3912ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၅၅။ သုကဇာတ် (၃-၁-၅)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


တိကနိပါတ်-သင်္ကပ္ပဝဂ်

၅။ သုကဇာတ်

စားပိုးနင်သောကျေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယာဝ သော မတ္တမညာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် များစွာစား၍ အစာမကြေခြင်းကြောင့် သေလွန်ရသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ထိုရဟန်းသေလွန်သည်ရှိသော် တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤမည်သောရဟန်းသည် ဝမ်း၏ပမာဏကို မသိမူ၍ များစွာစား၍ အစာ ကြေစိမ့်သောငှါ မတတ်နိုင်ရှိရကား သေလွန်၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့ စကားကို ပြောဆိုကုန်သတတ်၊ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤရဟန်းသည် အလွန် စားခြင်းကြောင့် သေသည်မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် အလွန်စားခြင်းကြောင့် သေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ဆိတ်ဆိတ် နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကျေးအမျိုး၌ဖြစ်၍ ဟိမဝန္တာအရပ်၌ နေကုန်သော အထောင်မကကုန်သော ကျေးတို့၏ မင်းဖြစ်၏။ ထိုဘုရားလောင်းအား တခုသော သားသည် ရှိ၏။ ထိုသားသည် အားနှင့်ပြည့်စုံလတ်သော် ဘုရားလောင်းသည် မျက်စိအားနည်းသည် ဖြစ်၏။ ကျေးတို့အား လျင်မြန်သော အဟုန်ရှိသတတ်၊ ထို့ကြောင့် ထိုကျေးတို့အား အိုသောကာလ၌ ရှေးဦးစွာ မျက်စိအားနည်းသည်လျှင် ဖြစ်၏။ ဘုရားလောင်း၏သားသည် မိဘတို့ကို အသိုက်၌ထား၍ အစာကိုဆောင်ယူ၍ မွေးမြု၏။ ထိုဘုရားလောင်း၏သားသည် တနေ့သ၌ ကျက်စားရာအရပ်သို့သွား၍ တောင်ထိပ်ဖျား၌ နေ၍ သမုဒ္ဒရာကို ကြည့်လတ်သော် တခုသောကျွန်းငယ်ကို မြင်၏။ ထိုကျွန်းငယ်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အသီးနှင့်ပြည့်စုံသော သရက်တောသည် ရှိ၏။ ထိုကျေးသားသည် နက်ဖြန် အစာရှာသောအခါ၌ ပျံ၍ ထိုသရက်တော၌သက်၍ သရက်အရသာကိုခံစား၍ သရက်သီးမှည့်ကိုယူလျက် လာ၍ မိဘတို့အား ပေး၏။ ဘုရားလောင်းသည် ထိုသရက်သီးကို စားလတ်သော်။ အရသာကိုမှတ်မိ၍ အမောင် ဤသရက်သီးမှည့်ကား ဤမည်သော ကျွန်းငယ်၌ သရက်သီးမှည့် မဟုတ်လောဟု ဆို၏။ ဘခင် ဟုတ်၏ဟုဆိုလတ်သော် အမောင် ကျွန်းငယ်သို့ သွားကုန်သော ကျေးတို့မည်သည်ကား ရှည်မြင့်စွာ အသက်ကိုစောင့်နိုင်ကုန်သည် မရှိကုန်၊ သင်သည် တဖန် ထိုကျွန်းငယ်သို့ မသွားလင့်ဟုဆို၏။ ထိုကျေးသားသည် ဘုရားလောင်း၏ စကားကို မယူမူ၍ သွားသည်သာလျှင် ဖြစ်၏။

ထိုအခါ တနေ့သ၌ များစွာသော သရက်သီးရည်ကို သောက်၍ မိဘတို့၏အကျိုးငှာ သရက်သီးအမှည့်ကို ယူ၍ သမုဒ္ဒရာ၏အထက် အပြင်ဖြင့် လာလတ်သည်ရှိသော် အလွန်လေးသည်၏အဖြစ်ကြောင့် ပင်ပန်းသောကိုယ်ရှိသည်ဖြစ်၍ အိပ်ချင်ခြင်း နှိပ်စက်ရကား ငိုက်မျဉ်းလျက်လည်း လာလတ်သည်သာလျှင် ဖြစ်၏။ နှုတ်သီးဖြင့် ချီအပ်သော သရက်သီးမှည့်သည် ကျ၏။ ထိုကျေးသားသည် အစဉ်သဖြင့် လာသောလမ်းခရီးကိုစွန့်၍ ရေအပြင်၌ လာလတ်သော် ရေ၌လျှင် ကျ၍ နစ်၏။ ထိုအခါ တခုသောငါးသည် ထိုကျေးကို ဖမ်း၍ စား၏။ ဘုရားလောင်းသည် ထိုကျေးသားသည် လာချိန်အခါ၌လျှင် မရောက်သည်ရှိသော် သမုဒ္ဒရာသို့ကျ၍ သေသည် ဖြစ်လတ္တံ့ ဟုသိ၏။ ထိုအခါ ထိုကျေးသား၏ မိဘတို့သည်လည်း အာဟာရကို မရကုန်ရကား ခြောက်၍ သေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍-

၁၃။ ယာဝ သော မတ္တမညာသိ၊ ဘောဇနသ္မိံ ဝိဟင်္ဂမော။
တာဝ အဒ္ဓါန မာပါဒိ၊ မာတရဉ္စ အပေါသယိ။

၁၄။ ယတော စ ခေါ ဗဟုတရံ၊ ဘောဇနံ အဇ္စျဝါဟရိ။
တတော တတ္ထေဝ သံသီဒိ၊ အမတ္တညူ ဟိ သော အဟု။

၁၅။ တသ္မာ မတ္တညုတာ သာဓု၊ ဘောဇနသ္မိံ အဂိဒ္ဓတာ။
အမတ္တညူ ဟိ သီဒန္တိ၊ မတ္တညူ စ န သီဒရေ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝ၊ အကြင်မျှလောက်။ သော ဝိဟင်္ဂမော၊ ထိုငှက်သည်။ ဘောဇနသ္မိံ၊ အစာ၌။ မတ္တံ၊ အတိုင်း အရှည်ကို။ အညာသိ၊ သိ၏။ တာဝ၊ ထိုမျှလောက်။ အဒ္ဓါနံ၊ အသက်ရှည်သော ကာလကို။ အာပါဒိ၊ ရ၏။ မာတရဉ္စ၊ မိဘကိုလည်း။ အပေါသယိ၊ မွေးမြူရ၏။

၁၄။ ယတော စ ခေါ၊ အကြင်အခါ၌ကား။ သော၊ ထိုငှက်သည်။ ဗဟုတရံ၊ အလွန် များစွာ။ ဘောဇနံ၊ သရက်သီးရည် ဘောဇဉ်ကို။ အဇ္စျဝါဟရိ၊ စား၏။ တတော စ၊ ထိုအခါ၌ကား။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ၌သာလျှင်။ သံသီဒိ၊ နစ်၏။ ဟိ၊ ထိုစကား မှန်၏။ အမတ္တညု၊ အတိုင်းအရှည်ကိုမသိသည်။ အဟု၊ ဖြစ်၏။

၁၅။ တသ္မာ၊ ထို့ကြောင့်။ ဘောဇနသ္မိံ၊ ဘောဇဉ်၌။ မတ္တညုတာ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်။ အဂိဒ္ဓတာ၊ မမက်မောသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ အမတ္တညူ၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိကုန်သော သူတို့သည်။ သီဒန္တိ၊ နစ်ကုန်၏။ မတ္တညူ၊ အတိုင်းအရှည်ကို သိကုန်သော သူတို့ကား။ န သီဒရေ၊ မနစ်ကုန်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ၌ ဘောဇဉ်၌ အတိုင်း အရှည်ကို မသိသော ရဟန်းသည် ထိုအခါ ကျေးမင်း၏သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကျေးမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အလွန်များစွာ၊ စားတုံပါ၊ ခန္ဓာပျက်ပြုန်းရ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော သုကဇာတ်သည် ပြီး၏။

*****