ သုပိယမ္ပိ အတ္တနော။
တဒိင်္ဃ သဗ္ဗေ သိဝယော သမာဂတာ၊
ဒိဗ္ဗာနိ နေတ္တာနိ မမဇ္ဇ ပဿထ။
၈၀။ တိရောကုဋ္ဋံ တိရောသေလံ၊ သမတိဂ္ဂယှ ပဗ္ဗတံ။
သမန္တာ ယောဇနသတံ၊ ဒဿနံ အနုဘောန္တိ မေ။
၈၁။ န စာဂမတ္တာ ပရမတ္ထိ ကိဉ္စိ၊ မစ္စာနံ ဣဓ ဇီဝိတေ။
ဒတွာန မာနုသံ စက္ခုံ၊ လဒ္ဓံ မေ စက္ခုံ အမာနုသံ။
၈၂။ ဧတမ္ပိ ဒိသွာ သိယော၊ ဒေထ ဒါနာနိ ဘုဉ္ဇထ။
ဒတွာ စ ဘုတွာ စ ယထာနုဘာဝံ၊
အနိန္ဒိတော သဂ္ဂမုပေဟိ ဌာနံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၇၉။ သိဝယော၊ သိဝိတိုင်းသူတို့။ ဣဓ၊ ဤလောက၌။ ကေန၊ အဘယ်သူသည်။ ဝိတ္တံ၊ စည်းစိမ်ကို။ န ဒဒေယျ၊ မပေး မလှူအံ့နည်း။ အပိ၊ စင်စစ်။ အတ္တနော၊ မိမိ၏။ ဝိသိဋ္ဌံ၊ ချီးမွမ်းအပ်သော။ သုပိယမ္ပိ၊ အလွန်ချစ်အပ်သော ဥစ္စာကိုသော်လည်း။ ယာစိတော၊ တောင်းအပ်သောသူသည်။ ဒဒေယျ၊ ပေးလှူရာ၏။ တံ၊ ထိုပေးလှူခြင်းကို။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ သမာဂတာ၊ အညီအညွတ်လာကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သိဝယော၊ သိဝိတိုင်းသူ ဖြစ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဒိဗ္ဗာနိ၊ နတ်မျက်စိနှင့်တူကုန်သော။ မေ၊ ငါ၏။ နေတ္တာနိ၊ မျက်စိတို့ကို။ အဇ္ဇ၊ ယခု။ ပဿထ၊ ရှုကြကုန်လော။

၈၀။ တိရောကုဋ္ဋံ၊ နံရံတဘက်ကို၎င်း။ တိရောသေလံ၊ ကျောက်တောင် တဘက်ကို၎င်း။ ပဗ္ဗတံ၊ တောင်ကို၎င်း။ သမတိဂ္ဂယှ၊ လွန်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ယောဇနသတံ၊ ယူဇနာ တရာတိုင်တိုင်။ မေ၊ ငါ၏။ စက္ခူနိ၊ မျက်စိတို့သည်။ ဒဿနံ၊ အဆင်းကို မြင်ခြင်းသည်။ အနုဘောန္တိ၊ ပြီးစေကုန်၏။

၈၁။ ဣဓ ဇီဝိတေ၊ ဤသတ္တလောက၌။ မစ္စာနံ၊ သတ္တဝါတို့အား။ စာဂမတ္တာ၊ စွန့်ကြဲခြင်း အတိုင်းအရှည်ထက်။ ပရံ၊ လွန်မြက်သော။ ကိဉ္စိ၊ တစုံတခုသော တရားသည်။ န အတ္ထိ၊ မရှိ။ တသ္မာ၊ ထိုသို့ မရှိသောကြောင့်။ မာနုသံ၊ လူ၌ဖြစ်သော။ စက္ခုံ၊ မျက်စိကို။ ဒတွာန၊ ပေးလှူ၍။ အမာနုသံ၊ နတ်၌ဖြစ်သော။ စက္ခု၊ မျက်စိကို။ မေ၊ ငါသည်။ လဒ္ဓံ၊ ရပြီ။

၈၂။ သိဝယော၊ သိဝိတိုင်းသူတို့။ ဧတမ္ပိ၊ ဤအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ တုမှေ၊ သင်တို့သည်။ ဒါနာနိ၊ အလှူတို့ကို။ ဒေထ၊ လှူကြကုန်။ ဒတွာဝ၊ ပေးလှူပြီးမှသာလျှင်။ ဘုဉ္ဇထ၊ သုံးဆောင်စားသောက်ကြကုန်လော့။ ယထာနုဘာဝံ၊ အစွမ်းအားလျော်စွာ။ ဘုတွာ စ၊ သုံးဆောင်၍လျှင်။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ သဂ္ဂဌာနံ၊ နတ်ရွာသို့။ ဥပေဟိ၊ ရောက်လေလော့။

ဤဂါထာတို့ဖြင့် တရားဟော၍ ထိုနေ့မှစ၍ လခွဲတကြိမ် ပန္နရသီဥပုသ်နေ့တို့၌ လူများကို စုဝေးစေ၍ အမြဲ ဤဂါထာတို့ဖြင့် တရားဟော၏။ ထိုတရားစကားကို ကြားနာရ၍ လူများသည် အလှူပေးခြင်း အစရှိကုန်သော ကောင်းမှုတို့ကို ပြု၍ နတ်ရွာကို ပြည့်စေ၍လျှင် သွား၏။

ဇာတ်ပေါင်း... ဘုရားသခင်သည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့- ဤသို့ ရှေးပညာရှိတို့သည် အပအလှူဖြင့် မရောင့်ရဲကုန်သည် ဖြစ်၍ ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ဘုရားလောင်းသည် မိမိ၏ မျက်စိတို့ကို ထုတ်နုတ်၍ လှူဘူးကုန်၏ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ သိဝိက ဆေးသမားသည် အာနန္ဒာ ဖြစ်လာ၏။ သိကြားမင်းသည် အနုရုဒ္ဓါ ဖြစ်လာ၏။ ကြွင်းသော ပရိသတ်တို့သည် ဘုရားပရိသတ် ဖြစ်လာ၏။ သိဝိမင်းသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်အင်္ဂါများ၊ ပေးလှူငြား၊ ဘုရားပါရမီ

သုံးခုမြောက်ဖြစ်သော သိဝိဇာတ်သည် ပြီး၏။

*****