မိရိုးဖလာလွန် ဗုဒ္ဓဘာသာ (၁၉၇၅ ခုနှစ်)
by ဆရာသောင်းလွင်
သီလခန်း
3896မိရိုးဖလာလွန် ဗုဒ္ဓဘာသာ — သီလခန်း၁၉၇၅ ခုနှစ်ဆရာသောင်းလွင် (ဘီအေ)

သီလခန်း

အခန်း-၇

မေး။ ။ ကန်တော့ပြီးရင် သီလခံရတယ်၊ သီလခံယူပုံ အစအဆုံး ဖော်ပြပါ။

ဖြေ။ ။

လူ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ … မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ …… မေ ဘန္တေ။

ဘုန်းကြီး - ယမဟံ ဝါဒမိ တံ ဝဒေထ။

လူ - အာမ ဘန္တေ

ဘုန်းကြီး - နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (တစ်ခေါက်)

လူ - နမော တဿ …… သမ္မာသမ္ဗုဒ္ဓဿ။ (သုံးခေါက်)

ဘုန်းကြီး - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

လူ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

ဘုန်းကြီး - ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ …

လူ - ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ …

ဘုန်းကြီး - တတိယမ္ပိ ဗုဒ္ဓံ သရဏံ ….

လူ - တတိယမ္ပိ ဗုဒ္ဓသရဏံ …

ဘုန်းကြီး - တိသရဏ ဂမဏံ ပရိပုဏ္ဏံ။

လူ - အာမ ဘန္တေ။

ဘုန်းကြီး - ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - အာဒိန္နဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ ဓမ္မံ အပ္ပာမာဒေန သမ္ပဒေထ။

လူ - အာမ ဘန္တေ။

မေး။ ။ အဟံ ဘန္တေ က …. မေ ဘန္တေ အထိ ဘာလို့ ခေါ်သလဲ။ ဘာအဓိပ္ပာယ်ဆိုလိုသလဲ။

ဖြေ။ ။ အဟံ ဘန္တေ က … မေ ဘန္တေ အထိကို သီလတောင်းလို့ ခေါ်တယ်။ အဓိပ္ပာယ်ကတော့ အရှင်ဘုရား၊ တပည့်တော်ဟာ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို တောင်းခံပါတယ်။ တပည့်တော်အား ချီးမြှောက်မစသောအားဖြင့် သီလပေးတော်မူပါဘုရားလို့ ဆိုလိုတယ်။

မေး။ ။ သီလကို မြန်မာလိုတောင်းရင်ကော မရဘူးလား။ ဘာဖြစ်လို့ ပါဠိဘာသာနဲ့ စီစဉ်ထားသလဲ။

ဖြေ။ ။ အထက်အတိုင်း မြန်မာလိုဖြစ်ဖြစ် တပည့်တော်ကို သရဏဂုံ ၃-ပါးနဲ့ ငါးပါးသီလ ပေးတော်မူပါလို့ အရပ်သုံးစကားနဲ့ဖြစ်ဖြစ် သီလတောင်းလို့ ရပါတယ်။ ဒါပေမယ့် ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုဖြစ်တဲ့အတွက် ခန့်ညားလေးနက်မှု ရှိအောင်လို့ ဘာသာရေး အခမ်းအနားအားလုံး ညီညီညာညာဆိုလို့ ဘုရားရှင် တရားဟောတော်မူတဲ့ ပါဠိဘာသာနဲ့ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

မေး။ ။ သီလဟာ တောင်းလို့ ပေးလို့ရပါသလား။ ဘုန်းကြီးက သူ့မှာရှိတဲ့ သီလကို ထုတ်ပေးတာလား၊ တောင်းတယ်၊ ပေးတယ်ဆိုတဲ့ စကားကို ဘယ်လိုမှတ်ရမလဲ။

ဖြေ။ ။ သီလဟာ တောင်းလို့ ပေးလို့ မရပါဘူး။ ကိုယ်တိုင် ရှောင်ကြဉ်စောင့်ထိန်းရတဲ့ အမှုဖြစ်ပါတယ်။ ဘုန်းကြီးကလဲ သူ့မှာရှိတဲ့ သီလကို ခွဲဝေ ပေးကမ်းလိုက်တာ မဟုတ်ပါဘူး။ ဘာသာရေးကိစ္စ ဖြစ်တဲ့အတက် စနစ်တကျ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်စေဖို့ သီလဆောက်တည်ပုံ သီလဆောက်တည်နည်းကို ဘုန်းကြီးက ရှေ့က ချပေး ဆိုပေးတာ ဖြစ်ပါတယ်။ လူတွေကလဲ အဲဒီလို ချပေး ဆိုပေးဖို့ တောင်းပန်တာဖြစ်ပြီး သီလပေးတယ်ဆိုတာကလဲ ရှေ့က ဆိုပေးတာသာ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။

မေး။ ။ လူက သီလပေးဖို့ တောင်းပန်ပြီးတဲ့အခါ ဘုန်းကြီးက “ယမဟံ ဝဒါမိ တံ ဝဒေထ (သီလယူသူ တစ်ယောက်တည်းဆိုရင် တံဝဒေဟိ) ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ လူက သီလယူပုံ ဆိုပေးပါလို့ တောင်းပန်တော့ ဘုန်းကြီးက ပါဠိဘာသာနဲ့ “ယမဟံ ဝဒါမိ တံ ဝဒေထ = မြန်မာလို အခု ငါဆိုတဲ့အတိုင်း လိုက်ဆိုကြ”လို့ တိုက်တွန်းတာ ဖြစ်တယ်။ သီလယူတဲ့လူ တစ်ယောက်တည်းဆိုရင်တော့ ယမဟံ ဝဒါမိ တံဝဒေဟိ ငါဆိုတဲ့အတိုင်း လိုက်ဆိုလို့ ဆိုလိုတယ်။

မေး။ ဘုန်းကြီးက ယံမဟံ ဝဒါမိ တံ ဝဒေထ ဆိုတော့ လူက အာမ ဘန္တေ ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ ဘုန်းကြီးက ငါဆိုတဲ့အတိုင်း လိုက်ဆိုကြလို့ ဆိုတဲ့အခါ လူက မှန်လှပါ၊ လိုက်ဆိုပါမည်ဘုရား လို့ ဝန်ခံတဲ့စကား ဖြစ်တယ်။

မေး။ ။ အဟံ ဘန္တေ စသည်ဖြင့် သီလမတောင်းဘဲ သရဏဂုံ သီလဆောက်တည်လို့ မရဘူးလား။

ဖြေ။ ။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ တောင်းခံပြီး ဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင် ဟောတဲ့တရားတော်ကို သဘောကျပြီး ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည်လိုက်တာပဲ။ တစ်ချိန်တုန်းက ဗုဒ်ဂိုဏ်းနဲ့ ဘန်းဂိုဏ်းဆိုပြီး နှစ်မျိုးကွဲခဲ့ဖူးတယ်။ ဘန်းဂိုဏ်းဆိုတာက အစဉ်အလာအတိုင်း သီလယူတဲ့အခါ အဟံ ဘန္တေ က စဆိုတဲ့ ဂိုဏ်းပေါ့။ ဗုဒ်ဂိုဏ်းဆိုတာက အဟံ ဘန္တေ စတဲ့ သီလတောင်းတာ အပိုသက်သက် အချိန်ဖြုန်းတာပဲ၊ ဘုရားလက်ထက်ကလဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိက စတာပဲဆိုပြီး ကျမ်းဂန်အထောက်အထားနဲ့ အစဉ်အလာကို တော်လှန်တဲ့ဂိုဏ်း ဖြစ်တယ်။ မှန်ပင်မှန်သော်လဲ အစဉ်အလာကို ထိန်းသိမ်းလိုတဲ့ ဗုဒ္ဓဘာသာဝင် အများစုက လက်မခံကြတဲ့အတွက် အခုအခါမှာ ဗုဒ်ဂိုဏ်းဟာ မရှိတော့ပါဘူး။ အခု အများကျင့်သုံးနေတဲ့ အဟံ ဘန္တေကစတဲ့ အစီအစဉ်ဟာလဲ မှားတာမဟုတ်လို့ သရဏဂုံ သီလပေးတဲ့ ဘုန်းကြီးဆီမှာ သီလယူခြင်းဖြင့် သီလနဲ့စပ်တဲ့ တရားတော်တွေလဲ နာကြားခွင့်ရအောင် ဆရာတော်ကြီးများ စီစဉ်ခြင်း ဖြစ်ပါတယ်။ ဗုဒ်ဂိုဏ်းသမားတွေ ယူဆသလို အဟံ ဘန္တေဟာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဗုဒ်ဂိုဏ်းဟာ ပျောက်သွားပြီး ဘန်းဂိုဏ်းသာ ဆက်လက်တည်နေတာ ဖြစ်ပါတယ်။

မေး။ ။ ဘုန်းကြီးထံ သီလမယူဘဲ ဘုရားရှေ့မှာ သီလယူတဲ့အခါ အာမ ဘန္တေ ဆိုဖို့ လိုသေးသလား။

ဖြေ။ ။ ဘုရားထံမှာ သီလဆောက်တည်တဲ့အခါ သရဏဂုံနဲ့ သီလကို ရှေ့ကချပေးတဲ့ ပုဂ္ဂိုလ်လဲ မရှိဘူး။ ငါဆိုတဲ့အတိုင်း လိုက်ဆိုကြလို့ ပြောတဲ့ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်လဲ မရှိတဲ့အတွက် မှန်ပါ လိုက်ဆိုပါ့မယ်လို့ အဓိပ္ပာယ်ရှိတဲ့ အာမ ဘန္တေကို ဆိုစရာ မလိုတော့ပါဘူး။

မေး။ ။ နမော တဿ ဆိုတာ ဘာလဲ။

ဖြေ။ ။ နမော တဿစတဲ့ ပါဠိက သရဏဂုံလဲ မဟုတ်ဘူး။ ငါးပါးသီလလဲ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ အထူးသဖြင့် ပေပုရပိုက်မှာ စာရေးတဲ့အခါ၊ စာအုပ်တွေ ပုံရိုက်နှိပ်တဲ့အခါ အစဆုံးရှိခိုးရတဲ့ မဟာဘုရားရှိခိုးကြီး ဖြစ်တယ်။ နမော တဿဟာ သံယုတ်၊ မဇ္ဈိမ ပဏ္ဏာသ၊ သုတ်မဟာဝါ၊ အင်္ဂုတ္တုရ်ပါဠိတော်တွေမှာလာတဲ့ ဓနဉ္စာနီ ပုဏ္ဏေးမ၊ ဗြဟ္မာယုပုဏ္ဏား၊ သိကြားမင်းနှင့် အာရာမဒဏ္ဍပုဏ္ဏားတို့ရဲ့ ဘုရားရှိခိုး ဥဒါန်းဖြစ်တယ်။

သရဏဂုံသုံပါး ငါးပါးသီလ မဆောက်တည်ခင်မှာ ဘုရားကို ပထမရှိခိုးခိုင်းတာ ဖြစ်တယ်။ နမော တဿ မဟာဘုရားရှိခိုးကြီးရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ “ပူဇော်အထူးကို ခံယူတော်မူထိုက်သော တရားအပေါင်းကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆရာမပြ သိတော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏”လို့ ဆိုလိုတယ်။

မေး။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကစပြီး တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ အထိကို ဘာလို့ခေါ်သလဲ။ မြန်မာလို ဘယ်လိုဆိုလိုသလဲ။

ဖြေ။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ကို သရဏဂုံသုံးပါး ကိုးကွယ် ဆည်းကပ်ခြင်းလို့ ခေါ်တယ်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲမှာသိပြီး ဆိုရမယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး ကိုးကွယ်ဆည်းကပ်မှ သရဏဂုံ ဆောက်တည်ရာ ရောက်တယ်။ ဘုန်းကြီးဆိုပေးလို့ လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့ အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေ ရွတ်ဆိုတဲ့အခါ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကိုသိမှ ကျေးဇူးများတယ်။

မေး။ ။ သရဏဂုံသုံးပါးကို ဘာဖြစ်လို့ သုံးကြိမ်ထပ်ဆိုသလဲ။

ဖြေ။ ။ သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်တယ်။ တစ်ကြိမ်တစ်ခါဆိုတာကတော့ စိတ်မပါ လက်မပါ ဝတ်ကျေတန်းကျေ ဆိုတာလဲ ဖြစ်နိုင်တယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူ့ရဲ့ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရမယ်။

မေး။ ။ သရဏဂုံနဲ့ ပတ်သက်ပြီး အခြေခံသိစရာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သရဏဂုံနဲ့ ပတ်သက်ပြီး သိစရာအခြေခံ (၇)-မျိုးရှိတယ်။

(က) သရဏ - ကိုးကွယ်ရာ၊

(ခ) သရဏဂုံ - ကိုးကွယ်ရာဟု သိစေသောစိတ်၊

(ဂ) သရဏဂုံတည်သူ၊

(ဃ) သရဏဂုံအပြား၊

(င) သရဏဂုံအကျိုး၊

(စ) သရဏဂုံညစ်နွမ်းခြင်း၊

(ဆ) သရဏဂုံ ပျက်စီးခြင်း၊

ဒီ (၇)မျိုးကို အကျဉ်းသိထားရမယ်။

မေး။ ။ သရဏ = ကိုးကွယ်ရာဆိုတာ ဘာလဲ။

ဖြေ။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသည် ကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ ဖြစ်ခြင်းစတဲ့ ဆင်းရဲဒုက္ခတွေကို ပယ်ဖျောက်ချမ်းသာကို ရောက်စေတတ်လို့ သရဏ = ကိုးကွယ်ရာလို့ ခေါ်တယ်။

မေး။ ။ သရဏဂုံ ကိုးကွယ်ဆည်းကပ်မှုဆိုတာ ဘာလဲ။

ဖြေ။ ။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ စာပိုဒ်သုံးခု၊ သို့မဟုတ် ဒီစာပိုဒ် သုံးခုကို နှုတ်က ရွတ်ဆိုတာကို သရဏဂုံ ဆောက်တည်တာဖြစ်တယ်လို့ ထင်နေကြတယ်။ အမှန်မှာတော့ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးဟာ ဆင်းရဲ ပယ်ဖျောက် ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါး ဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ ပညာကို သရဏဂုံ၊ သို့မဟုတ် ကိုးကွယ်ဆည်းကပ်မှုလို့ ခေါ်တယ်။ ဘုန်းကြီးက ချပေးလို့ဖြစ်စေ၊ မိရိုးဖလာ အလွတ်ရထားလို့ဖြစ်စေ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှု သဒ္ဓါတရားကို အသိဉာဏ်နဲ့ မယှဉ်တဲ့ ဉာဏဝိပ္ပယုတ် သရဏဂုံလို့ ခေါ်တယ်၊ ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်စေတတ်သော ဝတ္ထုမှန်သုံးပါး ဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊ သိရှိနားလည်မှုလဲ ရှိမယ်ဆိုရင်တော့ ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှု ပညာနှစ်ပါးကို အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ် သရဏဂုံလို့ ခေါ်တယ်။

မေး။ ။ ဘယ်လိုလူမျိုးကို သရဏဂုံတည်တဲ့လူလို့ ခေါ်သလဲ။

ဖြေ။ ။ ရတနာသုံပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတတ်တဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်သူကို လောကီသရဏဂုံ တည်ဆောက်တဲ့လူလို့ ခေါ်ပြီး ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မှ ရရှိတဲ့ မဂ်စိတ်လေးပါးကို ရတဲ့ အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို လောကုတ္တရာ သရဏဂုံတည်တဲ့လူလို့ ခေါ်တယ်။

မေး။ ။ သရဏဂုံ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သရဏဂုံဟာ ...

(၁) လောကီသရဏဂုံ

(၂) လောကုတ္တရာသရဏဂုံ

လို့ နှစ်မျိုးရှိတယ်။ ရတနာသုံးပါးဟာ ကြောက်စိတ်ကင်းပျောက် ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်သိမှတ်တဲ့ သဒ္ဓါ၊ ပညာဦးဆောင်တဲ့ စိတ်အစဉ်ဟာ အများဆောက်တည်နေကြတဲ့ လောကီသရဏဂုံဖြစ်ပြီး ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မှရတဲ့ မဂ်စိတ်လေးခုဟာ လောကုတ္တရာသရဏဂုံ ဖြစ်တယ်။

မေး။ ။ သရဏဂုံဆောက်တည်တဲ့အတွက် ဘယ်လိုအကျိုးတွေ ရသလဲ။

ဖြေ။ ။ လောကီသရဏဂုံကို ဆောက်တည်ရတဲ့အတွက် ယခုဘဝမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းတယ်။ စိတ်ကြည်င်တယ်။ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်။ သေတဲ့အခါမှာ အပါယ်လေးဘုံ မရောက်ဘဲ လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစားရတယ်။ လောကုတ္တရာသရဏုံ ၄-ပါးကတော့ ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှ ကင်းပြီး နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်တယ်။

မေး။ ။ ဘယ်အခါမှာ သရဏဂုံဟာ ပျက်စီးပါသလဲ။

ဖြေ။ ။ လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှ မပျက်စီးတော့ပါဘူး။ နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို ကူးပြောင်းကိုးကွယ်တဲ့အခ ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်တဲ့အခါ ပျက်စီးပါတယ်။

မေး။ ။ သရဏဂုံဟာ ဘာကြောင့် ညစ်နွမ်းရပါသလဲ။

ဖြေ။ ။ လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှာမှ မညစ်နွမ်းပါဘူး။ ယခု လူအများ ဆောက်တည်နေကြတဲ့ လောကီသရဏဂုံကတော့ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ပါရဲ့လား။ ရတနာသုံးပါးကို ကိုးကွယ်လို့ရော အကျိုးကျေးဇူး ရှိပါရဲ့လားလို့ သံသယစိတ်တွေ ဝင်လာတဲ့အခါ ညစ်နွမ်းတယ်။ ဒါကြောင့် သရဏဂုံ မညစ်နွမ်းအောင် အမြဲတမ်း ဖြူစင်လတ်ဆတ်နေအောင် ရတနာသုံးပါးကို အမြဲတမ်း ယုံကြည်ကိုးစားစိတ်ရှိဖို့ လိုအပ်တယ်။

မေး။ ။ လောကီသရဏဂုံဟာလဲ တစ်ခါဆောက်တည်ထားရင် ဘာသာပြောင်းမှ သေမှ ပျက်စီးတယ်ဆိုရင် အခုဗုဒ္ဓဘာသာတွေ နေ့စဉ်ဆောက်တည်နေတော့ အပိုဖြစ်မနေဘူးလား။ ကျမ်းဂန်တွေမှာလဲ တစ်ကြိမ်ပဲ ဆောက်တည်တယ် မဟုတ်လား။

ဖြေ။ ။ တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းမှ၊ သေမှ ပျက်စီးတာ မှန်ပါတယ်။ ကျမ်းဂန်တွေမှာလဲ ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ တစ်ကြိမ်သာ ဆောက်တည်တာ မှန်ပါတယ်။ ဒါကြောင့် တစ်ခါဆောက်တည်ပြီးရင် ထပ်မဆောက်တည်လဲ ရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာတွေ သရဏဂုံကို အကြိမ်ကြိမ် ဆောက်တည်တဲ့အတွက် အပြစ်မရှိပါဘူး။ တစ်ကြိမ်ဆောက်တည်တဲ့အတွက် တစ်ခါပဲကုသိုလ်ရမယ်။ အခုအကြိမ်ကြိမ် ဆောက်တည်တဲ့အတွက် အကြိမ်ကြိမ် ကုသိုလ်ရပါတယ်။ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ အာသေဝနပစ္စည်းဆိုတာ ရှိတယ်။ ကုသိုလ်ကောင်းမှုကို ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့ ကုသိုလ်ကို ထပ်ခါ ထပ်ခါ သတိရ ပွားများနေခြင်းဖြင့် ကုသိုလ်ဟာ အင်အားကြီးမားလာတယ်။ ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံကို အထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

မေး။ ။ သရဏဂုံတည်တဲ့လူဟာ ဘယ်လိုအကျိုး ခံစားရမလဲ။

ဖြေ။ ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ အပါယ်မလားဘူး။ သေရင် နတ်ပြည်ရောက်တယ်လို့ ဓမ္မပဒပါဠိတော်မှာ ဘုရားဟောထားတယ်။

ရှင်မောဂ္ဂလာန် တာဝတိံသာ နတ်ပြည်ရောက်လို့ သိကြားမင်းနဲ့ နတ်တွေ လာဖူးတဲ့အခါ ရှင်မောဂ္ဂလာန်က သရဏဂုံတည်တဲ့လူဟာ သေရင် နတ်ပြည်ရောက်တယ်။ အဲဒီ နတ်သားဟာ အခြားနတ်သားတွေထက် အသက်၊ အရောင်အဝါ၊ အခြံအရံ။ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားတို့ထက် လွန်ကဲတယ်လို့ ရှင်မောဂ္ဂလာန်က ဟောတယ်။

မေး။ ။ ဗုဒ္ဓဘာသာတွေ သေတဲ့အခါ ဘာကြောင့် သရဏဂုံ တင်ကြသလဲ။

ဖြေ။ ။ အထက်ပုစ္ဆာမှာ ဖြေတဲ့အတိုင်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ လောကီသရဏဂုံဟာ သေတာနဲ့တစ်ပြီုင်နက် ပျက်စီးသွားတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ သေတဲ့လူဟာ ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။

မေး။ ။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တစ်ခုခုနဲ့ တွေ့ကြုံတဲ့အခါ ဘုရားဂုဏ်တော်ကို အောက်မေ့ရွတ်ဖက် သရဇ္ဈာယ်ရင် အကြောက်ပြေပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ သံယုတ္တနိကာယ် ဓဇဂ္ဂသုတ်မှာ ဘုရားရှင်ရဲ့ အရဟံ သမ္ဗုဒ္ဓေ စတဲ့ ဂုဏ်တော်တွေကို အောက်မေ့တဲ့ လူတွေမှာ ကြောက်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်ကင်းတယ်။ ဘာကြောင့် ဒီလိုပျောက်ကင်းရသလဲဆိုတော့ ဘုရားရှင်ဟာ ရာဂကင်းတယ်။ ဒေါသ မောဟတွေ ကင်းပြီး ကြောက်ရွံ့ထိတ်လန့်မှု လုံးဝမရှိတော့လို့ ဖြစ်တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် အကြောင်းပြချက်တွေနဲ့ ဖြေဆိုထားပါတယ်။

မေး။ ။ သရဏဂုံပြီးတော့ ဘုန်းကြီးက “သရဏဂမနံ ပရိပုဏ္ဏံ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ “သရဏဂမနံ ပရိပုဏ္ဏံ”ဆိုတဲ့ ပါဠိက မြန်မာလိုတော့ သရဏဂုံဆောက်တည်မှု ပြီးဆုံးပြီလို့ ဆိုလိုတယ်။ လူတွေက “အာမ ဘန္တေ“ ဆိုတာက မှန်ပါ ပြီးစီးကြောင်းပါဘုရားလို့ ဝန်ခံတာဖြစ်တယ်။ ဘုန်းကြီးဆီမှာ သီလမယူဘဲ ဘုရားမှာ ယူတာဆိုရင် အာမ ဘန္တေ ဆိုစရာမလိုဘူး။

မေး။ ။ ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ဘာလို့ခေါ်သလဲ။

ဖြေ။ ။ ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ငါးပါးသီလလို့ ခေါ်တယ်။ တစ်သက်ပတ်လုံး စောင့်ထိန်းရတဲ့ သီလဖြစ်လို့ နိစ္စသီလလို့ ခေါ်တယ်။ သူတော်ကောင်းတို့ အမြဲအလေးဂရုပြုရလို့ ဂရုဓမ္မသီလလို့လဲ ခေါ်တယ်။

မေး။ ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဆိုတဲ့ ပါဠိဟာ ဘာဆိုလိုသလဲ။

ဖြေ။ ။ အဲဒီပါဠိက သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ငါဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ဆိုတဲ့ ပါဠိက ဘာဆိုလိုသလဲ။

ဖြေ။ ။ အဲဒီပါဠိက သူတစ်ပါးမပေးသော ဥစ္စာပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ ကာမေသုမိစ္ဆာစာရ စတဲ့ ပါဠိက ဘာဆိုလိုသလဲ။

ဖြေ။ ။ သူတစ်ပါး သားမယားနှင့် ဖောက်ပြားကျူးလွန်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ မုသာဝါဒါ စတဲ့ ပါဠိက ဘာကို ဆိုလိုသလဲ။

ဖြေ။ ။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ သုရာမေရယစတဲ့ ပါဠိရဲ့ အဓိပ္ပာယ်ကဘာလဲ။

ဖြေ။ ။ အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။

မေး။ ။ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မြန်မာစကားစစ်စစ်နဲ့ ရှင်းပြပါ။

ဖြေ။ ။ သူတစ်ပါးအသက် မသတ်ဘူး၊ သူတစ်ပါးဥစ္စာ မခိုးပါဘူးလို့ ဘုန်းကြီးဆီမှာ၊ ဘုရားဆီမှာ ကတိပြုထားတယ်။ သတ်ရမယ့်သတ္တဝါ၊ ခိုးစရာပစ္စည်းတစ်ခုခုကို တွေ့တဲ့အခါ ဘုန်ကြီးရှေ့မှာ၊ ဘုရားရှေ့မှာ ဆောက်တည်ထားတဲ့ ကတိကို သတိရပြီး မသတ်ဘူး၊ မခိုးဘူး။ ဘာဖြစ်လို့ မသတ် မခိုးတာလဲ မေးရင် ဘုန်းကြီးရှေ့၊ ဘုရားရှေ့မှာ ကတိပြုဆောက်တည်ထားလို့ ဖြစ်တယ်လို့ ဖြေလိမ့်မယ်။ ဒါကြောင့် ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ စတဲ့ သိက္ခာပုဒ်တွေဟာ၊ ကျင့်ဝတ်တွေဟာ သတ်မှု ခိုးမှုတွေကို ရှောင်ကြဉ်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဒါကြောင့် ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ သူ့အသက်သတ်ရင် ဘာဖြစ်တတ်သလဲ၊ မသတ်ရင် ဘာအကျိုးရှိသလဲ။

ဖြေ။ ။ သူ့အသက်သတ်ရင် အပြစ်၊ မသတ်ရင် အကျိုးရှိပုံကို ရှေးဆရာတော်ကြီး ရေးထားတဲ့ လင်္ကာလေးနဲ့ ရေတွက်ပြမယ်။ လင်္ကာလေးကို အရကျက်မှတ်ထားလိုက်ပါ။

ပါဏာတိပါတ်၊ သူ့အသက်က၊ ၁။ ချို့တဲ့အင်္ဂါ ၂။ မွဲပြာရုပ်သွင်

၃။ အားအင်ချို့ယွင်း ၄။ လျင်ခြင်းလည်းဝေး ၅။ ဘေးကိုကြောက်တတ်

၆။ အသတ်ခံရာ ၇။ အနာများလျက် ၈။ ခြွေရံပျက်၍ ၉။ အသက်တိုလျ ပြစ်များစွာသည်၊ ရှောင်ကအပြန် အကျိုးတည်း။

သတ်သူ

၁။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းခြင်း

၂။ ရုပ်ဆင်းမလှခြင်း

၃။ ခွန်အားနည်းပါးခြင်း

၄။ လေးကန်ထုံထိုင်းခြင်း

၅။ ကြောက်တတ် လန့်တတ်ခြင်း

၆။ သူတစ်ပါးအသတ်ခံရခြင်း

၇။ ရောဂါထူပြောခြင်း

၈။ ခြွေရံနည်းပါးခြင်း

၉။ အသက်တိုခြင်း

ရှောင်သူ

၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း

၂။ ရုပ်ဆင်း လှပစိုပြည်ခြင်း

၃။ ခွန်အားတောင့်တင်းခြင်း

၄။ ပေါ့ပါး လျင်မြန်ခြင်း

၅။ ရဲစွမ်းသတ္တိရှိခြင်း

၆။ သူတစ်ပါးအသတ် မခံရခြင်း

၇။ ကျန်းမာရွှင်လန်းခြင်း

၈။ ခြွေရံပေါများခြင်း

၉။ အသက်ရှည်ခြင်း

မေး။ ။ ခိုးခြင်းအပြစ် ရှောင်ခြင်းအကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ အဒိန္နဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

ခိုးသူ

၁။ ဥစ္စာမွဲတတ်ခြင်း

၂။ ဆင်းရဲတတ်ခြင်း

၃။ လိုရာမရခြင်း

၄။ စီးပွားပျက်ခြင်း

၅။ ရန်သူမျိုးငါးပါးနှင့် ကြုံတတ်ခြင်း

မခိုးသူ

၁။ ဥစ္စာပေါများခြင်း

၂။ ချမ်းသာတတ်ခြင်း

၃။ လိုရာကို ရတတ်ခြင်း

၄။ စီးပွားတိုးတက်ခြင်း

၅။ ရန်သူမျိုးငါးပါးဘေးမှ ကင်းလွတ်ခြင်း

မေး။ ။ သူများသားမယား လွန်ကျူးသူ အပြစ်ရှောင်ကြဉ်သူ အကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်ညတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုတ်၊ -မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣန္ဒြေ။ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

ကျူးလွန်သူ

၁။ မုန်းသူများ၏

၂။ ရန်သူများ၏

၃။ လာဘ်လာဘနည်း၏

၄။ ကိုယ်စိတ်ဆင်းရဲ၏

၅။ မိန်းမဖြစ်၏

၆။ ကျား မ မဟုတ် ပဏ္ဍုတ်ဖြစ်၏

၇။ အမျိုးယုတ်၏

၈။ အရှက်တကွဲကြုံ၏

၉။ အင်္ဂါချို့ယွင်း၏

၁၀။ စိုးရိမ်နေရ၏

၁၁။ ချစ်သူနှင့် ကွဲတတ်၏

ရှောင်ကြဉ်သူ

၁။ ချစ်သူများ၏

၂။ ရန်သူကင်းရှင်း၏

၃။ လာဘ်လာဘ ပေါများ၏

၄။ ကိုယ်စိတ်ချမ်းသာ၏

၅။ ယောက်ျားဖြစ်၏

၆။ ပဏ္ဍုတ်အဖြစ်မှ လွတ်၏

၇။ အမျိုးမြတ်၏

၈။ အရှက်တကွဲ မဖြစ်ရ

၉။ အင်္ဂါပြည့်စုံ၏

၁၀။ စိုးရိမ်မှုကင်း၏

၁၁။ ချစ်သူနှင့် ပေါင်းရ၏

မေး။ ။ မုသားပြောသူ၊ ရှောင်သူတို့ မည်သို့ ထူးခြားမည်နည်း။

ဖြေ။ ။ မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း။

မုသားပြောသူ

၁။ စကားမပီ၊ ဆွံ့အ၏

၂။ သွားများမညီညွှတ်

၃။ အာပုပ်စော်နံ၏

၄။ အသားအရေ ခြောက်ကပ်၏

၅။ မျက်စိ၊ နား စသော ဣန္ဒြေများ နောက်ကျုကျု ရှိ၏

၆။ ပုံပန်းမလှမပ မပြေပြစ်

၇။ သြဇာအာဏာမတည်

၈။ နှုတ်အာကြမ်း၏

၉။ စိတ်ဓာတ်မတည်။ လော်လီဖောက်ပြားတတ်၏

မုသားရှောင်သူ

၁။ စကားပီသ ပြတ်သား၏

၂။ သွားများညီညာလှပ၏

၃။ အာခံတွင်း မွှေး၏

၄။ အသားအရေ စိုပြည်၏

၅။ ဣန္ဒြေများ ကြည်လင်ပြတ်သား၏

၆။ ပုံပန်းလှပပြေပြစ်သည်

၇။ သြဇာအာဏာရှိ၏

၈။ နှုတ်ချိုသာ၏

၉။ စိတ်ဓာတ်တည်ကြည် ခိုင်မာ၏

မေး။ ။ သေရည်သောက်ခြင်း အပြစ်၊ မသောက်ခြင်း အကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

အရက်သောက်သူ

၁။ အရေးအခွင့် သင့် မသင့် မသိ

၂။ ပျင်းရိတတ်၏

၃။ မူးရူး မေ့လျော့တတ်၏

၄။ ကျေးဇူးမသိတတ်

၅။ အရှက်အကြောက် နည်း၏

၆။ မကောင်းမှုများကို ပြုလွယ်၏

အရက်ရှောင်သူ

၁။ အရေးအခွင့်ကို သိ၏

၂။ မပျင်းရိတတ်

၃။ မမေ့မလျော့ သတိကောင်း၏

၄။ ကျေးဇူးသိတတ်၏

၅။ အရှက်အကြောက်ရှိ၏

၆။ မကောင်းမှု ပြုခဲ၏

မေး။ ။ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ဘုရားမပွင့်တဲ့ သာသနာပမှာလဲ ရှိတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ဘုရားပွင့်ရာ ကာလမှာရော၊ ဘုရားမပွင့်တဲ့ အခါမှာရော ရှိတယ်။ ဘုရားမပွင့်တဲ့အခါ ပစ္စေကဗုဒ္ဓါ ကမ္မဝါဒီတွေ၊ ရဟန်း၊ ပုဏ္ဏား၊ စကြဝတေးမင်းတွေဟာ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလကိုပဲ ဆောက်တည်စေပါတယ်။ ရသေ့၊ ပရိဗိုဇ်တွေဟာလဲ ငါးပါးသီလကို ကျင့်ကြံဖို့ ဟောပါတယ်။ ဘုရားပွင့်တော်မူတဲ့အခါမှာ ဒီ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ကိုယ်ချင်းစာတရား အပေါ်မှာ အခြေခံထားတဲ့ ကျင့်ဝတ်တွေ ဖြစ်တဲ့အတွက် ဘုရားရှင်များကလဲ ဆက်လက် ဟောကြားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၅-ပါးသီလကို ဘာသာရေး ကျင့်ဝတ်အနေနဲ့ မဟုတ်ဘဲ ကိုယ်ချင်းစာတရားအပေါ် အခြေခံတဲ့ ကမ္ဘာသုံး ကိုယ်ကျင့်တရားတွေအဖြစ် လက်ခံကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

မေး။ ။ ငါးပါးသီလ ခံယူပြီးနောက် ဘုန်းကြီးက တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထလို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို မမေ့မလျော့ ကောင်းစွာ စောင့်ထိန်းကြလို့ တိုက်တွန်းတာ ဖြစ်တယ်။ အဲဒီအခါမှာ လူတွေက “အာမ ဘန္တေ - ဆရာတော် အမိန့်ရှိ မှာကြားတဲ့အတိုင်း ဂရုပြု စောင့်ထိန်းပါမည်ဘုရား”လို့ ကတိပြု လျှောက်ထားရတယ်။ ဘုရားမှာ သီလယူတဲ့အခါ စောင့်ထိန်းကြပါလို့ တိုက်တွန်းသူ မရှိလို့ အာမ ဘန္တေ ဆိုစရာမလိုဘူး။ ဗုဒ္ဓဘာသာဝင်အချို့ ဘုရားရှေ့မှာ သီလခံတဲ့အခါမှာလဲ အာမ ဘန္တေ ကို သုံးနေရာစလုံးမျာ ထည့်ဆိုနေကြတယ်။ ထည့်ဆိုလို့ အပြစ်မရှိပေမယ့် ကိုယ်ဆိုတဲ့စကားကို ကိုယ်နားမလည်ရာ ရောက်တဲ့အတွက် ထည့်မဆိုမိဖို့ သတိပြုရမယ်။

မေး။ ။ သီလကျိုးတယ်။ ပေါက်တယ်၊ ပြောက်တယ်၊ ကျားတယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ အစ၊ အလယ်၊ အဆုံး သိက္ခာပုဒ်ပျက်တာကို သိက္ခာပုဒ်ကျိုးတယ်လို့ ခေါ်တယ်။ အလယ်သိက္ခာပုဒ် ပျက်တာကို သိက္ခာပုဒ် ပျောက်တယ်လို့ ခေါ်တယ်။ သိက္ခာပုဒ် အစဉ်အတိုင်း၊ နှစ်ပါး၊ သုံးပါးပျက်တာကို သိက္ခာပုဒ် အပြောက်ထင်တယ်လို့ ခေါ်တယ်။ အကြား အကြား သိက္ခာပုဒ်တွေ ပျက်တာကို ကျားတယ်လို့ ခေါ်တယ်။ ဒါကြောင့် ဘုန်းတော်ကြီးများက သာဓုကံ ကတွ = မကျိုး မပြောက် မပေါက် မကျားရအောင် ကောင်းစွာ ဂရုစိုက်၍ အပ္ပမာဒေန သမ္ပာဒေထ = မမေ့မလျော့ စောင့်ရှောက်ကြကုန်လော့လို့ သတိပေး တိုက်တွန်းစကား မှာကြားခြင်း ဖြစ်တယ်။ သိက္ခာပုဒ်တွေကို အစ၊ အလယ်၊ အဆုံး ဘယ်နားကမျ မပျက်စီးစေနဲ့လို့ ဆိုလိုတယ်။

မေး။ ။ သီလဆိုတာ ဘာလဲ။

ဖြေ။ ။ သူ့အသက် သတ်ခြင်းစသည်မှ ရှောင်ကြဉ်လိုတဲ့ လူရဲ့သန္တာန်မှာဖြစ်တဲ့ ရှောင်မယ်ဆိုတဲ့ စေတနာဟာ သီလဖြစ်တယ်။ သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်တဲ့လူရဲ့ ရှောင်ကြဉ်မှု ဝေရတီစေတသိက်ဟာ သီလဖြစ်တယ်။ မိမိသန္တာန်မှာ အကုသိုလ် ဒုစရိုက်တွေ မဖြစ်ရအောင် ပိတ်ဆို့စောင့်စည်းမှုဟာ သီလဖြစ်တယ်။ သီလ ဆာက်တည်ထားတဲ့သူဟာ သူဆောက်တည်ထားတဲ့ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သိက္ခာပုဒ်တွေကို မကျူးလွန်ခြင်းဟာ သီလဖြစ်တယ်။

မေး။ ။ ဘာကြောင့် သီလလို့ ခေါ်သလဲ။

ဖြေ။ ။ သြကာသအဖွင့်မှာ ပြခဲ့တဲ့ ကာယကံကျူးလွန်မှု သုံးပါးကို ကိုယ်ထိလက်ရောက် မကျူးလွန်မိအောင်၊ ဝစီကံ လွန်ကျူးမှုလေးပါးကို နှုတ်မှ မြွက်ဟ မကျူးလွန်မိအောင် ကောင်းစွာသိမ်းဆည်း သိုမှီးထားတတ်သောကြောင့် လည်းကောင်း၊ သမာဓိ ပညာ စတဲ့ ကုသိုလ်တရားတွေဟာ သီလတည်းဟူသော မူလအခြေခံပေါ်မှာ ရပ်တည်ဖြစ်သွားရတဲ့အတွက် သမာဓိပညာစတဲ့ ကုသိုလ်တရားတွေကို ဆောင်ပင့်ထားတတ်သောကြောင့် လည်းကောင်း သီလလို့ ခေါ်တယ်။

မေး။ ။ သီလဟာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သီလတွေကို အမျိုးပေါင်းများစွာ ခွဲခြားပြထားတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ဗုဒ္ဓဘာသာ မြန်မာအရပ်သားတွေနဲ့ ဆိုင်တဲ့ သီလအမျိုးအစားကိုပဲ ဖော်ပြမယ်။

လူအရပ်သား ဆောက်တည်တဲ့ သီလဟာ ၅-ပါးသီလ၊ ၈-ပါးသီလ၊ ၁၀-ပါးသီလဆိုပြီး ၃-မျိုးရှိတယ်။ ဒါပေမယ့် ၁၀-ပါးသီလက ရွှေငွေ မကိုင်ရတဲ့အတွက် လူအရပ်သားတွေ ဆောက်တည်လေ့ မရှိကြဘူး။ ရှင်သာမဏေများအတွက် သီးခြားလိုပဲ ဖြစ်နေပြီ။ ၅-ပါးသီလကတော့ ဗုဒ္ဓဘာသာ အရပ်သားမှန်သမျှ အမြဲမပြတ တစ်သက်ပတ်လုံး စောင့်ထိန်းတဲ့ သီလဖြစ်တယ်။ ၈-ပါးသီလကတော့ ဥပုသ်နေ့တွေမှာမှ ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးကြတဲ့ သီလဖြစ်တယ်။ ဒါကြောင့် အရပ်သားတွေနဲ့ ဆိုင်တဲ့ ၅-ပါးသီလနဲ့ ၈-ပါးသီလဆိုင်ရာ သိမှတ်ဖွယ်ရာတွေကိုပဲ ဒီစာအုပ်မှာ ပြသွားပါမယ်။

မေး။ ။ ငါးပါး၊ ရှစ်ပါးသီလ ဆောက်တည်သူချင်း ကုသိုလ် အတူတူ ရကြပါသလား။

ဖြေ။ ။ သီလစောင့်သူချင်း တူပေမယ့် ကုသိုလ်အတူတူ မရကြပါဘူး။ သီလဆောက်တည်သူရဲ့ စိတ်စေတနာအလျောက် အနိမ့်၊ အလတ်၊ အမြတ် ၃-မျိုး ကွာခြားတယ်။ ဘယ်သူဟာ သီလအတော်မြဲတဲ့လူပဲလို့ ဘေးလူတွေက အထင်ကြီးအောင် အချီးမွမ်းခံရအောင် စောင့်ထိန်းတဲ့ သီလဟာ အနိမ့်စားဖြစ်တယ်။ လူ့ပြည် နတ်ပြည်မှာဖြစ်ပြီး စည်းစိမ်ဥစ္စာ ခံစားနိုင်ဖို့ ရည်ရွယ်ဆောက်တည်တဲ့ သီလဟာ အလတ်စား ဖြစ်တယ်။ သီလစောင့်ခြင်းဟာ အရိယာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်သည်ဟု ခံယူပြီး စောင့်ထိန်းတဲ့သီလဟာ အမြတ်စားဖြစ်တယ်။ စောင့်ထိန်းရတာချင်း အတူတူ အလတ်စား၊ အမြတ်စားသီလမျိုးဖြစ်အောင် စောင့်ထိန်းဖို့ အထူးလိုအပ်တယ်။

မေး။ ။ ၁၀-ပါးသီလကို လူရော သာမဏေပါ စောင့်သုံးနိုင်တယ်ဆိုတော့ ၁၀-ပါး သီလ ဆောက်တည်ပုံခြင်းဟာ အတူတူပါပဲလား။

ဖြေ။ ။ လူနဲ့ သာမဏေတို့ ၁၀-ပါးသီလ စောင့်ထိန်းပုံခြင်း မတူပါ။ သာမဏေများမှာ သရဏဂုံသုံးပါးကို ဆောက်တည်ပြီးတာနဲ့ ၁၀-ပါး သီလဟာ အလိုလို ဆောက်တည်ပြီးသား ဖြစ်ပါတယ်။ ရဟန်းခံတဲ့အခ ဉတ္တိစတုတ္ထ ကမ္မဝါစာအဆုံးမှာ နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို မဆောက်တည်ဘဲ စောင့်ထိန်းရသလို သာမဏေတွေမှာ သရဏဂုံဆောက်တည်ပြီးတာနဲ့ ၁၀-ပါးသီလဟာ အလိုလို ဆောက်တည်ပြီး ဖြစ်သွားပါတယ်။ သာမဏေမှန်ရင် ၁၀-ပါးသီလဟာ မစောင့်မနေရ နိစ္စသီလ ဖြစ်ပါတယ်။

လူတွေကတော့ သရဏဂုံ ဆောက်တည်ပြီးရုံနဲ့ ၁၀-ပါးသီလ ခံယူပြီး မဖြစ်ပါဘူး။ သီးခြားဆောက်တည်ယူမှ ရပါတယ်။ ဒါကြောင့် ၁၀-ပါးသီလ ဆောက်တည်ခြင်းဟာ မတူပါဘူး။

မေး။ ။ သီလ၏ အကျိုးတရားတွေဟာ ဘာတွေလဲ။

ဖြေ။ ။ ငါးပါးသီလမှာ သီလတစ်ပါးကို စောင့်ထိန်းလို့ ရရှိတဲ့အကျိုး၊ မစောင့်ထိန်းလို့ လွန်ကျူးလို့ ရရှိမယ့်အပြစ်တွေကို ယှဉ်တွဲပြထားတယ်။ အခုပြမှာက သီလအားလုံးဆိုင်တဲ့ အကျိုးဖြစ်တယ်။

အာနန္ဒာ၊ အပြစ်မရှိ ကောင်းသော သီလအကျင့်တို့သည် စိတ်နှလုံးရဲ့ ကြည်သာရွှင်လန်းခြင်း အကျိုးရှိကုန်၏လို့ ဘုရားရှင်က ဟောထားတယ်။

ပြီးတော့ သီတင်းသုံးဖော် မိတ်သင်္ဂဟတို့ရဲ့ ကြည်ညိုခံရသူ၊ မေတ္တာပို့ခံရသူ၊ အလေးပြုခံရသူ၊ အချီးမွမ်းခံရသူ ဖြစ်ချင်ရင် သီလကို ဖြည့်ကျင့်စောင့်ထိန်း ရမယ်လို့ ဘုရားရှင်ဟောတယ်။

ကိလေသာ အညစ်အကြေးကို ဂင်္ဂါယမုံနာ မြစ်ရေနဲ့ ဆေးလို့ မစင်၊ သီလရေစင်နဲ့ ဆေးမှ စင်ကြယ်နိုင်တယ်။ ရာဂ စတဲ့ အပူမီးကို မိုးရေ မြစ်ရေနဲ့ ငြိမ်းသတ်လို့ မရ။ သီလရေစင်နဲ့သာ ပက်ဖျန်းမှ ငြိမ်းအေးနိုင်တယ်။

သီလဟာ နတ်ပြည်တက်ရန် တစ်ခုတည်းသော စောင်းတန်း၊ နိဗ္ဗာန်ဝင်ရန် တစ်ခုတည်းသော တံခါးပေါက် ဖြစ်တယ်။

သီလရှိသူမှာ အောက်ပါအကျိုး ၅-ပါးကို ရနိုင်တယ်။

(က) စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်။

(ခ) ဂုဏ်သတင်း ကျော်စောတယ်။

(ဂ) ပရိသတ်ထံ ရဲရဲရင့်ရင့် ကပ်နိုင်တယ်။

(ဃ) မတွေမဝေ သေရတယ်။

(င) သေပြီး နတ်ပြည်ရောက်တယ်။

စသည်ဖြင့် သီလရဲ့အကျိုး အမျိုးမျိုး ပြောကြားထားတယ်။

မေး။ ။ သရဏဂုံနဲ့ ငါးပါးသီလ မြဲတဲ့လူကို သိကြားမင်းက ရှိခိုးတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ သံယုတ်ပါဠိတော် ဂဟဌသုတ်မှာ

၁။ ကုသိုလ်ကောင်းမှုပြုခြင်း

၂။ သီလရှိခြင်း

၃။ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်း

၄။ တရားနှင့်အညီ သားမယားကို လုပ်ကျွေးခြင်း

ဆိုတဲ့ ကျင့်ဝတ်လေးပါးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို သိကြားမင်းက ရှိခိုးပူဇော်တယ်လို့ ဟောထားပါတယ်။

မေး။ ။ ဥပုသ်နေ့ဆိုတာ ဘာလဲ၊ ဥပုသ်စောင့်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဥပုသ်နေ့ဆိုတာက ပါဠိလို ဥပေါသထပုဒ်က ဖြစ်လာတဲ့ စကားဖြစ်တယ်။ မြန်မာလိုတော့ ကျင့်သုံးခြင်းလို့ အဓိပ္ပာယ်ရတယ်။ လူတွေဟာ ငါးပါးသီလကို နေ့ညမပြတ် စောင့်ထိန်းကြရတယ်။ ငါးပါးသီလဟာ ကျင့်ရိုးကျင့်စဉ် သီလဖြစ်တယ်။ ရိုးရိုငါးပါးသီလထက် ထူးခြားပြီး အရိယာသံဃာ ပုထုဇဉ် ရဟန်းသာမဏေတွေ ရာသက်ပန် ဆောက်တည်ကျင့်ကြံတဲ့ သီလတွေထဲက မေထုန်မှုမပြု၊ ညစာမစား၊ ပွဲလမ်းမကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာမြတ်ရာမျာ မနေခြင်းဆိုတဲ့ လေးပါးကို အရိယာသံဃာတော် သာမဏေများလို မဟုတ်တောင်မှ ဥပုသ်နေ့လို့ အများသတ်မှတ် စောင့်သုံးကြတဲ့ နေ့တစ်နေ့နဲ့ တစ်ညမှာတော့ ရှောင်ကြဉ်မယ်၊ ဒီရှစ်ပါးသီလနဲ့ ပြည့်စုံအောင် ကျင့်ကြံမယ်ဆိုပြီး အကျင့်သီလနဲ့ ပြည့်စုံပြီးနေတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တယ်။ အများအညီအညွတ် သတ်မှတ်ပြီး ရှစ်ပါးသီလ ဥပုသ်စောင့်နေကြတဲ့နေ့ကို ဥပုသ်နေ့လို့ ခေါ်တယ်။

မေး။ ။ တစ်လမှာ ဥပုသ်နေ့ ဘယ်နှစ်ရက် ရှိသလဲ။

ဖြေ။ ။ ဥပုသ်နေ့က ၃-မျိုး ရှိတယ်။

၁။ ရိုးရိုးဥပုသ် ၂။ နိုးကြားတဲ့ဥပုသ် ၃။ ပါဋိဟာရိယဥပုသ် ၃-မျိုးဖြစ်တယ်။

ရိုးရိုးဥပုသ်က လဆန်း ၈ ရက်၊ ၁၄ ရက်နဲ့ လပြည့်၊ လဆုတ် ၈ ရက်၊ ၁၄ ရက်နဲ့ လကွယ်ဆိုပြီး ၆ ရက်ရှိတယ်။ အဲဒီ ၆ ရက်ထဲက ၁၄ ရက်နေ့ ဥပုသ်ကိုတော့ အချို့ဒေသ သက်ကြီးဝါကြီးတွေကပဲ စောင့်ပါတယ်။ အခုအခါမှာ ဒီလဆန်း လဆုတ် ၁၄ ရက်ကို ဥပုသ်နေ့မှန်း သိတဲ့လူတောင်မှ မရှိသလောက် ဖြစ်နေပြီ။ ဒါကြောင့် ရိုးရိုးဥပုသ်ဟာ စာအရှိ ၆ ရက်၊ လက်တွေ့ လက်ခံကျင့်သုံးတာက ၄ ရက်ဖြစ်တယ်။

နိုးကြားတဲ့ဥပုသ်ဆိုတာက ရိုးရိုးဥပုသ် ၆ ရက်မှာ ရှေ့တစ်ရက် အကြို နောက်တစ်ရက် အပိုနဲ့ နိုးနိုးကြားကြား တက်တက်ကြွကြွ စောင့်တဲ့ ဥပုသ်ဖြစ်တယ်။ ဒီဥပုသ်မျိုးကိုတော့ အခုအခါ စောင့်တဲ့လူ မရှိသလောက် ဖြစ်နေပါပြီ။

ပါဋိဟာရိယ ဥပုသ်ဆိုတာက ဥပုသ်နေ့အဖြစ် သတ်မှတ်ချက်မရှိဘူး၊ ၁၅ ရက်၊ တစ်လ၊ ၄၅ ရက် စသည် ကာလပိုင်းခြားပြီး ဒီရက်အတွင်း ဥပုသ်ဆက်တိုက် စောင့်မယ်လို့ ပိုင်းခြားပြီး စောင့်တာပဲ။ ဒီဥပုသ်မျိုးကိုတော့ အခုခေတ် အချို့ပုဂ္ဂိုလ်တွေ စောင့်ကြပါတယ်။ အချို့ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ တရားဝင်တဲ့ နေ့ကစပြီး ထွက်တဲ့နေ့အထိ ၈-ပါးသီလ စောင့်ရတာဟာ ဒီပါဋိဟာရိယ ဥပုသ်မျိုးပါပဲ။

မေး။ ။ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်လို့ မရဘူးလား။ စောင့်ရင် အပြစ်ရှိပါသလား။

ဖြေ။ ။ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်လို့ ဖြစ်ပါတယ်။ အပြစ်မရှိပါဘူး။ ကုသိုလ်ရပါတယ်။ အထက်မှာ ဥပုသ်နေ့တွေ ကန့်သတ်ပြထားတာက ထိုခေတ် ထိုအခါမျာ လူတွေ စောင့်သုံးလေ့ရှိတဲ့ ရက်တွေကို ကန့်သတ်ပြတာပါ။ လူတွေရဲ့ ကုသိုလ်ကောင်းမှုကို မှတ်တမ်းယူတဲ့ စတုမဟာရာဇ် နတ်မင်းကြီးများရဲ့ လျှောက်ထားချက်အရ လူတွေဟာ ၈ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နဲ့ ပါဋိဟာရိယ ခေါ် နေ့ရက်တွေမှာ ဥပုသ်စောင့်ကြတယ်လို့ တာဝတိံသာနတ်တွေ ပြောလေ့ရှိကြောင်းကိုသာ ဘုရားရှင်က ဟောပြထားခြင်း ဖြစ်တယ်။ အခြားရက်တွေမှာ မစောင့်ရ၊ ဒီရက်တွေမှာမှ စောင့်ရမယ်လို့ ဘုရားဟောထားချက် မရှိဘူး။

သံဃာတော်တွေ ဥပုသ်နေ့မဟုတ်ရင် ဥပုသ်မပြုရ၊ ပြုခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်စေ (အပြစ်ဖြစ်စေလို့) ပညတ်ထားတယ်။ ဒါကြောင့် လူတွေကလဲ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်ရင် အပြစ်ရှိတယ်လို့ အချို့ကျမ်းတွေမှာ ရေးထားတယ်။ ဒီလို ရေးထားတာဟာ “ဒေသနာတော်နည်း၌ မလိမ္မာသောကြောင့်သာ ဖြစ်သည်”ဟု တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရက မဟာဗုဒ္ဓဝင်မှာ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ဘယ်နေ့မဆို ဥပုသ်စောင့်လို့ ရပါတယ်။ ယခုကာလ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်တာဟာ အပြစ်မရှိဘူး။ ဥပုသ်စောင့်ချင်ပေမယ့် တာဝန်နဲ့ ဝတ္တရား အသက်မွေးဝမ်းကျောင်းအတွက် ရုံးတက်နေတဲ့သူအဖို့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်ကြတာဟာ ခေတ်နဲ့ညီတဲ့ ဥပုသ်နေ့တစ်နေ့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

မေး။ ။ ဥပုသ်ဘယ်နှစ်မျိုး ရှိသလဲ။

ဖြေ။ ။ တိကအင်္ဂုတ္တိုရ်မှာ သီလယူပြီးနောက် ဆင်ခြင်နှလုံးသွင်း ကွဲပြားပုံကိုကြည့်ပြီး …

(၁) ဂေါပါလဥပုသ် = နွားကျောင်းသား ဥပုသ်။

(၂) နိဂဏ္ဍဥပုသ် = တက္ကတွန်းဥပုသ်

(၃) အရိယဥပုသ် = စင်ကြယ်သောဥပုသ်

ဆိုပြီး ၃-မျိုးရှိတယ်လို့ ဟောထားတယ်။

နွားကျောင်းသား ဥပုသ်ဆိုတာက နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို ဒီတောမှာကျောင်းပြီး ဒီချောင်းမှာ ရေတိုက်တယ်၊ နက်ဖြန်ကျရင်တော့ ဘယ်တောမှာကျောင်းပြီး ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ရှိသလို ဥပုသ်သည်တွေဟာလဲ ဒီနေ့တော့ ဘာဟင်း ဘာမုန့်တွေစားပြီး နက်ဖြန်၊ သို့မဟုတ် နောက်ဥပုသ်မှာ ဘာဟင်းချက်စားမယ်လို့ အစားအသောက်ကောင်းတွေ စားဖို့စဉ်းစားနေတဲ့ ဥပုသ်မျိုးကို နွားကျောင်းသားဥပုသ် (ဂေါပါလဥပုသ်)လို့ ခေါ်တယ်။

တက္ကတွန်းဥပုသ်ဆိုတာက တတ္ထိတက္ကတွန်းတွေ စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်တယ်။ ဘယ်နှစ်မိုင်အတွင်းမှာ ရှိတဲ့ သတ္တဝါတွေကိုတော့ မသတ်ကောင်း၊ ဒီမိုင် သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ သတ္တဝါကိုတော့ သတ်ကောင်းတယ်လို့ ဒုစရိုက်မှုပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ သီလမျိုးဖြစ်တယ်။

အရိယာဥပုသ် စင်ကြယ်တဲ့ဥပုသ်ဆိုတာက ဘုရားဂုဏ်တော်စသည်ကို အဖန်ဖန်နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာ အညစ်အကြေး စင်ကြယ်အောင် စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်တယ်။ ဒီဥပုသ်သုံးမျိုးထဲမှာ နွားကျောင်းသားဥပုသ်၊ တက္တတွန်းဥပုသ်မျိုး မဖြစ်စေဘဲ အရိယာဥပုသ်မျိုးဖြစ်အောင် စောင့်ဖို့ သတိပြုကြရမယ်။

မေး။ ။ အရိယာဥပုသ်ဟာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ အရိယာဥပုသ်ဟာ ၆-မျိုး ကွဲပြားတယ်။

(၁) ရှစ်ပါးသီလ ခံယူပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့နေတဲ့ ဥပုသ်ကို ဗြဟ္မဥပုသ်လို့ ခေါ်တယ်။

(၂) ရှစ်ပါးသီလခံပြီး တရားတော်ရဲ့ သွာက္ခာတစတဲ့ ဂုဏ်တော်တွေကို အဖန်ဖန် နှလုံးသွင်းနေတဲ့ဥပုသ်ကို ဓမ္မဥပုသ်လို့ ခေါ်တယ်။

(၃) သံဃာတော်ရဲ့ သုပ္ပဋိပ္ပန္နစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်နေတဲ့ ဥပုသ်ကို သံဃဥပုသ်လို့ ခေါ်တယ်။

(၄) ရှစ်ပါးသီလခံယူပြီး သီလရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် နှလုံးသွင်းနေတဲ့ ဥပုသ်ကို သီလဥပုသ်လို့ ခေါ်တယ်။

(၅) နတ်တွေ ဗြဟ္မာတွေဟာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဂုဏ်ကျေးဇူးတွေ ရှိကြလို့ နတ်ပြည် ဗြဟ္မာပြည်မှာ ဖြစ်ကြရတယ်။ ငါ့မှာလဲ စင်ကြည်မွန်မြတ်တဲ့ သီလစတဲ့ ဂုဏ်ကျေးဇူးတွေ ရှိပေသည်ဟု နတ်ဗြဟ္မာတို့ကို စံထားကာ စောင့်သုံးတဲ့ ဥပုသ်ကို ဒေဝတာဥပုသ်လို့ ခေါ်တယ်။

(၆) ရှစ်ပါးသီလကို ခံယူကာ ရဟန္တာ ပုဂ္ဂိုလ်တွေဟာ သူ့အသက်ကို လုံးဝမသတ်ဘဲ အမြဲကြင်နာ သနားတော်မူကြသလို ငါလဲ သတ်ဖြတ် ညှင်းဆဲခြင်းမရှိဘဲ ရဟန္တာတွေကို အတုလိုက်ကာ ကျင့်သုံးရပေပြီ။ ဤသို့စသည်ဖြင့် ဥပုသ်အင်္ဂါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့ စောင့်သုံးတဲ့သီလကို အဋ္ဌင်္ဂုပေါသထ အင်္ဂါ ၈-ပါးကို ဆင်ခြင်တဲ့ ဥပုသ်လို့ ခေါ်တယ်။

ရှစ်ပါးသီလခံယူပြီး ဥပုသ်စောင့်တဲ့လူဟာ အထက်မှာ ပြခဲ့တဲ့ ဥပုသ် ၆-မျိုးထဲက တစ်မျိုးမျိုးဖြစ်အောင် စောင့်သုံးဖို့လိုတယ်။

မေး။ ။ စာကလေးဥပုသ်၊ ဇူဇကာဥပုသ်၊ ကာလနဂါးဥပုသ်ဆိုတာက ဘာလဲ။

ဖြေ။ ။ ဒီဥပုသ်သုံးမျိုးက ကျမ်းဂန်မှာလာတဲ့ ဥပုသ်မဟုတ်ဘူး။ သီလယူပြီး လူတွေစုကာ ကြွက်စီ ကြွက်စီ စကားစုပြောနေတာကို စာကလေးဥပုသ်၊ အစားကောင်း အသောက်ကောင်းတေ ဗိုက်ကားအောင်စားတာကို ဇူဇကာဥပုသ်၊ သီလယူပြီး တရားနှလုံးမသွင်း ဂုဏ်တော်တွေ မပွားဘဲ အိပ်နေတာကို ကာလနဂါးဥပုသ်လို့ နာမည်ပေးထားတာပါပဲ၊ ဒီဥပုသ်မျိုးတွေ မဖြစ်ကြစေနဲ့လို့ ဆရာတော်တွေက သတိပေးတဲ့ ဥပုသ်တွေ ဖြစ်ပါတယ်။

မေး။ ။ ဥပုသ်နေ့မှာ ၈-ပါးသီလ ဘယ်လိုဆောက်တည်ရမလဲ။

ဖြေ။ ။ ငါးပါးသီလ ဆောက်တည်ပုံ အတိုင်းပါပဲ။ အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌသင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။

(အရှင်ဘုရား၊ တပည့်တော် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါ ၈-ပါးရှိသော ဥပုသ်သီလကို တောင်းပန်ပါသည်။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် သီလပေးတော်မူပါဘုရား)

(၈)-ပါးသီလ

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၃။ အဗြဟ္မာစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မေး။ ။ ငါးပါးသီလနဲ့ မတူတဲ့ သိက္ခာပုဒ် ၄ ခုကို အဓိပ္ပာယ် ရှင်းပြပါ။

ဖြေ။ ။ အဗြဟ္မစရိယာ မမြတ်သော မေထုန်အကျင့်ကို လုံးဝမပြုလုပ်ရဘူး။ ကာမေသုမိစ္ဆာစာရဆိုတာက ကိုယ်ရဲ့ဇနီး၊ ကိုယ်ရဲ့ ခင်ပွန်းမဟုတ်တဲ့ သူနဲ့ မေထုန်မှု မပြုရဘူး။ ဒီအဗြဟ္မစရိယ သိက္ခာပုဒ်ကတော့ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းနဲ့ရော သူတစ်ပါးသမီး ဇနီးခင်ပွန်းနဲ့ရော မေထုန်မှု မပြုရဘူး။

ဝိကာလဘောဇနာ ဆိုတာက နေ့ ၁၂ နာရီက ကျော်ရင် ဖျော်ရည် ဘိလ်ရည် ကြံရည် ထန်းလျက် သကြား ကြံသကာကလွဲလို့ အခြား အစားအသောက် ဘာကိုမှ မစားမသောက်ရဘူး။

နစ္စ ဂီတ ဝါဒိတ ဆိုတာက မကရ၊ မဆိုရ၊ မတီးမှုတ်ရ၊ ကတာ၊ ဆိုတာ၊ တီးတာကို မကြည့်ရ၊ နားမထောင်ရဘူး။

ဥစ္စာသယန မဟာသယန ဆိုတာက တစ်တောင့်ထွာထက် အထက်မြင့်တဲ့ ခုတင်ပေါ်၊ မွေ့ရာပေါ်မှာ မနေရ၊ မအိပ်ရဘူး။

မေး။ ။ ၉-ပါးသီလ ဘယ်လိုဆောက်တည်ရမလဲ။

ဖြေ။ ။ ၉-ပါးသီလကို တသီးတခြား တစ်မျိုးတစ်မည် ဆောက်တည်စရာ မလိုပါဘူး။ ၈-ပါးသီလ ဆောက်တည်ပြီး မေတ္တာပို့အဖွင့်မှာ ပြထားတဲ့အတိုင်း အရပ်ရှစ်မျက်နှာမှာရှိတဲ့ မျက်နှာတစ်ခုခုမှာရှိတဲ့ သတ္တဝါတွေကို ဘေးရန်ကင်းပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားများနေရင် ၉-ပါးသီလဖြစ်ပါတယ်။

ဒီနေရာမှာ တိပိဋကဓရ အရှင်ဝိစိတ္တသာရ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို သတိပြုသင့်တယ်။

မေတ္တာဟူသည် ဘာဝနာဖြစ်၏၊ သီလကိုသာ ဆောက်တည်ရဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်၏၊ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ် တစ်ခုပြုလုပ် ဆောက်တည်ရန်မလို၊ ရိုးရိုး ၈-ပါးသီလကို ခံယူပြီးနောက် မေတ္တာတရားကို စွမ်းနိုင်သလောက် ပွားများအားထုတ်နေလျှင် အင်္ဂ ၉-ပါးရှိသော နဝင်္ဂဥပုသ်ကို ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏၊ (မဟာဗုဒ္ဓဝင် အနုဒီပနီ ပတွဲ - ပပိုင်း)တဲ့။

အထက်ပါဆရာတော်၏ အဆုံးအဖြတ်အရ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံဆိုပြီး သီးခြား ၉-ပါးသီလ ဆောက်တည်ရန် မလိုဟု မှတ်ပါ။ ၉-ပါးသီလ မဟုတ်ဘဲ ကိုးပါးဥပုသ်သာ ဖြစ်တယ်လို့ မှတ်ပါ။

မေး။ ။ ဥပုသ်ဟာ ကျောင်းမှာ ဥပုသ်ဇရပ် ဓမ္မာရုံမှာ စောင့်တာ ကောင်းသလား၊ အိမ်မှာစောင့်တာ ကောင်းသလား။

ဖြေ။ ။ ဥပုသ်စောင့်တယ်ဆိုတာ အထက်အရိယာ သီလ ၆-မျိုးမှာ ပြခဲ့တဲ့အတိုင်း သီလဆောက်တည်ပြီးရင် အရိယာသီလတစ်မျိုးမျိုး၊ သို့မဟုတ် ၆-မျိုးလုံးဖြစ်အောင် ပွားများနှလုံးသွင်းနေရမယ်၊ အဲဒီပွားများ နှလုံးသွင်းလို့ရတဲ့ ကောင်းတဲ့နေရာဟာ ဥပုသ်နေ့အတွက် နေလို့အကောင်းဆုံးပဲ၊ အိမ်မှာ ကလေး အလုပ်သမားတွေများပြီး ဗာဟီရကိစ္စတွေရှုပ်လို့ သမာဓိမရရင် ကျောင်းမှာ၊ ဓမ္မာရုံမှာ သွားစောင့်ရတဲ့အတွက် ရဟန်းတော်ကို ဖူးမြော်ရတယ်၊ စုပေါင်းဒါနပြုရတယ်၊ တရားတော် နာရတယ်။ ဓမ္မမိတ်ဆွေချင်း တရားဆွေးနွေးရတယ်။

ဒါပေမယ့် အချို့ဓမ္မာရုံတွေ ကျောင်းတွေမှာက သီလယူပြီး တရားနာပြီးရင် အရိယာဥပုသ်မျိုး ဖြစ်အောင်တော့ မပွားများဘဲ သားအကြောင်း၊ သမီးအကြောင်း၊ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စတဲ့ လောဘ၊ ဒေါသ ဖြစ်စရာတွေကို စုပေါင်းပြောဆိုနေကြတယ် ဆိုရင်တော့ ကျောင်းဥပုသ် ဇရပ်၊ ဓမ္မာရုံမှာ နေကုန်အောင် မနေဘဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အရိယာသီလဖြစ်အောင် ပွားများနေရပါမယ်၊ တရားစာပေ ကျမ်းဂန်တွေကို ဖတ်ရှုနေရပါမယ်။

ကိုယ့်အိမ်ထဲမှာလဲ တိတ်ဆိတ်ငြိမ်သက်နေရင်တော့ ဆူညံနေတဲ့ ဓမ္မာရုံမှာထက် အိမ်မှာစောင့်တာကမှ ပိုကောင်းပါတယ်။ စကားမပြောချင်လဲ လောကဝတ်အရ စကားပြောရတာမျိုးလဲ မရှိတော့ဘူးပေါ့။

မေး။ ။ ဥပုသ်စောင့်တဲ့အခါ ငှက်ပျောသီး၊ မုန့်စတဲ့ ပစ္စည်းဝတ္ထုတွေကို ဘာဖြစ်လို့ လှူရသလဲ။

ဖြေ။ ။ မုန့်၊ သစ်သီးတွေ လှူတာကတော့ ဥပုသင်စောင့်တာနဲ့ မဆိုင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ဘာသာရေးအခြေခံ လုပ်ငန်းကြီးသုံးခု ရှိတဲ့အထဲမှာ သီလဆောက်တည်ပြီး မေတ္တာဘာဝနာ အနုဿတိ ဘာဝနာတွေကို ပွားများခွင့်ရပြီးတာကြောင့် ဒီလို သီလဘာဝနာ ကုသိုလ်ပြုတဲ့နေ့မှာ ဒါနလဲပြုသင့်တယ်ဆိုပြီး သစ်သီး မုန့် စသည် လှူဒါန်းတာပဲ။

ဘုန်းကြီးကျောင်းမှာ သီလသွားယူမှာဖြစ်တော့ ဗုဒ္ဓဘာသာတို့ ထုံးတမ်းအစဉ်အလာအရ ကျောင်းကို သွားတဲ့အခါ လှူဖွယ် ပစ္စည်းတစ်ခုခုပါမှ သွားတဲ့အလေ့အထ အရလဲဖြစ်တယ်။

မေး။ ။ လူတွေ စောင့်သုံးရမယ့် ဂဟဋ္ဌသီလထဲမှာ ၁၀-ပါးသီလ ပါပါလျက် အခုခေတ်လူတွေ ဘာဖြစ်လို့ မစောင့်ကြသလဲ။

ဖြေ။ ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ရိုးရိုးလူတွေ အမြဲစောင့်တဲ့ သီလအနေနဲ့ ငါးပါးသီလ၊ စွမ်းနိုင်ရင် ၁၀-ပါးသီလ၊ ဥပုသ်နေ့မှာ ဥပုသ်သီလကို စောင့်သုံးရမယ်လို့ ပြောတယ်။ အဲဒီမှာ စွမ်းနိုင်ရင် ၁၀-ပါးသီလကိုလဲ အမြဲစောင့်ရမယ်လို့ အဓိပ္ပာယ် ကောက်ယူမှားကြပြီး ၁၀-ပါးသီလ အမြဲမစောင့်နိုင်လို့ အခုခေတ် ၁၀-ပါးသီလ မစောင့်ကြတာဖြစ်တယ်။

၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတဲ့ အကြောင်းထဲမှာ နောက်ဆုံးသိက္ခာပုဒ်အရ ရွှေ၊ ငွေကို မကိုင် မခံရဘူး။ ကိုယ့်အိမ်မှာ သိမ်ထားတာ ရှိနေရင်တောင် ၁၀-ပါးသီလ စောင့်လို့မရဘူးလို့ အယူအဆ လွဲမှားကြတဲ့အတွက် ၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတာ ဖြစ်တယ်။

၁၀-ပါးသီလဟာ အမြဲစောင့်ရတဲ့ နိစ္စသီလ မဟုတ်ဘူး။ တတ်နိုင်သလောက် ၁ ရက်၊ ၂ ရက်၊ ၃ ရက်လဲ စောင့်လို့ရတယ်။ ဒီလို ရံခါ တတ်နိုင်သလောက် စောင့်တဲ့ သီလကို နိယမသီလလို့ ခေါ်တဲ့အကြောင့် ဣတိဝုတ် အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။ ပြီးတော့ ၁၀-ပါးသီလ စောင့်သူဟာ အဲဒီစောင့်တဲ့နေ့မှာ ရွှေ၊ ငွေကို မကိုင် မခံ မရောင်းမဝယ်ရင် ပြီးတာပဲ။ အိမ်က ရွှေ၊ ငွေ တွေကို လုံးဝစွန့်ပစ်ဖို့ မလိုတဲ့အကြောင်း ယုတ္တိအကိုး သာဓကတွေနဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရက မဟာဗုဒ္ဓဝင် ပထမတွဲ အနုဒီပနီမှာ အကျယ်ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ၁၀-ပါးသီလဟာ အမြဲမဟုတ်ဘဲ ရံခါလဲ စောင့်လို့ရတယ်။ အိမ်က ရွှေ၊ ငွေတွေကို မစွန့်ဘဲလဲ စောင့်လို့ရတယ်လို့ မှတ်ပါ။

မေး။ ။ လူတွေရဲ့ စာရိတ္တသီလနဲ့ ဝါရိတ္တသီလကို ခွဲပြပါ။

ဖြေ။ ။ ဝါရိတ္တဆိုတာက တားမြစ်ခြင်းလို့ ဆိုလိုတယ်။ သူ့အသက် သတ်ခြင်းစတဲ့ အကျင့်ငါးပါးကို ရာသက်ပန် ရှောင်ကြဉ်ရမယ်လို့ တားမြစ်ထားတဲ့အတွက် ငါးပါးသီလဟာ ဝါရိတ္တသီလဖြစ်တယ်။ မင်္ဂလသုတ် ဝိနယောစ သုသိက္ခိတော မင်္ဂလာအဖွင့် အဋ္ဌကထာမှာ အကုသိုလ် ကမ္မပထတရား ၁၀-ပါးမှ ရှောင်ကြဉ်တာဟာ လူဝိနည်းဖြစ်တယ်လို့ ဖွင့်ထားတော့ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဖြစ်တဲ့ ဒုစရိုက် ၁၀-ပါးက ရှောင်ကြဉ်မှုကိုလဲ ဝါရိတ္တသီလလို့ မှတ်နိုင်တယ်။ တားမြစ်ထားတဲ့ သီလကို ကျူးလွန်ရင် အပါယ်လေးပါးကို ကျရောက်တတ်တယ်။

စာရိတ္တဆိုတာက ကျင့်ကြံအားထုတ်ခြင်းလို့ ဆိုလိုတယ်။ မကျင့်ရင် အပြစ်မရှိ၊ ကျင့်ရင်တော့ အကျိုးပိုရတဲ့ သီလမျိုးဖြစ်တယ်။ ဒါကြောင့် ၈-ပါးသီလထဲမှာ ပါတဲ့ မေထုန်ရှောင်ခြင်း၊ ညစာရှောင်ခြင်း၊ ပွဲလမ်းသဘင်၊ ပန်းနံ့သာရှောင်ခြင်း၊ မြင့်မြတ်တဲ့ နေရာရှောင်ခြင်း၊ ၄-ပါးဟာ စာရိတ္တသီလ ဖြစ်သင့်တယ်လို့ တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရက မဟာဗုဒ္ဓဝင်မှာ ပြဆိုထားတယ်။ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တွေကို ရိုသေမှု စသည်ဟာလဲ စာရိတ္တသီလဖြစ်သင့်တယ်လို့ ဆရာတော်က ပြထားတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ လူ့ဝိနည်းဖြစ်တယ်လို့ သိင်္ဂါလောဝါဒသုတ် အဋ္ဌကထာမှာ ပြထားတယ်။ အဲဒီသုတ်မှာ ဘုရားရှင်ဟောထားတဲ့ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ လင်နဲ့ မယား၊ အရှင်နဲ့ ကျွန် ကျင့်ဝတ်တွေဟာလဲ စာရိတ္တသီလ လူ့ကျင့်ဝတ်တွေလို့ ယူဆသင့်ပါတယ်။

မေး။ ။ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင် ဟောထားတဲ့ လူ့ကျင့်ဝတ်တွေက ဘာတွေလဲ။

ဖြေ။ ။ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင်က ပါဠိဘာသာနဲ့ ဟောခဲ့တဲ့ကျင့်ဝတ်တွေကို သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားလွယ်ကူအောင် အဓိပ္ပာယ်ပေါ်လွင်တဲ့ လင်္ကာသွားလေးနဲ့ ရေးပြခဲ့တယ်။ မြန်မာဗုဒ္ဓဘာသာတိုင်း ရရှိကျင့်သုံးကြတဲ့ ရလဲရထိုက် ကျင့်လဲကျင့်ထိုက် တကယ်ကျင့်ရင် တကယ်လဲ အခုဘဝ နောက်ဘဝအတွက် အကျိုးရှိတဲ့အတွက် ရအောင်ကျက်ပါ၊ လက်တွေ့ ကျင့်ဆောင်ကြပါ။

လူတို့ကျင့်ဝတ်

ဥပါသကာ ဥပါသိကာမများအဖို့ သိင်္ဂါလောဝါဒသုတ်လာ လူတို့ကျင့်ဝတ်

တလောကလုံး၊ ညွှတ်ရုံးဦးချ

နှိုင်းမမျှသား၊ ဘုရားရွှေစက်

ရောင်ပြီုးပြက်ကို၊ ဦးထက်တင်ထား

ရိုညွှတ်တွား၍၊ သားနှင့်အမိ

တပည့်စသည်၊ ပြုရာအံ့ဝတ်

ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်

သုတ်ပါထေယျ၊ ကျမ်း၌ပြသည်

လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်

နတ်ရွာဖို့လုံးလုံး၊ ကျက်စေသော်

သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ် သားတို့တာ။

မိဘကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင် မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ပို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ

လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ

မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်

မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ

မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ

ပျင်းရိမမူ၊ ဝတ်ငါးဆူ

အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား

စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ

သစ္စာမှန်စေ၊ ဝတ်ငါးထွေ

ကျင့်လေ မိတ်သဟာ။

သခင်ကျင့်ဝတ် ၅-ပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်

နာလျှင်ကုစေ၊ ငှဝေရသာ

အခါကိုလွှတ်၊ အရှင့်ဝတ်

မချွတ်ငါးခုသာ။

ကျွန်ကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်

ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား

တတ်အားလှူစေ၊ ဝတ်အားထွေ

ပြုပေ ဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်

အသစ်ဟောကျူး၊ နာဖူးထပ်မံ

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု

ရဟန်းမှု၊ ၆-ခု လွန်သေချာ။

ကျမ်းသိင်္ဂါလ သုတ်ဝယ်ပြ သုံးလောက မြတ်ဆရာ။

ကျင့်ဝတ်မပြေ ပါယ်လေးထွေ လားလေ ရှည်မြင့်ကြာ။

ဤသည့်ဝတ်ကုန် ဆွေမျိုးစုံ ခြောက်ဘုံ ထက်နတ်ရွာ။

လှည်းဘီးပြင်ကာ နားစောင့်ချသို့ မိဘနှင့်သား မယားနှင့်လင် အရှင်နှင့်ကျွန် ထေရ်မွန်ဒကာ မိသဟာနှင့် ဆရာတပည့် တည့်တည့်မချွတ် ကျင့်ဝတ်စုံလင် ဖြူသန့်စင်မူ ရှင်လည်းမသွေ သေလည်းမကွာ နတ်ရွာလူ့ပြည် စံစားမည်တည့် မတည့်ကျင့်ဝတ် ချွတ်သူတို့မှာ မလွတ်သာသည် လေးရွာဖို့လုံးလုံး လူဖြစ်ရှုံး။

ဥစ္စာပျက်ကြောင်း ၆-ပါး

သေစာသောက်စား၊ လမ်းသွားခါမဲ့

ရှုခဲ့သဘင်၊ ပျော်ရွှင်အန်လောင်း

မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား

ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း

သေအရက်သောက်ခြင်း အပြစ် ၆-ပါး

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ

ရောဂါထူပြော၊ ကျော်စောမဲ့ထုံး

မလုံအင်္ဂါ၊ ပညာနည်းပါး

ဤခြောက်ပါးကား၊ သောက်စားသေစာအပြစ်တည်း။

အခါမဲ့လမ်းသွားခြင်

ကိုယ့်သားမယား၊ တခြားဥစ္စာ

လိုရာမဲ့ရှောင်း၊ မကောင်းအရာ

ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု

ဆင်းရဲစု၊ ခြောက်ခု ခါမဲ့ သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ် ၆-ပါး

ကခြင်းတလီ၊ သီခြင်းတသီး

မှုတ်ခြင်းတသင်း၊ ပြီန်ဖျင်းတအုပ်

လက်ခုပ်တလီ၊ အိုးစည်တဖြာ

ရှိရာရှာ၍၊ ဥစ္စာပျက်မှု

ဤခြောက်ခုကား၊ ကြည့်ရှုသဘင်

အပြစ်တည်း

လောင်းတမ်းကစားခြင်း အပြစ် ၆-ပါး

အောင်သူရန်ပွား၊ ရှုံးသွားစိုးရိမ်

စည်းစိမ်လျော့ပါး၊ တရားသဘင်

မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို

မလိုထိမ်းမြား၊ ဤခြောက်ပါးကား

ပျော်ပါး ကြွေအန်အပြစ်တည်း။

မိတ်ဆွေပျက် ၆ ယောက်

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ

သေစာကြူးမှု၊ အတူပြုငြား

လှည့်စားတယောက်၊ မျက်မှောက်လှည့်ချက်

နိုင်ထက်လုယူ၊ ဤသူ ၆-ပါး

မိတ်ဖြစ်လားကြောင့်၊ ပျက်ပြား မိတ်ဆွေ

အပြစ်တည်း

ျင်းရိခြင်း၏ အပြစ် ၆-ပါး

အချမ်းပြင်းဝှန်၊ အပူလွန်နိုး

မိုးချုပ်လှမော၊ စောလွန်းသယောင်

ဆာလောင်ဝမ်းဝ၊ နေကဥစ္စာ

ပညာမပွား၊ ဤခြောက်ပါးကား

ထင်ရှား လူပျင်း အပြစ်တည်း။

အကြီးအကဲ ကျင့်ဝတ် ၆-ပါး

ထကြွ၊ နိုးကြား

သနား၊ သည်းခံ

ဝေဖန်၊ ထောက်ရှု

ဤခြောက်ခု၊ ကြီးသူ့ကျင့်ရာ တရားတည်း။

ကိုယ်ကျိုးငဲ့သော အဆွေခင်ပွန်းတု ၄ ယောက်

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်

နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ

ဘေးထိရောက်ခါ၊ ပြုလာတုံချင်

ကိုယ်ကျိုးမြင်၍၊ မှီယှဉ်ပေါင်းစု

ဤလေးခု၊ အညဒတ္ထုတရတည်း။

နှုတ်ဖြင့်သာ ဟန်ဆောင်တတ်သော အဆွေခင်ပွန်းတု ၄ ယောက်

လွန်ပြီးစေ့စပ်၊ နာဂတ်တတန်

အဆန်မပါ၊ ဗလာမြှောက်စား

ပေးလိုလားဟန်၊ ပစ္စုပ္ပန်မှာ ပျက်ရာညွှန်ကား

ဤလေးပါးကား၊ မှတ်သားဝစီပရမတည်း။

ချစ်ဖွယ်သာဆိုတတ်သော အဆွေခင်ပွန်းတု ၄ ယောက်

မကောင်းခွင့်ပြု၊ ကောင်းမှုပိတ်ပင်

ရှေ့တွင်ချီးမွမ်း၊ ပြုံးလွှမ်းကွယ်ထောက်

ကဲ့ရဲ့မြောက်၊ လေးယောက် ပီယဘာဏိတည်း။

အကျိုးမဲ့ကို ဆောင်တတ်သော အဆွေခင်ပွန်းတု ၄ ယောက်

ယစ်မျိုးသောက်စား၊ လမ်းသွားခါမဲ့

ရှုငဲ့သဘင်၊ ပျော်ရွှင်လောင်းစား

အရာများမှ အဖော်ရ၊ လေးဝပါယ မိတ်ဆွေတည်း။

ကျေးဇူးဆောင်တတ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

မေ့လျော့စောင့်ကာ ဥစ္စာစောင့်ရှောက်

ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက

နှစ်ဆဥစ္စာ၊ ထောက်ပံ့လာသည်

လေးဖြာဥပကာရတည်း။

ဆင်းရဲမကွာ ချမ်းသာပစ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

လျှို့ဝှက်စကား၊ ဖော်ကြားမကျန်

တစ်ဖန်ဖုံး၍၊ ထားတွေ့မစွန့်

မတွန့်မကွက်၊ ကိုယ့်အသက်ကို

မိတ်တွက်စွန့်မြောက်၊ ဤလေးယောက်

မှတ်လောက်သုခ၊ ဒုက္ခတည်း။

အကျိုးစီးပွားကိုသာ ပြောကြားတတ်သော အဆွေခင်ပွန်း ၄ ယောက်

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်ထား

မကြားစဖူး၊ စကားထူးမြွက်

ထက်နတ်ညွှန်ပြ၊ ဤလေးဝကား

မည်ရ အတ္တက္ခာယီတည်း။

အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

ဥစ္စာပျက်ပြား၊ သနားကြင်နာ

ပွားခါကြည်နူး၊ ကျေးဇူးမဲ့ကို

ဆိုသော်တားမြစ်၊ ကျေးဇူးလှစ်က

ထပ်ဆင့်ချီးကျူး၊ ဤလေးဦးကား

မိတ်ထူး အနူကမ္ပတည်း။

အရပ် ၆-ပါး

အရှေ့မိဘ၊ တောင်မှ ဆရာ

အနောက်မှာကား၊ သားမယားနှင့်

မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျေးကျွန်

ထက်မွန်ပုဏ္ဏား၊ ရဟန်းများ

၆-ပါး ရပ်မျက်နှာ။

အလောင်းအလျာတို့ အလိုတော် ၆-ပါး

လောဘ၊ ဒေါသ

မောဟကင်းလို၊ တောခိုတဖြာ

ဆိတ်ငြိမ်ရာသက်၊ ဝဋ်မှထွက်

ခြောက်ချက်လောင်းလျာ အလိုတည်း။

အမြဲမပြတ် ဆင်ခြင်ရသော တရား ၅-ပါး

အိုခြင်းတဖြာ၊ နာခြင်းတထွေ

သေခြင်းတခြား၊ ကွဲပြားတတန်

ကံလျှင်ဥစ္စာ၊ ဤ ၅ ဖြာကို

မကွာနေ့ည၊ ဉာဏ်သက်ဝင်၍

ဆင်ခြင်ကြ။

သေခြင်းတစ်ပါး၊ ဤတရားကား

စီးပွားမြားမြောင်၊ အကျိုးဆောင်သည်

အိုအောင် အောက်မေ့ စီဖြန်းကြ။