ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃၂။ သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု
3930ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၃၂။ သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃၂။ အရှင်သုန္ဒရသမုဒ္ဒမထေရ် ဝတ္ထု

ယောဓ ကာမေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရသမုဒ္ဒမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သားရဟန်းပြုသဖြင့် မိခင် ငိုကြွေးခြင်း

သာဝတ္ထိပြည်၌ သုန္ဒရသမုဒ္ဒသတို့သားဟူသော အမည်ရှိသော အမျိုးသားတစ်ယောက်သည် ကုဋေလေးဆယ် ဥစ္စာကြွယ်သော ကြီးမြတ်သောအမျိုး၌ ဖြစ်လေသတတ်၊ ထိုသတို့သားသည် တစ်နေ့သ၌ နေလွဲသောအခါ နံ့သာပန်းစသည်ကို လက်စွဲလျက် တရားနာခြင်းအကျိုးငှာ ဇေတဝန်ကျောင်းတော်သို့သွားသော များစွာသော လူအပေါင်းကိုမြင်ရလျှင် “အဘယ်အရပ်သို့ သွားကြပါသနည်း”ဟု မေးသဖြင့် “မြတ်စွာဘုရား၏ အထံတော်သို့ တရားနာခြင်းအကျိုးငှာ သွားကြပါအံ့”ဟု ဆိုလတ်သည်ရှိသော် “ငါသည်လည်း သွားဦးအံ့”ဟု ဆို၍ ထိုများစွာသော လူအပေါင်းနှင့် အတူတကွသွားပြီးလျှင် ပရိသတ်တို့၏ အစွန်၌နေလေ၏။ မြတ်စွာဘုရားသည် သုန္ဒရသမုဒ္ဒသတို့သား၏အလိုကို သိတော်မူ၍ အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ထိုသတို့သားသည် “အိမ်ရာထောင်သော လူ့ဘောင်၌နေသဖြင့် ခရုသင်းပွတ်သစ်စအလား သန့်ရှင်းစင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်ခြင်းငှာ မတတ်ကောင်း”ဟု ကြံပြီးလျှင် မြတ်စွာဘုရား၏ တရားစကားကိုမှီသဖြင့် ရဟန်းအဖြစ်၌ဖြစ်သော အားထုတ်ခြင်းရှိသည်ဖြစ်၍ ပရိသတ်အများ ဖဲသွားလတ်သည်ရှိသော် မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်လေသောကြောင့် မိခင်ဖခင်တို့သည် အနူးအညွတ် ခွင့်မလွှတ်အပ်သောသားကို ရှင်တော်ဘုရားတို့သည် ရဟန်းမပြုပေးကြဟု ကြားသိရသဖြင့် အိမ်သို့သွား၍ ရဋ္ဌပါလသတို့သားစသော သူတို့ကဲ့သို့ ကြီးစွာသောလုံ့လဖြင့် မိခင်ဖခင်တို့ကို ခွင့်လွှတ်စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်သာမဏေပြုပြီးနောက် ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် “ငါ့အား ဤအရပ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ထိုသာဝတ္ထိပြည် ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပြီးလျှင် ဆွမ်းခံလှည့်လည်တော်မူလျက် ကာလကိုလွန်စေလေ၏။ ထိုအခါ တစ်နေ့သ၌ သာဝတ္ထိပြည်တွင် ထိုသုန္ဒရသမုဒ္ဒမထေရ်၏ မယ်တော်,ခမည်းတော်တို့သည် တစ်ခုသောပွဲသဘင်နေ့၌ ကြီးစွာသော အသရေ၏ တင့်တယ်ခြင်းအစုဖြင့် ထိုသုန္ဒရသမုဒ္ဒမထေရ်၏ အဆွေခင်ပွန်း သတို့သားတို့ ကစားကြသည်ကို မြင်ရလျှင် “ငါတို့၏သားအား ဤအသရေ၏ တင့်တယ်ခြင်းအစုကို ရနိုင်ခဲသည် ဖြစ်ရှာဘိ၏”ဟု ငိုကြွေးကြလေကုန်၏။

(ရဋ္ဌပါလ သတို့သားကား ရဟန်းပြုရန် ခွင့်တောင်းရာ မိဘတို့က ခွင့်မပေးနိုင် ဆိုသောကြောင့် အခင်းမရှိသော မြေပြင်၌ “ရဟန်းပြုရလျှင် ပြုရပစေ၊ မပြုရလျှင် ဤနေရာ၌ သေပစေ”ဟု အစာမစားဘဲ တုံးလုံးလှဲအိပ်ရာ ခုနစ်ရက်ကြာမှ အခွင့်ရလေ၏။ ထိုနည်းမျိုး အားထုတ်၏ဟူလို။)

လူထွက်အောင် ပြုပေးမည်ဟု ဝန်ခံသောမိန်းမ

ထိုခဏ၌ တစ်ယောက်သော ပြည့်ကံကျွေးမသည် ထိုအမျိုးအိမ်သို့ သွားသဖြင့် သုန္ဒရသမုဒ္ဒမထေရ်၏ မယ်တော် ငိုကြွေးလျက် နေသည်ကိုမြင်ရလျှင် “အမိ- အဘယ်အကြောင်းကြောင့် ငိုကြွေးဘိသနည်း”ဟု မေးလေ၏။ “သားကို လွမ်းဆွတ်အောက်မေ့လှ၍ ငိုကြွေးပါသည်”ဟု ပြောဆိုလတ်သော် “အမိ- ထိုသားသည် အဘယ်အရပ်၌ နေပါသနည်း”ဟု မေးလေ၏။ “ရဟန်းဘောင်၌ ရဟန်းပြု၍နေ၏”ဟု ပြောဆိုလျှင် “လူထွက်စိမ့်သောငှာ မသင့်ပါသလော”ဟု မေးပြန်လေ၏။ “အလိုလည်းရှိတော်မမူ၊ ဤသာဝတ္ထိပြည်မှထွက်ခွာ၍ ရာဇဂြိုဟ်ပြည်သို့ ကြွသွားတော်မူ၏”ဟု ဆိုလတ်သော် “ကျွန်မသည် ထိုရဟန်းကို အကယ်၍ လူထွက်စေနိုင်သည်ဖြစ်ပါအံ၊ ကျွန်မအား အဘယ်သို့ ပြုစုကြကုန်အံ့နည်း”ဟု ဆိုလေ၏။ “သင့်အား ဤအမျိုး၏ ဥစ္စာစည်းစိမ် အရှင်ပြုကြကုန်အံ့”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ကျွန်မအား မျိုးရိက္ခာကိုပေးကြပါကုန်လော့”ဟု မျိုးရိက္ခာကိုယူပြီးလျှင် များစွာသော အခြံအရံဖြင့် ရာဇဂြိုဟ်ပြည်သို့သွား၍ မထေရ်မြတ်၏ ဆွမ်းခံလှည့်လည်သော လမ်းခရီးကို မှတ်သားသဖြင့် ထိုလမ်းခရီး၌ နေရာအိမ်တစ်ခုကိုယူပြီးနောက် နံနက်စောစောကပင်လျှင် မွန်မြတ်သော အာဟာရကိုစီမံ၍ မထေရ်မြတ်၏ ဆွမ်းအလို့ငှါ ကြွဝင်လာသောအခါ ဆွမ်းကိုလှူသဖြင့် နှစ်ရက်သုံးရက် လွန်သောအခါ “အရှင်ဘုရား- ဤအိမ်၌သာ နေထိုင်လျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူကြပါဘုရား”ဟု လျှောက်၍ သပိတ်ကိုယူလေ၏။ မထေရ်မြတ်သည် သပိတ်ကို ပေးလေ၏။

ရသတဏှာဖြင့် ဖြားယောင်းခြင်း

ထိုအခါ မထေရ်ကို မွန်မြတ်သောအာဟာရဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်ဘုရား- ဤအိမ်၌ပင်လျှင် ဆွမ်းခံအတွက် လှည့်လည်ခြင်းငှါ ချမ်းသာပါသည်ဘုရား”ဟု လျှောက်ကြား၍ နှစ်ရက်သုံးရက်ပတ်လုံး အိမ်ဦး၌ နေစေလျက် ဆွမ်းကျွေးပြီးလျှင် သူငယ်တို့ကို မုန့်တို့ဖြင့် ပေးကမ်းချီးမြှောက်ထောက်ပံ့၍ “လာကြကုန်လော့၊ သင်တို့သည် မထေရ်မြတ် ကြွလာသောအခါ ငါတားမြစ်သော်လည်း ဤနေရာသို့ လာကြပြီးလျှင် မြူမှုန့်ကိုထအောင် ပြုကြကုန်လော့”ဟု ဆိုလေ၏။ ထိုသူတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေးသောအခါ ထိုမိန်းမသည် တားမြစ်အပ်ကုန်သော်လည်း မြူမှုန့်ကို ထစေကြလေကုန်၏။ ထိုမိန်းမသည် တစ်ဖန် မိုးသောက်သောနေ့၌ “အရှင်ဘုရား- သူငယ်တို့သည် တားမြစ်အပ်ကုန်သော်လည်း တပည့်တော်မ၏ စကားကို မနာမယူကြမူ၍ ဤနေရာ၌ မြူမှုန့်ကို ထစေကြပါသည်။ အိမ်အတွင်း၌ နေထိုင်တော်မူကြပါဘုရား”ဟု ဆို၍ အိမ်တွင်း၌ နေစေပြီးလျှင် နှစ်ရက်သုံးရက်ပတ်လုံး ဆွမ်းလုပ်ကျွေးလေ၏။ တစ်ဖန် သူငယ်တို့ကို ထောက်ပံ့ပြန်သဖြင့် “သင်တို့သည် တားမြစ်သော်လည်း မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေးသောအခါ သည်းစွာသောအသံကို ပြုကြကုန်လော့”ဟု ဆိုလေ၏။ သူငယ်တို့သည် ထိုမိန်းမဆိုတိုင်း ပြုကြလေကုန်၏။ ထိုမိန်းမသည် တစ်ဖန်မိုးသောက်သောနေ့၌ “အရှင်ဘုရား- ဤနေရာ၌ အလွန်လျှင် သည်းစွာသော အသံဖြစ်ပါသည်။ သူငယ်တို့သည် တပည့်တော်မ တားမြစ်အပ်ကုန်သော်လည်း စကားကို မနာမယူကြပါ၊ ပြာသာဒ်အထက်၌သာလျှင် နေတော်မူကြပါဘုရား”ဟု လျှောက်ထားသဖြင့် မထေရ်ဝန်ခံလတ်သည် ရှိသော် မထေရ်မြတ်ကို ရှေ့မှပြု၍ ပြာသာဒ်သို့တက်သွားစဉ် တံခါးတို့ကို ပိတ်၍သာလျှင် ပြာသာဒ်သို့ တက်သွားလေ၏။ သုန္ဒရသမုဒ္ဒမထေရ်မြတ်သည် မြတ်သော အိမ်စဉ်မပြတ် ဆွမ်းခံလေ့ရှိသော သပဒါနစာရီဓုတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါငြားလည်း ရသတဏှာဖြင့် ဖွဲ့ အပ်သည်ဖြစ်ရကား ထိုမိန်းမ၏စကားဖြင့် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သို့ တက်ကြွတော်မူရရှာလေ၏။ ထိုမိန်းမသည် မထေရ်မြတ်ကို ထိုင်နေစေပြီးလျှင်-

မာယာလေးဆယ်

အဆွေပုဏ္ဏမုခ- စင်စစ်အားဖြင့် လေးဆယ်သော မာယာတို့ဖြင့် မိန်းမသည် ယောက်ျားကို လွန်ကျူးလွှမ်းမိုးကာ ပြုကျင့်တတ်၏။ ၎င်းမာယာ-၄၀-တို့ဟူသည်မှာ-

၁။ ဝိဇမ္ဘတိ၊ ကိုယ်လက်ကို ဆန့်တန်း၏။ ၂။ ဝိလာသတိ၊ မိမိကိုယ်ကို စံပယ်၏။ ၃။ ဝိနမတိ၊ မိမိကိုယ်ကို ညွတ်၏၊ ငုံ့၏၊ ကုန်း၏။ ၄။ ဝိလဇ္ဇတိ၊ ရှက်နိုးဟန်ပြု၏။ ၅။ နခေန၊ လက်သည်း ခြေသည်းဖြင့်။ နခံ၊ လက်သည်း ခြေသည်းကို။ ဃဋ္ဋေတိ၊ ခြစ်၏။ ၆။ ပါဒေန၊ ခြေတစ်ဖက်ဖြင့်။ ပါဒံ၊ ခြေတစ်ဖက်ကို။ အက္ကမတိ၊ နင်း၏။ ၇။ ကဋ္ဌေန၊ သစ်သားလှံတံဖြင့်။ ပထဝိံ၊ မြေကို။ ဝိလိခတိ၊ ရေးခြစ်၏။ ၈။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃေတိ၊ မြှောက်ပင့်၏။ ၉။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃာပေတိ၊ မြှောက်ပင့်စေ၏။ ၁၀။ ဒါရကံ၊ သူငယ်ကို။ ဥက္ခိပတိ၊ ချီ၏။ ၁၁။ ဒါရကံ၊ သူငယ်ကို။ ကီဠတိ၊ ကစားကျီစယ်၏။ ၁၂။ ဒါရကံ၊ သူငယ်ကို။ ကီဠာပေတိ၊ ကစားကျီစယ်စေ၏။ ၁၃။ ဒါရကံ၊ သူငယ်ကို။ စုမ္ဗတိ၊ နမ်းရှုပ်၏။ ၁၄။ စုမ္ဗာပေတိ၊ နမ်းရှုပ်စေ၏။ ၁၅။ ဘုဉ္ဇတိ၊ စား၏။ ၁၆။ ဘုဉ္ဇာပေတိ၊ စားစေ၏။ ၁၇။ ဒဒါတိ၊ တစ်စုံတစ်ခုပေး၏။ ၁၈။ ယာစတိ၊ သူငယ်ထံမှ တစ်စုံတစ်ခုတောင်း၏။ ၁၉။ ကတံ၊ သူငယ်ပြုသည်ကို။ အနုကရောတိ၊ အတုလိုက်၍ပြု၏။ ၂၀။ ဥစ္စံ ဘာသတိ၊ အသံကိုကျယ်စွာ မြှင့်၍ဆို၏။ ၂၁။ နီစံ ဘာသတိ၊ အသံကို နှိမ့်ချ၍ဆို၏။ ၂၂။ အဝိစ္စံ ဘာသတိ၊ ကခြင်း, သီခြင်း စသည်ဖြင့် ထင်စွာ ဆို၏။ ၂၃။ ဝိဝိစ္စံ ဘာသတိ၊ ကခြင်း။ သီခြင်း စသည်ဖြင့် မသိမသာ ဖုံးကွယ်ကာဆို၏။ ၂၄။ နစ္စေန၊ ကခြင်းဖြင့်။ ဂီတေန၊ သီခြင်းဖြင့်။ ဝါဒိတေန၊ တီးမှုတ်ခြင်းဖြင့်။ ရောဒိတေန၊ ငိုကြွေးခြင်းဖြင့်။ ဝိလာသိတေန၊ တင့်တယ်စံပယ် ခြင်းဖြင့်။ ဝိဘူသိတေန၊ တန်ဆာဆင်ခြင်းဖြင့်။ ဇဂ္ဃတိ၊ တခစ်ခစ်ရယ်၏။ ၂၅။ ပေက္ခတိ၊ တစေ့တစောင်း ကြည့်ရှု၏။ ၂၆။ ကဋိံ၊ ခါးကို။ စာလေတိ၊ လှုပ်၏။ ၂၇။ ဂုယှဘဏ္ဍကံ၊ လျှို့ဝှက်အပ်သော အင်္ဂါကြီးငယ်ကို။ စာလေတိ၊ ထက်ဝန်းကျင် လှုပ်၏။ ၂၈။ ဦရုံ၊ ပေါင်ကို။ ဝိဝရတိ၊ ဖွင့်လှစ်၏။ ၂၉။ ဦရုံ၊ ပေါင်ကို။ ပိဒဟတိ၊ ပိတ်၏ ထိ၏။ ၃၀။ ထနံ၊ အစုံဖြစ်သော သားမြတ်ကို။ ဒဿေတိ၊ ပြ၏။ ၃၁။ ကစ္ဆံ၊ လက်ကတီး ချိုင်းကြားကို။ ဒဿေတိ၊ ပြ၏။ ၃၂။ နာဘိံ၊ ချက်ကို။ ဒဿေတိ၊ ပြ၏။ ၃၃။ အက္ခိံ၊ မျက်စိကို။ နိခဏတိ၊ မှိတ်၏။ ၃၄။ ဘမုကံ၊ မျက်မှောင်ကို။ ဥက္ခိပတိ၊ ချီပင့်၏။ ၃၅။ သြဋ္ဌံ၊ နှုတ်ခမ်းကို။ ပလိခတိ၊ ကိုက်၏၊ စူ၏၊ လျက်၏၊ ပြင်၏။ ၃၆။ ဇိဝှံ၊ လျှာကို။ နိလ္လာလေတိ၊ ထုတ်ပြ၏။ ၃၇။ ဒုဿံ၊ ထဘီ,တဘက်,အင်္ကျီ လက်ကျပ်စသော အဝတ်ကို။ မုဉ္စတိ၊ ကျွတ်စေ၏၊ ဖြေ၏။ ၃၈။ ဒုဿံ၊ ထဘီ,တဘက်,အင်္ကျီစသော အဝတ်ကို။ ဗန္ဓတိ၊ ပြင်၍ဝတ်၏။ ၃၉။ သိရသံ၊ ဆံထုံးကို။ မုဉ္စတိ၊ ဖြေ၏။ ၄၀။ သိရသံ၊ ဆံထုံးကို။ ဗန္ဓတိ၊ ဖွဲ့၏။ ခိုင်ခိုင်ပြင်၍ထုံး၏။

ရဟန်းမာတုဂါမတို့စစ်ပွဲ

ဤသို့အသီတိနိပါတ်၊ မဟာကုဏာလဇာတ်၌ လာသောမိန်းမတို့၏ အပြုအမူကိုလည်းကောင်း၊ မိန်းမတို့၏ တင့်တယ်စံပယ်ခြင်းကိုလည်းကောင်း ပြသဖြင့် ထိုမထေရ်မြတ်၏ ရှေ့၌ရပ်တဲ့၍ ဤဂါထာကိုဆိုလေ၏။

အလတ္တကကတာပါဒါ၊ ပါဒုကာရုယှ ဝေသိယာ။
တွံပိ ဒဟရောဝ မမ၊ အဟံပိ ဒဟရာ တ၀။
ဥဘောပိ ပဗ္ဗဇိဿာမ၊ ပစ္ဆာ ဇိဏ္ဏာ ဒဏ္ဍပရာယနာ။

အလတ္တကကတာပါဒါ၊ ချိပ်ရည်ဖြင့် နီတွေးအောင် တပ်ဆိုးအပ်သော ခြေအစုံရှိသော။ ဝေသိယာ၊ ပြည့်ကံကျွေးမသည်။ ပါဒုကာ၊ ရွှေခြေနှင်းတို့ကို။ အာရုယှ၊ စီးနင်းလျက်။ အဘာသထ၊ ချစ်ကြည့်စိမ့်သောအား ဤစကားကို နှုတ်ဖျားသံချို သဘောယိုအောင် ပြောဆိုလေပြီ။ ဘန္တေ၊ အရှင်ဘုရား။ တွံပိ၊ အရှင်ဘုရားသည်လည်း။ မမ၊ အကျွန်ုပ်၏။ ဒဟရောဝ၊ ချစ်ကြည်စိတ်ထွား ပျိုနုသော လင်ယောက်ျားသည်သာလျှင်။ ဘဝ၊ ဖြစ်ပါလော့။ အဟံပိ၊ အကျွန်ုပ်သည်လည်း။ တဝ၊ အရှင်ဘုရား၏။ ဒဟရာ၊ ကြင်ယာသက်ထား ပျိုနုသော ချစ်မယားသည်။ ဘဝါမိ၊ ဖြစ်ပါအံ့။ ပစ္ဆာ၊ စည်းစိမ်ပြည့်ဝ နောက်ကာလ၌။ ဇိဏ္ဏာ၊ အသက်ကြီးပြင်း အရွယ်ယွင်း၍ အိုမင်းကြကုန်သည်ရှိသော်။ ဒဏ္ဍပရာယနာ၊ တောင်ဝှေးတုတ်ချောင်း လဲလျောင်းအားခဲ လက်၌စွဲကြရကုန်သည်ရှိသော်။ ဥဘောပိ၊ ပါရမီအထက် ဖြည့်ဖက်ချစ်ဆုံး နှစ်ယောက်စလုံးပင်။ ပဗ္ဗဇိဿာမ၊ မောင်ကရှေ့သွား မယ်ကားနောက်လိုက် တစိုက်စိုက်ဖြင့် အမြိုက်စခန်း နိဗ္ဗာန်လှမ်းအောင် ရဟန်းပြုကြပါစို့ဘုရား။

သုန္ဒရသမုဒ္ဒ မထေရ်မြတ်အား “မစူးစမ်းမဆင်ခြင်မူ၍ ငါပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား”ဟု ကြီးစွာသော ထိတ်လန့်ခြင်းသည် ထင်ရှားစွာ ဖြစ်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လေးဆယ့်ငါးယူဇနာထက်၌တည်သော ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုအကြောင်းကို မြင်တော်မူရလျှင် ပြုံးခြင်းကို ထင်စွာပြုတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို ရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ရာဇဂြိုဟ်ပြည်၌ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်အပြင်ဝယ် သုန္ဒရသမုဒ္ဒရဟန်း၏လည်းကောင်း ပြည့်ကံကျွေးမ၏လည်းကောင်း စစ်ထိုးခြင်းသည်ဖြစ်၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား အဘယ်သူ့အား နိုင်ခြင်းသည် ဖြစ်ပါလတ္တံ့နည်း၊ အဘယ်သူအား ရှုံးခြင်းသည် ဖြစ်ပါလတ္တံ့နည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- သုန္ဒရသမုဒ္ဒရဟန်းအား နိုင်ခြင်းသည် ဖြစ်လတ္တံ့၊ ပြည့်ကံကျွေးမအား ရှုံးခြင်းသည် ဖြစ်လတ္တံ့”ဟုမိန့်တော်မူ၍ မထေရ်မြတ်၏အောင်ခြင်းကို ပြတော်မူပြီးလျှင် ထိုဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် “ချစ်သားရဟန်း- နှစ်ပါးလည်းဖြစ်ကုန်သော ဝတ္ထုကာမ, ကိလေသာကာမတို့ကို ငဲ့ကွက်ခြင်းကင်းသည်ဖြစ်၍ ပယ်စွန့်လေလော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူ၏။

ဒေသနာတော်

[၄၁၅] ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
ကာမဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ ကာမေ၊ နှစ်ပါးသော ကာမဂုဏ်တို့ကို။ ပဟန္တွာန၊ ပယ်ဖျောက်ဦး၍။ အနာဂါရော၊ အိမ်ရာထောင်ခြင်း မရှိသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်၏။ ကာမဘဝပရိက္ခီဏံ၊ ကုန်ပြီးသော ကာမဂုဏ်, ကုန်ပြီးသော ဘဝရှိထသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်အဆုံး၌ သုန္ဒရသမုဒ္ဒ မထေရ်သည် အရဟတ္တဖိုလ်သို့ရောက်၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်လျက် ထုပိကာအဝန်းကို ထုတ်ချင်းဖောက်ထွင်းပြီးလျှင် မြတ်စွာဘုရား၏ ကိုယ်တော်ကို ချီးမွမ်းထောမနာလျက်သာ ကြွလာ၍ မြတ်စွာဘုရားကို ရှိခိုးကာနေလေ၏။

ရသတဏှာ၏ ယုတ်မာပုံ

တရားသဘင်၌လည်း “ငါ့ရှင်တို့- ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော အရသာကိုမှီ၍ သုန္ဒရသမုဒ္ဒမထေရ်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့လေ၏။ မြတ်စွာဘုရားသည်ကား ထိုမထေရ်၏ မှီခိုရာဖြစ်တော်မူပေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကိုကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် အရသာ၌ တပ်နှစ်သက်ခြင်းတဏှာဖြင့် ဖွဲ့အပ်သောသဘောရှိသော ထိုရဟန်း၏မှီခိုရာ ဖြစ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် ထိုအကြောင်းကို ထင်ရှားစွာပြခြင်းအကျိုးငှာ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလို၍-

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္စယော။

ရသေဟိ၊ ချိုချဉ်စပ်ငန် အဖန်အခါး ခြောက်ပါးသော အရသာတို့၌ တပ်စွန်းကုန်သာ ရသတဏှာတို့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာတပ်စွန်းကုန်သော တရားသည်။ နတ္ထိ ကိရ၊ မရှိသတတ်။ အယံ၊ ဤရသတဏှာသည်။ အာဝါသေဟိဝါ၊ အရိပ်အာဝါသ နေရာတို့၌ တပ်စွန်းသော တုဏှာတို့အောက်လည်းကောင်း။ သန္ထဝေဟိဝါ၊ အပေါင်းအဖော်၌ တပ်စွန်းသော တဏှာတို့အောက်လည်းကောင်း။ ပါပတရာ ကိရ၊ အဆအရာမက သာလွန်၍ ယုတ်မာလှသတတ်။ ဂဟနနိဿိတံ၊ တောချုံကိုမှီထသော။ ဝါတမိဂံ၊ ဝါတမိဂ ခေါ်ရမည်တွင် တောသမင်ကို။ သဉ္စယော၊ သဉ္စယမည်သော ဥယျာဉ်စောင့်သည်။ ရသေဟိ၊ ပျားလူးမြက် အရသာတို့ဖြင့်။ ဝသံ၊ မိမိအလိုသို့။ အာနေသိ၊ ဆောင်ယူလေပြီ။

ဟူသော ဧကကနိပါတ်၊ သီလဝဂ်လာ ဤဝါတမိဂသမင်ပျံဇာတ်ကို အကျယ်ချဲ့တော်မူပြီးလျှင် ထိုအခါ သုန္ဒရသမုဒ္ဒရဟန်းသည် သမင်ပျံဖြစ်ဖူး၏။ ဤဂါထာကို ဟောပြော၍ ထိုသမင်ပျံကို လွှတ်စေသော မင်း၏အမတ်ကြီးသည် ငါဘုရားသာလျှင် ဖြစ်တော်မူလေ၏ဟု ဇာတ်ကိုပေါင်းတော်မူလေ၏။

အရှင်သုန္ဒရသမုဒ္ဒမထေရ်ဝတ္ထုပြီး၏။